Sunday, September 8, 2013

တောင်ပံခတ်သံ တဖျတ်ဖျတ်မှာ ရွှေအိုရောင်တွေ လင်းပလို့




တောင်ပံခတ်သံ တဖျတ်ဖျတ်မှာ ရွှေအိုရောင်တွေ လင်းပလို့

စာအုပ်အမည်           ညနံရံကို ရိုက်ခတ်လာသော တောင်ပံများ
ရေးသူ                     အဂ္ဂလင်း၊ နိုင်ထက်နိုင်
ထုတ်ဝေသည့်ကာလ   ဇွန်လ၊ ၂၀၁၃
ထုတ်ဝေသည့်တိုက်    ကြယ်နီစာအုပ်
         
အဂ္ဂလင်းနှင့်ကျွန်တော် လူချင်းစတင်ခင်မင်ရင်းနှီးခဲ့သည်က မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ မဟုတ်။ ပြင်ပသက်ရှိလောက မှာ မဟုတ်။ အင်တာနက်ဖေ့ဘုတ်လောကကြီးထဲက အွန်လိုင်းလင်း ရောင်ခြည် ဟု အမည်ပေးထားသော အွန်လိုင်းစာပေ၀ိုင်းတစ်ခုမှာ ဖြစ်သည်။ တကယ်တမ်းကျတော့ ၂၀၀၆ ခုနှစ်လောက်ကတည်းက စာမျက်နှာများ
ပေါ်တွင် ဖြတ်သန်းနေသည့် အဂ္ဂလင်းဆိုသည့် ကလောင်နာမည်သည် ကျွန်တော်တို့နှင့်မစိမ်း။ အွန်လိုင်းလင်းရောင်ခြည် စာပေ၀ိုင်းမှာ ကျွန်တော် အက်ဒမင်တစ်ယောက်အဖြစ်စတင်လှုပ်ရှားသည့်အခါ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အဂ္ဂလင်းနှင့် ပိုရင်းနှီး လာခဲ့သည်။ အဂ္ဂလင်းက ပခုက္ကူဇာတိ။ ပြောရလျှင် ခေတ်ပေါ်ကဗျာလောက တွင် နာမည်တစ်ခု တည်ဆောက်ထားနိုင်ခဲ့သည် ဆရာကေမျိုးငြိမ်း၊ ဆရာခိုင်နေဒီ၊ ဆရာမင်းသန့်စင်တို့၏ နောက်မျိုး ဆက်။ ဧရာအနောက်လေကဗျာအုပ်စုထဲမှ ခေတ်ပေါ်ကဗျာကို လက်ခံသယ်ဆောင်ပေးသည့် နှောင်းပိုင်း ခေတ်ပေါ်ကဗျာ မျိုးဆက်သစ်။ ဧရာအနောက်လေအဖွဲ့၏ စဉ်ဆက်မပြတ် ကဗျာလှုပ်ရှားမှုများတွင် ရှေ့တန်းမှ အမြဲပါဝင်လှုပ်ရှားခဲ့သူ တစ်ဦး လည်း ဖြစ်သည်။
          အွန်လိုင်းမှာ ခင်မင်ရင်းနှီးပြီးနောက် ကျွန်တော်ပခုက္ကူသို့ အလုပ်ကိစ္စဖြင့် ခရီးသွားဖြစ်သည့် အခါ သူနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ သူ၏ခင်မင်ရင်းနှီးဖော်ရွှေမှုမှာ ကျွန်တော်ပျော်ဝင်သွားသည်။ ညဦး ပိုင်းတွင် ဧရာအနောက် လေ ကဗျာဆရာများနှင့် ရွှေနဒီ ဆည်းဆာရိပ်မှာ ကျွန်တော့်ကို မိတ်ဆက် ပေးသည်။ နိုင်ထက်နိုင်၊ ညီ(ပခုက္ကူ)၊ နောင်အိုင်းရစ်၊ မင်းမှီ၊ မင်းသန့်စင်၊ မောင်ကျော်လေး(ပခုက္ကူ)။ ကျွန်တော်တို့ ရွှေနဒီမီးရောင်မှိန်မှိန်အောက်မှာ တစ်ယောက်တစ်လှည့် ကဗျာတွေ ရွတ်ကြသည်။ ကဗျာအကြောင်းတွေ ပြောကြသည်။ ပခုက္ကူနှင့် မန္တလေး ကဗျာအရေး မေးမြန်းစပ်စုကြသည်။ ဧရာ အနောက်လေ၏ ညှင်းသွဲ့မာန်ပါသော ကဗျာရွတ်သံများဖြင့် ပခုက္ကူ ညချမ်းကို ဖြတ်သန်းခဲ့ကြသည်။ ထိုတစ်ညသည် ကျွန်တော့်အတွက် ပခုက္ကူဆိုသည့်အသံကြားတိုင်း ပြန်မြင်ယောင်တမ်းတ လွမ်းမိရစေသည့် တစ်ည။ ထိုနောက် ကျွန်တော် ပခုက္ကူသို့ မရောက်ဖြစ်တော့။ သို့သော် ပခုက္ကူက ကျွန်တော့်ဆီရောက်လာသည်။ ၂၀၁၃၊ မတ်လတွင် ငါတို့ မြို့လေးပေါ် စီးဆင်းသွားသော မိုးသားများ ပခုက္ကူကဗျာစုစည်းမှု စာအုပ်လေးတစ်အုပ်ထွက်လာ သည်။ ရေးသားသည့်ကဗျာ ဆရာတွေက ဆရာ ကေမျိုးငြိမ်း၊ နွေသင်နိုင်၊ ခိုင်နေဒီ၊ ညိုသစ်ငယ်တို့ အပါအ၀င် ဧရာအနောက်လေ ကဗျာအဖွဲ့သား များ စုစုပေါင်း (၂၁)ယောက်၏ ကဗျာများစုစည်းမှု။ ပခုက္ကူရွှေနဒီညချမ်းကို သတိရမိတိုင်း ထိုကဗျာ စာအုပ်လေးက ကျွန်တော့် လွမ်းစိတ်ကို အနည်းငယ်ပြေလျော့စေနိုင်ခဲ့ ပါသည်။
          ယခု ၂၀၁၃ ဇွန်လမှာ ညနံရံကို ရိုက်ခတ်လာသော တောင်ပံများ ဟု အမည်ပေးထားသော ကဗျာစာအုပ်လေး တစ်အုပ် ကြယ်နီစာအုပ်တိုက်မှ ထွက်ရှိလာပြန်ပါသည်။ ရေးသားသူတွေက အဂ္ဂလင်းနှင့် နိုင်ထက်နိုင်။ အဂ္ဂလင်း၏ ကဗျာ(၃၃)ပုဒ်နှင့် နိုင်ထက်နိုင်၏ ကဗျာ အပုဒ်(၃၀) ကိုစုစည်း ထားသည့် ခေတ်ပေါ်ကဗျာစာအုပ်တစ်အုပ်။ အနီးကပ်ဆုံးပေါင်းသည့် သူငယ်ချင်းကဗျာဆရာနှစ်ဦး၏ ကဗျာဟန်များမှာ တစ်ယောက်နှင့် တစ်ယောက် အဆင်ဒီဇိုင်း သိပ်မကွဲ။ ဖွဲ့နွဲ့ပုံသိပ်မကွာ။ တစ်ယောက် ၏ အရိပ်က တစ်ယောက်ကို မိုးနေသည်ဟုပင် ထင်ရသည်။ ခေတ်ပေါ်ကဗျာ၏ အဓိကစရိုက် လက္ခဏာတွေဖြစ်သည့် တစ်သီးပုဂ္ဂလ ကိုယ်ရည်ကိုယ်သွေး၊ စိတ်တွင်းခံစားမှု၊ စကားပြော ရစ်သမ်၊ ခေတ်ပေါ်အာရုံခံစားပုံတို့အပြင်  လူငယ်တစ် ယောက်၏အငုံ့စိတ်နှင့် မြို့ပြဘ၀နာကျင်မှု၊ ကမ္ဘာနဲ့ချီပြီး အရွဲ့တိုက်လိုစိတ်နှင့် ဟားတိုက် သရော်ချင်သည့်စိတ်။ ထိုသို့အကြောင်းအရာတွေကို နှစ်ဦးစလုံး၏ ကဗျာများ တွင် တွေ့ရသည်။

