Sunday, July 14, 2013

ရေစိုမခံတဲ့ အသံကို ခေတ်ပေါ်အက်ဖ်အမ်ကနေ ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်



ရေစိုမခံတဲ့ အသံကို ခေတ်ပေါ်အက်ဖ်အမ်ကနေ ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်

စာအုပ်အမည်                      ရေစိုမခံတဲ့ အသံ ( ခေတ်ပေါ်ကဗျာများ)
ရေးသူ                               ခေတ်ပေါ်ကဗျာဆရာများ
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ ဇွန်လ
ထုတ်ဝေသည့် တိုက်               ဆောင်းစုရတီစာပေ

          ၂၀၁၃ နှစ်စပိုင်းမှ စ၍ မန္တလေးကဗျာဆရာများ၏ ကဗျာလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာသည် ကို တွေ့ရသည်။ လစဉ်ထုတ်မဂ္ဂဇင်းများတွင်ဖြတ်သန်းနေသည့် မန္တလေးကဗျာဆရာများ အွန်လိုင်းပေါ် တဖြည်း ဖြည်းရောက်ရှိ ရေးသားလာခြင်းနှင့်အတူ အွန်လိုင်းလူငယ်ကဗျာဆရာများနှင့် ပူးပေါင်းချိတ်ဆက် မိကြသည်။ အကြောင်းကြောင်းကြောင့် ကဗျာရေးကျဲနေသော မောင်နိုင်လင်း(ကောလင်း)၊ ထွဏ်းသွေးအိမ်၊ မိုးရင့်ကြယ် စသည့် ခေတ်ပေါ်အားကောင်းခဲ့သော ကဗျာဆရာများ၏ ကဗျာဝိဥာဉ်များပြန်လည် အသက်ဝင်လာသည်။ ထို့နောက် မန္တလေး ၂၉ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ မေချိုကဖေးတွင်  ကဗျာစာပေ၀ိုင်း အစပျိုးကြသည်။ ပရင့်နှင့် အွန်လိုင်း၊ တနည်းအားဖြင့် လူလတ်ပိုင်းကဗျာဆရာများနှင့် လူငယ်ကဗျာဆရာမျိုးဆက်သစ်များ ပူးပေါင်းဖြစ်တည်မှု။ ထိုနောက့် တဖြည်းဖြည်းအရှိန်ရလာပြီး တနင်္ဂနွေကဗျာမြေသား ကဗျာဝိုင်းအဖြစ်သို့ ခန့်ခန့် ထည်ထည်ရောက်ရှိခဲ့သည်။ မန္တလေးကဗျာလှုပ်ရှားမှုသည် အင်တာနက်လူမှုကွန်ယက်မှတဆင့် တစ်ကမ္ဘာလုံး သို့ ပျံ့နှံ့ရောက်ရှိသွားသည်။ ၂၀၁၃ ကမ္ဘာ့ကဗျာနေ့အား မန္တလေးမှ အခမ်းအနားဖြင့် ပထမဆုံးအကြိမ် ကျင်းပ လိုက်ခြင်းနှင့်အတူ မန္တလေးသည် သွေးအေးနေသော ကဗျာဓါတ်များကို လှုပ်နိုးစေခဲ့သည်။ မန္တလေး အခြေစိုက် ကဗျာဆရာများ၏ တစ်ကိုယ်တော်ကဗျာစာအုပ်များ၊ စုပေါင်းကဗျာစာအုပ်များ၊ အထိမ်းအမှတ်ကဗျာစာအုပ်များ စသည်ဖြင့် ကဗျာစာအုပ်ပေါင်းဆယ့်ငါးအုပ်ခန့်ထွက်ရှိခဲ့သည်။ ယခုလည်း မန္တလေးခေတ်ပေါ် ကဗျာဆရာများ အများစု၊ ခေတ်ပေါ်ကဗျာ တစ်ခေတ်ထူထောင်ခဲ့ကြသော နယ်အသီးသီးမှ ကဗျာဆရာများနှင့်အတူ အွန်လိုင်း လူငယ်ကဗျာဆရာများ၊ အထူးသဖြင့် ကဗျာမြေသားကဗျာဝိုင်းမှ လူငယ်မျိုးဆက်သစ်အွန်လိုင်းကဗျာဆရာများ ပူးပေါင်း၍ ရေစိုမခံတဲ့ အသံ ဟု အမည်ပေးထားသော ခေတ်ပေါ်ကဗျာစုစည်းမှု စာအုပ်တစ်အုပ် ၂၀၁၃ ဇွန်လ တွင် ထွက်ရှိလာခဲ့ပါသည်။
လက်ရှိဖြတ်သန်းရောက်ရှိနေသော ကဗျာခေတ်သည် ကဗျာသေပြီ၊ ခေတ်ပေါ်ကဗျာနိဂုံးချုပ်ပြီ စသည်ဖြင့် အသံတွေ ဆူညံနေသည့် ခေတ်။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် သိသိသာသာ သိပ်မရှိလှသေးပေ မယ့် အွန်လိုင်းကဗျာလောကတွင် ဆူညံပေါက်ကွဲအသံထွက်နေသည်။ ထိုသို့ ခေတ်ပေါ်မှ ခေတ်ပြိုင်ကဗျာသို့ အကူးအပြောင်းအရေးကြီးသော အသံများအကြားတွင် ခေတ်ပေါ်ကဗျာတွေကို စုစည်းထုတ်ဝေလိုက်ခြင်းသည် ခေတ်ပေါ်ကဗျာမသေဆုံးသေးကြောင်း ပြချင်လို့လား။ သို့တည်းမဟုတ် ခေတ်ပေါ်သည် သူ့ဟန်နှင့် သူ သီးခြား ရပ်တည်နိုင်သည်ဆိုတာကို ပြချင်လို့လား။ ထိုအချက်သည် အရေးကြီးပါသည်။ ကျွန်တော်တို့ ခေတ်ပေါ်ကဗျာ ကို ဒီအတိုင်းပစ်ထားခဲ့လို့ မဖြစ်နိုင်ပေ။ မေသန်းနု၊ မို့မို့မြင့်အောင်တို့ကို ကြိုက်သူရှိသလို မိုးဟေကို၊ ၀တ်မှုန်ရွှေရည်တို့ကို စွဲလမ်းသူလည်း ရှိပေလိမ့်မည်။ အနုပညာဖြတ်သန်းစီးဆင်းမှုတွင် ခေတ်အဆက်ဆက် အသစ်ကို တည်ဆောက်ယူရမည်ဖြစ်သော်လည်း ကျွန်တော်တို့သည် အဟောင်းကို ပစ်ချထားခဲ့လို့မရ။ ခေတ်ပေါ်ကဗျာသည် သူ့ကိုယ်ပိုင်နေရာနှင့်သူ၊ သူ့ပရိသတ်နှင့် သူ၊ သူ့အလှအပနှင့် သူဖြစ်သည်။ မကြိုက်လျှင် မကြိုက်ခွင့် ရှိသော်လည်း ဖျောက်ဖျက်ပစ်လို့မရ။ ခေတ်ပေါ်ကဗျာ၏ သမိုင်းသည် ကျွန်တော်တို့ လည်ပြန်ကြည့် ငေးမောရဦးမည့် အမွေအနှစ်ဖြစ်သည်။ လက်ရှိရေးသားနေသော ခေတ်ပြိုင်ကဗျာသည် ခေတ်ပေါ်ကဗျာ၏ လက်ဆင့်ကမ်းတိုးတက်မှုဖြစ်သည်။ လက်ရှိခေတ်ပြိုင်ရေးနေသာ လူငယ်များအနေဖြင့်လည်း လက်ရှိကာလ ဖြစ်ထွန်းနေသော ကဗျာအမျိုးအစားအမျိုးမျိုး ရေးချင်တာ ရေးခွင့်ရှိသည်။ ဂန္ထ၀င်ကို မသိလည်း အရေးမကြီး၊ ခေတ်ပေါ်ကို မသိလည်း ဘာမှမဖြစ်။ သို့သော် ဂန္ထ၀င်သိလျှင် ကောင်းသည်။ ခေတ်ပေါ်ကဗျာဖြတ်သန်း စီးဆင်းမှုကို လေ့လာထားလျှင် ပိုကောင်းသည်။ ခေတ်ပေါ်ကဗျာသည် သူ့ခေတ်နှင့် သူ ခရီးကြမ်းကို ဖြတ်သန်း ခဲ့ရသည်။ ခေတ်ပေါ်ကဗျာသည် ကဗျာဖတ်သူနှင့် အသားတကျဖြစ်ဖို့ရန် အရှိန်ယူခဲ့ရသည်။ ၁၉၆၉ ခေတ်ပေါ် ကဗျာကြေညာစာတမ်းမှစတင်ကာ ထင်းရှူးပင်ရိပ်၊ ဘောင်းဘီဝတ်မိုးတိမ်၊ မုဆိုးစိုင်သင်၊ မြို့ပြအာရုံခံစားမှု၊ နားလည်ခြင်း မလည်ခြင်း ပြဿနာ၊ ကာရန်မဲ့ချင်မဲ့ အဘိဓမ္မာမမဲ့နဲ့၊ နရီ၊ ရစ်သမ်ပြဿနာ၊ မော်ဒန် ပို့စ်မော်ဒန် ဖြစ်မဖြစ်၊ ကတ္တီပါလမ်းခွဲ၊ သံမဏိလမ်းခွဲ စသည်ဖြင့် တည်ဆောက်ခဲ့ကြရသည်။ ၁၉၇၀ မှ စတင်ခဲ့သည့် ခေတ်ပေါ်ကဗျာသက်တမ်းသည် ယခု ၂၀၁၃ ဆိုလျှင် နှစ်ပေါင်း လေးဆယ်ကျော်သို့ ရောက်ရှိ လာခဲ့ပြီ။  ၂၀၀၀ ခုနှစ်နောက်ပိုင်း ဆရာ ဇေယျာလင်း၊ ဆရာငြိဏ်းဝေတို့ ရှာဖွေတင်ဆက်ပြသခဲ့သည် LANGUAGE POETRY နှင့် CONCEPTUAL POETRY ၊ ၂၀၀၇ နောက်ပိုင်း ဆရာအောင်ရင်ငြိမ်း၏ နီယိုမော်ဒန် (သို့) အနာဂတ်ကဗျာ စသဖြင့် ခေတ်ပြိုင်ကဗျာနည်းနာများ ၀င်ရောက်လာသော်လည်း ခေတ်ပေါ်ကဗျာရေစီးက ရပ်တန့်မသွားခဲ့။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်လည်း ဆက်လက်အားကောင်းစီးဆင်းနေခဲ့သည်။ ၂၀၁၀ နောက်ပိုင်းတွင်တော့ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်  ခေတ်ပြိုင်ကဗျာများသည် ခေတ်ပေါ်ကဗျာများနှင့် တန်းတူနေရာရသော်လည်း ပရင့်စာမျက်နှာများပေါ်ထက် အွန်လိုင်းစာမျက်နှာများပေါ်တွင် ပိုမိုအားကောင်း ဖြစ်ထွန်းလာခဲ့သည်။ မည်သို့ပင် ဖြစ်စေ ခေတ်ပေါ်ကဗျာများသည် ကဗျာနှင့် ကဗျာဖတ်သူကြားအကွာအဝေးကို အတတ်နိုင်ဆုံး ချုံ့ပေးနိုင်ခဲ့ သည်။ ယခုလက်ရှိ ခေတ်ပြိုင်ကဗျာများ၏ ကဗျာနှင့် ကဗျာဖတ်သူအနီးအဝေးသည် ခေတ်ပေါ်ကဗျာကနဦး ကာလတွင်ကြုံတွေ့ခဲ့ရပြီးပြီ။ ခေတ်ပေါ်ကဗျာသည် ခေတ်ပြိုင်ခံစားမှုကို အတတ်နိုင်ဆုံးကျုံးသွင်းတည်ဆောက် ရင်း ခေတ်ပေါ်အာရုံခံစားမှုကို ရယူသည်။ ခေတ်ပြိုင်ကဗျာ ( Comtempopray Poetry) လမ်းကြောင်းတွင် ခေတ်ပေါ်ကို ကျွန်တော်တို့ ဆက်လက်သယ်ဆောင်သွားရမည်။ ခေတ်ပေါ်ကဗျာရေးသူများကလည်း ခေတ်ပေါ် ကဗျာကို ဆက်လက်ရေးနေပါဦးမည်။ ခေတ်ပြိုင်ကဗျာ(Comtemporary Poetry)ရေးသူများလည်း ဆက်လက် ထုဆစ်ကြရပါဦးမည်။ သူ့လမ်းနှင့် သူ ၊ သူ့ကဗျာဗေဒနှင့် သူ့အလှတရား။ ယခု ရေစိုမခံတဲ့ အသံ ကို ခေတ်ပေါ် အက်ဖ်အမ်ကနေ ထုတ်လွှင့်တက်ဆက်လိုက်ပါပြီ။ နားဆင်ကြပါစို့။

