Sunday, June 18, 2017

အေးမြ

အေးမြ
အေးမြ
ဆံပင်ရှည်ရှည်လေးကို နှစ်ဖက်ခွဲစည်းထားတာ
ညိုညက်ညက်ပါးပြင်ပေါ်ပါးကွက်ပါးပါးလူးထားတာ
အေးမြ
ပြုံးလိုက်တိုင်း
ကလေးတစ်ယောက်လို ရှင်းသန့်ဖြူစင်လို့
အေးမြ 


ကြည့်လိုက်တိုင်း
ရိုးသားမှုက အထင်းသားပေါ်လွင်လို့
အေးမြ
သူ့အနားရောက်တိုင်း
မြင်သူတိုင်းကို အေးမြစေလို့
အေးမြ
နေ ဘယ်လို ပြင်းပြင်း
နွေ ဘယ်လောက်ပူပူ
ချစ်တဲ့ စိတ်နဲ့ပဲ အေး တယ်
ချစ်တဲ့ စိတ်နဲ့ပဲ မြ တယ်
အေးမြ
ဘယ်လောက်ဝေးဝေး
ဘယ်လောက်ကွာကွာ
မမြင်မတွေ့ရဘဲ
နာမည်လေး ကြားလိုက်မိရင်ကို
အေးပြီး မြလို့။
မင်းနဒီခ
၁၉၊ ၂၊ ၂၀၁၆
( မကွေးခရီးစဉ်တလျောက်လုံး ဂရုစိုက်ကူညီပေးခဲ့တဲ့ ညီငယ် အောင်ကိုမြတ်အတွက် လက်ဆောင်ပါ)