အောင်မြင်ချင်စိတ်လေးတောင်
အောင်အောင်မြင်မြင်မဖြစ်ထွန်းခဲ့
ဘောဂဗေဒအရ အညံ့ဖျင်းဆုံးပန်းပုသမား
ထုဆစ်လိုက်တိုင်း ဘ၀က
ဘယ်တော့မှ ဇိမ်ခံသင်္ဘောမဖြစ်ဘူး
(အဂ္ဂလင်း- ရွက်လွင့်သူ ကဗျာမှ)

အဲဒီညဆိပ်ကမ်းတွေမှာ
အလိုမတူခြင်းလောကဓံကုန်စည်အပြည့်နဲ့
အလိုမတူခြင်းသင်္ဘောဆိုက်ကပ်နေသရွေ့
အလိုမတူခြင်းမျက်ရည်တွေ
ဖွေးဖွေးဝေနေဦးမယ့် စနေ။
(နိုင်ထက်နိုင် -အလိုမတူခြင်းဆိပ်ခံ ကဗျာမှ)
         
ကဗျာဆရာ အဂ္ဂလင်းက သူ့ရဲ့မအောင်မြင်မှုတွေကို ဘယ်တော့မှမဖြစ်တဲ့ ဇိမ်ခံသင်္ဘောနှင့် ခိုင်းနှိုင်းပြီး ကဗျာဆရာ နိုင်ထက်နိုင်က သူကျရှုံးခဲ့သည် လောကဓံကို အလိုမတူဘဲ လိုက်လျောနေ ရသည့်  ဆိပ်ခံတစ်ခုနှင့် ခိုင်းနှိုင်းသည်။ စကားလုံးနှင့်တင်ပြပုံကွဲလွဲသော်လည်း ဘ၀ကို ခံစားပုံခြင်း တူညီသည်။ မအောင်မြင် ကျရှုံး ခဲ့ရတာခြင်းလည်း တူညီသည်။ `အနှစ်တစ်ရာအတွင်းမှာ အားလုံးဟာခေတ်ပြိုင်ဖြစ်တယ်´လို့ ဗော်လ်တဲယား က ပြောခဲ့ဖူးသည်။ ယခုလည်း အဂ္ဂလင်းနှင့် နိုင်ထက်နိုင် သည် ရောက်ရှိခေတ်ကြီးထဲမှ ခေတ်ပြိုင် လူသားနှစ်ဦး။
ခတ်ကြီးရိုက်ခတ်မှုကို သူတို့အတူတူခံစားရသည်။ ထို့အတွက် သူတို့ခံစားမှုတွေ တူညီနေတာ မထူးဆန်း။ ခေတ်ကြီးကို ထမ်းထားရတာခြင်းတူနေသရွေ့ ခေတ်၏ ၀န်ကို သယ်ဆောင်ထားရသည့် အလေးချိန်များ တူညီနေကြဦးမည်ဖြစ်သည်။

လက်ခုပ်သံတွေ ကျယ်လောင်ဝင်းတောက်လိုက်
လက်ခုပ်သံတွေ မှိန်ဖျော့တိုးတိတ်လိုက်
နောက်ခံတေးသွားရဲ့ ဖျားယောင်းမှုမှာ
ကိုယ့်ရင်ဘတ်က သွေးကို အစစ်ထင်မှတ်မိ
ကိုယ်ခေါင်းပေါ်က သရဖူကို အစစ်ထင်မှတ်မိ
ရယ်ရမလိုလို ငိုရမလိုလို
ကိုယ်တို့ရဲ့ ကကွက်တွေဟာ သဘာဝကျရဲ့လား
တလက်လက်ပန်းကုံးတွေကရော ရနံ့မဲ့တဲ့အခါ
လွမ်းစရာပန်းခွေတွေနဲ့ ဘာများကွာခြားခဲ့သလဲ။
(အဂ္ဂလင်း- ခန်းဆက်အနုပညာ(၂) ကဗျာမှ)

နှလုံးသားမပါတဲ့ အခွံချည်းသက်သက်မှာ
ပေါ့ပေါ့ပါးပါးပြေးလွှားနေကြတဲ့ လူတွေ
ခပ်တည်တည်ပြောနေကြတဲ့ စကားလုံးတွေ
လေထုထဲမှာ ရေပေါ်ဆီဝေ့သလို ဝေ့တက်လို့
...........
...............
ဆူးတွေဟာ အမာဆုံး စိတ် သရေဖိနပ်မှာတောင်
ဒဏ်ရာတွေပေါက်ပြဲလို့
တကယ်လို့
ခင်ဗျားခြေထောက်ကို မယုံကြည်တော့ဘူးဆိုရင်
ခြေတုတပ်တာအကောင်းဆုံး။
( နိုင်ထက်နိုင်- ခေတ်က သယ်ဆောင်လာသော ဗီဇများ ကဗျာမှ)
         
