Sunday, September 8, 2013

ဒီကဗျာကို ကျွန်တော်ဆက်ရေးမယ်



ဒီကဗျာကို ကျွန်တော်ဆက်ရေးမယ်

`ရှစ်လေးလုံးအရေးအခင်းမှာ
ကိုယ်တိုင်မပါဝင်ခဲ့လို့
ရှစ်လေးလုံးကဗျာ
ကျွန်တော်မရေးတော့ဘူးအဖေ´ ဆိုတော့
`ဒါဆို
ရှစ်လေးလုံးမှာ သေသွားတဲ့သူတွေက
ထရေးရမှာလား´ တဲ့
အဖေ့မေးခွန်းမှာ
ကျွန်တော့်အဖြေက တိတ်ဆိတ်လို့။

တိတ်ဆိတ်ခြင်းထဲ
မကျွတ်လွတ်နိုင်သေးတဲ့ သူရဲကောာင်းတို့ရဲ့ဝိဥာဉ်များ
တိတ်ဆိတ်ခြင်းထဲ
တဒိုင်းဒိုင်းမည်နေတဲ့ ကျည်သံများ
တိတ်ဆိတ်ခြင်းထဲ
ထိုးထွက်လာတဲ့ အော်သံများ
သပိတ် သပိတ် မှောက်မှောက်
ဆန္ဒ ဆန္ဒ ပြ ပြ
မီးဒုတ် မီးဒုတ် ရှို့ ရှို့
အရေးတော်ပုံ အောင်ရမည်
ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး
အာဏာရှင်စနစ်ဖြုတ်ချရေး ဒို့အရေး ဒို့အရေး
ခုနှစ်နှစ်သားတစ်ယောက်ရဲ့ အကြောက်တရားနဲ့
နှစ်ပေါင်းနှစ်ဆယ်ကျော်
နားထဲ စွဲနေအောင်ကြားခဲ့ရတဲ့အသံတွေ။

`ကမ္ဘာမကြေဘူး
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး
ဒီမိုကရေစီတိုက်ပွဲကြီးမှာ ကျဆုံးသော
သြော် သူရဲကောင်းတို့ရေ´
အဲဒီလို
ကမ္ဘာမကြေဘူး သီချင်းသံ အခုကြားတော့
ကျွန်တော်မျက်ရည်ကျတယ်
`နိုင်ငံမှာ အရေးကြုံလာပြီဆိုရင်
ကဗျာဆရာတွေဟာ
ဘယ်တော့မဆို ရှေ့ကရောက်လာပြီး
ပါဝင်ကြလေ့ရှိတယ်´ ဆိုတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားမှာ
ကျွန်တော် ကဗျာဆရာပီသချင်မိတယ် အဖေ။

သမိုင်းကို မပါဝင်ခဲ့ရပေမယ့်
သမိုင်းကို ကိုယ်တိုင် မထုဆစ်ခဲ့ရပေမယ့်
သမိုင်းကို လက်ဆင့်ကမ်းဖို့ ရေးလိုက်တဲ့ ကဗျာ
ဒီကဗျာကို ကျွန်တော်ရေးမယ် အဖေ။

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်
မိုးရေတွေနဲ့ အတူ
မျက်ရည်တွေလည်း ရွာခဲ့ကြ
မျက်ရည်တွေနဲ့ အတူ
သွေးစက်တွေလည်း မြေကျခဲ့ကြ
အဖြူအစိမ်းကျောင်းသားတစ်ယောက်ရဲ့
ကလေးသံလေးနဲ့ ဒို့အရေးအော်သံဟာ
တစ်ကမ္ဘာလုံးကို လွှမ်းခြုံအောင် ကြားစေတယ်
ပြည်သူနဲ့ လူထုဟာ
လက်ချင်းမချိတ်ထားဘူး ရင်ချင်းချိတ်ထားတယ်
ခေါင်းဆောင်မရှိတဲ့ တိုက်ပွဲဟာ
သမိုင်းတွင်အောင် လှပခဲ့ပေမယ့်
`စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်
မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး´ ဆိုတဲ့
လေလှိုင်းကြားက အသံအောက်
အမှန်တရားဟာ အသက်ပျောက်ခဲ့ရတယ်
သွေးစွန်းနေတဲ့ လမ်းမနဲ့
ခေါင်းလောင်းသံမဲ့သွားတဲ့ စာသင်ခန်းဟာ
အံကို တင်းတင်းကြိတ်လို့
တောက် တခေါက်ခေါက်
စစ်ဖိနပ်အောက်မှာ
သေနတ်လည်း မကြောက်ခဲ့ဘူး
ဒူးလည်း မထောက်ခဲ့ဘူး
ကိုယ့်အမှန်တရားမှာ
ကိုယ့်အလံကို တလူလူလွှင့်ခဲ့တယ်
ကိုယ်လျှောက်မယ့်လမ်းကို
ကိုယ်တိုင်ဖောက်ခဲ့ရတယ်
ဝမ်းနည်းစရာကောင်းတဲ့ မှတ်တမ်းလို့
ဘယ်သူမှ မပြောပါဘူး။

လက်နက်အားကိုးအစိုးရဟာ
ခရိုနီသားဖောက်
လက်တစ်ဆုပ်စာ ကောင်းစားရေးနဲ့
ကိုယ့်တိုင်းပြည် ကိုယ် ပြန်ရောင်း
အသားထဲက လောက်
ဖွတ်မထွက်လည်း တောင်ဘို့ဆိုတာ
ဗမာတပြည်လုံးသိတယ်
ကမ္ဘာတစ်ခုလုံးသိတယ်
အောင်ပွဲက မရသေးဘူး
သမိုင်းက မဆုံးသေးဘူး
ရှစ်လေးလုံးစိတ်ဓါတ်နဲ့ ၀ိဥာဉ်ကို လက်ဆင့်ကမ်းဖို့
ကျွန်တော် ဒီကဗျာကို ဆက်ရေးမယ် အဖေ။

အာဏာရှစ်စနစ်ဆိုတာ
အရှင်လတ်လတ်ငရဲဖြစ်ပေမယ့်
ဒီမိုကရေစီဟာ
ဖမ်းဆုပ်ကိုင်တွယ်မရတဲ့ သက်တန့်မဟုတ်ဘူး
မထင်မရှားကြွေခဲ့ရတဲ့ ကြယ်တွေ
လူသူမသိ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေ
ကျွန်တော်မမေ့ဘူး
ကျွန်တော်တို့ မမေ့ဘူး
ဒါဟာ မေ့ပစ်လို့ရမယ့် သမိုင်းမဟုတ်ဘူး
လက်ဆင့်ကမ်းသယ်ဆောင်ရမယ့် သမိုင်းသာဖြစ်တယ်။

မ၀င်းမော်ဦးရေ
အပြာရောင်အလံမှာ ကဒေါင်းတွေ မြူးကြွတဲ့တစ်နေ့
ကျွန်တော်တို့ တပြည်လုံးအမျှဝေမယ်
အရေးတော်ပုံအောင်ပွဲမှာ စည်တော်တီးဖို့
ကျွန်တော့်အရေပြားကို ဗုံသားရေလုပ်ပါ
ကျွန်တော်အသားနဲ့ ပတ်စာကပ်ပါ
ကျွန်တော်အသွေးနဲ့ ဗုံကိုဆေးပါ
ကျွန်တော်အရိုးနဲ့ ဗုံကြိုးကို ကျစ်ပါ
နှစ်ပေါင်းနှစ်ဆယ်ကျော်
ထောင်ထဲအကျဉ်းမချလည်း
အမှောင်ခေတ်ထဲ
အကျဉ်းကျခံခဲ့ရတဲ့ ပြည်သူထဲက တစ်ယောက်
ကဗျာဆရာအဖြစ် လူလားမြောက်ခဲ့လို့
ကျွန်တော် ဒီကဗျာကို ဆက်ရေးမယ် အဖေ။