အမှတ်တရပြောပြိုင်ပွဲ

အမှတ်တရပြောပြိုင်ပွဲ

ချစ်သူရေ
ငါတို့ အမှတ်တရအပြောပြိုင်ရအောင်
နိုင်တဲ့သူက ရှုံးတဲ့သူကို အနမ်းလက်ဆောင်တစ်ခါပေးကြေးပေါ့ 
ဘယ်လိုလဲ
ငါ့ဗီရိုလေးထဲက စာရွက်ခေါက်လေးအကြောင်း ငါ စပြောရင်
မင်း ရှက်နေမလား
ဒါမှမဟုတ်
မင်းလက်ဆောင်ပေးတဲ့ နေဗီယာ ဒေးခရင်မ်အကြောင်းက စပြောရမလား
မင်္ဂလာဆောင်မယ့်သတို့သား စက်နှိုးမရတဲ့ ကားတွန်းခဲ့ရတာ
အရင်ပြောရမလား
ငါ့ စက်ဘီးကယ်ရီယာခုံလေးနောက်မှာ စီးချင်တယ်ပြောတဲ့နေ့မှ
စက်ဘီး ပေါက်နေတာ ငါတမင်လုပ်တာ မဟုတ်ဘူးနော်
အဲဒီနေ့က
စိတ်ဆိုးနေတဲ့ကောင်လေးကို ကော်ပြန့်လိပ်ဝယ်ပြီး လာပို့ခိုင်းတာ ဘယ်သူလဲ
အဲဒီ နယူးရီးယားမှာ ပထမဆုံး မင်းမောင်းတဲ့ဆိုင်ကယ်နောက်က ထိုင်စီးဖူးတာလေ
ငါက ငါ့ကို ဖြတ်သွားတဲ့ မင်းကို ပြန်ဆက်ဖို့ ကြိုးစားနေတုန်း
ငါ လက်မှတ်ဖြတ်ထားတဲ့ ကားက ငါ့ရှေ့ကနေ ဖြတ်သွားတဲ့အကြောင်း ပြောရမလား
စိတ်ဆိုးဆိုးနဲ့ ရေထချိုး ဆောင်းညကြီးနဲ့မှ တည့်တည့်တိုးတာ ပြောရမလား
၁၂ ရက်နေ့ အကြောင်း ငါ အမှတ်ရသလို မင်းလည်း အမှတ်ရမှာမို့
ငါ အရင်ပြောရမလား မင်း ပြောဖို့ ချန်ထားပေးရမလား
၆ ရက်နေ့မှာ ပေးတဲ့ လက်ဆောင်တွေကို ငါမမေ့ဘူးဆိုရင်
၁၈ ရက်နေ့မှာ ပေးတဲ့ လက်ဆောင်တွေကို မင်း ပြောတော့မှာ ငါသိတယ်
အဲဒီနေ့က ငါက ကျိုင်းတုံမှာ
ဆက်သွယ်ရေးက ငါ့နာမည်နဲ့ ဖုန်းဝင်လာတော့
ငါ အံ့သြသွားတာ
ပြီးတော့ ဝမ်းသာစရာ အကောင်းဆုံးစကားကို မင်းငါ့ကို ပြောခဲ့တာ ငါမှတ်မိပါတယ်ကွာ
ဗယ်လင်တိုင်းဒေး လက်ဆောင်တွေကို ငါဘယ်လို ပေးခဲ့တာ
ဗယ်လင်တိုင်းဒေးအမှတ်တရ ကဗျာတွေ ငါ ဘယ်လို ရေးခဲ့တာ
ငါတို့နှစ်ယောက် စကားများတာ ငါတို့နှစ်ယောက် ပြန်ချစ်ကြတာ
ကျခဲ့တဲ့ မျက်ရည်တွေလည်း အမှတ်တရပဲပေါ့
ရယ်မောခဲ့တဲ့ ပျော်ရွှင်မှုလည်း အမှတ်တရပဲပေါ့