နာကျင်စရာတွေ များပြားလာသည့်အခါ ကြင်နာမှုများသည် ရှားပါးကုန်ပစ္စည်းများ ဖြစ်သွား သည်။ မေတ္တာတရားေ
တွေ ခေါင်းပါးလာသည့်အခါ ဂရုဏာတရားသည် ပစ္စည်းပြတ်လပ်သွားလေ့ ရှိသည်။ ပြုံးနေသော မျက်နှာဖုံးများအောက်မှ မျက်နှာများကို ကဗျာဆရာက ခွာကြည့်လိုက်သည့်အခါ သံသယကို တွေ့ရှိခဲ့ရသည်။ အစစ်အမှန်တန်ဖိုး များ ပျောက်ဆုံး သွားသည့်နေရာတွင် အတုအပများ သည် ဈေးပေါပေါနှင့် ၀င်ရောက်နေရာယူလာသည်။ အထက်ပါကဗျာနှစ်ပုဒ်တွင် ကဗျာဆရာ အဂ္ဂလင်းနှင့်နိုင်ထက်နိုင်တို့၏ လက်ရှိဘ၀အပေါ်ထားရှိသော သံသယအမြင်ကို အားကောင်းစွာ တွေ့ရှိရ သည်။ မယုံကြည်ခြင်း၊ မရေရာခြင်းများကို နေ့စဉ်လူမှုဘ၀ထဲတွင် သမရိုးကျ အဖြစ် မြင်တွေ့ လာတာကို တွေ့ရှိရသည်။ သို့သော် ကဗျာဆရာနှစ်ယောက်စလုံးမှာ ငြင်းပယ် နိုင်စွမ်း မရှိ လက်ခံထား ရသည်။ သို့သော်လက်ခံပုံခြင်း ကွဲသည်။ ကဗျာဆရာအဂ္ဂလင်းက ရနံ့မဲ့တဲ့ ပန်းကုံးတွေကို လွမ်းစရာ ပန်းခွေများအဖြစ် သက်ပြင်းကို မျှင်းမျှင်းချ လက်ခံအတည်ပြု လိုက်ပြီး ကဗျာဆရာ နိုင်ထက်နိုင် ကတော့ ရဲရင့်ပြတ်သားစွာဖြင့် အစစ်ကို မယုံကြည်မှတော့ အတုနဲ့ ရှင်သန်ရတာ အကောင်းဆုံးဟု အံကို တင်းတင်းကြိတ် လက်ခံပစ်လိုက်သည်။

ကျရာဇာတ်ရုပ်မှာ ညစ်ထေးခဲ့ရသော ၀ိညာဉ်များ
ရိုက်ကွင်းအပြင်မှာ ကိုယ်ကျင့်တရားကို ခိုင်ခိုင်မြဲမရဘူး
သွေးသံရဲရဲ စိတ္တဇလူသတ်သမားရဲ့ သားကောင်များ
တစ်ခန်းအရပ်မှာ ပျော်ပျော်ရွှင်ရွင် ပြန်လည်နိုးထ
မရဘူး
(အဂ္ဂလင်း- ရုပ်ရှင်ဘ၀ ကဗျာမှ)

စားစရာမရှိတော့ ဇာတ်တူသားစားတယ်
အလဲလဲအကွဲကွဲဘ၀ထဲမှာ
ဟီးရိုးအင်း နံပါတ်ဖိုး အလိုမတူဘဲ ထိုးသွင်းခံရသလို
လောကဓံပိုက်တန်းလန်းနဲ့ သက်မဲ့ခန္ဓာတွေ
(နိုင်ထက်နိုင်- အဖြစ်အပျက်တွေဟာ......ကဗျာမှ)
         
နောက်ထပ်ထုတ်ပြချင်သည့် ကဗျာတွေ ကျန်ရှိနေပါသေးသည်။ အဂ္ဂလင်း၏ ကျွန်တော် ရောက်အောင် လာမယ့်အကြောင်း နှင့် နေထက်နိုင်၏ ငါတို့မေ့လျော့ခြင်းမှာ ငါတို့ ယုတ်လျော့လာ ကဗျာ။ အဂ္ဂလင်း၏ မအောင်မြင်သေးသော ၀တ္ထုထဲမှ ဇာတ်ကောင်များနှင့် နိုင်ထက်နိုင်၏ လမ်းဟာ လုံးနေတော့ ငါတို့ပြားပြီ ကဗျာ စသည်ဖြင့် ဖွဲ့နွဲ့ပုံကွဲပေမယ့် ခံစားမှုတူကြသည်။ သို့သော် ခေတ်ပေါ် အာရုံခံစားမှုခြင်းတူပေမယ့် ကဗျာနည်း ပရိယာယ်၊ တင်ပြပုံ၊ ဆွဲဆောင်ပုံ၊ ကွဲလွဲသည်။ အဂ္ဂလင်း၏ ခေတ်ပေါ်ကဗျာအဖွဲ့သည် စကားပြောရစ်သမ်ကို ပိုဦးစားပေးသည်
ပြေပြစ်စီးဆင်းမှုကို ဖွဲ့ယူသည်။ ဒေါသသင့်သည့် စကားကိုပင် ကဗျာဖတ်သူ ကို လေပြည်လေးနှင့် ပြော သည်။ နိုင်ထက်နိုင်၏ ခေတ်ပေါ်ကဗျာအဖွဲ့သည် ကျစ်လစ်သည်။ ကဗျာတစ်ကြောင်းချင်း အဆုံး သတ်ကို သံပြတ်များဖြင့် ချလေ့ရှိသည်။ တစ်ချက်ပစ်တစ်ကောင်ကျကစားနည်းကို ကျွမ်းကျင်သူလို စာကြောင်း တစ်ကြောင်း ချင်းစီ ကနေ ကဗျာဖတ်သူကို တိုက်ရိုက်ပြောသည်။ ကဗျာဆရာတွေ၏ ကဗျာတွေက သူတို့၏ ခေတ်ကာလဖြတ်သန်းမှု အဆိုး အကောင်းကို မြင်တွေ့နိုင်သည်။ ကဗျာဆရာ၏ နာကျင်မှုသည် သူဖြတ်သန်း ရောက်ရှိနေသည့်ခေတ်၏ နာကျင်ခံစားမှု သာဖြစ်သည်။ ခေတ်ကြီး၏ ရိုက်ခတ်မှုမှ ထွက်ပေါ်လာသော ဒဏ်ရာ ဒဏ်ချက်များသည် ကဗျာဆရာ၏ ဒဏ်ရာဒဏ်ချက်များပင်ဖြစ်ပါသည်။ ကဗျာဆရာသည် သူတို့၏ အမာရွတ်များကို စကားလုံးများဖြင့် ပုံဖော်ပြီး ကဗျာဖတ်သူထံ ပေးပို့လိုက် ခြင်းပင်။ ထို့ကြောင့်မကြာမီတွင် တောင်ပံခတ်သံ တဖျတ်ဖျတ်ဖြင့် ညနံရံကို ရိုက်ခတ်လာသော ကဗျာများ သင့်ထံ ရောက်ရှိလာပါလိမ့်မည်။ အမှောင်သည် တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီ။ ညသည် တဖြည်းဖြည်းနက်၍လာခဲ့ပြီ။ အမှောင်ကြီးစိုးသော ညနံရံကို ရိုက်ခတ်လာသော ရွှေရောင်အတောင်ပံ ခတ်သံများအားပျော်ရွှင်ဖွယ်ငိုသံများကြားမှ တဖျတ်ဖျတ် ကြားနေရ ပါလိမ့်ဦးမည်။