ပြည်သူတစ်ရပ်လုံး
သွေးနဲ့ ရေးခဲ့တဲ့သမိုင်း
အမှန်ကို အမှားလုပ်လို့ မရနိုင်စေဖို့
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်မှာ ဖောက်ခဲ့တဲ့လမ်း
ဒီမိုကရေစီပန်းတိုင်ခရီးလှမ်းဖို့
ဘယ်သူမှ တာဝန်မပေးလည်း
ကျွန်တော်တို့ပခုံးပေါ် ပြောင်းထမ်းမယ်
` ကဗျာဆရာဆိုတာ စင်ပြိုင်အစိုးရတစ်ရပ် ဖြစ်တယ်´ဆိုတဲ့
ကဗျာဆရာကြီး ယက်ဖ်တူရှင်ကိုရဲ့ စကားနဲ့ ခေတ်ကို ဖြတ်သန်း
ဒီခေတ်ရဲ့ ဒီလမ်းမှာ ဒီမိုကရေစီပန်းတွေပွင့်ဖို့
ဒီကဗျာကို ကျွန်တော် ဆက်ရေးလိုက်ပါမယ် အဖေ။

မင်းနဒီခ
၈.၈.၂၀၁၃

အစ်ဇင်များနှင့် နေထိုင်ခြင်း



အစ်ဇင်များနှင့် နေထိုင်ခြင်း

        ၁၉၆၀ အနောက်နိုင်ငံတွေမှာ မော်ဒန်ဝါဒ ကျဆုံးပြီး ပို့စ်မော်ဒန်ဝါဒတွေ ထွန်းကားတဲ့ အချိန် ကျမှ  ကျွန်တော်တို့ဆီမှာ မော်ဒန်ကို စတင်တွေ့ရှိခဲ့ပါတယ်။ မော်ဒန်(၀ါ) ခေတ်ပေါ်ကဗျာရဲ့ မြစ်ဖျားခံ စီးဆင်းမှုကတော့ သပြေညိုဝပ်ရှော့နဲ့ ဆရာမောင်သာနိုးဘာသာပြန်တဲ့ ထင်းရှူးပင်ရိပ်ပါပဲ။  ဆရာ မြဇင်က ၁၉၆၉ ခုနှစ်မှာ မော်ဒန်ကဗျာ(၀ါ) ခေတ်ပေါ်ကဗျာရဲ့ ယေဘုယျလက္ခဏာတွေကို ခေတ်ပေါ် ကဗျာကြေညာစာတမ်းအဖြစ် ငွေတာရီမဂ္ဂဇင်းမှ တဆင့် အောက်ပါအတိုင်းချပြခဲ့ပါတယ်။
        ခေတ်ပေါ်ကဗျာဟာ
        ၁။ ထွေပြားတယ်။ ရိုးရိုးစင်းစင်းမဟုတ်။
        ၂။ သိပ်သည်းတယ်။ ကျဲတဲတဲမဟုတ်။
        ၃။ ကျယ်ကျယ်ဝန်းဝန်းလွှမ်းခြုံတယ်။ မကျဉ်းမြောင်း။
        ၄။ ရိပ်ကာဝဲကာပြောတယ်။ တိုက်ရိုက်မပြော။
        ၅။ ဧကန်သဘောတရားဆောင်တယ်။ ပြုအပ်တဲ့ တရားမဆောင်။
        ၆။ အကွက်သဘောဆောင်တယ်။ မျဉ်းသဘောကို မဆောင်။
        နောက်ထပ်ပြောတာက ခေတ်ပေါ်ကဗျာဟာ နေ့စဉ်အရပ်သုံးစကားကို စကားပြောရစ်သမ်နဲ့ ရေးတယ်။ ကဗျာမြောက်တဲ့အရေးအဖွဲ့နဲ့ ခေတ်ပေါ်အာရုံခံစားမှုကိုဗဟိုပြုရမယ်ဆိုတာပါပဲ။ ကျွန်တော် နားလည်သလို အကြမ်းအားဖြင့် ထပ်ပြောရမယ်ဆိုရင် ခေတ်ပေါ်ကဗျာ တည့်မပြောဘူး။ အနှစ်ချုပ် သဘောပြောတယ်။ နမိတ်ပ၊ုံ သင်္ကေတသုံးတယ်။ စကားပြောရစ်သမ်နဲ့ အရပ်သုံးစကားသုံးစွဲတယ။် ကာရန်ထက် ရစ်သမ်ကို အားပြုရေးတယ်။ ကာရန်ပါချင်ပါ မပါချင်နေ ထည့်မတွက်ဘူး။ ကဗျာတစ်ပုဒ် လုံးက စုစည်းထားသလို ဖြစ်နေတယ။် ပြောရရင် လုံးဝန်းသော ပုံသဏ္ဍာန်ဖြစ်တယ်။ ကဗျာဖတ်သူ ဟာ ကဗျာ့အတွင်းသားထဲမှာပဲ သိမှုကို ရှာနိုင်တယ်။ အနောက်နိုင်ငံတစ်ချို့ရဲ့ မော်ဒန်ဝါဒအောက်က သီးခြားအနုပညာအစ်ဇင်တွေကို လေ့လာကြည့်ရင် Symbolism, Expressionism, Futurism, Surrealism, Dadaism, Cubicism, Imagism, စသည်ဖြင့် ဆင့်ကဲဖြစ်ထွန်းခဲ့ပါတယ်။ လေ့လာထား တဲ့အထဲက ထည့်ပြောရရင် ၁၉၆၀ ခုနှစ်များမှာ ရောဘတ်လိုဝဲနဲ့ ဂျွန်ဘယ်ရီမန်းစတဲ့ လူငယ်တွေဟာ မော်ဒန်ကဗျာတွေရဲ့ လက်ဝါးကြီးအုပ်မှုအောက်ကနေ ရုန်းထွက်ဖို့ လမ်းစတွေ ရှာလာကြတယ်။ သူတို့ ကို အိလိယော့၊ အက်ဇရာပေါင်းတို့ရဲ့ ချိုးကျူးခံရမှုတွေနဲ့အတူ တတိယမျိုးဆက်လို့ အသိအမှတ်ပြုခဲ့ ကြတယ်။ အဲဒီတတိယမျိုးဆက်အားလုံးလိုလိုဟာ အောလ်ဆမ်ရဲ့ Projective Verse ကြေညာ စာတမ်းရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ကြားကာလတွေမှာ ပို့စ်မော်ဒန်ဝါဒဟာ တည်ဆောက်ဆဲအနေအထားပဲ ရှိနေတယ်။ Beat, Black Mountain, Confessional, Lyric, Deep Image စတဲ့ ကဗျာဝါဒသစ်တွေကို ပို့စ်မော်ဒန်လိုလို မော်ဒန်နှောင်းပိုင်းလိုလိုနဲ့ ဝေေ၀၀ါးဝါးဖြစ်ခဲ့ရတဲ့ အထိ ပို့စ်မော်ဒန်ရဲ့အစဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ နောက်ပိုင်းမှာတော့ ပို့စ်မော်ဒန်လို့ တိတိကျကျပြောလို့ရတဲ့ ကဗျာဝါဒတွေ ပေါ်ပေါက်လာတယ်။ အထင်ရှားဆုံးနဲ့ အလှုပ်ခတ်ဆုံးကတော့ ၁၉၆၇ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ စိတ်ကူးညဏ်အဓိက၀ါဒ Conceptual နဲ့ ၁၉၇၈ မှာ L=A=N=G=U=A=G=E မဂ္ဂဇင်းကနေ ပေါ်ထွက်လာတဲ့ Language Poetry ပါပဲ။ အဲဒီ LP ကဗျာရဲ့ အဓိကအလုပ်လုပ်ခြင်းကတော့ ဘာသာစကားအပေါ်မှာ ဗဟိုပြုတည်ဆောက် ရေးဖွဲ့ခြင်း ပါပဲ။
        မော်ဒန်နောက်ပိုင်း ပို့စ်မော်ဒန်ခေတ်ဦးလည်းရောက်ရော မော်ဒန်တုန်းက ကျွန်တော်တို့ သိ ထားတာတွေ အားလုံးဟာ ပြောင်းပြန်ဖြစ်သွားတယ်။ ကဗျာပုံသဏ္ဍာန်က ဂငယ်ပုံဖြစ်သွားတယ်။ ကဗျာထဲ ထည့်ထားတဲ့ စကားလုံးတွေ ဝါကျတွေကို အဲဒီ အပေါက်ကြီးထဲကနေ ကဗျာဖတ်သူက ပြန် လိုက်ကောက်ပြီး သိမှုကို တည်ဆောက်ယူရတယ်။ ကဗျာဖတ်သူရဲ့ အလုပ် ပိုများလာတယ်။ ခက်လာ တယ်။ ကဗျာဖတ်သူကိုယ်တိုင် ဘာတွေသိထားလဲဆိုတာကိုပါ ကဗျာဆရာက ပြန်မေးခွန်း ထုတ်လာ တယ်။ ဒီဘက်ပိုင်း Contemporary တွေကျတော့ မော်ဒန်ရော ပို့မော်ဒန် ကိုပါ ဆန့်ကျင်တယ်။ စကားလုံးသုံးစွဲမှုရိုးရှင်းအောင် အားထုတ်လာတယ။် တစ်ချို့ Hybrid တွေမှာကျတော့ အားလုံးယူ သုံးတယ်။ ရောရေးတာ ရှိတယ်။ ကျွန်တော်အဓိကပြောချင်တာက  မော်ဒန်ကိုနားလည်မှ ပို့စ်မော်ဒန် ကို နားလည်မယ်။ ဘာဖြစ်လို့လဲဆိုတော့  မော်ဒန်ရဲ့ ယေဘုယျလက္ခဏာ တွေကိုသိမှ ပို့စ်မော်ဒန်က မော်ဒန်ကို ဘယ်လိုဆန့်ကျင်တာ သိမှာဖြစ်တယ်။ အဲဒီလိုပဲ မော်ဒန်၊ ပို့စ်မော်ဒန်ကို သိမှ Contemporary ကို ပိုနားလည်မှာဖြစ်တယ်။  ပို့စ်မော်ဒန်သမားတွေက ဖြစ်နိုင်ချေတွေကို တန်ဖိုးထားတယ်။ ဥပမာ တစ်ဆိုရင် မော်ဒန်က ပထမ တို့ ထိပ်ဆုံးတို့ သုံးလိုက် တယ်။ ပို့စ်မော်ဒန်သမားကတော့ အဲဒီတစ်ဟာ သုညကနေ တိုးတက်တာလား။ နှစ်ကနေ လျော့သွား တာလား။ အဲဒီလို စဉ်းစားတယ်။ Hybrid တို့ Experimental တို့ကတော့ ပို့စ်မော်ဒန်နှောင်းပိုင်း ကာလာတွေပေါ့။ အကြမ်းအားဖြင့် စမ်းသပ်ကဗျာတွေပါပဲ။ အလွယ်ကူဆုံးနဲ့ အရှင်းဆုံး ထပ်ပြောရရင် ခေတ်ပေါ်ကဗျာက အတွင်းကနေ အပြင်ကို ထွက်တယ်။ ခေတ်ပေါ်နောက်ပိုင်း ကဗျာအမျိုး အစားတွေကတော့ အပြင်ကနေ အတွင်းကို သွားတယ်။ တစ်ချို့ဟာတွေက စာသိထက် သညာသိက ပိုကောင်းတယ်။ အခုကျွန်တော်ပြောနေတာ တွေကိုက ပို့စ်မော်ဒန်အယူအဆအရ စာသားတွေ စကားလုံးတွေပဲ။ သိမှုမဟုတ်သေးဘူး။ တကယ့် သိမှုက ကိုယ်တိုင်ကို တည်ဆောက်ယူရတာ။ အခုဖတ်လိုက်လို့သိလိုက်တာကို သိမှုလို့ မခေါ်သေး ဘူး။ ကိုယ်တိုင်တည်ဆောက်ပြီးက ဒါက ဘာလို၊ ဒါက ဘယ်လို စသဖြင့် လုပ်ယူရတာ။ ပို့စ်မော်ဒန်က ခံစားမှုထက် တည်ဆောက်မှုကို ဦးစားပေးတယ။် မော်ဒန်မှာ အများအားဖြင့် ပုဂ္ဂိုလ်ရေးနာကျင်မှု၊ ပတ်ဝန်းကျင်၊ မေတ္တာဘွဲ့စသဖြင့် တစ်စုံတရာကို ဦးတည်မှုရှိတယ်။ တနည်းပြောရရင် ပန်းတိုင်ရှိတဲ့ ကဗျာတွေများခဲ့တယ်။ မော်ဒန်နောက်ပိုင်း ကဗျာ တွေကတော့ ပန်းတိုင်ကို စိုက်ယူရတယ်။ အဲဒီတော့ ကဗျာဖတ်သူကိုယ်ခံအား ဘယ်လောက်ရှိလဲ ဆိုတဲ့မေးခွန်းတွေ ခဏခဏ ပြန်မေးခံရတယ်။ တစ်နေ့ က ကျွန်တော် နှစ်ကြောင်းကဗျာ( Couplet Poem)  တွေ အများကြီးရေးမိတယ်။ အဲဒီထဲက တစ်ပုဒ် ပြောမယ်။ ခေါင်းစဉ်က ကဗျာဆရာ။