မင်း မတက်ရသေးတဲ့ ဆိုင်ကယ်ကို ငါမောင်းထွက်ခဲ့တာ
ငါ မဖတ်ရသေးတဲ့ ကဗျာတစ်ပုဒ်ကို မင်း တိတ်တိတ်ရေးထားတာ
တောင်ကြီးလက်ဖက်ရည်ဆိုင်က အီကြာကွေးလည်း အမှတ်တရပဲ
စားပွဲပေါ်က ပြုတ်ကျသွားတဲ့ မိုက်ကရိုဖုန်းလည်း အမှတ်တရပဲ
အစ်မရယ် ကောင်လေး သနားပါတယ် ဆိုတာလည်း အမှတ်တရပဲ
ဟေ့ကောင် မင်း မမကြီးကို တကယ်ချစ်နေတာလားလည်း အမှတ်တရပဲ
အမေ့ခြံထဲက စံပယ်ပွင့်တွေကို တွေ့ရင် အမှတ်ရ ရပြန်သလို
ခရော့ဆင့်ဆိုင်လေးရှေ့ရောက်တိုင်း ကိတ်သေးသေးလေးတွေ အမှတ်ရ ရပြန်တယ်
အိမ်သေးသေးလေးထဲက ချစ်ခြင်းမေတ္တာကြီးကြီးတွေအကြောင်း ပြောရမလား
ကျားကြီး ခြေရာကြီးသလို အိမ်ကြီးသလောက် ထပ်ကြီးလာတဲ့ ချစ်ခြင်းတရားအကြောင်း ထပ်ပြောရမလား
သမီးလေးအကြောင်း ပြောရင် မင်းနဲ့ငါ အမှတ်တရတွေက အတူတူ
သူ နို့စို့ပုံ၊ သူနို့ဗူးသောက်ပုံ၊ သူ အိပ်ပျော်နေပုံ၊ သူစကားပြောပုံ၊
သူ လေးဘက်ထောက်သွားပုံ၊ သူလမ်းလျှောက်ပုံက အစ
သူ ပြေးဆော့ပုံ၊ သူ ကဗျာရွတ်ပုံ၊ သူ မူကြိုတက်တာအလယ်
သူ သနပ်ခါးလိမ်းပုံ၊ သူအင်္ကျီ ရွေးပုံ၊ သူ အိုက်တင်များလာပုံ၊ သူကျောင်းဆင်း ကျောင်းပြန်အဆုံး
ငါတို့ အတူတူပြောကြရမှာ
ပြီးတော့ ဖေဖေနဲ့ မေမေ စကားတွေပြောတာ နားညည်းလိုက်တာလို့
သမီး မပြောခင် ငါတို့ ပါးစပ်တွေကိုပိတ်
တိုးတိုးတိတ်တိတ် ကြိတ်ပြုံးပြီး အိပ်လိုက်ကြရမှာ
အမှတ်တရဆိုတာ နေ့တိုင်း ငါတို့သယ်ဆောင်လာတဲ့ ချစ်ခြင်းမေတ္တာ
ငါတို့နဲ့ အချိန်တိုင်း တည်ရှိနေတဲ့ ပုံရိပ်အစစ်ပမာ
အမှတ်တရတွေကို ငါတို့ပြိုင်ပြောလို့ ဘယ်သူ နားထောင်ချင်မှာလဲ
လာ အချစ်
တိတ်တိတ်လေးပဲ ပြော
တိုးတိုးလေးပဲ နားထောင်
ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး
ညပေါင်း တစ်ထောင် လပေါင်း တစ်သောင်း
အမှတ်တရတွေ ငါတို့ ပြန်ပြောင်းပြောရအောင်။
မင်းနဒီခ
၁၄၊ ၂၊ ၂၀၁၇