သူခေါင်းဆောင်ကြီးဖြစ်လာချိန်မှာတော့
ပညာသင်ပြီးစ ဘွဲ့ရအလုပ်လက်မဲ့တွေက
ဆန့်ကျင်ကြတယ်
လက်နက်ကိုင်တွေက အုပ်ချုပ်သူအစိုးရကို မထောက်ခံ
ဆန့်ကျင်ကြတယ်
ကဒါဖီဟာ
သူကိုယ်တိုင် ကဗျာဆရာတစ်ယောက်
ဖြစ်ချင်ခဲ့တယ်ဆိုတာကို
သူကိုယ်တိုင် မှတ်မိပါတော့မလားမသိ။
(ပိုင်စိုးဝေ- သယံဇာတကျိန်စာ ကဗျာမှ)



လရောင်ရဲ့ အောက်မှာ
သဲသောင်ပြင်က ရေပြင်သမုဒ္ဒရာဖြစ်လို့
နေရောင်ရဲ့ အောက်မှာ
ရွှံ့တွေ ဗွက်တွေက ကုန်းမြေမို့မို့လေးတွေဖြစ်လို့
ရွှေသမင်အလိုက်မှားခဲ့လေသလား
အို . . . .တံလျှပ်
သိပ်လှပြီး သိပ်ရက်စက်ခဲ့သလို
(မောင်ကြည်သာ(တောင်တွင်း)- တံလျှပ်များ ကဗျာမှ)

၁၉၆၈ မိုးဝေမဂ္ဂဇင်းနဲ့အတူ  ခေတ်ပေါ်ကဗျာတွေ စတင်အားကောင်းခဲ့သလို ခေတ်ပေါ်ကဗျာဆရာ ဖြစ်သည့် (ဆရာ) မောင်လူမှိန်၊ မောင်သွေးသစ်၊ မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ မောင်လေးအောင်၊ မောင်အောင် ပွင့်၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ နီမောင်၊ ဖော်ဝေး၊ မြေချစ်သူ၊ မောင်ပြည့်မင်း၊ သုခမိန်လှိုင် စသည်ဖြင့် အခြားကဗျာဆရာများအပါအ၀င် အများကြီးပေါ်ထွက်လာခဲ့ပါသည်။ ထိုကဗျာဆရာများထဲမှ တစ်ချို့ဆရာများ ဆိုလျှင် ကွယ်လွန်သွားကြပြီ ဖြစ်သည်။ ယခု ရေစိုမခံတဲ့ အသံ ခေတ်ပေါ်ကဗျာစာအုပ်ထဲတွင် ထိုမိုးဝေ ခေတ်ပေါ်ကဗျာဆရာများထဲတွင် အပါအ၀င်ဖြစ်သည့် မိုးဝေခေတ်ကဗျာဆရာကြီးများ၏ အသံများကို စတင် ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

ငါ့မျက်ခုံးမွှေးပေါ်မှာ
ခုန်ပေါက်ကနေတာ ဘယ်သူလဲ
အွန်ဒရေဘရက်တွန်လား မိုက်ကယ်ဂျက်ဆင်လား
ငါ့မျက်ခုံးမွှေးပေါ်မှာ
စစ်တုရင်ကစားနေတာ ဘယ်သူလဲ
လူဝီ ၁၆ လား ကားလ်မာ့စ်လား
ငါ့မျက်ခုံးမွှေးပေါ်မှာ
သေနတ်ဒဏ်ရာနဲ့ လဲနေတာ ဘယ်သူလဲ
ပွတ်ရှကင်လား ဗန်ဂိုးလား
( နေမျိုး- ဗီလိန်တွေ များတဲ့ ပြဇာတ် ကဗျာမှ)

ဘယ်အထိလည်း
သဗ္ဗေသတ္တာကမ္မသကာ နှစ်များစွာ
ဒီလိုပဲ ကြိတ်မျိုခဲ့ရ
သေနတ်နဲ့ ထောက်ထားတဲ့
ဘ၀ရဲ့ ဟင်းလျာတွေ။
သက်သာတဲ့ အဆိုးကို ရွေးရင်
အသက်တွေ ပေးခဲ့ရ။
ခိုးပွင့်ခဲ့ရ ပန်းတွေနဲ့ တိုင်းပြည်
ခိုင်းပွင့်ခဲ့ရ ကြယ်တွေနဲ့ တိုင်းပြည်။
( စံညိမ်းဦး- ၆၂ က မီးလျှံ ကဗျာမှ)

ပျော်စရာတွေ တင်လာတဲ့ကားကို
ကားဝင်လို့မရတဲ့ လမ်းကြားက စောင့်နေတယ်လို့
မပြောပါနဲ့
ဖြစ်နိုင်ရင် ဒီထဲမှာ ဘာမှ နားမထောင်ချင်ဘူး
အိမ်ပြန်ရင်လည်း ဒါပဲ ကြားရမှာ
ခင်ဗျားမှတ်ထား
အခု
ခင်ဗျားနဲ့ ကျွန်တော်ထိုင်နေတာ
ပန်းခြံလို့ ခင်ဗျားထင်နေတာ မဟုတ်လား။
( ထွဏ်းသွေးအိမ်- ပန်းခြံ ကဗျာမှ)

သေနတ်ပစ်ခန်းပါတဲ့ ကောင်းဘွိုင်ဇာတ်ကားတွေ မကြည့်တော့ဘူး
ငယ်ငယ်တုန်းကလို
ဝါးသေနတ်လေး တဒက်ဒက်အသံ နားဝင်ပီယံမဖြစ်တော့ဘူး
ဂလိုဘယ်ခေတ်ကြီးထဲ
စစ်ဖြစ်တမ်းကစားနေတဲ့ ရွာကြီးတစ်ရွာဟာ
ကမ္ဘာမြေလား။
( မောင်နိုင်လင်း(ကောလင်း)- အမြန်ချောနဲ့ ပို့ပေးပါ ကဗျာမှ)

၁၉၉၀ နောက်ပိုင်းမှာ (ဆရာ) ခင်အောင်အေး၊ မင်းထက်မောင်၊ မောင်သိန်းဇော်၊ နေမျိုး၊ ဇေယျာလင်း၊ မိုးဝေး၊ ခရမ်းပြာထက်လူ၊ မောင်ဖီလာ၊ စိုင်းဝင်းမြင့်၊ နွယ်စိမ်းဝေ၊ စံညိမ်းဦး၊ ခင်ဇော်မြင့်၊ ထွဏ်းသွေးအိမ် အစ ရှိသည့် အခြားမရေတွက်နိုင်တဲ့ကဗျာဆရာတို့ရဲ့ကဗျာများသည်  ခေတ်ပေါ်ကဗျာလက်ဆင့်ကမ်းကာ လှိုင်းထ စီးဆင်းနေသည့် အသံတွေနှင့် သင်္ကေတ၊ နမိတ်ပုံ အားကောင်းစွာ စာမျက်နှာပေါင်းများစွာတို့တွင် ရေးဖွဲ့ ထင်ရှားလာခဲ့ကြပါသည်။ ၁၉၇၀ မိုးဝေ ကဗျာခေတ်မှ စတင်လိုက်သော ခေတ်ပေါ်ကဗျာရေစီးသည် ၁၉၉၀ နှင့် ၂၀၁၀ အထိ အရှိန်အဟုန်အားကောင်းစွာ ဖြတ်သန်းစီးဆင်းခဲ့သည်။ ၂၀၁၀ နှောင်းပိုင်းတွင် ခေတ်ပေါ်ကဗျာ ဆရာလူငယ်များမှ ထပ်မံချဲ့ထွင်ရှာဖွေတင်သွင်းလာသည့် ခေတ်ပြိုင်ကဗျာရေးရာနည်းနာသစ်များ ၀င်ရောက် လာပြီးနောက်ပိုင်း ခေတ်ပေါ်ကဗျာရေစီးသည် အရှိန်လျော့စပြုခဲ့သည်။ သို့သော် ယနေ့ခေတ်လူငယ်ကဗျာ ဆရာများသည် ခေတ်ပေါ်ကဗျာ၏ အရသာကို စွဲမက်နေဆဲ၊ ရေးဖွဲ့နေဆဲဖြစ်သည်။ ထို့ကြောင့် ရေစိုမခံတဲ့ အသံ ကဗျာစာအုပ်ထဲ လူငယ်ကဗျာဆရာတစ်ချို့၏ ခေတ်ပေါ်ကဗျာများကို ကျွန်တော်ထပ်မံအသံထုတ်လွှင့် ပေးလိုက်ပါသည်။