မင်းနဒီခ  
၃၊ စက်တင်ဘာ၊ ၂၀၁၃



Tuesday, July 30, 2013

အဖေ့အမှတ်ရချက်များ



အဖေ့အမှတ်ရချက်များ

၈.၈.၁၉၈၈ တုန်းက ကျွန်တော်က ခုနှစ်နှစ်သားပဲ ရှိသေးသည်။ လူမမယ်ကလေး တစ်ယောက် အတွက်တော့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ဘာတစ်ခုမှ သိနားလည်ခြင်းမရှိသေးသည့်အရွယ်။ ဒါပေမယ့် ကျွန်တော်သိရှိနားလည်ခံစားလိုက်ရသည်က အကြောက်တရားပင် ဖြစ်သည်။ အဖေက ရေဒီယိုကို နားနှင့်မခွာ နားထောင်နေသည်။ ရေဒီယိုမှ လာသော သတင်းများသည် ကျွန်တော့်အတွက် နားလည်စရာတစ်ခုမှ မပါပေမယ့် တိုင်းပြည်၏ မငြိမ်သက်မှုများက ကျွန်တော့်တို့ မိသားစုတစ်ခုလုံး ကိုပါ စိတ်မောလူမော လှုပ်ရှားနေစေခဲ့သည်။ ကိုယ့်တစ်မိသားစုတည်းလားဆိုတော့ မဟုတ်။ ထိုရက် များက အိမ်တိုင်းအိမ်တိုင်း စိုးရိမ်သောကတွေ၊ ဒေါသတွေ၊ ပွက်ပွက်ဆူနေသည့် စိတ်ဆန္ဒတွေနှင့် မည်သူတစ်ဦးတစ်ယောက်ဆီမှာမှ စိတ်ချမ်းသာပျော်ရွှင်မှုကို မတွေ့ရ။ မကြာမီအချိန်အတွင်းမှာ လူထု လှုပ်ရှားမှုကြီးတစ်ခုပြုလုပ်တော့မည်ဟုသော သတင်းကို အဖေ့ဆီမှ သဲ့သဲ့ကြားနေရသည်။ အဖေ သည် အမေ့ကို လက်ပတ်အနီတွေ ခေါင်းစီးအနီတွေကို သိမ်းဆည်းခိုင်းနေသည်ကိုလည်း တွေ့ရ သည်။ တကယ်တမ်းကျတော့ အဖေသည် နန်းရှေ့စစ်ကြာင်း အလံကိုင်တစ်ဦး၊ ထိုထက်ပိုပြောရလျှင် လုံခြုံရေးတာဝန်ခံတစ်ဦး။ အဖေသည် နန်းရှေ့စစ်ကြောင်းအလံကိုင်ပြီး ရှေ့တန်းမှ သေရဲသူများ စာရင်း တွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ အစာငတ်ခံဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်။ ခင်မကန်ကျောင်းတိုက် ဆရာ တော် ဦးဓမ္မဦးဆောင်သော နန်းရှေ့စစ်ကြောင်းနှင့် သပိတ်စခန်းအသိမ်းခံရသည့်အခါ သေပြေး ရှင်ပြေး ပြေးရင်း တောထဲတောင်ထဲ အငတ်ငတ်အပြတ်ပြတ်နှင့် ဒုက္ခတွေ ကြုံခဲ့ရသည်။ စားစရာ ထမင်းမရှိ သဖြင့် တောထဲရှိဆီးဖြူသီးကိုက်ကာဝမ်းမီးငြိမ်းစေပြီးပုန်းအောင်းနေခဲ့ရသည်။အဖေထိုသို့ စစ်ကြောင်း နှင့်လိုက်ပြီး အိမ်ပြန်မလာနိုင်သည့်အခါ အိမ်တွင် ကျွန်တော်ရယ်၊ ငါးနှစ်သား ညီလေးရယ် ။ နောက် ထပ် လူ့လောကထဲရောက်မလာသေးသည့် ကိုးလသားညီငယ်လေး၏ ကိုယ်ဝန်ရင့်မကြီးကို လွယ်ထား ရသော အမေရယ် သုံးယောက်ပဲ ကျန်ခဲ့သည်။ ဆန္ဒပြသူများအား လိုက်လံ ရှာဖွေဖမ်းဆီးသည့်လူများ အိမ်သို့ ၀င်ရောက်ရှာဖွေသည့်အခါ အမေသည် သူရဲကောင်းဆန်ဆန် အဖေ့အား ကာကွယ်ပေးခဲ့ သည်။ တကယ်တမ်းကျတော့ အိမ်ထဲတွင် အဖေ့ခေါင်းစီးအနီ လက်ပတ် အနီများရှိနေသည်ကို ကျွန် တော်သိသည် ။ သို့သော် လာရောက်ရှာဖွေဖမ်းဆီးသူများသည် ထိုခေါင်းစီးများ၊ လက်ပတ်များကို မတွေ့ခဲ့။ တွေ့များ တွေ့သွားခဲ့လျှင် ဟူသော အတွေးကို ကျွန်တော် ခုချိန်ထိ မတွေးရဲဝံ့ပေ။ မန္တလေး မြို့၏ လူထုလှုပ်ရှားမှုသည် တကယ်တမ်းကျတော့ ၈.၈.၈၈ တွင် အများကြီးအုံကြွလှုပ်ရှားလာခြင်း မရှိသေး။ တစ်ချက် တစ်ချက် နားထဲပျံလွင့်လာသော တို့အရေး အော်သံများက ဝေးသွားလိုက်၊ နီးသွား လိုက်၊ တိုးသွားလိုက်၊ ကျယ်သွားလိုက်။ ထိုနေ့က အဖေအိမ်မှာ ရှိနေသေးသည်။ အဖေသည် လက် ဖက်ရည်ဆိုင်သွားလိုက်၊ အိမ်ပြန်လာလိုက်၊ အမေနှင့်  တီးတိုးစကားများပြောလိုက်၊ စိတ်ချဖို့ အထပ် ထပ် မှာလိုက်၊ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ကို နမ်းလိုက်နှင့် အဖေစိတ်တွေ အရမ်း လှုပ်ရှား နေသည်။ ထို့နောက် အဖေသည် သူယုံကြည်ချက်ကို အသက်နှင့် ရင်းပြီး နန်းရှေ့သပိတ် စခန်းတွင် ပူးပေါင်းကာ လမ်းလျှောက်ဆန္ဒပြသူများနှင့် အတူပါဝင်သွားခဲ့သည်။ အမေသည် အိမ်တံခါးများကို ပိတ်လိုက်သည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လက်များကို ဖျစ်ညှစ်ကာ မကြောက်ဖို့ ပြော သည်။ ထိုညက အဖေပြန်မလာ။ ညအမှောင်ထဲတွင် အမေနှင့်အတူ အဖေ့ကို မျှော်ရင်း မိုးလင်းခဲ့ ရသည်။ အဖေသည် နောက်ရက်များတွင်လည်း ပြန်လာမအိပ်ခဲ့။ အဖေတို့ သပိတ်စခန်းမှာ လူစု နေကြသည်။ နောက်တစ်ရက်တွင် အဖေ့သူငယ်ချင်းတစ်ယောက် အိမ်သို့ ရောက်လာပြီး သူတို့အဖွဲ့ တွေ ခင်မကန်ဘုန်းကြီးကျောင်းတိုက်ထဲတွင် ညအိပ်ကြသည်ဟု လာပြောသည်။ မစိုးရိမ် ကြဖို့ မှာလိုက်သည်။ ၈.၈၈၈ နေ့က ထိုသို့ ပြီးဆုံးသွားသော်လည်း မှတ်မှတ်ရရ ဘယ်တော့မှ မမေ့ နိုင်စရာ အဖြစ်အပျက်တစ်ခုက ၂၆.၈.၈၈ နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပွားခဲ့သည်။ ထိုနေ့က မန္တလေးမြို့၏ မန်းရာပြည့်ကွင်းကြီးများ မြို့လုံးကျွတ်လူထုဆန္ဒပြပွဲ ပြုလုပ်သည့်နေ့။ ထိုနေ့တွင် အမေသည် ကျွန် တော့်၏ ဒုတိယမြောက်ညီငယ်လေးကို မွေးဖွားပေးခဲ့သည်။ အမေကလေးမွေးသည့် အကြောင်းကို ကျွန်တော့် အစ်ကိုဝမ်းကွဲက အဖေ့ဆီသို့ အရောက်သွားပြီးပြောခဲ့သည်။ ထိုအချိန်တွင် အဖေသည် အလံကို ကိုင်ကာ နန်းရှေ့ဈေးမှ စတင်ချီတက်လာသည့်အချိန်ဖြစ်သည်။ အဖေသည် သူ့လက်ထဲမှ အလံအား အခြားတစ်ယောက်သို့ လွှဲပေးလိုက်သည်။ ထို့နောက် လက်ဖက်ရည်တစ်ခွက်ဝယ်ကာ အမေ့၏ မီးနေခန်းလေးဆီသို့ ရောက်လာသည်။ ကျွန်တော်က အဖေ၀ယ်လာသော လက်ဖက်ရည် ခွက်ကို ဖန်ခွက်လေးထဲသို့ထည့်ပြီး အမေ့ဆီ ပေးလိုက်သည်။ အဖေက သူ့တတိယမြောက်သားကို သီဟ လို့ နာမည် ပေးလိုက်ပြီး နန်းရှေ့စစ်ကြောင်းဆီသို့ အမှီ ပြန်ထွက်သွားခဲ့သည်။ အမေသည် အဖေ ၀ယ်လာပေးသည့် လက်ဖက်ရည်ခွက်ကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို သောက်စေသည်။ မိန်းမတစ်ယောက် ကလေးမွေးနေသည့်အချိန်တွင် အနီးအနားမှာ ရှိမနေနိုင်သည့် လင်ယောင်္ကျားအား အမေစိတ်ဆိုး နေမည်လား။ သို့မဟုတ် အဖေ့ဆုံးဖြတ်ချက်များအတွက် အမေစိတ်ကျေနပ်နေမည်လား ကျွန်တော် မသိပါ။ ကျွန်တော်သိသည်မှာ အဖေသည် သမိုင်းပေးသော တာဝန်ကို တစ်ပိုင်တစ်နိုင် ထမ်းပိုးပါဝင် ခဲ့သည်ဟုသာ ဖြစ်ပါသည်။