ကျွန်တော် ကဗျာဆရာပါ
ကျွန်တော့်ကဗျာကို ကဗျာဆရာတွေ ဖတ်ပါတယ်

        နှစ်ကြောင်းထဲပဲ။ ဒါပေမယ့် အဲဒီကဗျာအောက်က ကွန်မန့်တွေကြည့်လိုက်ရင် (ကျွန်တော်/မတို့ လည်း ဖတ်ပါတယ် တို့။ ငါတို့လည်း ဖတ်ပါတယ်)တို့ ရေးကြတယ်။ တကယ်တမ်းကျတော့ ကျွန်တော် ရည်ရွယ်တာ အဲဒီလောက်မဟုတ်ဘူး။ အဲဒီထက် မကဘူး။ အများစုက ကျွန်တော့်ကဗျာရဲ့ ပြောချင်သ လောက်ထိ မရောက်ကြဘူးလို့ မြင်တယ်။ ကျွန်တော်ပြောချင်တာက  ကဗျာကို ဖတ်လိုက်တာနဲ့ အဲဒီ လူဟာ ကဗျာဆရာပဲလို့ ကို ပြောချင်တာ။ ကဗျာတစ်ပုဒ်ကို ဖတ်တော့မယ်ဆိုရင် ကဗျာဖတ်သူဟာ တစ်စိတ်တပိုင်း ကဗျာဆရာဖြစ်နေရ မယ်။ ပြောရရင် တစ်ဝက်ကဗျာဆရာဖြစ်နေ ရမယ်။ ကဗျာဆရာ နီးပါးလောက်မှ မခံစားနိုင်ရင် ကဗျာကို နားလည်ဖို့ မလွယ်ဘူး။ ဒါကြောင့် ကဗျာကိုဖတ်သူဟာ ကဗျာဆရာလို့ ကျွန်တော် တင်စားပစ်လိုက်တာပါ။ တကယ်တမ်းကျတော့ Couplet Poem တွေဟာ ပို့စ်မော်ဒန်ခေတ်ဦး တုန်းက ထွန်းကားခဲ့တာ Minimalism အမျိုးအစားကဗျာတွေပေါ့ ။ စကားလုံး အနည်းဆုံးနဲ့ သိမှုကိုပေးတယ်။ အပိုလို့ ထင်ရတဲ့ စကားလုံးတွေ၊ သွယ်ဝိုက်နေတဲ့ အရေးအသား တွေ ကို ဖဲ့ထုတ်ပစ်တယ်။ မော်ဒန်ရဲ့ တည်ဆောက်ပုံကို ဆန့်ကျင်တယ်။ မော်ဒန်ကဗျာရဲ့ နမိတ်ပုံ အားကိုးမှုကို ဖျက်ပစ်တယ်။ ပြောရရင် ပို့စ်မော်ဒန်သမားတွေအကြိုက်ဆုံးက ဖရိုဖရဲဖြစ်မှုတွေပဲ။ မော်ဒန်ရဲ့ Form ပုံစံနဲ့ Content အကြောင်း အရာပိုင်း အားကိုးမှုကို ဆန့်ကျင်တယ်။ 

ပို့စ်မော်ဒန်ရဲ့ အဓိကလက္ခဏာတွေဆိုရင် အကြမ်းအားဖြင့်
၁။ ဖြစ်ဆဲ တည်ဆဲ ရောက်ဆဲခ ဏတာအချိန်လေးကို ဂရုစိုက်တယ်
၂။ စာသားပြေပြစ်စီးဆင်းမှုကို ဆန့်ကျင်ပြီး ပိုင်းစစိတ်မွှာဖြတ်တောက်ပစ်ရတာကို သဘောကျတယ်။ ၃။ အဖြောင့်သဘောအဓိပ္ပာယ်တွေကို အချိုးဖျက်တယ်။
၎။စာသားစကားလုံးတွေကိုအထပ်ထပ်ဆင်ခြင်တယ်။
(ဥပမာ-ရှေ့ကစကားလုံးကို နောက်စကားလုံးက ပြန်ပြီး မေးခွန်းထုတ်တာမျိုး)
၎။ မော်ဒန်ဟာ သိမှုဗေဒကို အခြေခံတယ်ဆိုရင် ပို့စ်မော်ဒန်ဟာ အဲဒီသိမှုကနေရလာတဲ့ အရှိတရား Reality ကို အခြေခံတယ်။
        ထူးထူးခြားခြားပြောရရင် ပို့စ်မော်ဒန်ဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောတရားတွေနဲ့ အရမ်း နီးစပ်တယ်။ ဥပါဒ၊် ဌ၊ီ ဘင် သဘော။ ဖြစ်ပျက်သဘော။ ပို့စ်မော်ဒန်ဝါဒရဲ့ နောက်ထပ် အကြီးမားဆုံ ပန်းတိုင်ဟာ မတည်မြဲခြင်းပဲ။ အနိစ္စပဲ။ ပို့စ်မော်ဒန်ရဲ့ အကိုင်းအခက်တွေအဖြစ် ဆင့်ကဲတိုးတက်မှု (Evolution) ခေါ်မလား။ ပို့စ်မော်ဒန်နောက်ပိုင်း Contemporary ကဗျာအမျိုးအစားတွေ ကတော့ မော်ဒန်ရော ပို့စ်မော်ဒန်ကိုရော ဆန့်ကျင်တယ်။ Hybrid, Experimental တို့ကတော့ စမ်းသပ် ကဗျာ ပါပဲ။ သူတို့ကတော့ မော်ဒန်နည်းနာတွေရော ပို့စ်မော်ဒန်နည်းနာတွေရော ရောနှော သုံးပြုကြ တယ်။ ထပ်ပြောရရင် မော်ဒန်ကိုသိမှ ပို့စ်မော်ဒန်ကို သိမယ်။ ပို့စ်မော်ဒန်ကို နားလည်မှ ကွန်တမ်ပယ်ရီကို ပိုနားလည်မယ်။ သီအိုရီကို တကယ်နားလည်သွားရင် ရေးချင်တာရေး ကြိုက်တဲ့ တံဆပ်ကပ်လို့ ရတယ်ဆိုတာ မှန်ပါတယ်။ ခေတ်အဆက် ဆက်တည်ဆောက်မှုမှာ ကဗျာဟာ စကား လုံးအဖြစ်ကနေ ကျော်သွားလို့မရတဲ့ အတွက် ခေတ်အဆက်ဆက် သီအိုရီတွေ ဟာလည်း တစ်ခုနဲ့တစ်ခုချိတ်ဆက်/ ဆန့် ကျင်ရင်း အခြားနည်းနာသီအိုရီတစ်ခုအဖြစ် ကျွန်တော်တို့ထပ်မံတွေ့ရှိနေ ဦးမှာပဲ။ နောက်ဆုံးအဆုံး သတ်ပြောရရင် မော်ဒန်ကဗျာဟာ အတွင်းကနေ အပြင်ကိုသွားတယ် ပို့စ်မော်ဒန်ဟာ အပြင်ကနေ အတွင်းကို ပြန်ဝင်လာတယ်။ ထပ်ပြောရရင် ပို့စ်မော်ဒန်ရဲ့ အပိုင်းပိုင်း အစစပြတ်တောက် နေတဲ့ စာသားအစုအဝေးကြီးတစ်ခုလုံးက လူလုပ်လောကကြီးရဲ့ ဖရိုဖရဲဖြစ်မှု၊ မတည်မြဲမှုနဲ့ အရှိတရား အစစ်အမှန် ဆီကို ပဲ ပြန်ရောက်တယ်။ အဲဒါကို အပြင်က အတွင်းကိုပဲ ပြန်ဝင်လာတယ်လို့ ပြောချင် တယ်။ မော်ဒန်ကဗျာကတော့ ကျစ်လစ်ပြေပြစ်တဲ့ နမိတ်ပ၊ုံ သင်္ကေတ၊ ရစ်သမ် အနိမ့်အမြင့် စတာ တွေနဲ့ ကဗျာဖတ်သူကို ဖြန့်ကျက်တွေးစေတယ်။ ကဗျာထဲက နာကျင်မှု၊ပျော်ရွှင်မှု စတာတွေကို ကဗျာ ဖတ်သူကို ကူးစက်ပြန့်ပွားစေတယ်။ တစ်စုံတစ်ရာကို သတိရစေတယ်ပေါ့ဗျာ။ အကြမ်းအားဖြင့် ကျွန်တော် နားလည်ထားသလောက် ပြန်ပြီး Sharing လုပ်တဲ့သဘောပါ။ အချက် အလက်နဲ့ အတွေး အခေါ်ပိုင်းများမှာလည်း မှားနိုင်ပါတယ်။ ကိုယ်တိုင်လေ့လာတာပြီး သိမှုတည်ဆောက်တာ အကောင်း ဆုံးပါပဲ။ အဲဒါကလည်း ပို့စ်မော်ဒန်ရဲ့ သဘောတရားထဲမှာပါပါတယ်။ ကျွန်တော် အခုရေးလိုက်တာက စကားလုံးတွေပါပဲ။ ပို့စ်မော်ဒန်လည်းမဟုတ်ဘူး ။ ဘာမှ မဟုတ်ဘူး။ မြန်မာအက္ခရာနဲ့ ရေးလိုက်တဲ့ မြန်မာစကားလုံး၊ စာလုံးတွေပါပဲ။ အဲဒါကို ခင်ဗျားတို့က ဖတ်ပြီး နားလည်ဖို့ ကြိုးစားကြည့်ရမယ်။ နားလည်လာတဲ့အခါ ကိုယ်ပိုင်သိမှု တည်ဆောက်ရမယ်။ ကိုယ်ပိုင်သိမှုကနေ ပြန်ထွက်လာတဲ့ အရာ ဟာ အရှိတရားပဲ။ ပို့စ်မော်ဒန်သမားတွေက အဲဒီအထိသွားချင်တာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းနဒီခ