အလွမ်းဖြစ်ရုပ်ကြွင်း

အလွမ်းဖြစ်ရုပ်ကြွင်း
.. . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
သူများတွေ ပျော်နေတာ ကြည့်ပြီး
ပျော်မိတယ်။
သူတစ်နေရာ ကိုယ်တစ်နေရာဆိုပေမယ့်
ကိုယ့်အတွေးမှာ သူရှိနေတော့
ကိုယ့်ဘေးနား သူရှိနေသလိုလို
လွမ်းတယ်ဆိုမှတော့
ဘယ်ရာသီဥတုနဲ့ဖြစ်ဖြစ် လွမ်းမိတာပါပဲ။
ရွံ့နွံတော လျှောက်တံတားပေါ်
သူ့လက်ကလေးကိုင်ပြီး လျှောက်ခဲ့ပုံ
ကျောက်တုံးဥယျာဉ်မှာ
ကိုယ့်ပခုံးလေးမှီပြီး သူမှေးစက်ညွှတ်နူးခဲ့ရပုံ
မိုးပျံတံတားပေါ်
တစ်ယောက်လက်ကို တစ်ယောက်ဆွဲ
ပြေးတက်ခဲ့ကြပုံ
နန်းမြင့်မျှော်စင်ပေါ်ကနေ ကြည့်ငေးရင်း
မိသားစုမျှော်စင်လေးတစ်ခု
စိတ်ကူးနဲ့ ဆောက်ဖြစ်ခဲ့ကြပုံ
ပန်းဝင်္ကဘာထဲ
သူနဲ့ကိုယ် တစ်ယောက်တစ်လမ်းစီ ကွဲတော့
တကယ် ဝေးများ ဝေးရင်ဆိုတဲ့ အတွေးနဲ့
ပိုနွေးထွေးခဲ့ကြပုံ။
အရာရာဟာ
အခု မြင်နေရတဲ့အတိုင်း
ရုပ်ရှင်းအနှေးပြကွက်တစ်ခုလို
ကိုယ့်ရှေ့မှာ တခန်းပြီး တခန်းဆက်လို့
ချစ်တဲ့ စိတ်နဲ့ အသက်ဝင်တယ်
ချစ်တဲ့ စိတ်နဲ့ ဆက်ဖြစ်တည်တယ်။
ဘယ်တော့မှ မပြောင်းဘူး
ဘယ်အကြောင်းနဲ့မှ မပျက်ဘူး
နှလုံးသားပြတိုက်ရဲ့ အနက်ရှိုင်းဆုံးနေရာထဲ
ကမ္ဘာတည်မယ့်
အလွမ်းဖြစ်ရုပ်ကြွင်းများနဲ့။