မင်းနဒီခ

ဆူညံသော ၀န်ချီစက်ဟာ ခေတ်တစ်ခေတ်ထဲ တဂျိန်းဂျိန်းလည်ပတ်လျှက်


ဆူညံသော ၀န်ချီစက်ဟာ ခေတ်တစ်ခေတ်ထဲ တဂျိန်းဂျိန်းလည်ပတ်လျှက်

စာအုပ်အမည်                      ဆူညံသော ၀န်ချီစက် ကဗျာစုစည်းမှု
ရေးသူ                               ခေတ်ပေါ်ကဗျာဆရာများ
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ ဇူလိုင်လ
ထုတ်ဝေသည့် တိုက်               ဇေယျတု စာပေတိုက်

` တစ်လောက ကျွန်တော့်ဆီရောက်လာတဲ့ ကဗျာစုစည်းမှု တစ်ခုကို ဖတ်ကြည့်တယ်။ `` ဆူညံသော ၀န်ချီစက်´´ တဲ့။ ကောင်းလိုက်တာ။ ကဗျာရနံ့သစ်ကလေးတွေ ရှိုက်ရတယ်။ ကဗျာဓါတ်သစ်ကလေးတွေ ပွားရတယ်။ ကဗျာသံစဉ်သစ်ကလေးတွေ ကြားရတယ်။ ကဗျာအိပ်မက်ကလေးတွေ မက်ရတယ်။ ၀န်ချီစက်သံ ဆူညံနေပေမယ့် အိပ်မက်ရာက လန့်မနိုးဘူး။ တကယ်တော့ ဒါတွေ အားလုံး တံလျှပ်တွေ ဖြစ်နိုင်ပါရဲ့။ မတတ်နိုင်ပေဘူးပေါ့လေ။´
`ခေတ်ဝန်ကို ချီတဲ့ ပိုးတဲ့ သယ်တဲ့ ဆောင်တဲ့ စက်တွေဆိုတော့ ဆူညံရမှာပဲပေါ့။´
( ဟံသာဝတီ ဦးဝင်းတင်)
ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကဗျာအိပ်မက်ဟု ခေါင်းစီးပေးထားသော အမှာစာနှင့်အတူ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ တောင်တွင်း၊ မုံရွာ၊ ရေဦး၊ မတ္တရာ အစရှိသည့် မြို့အသီးသီးမှ ကဗျာဆရာ (၆၇) ဦး၏ ကဗျာ (၆၇)ပုဒ်ပါဝင်သောဆူညံနေသော ၀န်ချီစက် ကဗျာစုစည်းမှု စာအုပ်တစ်အုပ် မန္တလေးမှ ကဗျာဆရာ ဘိုလ်သိန်း၏ စီစဉ်မှုဖြင့် ၂၀၁၃၊ ဇူလိုင်လတွင် ထွက်ရှိလာခဲ့ပါသည်။ ပါဝင်ရေးသားသော ကဗျာဆရာများ အားလုံး သည် ခေတ်ပေါ်ကဗျာတစ်ခေတ်ထူထောင်ခဲ့ကြသည့် ကဗျာဆရာကြီးများနှင့် ခေတ်ပေါ်ကဗျာ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသည့် ယခုလက်ရှိလူလတ်ပိုင်းကဗျာဆရာများ။ ထိုသို့သော ကဗျာကလောင်များနှင့် စုစည်းထုတ်ဝေလိုက်သည့် ဆူညံသော ၀န်ချီစက် ကဗျာစုစည်းမှု စာအုပ်တန်ဖိုး (၁၀၀၀) ကျပ်ဆိုသည်မှာ ကဗျာစာအုပ် ၀ယ်ဖတ်သူတစ်ဦးအတွက် မျက်စိစုံမှိတ်ဝယ်ပစ်လိုက်ရအောင် ထိုက်တန်လွန်းနေသည်။ ဤသည် မှာ ကဗျာစာအုပ်စီစဉ်သူ ဆရာဗိုလ်သိန်း၏ ကဗျာဖတ်သူအပေါ်ထားရှိသော စေတနာပင် ဖြစ်ပါလိမ့်မည်။ သို့သော်လည်း မြန်မာနိုင်ငံလူဦးရေ သန်းခြောက်ဆယ်ကျော်၊ အွန်လိုင်းနှင့်ပုံနှိပ်မီဒီယာ ကဗျာရေးသူ၊ ကဗျာ ဖတ်သူပေါင်း မရေတွက်နိုင်အောင်များပြားသော်လည်း အုပ်ရေတစ်ထောင်သာထုတ်ဝေသည့် ကဗျာစာအုပ် ရောင်း ကုန်ဖို့ကလည်း မလွယ်သည့်ခေတ်ကာလ။ ငွေရင်းပြန်မရနိုင်သော်လည်း ကဗျာချစ်မက်စိတ်တစ်ခုတည်း နှင့် ကဗျာဆရာများသည် ကိုယ့်ချွေးနည်းစာလေးနှင့်ကိုယ် ကဗျာစာအုပ်တွေ ထုတ်ကြရသည်။ ကိုယ်ဖန်တီး ထားသော ကဗျာတစ်ပုဒ်၊ ကိုယ်စုစည်းထားသောကဗျာများ စာအုပ်လေးတစ်အုပ်အဖြစ် ကဗျာဖတ်သူထံ ပို့ပေးလိုက်ရသည့် ပီတိလေးတစ်ခုတည်းနှင့် ကဗျာစာအုပ်များကတော့ ခေတ်အဆက်ဆက် ထွက်ပေါ်ခဲ့ကြ သည်။ ထွက်ပေါ်နေကြ သည်။ ဆက်လက်လည်း ထွက်ပေါ်နေကြပါလိမ့်ဦးမည်။
ဆူညံသော ၀န်ချီစက် ကဗျာစုစည်းမှုထဲမှာ ကဗျာဆရာများကို ခေတ်ပေါ်ကဗျာ ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်းဟူ၍ အပိုင်းသုံးပိုင်းခွဲတင်ဆက်ကြည့်ချင် မိသည်။ ကိုယ်လက်လှမ်းမမှီခဲ့သော ခေတ်ကာလတစ်ခု ကို မှတ်သားမိသလောက်နှင့် ပိုင်းခြားရခြင်းဖြစ်သဖြင့် မှားယွင်းမှုများရှိလာနိုင်သော်လည်း ထိုမှားယွင်းမှုကို တစ်စုံတစ်ဦးက ပြန်လည်အမှန်ပြင်ပေးခဲ့သော် ယနေ့ခေတ် လူငယ်ကဗျာဆရာများလေ့လာမှတ်သားရာတွင် ပိုမို အကျိုးရှိနိုင်ပါလိမ့်မည်ဟူသော အတွေးဖြင့် ရဲရဲပိုင်းခြားမိခြင်း ကိုတော့ ၀န်ခံမိပါသည်။
