Tuesday, March 8, 2016

၂၀၁၄ ခုနှစ်​ထုတ်​ ကဗျာစာအုပ်​များ

၂၀၁၄ ခုနှစ်ထုတ် ကဗျာစာအုပ်များ
(လက်လှမ်းမီသလောက် ပြုစုကြည့်ပါဦးမယ်။ လိုတာရှိရင်လည်း ဖြည့်ပေးစေချင်ပါတယ်။ ကဗျာအကျိုး သယ်ပိုးခြင်းပဲ ဆိုကြပါစို့)
...........................................................................

ကျွန်တော်လက်လှမ်းမီတဲ့ ၂၀၁၄ ထုတ်ကဗျာစာအုပ်များ

၁။ ခြောက်လုံးပတ် (ခင်ဇော်မြင့်၊ စံညိမ်းဦး၊ မောင်နိုင်လင်း(ကောလင်း)၊ ထွဏ်းသွေးအိမ်၊ မိုးရင့်ကြယ်၊ မင်းနဒီခ)
၂။ သုံးရောင်ခြယ်ကဗျာ (မိုးဦးအိမ်၊ iမွန်ဦး၊ သာဇော်)
၃။ မဟာဧရာဝတီ ( မောင်နိုင်လင်း- ကောလင်း)
၎။ နှံကောင်များ ( ဘုန်းလင်္ကာ၊ ခင့်မိုးခင်၊ တင်လတ်ကို၊ သျှင်မင်းဒင်၊ နေနေ၊ လင်းခါး)
၅။ လရောင်နှင့် မှည့်သော သစ်သီးများ (မေ၊ Dပြာကျွန်း-အောင်လေး၊ လင်းထက်-ပန်းပျိုးလက်၊ မောင်ချမ်း- ခရမ်းပြာ၊ မင်းအိမ်၊ နီတိ၊ ဈာန်မွန်သော်)
၆။ သစ်ပင်လေးတစ်ပင်အကြောင်း (မိုးရင့်ကြယ်)
၇။ မီးရောင်အောက်မှာ (မျိုးနေနွယ်)
၈။ ကျောင်းနေဖက် (ကြည်ဇော်အေး၊ ခက်သီ၊ ထွန်းကို၊ မင်းငြိမ်းအေး၊ လူဇော်သစ်၊ လင်းမိုးစွေ)
၉။ မန္တလေးချစ်စိတ် မန္တလေးပုံရိပ်(ကလောင်စုံ)
၁၀။ လေအဝေ့နှင့် ပွင့်ဖတ်ခြောက်ခု( သိင်္ဂါလှိုင်-ကဗျာမြေသား၊ ဖြိုးဟံသာ၊ရင်လှိုင်း၊ ရာဇဖွား-မန္တလေး၊ လင်းဝေ-ကောလင်း၊ ကျော်နေနိုင်-ကျောက်ထပ်)
၁၁။ ခြေရာလက်ရာ (မောင်ဖီလာ)
၁၂။ မောင်ဒေးကဗျာများ (မောင်ဒေး)
၁၃။ ဘုရားသခင်၏ ဒုတိယအမည် (ကိုငြိမ်း-မန္တလေး)
၁၄။ ကမ္ဘာ့ကဗျာနေ့ ကဗျာစုစည်းမှု/ရန်ကုန် (ကလောင်စုံ)
၁၅။ ကမ္ဘာ့ကဗျာနေ့ ကဗျာစုစည်းမှု/မန္တလေး (ကလောင်စုံ)
၁၆။ မရှင်းသေနတ် (လင်းဇင်ယော်)
၁၇။ ၉၉ ( ခရမ်းပြာထက်လူ)
၁၈။ ၅ (စိမ်းခက်စိုး၊ မောင်အောင်ပြည့်၊ ဒီလူကလေး၊ ရွှေမိုးမြူ၊ Zolar)
၁၉။ ဘီအာရ် ( ခင်အောင်အေး)
၂၀။ တာ့လျန်က လာတဲ့ဖုန်း(ဘာသာပြန်) ( ဇေယျာလင်း)
၂၁။ နောက်တီးနောက်တောက်ကမ္ဘာ (လင်းသဏ်ညီ)
၂၂။ ခုနှစ်သွယ်ရောင်စဉ် (၀ိုင်ချို၊ သော်ဇင်အုန်း၊ သွယ်ဘ၊ ရင်ရိုး၊ လူပအောင်၊ ကိုရွှေအောင်သင်း၊ ကေဇော်မိုး)
၂၃။ လရောင်လမ်းချိုး ခေတ်ပေါ်ကဗျာများ ( လားရှိုးကဗျာဆရာအများစု အပါအ၀င် ကဗျာဆရာ ၁၉ ဦး)
၂၄။ မိုး မိုး မိုးလား မောင်ရို့ ( မောင်နိုင်လင်း-ကောလင်း)
၂၅။ အစိမ်းများများ အစိမ်း ( ကိုထက်- ရေဦး)
၂၆။ ကုတ်ခြစ်ခံထားရတယ် ငါတို့ . . .( ကလောင်စုံ)
၂၇။ တိမ်တိုက်နံပါတ်များ ( မှူးဝေ၊ နက္ခတ်၊ လွမ်းနောင်သစ်၊ မိုးဇက်လင်းလက်၊ သိင်္ဂါလှိုင်-ကဗျာမြေသား)
၂၈။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၀၆ ( ညလွမ်းအိမ်-လားရှိုး)
၂၉။ လရောင်ဓာတ်သားထဲကနက္ခတ်တေးသွား ( ပီတာမြစ်နွယ်၊ မောင်ဆန်းသစ်၊ နောင်မင်းခိုင်၊ ညီကျော်၊ မင်းမွန်၊စစ်ငြိမ်)
ဆန့်ကျင်စာသားများ၊ တလိမ့်လိမ့်ကမ္ဘာ (နေအိမ်ဝန်း၊ ကဉ္စနာ)
၃၀။ ဘယ်လောင်ဝေးဝေး ဆက်သွယ်ရေး ( ဟံလင်း)
၃၁။ ခေတ်ပြိုင်ကဗျာများ ( ၆၀: ၁၅: ၁) ( မောင်သင်းခိုင် နှင့် ကဗျာဆရာ ၁၅ ယောက်)
၃၂။ ခေတ်ပြိုင်ကဗျာများ ( ၆၀: ၁၅: ၂) ( မိုဃ်းဇော် နှင့် ကဗျာဆရာ ၁၅ ယောက်)
၃၃။ ခေတ်ပြိုင်ကဗျာများ ( ၆၀: ၁၅: ၃) ( ခင်ဇော်မြင့် နှင့် ကဗျာဆရာ ၁၅ ယောက်)
၃၄။ ခေတ်ပြိုင်ကဗျာများ ( ၆၀: ၁၅: ၄) ( ဇော်လူစိမ်းနှင့် ကဗျာဆရာ ၁၅ ယောက်)
၃၅။ ဒီးန်ယန်းဂ်(ဘာသာပြန်) (ဇေယျာလင်း)
၃၆။ စစ်ကြီးပြီးတော့ သံခေါင်းစွပ်မင်းသားဟာ သူ့ရဲ့မူလမျက်နှာကို ဖော်ပြလိုက်တယ် (အောင်ပြည့်စုံ)
၃၇။ လိပ်ပြာလေးရဲ့ ကမ္ဘာ ( မောင်နိုင်လင်း-ကောလင်း)
၃၈။ မနေ့က လင်းသက်ငြိမ် ( လင်းသက်ငြိမ်)
၃၉။ ရိုးဒီ+ ၃၈ ၃၈+ရိုးဒီ ( ရိုးဒီ)
၄၀။ ဖြစ်ကြောင်းကုန်စင် သမိုင်းကြောင်း (တိုးနှောင်မိုး)
၄၁။ ရောင်စုံရုပ်ကြွင်း ( မောင်မင်းစိုး၊ ဆူးရင့်၊ နေအိမ်ဝန်း၊ ညိုပြာဝိုင်၊ မြ၊ မေသန္တာမျိုး၊ ဖိုးဆောင်း၊ စိမ်းလဲ့၊ စိုးမင်းအောင်၊ မိုးသက်)
၄၂။ ပဉ္စဂံခရီးသည်များ ( ပျုမခ-ကော့သောင်း၊ စေပိုင်ထွဋ်-ပုသိမ်၊ နေကောင်းကင်နီ၊ ကဗျာရိပ်၊ လွမ်းမြတ်ဝေ-ဓနုဖြူ)
၄၃။ အသံကမ်းပါး ( သစ္စာနီ၊ ကြည်ဇော်အေး၊ နီတိ၊ ဈာန်မွန်သော်၊ မောင်ချမ်း-ခရမ်းပြာ၊ တိုးအံ့ဝေ၊ နေထွန်းနိုင်၊ မိုးည၊ အလင်းမြင့်မိုရ်)
၄၄။ စိတ်ပြတင်းဖွင့် ( ကလင့်-မန္တလေး၊ သိင်္ဂါလှိုင်-ကဗျာမြေသား၊ ရှမ်းမင်းသား(ခဂ္ဂါ)၊ မဉ္ဖူမေလေး၊ ခေမာရှင်း)
၄၅။ ပဉ္စဂံအဇ္ဈတ္တစီးမျောခြင်း ( မျိုးဝင်းမျိုး၊ ကိုရန်လေး၊ နေ၀န်းနီ-မန္တလေး၊ အီပန်း-နောင်ပိုအောင်၊ ရှင်းသန့်မေ-မေတ္တာရှင်မလေး)
၄၆။ လတ်လတ်ဆတ်ဆတ် ( မောင်ဆောင်းခ နှင့် ကဗျာဆရာ ၉ ဦး)
၄၇။ အဓိပ္ပာယ်ရှိသော ခေါင်းစည်း (မောင်သင်းမိုး)
၄၈။ထမင်းလုံးတစ္ဆေ ( စိုးမင်းအောင်နှင့် ကဗျာဆရာ ၂ ဦး)
၄၉။ ပါဘလိုနီရူဒါ၏ အချစ်ကဗျာ ၁ (ဘာသာပြန်)(မောင်တမာ)
၅၀။ နောက်ကျောကို စိုက်ဝင်သွားတဲ့ အမှောင် (နောင်မင်းနိုင်)
၅၁။ များများစားစား (အောင်ချိမ့်)
၅၂။ ကဗျာ ၁၂ ပုဒ် (အောင်ချိမ့်)
၅၃။ မဒမ်ဇီနီယာ ( ပိုင်)
၅၄။ ညရဲ့ မနက်ဖြန် ( နေ၀ိုင်ဝိုင်)
၅၅။ အပျော်တမ်းသေမင်း (မုတ်သုံ)
၅၆။ ကဗျာရေးသော နိုင်ငံရေးလက်များ (ကလောင်စုံ)
၅၇။ စက်ဝိုင်း (လူထက်အောင်)
၅၈။ ကမ္ဘာမြေသို့ ပန်းပို့သူများ (စိုင်းဝင်းမြင့်)
၅၉။ ငှက်သို့တမ်းခြင်း (အောင်ဝေး)
၆၀။ သံပြိုင် (လက်ျာဝင်း၊ ဘုန်းသက်ပိုင်)
၆၁။ မိဘပြည်သူများခင်ဗျာ (ပိုင်သစ်နွယ်)
၆၂။ ကာလာတူသက်တံ့
(ကာရံချို၊ ချမ်းဝေနိုင်၊ စစ်မင်းနေ၊ ဆွေငြိဏ်းသစ်၊ မောင်ဆောင်းခ၊ လေသွေးညို၊ သျှင်ရိုးလူ)
၆၃။ မိုးခေါ်ငှက်ရဲ့ ညနာရီလက်တံ (မိုးတု)
၆၄။ ကန္တာရဘူတာရုံရဲ့ မီးပြတို်က်မေမေ (လင်းနွေးအိမ်)
၆၅။ စောင်ကောင်တွေအကြောင်းတိုင်စာ (မိုးဖွဲ့တိမ်၊ ကြည်တင့်)
၆၆။ ကျောက်ဆစ်မျှော်စင်(မောင်ဆန်းသစ်နှင့် ကဗျာဆရာများ)
၆၇။ မိုဃ်းဇော်လက်ရွေးစင်ကဗျာများ(မိုဃ်းဇော်)
၆၈။ တစ်ကိုယ်တော်သုံးယောက် (ရိုးဒီ၊ မိုးရင့်ကြယ်၊ လင်းဝေဟင်မိုး)
၆၉။ ငဖျင်း(နေသွေးငယ်)
၇၀။ ကြောက်တတ်သူများ မဖတ်ရ(နက္ခတ်နီ)
၇၁။ ရဲရဲနီသော ချယ်ရီသီးများ- မရမ်အာလ်မာစရီ၏ ကဗျာများ(မောင်ဒေး မြန်မာပြန်)
၇၂။ ဒါကဗျာလား ဒါလား ကဗျာ (မောင်သစ်ဦး-မြစ်ခြေ၊ ထွန်းလင်းသစ်-ကန့်ဘလူ၊ ဇေသော်-စကားဝါမြေ၊ မင်းလုဇော်၊ လင်းသစ်ဝေ၊ ဟိန်းထက်လွင်၊ အာကာမိုးမြင့်၊ ရဲရင့်ပိုင်အောင်၊ ရတုသစ်၊ မောင်ခန့်မြေ-ထီလာ)
၇၃။ ရာဘင်ဒြာနသ်တဂိုး၏ ဥယျာဉ်မှူး (မြင့်စိုးလှိုင် မြန်မာပြန်)
၇၄။ နှမြောတသ ဗောင်ရောင်း (အိုင်းဒီး)
၇၅။ ဖေ့ဘုတ်ထဲက ကဗျာများ(စုမောင်မောင်)
၇၆။ လမင်းနှင့် လွဲချော်သွားတဲ့ မြစ်တစ်စင်း(မိုးနှင်းသွန်း)
၇၇။ ကလောအမွန်ကဗျာများ(ဆန်းထွန်းသောင်)
၇၈။ နွေဦးငှက်ရဲ့ အိပ်တန်းပြန် (မောင်မှိုင်းလွင်(အင်းဝ))
၇၉။ ဟိုင်းဝေးပေါ်မှာ ခေတ္တခဏ အနန္တ(ကြည်မှိုင်းအောင်၊ဇင်လင်းနောင်၊ ပိုင်စိုးသူမောင်၊ စိန်ပီတာ၊ ပန်ပါယ်)
၈၀။ တင်ဆက်သူများအကြောင်း (လူလန်း)
၈၁။ မျက်ရည်ကဗျာ (ကိုထက်-ရေဦး)
၈၂။ နှစ် ၂၀ ကဗျာစု(ဒတ္ထ/အောင်ဒင်)
၈၃။ အနှစ် ၄၀ ခရီးသွားကဗျာများ(မောင်သွေးသစ်)
၈၄။ ရာဇဝင် (သုခမိန်လှိုင်)
၈၅။ ငါ့ရွှေရတု (ဆူးသစ်နီ)
၈၆။ အများဆိုင်နာမ် (မင်းညွန့်လှိုင်၊ ရန်လင်းအောင်)
၈၇။ မိုးဦးလေဦး ကဗျာများ (မောင်လင်းကြည်)
၈၈။ ဓမ္မရသ ကဗျာများ (ဗန်းမော်တင်မြိုင်)
၈၉။ ပိုင်စိုးဝေ ကဗျာ ကဗျာ ပိုင်စိုးဝေ(ပိုင်စိုးဝေ)
၉၀။ မြေးတွေနဲ့ ဘွားမေရဲ့ စိတ်အမြုတေ (သရက်မသက်ဆွေ၊ ကိုမျိုး(မြန်မာစာ)၊ ညိုသစ်ငယ်၊ အေးနေဝင်း၊ မင်းဘုန်းနိုင်၊ သီရိစံ၊ ဇေယျာဏီ)
၉၁။ သက်ရှိလေးတို့ကဗျာ (မောင်နိုင်လင်း-ကောလင်း)
၉၂။ နေပမာ လ ပမာနှင့် ဘဝအလှကဗျာများ
(လှသိန်းဝင်း-ကနီ)
၉၃။ ငါတို့ ပေးလိုက်ရတဲ့ ရွှေနှစ်များ (မောင်နေသစ်- ရေဦး)
၉၄။ အလင်းဆုံးကြယ်ကို လူငယ်လို့ ရေးလိုက် (မြေလတ်မောင်မြင့်သူ)
၉၅။ ကဗျာကြိုးစင်(ညီတင့်)
၉၆။ လိမ်စဉ် (မိုသျှန်း)
၉၇။ ငါ့စုဗူး (အောင်ချိမ့်)
၉၈။ စုခရတ္တိ (ညီမင်းညို) (ဧပြီလ၊ ၂၀၁၄)
၉၉။ ၄x၁၅=၆၀ (သို့မဟုတ်) နှစ်သုံးဆယ်မလုပ်ဖြစ်ခြင်းအထည်ရဲ့ မသိရသေးသောပီတိ( ကမ်းလူဝေး၊ ဆု၊ ခက်ဖြာ၊ မင်းလွင်) (ဇွန်လ၊ ၂၀၁၄)
၁၀၀။ နံနက်စောစီးစမ်းရေစီးသံ(ကိုပေသန်းလွင်-မြန်အောင်)( ဇူလိုင်လ၊ ၂၀၁၄)
၁၀၁။ ဂန္တလောကမြန်မာကဗျာလက်ရွေးစင် ၁၅၀ (သြဂုတ်လ၊၂၀၁၄)
၁၀၂။ ရင်ချင်းစပ်မျိုးစေ့ကဗျာများ ( ကဗျာဆရာ ၁၅ဦး)
၁၀၃။ ပလတ်စတစ်ဆာဂျရီ (မင်းနဒီခ)
၁၀၄။ ရှေ့သို့ မဟာ ခုန်လွှား တော်လှန်ကြောင်
၁၀၅။ နယ်ကျွံငှက်တို့ ရင်အက်သံ (ကဗျာဆရာ ၁၁ ယောက်)
၁၀၆။ စိတ်အာရုံသစ် ကဗျာများ (မောင်ကြင်နွယ်)
၁၀၇။ အရိပ်နဲ့ အရောင်နဲ့ ကိုယ်ထည်နဲ့ (မြတ်မိုးအိမ်၊ လင်းမြတ်အိမ်၊ ရဲရင့်လင်္ကာ)
၁၀၈။ ပင်လယ်စာ(မောင်ယုပိုင်၊ နေဝိုင်ဝိုင်၊ လင်းဇင်ယော်၊
နိုင်ဝေ)
၁၀၉။ ရန်ကုန်နှင့်စကားပြောခြင်း(ဒီလက်မျိုး)
၁၁၀။ ဒီ ဗုံး (ကောက်နွယ်ကနောင်)
၁၁၁။ ရောင်စုံသူပုန်
၁၁၂။ ၂၁ ရာစုအရှုံးသမားနှင့် နှလုံးသားအပိုင်းအစကဗျာများ (မြန်မာဂန္ထဝင်ကဗျာစု)- (ဟိန်းဆက်သွင်)
၁၁၃။ ဒီလိုရှိခဲ့ပ ခရီး ဒီလိုရှိခဲ့ပ (အောင်ဇင်မင်း)
၁၁၄။ ဆိုက္ကားအားလား ကမ္ဘာကြီးဆီကို ကဗျာနဲ့ လိုက်ခဲ့ချင်လို့ ( သားလူ၊ တိမ်မိုးဝေ)
၁၁၅။ ဖြူနဲ့ စူဇန် (တေးခက်၊ ညံလင်း)
၁၁၆။ အွန်လိုင်းကဗျာများ (ဂျိုဇော်)
၁၁၇။ အခန်းဖွဲ့ (အေးမင်းစော)
၁၁၈။ အသက်ဖမ်းသူ ကဗျာစာစု(ကမ်းလူဝေး) ဒုတိယအကြိမ်
၁၁၉။ ကိုယ့်ရဲ့ ဆယ့်နှစ်လရာသီ (မင်းဒီ) ဒုတိယအကြိမ်
၁၂၀။ ပိုင်စိုးဝေ ကဗျာ
၁၂၁။ ကော်ဖီသောက်ခြင်း (မျိုးနေနွယ်)
၁၂၂။ ဒီအချိန်ဟာ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့အချိန်ပါ (မိုသျှန်း)
၁၂၃။ တစ်ကိုယ်တော်ကဗျာစုစည်းမှု (ညီမိုးအေး)
၁၂၄။ လရောင်ပန်တဲ့ည ( လင်းဝေ-ကောလင်း၊ စိုးမိုး-မန္တလေး၊ ဆူးထက်စူး-ဖြူး၊ မင်းအိမ်သွေး-ပုပ္ပါး၊ နေနေ- ပြင်ဦးလွင်၊ လင်းဟိဏ်းထက်၊ သိင်္ဂါလှိုင် ကဗျာမြေသား)