အဖိတ်အစင်များတဲ့ နေ့ ညများ
ပေါ့ပေါ့ပါးပါး လေးလေးပင်ပင်
တစ်ခုမဟုတ် တစ်ခု ငြိတယ်
စိတ်စီးပုံ အတက်အကျနဲ့ အသွားအလာ
ပြီးသွားတယ် မပြီးဘူး
ခဏခဏ လိမ့်ကျနေခြင်း ဖြစ်ပုံ ပျက်ပုံ။
(ထွန်းလင်းသစ်(ကန့်ဘလူ)- အကန်း ကဗျာမှ)

ခွေးဘီလူးကြီးတွေကို
အိမ်ရှေ့အိမ်က လူကြီးတွေက မွေးထားတာ
အိမ်ကြီးက ကြီးလို့
လူတွေက လိုက်ကြီးနေတာမျိုးတော့ မဟုတ်ဘူးပေါ့
............................................
လောက်စာလုံးလုံးထားတယ် တုတ်သပ်ထားတယ်
ဒီကောင်တွေ ဘယ်လောက်ကြီးကြီး
ခြံစည်းရိုးမှာ လှမ်းထားတဲ့
ညီမလေးရဲ့ ဘောင်းဘီသေးသေးလေးကို
မချီသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။
( သူဝေး- ခွေးဘီလူးတွေ ကဗျာမှ)

ရယ်ရင်းမောရင်း ရောဂါရလာတယ်
အသက်တစ်ခု၊ တငွေ့ငွေ့လောင် စီးကရက်တစ်လိပ်
ပြိုကွဲသွားဖို့ စတင်တယ်၊ ပြာလိုလွင့်ဖို့
သွေးကြောပိတ်သလို
အချစ်နဲ့ ခလုတ်တိုက်မိပါတယ်
ပြန်တွေးတော့
ဖျက်ပြီးပြန်ပြင်မိတဲ့ အမိုးအကာလေး
ဒီမိုးဦးမှာ လုံမှ လုံခြုံပါ့မလား။
( သက်ငြိမ်သစ်- အဲဒီစိတ်နဲ့ ရွာနေတဲ့ မိုးတွေ ကဗျာမှ)

          ခေတ်ပေါ်ကဗျာကို လူငယ်တွေက ဆက်လက်သယ်ဆောင်လာသည်။ ၂၀၁၀ နောက်ပိုင်း ခေတ်ပေါ်ကဗျာသည် ခေတ်ပြိုင်ခံစားမှုကို ခေတ်ပေါ်ဟန်နှင့် ချိတ်ဆက်လာသည်။ ယခင်ခေတ်ပေါ်ကဗျာ၏ ရိုးအီလာမှုကို အနည်းငယ် ချိုးဖျက်သည်။ ခေတ်ပေါ်ကဗျာ၏ ရစ်သမ်ကို ဂရုမစိုက်တော့ပေမယ့် လုံးလုံးမထည့် တော့တာမျိုးလည်းမဟုတ်။ စကားပြောဟန်များလာသည်။ စကားလုံးအဖြတ်အတောက် ပိုမို ကစားလာသည်။ ခေတ်ပေါ်ကဗျာ၏ ကဗျာဓါတ်ကို သိုသိုသိပ်သိပ်ဖမ်းထည့်ထားသည်။ လူငယ်သည် လူငယ်အလျောက် သူ့ ခေတ်နှင့် ခေတ်ပေါ်ကဗျာသစ်ကို ဖန်တီးကြသည်။ ဖန်တီးကြပါလိမ့်ဦးမည်။
မည်သို့ပင်ဖြစ်စေ ရေစိုမခံတဲ့ အသံသည် ထစ်အနေသည့် စီဒီချပ်ထဲမှ အသံမျိုးမဟုတ်။ ပီသသည်၊ ကြည်မြသည်။ ထိုရေစိုမခံတဲ့ အသံထဲမှာ ခေတ်အဆက်ဆက် ခေတ်ပေါ်ကဗျာကို ထည့်သွင်းထားပါသည်။ နှလုံးသားနှင့် နားဆင်ပါ။ ညဏ်ပညာဖြင့် သုံးသပ်ပါ။ ရေစိုမခံတဲ့ အသံကို ကျွန်တော် ခေတ်ပေါ်အက်ဖ်အမ် ကနေ ထုတ်လွှင့်တင်ဆက်လိုက်ပါသည်။ နားဆင်ကြပါစို့။

မင်းနဒီခ
၁၅၊ ဇွန်လ၊ ၂၀၁၃

Thursday, July 11, 2013

ခေါင်းမညိတ်တတ်လည်း ပြည့်ဝနေတဲ့ အဓိပ္ပာယ်



ခေါင်းမညိတ်တတ်လည်း ပြည့်ဝနေတဲ့ အဓိပ္ပာယ်

စာအုပ်အမည်                      ခေါင်းမညိတ်တတ်တဲ့ အဓိပ္ပာယ်( ခေတ်ပေါ်ကဗျာများ)
ရေးသူ                               နေညိုအောင်၊ လူနှင်းချို-မတ္တရာ၊ မင်းမြတ်မွန်
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ မေလ
ထုတ်ဝေသည့် တိုက်               ဆောင်းစုရတီစာပေ
         
ဆရာနေမျိုးက `ဘ၀ကို ပိုကောင်းအောင်ပြုလုပ်နိုင်တဲ့အရာတွေထဲမှာ ကဗျာလည်း ပါတယ်လို့ ကျွန်တော်ဖြင့် ယုံကြည်ပါတယ်´ ဟု စာအုပ်တစ်အုပ်ထဲမှာ ရေးထားသည်ကို ဖတ်ခဲ့ဖူးသည်။ ဆရာ ခရမ်းပြာ ထက်လူကတော့`ကမ္ဘာမြေပေါ်ကို အာဏာရှင်တစ်ယောက်ရောက်လာတာထက်စာရင် ကဗျာစာအုပ်တစ်အုပ် ရောက်လာတာ ပိုကောင်းပါတယ်´ ဟု ပြောသံ နားထောင်ခဲ့ရသည်။ အမေရိကန်ကဗျာဆရာကြီး ရောဘတ် ဖရော့စ် ကတော့ `ကဗျာတစ်ပုဒ်ဟာ ကြည်နူးမှုနဲ့ စတင်ပြီး အသိညဏ်နဲ့ အဆုံးသတ်တယ်´ ဟု ရေးထားသည်ကို မှတ်သားခဲ့ဖူးသည်။ ခေတ်အဆက်ဆက် ကဗျာသည် ကျွန်တော်တို့၏ ဘ၀ဖြစ်တည်မှုများကို ပြည့်ဝသော အဓိပ္ပာယ်များဖြင့် ပိုမိုပြည့်စုံစေခဲ့သည်ဟု ညွှန်းဆိုလျှင် ရလေမလား။ မည်သို့ပင်ဖြစ်စေ ကဗျာ သည် ကျွန်တော်တို့၏စိတ်ကို ကြည်နူးစေခဲ့သည်။ ဘ၀အမောတွေကို ပြေစေခဲ့သည်။ အမှန်တရားကို မြင် အောင် ကြည့်တတ်စေသည်။ ဇာတိမာန်တွေကို ထက်သန်စေခဲ့သည်။ အမျိုးသားရေးကို သွေးနွေးစေခဲ့ သည်။ ကဗျာတစ်ပုဒ်ဖတ်နေချိန်တွင် အကုသိုလ်တရားကင်းပနေစေသည်။ ထိုထက်ပိုပြောရလျှင် ကဗျာတစ်ပုဒ်ဖတ် ခြင်း သည် တရားတစ်ထိုင်ကဲ့သို့ စိတ်ကို ငြိမ်းအေးချမ်းမြစေသည်မှာ အမှန်ဖြစ်သည်။ ယခုလည်း ဘ၀ကို ပိုကောင်းအောင်ပြုလုပ်နိုင်ဖို့၊ ကြည်နူးမှုနဲ့စတင်ပြီး အသိညဏ်နဲ့အဆုံးသတ်စေဖို့၊ ကမ္ဘာမြေကြီးပေါ် အာဏာရှင် တစ်ယောက်ရောက်လာခြင်းထက် ပိုမိုကောင်းမွန်တဲ့ ကဗျာစာအုပ်တစ်အုပ် ရောက်ရှိလို့ လာခဲ့ပါပြီ။
၂၀၁၃ မေလတွင် နေညိုအောင်၊ လူနှင်းချို- မတ္တရာ၊ မင်းမြတ်မွန် တို့ သူငယ်ချင်း ကဗျာဆရာ သုံး ယောက် စုစည်းရေးဖွဲ့ထားသည့် ခေတ်ပေါ်ကဗျာစာအုပ် တစ်အုပ်ထွက်ရှိလာပါသည်။ ကဗျာစာအုပ် အမည်က ခေါင်းမညိတ်တတ်တဲ့ အဓိပ္ပာယ် ။ တစ်ယောက်ကို ကဗျာအပုဒ် (၂၀) စီနှင့် စုစုပေါင်း ကဗျာပုဒ်ရေ( ၆၀) ပါရှိ သည်။ အမှာစာရေးပေးသူက ဆရာမြေလတ်မောင်မြင့်သူနှင့် ဆရာ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)။ ထိုဆရာ နှစ်ယောက်၏ အမှာစာနှစ်ခုနှင့်ပင် ခေါင်းမညိတ်တတ်သည့် အဓိပ္ပာယ်က ပြည့်စုံလုံလောက်နေပြီဖြစ်သည်။ နောက်ထပ်ပြောရလျှင် ထိုကဗျာဆရာသုံးယောက်က လက်ရှိမဂ္ဂဇင်းစာမျက်နှာများပေါ်တွင် စဉ်ဆက်မပြတ် ဖြတ်သန်းနေသည့် ကဗျာဆရာများ။ နေညိုအောင်နှင့် မင်းမြတ်မွန်က ကဗျာသက်သက်ရေးသည် ကဗျာဆရာ များဖြစ်သော်လည်း လူနှင်းချို( မတ္တရာ) ကတော့ ကဗျာထက် ရသစာတမ်း၊ အက်ဆေး ပိုမိုရေးအားကောင်း သည်ကို တွေ့ရသည်။ ခေတ်ပြိုင်အရေးအသားများခေတ်စားနေသည့် အချိန်ကာလကြီးတွင် သူတို့သုံးဦး၏ စာအုပ်လေးအား ယနေ့ကဗျာစာအုပ်များပေါ်တွင်တွေ့ရသည့် အရေးအသားများ၊ စကားလုံးများ၊ အဖွဲ့အနွဲ့များ စသည့် နာမ်စားများကို မတွေ့ရဘဲ ခေတ်ပေါ်ကဗျာများဟု ရဲရဲဝံ့ဝံ့အမည်ပေးထားသည်ကလည်း တစ်မျိုးတော့ စိတ်ကျေနပ်စရာကောင်းနေတာ အမှန်ပင်ဖြစ်သည်။
နေညိုအောင်နှင့်လူနှင်းချို(မတ္တရာ)ကသက်တူရွယ်တူ၊မင်းမြတ်မွန်က သူတို့နှစ်ဦးထက် နှစ်နှစ်လောက် ငယ်သည်။ အသက်အရွယ်ချင်းသိပ်မကွာကြသလို ကဗျာဖြတ်သန်းမှုခြင်း သိပ်မကွာခြားကြ။ အတူတူဖြတ်သန်း ခဲ့ရသော ခေတ်ကာလကြီးအပေါ်ကို ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ ကဗျာရေးဖွဲ့ပုံခြင်းကလည်း သိပ်မကွာခြားကြပေမယ့် ကိုယ့်ကိုယ်ပိုင်ဟန်နှင့် ကိုယ်။ ကိုယ့်ဘာသာစကားနှင့် ကိုယ်။