မင်းနဒီခ
၂၂၊ ၅၊ ၂၀၁၆

သူငယ်ပြန်မိုး

သူငယ်ပြန်မိုး

ညီမလေးရေ
လူခြေတိတ်မှ မိုးက ခိုး ခိုးရွာသလို
မငိုတော့ဘူး ဆိုပေမယ့်
လွမ်းစိတ်က စို့ စို့ စိုတယ်။
သံသရာအဆက်ဆက်ဝဋ်ကြွေးနဲ့
လေးကြောင်းမျဉ်းလေးပေါ် ရေးထားတဲ့ ချစ်ခြင်းတရားလို
မလှပခဲ့ဘူးဆိုရင်တောင် သတ်ပုံမှန်ခဲ့တယ်
မဝိုင်းစက်ခဲ့ဘူးဆိုရင်တောင် ညီညာခဲ့ပါတယ်။
ဒီလိုပါပဲ
သတိရစိတ်တွေ သည်း သည်းလာတိုင်း
ရွာနေတဲ့ မိုးကို လက်နဲ့ ခံ
ပါလာတဲ့ မိုးစက်မှာ
မင်းမျက်နှာလေးကို ရှာကြည့်လိုက်တယ်
ပြန်အိပ်ပါတော့ အလွမ်းရယ်။
ငါတို့
ဝေးခဲ့ကြပါတယ်။

မင်းနဒီခ
၎ အောက်တိုဘာ ၂၀၁၃

Thursday, June 15, 2017

ကာတွန်းကား

ကာတွန်းကား
——————
ကာတွန်းဟာ ကားထဲက ထွက်ပြီး
ငါ့သမီး မျက်လုံးထဲ ဝင်သွားတယ်
မိုးပျံပူဖောင်းအနက်တွေဟာ
ဘယ်တော့မှ မိုးပေါ်ပျံတက်ခွင့် မရကြ
လက်တစ်ဖက်ကို မြောက်လိုက်တယ်
အတောင်ပံတစ်ဖက် ပြုတ်ကျလာတယ်
တိမ်တွေကို စုချည်ပြီး
သိုးတစ်ကောင်ရဲ့ ကျောပေါ်ကပ်ပေးလိုက်တယ်
"ပေးစမ်း ဘယ်မှာလဲ တီဗီရီမု ပေးစမ်း"
"ဖေဖေ ပြောင်းပစ်မှာစိုးလို့
တီဗီရီမုကို သမီးဝါးစားပစ်လိုက်တယ် ဖေဖေ"
အိမ်တံခါးတွေဟာ သော့ကြီးဖွင့်လျက်တန်းလန်း
လူဆိုးတွေဟာ ဇာတ်ဝင်ခန်းထဲကနေ ပျောက်သွားတယ်
ဒီတစ်ကားပြီးလည်း
နောက်တစ်ကားဆက်ကြည့်ဦးမှာပဲ
ဂျော်နီစတိုင်းဟာ ခရီးဆောင်အိတ်ကြီး လွယ်ပြီး
ထပ်ခိုးပေါ်ကနေ နောက်တစ်ခါပြုတ်ကျလာတယ်
"ပိတ်စမ်း ပိတ်စမ်း
အဲ့ဒါ သမီး မကြည်သင့်တဲ့ ဇာတ်ဝင်ခန်းတွေ"
ဒရက်ကူလာ ကောင့်ဒရက်က သူ့သမီး မာဗီကို တားမြစ်သလို
ငါလည်း ငါ့သမီးကို တားမြစ်
ကာတွန်းကားတောင်
ရှေ့ကို ကျော်ပြီး ရစ် ရစ်ကြည့်ရတယ်
ကြွက် က အခုထိ ကြောင်ကို နိုင်နေတုန်းပဲဆို
သမီးမေးရင် ငါဘယ်လို ပြောရပ
"သမီး မျက်လုံးကို
ဖွင့်ကြည့်လို့ ရပြီလား ဖေဖေ"။