ကိုးကား။ ဇော်ဇော်အောင် - ပန်းချီဝါကျများ
            မင်းခက်ရဲ - ပို့စ်မော်ဒန်စာပေသမိုင်း
             -
           

ပန်းကဗျာ၊ ရွှေဘိုကဗျာချစ်သူများနှင့် နှစ်ကြိမ်မြောက်သက်ဝင်ခြင်း



ပန်းကဗျာ၊ ရွှေဘိုကဗျာချစ်သူများနှင့် နှစ်ကြိမ်မြောက်သက်ဝင်ခြင်း



စာအုပ်အမည်                      နှစ်ကြိမ်မြောက်သက်ဝင်ခြင်း
ရေးသူ                               ကိုသက်(ပန်းကဗျာ)၊ မောင်စိမ်းသစ်၊ မြင့်ဦးအောင်မြေ၊သိုက်ထွန်းနွေ့(ဆေး)
                                      ခန့်သီမောင်၊ မြဲမြံ(ရွှေဘို)၊ မျိုးကျော်မျိုး(ရွှေဘို)၊ သြဂတ်စ်
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ မေလ
ထုတ်ဝေသည့် တိုက်               ပန်းကဗျာ(စာစဉ်-၃)

          ပြီးခဲ့သည့် ၂၀၁၂ သြဂုတ်လတုန်းက ရွှေဘိုပန်းကဗျာစာပေမှ ထုတ်ဝေသည့် ခေတ်ကြီးထဲ ငါတို့ တီးလိုက်တဲ့ ဗုံသံတွေ ဟု အမည်ပေးထားသည့် ကဗျာစုစည်းမှုစာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါသည်။ (ဆရာ) ကိုသက်(ပန်းကဗျာ)၊ မောင်စိမ်းသစ်၊ မြင့်ဦးအောင်မြေ၊ ခန့်သီမောင်၊ ကိုမင်း၊ သွေးဈာန် တို့၏ တစ်ယောက်ကို ဆယ်ပုဒ်နှုန်းဖြင့် ခေတ်ပေါ်ကဗျာအပုဒ်(၆၀) အားစုစည်းထားသည့် ခေတ်ပေါ်ကဗျာစုစည်းမှု စာအုပ်ဖြစ်သည်။ တကယ်တမ်းကျတော့ ပန်းကဗျာသည် ကျွန်တော်တို့နှင့် မစိမ်း။ ကျွန်တော်ကဗျာလောကသို့ စတင်ဝင်ရောက် သည့်နှစ်များတွင် ရွှေဘိုပန်းကဗျာစာပေဆုသည် သိက္ခာရှိသည့် စာပေဆုတစ်ဆုအဖြစ် ရင်းနှီးမှုရှိနေပြီး သား ဖြစ်သည်။ ရွှေဘိုကဗျာဆရာများကိုတော့ စာမျက်နှာများပေါ်မှ တဆင့် ရင်းနှီးရင်းစွဲရှိနေပြီးသား ဖြစ်ပေမယ့် အပြင်မှာ တစ်ခါမှမတွေ့ဖူးသေးခဲ့။ ထိုကဗျာစာအုပ်လေးရှေ့အတွင်းစာမျက်နှာပေါ်တွင် ပန်းကဗျာစာပေတိုက်၏ လိပ်စာနှင့် ဆရာကိုသက်(ပန်းကဗျာ)၏ ဖုန်းနံပါတ်ကို ထည့်သွင်းထားသည်။ ထိုစာအုပ်လေးထွက်သည့် ရက် ပိုင်းအတွင်းပင် ဆရာကိုသက်(ပန်းကဗျာ)ကို ဖုန်းနှင့်မိတ်ဆက်ဖြစ်သည်။ ၂၀၁၂ မတ်လတုန်းက ထွက်ရှိခဲ့သည် ကျွန်တော့်ကဗျာစာအုပ်` ပိုးသားရောင်ပင်လယ်လမ်း´ ကို ရွှေဘိုတွင် ဖြန့်ချီရန် ပန်းကဗျာစာအုပ်ဆိုင်နှင့် ဆက် သွယ်ဖြစ်ခဲ့သည်။ ထို့နောက် လအနည်းငယ်အတွင်းမှာပင် အလုပ်ကိစ္စနှင့် ရွှေဘိုသို့ရောက်ရှိချိန်တွင် ပန်းကဗျာ စာအုပ်ဆိုင်သို့ သွားဖြစ်ခဲ့သည်။ ဆရာကိုသက်၊ မြင့်ဦးအောင်မြေ၊ ခန့်သီမောင်တို့နှင့် တွေ့ဆုံဖြစ်၊ ညပိုင်း လက်ဖက်ရည်ဆိုင်ထိုင် စကားပြောဖြစ်ခဲ့သည်။ နောက်တစ်ခေါက်ရွှေဘိုသို့ ထပ်မံရောက်ရှိသည့်အခါ ရွှေဘို ရောက် မန္တလေးသားကဗျာဆရာမောင်စိမ်းသစ်နှင့် ထပ်ဆုံဖြစ်ကြသည်။ ရွှေဘိုပန်းကဗျာစာပေဆုအကြောင်းပြန်ပြောင်း
ပြောဆိုဖြစ်ကြသည်။
ရွှေဘိုပန်းကဗျာစာပေဆုကို ရွှေဘိုကဗျာကဗျာချစ်သူများအဖွဲ့အနေဖြင့် ၂၀၀၆ ခုနှစ်မှ စတင်ကာ နှစ်တစ်နှစ် အတွင်း ထွက်ရှိနေသော မဂ္ဂဇင်းများထဲမှ ခြောက်လတစ်ကြိမ် ရွှေဘိုကဗျာချစ်သူများ အကြိုက်ဆုံး ခေတ်ပေါ်ကဗျာ အဖြစ်ရွေးချယ်ပြီး ဆုပေးအပ်ရန်ဖြစ်သည်။ ၂၀၀၆ ဇွန်လတွင် ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဆရာသူရနီ၏ `ချန်ရစ်သူ´ကဗျာအား ပထမဆုံးပန်းကဗျာစာပေဆုအဖြစ် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ သည်။ ၂၀၀၆ ဒီဇင်ဘာတွင် မဟေသီမဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဆရာကြည်မောင်သန်း၏ `ငါလည်းတစ်နေ့´ ကဗျာအား ဂုဏ်ပြုပေးအပ်ခဲ့ပြီး ၂၀၀၇ တွင် ဆရာမောင်တင်သစ်၏ `ဒီနေ့ဟာ အစဖြစ်တယ်´ ကဗျာနှင့် ဆရာ အိုအောင်၏ `ပြင်ဦးလွင်´ ကဗျာအား ရွှေဘိုပန်းကဗျာစာပေဆုအဖြစ် ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် ချယ်ရီမဂ္ဂဇင်း ဇွန်လတွင် ဖော်ပြပါရှိသော ဆရာကြည်မောင်သန်း၏ `ဒီပရင်္ဂ´ ကဗျာအား ရွေးချယ် ဂုဏ်ပြုပေးခဲ့ပြီး နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပန်းကဗျာစာပေဆု ချီးမြှင့်ပေးအပ်နိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၂ ခုနှစ်တွင် ရနံ့သစ်မဂ္ဂဇင်း ဖေဖော်ဝါရီလတွင် ဖော်ပြပါရှိသော ဆရာကိုရွေး၏ `တထိတ်ထိတ်´ကဗျာဖြင့် ရွှေဘိုပန်းကဗျာ စာပေဆုအား ပြန်လည်အသက်သွင်းခဲ့ကြခြင်း ဖြစ်သည်။ ကဗျာဆုရွေးချယ်ခြင်းကိုလည်း ယခင် ခြောက်လတစ်ကြိမ် မှ တစ်နှစ်တစ်ကြိမ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။       