အသက်ရှူရတာ ပျော်ပါတယ်
ဒဏ်ရာတွေ ပိုနက်လာတာ မပျော်နိုင်ဘူး
တမြေ့မြေ့နဲ့ အိနေပြီ
တခြားတစ်ယောက်ရဲ့ ရယ်သံမှာ
ဘ၀ကို ပစ်တင်ထားလို့ရရင်လည်း အကောင်းသား
(နေညိုအောင်-အသက်စက်စက်ညများ ကဗျာမှ)

ဖေဖေ့ပေါ် ပေါက်နေတဲ့သစ်ပင်တွေကို မုန်းတယ်
ဖေဖေ့ပေါ် ဖိနေတဲ့ တောင်တန်းတွေကို မုန်းတယ်
သားအပေါ် ပိနေတဲ့ ရှုခင်းတွေကရော
ရှုခင်းပီသရဲ့လား
မြေပြင်ပေါ် လမ်းလျှောက်ရတာ
သား မပျော်ပါဘူး ဖေဖေ။
(လူနှင်းချို(မတ္တရာ)- ဖေဖေဖတ်ဖို့ နောက်ဆက်တွဲ ကဗျာမှ)

ညကို ခါးလယ်က ပိုင်းလိုက်တဲ့
ကြက်ဖတစ်ကောင်လောက်မှ
အောင်အောင်မြင်မြင် မရယ်မောတတ်ခဲ့တာ
ဝေးချင်သလောက်ဝေးစမ်းကွာဆိုပြိး
ချည်နှောင်မိသမျှ သံယောဇဉ်တွေနဲ့
ဘ၀ကို စိတ်ရှိလက်ရှိ ပစ်စွပ်ခဲ့မိပေါ့
( မင်းမြတ်မွန်- ခက်တယ် ကဗျာမှ)

ကဗျာဆရာဆိုသည်မှာ လောကမှာ မပျော်ရွင်ဆုံးလူသားတွေပဲ ဖြစ်သည်။ ကဗျာဆရာတစ်ယောက် အတွက် သူတို့ပတ်ဝန်းကျင်ရှိ နာကျင်မှုသည် ကဗျာဆရာ၏ နာကျင်မှုပင်ဖြစ်သည်။ ကဗျာဆရာသည် ကမ္ဘာကြီး၏ နိမ့်ကျမှုများကို စကားလုံးများဖြင့် ထမ်းပိုးပင့်တင်ထားချင်သူ၊ ကမ္ဘာကြီး၏ ဖျားနာမှုများအား စကား လုံး များဖြင့် ဆေးကုပေးချင်သူ၊ ကမ္ဘာကြီး၏ လွဲချော်မှုများအတွက် အမှန်တရားဖြင့် တည့်မတ်ပေးချင်သူ သာ ဖြစ်သည်။ ကဗျာဆရာတစ်ယောက်အတွက် ပျော်ရွှင်မှုဆိုသည်မှာ ရှားပါးထုတ်ကုန်ပစ္စည်းတစ်ခုပင် ဖြစ်သည်။ သို့သော် ကဗျာဆရာသည် ထိုမပျော်ရွှင်မှုများအကြောင်း ရေးသားဖွဲ့နွဲ့သည့် ကဗျာများဖြင့် လောကတွင် အပျော်ရွှင်ဆုံးလူသားလည်း ဖြစ်နေပြန်သေးသည်။ သဘောတူလျှင် ခေါင်းလေးတစ်ချက်တော့ ညိတ်ပေး လိုက်ပါ။ ထိုခေါင်းညိတ်ခြင်းမှာ ပြည့်ဝနေတဲ့ အဓိပ္ပာယ်တွေရှိတဲ့အကြောင်း မိတ်ဆွေ နားလည်လာပါလိမ့်မည်။

သူနဲ့ ကိုယ်နဲ့က တစ်ခေတ်ထဲဆိုတော့
နောက်ဆုံးတော့လည်း တိုးတိုက်မိတာပေါ့လေ
ခုတော့
ဝံပုလွေတွေလို လပြည့်ညကို စောင့်စားလိုက်
အမြဲတမ်းမအိပ်တဲ့ မေးခွန်းတွေကို ရေမိုးချိုးပြီး စောင့်စားလိုက်
အခိုက်အတန့်တော့ ရွှေအိပ်မက်တွေကိုပဲ ချက်ပြုတ်စားသောက်ကြတာပေါ့။
(နေညိုအောင် - ကြာပန်းကလေးများ ငါတို့အတွက် ကဗျာမှ)

နာသုံးနာ မကတဲ့ အနာတွေ
ဆွဲခြင်းအနာလေးထဲ ထိုးထည့်
ခေါင်းလောင်းသံနောက်အမီလိုက်နေတဲ့ ညီမလေး။
ကမ္ဘာကြီးက ဖြစ်ခြင်း၊ပျက်ခြင်း ရှုမှတ်နေချိန်
ညီမလေးဟာ
ဝလုံးကလေးရဲ့ အလျားကို တိုင်းတာပြလို့။
မိဝေးဖဝေးသစ်ရွက်တွေ ကြွေနေရတဲ့အထဲ
ထရံပေါက်တွေရဲ့ ကြေကွဲသံမှာ
ကိုယ့်အနာဂတ်ကို ထိုးခွဲ
အပင်ပေါက်တွေကို ပိုဂရုစိုက်တတ်တဲ့ ညီမလေး။
(လူနှင်းချို(မတ္တရာ)- ညီမလေးပင်လယ် ကဗျာမှ)

ရှင်သန်ခဲ့တဲ့ ကမ္ဘာမှာ
မင်းက နေ့ ဆို ငါက ည
ငါကနေ့ဆို မင်းက ည
တစ်ယောက်ကို တစ်ယောက်
ကြည်ကြည်နူးနူးဖြည့်ခဲ့တဲ့ ပါရမီမှာ
ငါနဲ့ မင်း
တိတ်တိတ်ကလေး တောင်းခဲ့တဲ့ ဆုက
အဲဒီ ၀လုံးလေးတွေ
လှလှပပ ၀ိုင်းဖို့ပဲ မဟုတ်လား မိန်းမရယ်။
(မင်းမြတ်မွန် - ပျော်ရွှင်ခြင်းကမ္ဘာကဗျာမှ)