(စာရင်းဖြည့်ပေးသူများကို အထူးကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် မဝယ်ယူဖြစ်/မသိရှိလိုက်/ဝယ်ယူမရနိုင် တဲ့ ကဗျာစာအုပ်များ ကျန်ပါသေးတယ်။ ဆက်လက်ကွန့်မန့်ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ၂၀၁၄ ကဗျာစာအုပ်စာရင်းပြုစုသူများအတွက် တစ်စုံတရာ အသုံးဝင်စေဖို့ အတွက်ပါ)

Saturday, January 30, 2016

လူ​ ​မျှော်​ချင်း လန်း ​ကျောက်​စာ

လူ မျှော်ချင်း လန်း ကျောက်စာ

စာအုပ်အမည်- မျှော်ချင်းကျောက်စာ
ရေးသူ - လူလန်း
ထုတ်ဝေသည့်ကာလ- ၂၀၁၆၊ ဇန်န၀ါရီ
ထုတ်ဝေသည့်တိုက်- ကျော်မွှေး

လူလန်းဟာ ၁၉၈၇ ခုနှစ်လောက်ကတည်းက ကဗျာများကို စတင်ရေးဖွဲ့ခဲ့ပြီး ၁၉၉၅ ရောက်မှ မြားနတ်မောင် မဂ္ဂဇင်းမှာ စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ခေတ်ပေါ်ကဗျာ ခေတ်ဦးကို ကောင်းကောင်းသိမှီလိုက်တဲ့သူတစ်ဦးဖြစ်ပြီး ခေတ်ပေါ်ကဗျာအမြောက်အမြားကိုလည်း ရေးဖွဲ့ခဲ့သူတစ်ဦးလည်း ဖြစ်တယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအရ သူ့ကဗျာတွေဟာ ပုံနှိပ်စာမျက်နှာနဲ့ ထိတွေ့ဆက်သွယ်မှု နည်းခဲ့ပေမယ့် သူနဲ့ ကဗျာ အဆက်အသွယ်မပြတ်တောက်ခဲ့တာ၊ ကဗျာအပေါ်ထားတဲ့ သူရဲ့ စမ်းသပ်တီထွင်လိုစိတ်နဲ့ အသစ်ဖန်တီး ရေးသား ချင်စိတ် တွေ ပြတ်တောက်မသွားခဲ့တာတော့ ၀မ်းသာစရာ ကောင်းလွန်းပါတယ်။
လူလန်းဟာ ၂၀၁၃ မှာ ပထမဆုံးကဗျာစုစည်းမှုအဖြစ် ` စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်မှာ လူလန်းကို တော်ပါတော့တွေနဲ့အတူ တွေ့လိုက်ပါသလား´ နဲ့ ကဗျာရှည် ၈ ပုဒ်စုစည်းထားတဲ့ `ပြောင်းတယ် လဲတယ် ဆိုတာ အမျိုးမျိုး ´ ကဗျာစာအုပ်၊ နောက် ၂၀၁၄ မှာ ဒုတိယမြောက် ကဗျာစုစည်းမှုဖြစ်တဲ့ `တင်ဆက်သူများအကြောင်း´၊ ၂၀၁၅၊ ဖေဖော်ဝါရီမှာ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့် အတွက် ရည်ရွယ်ရေးသားထားတဲ့ `ကောင်းချီးသြဘာ ငိုချင်း´ ကဗျာရှည်လုံးချင်း စတဲ့ ကဗျာစာအုပ်(၄) အုပ် ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အခု ဒီစာအုပ်က ငါးအုပ်မြောက် ထွက်ရှိ လာတာဖြစ်ပြီး ကဗျာရှည် ၂ ပုဒ်လို့ ပြောရမလား။ ဒါမှမဟုတ် ကဗျာစီးရီး ၂ ပုဒ် စုစည်းမှုလို့ ပြောရမလားပါပဲ။ ကဗျာစီးရီးလို့ ဆိုရင်လည်း လူလန်းရဲ့ `မျှော်ချင်းကျောက်စာ´ ကဗျာ စီးရီးရေးဖွဲ့မှုဟာ ဆရာ ခင်အောင်အေးရဲ့ ဘီအာရ်၊ ဆရာ အောင်ခင် မြင့်ရဲ့ နိုင်ငံတော်သီချင်း၊ ဆရာ မောင်ဒေးရဲ့ ရုပ်ရှင်ကဗျာများ၊ ဆရာ ကိုထက်(ရေဦး)ရဲ့ မျက်ရည်၊ ဆရာ အောင်ပြည့်စုံရဲ့ ဂေါက်သီးရိုက်ခြင်း စတဲ့ ကဗျာစီးရီးရေးဖွဲ့မှုနဲ့ မတူညီပါဘူး။ မျှော်ချင်းနဲ့ ကျောက်စာ စတဲ့ ခေါင်းစဉ်တစ်ခုမှာ အပိုဒ်ပေါင်း/ အပုဒ်ပေါင်း ၄၀ စီနဲ့ ဖွဲ့စည်းထားတယ်။ မျှော်ချင်းကျောက်စာမှာ ကဗျာတပုဒ်ချင်းစီအဖြစ် သီးခြားစီ ဖတ်မယ် ဆိုရင်လည်း သီးခြားအဓိပ္ပာယ်တည်ဆောက်မှု တစ်မျိုးစီ ရရှိနိုင်မှာ ဖြစ်ပြီး ကဗျာပိုဒ်တွေ အဖြစ် တဆက်တည်း မနားတမ်း ဖတ်ပြီးတော့ လည်း စုစည်းထားတဲ့ အဓိပ္ပာယ်တည်ဆောက်ထားမှုကို ရနိုင်မှာ ဖြစ်ပါတယ်။
လူလန်းဟာ စမ်းသပ်မှုတွေကို စိတ်ဝင်စားသူ၊ ကဗျာအပြောင်းအလဲနဲ့ ကဗျာအရွေ့အပေါ်မှာ အမြဲတမ်း စီးမျော လိုက်ပါနေလေ့ရှိသူ၊ ကဗျာနည်းနာတက္ကနစ်တွေနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် လေ့လာနိုင်စွမ်းရှိပြီး အဆိုပါ ကဗျာနည်းနာ တက္ကနစ်တွေအပေါ်မှာလည်း မေးခွန်းထုတ် ဆန်းစစ်ပိုင်းခြားတတ်လေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။ အခု ဒီစာအုပ်နာမည်မှာ `မျှော်ချင်း´ ဆိုတာကို တွေ့လိုက်တော့ ကျနော် အရမ်းစိတ်ဝင်စားသွားတယ်။ လူလန်းဟာ တောင်ငူခေတ်၊ ညောင်ရမ်း ခေတ် တို့ဆီမှာ ထွန်းကားခဲ့တဲ့ အန်ချင်း၊ အဲချင်း၊ တျာချင်း၊ အိုင်ချင်းတွေဆီကိုများ ပြန်သွားချင်နေပြီလား။ ဒါမှမဟုတ် ခေတ်ပြိုင်ကဗျာအရွေ့ရဲ့ အပြောင်းအလဲမြန်ဆန်မှု၊ ငြီးငွေ့လွယ်ကူလာမှုတွေအပေါ်မှာ အရွဲ့များ တိုက်ချင် လို့လား စတဲ့ မေးခွန်းတွေနဲ့ သူ့ကဗျာတွေကို စဖတ်ဖြစ်ပါတယ်။ လမ်းကြုံလို့ မှတ်သားထားရသမျှထဲက ပြန်ကောက်ရရင် အဏ်ချင်း(အန်ချင်း)ကဗျာအမျိုးအစားကတော့ စာဆိုရှင်ရဲ့ ဘ၀ကြေးမုံပြင်ကို အရိပ်ထင်ဟပ်စေတဲ့ စာပေ ရေးဖွဲ့ဟန် ဖြစ်ပါတယ်။ တျာချင်းကဗျာကတော့ တျာသံကို အခြေခံရေးဖွဲ့ရတဲ့ သီချင်းကဗျာ တစ်မျိုးဖြစ်ပြီး ညောင်ရမ်းခေတ်မှာ သက်ဦးဆံပိုင်ပဒေသရာဇ်အရေးဖွဲ့ဆိုမှုကနေ ဆင်းရဲသားပြည်သူများရဲ့ ဘ၀နဲ့ခံစားချက်များကို ဦးစားပေးဖွဲ့ဆိုတဲ့ ကဗျာ အမျိုးအစားဖြစ်ပြီး အဲချင်းကတော့ `အဲ´သံနဲ့ချီ `အဲ´ဟူသောအသံချပြီး အစုအဝေးနဲ့ ရွတ်ဆိုရတဲ့ ကဗျာအမျိုးအစား ဖြစ်ပါတယ်။ အိုင်ချင်းကဗျာမှာတော့ အရေး အဖွဲ့အားဖြင့် လေးလုံး တစ်ပိုဒ် ရကန်သွား၊ အဲချင်းကဗျာ အသွားလိုမျိုး ငါးလုံး၊ ခြောက်လုံး၊ ခုနှစ်လုံးတစ်ပိုဒ်ယူပြီး ပြန်ဂဟပ်စပ်နည်းနဲ့ ကာရန်ယူကာ ရေးသားရတဲ့ ကဗျာမျိုး ဖြစ်ပါတယ်။ အချီတွေမှာ များသောအားဖြင့်` ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့ရေ´ဆိုတဲ့ အာလုပ်စကားကို အဖွင့် ရေးသားတတ် ပေမယ့် အာလုပ်စကား မချီထားတဲ့ အိုင်ချင်းကဗျာတွေကိုလည်း ညောင်ရမ်းခေတ်မှာ အများအပြား တွေ့ရတယ်လို့ မှတ် သား ရပါတယ်။
အခု မျှော်ချင်းမှာ အကြောင်းအရာပိုင်းအနေနဲ့ ဘာသွားတိုက်ဆိုင်သလဲဆိုတော့ အန်ချင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ကဗျာဆရာရဲ့ တစ်ဦးပုဂ္ဂလခံစားချက်၊ မျှော်လင့်ချက်နဲ့ အတိတ်ကာလရဲ့ဖြစ်ပျက်တည်ရှိမှုကို လွမ်းဆွတ်မှန်းမျှော်မှု။ ဒီလို ဆိုရင် လူလန်းဟာ ရေးဟန်စနစ်ကို အပြောင်းအလဲပြုလုပ်ထားတဲ့ ခေတ်ပြိုင် အန်ချင်းတစ်ပုဒ်ကို ဖွဲ့ဆိုလိုက်တာလား။ တစ်ခုတော့ ရှိပါတယ်။ လူလန်းရဲ့မျှော်ချင်းတွေဟာ သူတစ်ဦးတည်နဲ့ သက်ဆိုင်တဲ့၊ သူ့တစ်ယောက်တည်းကိုသာ ကိုယ်စား ပြုတဲ့ ပုဂ္ဂလခံစားချက်၊ မျှော်လင့်ချက်နဲ့ လွမ်းဆွတ်မှန်းမျှော်မှုတွေ မဟုတ်ပါဘူး။ သူ ရေးဖွဲ့ထားတဲ့ မျှော်ချင်းတွေဟာ ဒီကနေ့ ခေတ် အောက်ခြေလူတန်းစားတွေကို ကိုယ်စားပြုတယ်။ ကျေးလက်နေ တောင်သူလယ်သမားတို့ရဲ့ ဘ၀ကို ကိုယ်စားပြု တယ်။ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေကို ကိုယ်စားပြုတယ်။ နောက်ဆုံး တကမ္ဘာလုံးက တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကို ကိုယ်စားပြုတယ်။ ဒီကနေ့ မျက်မှောက်ခေတ်မှာ ပြည်သူလူထု တရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းတွေကို ကိုယ်စားပြုနေပါတယ်။

`ယာ ကုန်ရင် နွား နွား ကုန်တော့ လုပ်အား
အဖေ့ခေတ်ရောက်မှ ညံ့ရမှာလား
သွားလေသူ မယ်ဒေါင်း ဆို
သူ့သမီးကို ဒေါ်စု လို ရှုမဝ
မျှော်ချင်းကို အောင်နိုင်ရေး သီချင်းလုပ် ဆိုကြ´
(မျှော်ချင်း အပိုဒ် ၇ မှ)

`အကြမ်းဖက်သူကို နှိမ်နှင်းမယ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြမ်းဖက်မယ်
အများစုအတွက် အနည်းစုကို ထိန်းချုပ်တယ် ဖျောက်ဖျက်တယ် လူတွေ သေတယ်
အမဲလိုက်သေနတ်နဲ့ ခေတ်ဟာ လွတ်နေတဲ့ ရွှေသမင် ဖြစ်တယ်
လူတွေသေတယ် မသေဘဲ ကျန်နိုင်တာ မျှော်ချင်းလား´
(မျှော်ချင်း အပိုဒ် ၂၂ မှ)

`ရောင်နီထဲ ခေါင်းလောင်းသံ ချိုဟည်း အဝေးပြေး ကျောင်းတော်များ
ရဲတိုက်ထဲ ကျီးကန်းတွေ ပျံဝဲလို့ ဖေဖော်ဝါရီဟာ
နိုင်းလောက်အထိ အမြစ်ကို လှန်စတမ်း
တစ်ယောက်တစ်လက်များပါပဲ
မျှော်ချင်းကို ဒဏ်ကြေဆေးတွေ လူးလို့ ရွှေပြည်တော် ရောင်ရမ်း´
(မျှော်ချင်း အပိုဒ် ၃၀ မှ)

`စစ်ပွဲတွေ ဆက်ဖြစ်နေရတာ
လက်နက်စက်ရုံအလုပ်သမားတွေ အတွက်ပါ´ တဲ့
စားပွဲဝိုင်းကိုယ်စီမှာ အသားစအဖြေတွေနဲ့ ဧည့်ခံလျှက်
မျှော်ချင်းဟာ မြစ်ပွားနာ ဖြစ်တယ်´
(မျှော်ချင်း အပိုဒ် ၃၈ မှ)

