Saturday, October 26, 2013

ဒီနေ့တစ်နေ့လုံး ဒီကဗျာမပြီးမချင်း



ဒီနေ့တစ်နေ့လုံး ဒီကဗျာမပြီးမချင်း

မျက်လုံးနှစ်ဖက်ကို ပွတ်လိုက်တယ်။ အလင်းရောင်ဟာ တစ်ခါမှကို ကိုမမြင်ဖူးခဲ့သလို။ ခေါင်းကို ဘယ်ကနေ ညာဘက်ကို ပြန်စောင်းလိုက်တယ်။ ဘယ်နှနာရီရှိပြီလဲ။ အိပ်ခဲ့တဲ့ အချိန်လား။ နိုး/ နှိုးရမယ့် အချိန်လား။ အိပ်မက်လား။ တကယ်လား။ အထိအတွေ့က ပျော့အိနူးညံ့လို့။ ငါ့နံဘေး အိပ်နေတဲ့ ကြောင်တစ်ကောင်။ မဟုတ် ဘူး။ ဒီအိမ်မှာ ကြောင်မှ မရှိတာ။ ဟိုငေး ဒီငေး ဆယ်မိနစ်။ မျက်နှာသစ်။ ကိုးနာရီ။ သွားတိုက်။ ကိုးနာရီငါးမိနစ်။ မနက်စာကို အပြေးအလွှား အမှီလိုက်ရတယ်။ ဟင့်အင်း။ သမီးက အဲဒီမုန့်တွေ မကြိုက်ဘူး ဖေဖေ။ အဖေနဲ့ သမီးအကြိုက်ချင်းမတူတာ နောင်များပြဿနာ။ အမေဖြစ်သူက ခေါင်းကို တဖြည်းဖြည်း ခါတယ်။ လွင့်လာတဲ့
ရေမှုန်ရေမွှားတွေက သက်တန့်တစ်ခုကို ထမ်းပိုးလို့။ အခု ရေစက်တွေက ကြမ်းပြင်တလျောက် စီးကျနေတယ်။ ဘယ်လိုလုပ်မလဲ။ ဖုန်းဘီလ်ကုန်တာ မြန်တယ်။ မီတာအရမ်းတက်တယ်။ ဒါဆို ငါတို့ ကျောက်ခေတ်လို ပြန်နေကြ မလား။ မီးခြစ်က ခဏခဏပျောက်တယ်။ ဖွက်ယူလာတဲ့ စီးကရက်က နွမ်းဖတ်ပျော့ခွေလို့။ ဖေဖေ ဆေးလိပ် 
မသောက်နဲ့နော်။ အေးပါ မသောက်ပါဘူး သမီးရဲ့။ မေမေ ခေါ်နေတယ် သွားလိုက်ဦး။ သမီးလေးက လိမ္မာတယ်။
ဖေဖေက မမိုက်ပါဘူး။ တနင်္ဂနွေဆိုဒီသားအဖက တကျက်ကျက်။ ကြက်ဥက မကျက်တကျက်ကြော်။ နေ့လည်စာ အိမ်မှာပဲ စားမယ်ပြောပြီး အခု ရှင်က ဘယ်ကိုကြွ။ ခေါင်းအုံးကို မလိုက်တော့ မဖတ်ရသေးတဲ့ စာအုပ်တွေ။ အကြွေးရှင်ကို ကြည့်သလို ဒင်းတို့ကို ကြည့်ရင်း ငါအောက်ကျို့ရ။ ဖုန်းကလည်း အားကုန်တာမြန်တယ်။ လူကလည်း အားကုန်တာ မြန်တယ်။ ဒီလိုနေ့ဆို မင်းက အမြဲ မီးနီနေတာပဲ။ ငါလည်းဖြေးဖြေးမောင်းပါတယ်။ သူ့ဘာသာ လီဗာက ပြင်းပြင်းသွားတာ။ အခုဘယ်မှာ လဲ။ မကြားရဘူး ကိုနိုင်လင်း။ ဒါဆို အခုထွက်ခဲ့ပြီ။ မိုးတွေကလည်း အတိုးနဲ့ ရွာလို့ လမ်းတွေလည်းရွှဲ။ မိုးကာကို ဆွဲချွတ်လိုက်တော့ ဇီးကွက်တစ်ကောင် လန့်ပျံ သွားတယ်။ သမီးအိပ်ပြီလား။ ကွန်နက်ရှင်လေးကောင်းတုန်း ကွန်မန့်တစ်ကြောင်းလောက် ရေးလိုက်ဦးမယ်။ ဒီနေ့တစ်နေ့လုံး ဒီကဗျာမပြီးမချင်း ခင်ဗျားကိုလည်း အားနာမိပါတယ်။