ရယူခြင်းထက် ပေးဆပ်ခြင်းက ပို၍ ချိုမြိန်သည့်အကြောင်း ကျွန်တော်တို့ နားလည်ခဲ့ကြပြီးပြီ။ အလို လောဘကြီးခြင်းထက်ရောင့်ရဲတင်းတိမ်နိုင်ခြင်းက စိတ်ငြိမ်းအေးစေသည့်အကြောင်းကျွန်တော်တို့တတ်မြောက် ခဲ့ကြပြီးပြီ။ အပင်လေးတစ်ပင်ရှင်သန်ဖွံ့ဖြိုးလာဖို့ မျိုးစေ့လေးတစ်စေ့က ရင်ကွဲဖောက်ထုတ်ခံပေးခဲ့ရကြောင်း ကျွန်တော်တို့ သင်ကြားခဲ့ကြပြီးပြီ။ ဘ၀ဆိုသည်မှာ ရေပွက်ပမာဖြစ်ကြောင်း ကျွန်တော်တို့ နားထောင်ခဲ့ကြ ရပြီးပြီ။ ရှင်သန်ရာအခိုက်အတန့်ခဏတာလေးအတွင်း မှောင်သောညများရှိသလို လင်းသောညများလည်း လာပါလိမ့်ဦးမည်။ စိတ်ကူးတွေ အိပ်မက်တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှုသည်လည်း စိတ်ချမ်းမြေ့စရာ ကောင်းသော ဘ၀နေနည်းတစ်မျိုးပဲ ဖြစ်သည်ဟု ကြာပန်းလေးများရဲ့ ပြောလိုက်သံကို ကျွန်တော်ကြားသည်။ နောက်ထပ်ကြားလိုက်ရသည့်အသံကို မျိုးစေ့လေးတစ်စေ့၏ ရင်ကွဲသံဖြစ်သည်။ ထိုရင်ကွဲသံသည် ပင်လယ် တစ်ခုလည်းဖြစ်သည်။ ဘယ်လိုပင်လယ်လည်းဆိုတော့ အဖြူအစိမ်းဝတ်ထားတဲ့ ညီမလေး ပင်လယ် ဖြစ်သည်။ ညီမလေးသည် ဆွဲခြင်းအနာလေးနဲ့ ထရံပေါက်လေးများကာရံထားသော စာသင်ကျောင်းလေးကို သွားသည်။ ကမ္ဘာကြီးကို မျက်ကွယ်ပြုရင်း လောကစည်းစိမ်တွေကို ဥပေက္ခာပြုရင်း မိဝေးဖဝေးညီမလေးဟာ ကျောင်းတက် ခေါင်းလောင်းသံဆီ အမီပြေးလို့ အပင်ပေါက်လေးတွေကို ဂရုစိုက်တတ်တဲ့ ညီမလေး။ ပေးဆပ်ခြင်းနဲ့ ရဲရင့်နိုင် စွမ်းတဲ့အသံ။ နောက်ထပ်နားထောင်ရဦးမည့် အသံတစ်သံလည်း ရှိနေပါသေးသည်။ ထိုအသံကို နှစ်ကိုယ်ကြား ပြောသည့်အသံ။ တိတ်တိတ်ကလေး တောင်းခဲ့သည့် ဆု။ အဲဒီဆုက ၀လုံးလေးတွေ လှလှပပ ၀ိုင်းဖို့ပဲ မဟုတ် လားမိန်းမရယ် တဲ့။ ထိုစကားလုံးများ၊ ထိုတောင်းဆုများသည် မိဘတိုင်းပြောခဲ့ဖူးကြပါလိမ့်မည်။ သားသမီးတိုင်း ကြားဖို့ ခဲယဉ်းခဲ့ပါလိမ့်မည်။ ထိုသို့ နှစ်ကိုယ်ကြားပြောသည့်စကားများကို နားလည်နိုင်ဖို့ မိတ်ဆွေတို့ ခေါင်းတွေ ညိတ်တတ်မှ ဖြစ်မည်။ ခေါင်းညိတ်ခြင်းမှာ ပြည့်ဝသည့်အဓိပ္ပာယ်များရှိသည့် အကြောင်း ကျွန်တော် ထပ်မံပြော မပြလိုတော့ပါ။ တကယ်တမ်းကျတော့ ကျွန်တော်မပြောပြလည်း အဓိပ္ပာယ်များသည် သူ့ဖွင့်ဆိုချက်နှင့်သူ ပြီးပြည့်စုံမှုများနှင့် ရင့်ကျက်စွာ တည်ရှိနေကြပါလိမ့်မည်။ ခံစားသူအကြိုက်မူတည်၍ ဖွင့်ဆိုချက်အမျိုးမျိုး ရှိနေ ပါလိမ့်မည်။ မိတ်ဆွေ သင်ရော ခေါင်းမညိတ်တတ်သည့် အဓိပ္ပာယ်ကို ဘယ်လို ဖွင့်ဆိုနားလည်ကြည့်ပါမည်လဲ။ ကျွန်တော်ကတော့ အောက်ပါအတိုင်း ဖွင့်ဆိုနားလည်မိပါသည်။
နေညိုအောင်၏ ကဗျာများကို ဖတ်ရသည့်အခါ တစ်စုံတစ်ယောက်က ညင်ညင်သာသာ တီးတိုးစကား ပြောနေသလိုခံစားရသည်။ ခေတ်ပေါ်ကဗျာ၏ အသက်ဓါတ်ဖြစ်သည့် စကားပြောရစ်သမ်၊ စကားလုံးချိတ်ဆက် ဖွဲ့ယူပုံကောင်းခြင်း၊ စုစည်းပြေပြစ်မှုရှိခြင်းများကို ခံစားရသည်။ ကဗျာဖတ်သူသည် ကဗျာတစ်ပုဒ်ကို ဖတ်နေရင်း နှင့် ကဗျာဆရာက အနားနားကိုယ်တိုင်လာပြောသလို ခံစားရသည်။ နေညိုအောင်၏ ကဗျာများတွင် ရင့်သီး သော စကားလုံးများမပါ။ သူ့ပြင်ပပင်ကိုယ်လက္ခဏာအတိုင်း သူ့ကဗျာများသည် အေးဆေးညင်သာစွာ စီးဆင်း နေသည်။ ကဗျာဆရာ၏ ရိုးသားမှု၊ စေတနာနှင့် အကောင်းမြင်စိတ်သည် ကဗျာတိုင်းတွင် အထင်းသား မြင်တွေ့ နေရသည်။ ဥပမာ- ပျော်ရွှင်ပါစေ ကဗျာထဲက ` အ၀ါရောင်ပန်းတွေ ပွင့်လာတဲ့အခါ၊  ကြမ်းတမ်းမှုကို ဖုံးကွယ် မယ် ဆိုရင်လည်း ဖြစ်နိုင်တာပဲ၊  ဘာတစ်ခုမှ မတတ်နိုင်တဲ့အခါ၊ နေမယ်ဆိုလည်း နေပါစေ၊ သွားမယ်ဆိုလည်း သွားကွယ်၊ ကျေအေးဖို့ လွယ်ကူတယ်ဆိုလည်း ကျေအေးရမှာပေါ့´ ဆိုတာလိုမျိုး။ နွေရာသီဆန္ဒ ကဗျာထဲက ` ပိုက်ဆံထောင့်နှစ်ရာနဲ့ အပြာရောင်အိပ်မက် တစ်ခု ၀ယ်မက်မယ်၊ ပြီး ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံကို ပိုက်ဆံတစ်သောင်းနဲ့ ခဏငှားမယ်၊ နောက်ထပ်တစ်သောင်းကို သူစိမ်းတစ်ယောက်နဲ့ ကိုယ့်ရဲ့ ကြားမှာ ပန်းတစ်ခင်းစိုက်မယ်´ ဆိုတာလိုမျိုး၊ နောက်ထပ် `လွတ်ကျသွားတဲ့အသံ၊ လှပစွာ တွေ့ဆုံခြင်း၊ အရောင်များနှင့် နေထိုင်ခြင်း၊ ငြိမ်းချမ်းရေး´ စတဲ့ ကဗျာတွေဟာလည်း ကျွန်တော်ခံစားမိတဲ့ အဓိပ္ပာယ်တွေကို ပိုမိုပြည့်ဝ နေစေ ပါလိမ့်မည်။
လူနှင်းချို( မတ္တရာ)၏ ကဗျာတွေကလည်း ခံစားမှုရသတစ်မျိုးကို ဖွင့်ဆိုပြနေသည်။ သူ့ကဗျာများသည် ပုဂ္ဂလိက နာကျင်ခံစားမှုများထက် အခြားသူတစ်ယောက်၏ နာကျင်မှုများကို ဖွဲ့သည်။ သူ့ပတ်ဝန်းကျင်၏ အဆင်မပြေလွဲချော်နာကျင်မှုများသည် သူ့ရင်ကိုထိခိုက်စေခဲ့သည်။ သူရင်ထဲထိခိုက်နာကျင်သည့်အခါ သူသည် ကဗျာအဖြစ် စကားလုံးများဖြင့် ပြောင်းလဲပစ်လိုက်သည်။ တကယ်တမ်းလည်း သူ၏ ကဗျာပြင်ပ အလုပ်အကိုင် သည် ပရဟိတကျောင်းဆရာတစ်ယောက်။ သူ့ကဗျာများသည် ကိုယ်ချင်းစာတရားများနှင့် ပြည့်နှက်နေသည်။ ဥပမာ-ငါတို့မောခဲ့ကြတယ် ကဗျာထဲက `ဒီလိုပါပဲ၊ ငါတို့ ရွာသားတွေဟာ မောရတဲ့ အကြောင်းတွေ တွေးလို့၊  ငါတို့ အဆက်မပြတ်မောခဲ့ကြတာပေါ့´ ဆိုတာမျိုး၊ ညီမလေးပင်လယ် ကဗျာထဲက `ကမ္ဘာကြီးထဲက ငါးတွေ ညှီစော်နံပေမယ့်၊ ညီမလေးကတော့ ညှီစော်မနံတဲ့ ငါးတစ်ကောင်သာ ဖြစ်တယ်´ ဆိုတာမျိုး၊ လိုက်ခဲ့တော့ ကဗျာထဲက ` ကမ္ဘာမြေက ပုံပြင်တွေတော့ ပြောပြထားရမယ်၊ လမင်းကြီးဘယ်လောက် ဝေးဝေး၊ ငါမင်းကို လမင်းကြီးဆီ ခေါ်သွားမှ ဖြစ်တော့မယ်´ ဆိုတာမျိုး။ နောက်ထပ် အဲဒီလို အဓိပ္ပာယ်များနှင့် ပြည့်ဝနေတဲ့ ` ငါ့အစ်ကို တနင်္လာသားကြီး၊ အဖေမိုးသား၊သူငယ်ချင်း၊မိုးလိမ္မာ၊ အုန်းလက်ကလေးသိတယ်၊ ဂတ်တီးစဘတ် စစ်သင်္ချိုင်းထဲက ဖြောင့်ချက်´ စသည့် ကဗျာများသည် လူနှင်းချို(မတ္တရာ)၏  အဓိပ္ပာယ်ကို ပိုမိုလေးနက်အောင် ဖွင့်ဆိုပေးနိုင်မည့် ကဗျာများပင်ဖြစ်သည်။
မင်းမြတ်မွန်၏ ကဗျာများကို ဖတ်ရသည့်အခါ မိသားစုချစ်ခြင်းမေတ္တာ၊ သားသမီးသံယောဇဉ်နှင့် ကြည်နူး ဆွေးမြေ့မှုများကို ခံစားရသည်။ မင်းမြတ်မွန်၏ ကဗျာများသည် စကားလုံးဆန်းပြားလှည့်စားမှုများမပါ။ ရိုးရှင်းသော အဖွဲ့အနွဲ့ကို ဦးစားပေးသည်။  ခေတ်ပေါ်ကဗျာဟန် စကားပြောရစ်သမ်ကို အများဆုံး အသုံးပြု ထားပြီး ကဗျာတစ်ပုဒ်ချင်းစီ နောက်ဆုံးစာကြောင်းများသည် ကဗျာအား နောက်တစ်ကြိမ်ပြန်ဖတ်ဖို့ တွန်းအား ပေးနေသည်။ ဥပမာ-အငွေ့ပျံခြင်း ကဗျာထဲမှ` ရင်အဆက်ဆက်၊ ငါးပွက်ရာ ငါးစာအချနေရတဲ့ ပျော်ရွှင်မှုတွေထဲ၊ ဖူးပွင့်မိသမျှ၊ လက်လုပ်လက်စားရနံ့တွေသာ ဆားပွင့်ခဲ့ရပေါ့ မေမေ´ဆိုတဲ့ နောက်ဆုံးစာကြောင်းလိုမျိုး၊ မန္တလေး ကဗျာထဲမှ ` ခုထိ ကိုလိုနီနံ့သင်းနေသေးတဲ့ မြို့၊ အရွယ်မထင်ဘဲ အရွယ်တင်ချင်နေတဲ့ အဲဒီမြို့ဟာ၊ ဇရပ်ပေါ် ဇရာတွေ ပစ် ပစ်တင်ရင်း၊ အာခေါင်မှာ လှံတန်းလန်းနဲ့´ဆိုတဲ့ နောက်ဆုံးစာကြောင်းလိုမျိုး။ နောက်ထပ် ကျွန်တော်ဖခင်စိတ်ထဲ တစ်ချက်ချင်းလှမ်းလှမ်းပစ်နေတဲ့`သားသားဖတ်ဖို့ နောက်ဆက်တွဲ၊ တီတီတာတာ၊ ပျော်ရွှင်ခြင်းကမ္ဘာ၊ သူငယ်ချင်းများ´ စတဲ့ ကဗျာတွေဟာ သူ့ဖွင့်ဆိုချက်နဲ့ ကျွန်တော့်အဓိပ္ပာယ်နဲ့ ထပ်တူကျမိတဲ့ ကဗျာတွေပဲဖြစ်သည်။
ကျွန်တော်ကတော့ ခေါင်းမညိတ်တတ်သည့် အဓိပ္ပာယ်ကို ကိုယ့်ဆန္ဒနှင့် ကိုယ် ၊ ကိုယ့်အတွေးနှင့် ကိုယ် အဓိပ္ပာယ်ဖွင့်ဆိုကြည့်ခြင်းသာ ဖြစ်သည်။ မှားချင်လည်း မှားနိုင်သည်။ မှန်ချင်လည်း မှန်နေပါလိမ့်မည်။ လူတစ်ယောက်အတွက် အဓိပ္ပာယ်ဆိုသည်မှာ ကိုယ်နားလည်သလောက်သာ ဖွင့်ဆိုနားလည်နိုင်တာမျိုးလည်း ဖြစ်သည်။ ခေါင်းညိတ်သည်ဖြစ်စေ၊ ခေါင်းမညိတ်သည်ဖြစ်စေ အဓိပ္ပာယ်ကတော့ သူ့ဖွင့်ဆိုချက်နှင့် သူ ပြည်ဝနေပါလိမ့်မည်။ မိတ်ဆွေ၊ စိတ်ဝင်စားမည်ဆိုလျှင် ခေါင်းမညိတ်တတ်သည့် အဓိပ္ပာယ်ကို တစ်ကြိမ် လောက်တော့ ဖွင့်ဆိုနားလည်ကြည့်ပေးဖို့ တောင်းဆိုရင်း နေညိုအောင်၊ လူနှင်းချို(မတ္တရာ)နှင့် မင်းမြတ်မွန်တို့ သူငယ်ချင်းသုံးယောက်အား ခေတ်ပေါ်ကဗျာလမ်းထက် အတူတကွဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်မိပါသည် ။