          ယခု ၂၀၁၃၊ မေလတွင် ပန်းကဗျာစာစဉ်(၃) အဖြစ် နှစ်ကြိမ်မြောက်သက်ဝင်ခြင်းဟု အမည်ပေး ထားသည့် ကဗျာရှည်စုစည်းမှု စာအုပ်တစ်အုပ် ထွက်ပေါ်လာခဲ့သည်။ ရေးသားသူများက (ဆရာ) ကိုသက် (ပန်းကဗျာ) ၊ မောင်စိမ်းသစ်၊ မြင့်ဦးအောင်မြေ၊ သိုက်ထွန်းနွေ့(ဆေး)၊ ခန့်သီမောင်၊ မြဲမြံ(ရွှေဘို)၊ မျိုးကျော်မျိုး (ရွှေဘို)၊ သြဂတ်စ် စုစုပေါင်း ကဗျာဆရာ ရှစ်ဦး၏ ကဗျာရှည်ရှစ်ပုဒ်နှင့်အတူ ဆရာမြသန်းတင့်၏ `ခေတ်ပေါ် ကဗျာနှင့် ပတ်သက်´
ဆာင်းပါးမှ စာပိုဒ်အချို့ကို အမှာစာအဖြစ်ကောက်နှုတ်ဖော်ပြထားသည်ကို တွေ့ရ သည်။ ကဗျာရေးသား သူတွေ များသလောက် ကဗျာရှည်ရေးသားသူ နည်းပါးသည်။ ကဗျာစာအုပ်တွေ အုံနဲ့ ကျင်းနဲ့ ထွက်ရှိလာပေသည့် ကဗျာရှည်စုစည်းမှုစာအုပ်နည်းပါးသည့်အချိန်တွင် နှစ်ကြိမ်မြောက်သက်ဝင်ခြင်း သည် ရေငတ်တုန်းရေတွင်းထဲ ဆင်းထိုင်ရသလိုဖြစ်ရသည်။ တကယ်ရေငတ်ပြေ မပြေကိုတော့ ကဗျာများ အပေါ် သက်ဝင်ကြည့်ရဦးမည် သာ ဖြစ်သည်။

နာမကျန်းစိတ်နဲ့ ကမ္ဘာကြီးကို ငေးမိတော့
ရယ်ရွှင်ဖွယ်
ချာလီချက်ပလင် ပြန်ကြည့်မိတယ်
ခုလူကြမ်းတွေက ပိုပြီးရယ်ရသယောင်
အုပ်ဆောင်းထဲမှာ
ညစာချန်ထားတဲ့ ကြက်ဥကြော်
တစ်ဝက်ကြီးများတောင်လို့ ဒီလိုယူရမလား
..............................
သူရဲဘောနည်းလွန်းတယ်
မင်းတို့ ငါတို့ တအားကုန်ကွေ့မချရဲခဲ့
အတွင်းသားမှာ ဘာပါလဲ
အမှန်တရားမှာ ဆီဝေ့ပေကျန်
ပစ္စက္ခကို တွင်တွင်ငြင်း
အတိတ်တကို တွင်တွင်ငြင်း
ဇော်ဝိတ်ကြီးလို လက်သီးမပြင်းသူ
ကျွန်တော်အရိုးရင့်ခဲ့ပါပြီ
..........................
သင်ယုံကြည်ရာရွေးချယ်ပါဆိုတော့
သံပယိုသီးတစ်လုံးကို ငါယူမိ
ဟိုးထောင့်က ကလေးကို
မုန့်တစ်ချပ်လောက်ပေးပါ
လူတန်းရဲ့ နောက်ဆုံး သူ့မ၀ံ့စားမှုမှာ
သူ့ကိုယ်သူ ရှက်နိုးနေပုံ
......................
တောကား တောင်ကားတစ်ထပ်
တိုက်ရှေ့ဆင်ဝင်ကားတစ်ထပ်
အဆုံးမှာ
ပြည်ဖုံးကား ချလိုက်ပြီ။
(ခန့်သီမောင်- မိုင်တိုင် ၀/၃၅)
          ဆရာခန့်သီမောင်၏ မိုင်တိုင်ဝ/၃၅ ကဗျာကို ဖတ်ရသည့်အခါ ရုပ်ရှင်အနှေးပြကွက်လို ဇာတ်ဝင်ခန်း တွေကို တကွက်ချင်း၊ တကွက်ချင်းမြင်နေရသည်။ ဖြတ်သန်းခဲ့ရသည့် လူငယ်ဘ၀၊ ဖြတ်သန်းခဲ့ရသည့် ခေတ် ကာလအခြေအနေ၊ နိုင်ငံရေး၊ လူမှုရေးအား သရော်စိတ်ကဲသည့် အရေးအသား။ အားမတန်လို့ လျှော့ပေး ခဲ့ရသည့် မာန် စသည်ဖြင့် ကဗျာဆရာ၏ အတွင်းသားကို မြင်နေရသည်။ နောက်ဆုံးကဗျာဆရာ အဆုံးသတ် လိုက်သည့် ကဗျာစာသားများသည် ကဗျာတစ်ပုဒ်၏ အသက်ဖြစ်သည်။ ငိုခဲ့၊ ရယ်ခဲ့၊ နာကျည်းခဲ့၊ နာကျင်ခဲ့ ရသမျှသည် အခုတော့ ပြည်ဖုံးကားနောက်မှာ ကျန်နေရစ်ခဲ့သည်။ သုညနှင့်စခဲ့သော ဘ၀သည် သုညမှာ ပြန်ဆုံးသည်။ ကဗျာသည် အစမှအဆုံးထိ ရစ်သမ်( Rhythm)ကို ဦးစားပေးရေးဖွဲ့သွားတာကို တွေ့ရသည်။ ကဗျာတစ်ပုဒ်လုံးသည် အနက်ဝှက်လွန်းခြင်း၊ တန်ဆာဆင်လွန်းခြင်း၊ အလင်္ကာဖွဲ့လွန်းခြင်းများမပါ။ ကဗျာ ဖတ်သူအတွက် အသိခက်သည့် စကားလုံးများမပါ။ ရိုးရှင်းနားလည်လွယ်အောင် တိုက်ရိုက်ရေးသည်။ ကဗျာ ဆရာဖြတ်သန်းခဲ့ရသည့် ခေတ်နှင့် အခြေအေနသည် ကဗျာဖတ်သူနှင့် အကွာအဝေးတူချင်မှ တူလိမ့်မည်။ သို့သော် ကဗျာဆရာသည် သူခံစားခဲ့ရသမျှကို စကားလုံးအားဖြင့် ဖော်ကျူးသည်။ Rhythm အနိမ့်အမြင့်ဖြင့် တင်ပြသည်။ ကဗျာဖတ်ပြီး စိတ်ထဲတွင် တစ်ခုခုလိုနေသလို ခံစားရသည်။ ကဗျာဆရာသည် ကဗျာဖတ်သူကို အလုပ်ပေးခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။