မင်းနဒီခ
16 09 2013

အဲဒီမှာ အဲဒီလိုနဲ့ အဲဒီအတိုင်း နောက်ဆုံးကမ္ဘာ




အဲဒီမှာ အဲဒီလိုနဲ့ အဲဒီအတိုင်း နောက်ဆုံးကမ္ဘာ
အဲဒီမှာ အေးစက်နေတဲ့ မြို့ပြယဉ်ကျေးမှု ။ မဆုံးနိုင်တဲ့ ၀ါကျဟာ စာရွက်ထဲမှာ မွန်းကျပ် လှောင်ပိတ် လို့။ ပျော်ရွှင်ခြင်းတွေဟာ တွန့်ခေါက်တောင်တန်းတွေပေါ် တွားသွားသလို သွားတယ်။ ငါအိပ်ချင်ပြီ။ မျက်လုံးတွေ ပြန်မလာသေးဘူး။ ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ခိုင်မာမှုကို တည်ဆောက်ကြ။ ပွင့်လင်းမြင်သာမှု ဟာ မှောင်နဲ့ မည်း မည်းထဲ ထီးတည်းရှင်သန်နေတယ်။ အတ္တဟာ ကပ်ပါးကောင်တွေလို မျိုးပွားနေတယ်။ လွတ်လွတ်လပ် လပ်။ ကိုယ့်ချိန်သီးနဲ့ကိုယ် နေ့ရက်တွေကို လွှဲရမ်းလို့ အဖြေရှာတယ်။ ငါတို့ သုညကို အဖိုအမ ပုလ္လိင် နပုလ္လိင် ဘယ်လို ခွဲခြားဆက်ဆံ ဆန့်ကျင်ဆန္ဒပြလို့ရမလဲ။ အသီးအပွင့်ဟာ လတ်ဆတ်နေတုန်း တန်ဖိုးရှိသလို ကိုယ့် အသက်ကိုယ် ငွေ့ငွေ့ကလေးရှုရှိုက်နေရ။ ဖြစ်စဉ်ပြဇယားအရ ငါတို့ဟာ ဆန္ဒတစ်ခုနောက် ကို ပြေးလိုက် နေရ မှာပဲ မဟုတ်လား။ ဒါကိုကပဲ ငါတို့ကို ပိုပျော်နေစေ သလိုလို၊ ကျေနပ်နေစေသလိုလို။ တစ်ခါတစ်လေ လမ်းချော် သွားတဲ့ ရထားဘီးလုံးတစ်လုံးအောက် ငါတို့အသက်တွေ။ တစ်ခါတစ်လေ ရက်စွဲအတိအကျနဲ့ လိပ်စာ မှားပြီး ရောက်ရောက်လာတတ်တဲ့ ကော်ဖီပူပူတစ်ခွက်။ တစ်ခါတစ်လေ ဘတ်စ်ကား ထိုင်ခုံလုစီးရသလို အကျဉ်း အကျပ် ။ ဘာပဲဖြစ်ဖြစ် မိုးရာသီဆို မိုးတွေ တဖွဲဖွဲရွာကျလာသလို။ စာလုံးပေါင်း သတ်ပုံကို အမှန်အတိုင်း ပဲ လက်ခံလိုက်တယ်။ ကံကောင်းပါစေ။ ပျော်ရွှင်ပါစေ။ အိပ်မက်လှလှ မက်ပါစေ။ ဆုတောင်းခန်းဟာ မပြည့်တဲ့ အိုးတွေ ဘောင်ဘင်ခတ်သလို ခတ်နေတယ်။ လူတိုင်းဟာ မငြိမ်းသော ဖယောင်းတိုင်လေးများ ကိုယ်စီ နဲ့ ကိုယ်လမ်းကိုယ်လျှောက်လို့။ ကိုယ့်ဆန္ဒကိုယ် လူမြင်အောင်ဖော်ထုတ် လို့။ ကြေကွဲစရာ ရှိတဲ့အခါ တိတ်တိတ် လေးပဲ။ လူ့ယဉ်ကျေးများကမ္ဘာ ။ တစ်ယောက်ချင်းစီ ငြိမ်းချမ်းလာတဲ့အခါ ကမ္ဘာကြီးတစ်ခု လုံး ငြိမ်းချမ်းလာ မှာပဲ မဟုတ်လား။ အဲဒီလိုနဲ့ ယမ်းနံ့တွေ အရင်ရှူရှိုက်မိတဲ့အခါ ကျည်ဆံရဲ့ လာရာကို ငါတို့ မတွေ့လိုက်ရသလို။ အသက်ရှင်ခြင်းဟာ ဆပ်ပြာပူဖောင်းလေးလို ဖွားခနဲ့ ရေမှုန်တွေ။ ဒါဟာပဲ ငါတို့ ပျော်ရွှင်ခြင်း။ ဒါဟာပဲ ငါတို့ တိုးတက်မှု။ ငါတို့ဟာ အမြဲတမ်းလှုပ်နေတဲ့ အရုပ်တွေ။ ငါတို့ဟာ မမောတမ်း ကနိုင်တဲ့ဇာတ်ကောင်တွေ။ တိုက်ဆိုင်မှုမရှိတဲ့အခါ လူတိုင်းဟာ ဗီလိန်ပဲ။ အခြေအနေ တစ်ခုမှာ ငါတို့ အားလုံး ဟာ ကြောက်စရာ ကောင်းတဲ့ အကြမ်းဖက်သူ။ ငါတွေးတယ်။ ငါ မအိပ်ချင်သေးဘူး။ ငါ့မျက်လုံးတွေ ပြန်လာပြီ။ ငါပျောက်ဆုံး မှုဟာ ငါ့လွတ်လပ်ခြင်းပဲ။ ငါဘယ်ကိုသွားသွား ငါတွေ့တဲ့အရိပ်ဟာ ငါကိုယ်တိုင်ပါပဲ။ အဲဒီမှာ အမှန်တရားဟာ အမြင့်ကနေ ပျံလာတယ်။ ငါ မော့ကြည့် မိတဲ့အခါ အရာရာဟာ မှောင်မဲလို့။ မှိတ်မှိတ်သွားတဲ့ ငါ့မျက်ခွံတွေကိုပဲ အကြိမ်ကြိမ် ဆဲရေးမိတယ်။ အဲဒီမှာ ဒီလိုနဲ့တဖြည်းဖြည်း ပိုပျော်ရွှင်စရာကောင်းလာတဲ့ကမ္ဘာ။ အဲဒီ ပျော်ရွှင်ခြင်း မှာ ငါတို့ဟာ ကိုယ့်လက်ကိုယ်လွှဲ အသေကောင်များလို လမ်းလျှောက်လို့။ သူသူငါငါ မျှော်လင့်နေတဲ့ နောက်ဆုံးကမ္ဘာ။