မင်းနဒီခ
၂၊ ဇူလိုင်၊ ၂၀၁၃

Monday, July 1, 2013

အွန်လိုင်းလူငယ်ကဗျာစကားဝိုင်း( ဆရာ အောင်ရင်ငြိမ်းမေးပြီး မင်းနဒီခဖြေသည်)



အွန်လိုင်းလူငယ်ကဗျာစကားဝိုင်း( ဆရာ အောင်ရင်ငြိမ်းမေးပြီး မင်းနဒီခဖြေသည်)

အောင်ရင်ငြိမ်း။     ။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ် တုန်းက အနုပညာ သြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန် အသစ်တွေ ဆက် မဖန်တီးနိုင်တော့ ဘဲ ခေတ်ပေါ် ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန် တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊ ခိုင်မြဲကျော် စွာ၊ မောင်ဖီလာ၊ ကိုရွေးသူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကိုပြောပါဦး။

မင်းနဒီခ ။  ။ခေတ်ပေါ်ကဗျာက ဟောင်းတယ်၊ ခေတ်ပြိုင်ကဗျာက သစ်တယ် အဲဒီလိုဖြင့် ကျွန်တော် မထင်ဘူးဗျ။ ဘာဖြစ်လို့လည်း မဆိုတော့ မတူညီတဲ့ ရေးဟန်နှစ်ခုအဖြစ် သီးခြားစီ ဖြစ်ထွန်းနေတယ် လို့ပဲ ကျွန်တော် မြင်တယ်။ နောက်တစ်ခုက ရပ်တန့်ကျန်ခဲ့တယ်ဆိုတာလည်း သိပ်ပြီးလက်မခံဘူး။ ခေတ်ပေါ်တုန်းက အားကောင်းခဲ့တဲ့ ကဗျာဆရာတွေဟာလည်း သူ့နည်း သူ့ဟန်နဲ့အတူ ခေတ်ပြိုင်ကို လှမ်းလှမ်းချိတ် ဆက်နေတာကို တွေ့နေရလို့ပဲ။ ဇေယျာလင်း၊ ခင်အောင်အေး၊ မိုးဝေး၊ လူဆန်း၊ မောင်ဒေး တို့ဆိုရင် ခေတ်ပေါ်ရေးဟန်ကနေ အစောကြီးရုန်းထွက်တည်ဆောက်နိုင်ခဲ့သူလို့ ဆိုရမှာပါ။ နောက်ကျပေမယ့် ခေတ်ပေါ်ဆရာတွေထဲက လက်လှမ်းမီသလောက်ပြောရရင် ဆရာမောင်ပြည့်မင်း၊ မောင်ကြူးရင့်၊ မောင်ခင်သာမြင့်၊ ၀င်းမြင့်၊ စိုင်းဝင်းမြင့်၊ မောင်ယုပိုင်၊ ထွန်းဝေမြင့်၊ လူလန်း အခု ဒီဘက်နှစ်ပိုင်းမှာဆို တိုးနှောင်မိုး၊ မောင်ကြည်သာ(တောင်တွင်း) စသည်ဖြင့် နောက်ထပ် ကျွန်တော် မသိသေးတဲ့ ခေတ်ပေါ်ကဗျာဆရာတွေလည်း ရှိပါလိမ့်မယ်။  ခေတ်ပေါ်ဟန်ကနေ ခေတ်ပြိုင် ဆီ တဖြည်းဖြည်း ကူးပြောင်းနေတာ ကို တွေ့နေ ရပါတယ်။ ခေတ်ပြိုင်ဖြစ်ခြင်း၊ ကောင်းခြင်း၊ မကောင်းခြင်း ကတော့ ကဗျာဖတ်သူနဲ့သာ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စဆိုတော့ ကျွန်တော်မပြောလိုပါဘူး။ နောက်ထပ်ပြောချင်တာလေး တစ်ခုက အစ်ကိုခြွင်းချက်အဖြစ်ပြောထားတဲ့ ခေတ်ပေါ်ဆရာတွေထဲမှာ ဆရာခရမ်းပြာထက်လူ၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ပိုင် တို့ဆိုရင် ခေတ်ပေါ်ဟန်သီးသန့် မဟုတ်တော့ဘဲ ခေတ်ပေါ် လွန် အရေးအသား( ခေတ်ပြိုင်Comtemporary မဟုတ်)လို့ပဲ ခေါ်ရမလား။ ခေတ်ပြိုင်ခံစားမှု ကို ခေတ်ပေါ် ကဗျာဟန်ရဲ့ တည်ဆောက်မှုထဲ အတွင်းကျကျ ထည့်ကစားပြီး ကဗျာ ဖတ်သူဆီ တိုက်ရိုက်ပို့နေတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ခေတ်ပြိုင် ခံစားမှုကဲ တဲ့ ခေတ်ပေါ် ကဗျာ ရေးသူ တွေရော၊ ခေတ်ပြိုင်နည်းနာတက္ကနစ်တွေနဲ့ ပညာရှင်ဆန်ဆန် ရေးဖွဲ့ ထားတဲ့ ခေတ်ပြိုင် Comtemporary Poetry တွေရော အပြိုင်အားကောင်း ဖြစ်ထွန်း နေတယ် လို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အောင်ချိမ့်၊ သစ္စာနီ၊ နေမျိုး၊ သုခမိန်လှိုင် ကနေ ကွယ်လွန် ဆုံးပါးသွားတဲ့ ဖော်ဝေး၊မောင်ချောနွယ်၊ လှသန်းအထိ ကျွန်တော်တို့ စွန့်ပစ်လို့ မရသေး လို့ပါပဲ။

အောင်ရင်ငြိမ်း။   ။ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာ တွေ ပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိ မထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ် တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။