ဘယ်သူတွေ ဘာပြောပြော
ငတေတွေရဲ့ မျက်စောင်း
အကြောင်းသုံးပါး မရွေးတာကြောင့်
ရှင်သန်ခဲ့သမျှ ယုံကြည်ချက်တွေ
အစို့ထွက်လှတဲ့ မျှော်လင့်ခြင်းတွေဟာ
ပြာပုံဘဝ
........................
ဧရာဝတီရဲ့
မျက်ရည်စက်လက်နဲ့ ရေအော်သံ
လက်ပံတောင်းတောင်ရဲ့ မီးလျှံကြားက တောင်ဟီးသံ
လူ့အခွင့်အရေးစာတမ်းဘေးက
မြေဇာပင်တွေရဲ့ ဆွေးမြေ့နာကျည်းသံ
အနက်ရောင်ကင်းဗတ်စရှည်ကြီးပေါ်က
ရွှေဝါရောင်သန်းတဲ့ အေးမြမြသံ
ကြယ်တွေ တစ်ပြင်လုံးရဲ့
ဆိုင်လင့်ဇာတပ်ထားတဲ့ မျိုသိပ်သံ
ဇာတ်တူသားစားကြတဲ့
ဟင်္သာကိုးသောင်း တောင်ပံကျိုးသံ
နယ်နိမိတ်ကျော်လောင်ကျွမ်းတဲ့
လူမျိုးရေး မီးဟုန်းဟုန်းသံ
..........................
အခု အမေရိကားမှာ
ကလေးကျည်ကာအင်္ကျီစံမံကိန်းတဲ့
ပလတ်စတစ်ဘောလုံးအပေါက်တစ်လုံး
ဒါမှမဟုတ်
ကျီးသားရိုက်မယ့်
လမ်းဘေးသစ်ကိုင်းခြောက်တစ်ခုလောက်တောင်
နှစ်လိုကြမှာမဟုတ်ပါဘူး
(မြင့်ဦးအောင်မြေ- အရွေ့တစ်ခုရဲ့ ပုံပြင်)
         
ဆရာခန့်သီမောင်ရဲ့ ကဗျာဖတ်ပြီး ကျန့်ခဲ့တဲ့ အတွေးက ဆရာမြင့်ဦးအောင်မြေရဲ့ အရွေ့တစ်ခုပုံပြင်မှာ ဆက်လက်ရိုက်ခတ်သည်။ ကဗျာဆရာသည် ပြည်သူထဲမှ ပြည်သူတစ်ယောက်ဖြစ်သည်။ ကဗျာဆရာ၏ ခံစားမှုသည် ပြည်သူလူထု၏ ခံစားမှုဖြစ်သည်။ အရွေ့တစ်ခု၏ ပုံပြင်ထဲတွင် ကဗျာဆရာ၏ ရပ်တည်မှု ကို မြင်ရသည်။ ကဗျာဆရာ၏ နာကျင်မှုကို မြင်ရသည်။ ဆရာခန့်သီမောင်၏ ကဗျာထဲတွင် အတွေ့ရနည်းခဲ့သော နိမိတ်ပုံများ၊ အလင်္ကာများကို ယခုကဗျာထဲမှာ ဝေေ၀ဆာဆာမြင်ရသည်။ ကဗျာဆရာသုံးသွားသည့် နိမိတ်ပုံများသည် အားကောင်းလွန်းသည်။ ` နို့မျက်သားတွေရဲ့ ဘ၀မှာ၊ တံလျှပ်ပေါ် လက်နဲ့ယက်၊ တစ်တွင်းပြီး တစ်တွင်းတူးလို့ ၊ မိုက်တွင်းတွေနက်´၊`ကျောဒဏ်ရာအပြည့်နဲ့ သုမနဟာ၊ ဘုရားပွဲဖြစ်တိုင်း၊ ခြောက်ပေါက်နဲ့ပဲ ဆုံနေကြ´ စတဲ့အရေးအသားများက ကဗျာဖတ်သူကို ဆွဲခေါ်သွားနိုင်သည်။ မိုင်တိုင် ၀/၃၅သည် ရုပ်ရှင် အနှေးပြကွက် တစ်ခုဆိုလျှင် အရွေ့တစ်ခု၏ ပုံပြင်သည် တဖျတ်ဖျတ်အခန်းကူးနေသည့် ဇာတ်ဝင်ခန်းများ ပင် ဖြစ်ပေလိမ့်မည်။ ကဗျာတစ်ပိုဒ်နှင့် တစ်ပိုဒ်ကြားတွင် ကဗျာဖတ်သူသည် နားချိန်မရှိ။ ခေတ်ပျက်ကြီးတစ်ခု၏ ဆက်တင်သည် သွေးအလိမ်းလိမ်းကျည်တဒိုင်းဒိုင်းနှင့် ဆက်တက်တိုက်ဆက်နေသည်။ ကဗျာဆုံးသော ကဗျာဖတ်သခမျာ မောကျန်ရစ်ခဲ့သည်။ ကဗျာရှည် နောက်ဆုံးအပိုဒ်တွင် ကဗျာဆရာပေးသည့် လက်ဆောင် ဆယ့်နှစ်ရာသီမကြွေတဲ့ပန်းတောကို ငေးကြည့်ရင်း ရနံ့တွေ မွှေးပျံ့လာသလိုခံစားလိုက်ရသည်။