မျှော်ချင်း ကဗျာစုတွေဟာ ဒီကနေ့ခေတ်ကြီးရဲ့ ခေတ်ပြိုင်အာရုံခံစားမှုကို ရေးဟန်အသစ်စမ်းသပ်မှုတွေ၊ စကားလုံးအတွဲအစပ် အသစ်တွေနဲ့ ချပြတာပဲ။ ဒီထက်ပိုပြောရရင် အသစ်ဖန်တီးထားတဲ့ ခေတ်ပြိုင်အန်ချင်းတွေပဲ။ လူလန်းဟာ ရိုးရာကဗျာပုံစံကို ရေးဟန်အသစ်နဲ့ ပြန်လည် တည်ဆောက်ထားခြင်းပဲ ဖြစ်တယ်။ စကားမစပ်ထည့်ပြောရရင် အခု ၂၀၁၅ ခုနှစ်ဝန်းကျင် ကဗျာရေးဖွဲ့နေကြတဲ့ လူငယ်/ လူလတ်ပိုင်း ကဗျာဆရာ တွေဟာ Modern, Post Modern, LP, PLP, Neo, Conceptual စတဲ့ ကဗျာနည်းနာ တက္ကနိတွေကို ငြင်းဆန်လာတယ်လို့ ထင်ရတယ်။ ပုံသဏ္ဍာန်အရ အပြား/ လေးထောင့်ကွက်စီထားတဲ့ ကဗျာတွေ အရေးနည်းလာတယ်။ စကားလုံး/ ဘာသာစကား ဆော့ကစားမှုတွေ နည်းလာ တယ်။ အဲဒီလို ရေးဟန်တွေကို ငြီးငွေ့မှု မြန်ဆန်လာတယ်လို့ ပြောရမလားပဲ။ စာကြောင်းရှည်တွေတော့ သုံးနေကြ သေးတယ်။ ရိုးရှင်းမှုဆီကို ပြန်ဦးတည်လာတယ်။ ခက်ခဲအောင် တမင်လုပ်မရေးတော့ဘဲ မတော်တဆလောက်ပဲ ပါလာ တော့တယ်။ ဘာတွေ ပိုကောင်းလာသလဲလို့ ကျွန်တော့်အမြင်ပြောရရင် ကဗျာဖတ်သူဆီ ကူးစက်မှုမြန်ဆန်လာတယ်။ အကြောင်းအရာ ဆန်းသစ်မှု နောက်ကို လိုက်လာတယ်လို့ မြင်တယ်။
လူလန်းရဲ့ အရင်တုန်းက ရေးဟန်တွေဖြစ်တဲ့ အသံစီးဆင်းမှုတွေ၊ စကားလုံးတစ်လုံးချင်းစီရဲ့ သီးခြားအဓိပ္ပာယ် သက်ရောက်မှုတွေ၊ သံတူကြောင်းကွဲ လုံးကောက်တွေ၊ Fragment ပြုလုပ်ထားတဲ့ စာသားတွေ၊ အသံတူ (သို့) အဓိပ္ပာယ်တူ စကားလုံး ဆက်စပ်မှုကနေ အခြားလိုင်းတစ်လိုင်းကို ခုန်ကူးတတ်တာတေကို ဒီကဗျာစုတွေမှာ တော်တော့်ကို အနည်း အပါးသာ အသုံးပြုထားတာကို တွေ့ရပါတယ်။
များသောအားဖြင့် လူလန်း အရင်ရေးဖွဲ့ခဲ့တဲ့ ကဗျာအများစုဟာ ကဗျာဖတ်သူနဲ့ အသားကျနေတဲ့ Lyric ကဗျာ များလို ပန်းတိုင်ကို အလွယ်တကူ သွားလို့ရတာမျိုးမဟုတ်ပါဘူး။ စကားလုံးတစ်လုံးစီရဲ့ အဆင့်ဆင့်ဂယက်အနက် ခွဲဖြာထွက်ရှိမှု၊ မူလစကားလုံးရဲ့ သီးခြားအဓိပ္ပာယ်၊ သိမှုနယ်ပယ်ချဲ့ထွင်ဖို့နဲ့ ကိုယ်တိုင်ပါဝင် အားထုတ်ဖို့ ချပြထားသော စကားလုံးအခင်းအကျင်းတွေ၊ ကဗျာနဲ့ ကဗျာဖတ်သူဟာ ခံစားသူနဲ့ ဖျော်ဖြေခံ ပုံစံမျိုးမဟုတ်ဘဲ ကဗျာထဲမှာ ကဗျာ ဖတ်သူကို တသားတည်း ရှိနေစေလိုမှုတွေ၊ ကဗျာစာလုံးတစ်လုံးနဲ့ တစ်လုံးပေါ် ဒါမှမဟုတ် စာကြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်းအပေါ် သိသိသာသာ Overlaping ပြုလုပ်ထားရှိမှုတွေ၊ ကဗျာဖတ်သူ ရယူခံစား နေတဲ့ အနေအထားတစ်ခုကို မထင်မှတ်တဲ့ လမ်းကြောင်း ပြောင်းလဲစေမှုတွေ စတာတွေနဲ့ လူလန်းဟာ သူ့ရဲ့ ပါးနပ်မှု၊ စကားလုံးကြွယ်ဝ ကျစ်လစ်မှုတွေနဲ့ အတူ ကဗျာဖတ်သူကို ကဗျာ့အပြင်ဘက်ဆွဲခေါ်သွားတတ်တဲ့ ကဗျာရေးသူ တစ်ယောက် လည်း ဖြစ်ပါတယ်။
အခု မျှော်ချင်းကျောက်စာမှာကျတော့ လူလန်းဟာ ကဗျာဖတ်သူကို အာရုံတစ်ခုတည်းကိုသာ စူးစိုက်စေလိုတဲ့ သဘောကို တွေ့ရတယ်။ ကဗျာဖတ်သူဟာ ကဗျာဆရာ ချပြထားတဲ့ မတူကွဲပြားတဲ့ လမ်းအသွယ်သွယ်ကနေ နောက်ဆုံး လမ်းဆုံးမှာ ပန်းတိုင်တစ်ခုထဲဆီကိုပဲ ပြန် ပြန်ရောက်နေတယ်။ ကဗျာဆရာဟာ ကဗျာဖတ်သူကို အာရုံပျံ့လွင့်မသွားအောင် ကဗျာတိုင်းရဲ့ နောက်ဆုံးစာကြောင်းတွေကနေ ပြန်ဆွဲ ခေါ်ယူတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် မျှော်ချင်းဟာ ကဗျာဆရာရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ်။ ကဗျာဖတ်သူရဲ့ နောက်ဆုံးမျှော်လင့်ချက်လို့လည်း ကဗျာဆရာက ဆိုလိုချင်ဟန်တူပါတယ်။
ကျောက်စာမှာလည်း ဒီအတိုင်းပါပဲ။ လူလန်းဟာ သူ့အဘိဓမ္မာ နဲ့သူ၊ သူ့ကဗျာဆိုင်ရာသိမှုနဲ့သူ ကဗျာကို အလေး အနက်ဆင်ခြင်သုံးသပ်ပြီး ကဗျာဖြစ်ထွန်းတိုးတက်မှု လမ်းကြောင်းပေါ်မှာ အစဉ်တစိုက် ရပ်တည် ရေးဖွဲ့နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လူလန်းဟာ ကဗျာဖတ်သူအတွက် ခက်ခဲတဲ့ ကဗျာတည်ဆောက်မှုပုံသဏ္ဍာန်ထဲနေ ကဗျာဖတ်သူ အတွက် နားလည်မှု/ သိမှု တည်ဆောက်ရတာ ရိုးရှင်းလွယ်ကူတဲ့ ကဗျာတွေဆီ ဘာဖြစ်လို့ ဦးလှည့်နေတာလဲ။ တနည်းပြောရရင် ပန်းတိုင်ကို ကဗျာဖတ်သူက တည်ဆောက်ယူရတဲ့ ခေတ်ပြိုင်ကဗျာအခင်းအကျင်းတွေထဲမှာ ပန်းတိုင်ကို တိတိကျကျ ချပေးပြီး ကဗျာဖတ်သူကို ရောက်အောင်သွားစေတဲ့ ကဗျာတွေ ဘာလို့ ရေးဖွဲ့ခဲ့တာလဲ။ ခက်ခဲတဲ့ ကဗျာ/ ပန်းတိုင်မဲ့တဲ့ ကဗျာတွေဟာ ကဗျာဖတ်သူနဲ့ အလှမ်းဝေးသွားတယ်လို့ ခံစားမိလို့လား။ ဒါမှမဟုတ် ကဗျာဆရာက ကဗျာဖတ်သူဆီ ခြေတစ်လှမ်းပြန်နောက်ဆုတ်ပေးလိုက်တာလား။ ဒီလိုပြောလို့ လူလန်းရဲ့ ကဗျာတွေဟာ ကဗျာရဲ့တန်ဖိုး၊ စံနှုန်းတွေ လျော့ချသွားတယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ခက်ခဲတဲ့ ကဗျာတည်ဆောက်မှုအနေအထားကနေ ရိုးရှင်းလွယ်ကူပြီး နားလည်ရလွယ်ကူလာတဲ့ ကဗျာဆီ ရွေ့လာတာကိုပဲ ပြောချင်မိတာပါ။ ထပ်ပြောရရင် လူလန်းရဲ့ ကဗျာအစုအဖွဲ့တွေဟာ တစ်ပိုဒ်ချင်းစီမှာကို သီးခြားအဓိပ္ပာယ်ဖော်ဆောင်မှုတွေ ရှိနေပြီး ကဗျာတွဲအဖြစ် စုစည်းလိုက်တဲ့ အခါမှာလည်း ပြေပြစ် ညီညွှတ်မှု အလှတရားတွေ ရှိနေတာကို တွေ့ရပါတယ်။ လူလန်းရေးထိုးထားတဲ့ ကျောက်စာတွေဟာ ပြန်ဖျက်ဆီးလို့ မရနိုင်အောင်၊ ပြောင်းလဲဖန်တီးလို့ မရနိုင်အောင် ပြုလုပ်ထားတဲ့ ကျောက်စာတွေပဲ ဖြစ်တယ်။ နေ့တဓူဝ ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းကုန်ဆုံးသွားတဲ့အချိန်ကာလတိုင်းရဲ့ အပြုအမူတွေဟာ ကျနော်တို့ ရေးထိုးလိုက်တဲ့ ကျောက်စာတွေပဲ ဖြစ်တယ်။ ကျနော်တို့ ချန်ရစ်ထားခဲ့ရမယ့် သမိုင်းပဲ ဖြစ်တယ်။ ပျော်ရွှင်ကြည်နူးစရာတွေ၊ နာကျင်ကြေကွဲစရာတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ၊ လက်နက်ကိုင်အနိုင်ကျင့်နှိပ်စက်ဗိုလ်ကျခဲ့မှုတွေ စတဲ့ ဖျောက်ဖျက်မရတဲ့ အဖြစ်အပျက်တွေဟာ ကျောက်စာချပ်တွေအဖြစ် အချိန်ကာလက သိမ်းဆည်းထားပေးမှာဖြစ်တယ်။ နောက်လူတွေ ပြန်တူးဖော်ကြတဲ့အခါ ကျနော် တို့ ရေးထိုးခဲ့တဲ့ သမိုင်းဟာ ကျနော်တို့အကြောင်းကို ကောင်းကောင်းဆိုးဆိုး ပြန်ပြောပြနေမှာပဲ ဖြစ်ပါတယ်။

`လရောင်ထဲ မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့ မြင်ကွင်းဟာ တို့ရှေ့တည့်တည့်ကမ်းမှာလား
လရောင်က အမေ့လို ဆန်ဆီဆား တန်းစီ မထုတ်ဖူးခဲ့ဘူး
မမလေးလိုလည်း နေပူကြဲထဲ အစာငတ်ခံ သပိတ် မနွှဲဖူးပါဘူး
မြင်းရိုင်းတွေက အဖေ့လို ကဗျာတစ်ပုဒ်အတွက်နဲ့ ဆိတ်ဖလူးပန်းနံ့ မရှူခဲ့ရဖူးဘူး
အကိုကြီးလိုလည်း ခွပ်ဒေါင်းအလံ မ၀င့်ဖူးသေးဘူး အသစ်ကာလများ´
(ကျောက်စာ အပိုဒ် ၁ မှ)

`လူတစ်ခု ပူမှုရယ်တဲ့ အသင်္ချေဆိုလား
သာရေး နာရေးတွေ အပြင် အမျိုးဘာသာဆိုတာလည်း တရေး
ဟိုးတစ်ခါလို လိုအပ်မှ အမိန့်နာခံပေါ့
ညည ကျမ အိပ်မရတော့ဘူး အကို
အအိပ်အနေနည်းလည်း ကျောက်စာထဲ ပါရဲရင် အိုကေပါ´
(ကျောက်စာ အပိုဒ် ၃ မှ)

ဒီလိုနဲ့ပဲ ၅ နှစ်ကြာ ကာလမြစ်ဟာ တာရိုးကျော် သဲသောင်များပို့သ
မျက်နှာ အပွင့်ဆိုင်ချိန်မှာသာ အောက်ပိုင်းသေ ခြေထောက်တွေကို မေ့ထား
ဖြည်းဖြည်းသက်သာ အက်ကွဲကြောင်း လျှာတွေကို ပထမလုဘက် ဖာတယ်
ရေဗူးအခွံတွေထဲ သောက်ရေ ရှာတယ် ရေတွင်းတူးတယ် ရေကြည်နှောက်တယ်
ရေမထွက် ကျင်းဟောင်းလေးမှာ လေမရှူအလောင်းသစ်ကို မြှုပ်တယ်
ကျား မ မကွဲ ဦးခေါင်းခွံ ၅ လုံးကို ထပ်မံတွေ့ရှိတယ်´
(ကျောက်စာ အပိုဒ် ၈ မှ)

`ကမ္ဘာကြီးက ကျဉ်းတယ်ဆို မိသားစုတွေကို ညစာအတူ ပြန်စားခွင့်တွေ ပေး
ကားကြီးပေါ် ပါသွားတဲ့ သံတိုင်တံခါးတွေကို ပြန်ဖွင့်ပေး
သေနတ်ပစ်ဖောက်လွှတ်ရာက ပျံရင်းသေရတဲ့ ချိုးငှက်လေးတွေကို ပြန်လျှော်ပေး
မြို့ရှောင်လမ်းရှိရာကိုမှ မြို့ဟာ အတိအကျ ရောက်ရောက်လာရသည့်ပမာ
အသစ်တပ်ဆင်နေရ သဂြိုဟ်စက်ကြီးကို ကျောက်စာလည်း မနိုင့်တနိုင်´
(ကျောက်စာ အပိုဒ် ၁၃ မှ)

`မိသားစုလို ချန်ထားခဲ့သူကို ကျန်ရစ်သူတွေ လွမ်းလို
အမိုးအကာ မလုံမလဲနဲ့ အရိုးတင်အရေမှာ
ကျောက်စာဟာ ခိုက်ခိုက်တုန် ငန်းဖျားနေလည်း
အလံတွေမှာ အနီရောင် ကဲမြဲ ကဲလို့´
(ကျောက်စာ အပိုဒ် ၂၀ မှ)

လူလန်းဟာ သူ့ရဲ့ ` မျှော်ချင်း ကျောက်စာ´ကို ဘာသာစကားအဆောက်အဦတည်ဆောက်မှုအပေါ် အခြေခံကာ ပန်းတိုင်တစ်ခုတည်ဆောက်ဖန်တီးပြီး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အရင်ရေးသားနေကျ ကဗျာတွေလောက် ကဗျာဖတ်သူ အတွက် ခက်ခဲမှုမရှိနိုင်လောက်ဘူး ဆိုပေမယ့် အခုကဗျာတွေကတော့ ကဗျာဖတ်သူကို သူရေးဖွဲ့ထားတဲ့ စကားလုံး တွေက ပြန်လှန်မေးခွန်းထုတ် ဦးနှောက်စားစေဦးမှာပဲ ဖြစ်ပါတယ်။ ကဗျာစကားလုံးအသုံးပြုပုံ၊ ကဗျာလိုင်းတစ်လိုင်းနဲ့ တစ်လိုင်း ကူးဆက် ချိတ်တွဲသွားပုံ၊ ခေတ်ပြိုင်ဟန်ကဗျာအရေးအသားများကြားထဲ ကျေးလက်ပြည်သူသုံး စကားလုံးများ ညှပ်ယူ ချိတ်တွဲ Collage ပြုလုပ်သွားပုံ စတာတွေဟာ ယနေ့ခေတ်ကာလအခင်းအကျင်းများကြားထဲက ကဗျာဖတ်သူကို မေးခွန်းတွေ တရစပ်ဖြေခိုင်းနေဦးမှာ ဖြစ်ပါတယ်။ ဥပမာ-

`ကိုယ့်ဆီလာတဲ့ အိပ်မက်တွေကိုတောင်မှ
စိတ်ကြိုက်ရွေးချယ်ခွင့်မရှိတဲ့ ကမ္ဘာကြီးထဲ
စောင့်ကြည့်ခံ အစေ့အနေအထားနဲ့
ငါတို့မှာ ရေသောက်မြစ် ကျန်သေးလား´

`ငှက်ကလေးတွေ မှန်ပြတင်းကို တိုးရင်းတိုက်ရင်း
ထွက်ပေါက်မှာ သွေးသံတရဲရဲ ပေစွန်းရ
နှင်းဆီဟာ ဖြူဖတ်ဖြူရော်နဲ့ လှမှာလား´

`မြင့်တက် နယ်ချဲ့ ရေနှုတ်မြောင်းများ ရှင်လား ကျမလား
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသော အလင်းများ
ဘုရား ဘုရား ကျမတို့ သတ်ဖြတ်ပစ်ခဲ့တာ အမှောင်ပါနော်´

`မအိုခင် သွေးတစက်စက်တွေ ဒယီးဒယိုင် ဖြားယောင်းနေသေးလား
တဟီးဟီးတဟားဟား ဆာလောင်ခြောက်လှန့်ကို မိဘနှစ်ပါး ခံနိုင်လို့လား
အလျားလိုက် ဘွားကနဲ ဗဟို ထိန်းချုပ်ရေးဌာနဆိုတာ မြင်မိသလား
တာဝေးပစ် ဒုံးခွင်း ဒုံးပစ်စင်လို ဝရံတာ လက်ရမ်းကို မှီလိုက်တာလား
တိကနဲ ပြတ်သွားတဲ့ ခေါင်းနောက်မှာ ဆုတံဆိပ်ပြားပါသွားတာ သေချာလား´