မင်းနဒီခ
၃၀၊ ၅၊ ၂၀၁၇

Friday, June 9, 2017

Battle Los Angeles ကြည့်ရင်း ခေတ်ကြီးရှေ့ မှောက်ရက်လဲ

Battle Los Angeles ကြည့်ရင်း ခေတ်ကြီးရှေ့ မှောက်ရက်လဲ

အခုဆိုရင် ဆင်ခြေဖုန်းအရပ်ကလူတွေကို အရင်ဆုံးရွေ့ပြောင်းသယ်ဆောင်ပေးနေပြီ
ကြက်ခြေနီလူငယ်တွေဟာ မနားတမ်းမမောတမ်းပြေးလွှားလို့
အော်ဟစ်နေတယ် ပတ်တီးလိပ်တွေ မြန်မြန်ပေး လူနာက သွေးထွက်လွန်နေပြီ
မိသားစုတွေဟာ မိသားစုတွေမဟုတ်တော့ တကွဲစီ တပြားစီ တစ်နေရာစီ
အားလုံးကြားသိထားတဲ့အတိုင်းပဲ သတင်းတွေက တော်တော်ဆိုးတယ်
မျှော်လင့်ထားသလို မျှော်လင့်မထားသလို အဖြစ်အပျက်ကြီးဟာ ဖြစ်လာတာပဲ အနှေးအမြန်
ယာဉ်ကြောတွေဟာ ပိတ်ဆို့လို့ ဟွန်းတီးသံတွေတောင် မကြားရတော့
သူတို့တွေဟာ ကမ်းခြေမှာ စစ်ရေးလေ့ကျင့်နေတုန်းပဲလား
အားလုံး တန်းစီ သတိဆွဲ ဖြောင့်ဖြောင့်ရပ် ကြယ်သီးတပ်ထားလား နားကျပ်တပ်ထားလား
တော်လဲသံကြီးမကြာခင် ကြားရတော့မယ် ထားခဲ့ အဲဒီအဖိုးမတန်တဲ့ စာအုပ်တွေထားခဲ့
ကလေးတစ်ယောက်ဟာ အပျက်အစီးတွေကြားထဲကနေ ပြေးလွှားပြီး
ပြိုကျတော့မယ့် အဆောက်အအုံထဲ ၀င်သွားတယ်
ဘယ်သူမှ လှမ်းတားမြစ်ဖို့ အော်ငေါက်ပစ်ဖို့ သတိမရကြ
ရသလောက်နဲ့ ကိုယ့်ရိက္ခာကိုယ် အမြန်သယ်ရတယ်
ကယ်ဆယ်ရေးစခန်းတွေလည်း မလုံလောက်တော့ဘူး အလှူခံထွက်ကြရတော့မယ်
ဘုရားရေ အဲဒါတကယ်ကြီးလား အတိုက်အခံတွေ တိုက်ခိုက်ခံလိုက်ရတယ်ဆိုတာ
တိတ်တိတ်နေ တိတ်တိတ်နေ ဂြိုဟ်သားတွေဟုတ်လား မဖြစ်နိုင်ပါဘူး
ရန်သူ့ဘက်ဆီမှာ လက်နက်ကြီးရှိတယ် သူ့တို့ ကိုယ့်အိမ် ကိုယ်တော့ ပြန်မီးရှို့မှာ မဟုတ်ဘူး
ဖိုက် ဖိုး သရီး တူး ၀မ်း ကဒ် အက်ရှင်
အသက်ရှင်နေတဲ့လူတွေ ရှိသေးလား မသေသေးရင် မြန်မြန်ပြန်ဖြေကြ
ဟိုမှာ အသက်ကယ်လေယာဉ်တွေ ဆီဖြည့်နေတုန်း မြန်မြန်ပြန်ဖြေကြ
ဝီဇီမရှိရင် လက်ခေါက်မှုတ်တတ်အောင် သင်ထား
မီးကျည်မရှိရင် ကိုယ့်ကိုယ်ကိုယ်မီးရှို့ပြီး အချက်ပြကြ
မျက်စိရှင်ရှင်ထား အခုအချိန်ကတော့ အဖြေမရှိတဲ့ မေးခွန်းတွေချည်းပဲ
မျက်ခြေမပြတ်အောင် ကိုယ့်ခြေရာကိုယ် ပြန်ကောက်ယူကြည့်ရတယ်
ဖုန်မှုန့်တွေဟာ လေထဲ ၀ရုန်းသုန်းကားလွင့်လို့ မျက်လုံးကို လက်နဲ့ကာထားရတယ်
မင်းနာမည်ဘယ်လိုခေါ်သလဲ မြူလန်းဒါး ဒါဟာ အစစ်အမှန်ဖြစ်နေတာပဲလို့ ငါသုံးသပ်တယ်
သေနတ်သမားတွေကတော့ အခုထက်ထိ မည်းမည်းမြင်ရာ ပစ်နေတုန်းပဲ
ငါကလည်း ကံဆိုးတယ် ပထမဆုံးလာတဲ့ ကျည်ဆံကိုမှ တည့်တည့်ကြည်မိတယ်
မီးဖိုခန်းကြည့် ရှင်းတယ် စာဖတ်ခန်းကြည့် ရှင်းတယ် ရှူး ခြေသံတိုးတိုး ဒါဘုရားခန်းပဲ
ဆေးရုံတွေဟာ သပ်သပ်ရပ်ရပ်နဲ့ လူနာတွေကို စောင့်ကြိုဖို့ ပြင်ဆင်နေကြတယ်
ရုတ်တရက် အသံတွေ တိတ်ဆိတ်သွားတယ် အော်သံဟစ်သံညည်းညူသံတောင် မကြားရတော့
ဗုံးဆံက ငါ့နားစည်ကို မှန်သွားတယ်လို့ သူတို့ပြောကြတယ် ငါမကြားရဘူး
မြန်မာစံတော်ချိန် ၁ နာရီ ၃၀ မိနစ်
မမြင်ရသေးတဲ့ ရန်သူဟာ အလင်းရောင်အောက်မှာ တောက်ပနေတယ်
ငါမင်းတို့အားလုံးကို ကယ်တင်မယ် ဘုရားသခင်ကောင်းချီးပေးပါစေ။