အကြမ်းအားဖြင့် ခေတ်ပေါ်ကဗျာ၏ အဆင့်ဆင့်ဖြတ်သန်းမှုများကို ခုနှစ်သက္ကရာဇ်များဖြင့် စဉ်ကြည့် လျှင်  ၁၉၇၀ ၀န်းကျင်တ၀ိုက်တွင် မြန်မာကဗျာရေစီးသည် စာပေသစ်၊ မိုးဝေကဗျာ၊ တော်လှန်ကဗျာများမှ အဆင့်ဆင့် တည်ဆောက်ပြောင်းလဲလာပြီး ခေတ်ပေါ်ကဗျာအဖြစ် စတင်ရုပ်လုံးကြွပေါ်ပေါက်လာခဲ့သည်။ ၁၉၉၀ ၀န်းကျင် သည် ခေတ်ပေါ်ကဗျာ၏ အားအကောင်းဆုံးနှင့် မြန်မာကဗျာရေစီးတွင် ခေတ်ပေါ်ကဗျာဆရာ တင်ကျန်မှု အများ ဆုံးနှစ်ကာလများဖြစ်ခဲ့သည်။ ခေတ်ပေါ်ကဗျာနှောင်းပိုင်းကိုတော့ ယေဘုယျအနေဖြင့် ၂၀၀၀ မှ ၂၀၁၀ ခုနှစ် အပိုင်းအခြားကို သတ်မှတ်ချင်မိသည်။ ၂၀၁၀ နောက်ပိုင်းခေတ်ပေါ်ကဗျာမရှိတော့ဘူးလားဟု မေးခွန်းကိုတော့ ရှိတော့ရှိသေးသည်။ အားမကောင်းတော့ဟုသာ အဖြေပေးမိမည်ထင်ပါသည်။ ယခု ဆူညံ သောဝန်ချီစက် ကဗျာစုစည်းမှုစာအုပ်ထဲမှ ခေတ်ပေါ်ကဗျာဆရာများသည် သူ့ခေတ်နှင့်သူ ခေတ်ပေါ်ကဗျာ ဖြတ်သန်းမှု အဆင့်ဆင့်တွင် နေရာတစ်နေရာခိုင်မာစွာရပ်တည်ခဲ့ကြပြီး ကလောင်တည်ဆောက်နိုင်ခဲ့ကြသူ များပင် ဖြစ်သည်။ မကြောက်မရွံ့ပြောရလျှင် ယခု ကဗျာစာအုပ်ထဲမှ ခေတ်ပေါ်ခေတ်ဦးကဗျာဆရာများအဖြစ် (ဆရာ) အောင်ချိမ့်၊ မောင်သင်းခိုင်၊ မောင်အောင်ပွင့်၊ အုန်းမြင့်လှိုင်၊ ပိုင်စိုးဝေ၊၀င်းမောင်၊ မောင်နွေထက်၊ မောင်ကြူးရင့်။ ခေတ်ပေါ်ကဗျာအားကောင်းဆုံးကာလဖြစ်သည့် ၁၉၉၀ ၀န်းကျင်တ၀ိုက် ကဗျာဆရာများအဖြစ် (ဆရာ ) နေမျိုး၊ အောင်ဘညို၊ မောင်စိမ်းသစ်၊ ဇော်ဝေ၊ ကိုထက်(ရေဦး) ကိုသော်(ရေဦး)၊ ၊ ကိုဒြပ်၊ မောင်နန်း ဝေ(ဗန်းမော်)၊ မာတေးအို၊ ဟာရီကိန်း၊ ဝေရီ၊ သီဟနှင်းစော၊ မောင်နီဦး၊ ဟိန်းမြတ်ဇော်၊ ထက်တည်မြင့်၊ နိုင်းနိုင်၊ ရိုးဒီ၊ တင်လတ်ကို၊ ညီမိုးအေး၊ ထွန်းဝေမြင့်၊ ၀င်းမြင့်၊ ဇေယျာလင်း၊ မိုးဝေး၊ လူဆန်း၊ ကိုရွေး၊ မိုဃ်းဇော်၊ မောင်ဖီလာ၊ လက်ျာဝင်း၊ စေတ၊ ကြည်ဇော်အေး၊ စံညိမ်းဦး၊ ငြိမ်းသစ်၊ မောင်တင်သစ်၊ ၊ ထွန်းလွင်သွယ် (ဆူးဖြူ ရိပ်)၊ နေမော်ဟိန်း၊ အိုအောင်၊ လှိုင်းထက်၊ မိုးကျော်အောင်၊ မောင်ရှင်စော၊ အောင်နှင်းသစ်၊ ပိုင်သစ်နွယ်၊ ဇော်ထိန်၊ ကိုအိမ့်၊ ဘိုလ်သိန်း၊ မောင်ရဲနွေ၊ ဘိုညဏ်၊ ရဲနန္ဒာမိုး။ ခေတ်ပေါ်ကဗျာနှောင်းပိုင်း ၂၀၀၀ ခုနှစ် နောက်ပိုင်းကဗျာဆရာများအဖြစ် ထူးညို၊ နေညိုအောင်၊ လူနှင်းချို( မတ္တရာ) သက်ငြိမ်သစ်၊ မြေမှုန်လွင်၊ မြတ်မင်းခန့်၊ ၊ ဒီမို(မန္တလေး)၊ လင်းသက်ငြိမ်၊ တို့ ပါဝင်သည်ကိုတွေ့ရပြီး (ဆရာမ) ချစ်ခြင်းလှိုင်၊ နှင်းဆီအောင် နှင့် ဆရာမ မကို တို့ကိုတော့ ကဗျာအရေးနည်းသည့် မန္တလေးဝတ္ထုတို ရွှေခေတ်က ၀တ္ထုတို ဆရာမများအဖြစ် တွေ့ရှိရသည်။ အထက်ပါအခင်းအကျင်းသည် ယခု ဆူညံသော ၀န်ချီစက် ကဗျာစုစည်းမှုစာအုပ်ထဲတွင် ပါဝင်ရေးသားကြသည့် ကဗျာဆရာများကိုသာ ခေတ်အပိုင်းအခြားဖြင့် ခွဲခြားကြည့်မိခြင်းသက်သက်သာ ဖြစ်ပါသည်။
ဆူညံသောဝန်ချီစက်သံကို နားထောင်ကြည့်မိသည့်အခါ ခေတ်ပျက်ကြီးတစ်ခု၏အသံကို ကြားရသည်။ အမှောင်ခေတ်ထဲမှ မီးဖွားလို ရဲနေသည့်အရောင်တွေကို မြင်ရသည်။ ထို့အတူ နှစ်ခြောက်ဆယ်မျှော်လင့်ခြင်း များအကြောင်း၊ မငြိမ်းချမ်းသေးသော ငြိမ်းချမ်းရေးအကြောင်း။ တလူလူလွင့်နေဆဲ အလံများအကြောင်း၊ စွန်းပေခဲ့ရသည့် သွေးစက်များအကြောင်း၊ အဖြေမရှိသည့်မေးခွန်းများအကြောင်း စသည်ဖြင့် ခေတ်ကို ထင်ဟပ် ဖွဲ့ဆိုထားသည့် ကဗျာများနှင့် ကဗျာဖတ်သူများ ရင်းနှီးပြီးသား ကဗျာတစ်ချို့အား ရွေးချယ်စုစည်းထားသည်ကို နားထောင်လိုက်ရသည်။