အဆုံးသတ်အနေနဲ့ ပြောရရင် လူလန်းရဲ့ `မျှော်ချင်းကျောက်စာ´ သူ့ရဲ့ လေ့လာဆန်းစစ်မှု၊ အားထုတ်မှုနဲ့ ကဗျာအပေါ် ချစ်မက်စိတ်၊ တီထွင်ဖန်တီးစမ်းသပ်ရေးသားလိုစိတ်တွေအပြင် ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းအားပြိုင်မှု၊ အသွင်ပြောင်းအာဏာရှင်အစိုးရလက်အောက်က ပြည်သူ့အသံကို တူးဖော်မှု၊ ဒီကနေ့ ပြည်သူလူထုရဲ့ အနာဂတ် မျှော်လင့်ချက်နဲ့ ခေါင်းဆောင်သစ်လိုလားမှု စတာတွေကိုပါ ကဗျာတွေနဲ့ ခင်းကျင်းတင်ဆက် ပေးစေခဲ့ တာပဲ ဖြစ်ပါတယ်။ ဆရာ လူလန်း ကျန်းမာပါစေ။ ဆရာလူလန်းရဲ့ မျှော်ချင်းမှာ ဆရာလူလန်း မျှော်မှန်းထားတဲ့ ကျောက်စာ ကို ရေးထိုးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျား။

မင်းနဒီခ
၁၇၊ ၁၀၊ ၂၀၁၅

ကဗျာဆရာ မင်းနဒီခနဲ့ အင်​တာဗျူး - Perfect Magazine အယ်​ဒီတာအဖွဲ့



  • ဆရာမင်းနဒီခ  မင်္ဂလာပါ။ ပထမဆုံးစလိုက်ချင်တာက ကဗျာဆရာတစ်ယောက်အနေနဲ့ မိသားစုနဲ့ကဗျာဆရာကြားက နားလည်ဖြတ်သန်း နေထိုင်မှုကို သိချင်ပါတယ်။


 ဒီနေရာမှာ ကျွန်တော်ကံကောင်းလွန်းခဲ့ပါတယ်လို့ ပြောရမှာပါပဲ။ တကယ်တော့ မိသားစုဘ၀နဲ့ ကဗျာဆရာဘ၀ Work Life Balance ဖြစ်ဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေတစ်ရပ်ပါပဲ။ ကဗျာဆရာအပိုင်းအနေနဲ့ အရင်ပြောရရင် ကဗျာ ဆရာတစ်ယောက်အဖို့ ကဗျာရေးခြင်း၊ ကဗျာဆိုင်ရာလေ့လာခြင်း၊ အခြားစာပေဖတ်ရှုလေ့လာခြင်း၊ ကဗျာစာအုပ်ထုတ်ခြင်း၊ ကဗျာဆိုင်ရာစာပေပွဲတော်တွေမှာ ပူးပေါင်းပါဝင်ခြင်း၊ ကဗျာဆရာဘ၀မှာ ခိုင်ခိုင်မာမာ ရပ်တည်ခြင်း စတဲ့ အပိုင်းတွေပါပြီး မိသားစုဘ၀မှာတော့ ချစ်ခြင်းမေတ္တာ၊ နားလည်ဖေးမမှု၊ အလုပ်အကိုင်၊ စားဝတ်နေရေး၊ ကျန်းမာရေးစရိတ်၊ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းသဟဇာတဖြစ်မှုနဲ့ အနာဂတ်ပူပန်မှုကင်းဝေးရေးစတဲ့ အပိုင်းတွေလို့ အကြမ်းဖျင်း တွေးလို့ ရပါတယ်။ ကဗျာဆရာအပိုင်းအနေနဲ့ ပြောရရင် ကဗျာတစ်ပုဒ်ဖြစ်ဖို့ ကျွန်တော်တို့ အချိန်တစ်ခု ပေးရပါတယ်။ တခါတလေ ကဗျာလာဖို့ ထိုင်စောင့်ရသလို ကဗျာဆီကို ကိုယ်က သွားရတာလည်း ရှိတယ်။ အဲဒီလို အချိန်တွေမှာ ကျွန်တော်ဟာ တစ်ယောက်တည်း ထီးတည်းနေရတာ၊ တွေးတောရတာကို နှစ်သက်တယ်။ ဒါတွေကို ကျွန်တော့်ဇနီးနဲ့ သမီးက နားလည်ပေးခဲ့တယ်။ ကျွန် တော် စာရေးဖို့ ထိုင်လိုက်တာနဲ့ သမီးနဲ့ အမေက ကျွန်တော် အနှောင့်အယှက် မဖြစ်စေမယ့်နေရာ တစ်ခုမှာ သွားနေလေ့ ရှိတယ်။ နောက်တစ်ခု ကဗျာဆိုင်ရာတွေ လေ့လာဖို့၊ အခြား သိမှတ်ဖွယ်ရာ၊ ရသဆိုင်ရာ စာအုပ် စာတမ်း ၀ယ်စုရတာတွေ၊ ငွေရင်းတောင် ပြန်မရနိုင်တဲ့ ကဗျာစာအုပ်ထုတ်ခြင်းလို ကိစ္စတွေမှာ ကြုံတွေ့ရတဲ့ ငွေကြေး ဆုံးရှုံးမှုတွေ၊ ကဗျာပွဲတော်တွေ၊ အခမ်းအနားတွေမှာ လူရော စိတ်ရော ပူးပေါင်းပါဝင်မိတဲ့အခါ မိသားစုအရေး လှည့်မကြည့်မိတဲ့ နေ့ရက်တွေ စတဲ့ မိသားစု အပေါ်မှာ လျစ်လျူရှုမိသလိုဖြစ်ခဲ့တဲ့ နေ့ရက်တွေ ရှိပါတယ်။ ဒါတွေကိုလည်း မိသားစုက နားလည်ပေးတဲ့အပြင် ကိုယ့် အထွာနဲ့ကိုယ် ကဗျာဖတ်သူဆီ ပို့ပေးချင်တဲ့ ကဗျာစာအုပ်တွေအတွက် ကုန်ကျစရိတ်ကိုလည်း မနှမြောဘဲ ထုတ်ပေးခဲ့ ပါတယ်။ ဒီထက်ပိုတာကတော့ စာမရေးဖြစ်တဲ့ရက်တွေများလာရင်ကိုပဲ စာရေးဖို့ တွန်းအားပေး ပြောဆိုမှု တွေ ရှိခဲ့ပါတယ်။ ကဗျာဆရာတစ်ယောက်ရဲ့ ဇနီးဖြစ်ရတာ သူကျေနပ်ခဲ့တယ်။ သူတတ်နိုင်သလောက် ပါရမီဖြည့် ပေးတယ် လို့ ကျွန်တော် ယူဆမိတယ်။ ကျွန်တော့်အနေနဲ့ တဖက်က မိသားစုဘ၀ကိုလည်း အောင်မြင်ချင်တဲ့အခါ ကိုယ့်ရဲ့ စာရေး စာဖတ်အချိန်တွေ ကို သူတို့ အိပ်မော ကျချိန်တွေဘက်ကို တဖြည်းဖြည်းပြောင်းယူတယ်။ သူတို့နဲ့ ညနေခင်းတေ၊ွ ညဦးပိုင်းတွေ၊ အလုပ် နားရက်တွေမှာ အချိန်ပိုပေးပြီး ပျော်ရွှင်မှု တည်ဆောက်တယ်။ မိသားစုဘ၀မှာ အရေးအကြီးဆုံး ဖြစ်တဲ့ နားလည်မှုဟာ ကျွန်တော်တို့ မိသားစုကြားမှာ တကူးတက တည်ဆောက်နေစရာမလိုဘဲ အလိုလိုဖြစ်တည်နေကြတာဟာ ကျွန်တော့် ကဗျာဘ၀ကို ပိုပြီး ခိုင်မာစေခဲ့တာပဲ ဖြစ်ပါတယ်။


  • “ပိုးသားရောင် ပင်လယ်လမ်း”ကဗျာ စာအုပ်မှာ ကဗျာဖတ်သူအနေနဲ့ အပိုင်း ၃ ပိုင်းကို မြင်မိပါတယ်။ `မိုး´ကဗျာက စလို့ `မိသားစုကဖေးရဲ့ လွတ်နေသောထိုင်ခုံလေးတစ်လုံးအကြောင်း´။`ကျွန်တော်ပြောချင်တဲ့ပါးစပ်ကြီးအကြောင်း´ ကနေ `အချစ်တေးကို နားစွင့်ခြင်း´။ `နာရီစားသူများ´ ကနေ `ဘယ်ဈေးဟာသင့်အမေးလဲ`ထိ။ အဲဒါ တမင်တကာ စီစဉ် ခင်းကျင်းတင်ဆက်မှုတွေလို့ ကျွန်တော်ထင်တယ်။ အဲဒီအကြောင်း နည်းနည်းပြောပြနိုင်မလား။


 ပိုးသားရောင် ပင်လယ်လမ်းဟာ ကျွန်တော့်ရဲ့ ပထမဆုံးတစ်ကိုယ်တော် ကဗျာစုစည်းမှုစာအုပ်ပါပဲ။ ၁၉၉၇ ခုနှစ် ၀န်းကျင်လောက်တည်းက ကဗျာစာရေးခဲ့ပေမယ့် ပုံနှိပ်ဖြတ်သန်းမှုခရီးကိုတော့ ၂၀၀၅ မှ စလှမ်းဖြစ်ခဲ့ပါတယ်။ ပိုးသားရောင် ပင်လယ်လမ်းဟာ အဲဒီ ၂၀၀၅ ကနေ ၂၀၁၂ အထိ ကျွန်တော့်ကဗျာစုစည်းမှုပါပဲ။ ဒီစာအုပ်မှာ ကဗျာ စီထားပုံနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ရေးဖြစ်တဲ့ ရက်စွဲအလိုက်ပါပဲ။ တစ်ပုဒ်နဲ့တစ်ပုဒ် လွဲမယ်ဆိုရင်တောင် ရက်ပိုင်း လေးတွေလောက်ပဲ ဖြစ်လိမ့်မယ်။ ကဗျာဖတ်သူအနေနဲ့ မြင်မိတဲ့ အခန်း ၃ ခန်းဆိုတာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ပြောင်းလဲသွားတဲ့ ကျွန်တော့် ရေးဟန်ပြောင်းလဲမှုများ ဖြစ်နေမလားပဲ။ ၂၀၀၅ မှာ ဆရာ မောင်ကြည်သာ (တောင်တွင်း) နဲ့ ဆရာမောင်စိုးသစ် (မန္တလေး)တို့နဲ့ စတင်မိတ်ဆွေဖြစ်ခွင့်ရခဲ့တော့ ကျွန်တော်ရေးထားတဲ့ ၂၀၀၅ ရှေ့ပိုင်းကဗျာတွေ ပြဖြစ် တယ်။ အဲဒီမှာ ဆရာတို့က ဘာပြောလဲဆိုတော့ ` မင်းနဒီခ တဲ့ မောင်ရင့် ကဗျာတွေက ကဗျာဖြစ်နေပါပြီကွ တဲ့။ မဂ္ဂဇင်းပို့ဖို့ပဲ ကျန်တော့ တယ်´ `မဂ္ဂဇင်းပို့တယ်ဆိုတဲ့နေရာမှာလည်း ဘယ်မဂ္ဂဇင်းက ဘယ်လို ကဗျာတွေ နှစ်သက်တယ်၊ ဘယ်မဂ္ဂဇင်းက နိုင်ငံရေး အားသန်တဲ့ ကဗျာကြိုက်တယ်၊ ဘယ်မဂ္ဂဇင်းက အနုအလှ အဖွဲ့အနွဲ့လေးတွေ ကြိုက်တယ် စသဖြင့် အကြံပေးတယ်။ ပြီးတော့ ကဗျာကို ရေးတာကိုတော့ ကြိုက်သလိုရေး၊ မဂ္ဂဇင်း ကိုတော့ ရွေးပြီးပို့ တဲ့။ ဒီလိုနဲ့ ကျွန်တော်လည်း ရေးပြီးသားထဲ က ကဗျာလေးတွေ ကိုယ်တိုင်လည်းရွေး၊ ဆရာတွေ ကိုလည်း ရွေးပေးဖို့ တောင်းဆိုပေါ့။ အဲဒီမှာ ဆရာတွေက ဘာပြောလဲ ဆိုတော့ `မောင်ရင့် အရင်ရေးပြီးသား ကဗျာတွေကို အမှတ်တရသာ သိမ်းထားလိုက်တော့´။ ကဗျာက ရွေ့နေပြီ။ ပင်မ ရေစီး ခေတ်ပေါ်ကဗျာကနေ အခြား ကဗျာအရွေ့တစ်ခုကို စနေပြီ ဆိုတာ ဆရာတွေက မြင်တယ်။ အဲဒီတော့ သူတို့ အနှစ် နှစ် အလလ စုဆောင်းထားတဲ့အထဲက ဖတ်သင့်တဲ့ စာအုပ်အဟောင်းတွေ၊ ကဗျာဆိုင်ရာစာတမ်းတွေ၊ စာအုပ်တွေ ပေးဖတ် တယ်။ ထွက်လာတဲ့ ကဗျာ စာအုပ်အသစ်တွေ၊ ကဗျာဆိုင်ရာစာအုပ်တွေကိုလည်း ကျွန်တော်တို့ ၀ယ်ကြတယ်။ ၂၀၀၅ ကနေ ၂၀၁၂ အထိ ကျွန်တော့်အပေါ် လွှမ်းမိုးခဲ့တဲ့ စာအုပ်တွေကို ပြန်ကြည့်ရင် ၂၀၀၅မှာ` အလှပဆုံးစကားလုံး၊ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့် အခြားကဗျာဗေဒများ (ဇေယျာလင်း)၊ တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော် ဒန် အနုပညာဆီသို့ (အောင်ခင်မြင့်)၊ ၂၀၀၆ မှာ သရဖူဆောင်းပါးများ (ဇော်ဇော်အောင်)၊ အနန္တကို မလိုချင်ဘူး ကြာသ ပတေးကိုပဲ လိုချင်တယ် (ဇေယျာလင်း)၊ ၂၀၀၇ မှာ အဓိပ္ပာယ်မဲ့ပြဇာတ်(အောင်ခင်မြင့်)၊ ဂျွန်အက်ရှ်ဘရီ နိဒါန်း၊ ကဗျာရေးသူ ကို ထုတ်လုပ်ခြင်း(ဇေယျာလင်း)၊ အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့ (မောင်ယုပိုင်)၊ ၂၀၀၉ မှာ သူပဲအကြမ်း သူပဲ အချော (မိုးဝေး)၊ ချားလ် ဘန်းစတိုင်းန် အင်တာဗျူး/အရေးအသားများ၊ ကဗျာဘ၀ရှာတော်ပုံ( ဇေယျာ လင်း)၊ ၂၀၁၁ မှာ ကင်းရှင်းတဲ့စိတ်ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ လေးဆယ့်ငါ့း(ခင်အောင်အေး)၊ ၂၀၁၂ မှာ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများ စတဲ့ စာအုပ်တွေဟာ ကျွန်တော့်အပေါ်မှာ အလွှမ်းမိုးခဲ့ဆုံးပါပဲ။ ဒါကြောင့် ကျွန် တော့် `ပိုးသားရောင် ပင်လယ်လမ်း´ ကဗျာစုစည်းမှုဟာ နှစ်ကာလအလိုက် ကျွန်တော့်အပေါ် ရိုက်ခတ်လွှမ်းမိုးတဲ့ ကဗျာ ဆိုင်ရာစာအုပ်တွေ၊ ကဗျာအရေးအသားတွေကြောင့်ပဲ စာအုပ်တစ်အုပ်ထဲမှာကို မတူညီတဲ့ ရေးဟန်တွေနဲ့ ကွဲပြား နေတယ် လို့ ဆိုရမယ် ထင်ပါတယ်။


  • နောက် ၂၀၁၄၊ နိုဝင်ဘာ မှာ ထွက်ရှိလာတဲ့ “ပလတ်စတစ်ဆာဂျရီ” ကဗျာစာအုပ်အကြောင်းနဲ့ ဆရာမင်းနဒီခရဲ့ အပြင် နေထိုင်မှုဘဝကနေ ကဗျာတစ်ပုဒ်ဖန်တီးမှု ချဉ်းကပ်ပုံနဲ့ ဆရာ့ရဲ့ မည်သို့ ရွေ့လျားခဲ့ပုံကို သိချင်ပါတယ်။ ကဗျာတစ်ပုဒ် ရေးသားမှုမှာ ခံစားမှု နဲ့ idea ကို ဘယ်လိုတွဲစပ်သုံးပါသလဲ။ သို့မဟုတ် ခံစားမှု အလျင်အတိုင်း ချရေးပါသလား။ idea ကိုပဲ အဓိက ထားသုံးပါသလား။