မင်းနဒီခ
16 09 2013

Saturday, September 21, 2013

ပါးလိုက်တဲ့ကဗျာက လမ်းကြုံ မကြုံ



ပါးလိုက်တဲ့ကဗျာက လမ်းကြုံ မကြုံ

စာအုပ်အမည်           ကဗျာကြုံးပါးလိုက်တယ်
ရေးသူ                     မယ်ယွေး
ထုတ်ဝေသည့်ကာလ   ဇွန်လ၊ ၂၀၁၃
ထုတ်ဝေသည့်တိုက်    နှစ်ကာလများ

          ခေတ်အဆက်ဆက်ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးကဗျာစာဆိုတွေ ပေါ်ထွက်ခဲ့ပေမယ့် အရေ အတွက်အားဖြင့် နည်းပါးလွန်းခဲ့တာကို တွေ့ရပါတယ်။ ဒါဟာလည်း အမျိုးသားနဲ့အမျိုးသမီးတို့ရဲ့ လူမှု ပတ်ဝန်းကျင်ဆိုင်ရာမတူညီမှု၊ ရှေးရိုးစွဲအစဉ်အလာယဉ်ကျေးမှုအရ ခွဲခြားနှိမ်ချဆက်ဆံခံရမှု၊ မဟာ ဖိုဝါဒကြီးစိုးခဲ့မှု၊ အမျိုးသမီးဆိုရင် သေစာရှင်စာဖတ်တတ်ရင် တော်ပြီဆိုတဲ့ ကျွန်တော်တို့ ဘိုးဘွားများ ခေတ်ရဲ့သဘောထားဆိုင်ရာအားကောင်းမှု၊ ဗိုင်းကောင်းကျောက်ဖိအိမ်တွင်းပုန်းအိမ်ရှင်မအလေ့အထ ဖြစ်ထွန်းခဲ့မှု စတဲ့ အချက်အလက်အချို့နဲ့ အခြားအကြောင်းခြင်းရာများစွာတို့ကြောင့် အမျိုးသမီးများ အခန်းကဏ္ဍဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ စာပေအနုပညာဆိုင်ရာသမိုင်းဖြတ်သန်းမှုတလျောက် မှေးမှိန်ခဲ့ ပါတယ်။ ဒါပေမယ့် သူ့ခေတ်သူအခါနဲ့ ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးစာဆိုတွေဟာ နည်းပါးခဲ့ပေမယ့် တစ်ယောက်ဆိုတစ်ယောက် ထွန်းပေါက်အောင်မြင်၊ သမိုင်းမှတ်တမ်းတင်ကျန်အောင် အားကောင်း မောင်းသန်ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အင်းဝခေတ်မှာ မိဖြူ၊ မိညို၊ တောင်ငူခေတ် ရာဇဓါတု ကလျာ၊ အန်ချင်းစာဆို ရဝေရှင်ထွေး၊ ရခိုင်အမျိုးသမီးစာဆို မိညို၊ တောင်တွင်းရှင်ငြိမ်းမယ်၊ ကုန်းဘောင်ခေတ်တွင် မယ်ခွေ၊ ၊ နန်းမိဖုရားမမြကလေး၊ လှိုင်ထိပ်ခေါင်တင် စတဲ့ အမျိုးသမီးစာဆို တွေဟာ တစ်ခေတ်တစ်ယောက်ဆိုသလို အားကျအတုယူဖွယ်ကောင်းလောက်အောင် ဖြစ်ထွန်းခဲ့ တာပါ။ ဒါတောင်မှ သမိုင်းမှတ်တမ်းမကောင်းလို့ ကျန်ခဲ့တဲ့ အမည်မသိ အမျိုးသမီးစာဆိုတွေ ကျန်ရှိနိုင်ပါသေးတယ်။ကျွန်တော်တို့ ဒီဘက်ခေတ်လက်လှမ်းမှီသလောက်ပြောရရင် ခေတ်စမ်းကဗျာရဲ့ ကနဦး အမျိုးသမီးကဗျာဆရာများအဖြစ် ခင်စောမူ၊ နုယဉ်၊ ငွေတာရီ၊ စာပေသစ်ခေတ်မှာ ကြည်အေး၊ အနွဲ့(ရွှေဘို)၊ စမ်းသီတာ၊ မိုးဝေခေတ်အမျိုးသမီးကဗျာဆရာများအဖြစ် မစိမ်းပင်၊ မနီတာ၊ ဧဧသန်း၊ မရီဝေ၊ ခင်ဝင်းသစ်၊ မအိ၊ မိနှောင်း၊ မိုးဝေနောက်ပိုင်းခေတ်ပေါ်အမျိုးသမီး ကဗျာဆရာများအဖြစ် ကေမြနွယ်၊ ၊ ခင်မြဇင်၊ မနော်ဟရီ၊ မိကောက်၊ သွေး(စစ်ကိုင်း)၊ ၂၀၀၀ခုနှစ်နောက်ပိုင်း ခေတ်ပေါ် ခေတ်ပြိုင်အကူးအပြောင်းမှာ အတွေ့များလာတဲ့ အမျိုးသမီးကဗျာဆရာတွေအဖြစ် အိန္ဒြာ၊ ပန်ဒိုရာ၊ ငယ်ငယ် (ကျောက်ဆည်)၊ မျိုးမောရ၊ ညိုပြာဝိုင်၊ ၂၀၁၀ နောက်ပိုင်း အွန်လိုင်းအမျိုးသမီး ကဗျာ ဆရာများအဖြစ် အတွေ့များတဲ့ သီမာဝင်း၊ မယ်ယွေး၊ အမွန်မွန်း၊ မွန်းသူအိမ်၊ ချိုပိန်းနောင်၊ ခင်ဂျူး၊ မိငြိဏ်းခက်၊ ရွှေဆက်၊ သွယ်လေး၊ ခင်ဘုန်းဝေဇော် စသဖြင့် အမျိုးသမီး ကဗျာဆရာ ဖြစ်ထွန်းမှုဟာ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ၊ ခေတ်ပေါ်ပင်မရေစီးကနေ တရွေ့ရွေ့ဆက်လက် စီးဆင်းနေတာ ကိုလည်း တွေ့ရပါတယ်။ ၂၀၁၂- ၂၀၁၃ မှာ အမျိုးသမီးကဗျာဆရာတွေရဲ့ ကဗျာလုံးချင်းတွေ ဆက် တိုက်ထွက်ရှိလာတာကိုလည်း တွေ့ရပါတယ်။ ငယ်ငယ်(ကျောက်ဆည်)၊ ဝေမိုးအိမ်နဲ့ နှစ်ယောက်တွဲ ထွက်ရှိလာတဲ့ မျိုးမောရ၊ အိန္ဒြာ၊ သီမာဝင်း၊ အမျိုးသမီးကဗျာဆရာ(၃၅)ယောက် ပါဝင်ရေးသားတဲ့ ကြိုးညှိခြင်း စုပေါင်းကဗျာစာအုပ် စသည်ဖြင့် ဆက်တိုက်ဆိုသလို ထွက်ရှိခဲ့ပြီး ယခုနောက်ဆုံး ကဗျာ လုံးချင်းအဖြစ်ထွက်ရှိလာတဲ့ အမျိုးသမီးကဗျာဆရာကတော့ မယ်ယွေးပဲ ဖြစ်ပါတယ်။
ဆရာလွန်းဆက်နိုးမြတ်ကတော့ မယ်ယွေးဟာ ခေတ်ပြိုင်ကဗျာဒုတိယမျိုးဆက် ကဗျာဆရာ တွေထဲက တစ်ယောက်ပဲ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ အမှန်တကယ်လည်း မယ်ယွေးရဲ့ ကဗျာတွေဟာ ခေတ်ပေါ်ကဗျာဟန်ကနေ သိသိသာသာကွဲပြားဆန့်ကျင်နေပြီး စကားလုံးချိတ်ဆက်မှု၊ ကောက်ရစာသား/စကားလုံးသုံးစွဲမှု၊ Narrative သဘောဆန့်ကျင်ပြီး Open Form သုံးစွဲမှု၊ လိုင်းစီပုံ၊ အကြောင်းအရာ၊ တင်ပြပုံ၊  လက်ရှိလူမှုအဖွဲ့အစည်းကို မကျေနပ်မှု၊ ကဗျာထဲကနေ ကဗျာဖတ်သူကို ပြန်လှန်မေးခွန်းထုတ်မှု၊ ဖြစ်တည်ဆဲ စိတ်ခံစားမှုအခြေအပေါ်မူတည်ပြီး ကဗျာအာရုံဝင်စားမှု/ ကဗျာ တည်ဆောက်မှု စသဖြင့် ခေတ်ပြိုင်ဖြစ်မှုအားကောင်းလှတာကို