မင်းနဒီခ

(၃၀၊ ၃၊ ၂၀၁၅)

တွေ့သည်ကဗျာ

တွေ့သည်ကဗျာ

ခြားနှင့်လိုင်းများအတွက် အပြောင်းအလဲလုပ် အသုံးပြုပုံ သို့မဟုတ် ထို့ကြောင့်အသစ်အဓိပ္ပာယ်ကိုပေးခြင်း
စာသားထည့်သွင်း သို့မဟုတ် ပယ်ဖျက်အားဖြင့် အခြားသတင်းရင်းမြစ်များမှစကားလုံးများ စာပိုဒ်တိုများနှင့်
တခါတရံ တစ်ခုလုံးကျမ်းပိုဒ်ယူပြီး ကဗျာအဖြစ်သူတို့ကို re framing ဒါကြောင့်အနုပညာအဖြစ်
ကန့်ကွက်ကြောင်းမေးခွန်း, အ လေ့လာသူ, အ ဗေဒပတ်ဝန်းကျင်နှင့် အနုပညာသည် အဘယ်သို့၏ အဓိပ္ပာယ်သို့ ခေါ်တော်မူအကျင့်ကို နေ့စဉ်သုံးလက်တွေ့ အနုပညာမျှော်လင့်မထားတဲ့ပေါင်းစပ်သို့မဟုတ် juxtapositions အတွက်အသစ်တခုအခြေအနေတွင် အတွင်းတင်ကြသောအခါ စီးပွားဖြစ် / သာမန်အမှုအရာအသစ် အဓိပ္ပာယ်ကိုပေးခြင်း
အသစ်ပြန်လည်ပစ္စည်းများကို ထံမှနေသူများက ဖန်တီးရသော 'များအား' ၏အမြင်အာရုံအနုပညာ ဥပမာ တွေ့ရှိကဗျာတခုရဲ့ ဥပမာ 'ယန္တရားအပေါ် မူလတန်းစာချုပ်' ဒါကြောင့် မျှအင်အားသုံး
သို့သော် တိကျစွာဖြောင့်သောရေပြင်ညီမျဉ်းတစ်ကြောင်းသို့၊ သို့သော်ဒဏ်ငွေကိုကြိုးဆန့်နိုင်
ယနေ့ထို့နောက်သမျှသော ဝေဒနာကတဆင့်သွား၊ အရန်၊ သင်နှင့်ငါသည်တလျှောက်အဖွဲ့
ကျန်တဲ့ နှင့်အတူ အလွန်စိတ်ဆိုး ... သည်ဝန်ဆောင်မှုတပ်မှပျံသန်းကြ၊ ထိုမိသားစု။
သင်သိသောကြောင့်၊ ဒါဟာအနည်းငယ် corny အသံကိုပြုစေခြင်းငှာ၊ ပေလိမ့်မည်။ ဒါပေမယ့် ကျနော်တို့အလှဆုံးလပြည့်နေ့ ယနေ့ညရှိသည်။ ထိုအခွင့်ကိုယခုသွားသမျှကိုခံစားခြင်းလူအစုအဝေး။
သူတို့က Corny အသံကိုပြုစေခြင်းငှာ၊ ဆင့်ဆိုရမည်မှာ၊
သို့သော်လည်း ငါကတစ်ဦးအတိတ်နိမိတ်ကဲ့သို့ပင်တစ်ဦး၏အချို့သောမျိုးတူရဲ့။
နှစ်ဦးစလုံးသည် မိုးကောင်းကင်သို့တက် တက်နှစ်ဦးစလုံး။
ကိုယ့်လပြည့်နေ့သည်ကို မြင်လျှင်၊ ထို Thurman Munson ငါ့ကိုသတိရ, ထိုကြောင့်ပါပဲ။
တွေ့ရှိကဗျာမှ ကျိန်ဆို၊ ပူဇော်အင်တာနက်ကို ပထမဦးဆုံးတရားဝင်စာပေဂျာနယ်က တွေ့သည်ကဗျာပြန်လည်ဆန်းစစ်ခြင်း၊ ပေါ်ထွက်လာအဆိုပါသုံးလပတ်အလိုက်ဂျာနယ်၊
Marcel Duchamp ပန်းချီကား၊ ချားလ်စ် Manson ရဲ့တရားခွင်သက်သေခံချက်၊
AOL ကပြဌာန်းစာအုပ်ကနေယူ ၊ ရိုးရာ Centos နှင့်ကဗျာများတင်ဆက်ခဲ့သည့် ရှာဖွေရေးဒေတာ
Emily Post ကိုရဲ့လောကဝတ်စာအုပ်များ၊ ဝီကီပီးဒီးယားဆောင်းပါးများ၊
ပုံစံ၏ Struck နှင့်အဖြူရောင်၏ the Elements, Wonder Woman ရုပ်ပြနှင့်
လူရွှင်တော်-Dave Gorman မကြာခဏလူအွန်လိုင်းဖိုရမ်များအပေါ်ပြောဆိုကြပြီသော
ထုံသောအမှုအရာကို အသုံးပြု၊ ဟာသတွေ့ရှိ ကဗျာ တွေ့သည်အရာဝတ္ထုကိုးကားချဲ့ထွင်ရန်အလို့ငှာအသာပုတ်ကိုလည်းကြည့်ပါ
Wikipedia/Found Poetry/Google Translate/Uni Code Converter/New Document တွင်လည်း ပြန်ကြည့်ပါ

မင်းနဒီခ

(၂၉၊ ၅၊ ၂၀၁၅)