 `ပလတ်စတစ်ဆာဂျရီ´ က `ပိုးသားရောင်ပင်လယ်လမ်း´ ရဲ့အဆက်လို့ ပြောရင်ရမယ်ထင်တယ်။`ပိုးသားရောင် ပင်လယ်လမ်း´မှာ မထည့်ဖြစ်ခဲ့တဲ့ ကဗျာအနည်းငယ်ကလွဲလို့ ၂၀၁၂ ကနေ ၂၀၁၄ အတွင်း ရေးဖြစ်ခဲ့တဲ့ ကဗျာ စုစည်းမှု ပါပဲ။ ဒီစာအုပ်ထဲက ကဗျာတွေနဲ့ ရေးဖြစ်တဲ့ ရက်စွဲတွေအရ ကြည့်ရင် ကျွန်တော့်အနေနဲ့ ပင်မရေစီး ခေတ်ပေါ် ကဗျာဟန်နဲ့ ရေးတဲ့ကဗျာတွေနဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာဟန်နဲ့ ကွဲပြားနေတဲ့ ကဗျာတွေဆိုပြီး နှစ်ပိုင်းကွဲထွက်နေမယ်ထင်တယ်။ တစ်ချို့ကဗျာတွေမှာ ပင်မရေစီးဟန်နဲ့ ရေးဖြစ်ခဲ့ပြီး ကျန်တဲ့ ကဗျာအများစုကတော့ Contemporary Poetry အောက်က Experimental, Hybrid, Collage, Conceptual စတဲ့ ခေတ်ပြိုင်ကဗျာနည်းနာတွေကို မသိစိတ်နဲ့ရော၊ သိစိတ်နဲ့ပါ အသုံးပြု ခဲ့တယ်လို့ ပြောရမှာပါပဲ။ သေချာတာကတော့ ဖွဲ့စပ်ကဗျာတွေရော၊ ပင်မှည့်ကဗျာတွေရော ရောနှောပါဝင်ခင်းကျင်းထားတဲ့ ကဗျာစာအုပ် တစ်အုပ်ပါပဲ။ ကဗျာအများစုရဲ့အကြောင်းအရာကတော့ ဒီကနေ့ကျွန်တော်တို့အပေါ်လာရိုက်ခတ်တဲ့ လူမှုရေး၊ နိုင်ငံရေး အခင်းအကျင်းကို ကဗျာတစ်ပုဒ်အဖြစ် တည်ဆောက်ပြုလုပ်ခြင်းပါပဲ။ ဒီနေရာမှာ ကိုယ့်အပေါ်လာရိုက်ခတ်တဲ့ အကြောင်းအရာကို ဘယ်လိုရေးမလဲ၊ ဘယ်လိုတည်ဆောက်ပြုလုပ်မလဲဆိုတဲ့ အပိုင်းတွေ ပါလာတယ်။ တစ်ချို့ကဗျာ တွေကတော့ စ၀င်လာတည်းက ခေတ်ပေါ်ကဗျာရဲ့ ရစ်သမ်တွေ၊ နမိတ်ပုံတွေနဲ့ စာကြောင်းတစ်ကြောင်းချင်းစီအလိုက် ပထမတစ်ကြောင်းပြီးရင် နောက်တစ်ကြောင်းအလိုလိုလိုက်တဲ့ Expressionism ဆန်ဆန်ရေးဖွဲ့လို့ရအောင်ကို အစီအစဉ် တကျ ၀င်ရောက်လာတယ်။ `ငြိမ်းချမ်းရေးမိခင်´၊ ` ဒီကဗျာကို ကျွန်တော်ဆက်ရေးမယ်´၊`အငေး´၊ `နှင်းဆွတ်ဆွတ် လမ်း´၊`ရန်ကုန်´၊ `ပိုးပိုး (သို့မဟုတ်)ဆိုမိတဲ့ သီချင်း´ စတဲ့ကဗျာတွေဟာ အဲဒီလိုနည်းနဲ့ ချက်ချင်း ချရေးဖြစ်ခဲ့တဲ့ ကဗျာတွေပါပဲ။ ကဗျာတစ်ပုဒ်အဖြစ် ပြီးဆုံးသွားပြီလို့ သတ်မှတ်လိုက်တဲ့အခါမှာတောင် အသံအချိတ် အဆက်၊ နိမိတ်ပုံ ယူထားပုံ၊ စာကြောင်းလိုင်းပိုင်းဖြတ်ပုံတွေကအစ ပြန်ပြုပြင်စရာမလိုလောက်အောင်ကို စနစ်တကျ ရရှိခဲ့တဲ့ ကဗျာမျိုး တွေပေါ့။ `တိရိစ္ဆာန်ဥယျာဉ်သွားရအောင်´၊`အရုပ်တွေနဲ့ကစား´၊ `မိမိပျောက်ဆုံးခြင်း´၊ `တယ်လီဖိုးဘီးယား´၊ `ကျီးကန်း နှစ်ကောင်နဲ့ တနင်္ဂနွေနေ့လည်ခင်း ကိုယ်အလုပ်ရှုပ်နေပုံ´ စတဲ့ ကဗျာတွေကျတော့ အဲဒီလို မဟုတ်တော့ဘူး။ အသေအချာ ပြန်တည်ဆောက်ယူရတယ်။ စာသားလိုင်းစီဖြတ်တောက်ပုံ၊ ကော်လာ့ဂ်ျပြုလုပ်ခံမူလ စာသားရှာဖွေမှု၊ ကောက်ရစာသား ထည့်သွင်းမှု စတာတွေကအစ ကဗျာတစ်ပုဒ်လုံးကို အစအဆုံး ဖျင်လိုက်ဖျက်လိုက် ပြန်တပ်ဆင်လိုက်နဲ့ ကိုယ်စိတ်ကျေနပ် လောက်တဲ့ ကဗျာဖြစ်မှုတစ်ခုဖြစ်တဲ့အထိ တည်ဆောက်ရတယ်။ `မင်းနဒီခ ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် ကဗျာများ အတွက်´ ကဗျာဆိုရင် ကုန်စည်ပြပွဲတစ်ခုမှာ ကားရောင်းပြပွဲတစ်ခုက ပေးတဲ့ ကြော်ငြာပန်းဖလက်ပေါ်က ကားနဲ့ ပတ်သက် တဲ့ စာသားတွေနေရာမှာ ကဗျာဆိုင်ရာစကားလုံးတွေ အစားထိုးပြုလုပ်ပြီး တည်ဆောက်ထားတဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်စီသွားရာလမ်းကတော့ ကျွန်တော့်စိတ်အခြေအနေနဲ့ ကဗျာရောက်ရှိ လာရာလမ်းအမျိုးမျိုးပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲရေးဖွဲ့ဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရရင် ခံစားမှုကလာတဲ့ ကဗျာတွေကို ပင်မရေစီး ခေတ်ပေါ်ကဗျာဟန် နဲ့ အများဆုံးရေးဖွဲ့ဖြစ်ပြီး Idea ကလာတဲ့ ကဗျာအပေါ်မှာတော့ Contemporary နည်းနာတွေနဲ့ ပိုမိုဖွဲ့စပ်ဖြစ်ပါတယ်။


  • ဆရာ မင်းနဒီခ အနေနဲ့ ကဗျာတစ်ပုဒ်ရေးသားဖြစ်မှုနဲ့ တစ်ခြားကဗျာဆရာများရဲ့ ကဗျာစာအုပ်တွေပေါ် ချဉ်းကပ် ဆောင်ပါး ရေးသားမှုနဲ့ ဘယ်လိုကွာခြားပါသလဲ။ ကဗျာချဉ်းကပ်ဆောင်ပါများကနေ ကိုယ် မရေးဖြစ်သေးတဲ့ ကဗျာ/ ရေးဖို့ တည်ထား တဲ့ ကဗျာတွေ ဒါမှမဟုတ် ရေးလက်စ ကဗျာတွေ အပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိပါသလဲ။


 တော်တော်ကွာတယ်လို့ ပြောရမှာပါပဲ။ ကိုယ်ရေးတဲ့ ကဗျာတစ်ပုဒ်အပေါ်မှာ ကိုယ်နဲ့ပဲ တိုက်ရိုက် သက်ဆိုင် တယ်။ ကျွန်တော် အာရုံခံစားလို့ ရသလို၊ ကျွန်တော်နှစ်သက်သလို ကဗျာကို ရေးလို့ ရတယ်။ ကိုယ့် သိမှုရှိသလောက် ကဗျာကို တည်ဆောက်ရေးဖွဲ့လိုက်ရုံနဲ့ ကဗျာအဖြစ် အဆုံးသတ်လို့ရတယ်။ ကဗျာကောင်းခြင်း၊ ဆိုးခြင်းကတော့ ကျွန်တော်နဲ့ ကဗျာဖတ်သူပဲ သက်ဆိုင်တယ်။ ကဗျာစာအုပ်ဆောင်းပါးတွေကျတော့ အဲဒီလို မရဘူး။ တစ်ချို့ကဗျာ စာအုပ်တွေဆိုရင် ကျွန်တော့်လေ့လာသိမှုအားနည်းနေတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့ ကဗျာအမျိုးအစားတွေ ပြန်လေ့လာရတယ်။ ကဗျာထဲမှာ သုံးထားတဲ့ အသုံးအနှုန်း၊ စကားလုံးတွေ ကအစ အသေအချာပြန်ပြီး နားလည်မှု/သိမှု တည်ဆောက်ယူရတယ်။ ကျွန်တော် ကဗျာမှတ်စုဖိုင်တွေ ပြန်ဖွင့်ရတယ်။ အရေးခံ ကဗျာဆရာရဲ့ နောက်ခံလူမှုဘ၀၊ ကဗျာဖြတ်သန်းမှု၊ ကဗျာအပေါ်စိမ့်ဝင်မှု၊ ကဗျာဆရာရဲ့ အနာဂတ်ကဗျာပြုလုပ်နိုင်မှု အလားအလာ။ ပြောရရင် ကဗျာစာအုပ်ထဲက ကဗျာကိုတင်မဟုတ်ဘူး။ ကဗျာ ဆရာရဲ့ အတိတ်နဲ့ ရှေ့ဆက်ဖြစ်နိုင်ချေကိုပါ ကျွန်တော့်ဆောင်းပါး ဖတ်သူကို အသိပေးချင်တယ်။ တကယ်ဆို ကဗျာစာအုပ် ခံစားမှုပဲ ပြောပြော၊ ဖတ်ညွှန်းပဲပြောပြော၊ ကဗျာစာအုပ်ချဉ်းကပ်သုံးသပ်မှုပဲဆိုဆို ကျွန်တော်အတွက်ကတော့ ကြောက် ကြောက်နဲ့ ရေးခဲ့ရတာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မြင်းထိန်းငတာလို ပုဆိုးတစ်ကွင်းလက်ဆောင်ပေးပြီး နောက်မရေး ပါနဲ့ကွာလို့ အပြောခံရမလား။ ဒါမှမဟုတ် ကျွန်တော့်သိမှုအတိုင်းအတာအနည်းငယ်နဲ့ ရေးမိတဲ့ ဆောင်းပါးတစ်ပုဒ်ဟာ ကဗျာစာအုပ်ထဲက ကဗျာတွေရဲ့ ထူးခြားလေးနက်မှုကို သိမ်ငယ်သွားစေမလား စတဲ့ အတွေးတွေဟာ ဆောင်းပါးတစ်ပုဒ် ရေးမိတိုင်း ကျွန်တော့်ကို ခြောက်လှန့်ပါတယ်။ ဒီလိုဆောင်းပါးတွေဆိုတာ ကဗျာဖြတ်သန်းမှု ရင့်ကျက်မှု၊ ကဗျာဆိုင်ရာ နည်းနာဗေဒတွေကို ကျွမ်းကျင်မှု၊ နိုင်ငံတကာ ကဗျာဗေဒတွေနဲ့ နှိုင်းယှဉ်သုံးသပ်နိုင်မှု၊ အကောင်းအဆိုး ဝေဖန်သုံးသပ်နိုင်မှု စတဲ့ ကဗျာစာပေပညာရှင်ပိုင်းကသာပိုပြီး လုပ်သင့်တဲ့ အနေအထားပါ။ ဒါဆို ဘာဖြစ်လို့ ကျွန်တော်လုပ်တာလဲ။ ကျွန်တော် ၀ါသနာပါလို့ လုပ်တာပါလို့ ဖြေချင်ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ ကဗျာစာအုပ်တွေရဲ့ ကဗျာဆရာတွေဟာ ကျွန်တော်နဲ့ ထိတွေ့ရင်းနှီး ဆက်ဆံဖူးတဲ့သူတွေ၊ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်ဖူးတဲ့ကဗျာတွေဖြစ်ပြီး ကဗျာဆရာရဲ့ ဖြစ် တည်မှုနဲ့ ဘ၀ကိုလည်း အသေအချာသိထားတဲ့သူတွေပဲ များပါတယ်။ ကျွန်တော်မရေးရဲ/ မရေးနိုင်တဲ့ ကဗျာစာအုပ်တွေ အများကြီးပါပဲ။ ဒါကြောင့် ကျွန်တော်ရေးဖြစ်တဲ့ကဗျာစာအုပ်ခံစားမှုဆောင်းပါးတိုင်းမှာ အသေအချာလေ့လာ အားထုတ်ပြီး ကဗျာဆရာနဲ့ ကဗျာကို ပေါ်လွင်အောင်၊ ကဗျာဖတ်သူစိတ်ထဲ ကဗျာစာအုပ်ထဲက ကဗျာတွေ ကူးစက်သွားအောင်၊ တနည်း ပြောရရင် ကျွန်တော့်သိမှု ကြွက်တစ်ထွာလောက်ကို ဝေမျှပေးတဲ့သဘောပါပဲ။ ဒီလိုဆောင်းပါးတွေ ရေးသားမှုက ကျွန်တော် ရဲ့ ကဗျာပြုလုပ်မှု အနေအထားမှာ ကောင်းတဲ့ သက်ရောက်မှုတွေပဲ ပေးပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ထွက်သမျှ ကဗျာစာအုပ်တွေကို တစ်ပုဒ်မှ မလွတ်တမ်းဖတ်ဖြစ်စေတယ်။ ဖတ်ပြီးရင်လည်း အသေအချာ အားထုတ်ပြီး အဓိပ္ပာယ် နားလည်မှု၊ ကဗျာဆိုင်ရာသိမှုတစ်ခုခုကို တွေးတောမိစေတဲ့အတွက် မိမိကိုယ်တိုင် ကဗျာရေးသားရာမှာလည်း အသေအချာ ပြန်စိစစ် သုံးသပ်ပြီးမှ ကဗျာတစ်ပုဒ်ကို အဆုံးသတ်မိစေတဲ့အတွက်ပါ။

  • ကဗျာချဉ်းကပ်ဆောင်းပါးတွေ ရေးဖြစ်တဲ့အခါ ဘယ်လို ကဗျာအမျိုးအစားတွေကို လက်တွေ့ပါသလဲ။ ရေးခဲ့သမျှ ကဗျာ စာအုပ် ချဉ်းကပ်ဆောင်းပါးတွေမှာ ဘယ်ကဗျာစာအုပ်ကို အားအရဆုံးဖြစ်ပါသလဲ။ ဘာကြောင့် အားရကျေနပ်မှု ဖြစ်ခဲ့သလဲ ဆိုတာ ဖြေပေးစေချင်ပါတယ်။


 ဘယ်ကဗျာစာအုပ်ကို အားအရဆုံးဖြစ်သလဲဆိုတာထက် ဘယ်ကဗျာစာအုပ်က ပိုအားစိုက်ထုတ်ရေးခဲ့ရသလဲ ဆို တာပဲ ဖြေချင်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဖတ်ရခက်ခဲတဲ့ ကဗျာတွေအများဆုံး ထည့်သွင်းထားတဲ့ ကဗျာစာအုပ်တွေ ပါ ပဲ။ ပြောရရင် ပင်မရေစီးခေတ်ပေါ်ကဗျာနောက်ပိုင်း ခေတ်ပြိုင်ကဗျာရေးဟန်အများဆုံး စုစည်းထားတဲ့ ကဗျာစာအုပ် တွေလို့ ပြောရမလားပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်ပြိုင်ကဗျာ (Contemporary Poetry) ဟာ ဒီဘက်ခေတ် ကဗျာဆရာ အများစုရေးဖွဲ့လာတဲ့ရေးဟန်တစ်ခုပြီး ခေတ်ပြိုင်ကဗျာနည်းနာတွေဟာလည်း ကဗျာဖတ်သူကို အလုပ်များစွာ လုပ်စေ တယ်။ ကဗျာထဲမှာ ကဗျာဖတ်သူကိုယ်တိုင် ထဲထဲဝင်ဝင် ပူးပေါင်းအားထုတ်စေတယ်။ အဲဒီလိုကဗျာတွေကို သေသေချာချာ ဖတ်ဖို့၊ ဆောင်းပါးထဲမှာ ကောက်နှုတ်ဖော်ပြဖို့အတွက်ဆိုရင် ကျွန်တော့် သိမှုအနည်းငယ်နဲ့ မလုံလောက်ဘူး။ အဲဒီတော့ လိုအပ်တဲ့ စာအုပ်စာတမ်းတွေ ကျွန်တော် ပြန်ရှာရတယ်။ လေ့လာရတယ်။ လေ့လာပြီး အဲဒီကဗျာဆိုင်ရာနည်းနာတွေကို နားလည်မှု/သိမှု တည်ဆောက်ရတယ်။ ရလာတဲ့ နားလည်မှု/ သိမှုနဲ့ ကဗျာကို ပြန်ချဉ်းကပ်ပြီး ဆောင်းပါးထဲမှာ ကိုးကား ထုတ်နှုတ်ဖော်ပြရတယ်။ ပြောရရင် ကျွန်တော်အတွက် ခက်ခဲတဲ့ ကဗျာစာအုပ်တိုင်းဟာ ကျွန်တော့်အတွက် သိမှုတစ်ခု တိုးစေတဲ့အတွက် ပိုကျေနပ်အားရမိတယ်လို့ ပြောပါရစေ။