တွေ့ရပါတယ်။ အခု မယ်ယွေး ရဲ့  `ကဗျာကြုံပါးလိုက်တယ်´ လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ်လေးကို ဆရာဇေယျာလင်းရဲ့ အင်တာဗျူး အမေးအဖြေနဲ့ စဖွင့်ထားပြီး ကဗျာ(၃၂) ပုဒ်ပါဝင်ပါတယ်။ ဇေယျာလင်းနဲ့ အနည်းငယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ အင်တာဗျူးဟာ မေးခွန်း(၇)ခုသာ ပါဝင်ပေမယ့် အဲဒီမေးခွန်းအတွက် အဖြေ (၇)ခုကို ဖတ်မိတာနဲ့တင် မယ်ယွေးဟာ ဘယ်လိုအမျိုးသမီးကဗျာဆရာဆိုတာ ကဗျာဖတ်သူက ဆုပ်ကိုင်မိစေမယ်လို့ ထင်ပါတယ်။ ဒီထဲက နည်းနည်းလောက် အစဆွဲထုတ်ပြရရင်`ကဗျာကို အလေး အနက်ထားပြီးပဲ အမြဲရေးခဲ့တယ်။ အတည်ပေါက်မရေးချင်ဘူး၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ ပါးပါး ပေါ့´`အကြောင်းအရာတစ်ခုကို တိတိကျကျ သတ်မှတ်ပြီး ရောက်အောင်သွားခြင်းဟာ ယွေးရဲ့ ကဗျာ ဗေဒမဟုတ်ဘူး´` စိတ်က ဘယ်သွားမှာလဲ။ သူ့နောက်လိုက်ဖမ်းရင်းနဲ့ ကဗျာဆုံးတော့ အံ့သြမိ တာ ချည်းပဲ´` တကယ်လို့သာ ဘယ်သူ့ကိုမှကိုယ်စားမပြုဘူးဆိုရင် အားလုံးကို ကိုယ်စားပြုတာ များလား´ စသဖြင့် မယ်ယွေးဟာ ကဗျာကို လွတ်လပ်စွာ၊ ပျော်ရွှင်စွာ ကိုယ်ပိုင်အယူအဆနဲ့ ရှင်သန်သူ တစ်ဦး ဆိုတာကို မြင်သာစေပါတယ်။
ပထမဆုံးစဖတ်မိတဲ့ကဗျာက ` မြို့က ဒီလိုပြ´။ ဒီလိုခေါင်းစဉ်ရှိဖူးတယ်လို့ အသည်းအသန် ပြန်စဉ်းစားလိုက်တော့ မောင်ယုပိုင်ရဲ့ ကဗျာတစ်ပုဒ်ကို တွေ့လိုက်တယ်။ ခေါင်းစဉ်ကအစ တူသယောင် ယောင်ရှိပေမယ့် ကွဲနေတယ်။ ` မြို့က ဘယ်လိုပြ´ဆိုတဲ့ ကဗျာ။ မောင်ယုပိုင်ဟာ မြို့ပြ ဘ၀ကို တကယ့်အရှိတရားတွေကို သွေဖယ်ပြီး ရေးတယ်။ ဥပမာ- လူကို တစ်ကောင်လို့ သုံး တာမျိုး၊ ထီးတွေ သည်းလာပေမယ့် မိုးမှပါမလာတာဆိုတဲ့ Surrealism ဆန်ဆန် အရေးအသား လိုမျိုး၊ မောင်ယုပိုင်ဟာ မြို့ပြရဲ့မွန်းကျပ်မှုကို ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှု တွေနဲ့ ဖော်ပြတယ်။ မြို့ပြရဲ့ အဆီအငေါ်မတည့်တဲ့ ယဉ်ကျေးမှုကို စကားလုံးအတွဲအစပ်လှလှပပနဲ့ ဖော်ကျူးတယ်။ မယ်ယွေးကျ တော့ မောင်ယုပိုင်နဲ့ မတူဘူး။ မယ်ယွေးက တကယ့်အရှိတရားတွေ လက်တွေ့ကြုံဆုံနေရတာတွေနဲ့ ကြားနေရတဲ့ အသံတွေနဲ့ တိုက်ရိုက်ဖော်ကျူးတယ်။ မြို့ကို ဒီလိုပြလိုက်တယ်။