မင်းနဒီခ။ ။ခေတ်ပြိုင်ကဗျာတင်မဟုတ်ပါဘူး။ ခေတ်ပြိုင်မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုကြီးတစ်ခုလုံးဟာ မျိုးဆက် သစ်လူငယ်တွေအပေါ် မူတည်နေတယ်ဆိုတာ လက်ခံပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခေတ်တစ် ခေတ်ဆိုတာ လူငယ်တွေလက်ထဲမှာပဲ ရှိတယ်လို့ ယုံကြည်တယ်။ ကျွန်တော် လက်ခံထား တာကတော့ နေရာဆိုတာပေးလို့မရပါဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ယူရတာပါ။ တစ်ခုတော့ ရှိတာပေါ့။ ကဗျာထက် ကလောင်နာမည်ကိုကြည့်ပြီး ကဗျာဖော်ပြနေတဲ့ မဂ္ဂဇင်းတစ်ချို့ တစ်လေကိုတော့ စိတ်ပျက်ခဲ့ဘူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းရင့်ကျက်လာတော့ ဒါကို ဥပေက္ခာ လုပ်ပစ်လိုက်တယ်။ မပြောချင်တော့ပါဘူး။ အယ်ဒီတာတွေဘက်ကလည်း ပြန်စဉ်းစားတတ်မိသွား တာမျိုးလည်း ပါတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ဆီရောက်လာတဲ့ ကဗျာအပုဒ်ရေတွေ အများကြီး၊ လူငယ်ကဗျာဆရာ တွေကလည်း အများကြီး။ ဒီအထဲကနေ ကဗျာကောင်းကောင်းတွေ ကို ရွေးထုတ်ရမှာလေ။ ပြီးတော့ မဂ္ဂဇင်းတစ်စောင်ထွက်ဖို့ဆိုတာ ကလောင်ဝိတ်ထည့် သုံးဖို့ဆိုတာလည်း မဖြစ်မနေသုံးစွဲရတယ် ဆိုတော့ တစ်ချို့ကဗျာစာမျက်နှာနည်းတဲ့ မဂ္ဂဇင်းတွေမှာ လူငယ်ကဗျာ ဆရာတွေ တိုးဝင်ဖို့ ခက်ခဲလွန်း ပါတယ်။ ဒါပေမယ့် လူငယ်ကဗျာဆရာတွေအနေနဲ့လည်း ဇွဲကောင်းဖို့ လိုတယ်လို့ မြင်တယ်။ တစ်ခါနှစ်ခါ ပို့တယ်။ မသုံးတာနဲ့ ဒီမဂ္ဂဇင်းက လူငယ်တွေကို နေရာမပေးဘူး ဆိုတာမျိုး မမြင်စေ ချင်ပါဘူး။ အခုလက်ရှိရေးနေတဲ့ ကဗျာဆရာကြီးတွေအားလုံးလည်း လူငယ်ကနေ ဖြတ်သန်းခဲ့ကြ ရတာပါ။ နေရာဆိုတာ ကိုယ်နဲ့ ထိုက်တန်ရင် ရလာမှာပါပဲ။

အောင်ရင်ငြိမ်း။      ။လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့် ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ လက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။

မင်းနဒီခ။     ။ကဗျာအယူအဆတွေ  ကဗျာအမျိုးအစားတွေကတော့ ခေတ်တိုင်းမှာ တိုးတက်
ဖြစ်ထွန်း နေတာပါပဲ။ ဘယ်လောက်ထိ သယ်ဆောင်သွားနိုင်သလဲ။ ဘယ်လောက်တင်ကျန်ရစ် မလဲ ဆိုတာကတော့ အချိန်ကပဲ ဆုံးဖြတ်ပေးသွားနိုင်မှာပါ။ ကျွန်တော့်အမြင်ပြောရရင်တော့ လက်ရှိလူငယ် တွေ ရေးနေတဲ့ ကဗျာတွေထဲမှာ Flart, Digital Poetry နဲ့ Prose Poetry
တွေလောက်သာ သိသိသာသာ တံဆိပ်ကပ်လို့ ရသေးတယ်လို့ထင်ပြီး ကျန်တာတွေကတော့ ဒါဟာ ဘာကဗျာအမျိုး အစားပါလို့ တံဆိပ်တပ်ဖို့ စောလွန်းနေပါသေးတယ်။ များသောအားဖြင့် Hybrid, Experimental နဲ့ ဘာသာစကားကို အခြေပြု ထားတဲ့ ကဗျာတွေ များနေသေးတယ် လို့ မြင်ပါတယ်။ သေချာတာကတော့ ပင်မရေစီး ခေတ်ပေါ်ကဗျာလွန် ခေတ်ပြိုင်ကဗျာကြီးခေတ် အလုံးအရင်းနဲ့ စတင်ဖွံ့ဖြိုးလာနေပြီ လို့ ပြောချင်ပါတယ်။

အောင်ရင်ငြိမ်း။   ။အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာ
အပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင် ကိုက တခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန် တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။

မင်းနဒီခ။   ။ခေတ်ပြိုင်ကဗျာတွေထဲမှာ အရင်ဆုံးတိမ်းညွတ်ခဲ့တာကတော့ Language Poetry ပါပဲ။ ဘာသာစကားရဲ့ အလုပ်လုပ်ပုံ၊ ညဏ်ပညာနဲ့ အသံဖွဲ့စည်းတည်ဆောက်ပုံကို နှစ်သက် လို့ ပါပဲ။ ကဗျာဖတ်သူကိုယ်တိုင် ပါဝင်ပူးပေါင်းဖွဲ့စပ်နားလည်ယူရတဲ့ အရေးအသားတစ်မျိုးဖြစ်နေ တာအပြင် ကဗျာရဲ့ အသက်ဓါတ်တစ်ခုဖြစ်တဲ့ အသံစနစ်ကိုပါ ချိတ်ဆက်ဖွဲ့စပ်လို့ရတဲ့ ကဗျာ အမျိုးအစား တစ်ခု ဖြစ်လို့ပါ။ ကျွန်တော်လက်ရှိရေးနေတဲ့ ကဗျာဟာ ဘာအမျိုးအစားလည်း ဆိုတာကတော့ Hybrid နဲ့ Experimental တွေပဲဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကဗျာရေးတဲ့အခါ  ကိုယ်လေ့လာထားတဲ့အထဲက ကဗျာနည်းနာတစ်ခုခုကို လိုအပ်ရင် လိုအပ်သလို ဆွဲငင်သုံးစွဲလေ့ ရှိပါ တယ်။ ခေတ်ပေါ်ဟန်လည်း စိတ်လိုလက်ရရှိတိုင်း ရေးနေ တုန်းပါပဲ။ အခုနောက်ပိုင်းကတော့ ဘယ်လို ကဗျာအမျိုးအစားပဲဖြစ်ဖြစ် ကျွန်တော်အာရုံကို တစ်ခုခုလာရိုက်ခတ်တယ်။ အဲဒီကဗျာကနေ အခြား အာရုံခံစားမှုတစ်ခုခုကို ကူးစက်စေတယ် ဆိုရင် ကြိုက်ပါတယ်။ ကျွန်တော် ကဗျာတန်းစားမခွဲပါဘူး။

အောင်ရင်ငြိမ်း။   ။ညီလေးတို့ အနေနဲ့ ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေ နဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူချက် ယုံကြည်ချက်တွေ ရှိနေကြသလဲ။

မင်းနဒီခ ။     ။ကျွန်တော် ကဗျာရေးဖြစ်တဲ့ အခိုက်အတန့်တွေကတော့ ကျွန်တော့်အာရုံကို ခံစားမှုတစ်ခုခု ပြင်းပြင်း ပြပြလာရိုက်ခတ်ခံရတိုင်း စကားလုံးတွေဟာ ကဗျာအဖြစ် အန်ထွက်တော့ တာပါပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်က နေ့စဉ်အဖြစ်အပျက် အသေးအမွှားလေးကအစ ၂၀၁၂ ကမ္ဘာပျက်မယ့် သတင်းအထိ ကျွန်တော့်အတွက် အခိုက်ဓါတ်တစ်ခုခုမရမချင်း ကျွန်တော် ကဗျာမရေးတတ်ပါဘူး။ တစ်ခါတစ်လေ တော့ ငါကဗျာမရေးဖြစ်တာ ကြာပြီ။ ကဗျာတစ်လောက် ရေးဦးမယ် ဆိုပြီးတော့ ရေးဖြစ်တဲ့ ကဗျာတွေ လည်း ရှိဖူးပါတယ်။ အတတ်ပညာနဲ့ နည်းစနစ်ကတော့ ကျွဲကူးရေပါ ပါပဲ။ ဘယ်ဟာကို ဘယ်လို လုပ်မယ်မစဉ်းစားခင်မှာပဲ ကဗျာက သူသွားချင်တဲ့ လမ်းကြောင်းအတိုင်း ကျွန်တော့်ကို ဆွဲခေါ် သွားတာ ခံလိုက်ရတာပါ။ အယူအဆတွေ ယုံကြည်ချက်တွေအကြောင်းပြောရရင် ငါဟာ မြန်မာကဗျာ လောကကြီးကို ပခုံးထမ်း တင်ပစ် လိုက်မယ်ဆိုတဲ့ အတွေးမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ငါ ကဗျာ ရေး တယ်။ ဒါကြောင့် ကဗျာဖြစ်တယ် ဆိုတာလောက်ပါပဲ။ ဒီထက်ကြီးကြီးကျယ်ကျယ်ပြောရရင် တစ်ယောက်နဲ့ တစ်ယောက်အော်ဟစ် ဆဲဆိုနေကြတာ ထက်စာရင် ကဗျာတစ်ပုဒ်ဖတ်နေစေချင်တဲ့ စိတ်နဲ့ ကဗျာအကျိုး တတ်နိုင်သလောက် သယ်ပိုးခြင်းပါပဲ။

အောင်ရင်ငြိမ်း။     ။ မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုကို အဓိကမထားတဲ့၊ ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့ အနုပညာရသ အဓိက၀ါဒီတွေ က သန့်စင်တဲ့ အနုပညာဟာလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့် တရား ဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်က ရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။