  • ခေတ်ပြိုင်ကဗျာ နဲ့ပက်သက်ပြီး နည်းနည်းပြောပေးလို့ ရမလား။ ခေတ်ပြိုင်ကဗျာလို့ သိသာစေတဲ့ အချက်အလက်တွေ ရှိပါ သလား။ ခေတ်ပြိုင်ဆိုတာ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး အခင်းအကျင်းတွေကို Form နဲ့ရေးတာ၊ ဥပမာ စာလုံးလိုင်းစီခြင်း၊ ကဗျာ အပြား FORM လုပ်ခြင်း တွေကို ခေတ်ပြိုင်လို့ ခေါ်ပါသလား။ ခေတ်ပြိုင်ကဗျာတွေ ကဗျာဖတ်သူနဲ့ ရင်းနှီးလာဖို့ အချိန်ဘယ်လောက်ကြာဦးမလဲ။


 အများစုတွေ့ရှိရတဲ့ ခေတ်ပြိုင်ကဗျာတွေကတော့ Experimental, Hybrid, Collage, Language, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flarf, Digital, Performent, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Contemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုချင်တာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူတကွဖြတ်သန်း နေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကား သုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန်ကတော့ Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှု အနေအထားပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် နားလည်သလိုပြန်ပြောရရင်တော့ ပင်မရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်း ဆန်နိုင်ပေမယ့် အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာတွေကို တွေ့ လာနိုင်မယ် လို့ မျှော်လင့်မိပါတယ်။
 ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံ နည်းစနစ် တွေကို အများစု ဆန့်ကျင်လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလိုရင်းဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှော တင်ပြတာမျိုးအထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမို တွေ့ရှိရပါတယ်။ ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာတာ ကို လည်း တွေ့ရှိရပါတယ်။ အများစု သုံးနှုန်းကြတာတော့ Language, Concept, Collage စတာတွေကို အများဆုံး ရောစပ်အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Experimental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင် ကဗျာရေးသူ အများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ် ဆိုတာကို မကြာခဏ ပြောပါတယ်။ လက်တွေ့ဖန်တီး ပြပါတယ်။ နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုး ရှိရှိ အသုံးပြုပြီး ကဗျာဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့ အနက်အဓိပ္ပာယ် ကို စုပ်ယူလိုရင်းကနေ ကဗျာ ဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံး ဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေ နောက်ကိုလိုက်ရင်း ကဗျာရဲ့ အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုးတွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်းလည်း ဖြစ်တယ်လို့ ထင်မိပါတယ်။
 နောက်ထပ်မြင်မိတာက ခေတ်ပြိုင်ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation) နဲ့ တွဲစပ် ချိတ်ယူခြင်း (Juxtaposition) တွေပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ်ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြား ခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီကို အရောက်ပို့ချင်တာမျိုးကို တွေ့ရပါတယ်။ ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယ အမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက်တဲ့ အချက်အလက်တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာ ဖတ်သူ ကိုယ်တိုင် သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင်လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံး တွေ့နေရတဲ့ အလျားလိုက် စာမျက်နှာ အပြည့်စီတဲ့ ပုံသဏ္ဍာန်ကို အများဆုံး တွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ်လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင် ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓာတ် ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြားအလှဓာတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ကဗျာဆရာတွေ လက်ရှိရေးသားနေတဲ့ ခေတ်ပြိုင်ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာတွေအဖြစ်လည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓာတ် ကတော့ ဘာသာစကားအပေါ် လက်ခံ သုံးစွဲခြင်းပါပဲ။ ဥပမာ-(ဆရာ)ဇေယျာလင်း၊ လူဆန်း၊ လူလန်းတို့ရဲ့ ကဗျာတွေကို ဖတ်ကြည့်ရင် ဘာသာစကားဆန်းပြားစွာ သုံးစွဲထားတာတွေ၊ ဘာသာစကား လက်တစ်လုံးခြား လုပ်တာတွေ၊ ဘာသာစကားအပေါ် မေးခွန်းထုတ်ထားတာတွေ အများကြီးကို ဖတ်မိမှာပါ။ အခု ကျွန်တော် ပြောတာတွေအားလုံးက ကျွန်တော် လေ့လာမိသလောက် ကျွန်တော်ပြန် တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာ လမ်းကြောင်းဟာ လွယ်ကူချောမွေ့လိမ့်မယ်လို့ တော့ မထင်ပါဘူး။


  • ကျွန်တော်တို့နိုင်ငံမှာကောင်းသော အုပ်ချုပ်သူ လူတန်းစားအသစ်ပြောင်းလဲသွားရင် (ဥပမာ- အများမျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်ခဲ့ရင်) ဘယ်လိုကဗျာမျိုးတွေ ထွက်လာမလဲဆိုတာ စိတ်ဝင်စားပါတယ်။ ဆရာ ကိုယ်တိုင်ရော ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ။ ဘယ်လို အကြောင်းအရာတွေ ရေးဖြစ်လာနိုင်မလဲ။


 အခု ဒီဘက်နှစ်များ ၂၀၁၂ နှောင်းပိုင်းမှာ စာပေလွတ် လပ်ခွင့်အနည်းငယ် ပြန်ပေးလာပါတယ်။ လွတ်လပ်ခွင့် အနည်းငယ် ရလာတဲ့အလျောက်လည်း ကဗျာဆရာတွေက သွေးတိုးစမ်းရေးကြတယ်။ ပိုမို တိုက်ရိုက် ဆန့်ကျင်ပြီး ရေးကြည့်တယ်။ ခေတ်ကာလနဲ့ ကဗျာအရွေ့အရလည်း ပင်မရေစီး ခေတ်ပေါ်ကဗျာဟာ အရင်ကထက် အလင်္ကာတွေ နိမိတ်ပုံတွေ လျော့ရေးလာကြတာလည်း ပါတယ်။ ခေတ်ပေါ်/ ခေတ်ပြိုင်ကဗျာဟန် ရောထွေးမှုတွေ၊ ကဗျာဆိုင်ရာ နည်းနာ အသစ်တွေ ပေါ်လာတယ်။ ဒါဟာ အုပ်ချုပ်သူလူတန်းစားအနေ အနည်းငယ်အလျော့ပေးမှုအပေါ်မှာ ကဗျာဆိုင်ရာသိမှု/ ဖြစ်ထွန်းမှုတွေ တိုးတက်လာတယ်လို့ ပြောရမှာပါပဲ။ ဘယ်လိုပဲ ကဗျာဟန်တွေ ပြောင်းလဲသွားပါစေ၊ အကြောင်းအရာတွေ ပြောင်းလဲ နေပါစေ။ ပြည်သူ အလိုမရှိတဲ့၊ ပြည်သူကို မတရားဖိနှိပ်တဲ့ အစိုးရရှိနေသရွေ့၊ ပြည်သူလိုလားတဲ့ ခေါင်းဆောင် မအုပ်ချုပ်သရွေ့တော့ ပြည်သူ့ အတွက်ဆိုတဲ့ ကဗျာတွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ပြည်သူလိုလားတဲ့ ပြည်သူ့အရေး ရှေးရှုတဲ့ ခေါင်းဆောင်အုပ်ချုပ်ခဲ့ရင် မြန်မာစာပေနဲ့ ကဗျာလောကဟာ စာပေတိုးတက်ရေး တစ်ခုတည်းကိုပဲ ကြည့်ပြီး ရှေ့ဆက်တိုးရမှာဖြစ်တဲ့အတွက် နိုင်ငံတကာစာပေ/ ကဗျာလောကကို ဒီထက်ပို ထိုးဖောက် ၀င်ရောက်လာနိုင်မယ်။ ကဗျာဆိုင်ရာသိမှုတွေ၊ အမြင်တွေ၊ ယဉ်ကျေးမှုတွေ ဖလှယ်လာနိုင်မယ်။ နောက်ပြီး ကဗျာဖတ်သူ ဘက်ကလည်း အာဏာရှင် အစိုးရလက်ထက်မှာ ဖိနှိပ်ထားခဲ့တဲ့ ပညာရေး အသိအမြင်တွေ ပြန်လည်နိုးကြားလာမှုနဲ့အတူ ကဗျာခံစားနိုင်စွမ်းတွေ တိုးတက်လာမယ်။ ဆန္ဒပြစရာ၊ လမ်းထလျှောက်စရာ၊ ရုံးချိန်းသွားစရာမရှိတော့တဲ့အတွက် စာဖတ်ချိန်၊ ကဗျာဖတ်ချိန်တွေ ပိုရလာပါ။ ကဗျာဖတ်သူတွေရဲ့ အသိအမြင် ဗဟုသုတတွေ မြင့်မားလာတာနဲ့အမျှ ကဗျာ ရေးသားဖန်တီးသူတွေကလည်း ကဗျာအရွေ့၊ ယဉ်ကျေးမှုအရွေ့၊ နည်းပညာ အရွေ့ပေါ်မူတည်ပြီး ကဗျာအရွေ့တွေ ဖော်ဆောင်လာနိုင်မယ်လို့ ထင်ပါတယ်။


  • ခြောက်လုံးပတ်ကဗျာစာအုပ်နဲ့ ပတ်သက်လို့ ပါဝင်ရေးသားခဲ့တဲ့ ကဗျာဆရာတစ်ယောက်အနေနဲ့ ဘယ်လို ခံစားမှုတွေ၊ ၀င်စားမှုတွေ ရှိခဲ့သလဲ။ ပြီးတော့ မန္တလေးကဗျာ ပတ်ဝန်းကျင်အရွေ့ ကရော ဆရာ့ကို ဘယ်လို တို့ထိရိုက်ခတ် မြည်ဟီး စေခဲ့ပါသလဲ။


 မြန်မာကဗျာလောကမှာ ကဗျာဆရာတစ်ယောက်နာမည်ပြောလိုက်တာနဲ့ အခြားတစ်ယောက်ကိုပါ တွဲမြင်ရသည် အထိ တပူးတွဲတွဲချစ်ခင်ပေါင်းသင်းကြတဲ့ ကဗျာဆရာအတွဲတွေ အများကြီးရှိပါတယ်။ ဥပမာ- ဇေယျာလင်းလို့ ပြောလိုက်ရင် မိုးဝေး ကိုပါ တွဲမြင်ကြပါတယ်။ ရာမျိုးလို့ ပြောလိုက်ရင် သားဦး ကိုပါ တွဲမြင်ကြတယ်။ အဲဒီလိုပါပဲ။ ခြောက်လုံးပတ် ကဗျာ စာအုပ်ဟာ မန္တလေးကဗျာလောကမှာ ရှိနေတဲ့ ကဗျာဆရာ (၃)တွဲ စုစည်းမှုပါပဲ။ မန္တလေးမှာ စံညိမ်းဦးလို့ ပြောရင် ခင်ဇော် မြင့်ကို တွဲမြင်တယ်။ ထွဏ်းသွေးအိမ် လို့ပြောရင် မိုးရင့်ကြယ်ပါ မြင်တယ်။ အဲဒီလိုပဲ မောင်နိုင်လင်းဆိုရင် မင်းနဒီခ ပါလာ တယ်ပေါ့။ ဒီစာအုပ်က ကဗျာစုစည်းမှုထက် လူစုစည်းမှုလို့ ပြောရင်ပိုမှန်မလားပဲ။ တစ်ခုရှိတာက ဆယ်စုနှစ်တစ်ခုအတွင်း မှာရှိတဲ့မန္တလေးကဗျာမျိုးဆက်တစ်ဆက်ရဲ့ကဗျာရေးဟန်အပြောင်းအလဲ၊ ကဗျာတည်ဆောက်ပုံနဲ့ ကဗျာအကြောင်းအရာ၊ ရေးသူရှုထောင့် စတဲ့ မတူကွဲပြားမှုအလှတရားကိုတော့ ခြောက်လုံးပတ်မှာ ကြားရမှာ ဖြစ်ပါတယ်။


  • ပန်းချီပြပွဲတွေမှာ ဆရာ့ကို မကြာခဏတွေ့ဖြစ်တော့ တစ်ခုလောက်မေးချင်ပါတယ်။ ကဗျာဆရာတစ်ယောက်အနေနဲ့ ပန်းချီကားတွေဟာ ဆရာရဲ့ ကဗျာရေးသားတည်ဆောက်မှုနဲ့ ကဗျာအပေါ် ဘယ်လောက်ထိ ပြုစားမှုရှိပါသလဲ။ ဘယ်လို thinking မျိုးကို ရရှိစေသလဲ။


 ပန်းချီအနုပညာကို ကျွန်တော်အရမ်းစိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာနဲ့ယှဉ်ရင် ဘယ်တော့မှ နောက်ကျမကျန်ခဲ့တဲ့ခေတ်ပြိုင်အနုပညာဟာ ကျွန်တော်တို့ဆီမှာ ပန်းချီတစ်ခုပဲ ရှိပါတယ်။ ပန်းချီဟာ အမြင်အာရုံ သက် သက်နဲ့ လူမျိုး ဘာသာမရွေး ကူးစက်ခံစားဖို့ လွယ်ကူတယ်။ ကြားခံမီဒီယာမလိုဘူး။ ကဗျာမှာတော့ အဲဒီလိုမဟုတ်ဘူး။ ကဗျာမှာ အားကိုးစရာ စကားလုံးပဲရှိတယ်။ ပုံသဏ္ဌာန်ပိုင်းမှာ ကျွန်တော်တို့ ဘယ်လောက်သစ်နိုင်မှာလဲ။ အခုထိ ကဗျာဟာ ဘာသာစကားကို ကြားခံမီဒီယာအဆင့်ထိ ကျွန်တော်တို့ သုံးစွဲနေရတုန်းပါပဲ။ ဒါကြောင့် ပန်းချီပြပွဲတွေ၊ ပန်းချီကားတွေဆီ မကြာခဏ ကျွန်တော်ရောက်ဖြစ်တယ်။ ကျွန်တော်သိမှု ရှိသလောက်နဲ့ ကျွန်တော် အာရုံခံစားတယ်။ အနုပညာတစ်ခုဟာ အခြား အနုပညာတစ်ခုအဖြစ် ပုံသဏ္ဌာန်ကူးစက်ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်ယုံတယ်။ တကယ်ဆို ပန်းချီနဲ့ ပတ်သက်လို့ ကျွန်တော့်သိမှုက ဘာမှမရှိပါဘူး။ ဒါပေမယ့် ပန်းချီကားတွေကြည့်ပြီး ပန်းချီကားနဲ့ မသက်ဆိုင်တဲ့ (မသက် ဆိုင်ဘူးလို့ ထင်ရတဲ့) ကဗျာတွေ ကျွန်တော် ရခဲ့တာ ရှိပါတယ်။ ကျွန်တော့်အတွက် ပန်းချီနဲ့ ကဗျာကို ပထမဆုံး ကူးလူးခံစား တတ်စေခဲ့တာ ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ စာအုပ်ပါပဲ။ ဒီစာအုပ်ကနေ ပန်းချီကားတစ်ချပ်ရဲ့ Key ဟာ ဘာလဲ။ ကဗျာတစ်ပုဒ်ရဲ့ Key ဟာ ဘာလဲဆိုတာ နားလည်ခဲ့ရတယ်။ အခု ကျွန်တော်တို့ ခေတ်ပြိုင်ကဗျာတွေထဲမှာ အသုံးပြုနေတဲ့ Abstract, Collage, Expressionism, Surrealism, Conceptual, Documentation, Minimalism စတဲ့ နည်းနာတက္ကနစ်တွေဟာ ပန်းချီမှာ အထင်ရှားဆုံးနဲ့ အစောဆုံး အသုံးပြုခဲ့ကြပြီးပြီ။ ကျွန်တော်တို့်ဆီမှာ အခုထိ အသစ်လုပ်နေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် ပန်းချီနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေ ကျွန်တော်လက်လှမ်းမှီသလောက် ၀ယ်ဖြစ်တယ်။ လေ့လာ တယ်။ အဲဒီကနေ ရလာတဲ့ သိမှုတွေဟာ ကျွန်တော့် ကဗျာရေးမှု/ ကဗျာမြောက်မှုတွေမှာ တနည်းမဟုတ် တနည်းနဲ့ လွှမ်းမိုး ရိုက်ခတ်မှု ရှိနေမှာ အမှန်ပါပဲ။ အကောင်အထည်ဖော်နိုင်တဲ့ အတွေးစိတ်ကူးမျိုး ရရှိတာထက် အကောင်အထည် ဖော်မပြ နိုင်တဲ့ ဥာဏ်အလင်းပွင့်မှုတစ်ချို့တလေတော့ ရရှိစေတယ်လို့ ပြောရမလားပါပဲ။


  • နောက် ဆရာက စကားပြေတွေ၊ အက်ဆေး တွေလည်း ရေးဖွဲ့နေသူတစ်ယောက်ဖြစ်တဲ့အတွက် ကဗျာနဲ့စကားပြေကြားမှာ ဆရာ့ရဲ့ ကူးလူးဖန်တီးဖြစ်တဲ့ အခန်း ကဏ္ဍကိုလည်း သိပါရစေ။