သံပန်းကို ဆောင့်ကန်လျက်
လှေကားအတိုင်းတက်လာတဲ့ ယိမ်းထိုးရမ်းကားသံ
မျက်နှာကျက်ပေါ်က အော်ဟစ်ဆဲဆိုပြေးလွှားနေသံ
ကွန်ဒို အဆင်မြင့်အိမ်ရာယဉ်ကျေးမှုတွေလောက်တော့
ကန်ထရိုက်တိုက်လေးက ဘယ်မျှော်လင့်လို့ရမလဲ

          ဒါက လက်ရှိမြို့ပြအပေါ် မယ်ယွေးရဲ့ အမြင်။ နောက်ထပ်ဒီကဗျာတစ်ပုဒ်မှာပဲ နောက်ထပ် ကဗျာတစ်ပုဒ် သတိရမိစေပါတယ်။ အဲဒီကဗျာကတော့ ဆရာမကြီး ကြည်အေးရဲ့ တစ္ဆေပါပဲ။ ` အိပ်လို့မရ၊ ညကြီးမင်းကြီး၊ ထပြီးထိုင်နေ၊ အိပ်ယာတွေလည်း၊ ကြေမွတွန့်လိပ်၊ သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်၊ ခိုတွယ်စရာ၊ အတည်မကျ´။ စိတ်ကူးယဉ်ဝါဒီ၊ အတ္တအမှန်လွန်ဝါဒီလို့ သူ့ခေတ် သူ့အခါက သတ်မှတ်ခံခဲ့ရတဲ့ ဆရာမကြီး ကြည်အေးရဲ့ အငွေ့အသက်ကို မယ်ယွေးရဲ့ဒီကဗျာမှာ ကျွန်တော် ထပ်ရမိပါတယ်။

Oversea ဆိုတာမျိုးကလည်း Over Money ဖြစ်နေမှ ဆိုတော့ကာ
Mind Over ဖြစ်မသွားစေဖို့
Woofer ကို အသံတိုး ကိုယ့်နားနှစ်ဖက် ကြားနိုင်ရုံ
ညည်းတွားဆိုပေါ့
……..
မျှော်လင့်ချက်နဲ့ အသက်ရှင်ရင် သေတာကြာပေါ့
ခေါင်းပေါ်မှ သနပ်ခါးသွေးသံ၊ ငရုတ်ဆုံထောင်းသံ
နံရံတခြားတစ်ဖက်မှ Volume ဂိတ်ဆုံး သီချင်းသံများ
ဆယ်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသူများဆီက ဟောက်သံ
နေ့လားညလား နေရမည်မှာ ခြောက်လသာ ရောဂါသည်နဲ့
ဟိုဘက်လိမ့် ဒီဘက်လှိမ့် မကုန်ဆုံး မလွန်မြောက်နိုင်တဲ့ စိတ္တဇညများ