လှံတံကို အပေါ်မြှောက်
ပါးစပ်ပေါက်နဲ့ မဖမ်းခဲ့ဘူး
ဆင်တွေ အထိမ်းသိမ်းခံရသလို
ထောင့်ကျဉ်းပိတ်နည်းမသုံးခဲ့ဘူး
စူဇကာပုဏ္ဏားလို
ပုံအောပြီး အစားမငတ်ခဲ့ဘူး
......................
သော့တံမတူတဲ့
သော့ခလောက်ဟာ
ဖွင့်တိုင်းပွင့်မလာနိုင်ပါဘူး
ကိုယ့်ယုံကြည်ချက်
ကိုယ့်အယူအဆ
ကိုယ့်သော့တံပေါ့။
(ကိုသက်(ပန်းကဗျာ)- ကျုပ်အကြောင်း)

ငါဟာ ကမ္ဘာကြီးကို
တဖက်သက်အချစ်နဲ့ ချစ်နေတဲ့
မောင်စိမ်းသစ်ပါကွဲ့။
ကျေးဇူးပြုပြီး ငါ့ကို ဘယ်သူမှ ဈေးလာမဆစ်နဲ့
ငါတမူကား
တောရောက်မြို့သား ကဗျာသမားဖြစ်ရဲ့။
..........................
ဘ၀မှာ နေပျော်လိုက်တာ
ဟောဟို ခြံစည်းရိုးမကျည်းပင်ပေါ်က
သပွတ်အူးသီးလေးတွေတောင်မှ
တစ်ချိန်မှာ ဓါတ်ဗူးဖော့ဆို့အဖြစ်နဲ့
ဘ၀သစ်မှာ အဓိပ္ပာယ်ရှိရှိ နေနိုင်ကြသေး။
(မောင်စိမ်းသစ်- အစိမ်းရောင်ဖြစ်သွားတဲ့ ကဗျာ)

ဝန်ထမ်းဆိုတာ
အပြင်ပန်းကလည်းမလှ
အတွင်းခန်းကလည်း မျက်နှာမရ
တစ်ခါတစ်ခါ ကျွန်ဝယ်ရာ အဆစ်ပါ
တစ်ခါတစ်ခါ ကျွန်မွေးတာ အားပေးရရင်း
ငရဲကို အတွဲလိုက်သွားမယ့်သူတွေ
ငါတော့
ကိုယ့်အကုသိုလ် ကိုယ်ယူလို့
အဆင်းကို ဘီးတပ်ပေးချင်နေမိ။
(သိုက်ထွန်းနွေ့(ဆေး)- တစ်ဝက်မာတိကာ)

          `ကဗျာဆရာတစ်ယောက်ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘ၀ကိုသာ အမြဲရေးတယ်။ သူ့ရဲ့ အကောင်းဆုံးကဗျာ ဆိုတာ သူ့ဘ၀ရဲ့ ကြေကွဲစရာတွေထဲက ပေါ်ထက်လာတာ ဖြစ်တယ်။ အဲဒီကြေကွဲစရာဟာ နောင်တ၊ သံဝေဂ ဖြစ်ချင်ဖြစ်မယ်။ ရှုံးနိမ့်သွားတဲ့ အချစ် ဖြစ်ချင်ဖြစ်မယ်။  ဒါမှမဟုတ် သူ့ အထီးကျန်မှုဖြစ်ချင်ဖြစ်မယ်။ သူဟာ မနက်လက်ဖက်ရည်ဝိုင်းမှာ ပြောသလို ဘယ်တော့မှ တိုက်ရိုက်ကြီးမပြောဘူး။  ကဗျာမှာ အမြဲတမ်းေ၀၀ါးနေတဲ့ ပုံရိပ်တွေ ရှိတယ်။ ကဗျာဆရာဟာ သူကိုယ်တိုင်ေ၀၀ါးတဲ့ အစိတ်အပိုင်းရဲ့ ပုံရိပ်တစ်ခုလည်းဖြစ်တယ်။´ ဆိုတဲ့ ဆရာ မြသန်းတင့်၏ `ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍´မှ ကောက်နှုတ် ထား သည့် စာသားများလို (ဆရာ) ကိုသက်(ပန်းကဗျာ)၊ မောင်စိမ်းသစ်နှင့် သိုက်ထွန်းနွေ့(ဆေး)တို့၏ ကဗျာများသည် သူတို့ဘ၀ကို သူတို့ ပြောပြနေသည့် အတ္ထုပတ္တိကဗျာရှည်များဖြစ်သည်။ ဆရာကိုသက်(ပန်းကဗျာ)၏ ကဗျာရှည် ထဲတွင် ပန်းကဗျာ ကို မြင်ခွင့်ရပါလိမ့်မည်။ ဆရာ မောင်စိမ်းသစ်ကဗျာရှည်ထဲတွင် ကဗျာဆရာ၏ မိသားစု၊ ဘ၀အပြောင်း အလဲများနှင့်ကဗျာသဘောထား။ ဆရာသိုက်ထွန်းနွေ့(ဆေး)၏ ကဗျာထဲတွင် ၀န်ထမ်းတစ်ယောက်၏ ဘ၀၊ ခံစားချက်များစသည်ဖြင့် နားထောင်ခွင့်ရပါလိမ့်မည်။ မျိုးကျော်မျိုး(ရွှေဘို)၊ သြဂတ်စ်၊ မြဲမြံ(ရွှေဘို) တို့၏ ကဗျာများသည်လည်း လူငယ်ဘ၀နှင့် အချစ်အလွမ်းကို အချိုးကျရောစပ်တင်ပြထားသည့် ကဗျာရှည်များ ပင် ဖြစ်သည်။ သို့သော်ကဗျာဆရာသည် တိုက်ရိုက်မပြော၊ တိုက်ရိုက်ပြောသော်လည်း သွယ်ဝိုက်နားလည်ယူ ရတာမျိုးလည်း ရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ ကဗျာဆရာ၏ ဘ၀အား ကဗျာများထဲမှ တွေ့မြင်ခွင့်ရရှိခြင်းသည် မှာပင် ကျေးဇူးတင်စရာကောင်းနေပါသေးသည်။ နှစ်ကြိမ်မြောက်သက်ဝင်ခြင်းသည် ကဗျာနှင့်ကဗျာဆရာ အား ပေါင်းကူးပေးသည့် တံတားတစ်စင်းဖြစ်သည်။ ရေငတ်တုန်း ဆင်းထိုင်ခွင့်ရရှိသည့် ရေတွင်းတစ်တွင်းဖြစ်သည်။ အမောပြေ မပြေကိုတော့ ကဗျာဖတ်သူကသာ ဆုံးဖြတ်ပေးပါလိမ့်မည်။ ကျွန်တော့်အနေဖြင့် နှစ်ကြိမ်မြောက် သက်ဝင်ခြင်းသည် ကဗျာဆရာများ၏ ဘ၀ဖြတ်သန်းမှုများကို အတ္ထုပတ္တိရုပ်ရှင်ဇာတ်ကား တစ်ကား ကြည့်ရှု လိုက်ရသလို ခံစားမိပါသည်ဟု ပြောကြားရင်း ရွှေဘိုပန်းကဗျာ စာပေဆု ဆက်လက်သက်တမ်း ရှည်ပါစေ ကြောင်း ဆုတောင်းပေးလိုက်မိပါသည်။

မင်းနဒီခ
၁၁၊ သြဂုတ်လ၊ ၂၀၁၃