 စကားပြေတွေ၊ အက်ဆေးတွေ ရေးဖြစ်တာကတော့ အဓိကအားဖြင့် စိတ်အား၊ လူအား ရှိနေတတ်တဲ့အခါမျိုးမှာ ပိုရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်နေ့စဉ်ရင်ဆိုင်ဖြတ်သန်းနေရတဲ့ နှစ်ဆယ့်လေးနာရီထဲမှာ ကဗျာအဖြစ်လာရိုက်ခတ်တဲ့ အာရုံ ၀င်စားမှုတွေ ရှိသလို စကားပြေ၊ အက်ဆေးအထိ ဖြန့်ရေးနိုင်မှ ပြည့်စုံမယ့် အခိုက်ဓာတ်ကလေးတွေလည်း ကြုံရပါတယ်။ ဥပမာပြောရရင် ပိတောက်ပင်ကြီးကို ရည်းစားစကားပြောခဲ့ရတဲ့ ` ဧပရယ်ပိတောက်ဖူး ရည်းစားဦး´လို၊ အခန်းလေးထဲ တစ်ယောက်တည်း လွမ်းဆွတ်ခြောက်ခြားတိတ်ဆိတ်မှောင်မဲမှုကို ရင်ဆိုင်နေရတဲ့ `တည်ခိုခန်း´လို၊ သုံးမရတော့တဲ့ ဒင်္ဂါး ပြားတွေ ရှာတွေ့မိတဲ့`ရေတွင်းဟောင်းကြီး´လို စတဲ့ စကားပြေတွေဟာ ကျွန်တော့်အတွက် ကဗျာနဲ့ မလုံလောက်လို့ စကား ပြေအဖြစ် ပြောင်းလဲတင်ပြမိတဲ့ အရေးအသားတွေပါပဲ။ ဒီနေရာမှာလည်း ကျွန်တော့်အပေါ် လွှမ်းမိုးထားတဲ့ စကားပြေ၊ ၀တ္ထု၊ အက်ဆေးဆရာတွေကတော့ ကိုငြိမ်း(မန္တလေး)နဲ့ နေမျိုးပါပဲ။ ကဗျာဓာတ်ခမ်းခြောက်လို့ပဲဖြစ်ဖြစ်၊ ကဗျာရေးရတာ ငြီးငွေ့ လာလို့ပဲဖြစ်ဖြစ် အဲဒီဆရာနှစ်ယောက်ရဲ့ ၀တ္ထုတိုတွေ၊ စကားပြေ အက်ဆေးတွေ ကောက်ဖတ်လိုက်တာနဲ့ စကားပြေတွေ ၊ အက်ဆေးတွေ ရေးချင်စိတ် ပြန်ပြန်ပေါ်လာပါတယ်။


  • အဆုံးသတ်မေးခွန်းအနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုကဗျာမျိုးတွေနဲ့ ဖြတ်သန်းဖို့ Planning ချထားတာတွေ ရှိပါသလား။ နောက်ပြီး ဒီရက်ပိုင်း ကိုယ်ရေးပြီး ကိုယ်ကြိုက်တဲ့ ကဗျာတစ်ပုဒ်လောက် ဖော်ပြပေးပါ။


 မရှိပါဘူး။ ကဗျာကို အကန့်အသတ်တစ်ခုထဲမှာ ချောင်ပိတ်မထားချင်ပါဘူး။ ကျွန်တော်ရေးချင်တဲ့ အကြောင်း အရာကို အဲဒီအချိန်မှာ ကျွန်တော်တင်ပြချင်တဲ့ ရေးဟန်နဲ့ ရေးဖို့ပဲ စိတ်ကူးထားပါတယ်။ ကဗျာနဲ့ပတ်သက်လို့ လေ့လာစရာ တွေက အတိတ်မှာရော အနာဂတ်မှာပါ အများကြီး ရှိနေပါတယ်။ ကဗျာဆိုင်ရာလမ်းကြောင်းတွေကလည်း အများကြီးပဲ။ ကဗျာကို ခင်ဗျားရွေးချယ်စရာမလိုပါဘူး။ ကဗျာက ခင်ဗျားကို ရွေးချယ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ကဗျာ ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ရေရှည် ဘယ်လောက်ထိ ဆေးသားခိုင်ခိုင်နဲ့ ရပ်တည်နိုင်မလဲ၊ ကဗျာအပေါ် ဘယ်လောက် ရိုးသားနိုင်သလဲ၊ ကဗျာနဲ့ ဘယ်လောက်ထိ လက်တွဲထားနိုင်မလဲဆိုတာကတော့ အချိန်ကာလက အဆုံးအဖြတ် ပေးသွား မှာပဲ ဖြစ်ပါတယ်။ ကဗျာဟာ တာတိုပြေးလမ်းမဟုတ်ပါဘူး။ ကဗျာဟာ ဘ၀တစ်ခုလုံး အားသွန်ခွန်စိုက် နှစ်ပြီး ပြေးသွား ရမယ့် တာဝေးပြေးလမ်းဖြစ်ပါတယ်။ ဘယ်သူ ဘယ်လောက် ပြေးနိုင်မလဲ။ ခင်ဗျား တစ်မိုင်ပြေးရင် ကဗျာဆိုတဲ့ ပန်းတိုင် ကလည်း တစ်မိုင်ထပ်ပြေးမှာပဲ။ ကဗျာကို ခင်ဗျား Planning ချမှတ်ထားလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကဗျာဟာ ရွေ့နေလို့ပါပဲ။
 ကိုယ်ရေးပြီး ကိုယ်ကြိုက်တယ်ဆိုတာထက် ကိုယ်ရေးပြီး ခင်ဗျားတို့ကို ဖတ်ကြည့်စေချင်လို့ မကြာခဏ သတိရ နေမိတဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်။ `တွေ့သည် ကဗျာ´ လို့ခေါင်းစဉ်ပေးထားပါတယ်။ ကဗျာကို တွေ့သလားလို့ ကျွန်တော့်ကို ပြန်ဖြေပေးပါ။ မေးခွန်းအားလုံးအတွက် ကျေးဇူးတင်ပါတယ်ဗျာ။

တွေ့သည်ကဗျာ

ခြားနှင့်လိုင်းများအတွက် အပြောင်းအလဲလုပ် အသုံးပြုပုံ သို့မဟုတ် ထို့ကြောင့်အသစ်အဓိပ္ပာယ်ကိုပေးခြင်း စာသားထည့်သွင်း သို့မဟုတ် ပယ်ဖျက်အားဖြင့် အခြားသတင်းရင်းမြစ်များမှစကားလုံးများ စာပိုဒ်တိုများနှင့်
တခါတရံ တစ်ခုလုံးကျမ်းပိုဒ်ယူပြီး ကဗျာအဖြစ်သူတို့ကို re framing ဒါကြောင့်အနုပညာအဖြစ်
ကန့်ကွက်ကြောင်းမေးခွန်း, အ လေ့လာသူ, အ ဗေဒပတ်ဝန်းကျင်နှင့် အနုပညာသည် အဘယ်သို့၏ အဓိပ္ပာယ်သို့ ခေါ်တော်မူအကျင့်ကို နေ့စဉ်သုံးလက်တွေ့ အနုပညာမျှော်လင့်မထားတဲ့ပေါင်းစပ်သို့မဟုတ် juxtapositions အတွက်အသစ်တခုအခြေအနေတွင် အတွင်းတင်ကြသောအခါ စီးပွားဖြစ် / သာမန်အမှုအရာအသစ် အဓိပ္ပာယ်ကိုပေးခြင်း အသစ်ပြန်လည်ပစ္စည်းများကို ထံမှနေသူများက ဖန်တီးရသော 'များအား' ၏အမြင်အာရုံအနုပညာ ဥပမာ တွေ့ရှိကဗျာတခုရဲ့ ဥပမာ 'ယန္တရားအပေါ် မူလတန်းစာချုပ်' ဒါကြောင့် မျှအင်အားသုံး သို့သော် တိကျစွာဖြောင့်သောရေပြင်ညီမျဉ်းတစ်ကြောင်းသို့၊ သို့သော်ဒဏ်ငွေကိုကြိုးဆန့်နိုင် ယနေ့ထို့နောက်သမျှသော ဝေဒနာကတဆင့်သွား၊ အရန်၊ သင်နှင့်ငါသည်တလျှောက်အဖွဲ့
ကျန်တဲ့ နှင့်အတူ အလွန်စိတ်ဆိုး ... သည်ဝန်ဆောင်မှုတပ်မှပျံသန်းကြ၊ ထိုမိသားစု။ သင်သိသောကြောင့်၊ ဒါဟာအနည်းငယ် corny အသံကိုပြုစေခြင်းငှာ၊ ပေလိမ့်မည်။ ဒါပေမယ့် ကျနော်တို့အလှဆုံးလပြည့်နေ့ ယနေ့ညရှိသည်။ ထိုအခွင့်ကိုယခုသွားသမျှကိုခံစားခြင်းလူအစုအဝေး။ သူတို့က Corny အသံကိုပြုစေခြင်းငှာ၊ ဆင့်ဆိုရမည်မှာ၊ သို့သော်လည်း ငါက တစ်ဦးအတိတ်နိမိတ်ကဲ့သို့ပင် တစ်ဦး၏ အချို့သော မျိုးတူရဲ့ နှစ်ဦးစလုံးသည် မိုးကောင်းကင်သို့တက် တက်နှစ်ဦးစလုံး။ ကိုယ့်လပြည့်နေ့သည်ကို မြင်လျှင်၊ ထို Thurman Munson ငါ့ကိုသတိရ, ထိုကြောင့်ပါပဲ။ တွေ့ရှိကဗျာမှ ကျိန်ဆို၊ ပူဇော်အင်တာနက်ကို ပထမဦးဆုံးတရားဝင်စာပေဂျာနယ်က တွေ့သည်ကဗျာပြန်လည်ဆန်းစစ်ခြင်း၊ ပေါ်ထွက်လာအဆိုပါသုံးလပတ်အလိုက်ဂျာနယ်၊ Marcel Duchamp ပန်းချီကား၊ ချားလ်စ် Manson ရဲ့တရားခွင်သက်သေခံချက်၊ AOL ကပြဌာန်းစာအုပ်ကနေယူ ၊ ရိုးရာ Centos နှင့်ကဗျာများတင်ဆက်ခဲ့သည့် ရှာဖွေရေးဒေတာ Emily Post ကိုရဲ့လောကဝတ်စာအုပ်များ၊ ဝီကီပီးဒီးယားဆောင်းပါးများ၊ ပုံစံ၏ Struck နှင့်အဖြူရောင်၏ the Elements, Wonder Woman ရုပ်ပြနှင့် လူရွှင်တော်-Dave Gorman မကြာခဏလူအွန်လိုင်းဖိုရမ်များအပေါ်ပြောဆိုကြပြီသော ထုံသောအမှုအရာကို အသုံးပြု၊ ဟာသတွေ့ရှိ ကဗျာ တွေ့သည်အရာဝတ္ထုကိုးကားချဲ့ထွင်ရန်အလို့ငှာအသာပုတ်ကိုလည်းကြည့်ပါ Wikipedia/Found Poetry/Google Translate/Uni Code Converter/New Document တွင်လည်း ပြန်ကြည့်ပါ