မိသားစုအခန်းများကဏ္ဍ
ကမ္ဘာဦးပုံသဏ္ဍာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ
ငါတို့ခေတ်မှာ
ငါတို့ဟာ
ချစ်ခြင်းမေတ္တာကို ယူလာနိုင်ခဲ့လို့လား
( အောင်ချိမ့်- လမ်း ကဗျာမှ)

တောင်အင်းမြောက်အင်းမှာ
ကြာနီကန်မှာ
ဝိညာဉ်တွေ ကျွတ်ဖို့ လွတ်ဖို့
အမျှဝေကြ သာဓုခေါ်ကြ။

ငါတို့က ဘယ်တော့
လွတ်မှာ ကျွတ်မှာလဲ။
( အောင်ဘညို- မေးခွန်း ကဗျာမှ)

အဖြစ်အပျက်က
တစ်မိနစ်တိုင်း ငြိမ်သက်နေတဲ့
အနက်ရောင်လက်ပတ်လေးတစ်ခုပါပဲဆိုတော့
ငါ့ကိုယ်ငါ သွေဖည်တယ်
ဒေသခံတွေလို ရွေ့လာတယ်
သွေးထွက်အောင်မှန်တဲ့ စကားတွေ ပွင့်လာတယ်။
စားပွဲအောက်က စားကျက်အတုကို ပပျောက်စေချင်တယ်။
( ထက်တည်မြင့် - ခေတ္တနေ့လည်ခင်း ကဗျာမှ)

မိုးလွတ်တာနဲ့ ကျွန်တော်တို့ စွန်လွှတ်တော့တာပါပဲ
ဝကလေးတစ်လုံးကို လှအောင် ရေးဖို့ဆိုရင်တောင်မှ
လမင်းကြီးကို ပြည့်အောင်စောင့်ရတယ်
ကျည်ဆံခွံတွေကို ပိဿာချိန်နဲ့ ရောင်းစားလိုက်ကြတယ်
အထဲက အသံတွေကိုတော့ မ၀ယ်ကြလိုဘူး။
(၀င်းမြင့် - စာသားမြှပ်နှံခြင်း ကဗျာမှ)

သြော် ခုတော့ တို့ဗိုလ်ချုပ်ကို တို့ထက်ချစ်သူတွေ
ဒေါ်စုကို တို့ထက်လေးစားသူတွေ အသီးသီးပေါ်လာကြ
တို့မြို့သစ်လေးကိုလည်း တို့ထက်ချစ်သူတွေ
ပေါ်မလာနိုင်ဘူးလို့ ဘယ်သူတွေရော အာမခံပြောနိုင်ကြမလဲ
တွေးရင်းတိုးရင်း တိုးရင်းတွေးရင်း ဘတ်စ်ကားဟာ တံတားအဆင်း
ပြည်တွင်းစစ်ဆိုတဲ့ မှတ်တိုင်လေးမှာရပ် ကျောက်ချနေပါရော။
(မိုးဝေး - ပြည်တွင်းဖြစ် ပြည်တွင်းစစ် ကဗျာမှ)