မင်းနဒီခ။   ။ကျွန်တော်ကတော့ ပါသင့်တယ်လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာဟာ လူလုပ်လောကကို ပြောပြနိုင်ရမယ်။ လူတစ်ယောက်ရဲ့ အာရုံခံစားပုံဟာ ကဗျာဆရာ တစ်ယောက်ရဲ့ အာရုံခံစားပုံနဲ့ ထပ်တူမကျနိုင်ဘူး။ ငါ ဆိုတဲ့ အတ္တကို မြင်အောင်ရေးနိုင်ရင် ကဗျာတစ်ပုဒ်ဖတ်ပြီး နိဗ္ဗာန်ရောက် နိုင်ပါလိမ့်မယ်။ ခေတ်စနစ်လူမှုဝန်းကျင်လည်း ပါသင့်တယ်။ နိုင်ငံရေးနဲ့ ဘာသာ ရေးလည်း ပါသင့်တယ်။ လိင်ကိစ္စနဲ့ ပညာရေးလည်း ပါသင့်တယ်။ ကဗျာမှာ မပါသင့်တာ ဘာတစ်ခုမှ မရှိပါဘူး။ အပြောချင်ဆုံးကတော့ အနုပညာ သည် အနုပညာအတွက်သာမက အနုပညာသည် အနုပညာခံစားနိုင်မှု အတွက်ထိ ပြုလုပ်စေ ချင်ပါတယ်။

အောင်ရင်ငြိမ်း။     ။ ကိုယ့် အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စား ရှင်သန်ခဲ့တဲ့ မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြွင်းချက်ပေါ့လေ။ ကဗျာအနုပညာ မှာ ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊ အနှောင့်အယှက်အဟန့်အတားဖြစ်စေမယ့်သူတွေလို့ ဆိုနိုင်မလား။

မင်းနဒီခ။  ။Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊ အနှောင့်အယှက်အဟန့်အတားဖြစ်စေမယ့်သူတွေလို့ မသုံးနှုန်းချင်ပါဘူး။ လူနည်းစု ၀ါရင့်ကဗျာဆရာ ကြီးအချို့သာ နတ်နေကိုင်းနေရာပျောက်မှာ စိုးထိတ်မှု၊ ခေတ်ပြိုင် စာပေ အပေါ် လေ့လာအားထုတ်မှု နည်းပါးမှု၊ ခေတ်မီနည်းပညာသုံးစွဲနိုင်မှုနဲ့ ဘာသာစကား အားနည်းမှု စတာတွေကြောင့် နှောင့်နှေးခဲ့ရတယ်လို့ပဲ မြင်ပါ တယ်။ နောက်တစ်ခုက စာဖတ်သူ ဘက်က အားနည်းချက်ပါ။ သူတို့ကို အပြစ်တင် လို့မရပါဘူး။ ဒါကလည်း နှစ်ပေါင်းငါးဆယ်နီးပါး အမှောင်ခေတ် အောက်မှာ အသားကျနေတဲ့ စိတ်ဓါတ်တွေနဲ့ အသိညဏ်အေးခဲမှု၊ ပညာရေးစနစ်ညံ့ဖျင်းမှု၊ စားဝတ် နေရေး ကျပ်တည်းမှုတွေနဲ့ပဲ နပန်းလုံးနေရတဲ့အခါ ရသစာပေ၊ ခေတ်ပြိုင်စာပေတွေထက် ယာယီ ခဏစိတ် သာယာမှု ပေးနိုင်တဲ့ အပျော်ဖတ်တွေ ဟာသကောမစ်တွေနဲ့ပဲ ကြီးပြင်း ရှင်သန်ခဲ့ရတာပါ။ နောက်ထပ် အဟန့် အတားဖြစ်စေခဲ့တာ တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ထူးခြားကောင်းမွန်စနစ် ကျနလှတဲ့ စာပေစီစစ်ရေးကြောင့် ပါပဲ။ သူတို့ဖတ်ပြီး နားမလည်ရင် အဲဒီကဗျာမင်နီအတားခံရတာ များပါတယ်။ ဒီလိုနဲ့ လက်ရေးမင်ကူး ကဗျာ စာအုပ်လေးတွေမှာ သမိုင်းတန်ဖိုးတွေ ရှိနေခဲ့ကြတာပါပဲ။

အောင်ရင်ငြိမ်း။     ။ အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက် ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာ ဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ
ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။

မင်းနဒီခ။  ။လက်ရှိကဗျာအနေအထားအရ အွန်လိုင်းလူငယ်ကဗျာဆရာတစ်ချို့ ရဲ့ ခေတ်ပေါ် လွန် ကဗျာတွေဟာ အားကောင်းမောင်းသန်ဖြစ်တွေ့ရသလို ပရင့်မီဒီယာပေါ်မှာ ဖော်ပြထားတဲ့ ကဗျာ တွေထက် ပိုမိုလွတ်လပ်တာကိုလည်း တွေ့ရပါတယ်။ လွတ်လပ်လွန်းတဲ့အတွက် ကဗျာအတတ်ပညာ လွန်ကဲမှု၊ စာပေယဉ်ကျေးမှုပျက်စီးမှု စတာတွေလည်း တွေ့ရပါတယ်။ တစ်ချို့ Sex နဲ့ ပတ်သက်တဲ့ စာသားတွေ အလွန်အကျူးထည့်ရေးဖွဲ့ထားပြီး စကားလုံးအသစ်၊ ကဗျာအသစ် အော်ဟစ်နေတာတွေ ကိုတော့ စိတ်ပျက်မိပါတယ်။ Like , Commet ကိစ္စကတော့ စကားထဲထည့်ပေးနေရမယ့် ကိစ္စမဟုတ် တဲ့ အတွက် ပြောစရာမရှိပါဘူး။

အောင်ရင်ငြိမ်း။    ။ မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာ ကဗျာဝေဖန်ရေးအပေါ် ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထား အမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက် တွေ အပေါ် အမြင်။

မင်းနဒီခ ။         ။ကဗျာဝေဖန်ရေးတွေကတော့ မော်ဒန်ခေတ်ဦးတုန်းကနဲ့စာရင် အများကြီးအားနည်း သွားတယ်လို့ မြင်မိတယ်။ ဆရာ မြဇင်၊ဆရာ မောင်သာနိုး၊ ဆရာ မင်းလှညွန့်ကြူးတို့ရဲ့ စာပေဆိုင်ရာ အယူအဆ တွေ၊ ကဗျာဝေဖန်ရေးတွေ၊ ဆရာမျိုးသန့်ရဲ့ ကဗျာဝေဖန်ရေးနဲ့ ဆရာ မင်းခက်ရဲ ရဲ့ စနစ်တကျ Criticize လုပ်မှုတွေဟာ ကျွန်တော်တို့ တကူးတကပြန်ရှာဖတ်ခဲ့တာပါ။ နောက်တစ်ခု Appreciation ပိုင်းအနေနဲ့လည်း ဆရာအောင်ဝေးနဲ့ ဆရာအောင်ခင်မြင့်တို့ကို အရမ်းနှစ်သက်ခဲ့ ရပါတယ်။ ဆရာ ဇော်ဇော်အောင်ရဲ့ ပို့စ်မော်ဒန် စာပေသဘောတရားတွေအပါအ၀င် ကျွန်တော်တို့ရဲ့ ဒီဘက်နှစ်များမှာ ဆရာ ဇေယျာလင်းရဲ့ ကဗျာဆိုင်ရာဆောင်းပါးတွေ၊ နိုင်ငံတကာ ကဗျာတွေအပေါ် Appreciation ပြုလုပ်မှုတွေဟာ အရမ်းတန်ဖိုးရှိပြီး လူငယ်ကဗျာဆရာတွေ အတွက် အထောက်အကူ တွေ အများကြီး ရတဲ့ အပြင် ကဗျာမျက်စိပွင့်ခဲ့တယ် လို့ ပြောရမယ် ။ မောင်ဂျိုကာနဲ့ ပတ်သက်လို့တော့ ဘာမှမပြောလိုပါဘူး။ သူရေးသားတဲ့ ကဗျာချဉ်းကပ်မှုတွေ ကိုတော့ လူငယ်ကဗျာဆရာတွေ သေချာ ဖတ်စေချင်တယ်လို့ပဲ ပြောပါရစေ။ ( မှတ်ချက်။       ။ဆောင်းပါးအောက်က ကွန်မန့်တွေမပါ)


အောင်ရင်ငြိမ်း။   ။ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော ၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်
မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန် ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။

မင်းနဒီခ။    ။ကျွန်တော်အနေနဲ့ ပြောရင် လက်ရှိ သူ့တံဆိပ်နဲ့သူ ရှိနေတဲ့ ကဗျာတွေ  Modren, Post Modren, LP, Neo Modren, Flart, Digital, Experimental, Collage,Prose စတဲ့ ကဗျာတွေနဲ့ မတူကွဲပြားတဲ့ ကဗျာတွေရှိနေပါတယ်။ အဲဒီလိုကဗျာအမျိုးအစားတွေကို Comtemporary လို့ ကဗျာအမျိုးအစား တစ်ခုအဖြစ်သတ်မှတ်လိုပြီး အဲဒီ Comtemporary အပါအ၀င် တံဆိပ်ရှိပြီးသား ကဗျာအားလုံးကို စုပေါင်းပြီး ခေတ်ပြိုင်ကဗျာများလို့ အုပ်စုဖွဲ့ချင်ပါတယ်။ ဒါဆိုရင် ခေတ်ပြိုင်ခံစားမှုနဲ့ ရေးတဲ့ ခေတ်ပေါ်ကဗျာတွေ ကို လည်း ခေတ်ပြိုင်ထဲ ထည့်ထားပြီးသားဖြစ်သွားမှာပါ။ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်းခေတ်ပြိုင်ကဗျာဟာ အထွတ်အထိပ်တစ်ခုကို ရောက်လာမယ်။ ပြီးရင် နောက်ထပ်ပေါ်လာမယ့် Electric Poetry, Cyber Poetry တစ်ခုခုနဲ့ ထိပ်တိုက်တွေ့ ပါလိမ့်မယ်။ အဲဒီအခါရောက်ရင် ဒီလိုမေးခွန်းမျိုးတွေ ထပ်မံထွက်ပေါ်လာပါလိမ့်ဦးမယ်လို့ ခန့်မှန်းလိုက်ပါတယ်ဗျာ။