        နောက်ထပ် သတိထားမိတဲ့ကဗျာတစ်ပုဒ်ကတော့ `ကြားအောင်ပြော ဒီအခန်းက လိုင်းမမိဘူး´ ဆိုတဲ့ ကဗျာ။

<ငါလည်း နင့်ဆီ ဆက်မလို့ပဲ>
ကျူရှင်သွားရမှာလည်း ပျင်းစရာပဲ
အိမ်မှာနေ စာဖတ်
ယဉ်ပြီးသား ဓါတ်ပုံနှစ်ပုံ နေရာပြောင်းကပ်
<ဘာဖြစ်ပြန်တာလဲဟယ်>
အကြောညပ်သလောက်ပါပဲ ညပ်နေတုန်း ခဏပဲ
စိတ်က မကောင်းဘူး ကစားမလား နား(မလား.. မေမေ
စီလင်းတိုက်တော့ သောက်မယ်) တာနဲ့ နံရံတစ်ချပ်စီ ပြေးကပ်ပြန်
အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကြောင့် ဒီလိုပဲ အမြဲခေါင်းကိုက်နေရ(တဲ့)

ဒီကဗျာတည်ဆောက်ပုံက သူငယ်ချင်းနှစ်ဦးဖုန်းဆက်တာကစလိုက်တယ်။ ပထမတစ် ကြောင်း ပြီး နောက်တစ်ကြောင်းဖတ်ဖို့ လိုင်းကူးလိုက်တာနဲ့ ကဗျာရဲ့ခေါင်းစဉ်က ကျွန်တော်ကို လာ ရိုက်တယ်။ ဒီအခန်းက လိုင်းမမိဘူး။ တစ်ဖက်ကလည်း စကားတွေပြောနေတယ်။ တစ်ချို့စကားတွေက လမ်း ကြောင်းမှန်ပြီး တစ်ချို့စကားတွေက အစီအစဉ်ကျနမှုကင်းမဲ့။ ဒီကဗျာထဲမှာ စတင်ဖုန်းဆက်တဲ့ အမျိုး သမီး တစ်ယောက်ရဲ့ အထီးကျန်မှု၊ သမားရိုးကျအစဉ်အလာဖြစ်မှုကို ငြီးငွေ့မှု၊ ကယောင် ခြောက်ခြား ဖြစ်နေမှု၊ တစ်ယောက်တည်း စကားပြောနေသလိုလို၊ ကျန်းမာရေးမကောင်းမှု၊ တစ်စုံတစ်ရာကို အစွန်းရောက်အကြမ်းဖက် ပစ်လိုက်ချင်တဲ့အထိ စိတ်ညှိုးနွမ်းနေမှု စတာတွေကို တွေ့လိုက်ရတယ်။ နောက်ထပ်ေ၀၀ါးမှုက ကဗျာထဲမှာ အဓိကဇာတ်ကောင်ရဲ့ နှုတ်ထွက်စကား ဖြိုး ဆိုတဲ့ အမည်နာမဟာ သူမနဲ့လက်ရှိဖုန်းပြော နေသူလား။ ဒါမှမဟုတ် အခြားတစ်စုံတစ်ယောက်လား ဆိုတာကိုတောင် မဝေခွဲ နိုင်တဲ့အထိ လိုင်းမမိတဲ့အခန်းထဲကနေ မယ်ယွေးက ကြားအောင်ပြောနိုင်ခဲ့ပါတယ်။
နောက်ထပ် သတိထားမိတဲ့ ကဗျာနှစ်ပုဒ်ကတော့ `ကဗျာအိပ်ယာဝင်´ နဲ့ ` ၀ူ ၀ူ ၀ူ ၀ူ´ပါပဲ။ `ကဗျာအိပ်ယာဝင်´  ကဗျာမှာ တည်ဆောက်ပုံအရ သာမန်ကဗျာတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ဒီကဗျာကို Upgrade ဖြစ်သွားစေတာက ကဗျာထဲမှာ  ကွင်းစကွင်းပိတ်နဲ့ (၀ါးး) ဆိုတဲ့ စကားလုံးတွေ ညှပ်ညှပ် ထည့်ထားတာပါပဲ။ ဒါဟာဒီကဗျာရဲ့ကဗျာဖြစ်မှုကို တမင်အချိုးဖျက်လိုတာလို့ပြောလို့ရသလို ခေတ်ပြိုင် ကဗျာရဲ့ တည်ဆောက်မှုတစ်မျိုးလို့လည်း ပြောလို့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ ` ၀ူ ၀ူ ၀ူ ၀ူ´ မှာလဲ ဒီအတိုင်းပါပဲ။ ကဗျာကို ဖတ်နေရင်းနဲ့ ကဗျာထဲ ၀ူဝူ၀ူဝူဆိုတဲ့ အသံတွေဟာ ကိုယ်တိုင် ကြားနေရသလိုပါပဲ။ နောက်ထပ် မယ်ယွေးရဲ့ ယခုလို ပြုလုပ်ထားတဲ့ ကဗျာလို့ ပြောလို့ရတဲ့ ကဗျာတွေ လည်း တွေ့ရပါတယ်။ အဲဒါတွေကတော့ ကဗျာကြုံပါးလိုက်တယ်၊ ခါးတာက ဆေးတာက ပန်းကန် တာကဘောလုံး၊ အသင်းအဖွဲ့ စိတ်ဓာတ် စတဲ့ ကဗျာတွေပါပဲ။  
ဒီလိုနဲ့ နောက်ထပ် တစ်ပုဒ်ပြီး တစ်ပုဒ် မယ်ယွေးရဲ့ ကဗျာတွေက လှုပ်နေတယ်။ ပြေးနေတယ်။ သူ့ကဗျာတွေ ဖတ်ရတာ မနားတမ်းစကားပြောနေတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ကောက်ရ လိုက်သလိုပဲ။ နားတော့ ညည်းတယ်။ ကြာတော့လည်း အဲဒီနားညည်းခံရတာလေးကိုပဲ သဘောကျ နေရသလိုလို။ နောက်ထပ်သတိထားမိတာက မယ်ယွေးရဲ့ ကဗျာတစ်ပုဒ်တည်ဆောက်ဟန်ကိုပါ။ မယ်ယွေးဟာ သူမရဲ့ ပစ္စုပ္ပုန်ကာလကို အဖွဲ့များတယ်။ သူမဟာ စကားလုံးတွေကို ဓါတ်ပုံကင်မရာ တဖျတ်ဖျတ်ရိုက်သလို သုံးစွဲတယ်။ သူမရှေ့ရောက်လာတဲ့ အရာတိုင်းဟာ ကဗျာပဲ။ သူ့စကားလုံးတွေ ကင်မရာဖလက်ခ်ျဂန်းမီးပွင့်သလို တဖျတ်ဖျတ်ပွင့်လို့ နေတယ်။ နောက်တစ်ခုကတော့ မယ်ယွေးဟာ သူရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို နောက်ထပ်သူရေးတဲ့ ကဗျာတစ်ပုဒ်တစ်လေမှာ ထည့်သုံး တတ်တာလေးကိုလည်း သတိထားမိပါတယ်။ သူပြောခဲ့သလို ကဗျာရေးနေစဉ် ကြားလိုက်မိတဲ့ အသံ တွေ၊ စကားလုံးတွေ၊ အဖြစ်အပျက်တွေ အဲဒါတွေကို ကြုံသလိုယူသုံးသွားတာတွေဟာ ကဗျာ မြောက် ပြီး လှပလှုပ်ခတ်နေတာကို တွေ့ရပါတယ်။
        မယ်ယွေးကတော့ ဒီကဗျာစာအုပ်မှာ သူအကြိုက်ဆုံးလို့ မပြောနိုင်ပေမယ့် သူခေါင်းထဲ အမြဲမှတ်မိနေတဲ့ ကဗျာတွေအဖြစ် ခါးတာက ဆေး တာကပန်းကန် တာက ဘောလုံး၊ ၂၀ မှာ ၁ ပေါင်းဦးမယ့် သူမ၊ ဂျွန်လ နှစ်ဆယ့်ငါး၊ ဒီနေရာဟာ၊ ဆိုတဲ့ စာသားတွေသာ အပြောမဟုတ်၊ လပြည့်ည အခါသမယမှာ လို့ ဆရာဇေယျာလင်းနဲ့ အင်တာဗျူးမှာထည့်ပြောသွားပါတယ်။ ဘာပဲဖြစ်ဖြစ် မယ်ယွေး ကတော့ ကဗျာကြုံပါးလိုက်ပါပြီ။ ကဗျာဖတ်သူနဲ့ ပါးလိုက်တဲ့ကဗျာ လမ်းကြုံ မကြုံသာ ကျွန်တော်တို့  မျှော်လင့်ရမှာပါပဲ။ ကျွန်တော်ကတော့ ကဗျာကြုံရင် အသေအချာဖွင့်ဖတ်ကြည့်ဖို့တော့ အကြံပြုလိုက် ပါရစေ။

မင်းနဒီခ
၁၆၊ စက်တင်ဘာ၊ ၂၀၁၃