မင်းပြောင်းလဲသွားပြီဆိုရင် ဒီမိုကရေစီပဲ
မင်းမပြောင်းလဲသေးဘူးဆိုရင် ဆိုရှယ်လစ်စနစ်ပဲ
အရင်လို ကျောက်တုံးလို ခေါင်းမာနေဦးမယ်ဆိုရင်
မင်းရဲ့ မိသားစုဟာ နောက်ပြန်လှည့်သွားနိုင်တယ် သိလား
သူငယ်ချင်းဒီမိုကရေစီ။
( ပိုင်သစ်နွယ် - သူငယ်ချင်းဒီမိုကရေစီ ကဗျာမှ)

          ` ခေတ်ကို ကိုယ်စားပြုသော ခေတ်ပေါ်ကဗျာသည် ခေတ်၏ အာရုံခံစားပုံတွင် အခြေတည် ရ မည်။ ခေတ်၏ ခံစားပုံကို ဖော်ကျူးရမည်။ ကျွန်ုပ်တို့ ခေတ်၌ ရေးသားဖွဲ့ဆိုအပ်သော ကဗျာသည် ကျွန်ုပ်တို့ ၏ ခေတ်ပေါ်ခံစားပုံကို အခြေပြု၍ ခေတ်ပေါ်ခံစားပုံကို ဖော်ကျူးမှသာလျှင် ခေတ်ကို ကိုယ်စားပြုသော ခေတ်ပေါ် ကဗျာဖြစ်ပေမည်´ ဟု ၁၉၆၉ ခုနှစ်ဆီမှ ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍ ဆရာမြဇင် ဖွင့်ဆိုရေးသား ထားဖူးသည် ကို ပြန်အမှတ်ရမိပါသည်။ ကျွန်တော်ကြားနေရသည့် ၀န်ချီစက်ထဲမှ ဆူညံသောအသံများ သည် ခေတ်ကြီး တစ်ခေတ် တည်ဆောက်နေရာမှ (သို့မဟုတ်) အဟြေင်းအလဲပြုလုပ်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုဆူညံသော အသံများကို ကျွန်တော်တိတ်ဆိတ်မသွားစေချင်သေးပါ။ တနည်းအားဖြင့်ဆိုသော် မပြီးဆုံးသေးသော တည်ဆောက်မှုများ(သို့မဟုတ်) မပြီးဆုံးသေးသော အပြောင်းအလဲများကို ဆက်လက် တွန်းအားပေးနိုင်စေဖို့ ထိုဆူညံနေသောအသံများကို တိတ်ဆိတ်မသွားစေချင်သေးပါ။

စမြုံ့ပြန်နေတာ မဟုတ်ဘူး၊ စားကျက်သစ်ရှာနေတာ၊ ဒင်းတို့အတွက်။
အနာလစ်ရင် တစ်တစ်ခွခွကလိထိုးဖို့။ သောက်လက်စအလီနဲ့။
တွန့်ဖို့ ကြံစည်၊ တိုက်ဖို့ ကျည်ဆံ။ ကျူးသူ ဂါထာ။ သို့၊
မဟုတ်ဘူး။ ထံမှ ငါ့ရယ်သံခါးခါးကြီးလူမှုတည်ဆောက်မှုမဟုတ်လား။
အောကားထဲမှာလိုပဲ၊ စတုမဓူဒေါင်းပြီး ဘိန်းအွန်လိုက်တာ။
( ဇေယျာလင်း- ဂလက်ဆီတက်ဘလစ်အကြောင်းတွေးရင်း ကဗျာမှ)

လိုတမရခြင်းထဲ ပြားလို့
အိပ်နေလည်း ထကြည့်ရ ထိုင်နေလည်းပြေးကြည့်ရနဲ့ ဒီထောင့်ထဲ ၀င်ဝင်လာတဲ့
အမှောင်မှာ စစ်ပွဲကြားက ဒုက္ခတရားများ တွေ့နေရ မြင်နေရ ကြားနေရ
ဘယ်လိုကာကာ ရောက်လာမှာပဲဆိုတဲ့ လောဘ မောဟ ဒေါသတရားများ
မြင်နေရ တွေ့နေရ ကြားနေရ
အခုပြောပြီးလည်း ဆက်ရဦးမယ်ဆိုတဲ့ အတင်းအဖျင်းများ။
(ကိုထက် (ရေဦး) - တစ်ရက်လင်းရင် ကဗျာမှ)

တိုင်းပြည်အတွက် လူမျိုးအတွက် ဘာသာရေးအတွက် မာဖီးယားလမ်းကြောင်း
ကာကွယ်ရေးအတွက် ပြီးတော့ တုံးတိုက်တိုက်၊ တက်၊ တိုက်၊ သေ၊ ကြေ၊ ကျိုး၊
ကန်း စတဲ့ နိုင်ငံတကာ အပျော်တမ်း၊ တရားဝင်၊ အလှည့်ကျ၊ အမြဲတမ်း၊ ကြေးစား
စစ်တပ်တွေလို တင်းကျပ်စည်းကမ်းကြီး အဖွဲ့အစည်းမျိုးထဲ ဘ၀တစ်သက်လုံးပဲ
နေလာခဲ့သလို၊ အဲဒီလိုမျိုးတွေ ပြောရမယ်ဆို အများကြီးမှ အများကြီးသို့ပဲ။ လူတိုင်း
လူတိုင်း (သို့မဟုတ်) လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ အသေးအဖွဲအပြုအမှုတွေ
ထဲက ဘာမျှအရေးမကြီးတဲ့ တစ်ခုမျှသာ။
(လူဆန်း - ခြင်ထောင်ထောင်နေစဉ် စောင့်ဆိုင်းသည်းခံ စံပုံစံများ ကဗျာမှ)

          ခေတ်တစ်ခေတ်၏ ရိုက်ခတ်မှုသည် လူသားအားလုံးနှင့် သက်ဆိုင်သည်။ ဟန်ချက်မညီ ယိမ်းယိုင်ခဲ့ ရသော ခေတ်စနစ်ဆိုးတစ်ခု၏ ပြိုလဲပျက်စီးမှုကို လူသားတိုင်း ပြန်တည့်မတ်ကြရမည်။ ပြန်တည်ဆောက် ကြရမည်သာဖြစ်သည်။ ဆူညံသောဝန်ချီစက်သည် တဒီးဒီးလည်ပတ်လျှက်။ အသံများ ဆက်တိုက်ကြားနေ ရသည်။ ထိုကြားနေရသော အသံများကို ကျွန်တော်ပြန်လည်ပြောပြနေစရာမလိုပါ။ ကိုယ်တိုင်နားထောင်ကြည့် ဖို့သာ လိုအပ်ပါသည်။ ခေတ်ဝန်ကို ချီသည့် ပိုးသည့် စက်များကတော့ ဆူညံလျှက်။ ဆူညံနေသော ၀န်ချီစက် သည် ခေတ်တစ်ခေတ်ထဲ တဂျိန်းဂျိန်းလည်ပတ်လျှက်။

မင်းနဒီခ
၃၀၊ ဇူလိုင်၊ ၂၀၁၃