မင်းနဒီခ

Perfect Magazine, Feb.2016

Tuesday, January 5, 2016

မိသားစုရထားတွဲ​လေး

မိသားစုရထားတွဲ​လေး

(၁)
စိတ်ထဲ ရှိသလောက် အော်ဟစ်ပေါက်ကွဲ ပစ်လိုက်ချင်သည်။ သို့သော် ကိုယ်​ အတတ်နိုင်ဆုံး ပြုံးနေခဲ့ပါသည်။ ဟန်ဆောင်ကောင်းခြင်းသည် ကိုယ်​ သင်ယူလေ့လာခဲ့သော ဘာသာရပ်တစ်ခု မဟုတ်သည့်တိုင် ဖြတ်သန်းခဲ့သော အတွေ့အကြုံများအရ မသင်ကြားဘဲ တတ်မြောက်လာသော အရည်အချင်း တစ်ခုဖြစ်သည်။ စိတ်သည် ဆန်းကြယ်သည်။ တချိန်တည်းမှာပင် တစ်စုတစ်ခုကို ပိုင်ဆိုင်လိုစိတ်ပြင်းပြနေပြီး ထိုတချိန်တည်းမှာပဲ ထိုတစုံတခုကို စွန့်လွှတ်ပစ်ချထားလိုက်ချင်မိသည်။ ကိုယ်လိုချင်သော ဘဝတခုကို တည်ဆောက်ရတာ ခက်ခဲသည်။ ထိုထက် ကိုယ်မလိုချင်သော ဘဝတခုကို တည်ဆောက်ရတာ ပို၍ ခက်ခဲပင်ပန်းလွန်းသည်။ နေ့များ တဖြည်းဖြည်း ကုန်လွန်သွားကြသည်။ တချို့ သံယောဇဉ်များသည် ခိုင်မာမြဲမြံလွန်းခဲ့ပြီး တချို့ သံယောဇဉ်များသည် တဲနှောင်ရုန်းထွက် ပြတ်တောက် လွယ်ကြသည်။ တယောက်အကြောင်း တယောက်သိဖို့ အချိန်မည်မျှဆိုလျှင် လုံလောက်ပါမည်လဲ။ ၂၀၁၆ သည် ပျော်ရွှင်ခြင်းနောက်မှာ မပျော်ရွှင်ခြင်းကို သိုဝှက်ယူလာသည်။ မိတ်ဆွေ ကျေးဇူးပြု၍ ပျော်ရွှင်ခြင်းကို ကုန်အောင် မစားသုံးလိုက်ပါနှင့်။ ခဲဆံမကုန်ခင် ခဲဖျက်ကုန်သွားသော ခဲတံတစ်ချောင်း၏ အမည်မှာ မင်းနဒီခ မဖြစ်ဖို့ ဆုတောင်းရင်း လူလိမ္မာ ဖြစ်ဖို့ ကြိုးစားနေမိသည်။ ကဗျာတွေ ရေးချင်သေးသည်။ ကဗျာတွေ ဖတ်ချင်သေးသည်။ ကိုယ့်မျက်စိရှေ့မှာ ကိုယ့်သမီးငယ်လေး ရှင်သန်လူလားမြောက်တာ ငေးကြည့်နေချင်သေးသည်။ ဘဝက တိုတောင်းသည်။ သံသရာက ရှည်ကြာလွန်းသည်။ ဆုတောင်း မကောင်းပေမယ့် သံသရာတွင် ပြန်ဆုံချင်သည့် စာရင်းတွင် ကိုယ်ချစ်တဲ့သူများအမည်ကို ရေးခွင့်ပြုပါ။ ၂၀၁၆။ ကိုယ် တကောက်ကောက် လိုက်ခဲ့ပါမည်။ သွားလမ်းလည်း သာပါစေ။ လာလမ်းလည်း ဖြောင့်ပါစေသား။
(၂)
ကြမ်းတမ်းမယ်ဟု ထင်မှတ်ထားသော လမ်းများ ဖြောင့်ဖြူးခဲ့ပြီးနောက် ဖြောင့်ဖြူးမယ်ဟု ထင်မှတ်ထားသော လမ်းများ ကြမ်းတမ်းခဲ့သည်။ အဖေက တနေရာ၊ အမေက တနေရာ၊ သားသမီးများက တနေရာ ဝေးကွာခဲ့ဖူးပြီ။ ဝေးကွာခြင်းသည် လွမ်းဆွတ်တမ်းတခြင်းများ သီးပွင့်စေသည်။ သို့သော် မစားကောင်းသည့်အသီးများ စာရင်းတွင် ထို လွမ်းဆွတ်တသခြင်းလည်း ပါ ပါသည်။ နွား၊ ကျား၊ သိုး၊ မြင်း၊ ဝက်မှ ကြိုက်နှစ်သက်ရာ တိရိစ္ဆာန်များကို နံပါတ်စဉ်တပ်ပါ။ ပြီးမှ အဖြေကို ကြည့်ပါ။ မိသားစုကို ကိုယ်စားပြုသော တိရစ္ဆာန်မှာ မြင်း ကို သတ်မှတ်ထားကြောင်း ကိုယ်ကြိုသိမထားပါ။ ကိုယ် အစဉ်လိုက် ချရေးလိုက်သည်မှာ မြင်း၊ ကျား၊ နွား၊ သိုး၊ ဝက် ဖြစ်သည်။ ကံဆိုးစွာ ငွေကြေးကို ကိုယ်စားပြုသော တိရိစ္ဆာန်ကို နောက်ဆုံးမှာ ထားမိသည်။ ဤသို့ဖြင့် မိသားစုနှင့် ငွေကြေးမှာ အလှမ်းဝေးခဲ့သည်။ ကိစ္စတော့ မရှိပါ။ ကိုယ့်ကျင့်သိက္ခာနှင့် ချစ်ခြင်းမေတ္တာကို မိသားစုအနီးမှာ ထားခဲ့ခြင်းကို ကိုယ်ဘယ်တော့မှ နောင်တရမည်မဟုတ်ပါ။ ထိုနေ့က အင်တာနက်ဖိုက်ဘာဆက်ကြောင်းများ ပြတ်တောက်ခဲ့သည်။ တယောက်ကို တယောက်ဆက်သွယ်ဖို့ ခက်ခဲခဲ့သည်။ ဟောက်သံသဲ့သဲ့လေး ကြားနေသည့်တိုင်၊ အသက်ရှူငွေ့လေး တနွေ့နွေ့ ရနေသည်တိုင် တယောက်နှင့်တယောက် ဝေးခဲ့ကြပါသည်။ ညသည် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ မနက်ဖြန်သည် နေ့သားတကျ ရောက်လာဦးတော့မည်။ ရယ်သံများ ကြားရပေဦးမည်။ မနက်ခင်း လင်းလိုက်ပါ။ နေရောင်နဲ့အပြည့် ပျော်ရွှင်ခြင်းတွေ ခပ်ထည့်ချင်လို့ပါ။
(၃)
မြောက်ပြန်လေတွေ တိုက်နေသည်။ အေးစိမ့်မှုကို အခါမလပ် ခံစားနေရပြီ။ ဆောင်းရာသီသည် အလှည့်ကျ ရောက်လို့လာပြန်သည်။ ဒီနှစ်ဆောင်းသည် မနှစ်က ဆောင်းထက် ပိုအေးမည်လား။ အေးရော အေးပါမည်လား။ ခန့်မှန်းချက်များအား ငါးဆယ်ရာခိုင်နှုန်းသေချာစေချင်သည်။ ကျလာသော နှင်းစက်များကို ကားမီးရောင်တွင် ငေးကြည့်နေချင်သော်လည်း ကားဟွန်းတီးသံများက ဆူညံလျှက် ရှိသည်။ အိမ်ပြန်ချိန် ရောက်ပြီ။ လမ်းများထက် ကျပ်ညပ်နေသော ကိုယ်ပိုင်ကားများပေါ်မှ အိမ်ပြန်ချင်စိတ်နှင့် အများပြည်သူသုံး ဘတ်စ်ကားများပေါ်မှ အိမ်ပြန်ချင်စိတ်​သည် အတူတူပင်ဖြစ်လိမ့်မည်။ ပြန်ပါ။ အိမ်သို့ ရောက်အောင် ပြန်ကြပါ။ သင့်မိသားစုသည် သင့်အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြသည်ဟု ရုပ်ရှင်ပိတ်ကားထက်တွင် ဖတ်လိုက်ရဖူးသည်။ တချိန်က ဖြစ်သည်။ အမြန်လမ်းမထက်မှ နေ့စဉ်ခြောက်လှန့်နေသော အိပ်မက်ဆိုးများကို မေ့လိုက်ပါ။ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ။ လက်ရှိဥပဒေအရ လမ်း၏ ညာဘက်မှ ကပ်မောင်းပါ။ ယာဉ်စည်းကမ်းလိုက်နာခြင်းထက် သင့်ကို ချစ်သောသူများအတွက် ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြောင်း ပြပေးပါ။ နောင်တနှစ် ဆောင်းရာသီက သင့်အား ကြိုဆိုနေပါစေ။
(၅)
ခြိမ်းခြောက်မှုများသည် အသံတိုးလျှိုး ပါးလျနေသည်။ နို့ ပိုစို့ရဖို့ မငိုတတ်သည့်ကလေးအား မျက်ရည်ကျစေရမည်လား။ မော်မကြည့်ဝံ့သဖြင့် ဒူးထောက်ခစားခဲ့ပါသည်။ လောကဓံရှစ်ပါးတွင် ကောင်းသောလောကဓံက ကိုယ်နှင့် သူစိမ်းဆန်ဆန်၊ ဆိုးသော လောကဓံက ကိုယ်နှင့် တရင်းတနှီး။ ဤ ခရီး ဝေးခဲ့ပါသည်။ ချက်ကူ ချက်ကူ ချူ ချူ ဟု ရထားဥသြဆွဲသံ ကြားရသည်။ သမီးထံမှ ဖြစ်ပါသည်။ သမီးသည် ကိုယ့်​အား သူ့နောက်ကျောမှ အင်္ကျီစကို ဆွဲစေပြီး သူ့ ဘယ်ဘက်လက်ကို ရှေ့တန်းလိုက်သည်။ သူ့ ညာဘက်လက်ကို ခေါင်းပေါ် တင်ထားလိုက်သည်။ ချက်ကူ ချက်ကူ ချူ ချူ ချက်ကူ ချက်ကူ ချူ ချူ။ ရထား ထွက်ပြီ။ ရထားပေါ်တွင် ဒီအဖေနှင့် ဒီသမီး၏ ချစ်ခြင်းမေတ္တာပါသည်။ ဖခင်တစ်ယောက်၏ စေတနာနှင့် သမီးတယောက်၏ အနာဂတ်ပါသည်။ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်း၊ ကိုးစားခြင်း၊ ယုံကြည်ခြင်းများ ပါသည်။ ရထားထွက်ပြီ။ အလံစိမ်းစိမ်းတွေ ထောင်ပြစရာမလိုပါ။ ထွက်ခွာလာသော ရထားနောက်မှာ တစိုက်မက်မက်လိုက်ပါဖို့သာ ကြိုးစားပါ။ ဆရာ မောင်ကြည်သာ(တောင်တွင်း)၏ ` ဘူတာနဲ့ ရထား´ ကဗျာထဲကလို ထွက်ခွာသွားတဲ့ ရထားလေးတွေ နောက် အမှီလိုက်ပေးပါ။ ရထား ထွက်​တော့မည်​။
(၅)
တဟားဟား ရယ်မောသံများသည် ရထားနောက်တွင် ကျန်နေရစ်ခဲ့သည်။ ပန်းတွေ ပွင့်ခဲ့သည်။ စမ်းရေ စီးခဲ့သည်။ ထို့အတူ အချိန်ကာလသည်လည်း တသွင်သွင် ဆက်လက်စီးဆင်းနေမြဲ ဖြစ်သည်။ ခုနှစ်ပေါင် ရှစ်အောင်စလေးသည် ရက်ပေါင်း တစ်ထောင့်ရှစ်ရာကျော်သည့်အခါ ပေါင်ခြောက်ဆယ်လေး ဖြစ်လာသည်။ အချိန်နှင့် ဒီရေသည် ဟေရာကလိုက်တပ်စ်ကို မစောင့်။ ကိုယ့်​ကို စောင့်သည်။ ကိုယ်​က ညနေ ငါးနာရီခွဲကို စောင့်သည်။ အိမ်​ပြန်​ချိန်​ကို ​စောင့်​သည်​။ အချိန်နှင့် ကိုယ့်​ကြားတွင် ဒီရေသည် တက်လိုက် ကျလိုက်။ ဒီရေနှင့်အတူ ကိုယ့်​ စိတ်ဓာတ်များသည်လည်း တက်လိုက် ကျလိုက်။ ညသည် တဖြည်းဖြည်း နက်လာပြီ။ ဆောင်းရာသီ၏ အေးစက်ထုံကျင်မှုသည် ခွေးလေခွေးလွင့်တို့၏ အူသံကို ဆွံ့အစေသည်။ ပိတ်မထားသော ဖန်မီးချောင်းဆီသို့ တဖက်ဖက်ရိုက်ကာ တိုးဝင်နေသော ပိုးဖလံတစ်ကောင်၏ အသံကို ကြားနေရသည်။ လူသားတို့၏ နေထိုင်ယဉ်ကျေးမှုတိုးတက်လာခြင်းသည် အင်းဆက်ပိုးတစ်ကောင်၏ အသက်ကို ကယ်တင်လိုက်နိုင်သည်ဟု ကြီးကြီးကျယ်ကျယ် အတွေးဝင်လာသည့်အခါ ထိုမီးခလုတ်ကို ကိုယ်​ ထပိတ်ပစ်​လိုက်သည်။ ညသည် ယခုအခါ မှောင်နှင့်မည်းမည်း။ မနက်တုန်းဆီက ခေါက်ထားသော စောင်ကို ဖြန့်ခြုံလိုက်သည်။ အနွေးဓာတ် ချက်ချင်းရောက်လာသည်။ တခါတလေ အနွေးဓာတ်ရန်​အတွက်​ ချက်ချင်းကောက်ခြုံလိုက်ဖို့ လိုအပ်နေသည့်အေးစက်မှုများ ကိုယ့်​အနားတွင် ကျန်ရှိနေသေးသည်။ ဘယ်တော့ခြုံဖြစ်မည်လဲ မပြောတတ်။ တချို့အေးစက်မှုများသည် နှစ်လိုဖွယ်ကောင်းတတ်ပြီး တချို့အေးစက်မှုများသည် နာကျင်ကိုက်ခဲစေတတ်သည်။ ပြီးပါပြီဟု စာတန်းထိုးလိုက်ရမည်လား။
(၆)
`အိမ်ထောင်တစ်ခုဆိုတာ တည်ဆောက်စဉ်သာ ခက်ခဲတာ၊ ပြိုကွဲ ဖျက်ဆီးဖို့ဆို အကြောင်းအရာတွေက လွယ်နေသလိုပါပဲ´
Facebook ပေါ်မှ ပန်းပွင့်ဟု အမည်ပေးထားသော ညီမငယ်တစ်ယောက်၏ လက်ရေးဖြစ်ပါသည်။ ကိုယ်​ (Like)လိုက်ခ် မနှိပ်ပေးခဲ့ပဲ ကျော်ခဲ့သည်။ သူ့သူငယ်ချင်းတစ်ယောက်၏ မိသားစုအရေးအပေါ် သူမ၏ စာနာမှုဖြစ်သည်။ သံဝေဂလည်း ဖြစ်နိုင်သည်။ လောကကြီး၏ ဖြစ်တည်ပျက် တရားအပေါ် ရှူရှိုက်လိုက်မိသည့် ပင့်သက်တစ်ချက်လည်း ဖြစ်နိုင်သည်။ တကယ်တမ်းကျတော့ သူ့သူငယ်ချင်းမှာ ကျွန်တော်လည်း ဖြစ်နိုင်သည်။ ခင်ဗျားလည်း ဖြစ်နိုင်သည်။ မတည်မြဲသော အကြောင်းတရားများသာ တည်မြဲကုန်ကြသည်။ ဆုပ်ကိုင်ထားသော လက်သီးများကို ဖြန့်လိုက်ပါ။ ဖြန့်ထားသော လက်ဖဝါးများဖြင့်သာ လက်ဆွဲနှုတ်ဆက်ခြင်းအမှုကို ပြုရာ၏။ ဖြန့်ထားသော လက်ဖဝါးများဖြင့်သာ ပေးကမ်းစွန့်ကြဲခြင်းအမှုကို ပြုရာ၏။ ဖြန့်ထားသော လက်ဖဝါးများဖြင့်သာ ကယ်တင်ခြင်းအမှုကို ပြုရာ၏။ ကမ်းပါးစွန်းပေါ်က ခြေတလှမ်းအတွက် နောက်ပြန်လှည့်ခြင်းဟာ ပို တန်ဖိုးရှိသည် မဟုတ်ပါလား။ နှလုံးသားကို သစ်နေအောင် သွေးပါ။ ချစ်ခြင်းဖြင့် တလက်လက်လင်းပါစေ။ ချိတ်ဆွဲရန် ပြင်ဆင်ထားသော ပြီးပါပြီ စာတန်းကို စတင်ခြင်းဟု ပြင်ရေးလိုက်ပါ။ အစ ကောင်းကောင်း မကောင်းကောင်း အနှောင်းသေချာနိုင်ပါစေ။
(၇)
ကာလအတန်ကြာ မေ့ထားခဲ့သော ဆုတောင်းခန်းများသည် နောက်ဆုံးတော့ ကိုယ့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသည်။ နာကျင်ကြေကွဲနေသည့် စိတ်သည် တပါးသူ၏ ကြေကွဲနာကျင်မှုများအပေါ် ကိုယ်ချင်းစာပေးရင်း ပါးလျတိုးသက်သွားသည်။ `ဂုဏ်ရည်မတူ´ရုပ်ရှင်ဇာတ်ကားထဲမှ ဘဝတွေကို ကြည့်ပြီး မျက်ရည်ကျနေသည့် မိတကွဲ ဖတကွဲ ကလေးမလေး `ချိုတကူး´လို ကိုယ့်ဒဏ်ရာ ကိုယ်မေ့ သူများဒဏ်ရာ လျှာနဲ့သပ်ပြီး သက်သာစေချင်နေမိသည်။ ကိုယ်ချင်းစာစိတ်သည် ကိုယ်တိုင်ကြုံတွေ့ရသည့်အခါ ပို၍ ရုပ်လုံးကြွစေသည်။ ဟိုးဝေးဝေးမှ ဆိုင်းသံ၊ ဗုံသံများ ကြား​နေရသည်။ အငြိမ့်ခန်းမတိုင်ခင် တခန်းရပ်ပြဇာတ်ဆီမှ ` ရိုးမြေကျရာသက်ပန်၊ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေသတည်း´ ဟု ကြားလိုက်မိသလို ရှိသည်။ ဆုတောင်းများ ပြည့်ပါစေ။ တွဲလက်များ မြဲပါစေ။ မန္တလေး ဆောင်းညများသည် မန္တလေး ပီပီသသ ချမ်းပြနိုင်လွန်းသည်။ ကိုယ့်ဘဝ မီးလင်းဖိုလေးဆီ ကိုယ်ပြန်မရောက်နိုင်သေးသည့် မိသားစုများအကြောင်း စဉ်းစားမိတိုင်း ချမ်းအေးမှုက အရိုးထဲထိ စိမ့်သွားသည်။ ဆောင်းသည် ချမ်းအေးမှုကို ကိုယ်စားပြုသည်ထက် အနွေးဓာတ်ကို မမေ့လျော့အောင် သတိပေးနေခြင်းလည်း ဖြစ်သည်။ တစ်ယောက်လက်ကို တယောက် အနွေးဓာတ်ရသည်အထိ ပွတ်သပ်ဆုပ်နယ်ပေးလိုက်ပါ။ အကြားအလပ်မဲ့ပါစေ။ လိုအပ်သည့်အခါ အသုံးပြုဖို့ သည်းခံခြင်းကို သင်ကြားပါ။ မပျော်ရွှင်ခြင်းများနောက်တွင် ပျော်ရွှင်ခြင်းသည် တခါပြန်ရောက်လာဦးမည်ပင် ဖြစ်သည်။ ရာသီစက်​ဝန်းသည်​ လည်​ပတ်​​နေသည်​။ သံသရာစက်ဝိုင်းသည်​လည်း လည်​ပတ်​​နေသည်​။ ထို့အတူ ​ပျော်​ရွှင်​ခြင်းနှင့်​ မ​ပျော်​ရွှင်​ခြင်း၊ ပိုင်​ဆိုင်​ခြင်းနှင့်​ စွန့်​လွှတ်​ခြင်း၊ တည်​​ဆောက်​ခြင်းနှင့်​ ပြိုကွဲခြင်း၊ ​တွေ့ဆုံခြင်းနှင့်​ ခွဲခွာခြင်း၊ ကြင်​နာခြင်းနှင့်​ နာကျင်​ခြင်း၊ ချစ်​ခြင်းနဲ့ မုန်းတီးခြင်း စသည့်​ စက်​ဝိုင်း​တွေ အများကြီး ကိုယ်​တို့ ဝိုင်းကြရပါလိမ့်ဦးမ​ည်​။ မည်​သို့ပင်​ဖြစ်​​စေ စို​သောလက်​များ မ​ခြောက်​ဖို့၊ ​ချည်​​သော ကြိုးများ တင်း​စေဖို့ ဆု​တောင်းရင်း သံသရာမပြတ်​သ​ရွေ့ မိသားစုဆိုသည့်​ အဖွဲ့အနွဲ့ကို ခန္ဓာအဆက်​ဆက်​ ဒီအတိုင်း​လေးပဲ ဆက်​ဖွဲ့ချင်​မိသည်​။ အိမ်​အပြင်​မှာ နှင်း​တွေ တဖွဲ့တနွဲ့ကျ​နေပါလိမ့်​မည်​။ အတိတ်​က ​ခြေရာများသည်​ နှင်းပွင့်​နှင်းစက်​တို့ ​အောက်​တွင်​ ဖုံးအုပ်​​ပျောက်​ကွယ်​ သွားကြပါလိမ့်​မည်​။ နှင်းများ​အောက်​ ​ပျောက်​ကွယ်​သွားမည့်​ ​ခြေရာများထက်​ နှင်းစက်​​တွေ​ပေါ် တဖန်​နင်း​လျှောက်​လာမည့်​ ​ခြေရာ​များ၏ လှပမှုကို ကြည့်​ရင်း ကိုယ်​တို့ ကြည်​နူးလိုက်​ကြရ​အောင်​လား။ ဖြန့်​ထားတဲ့ လက်​​တွေနဲ့ တ​ယောက်​ကို တ​ယောက်​ ချိတ်​တွဲရင်း ရထားတစင်းလို အတူတူ ခရီးဆက်​ကြပါစို့။ ချက်​ကူ ချက်​ကူ ချူ ချူ ချက်​ကူ ချက်​ကူ ချူ ချူ ချက်​ကူ ချက်​ကူ ချူ ချူ။

မင်းနဒီခ
၅၊ ၁၊ ၂၀၁၆

Tuesday, October 6, 2015

လင်းခါးရဲ့ ​ဖြောင့်​ချက်​​များ

လင်းခါးရဲ့ ဖြောင့်ချက်များ

စာအုပ်အမည် - ခေတ်က ရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ်
ရေးသူ - လင်းခါး
ထုတ်ဝေသည့်ကာလ - မေ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက် - ဗောဓိရိပ် အနုပညာ
မျက်နှာဖုံးဒီဇိုင်း - နှနှင်းနွယ်ဖြိုး


 ၂၀၁၅၊ မေလမှာ ကဗျာဆရာလင်းခါးရဲ့ တတိယမြောက်တစ်ကိုယ်တော်အဖြစ်`ခေတ်က ရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ်´ လို့ ခေါင်းစဉ်ပေးထားတဲ့ ကဗျာစာအုပ်တစ်အုပ်ထွက်လာပါတယ်။ ၂၀၁၁ ဖေဖော်ဝါရီမှာ `ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီ´၊ ၂၀၁၂ ဇူလိုင် မှာ `စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု´ ဆိုပြီး တစ်ကိုယ်တော်ကဗျာစာအုပ် ၂ အုပ်ထွက်ရှိ ထားခဲ့ပြီး အရင်စာအုပ်တွေနဲ့ ကွဲပြားတာကတော့ အခု ကဗျာစာအုပ်ဟာ ခေတ်စနစ်တစ်ခုရဲ့ စစ်ကြောရေးစခန်းက ရိုက်နှက် စစ်ဆေး လို့ ထွက်ကျလာတဲ့ ဖြောင့်ချက်တွေကို ကဗျာအဖြစ် စုစည်းထုတ်ဝေထားခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် အာဏာရှင် စစ်အစိုးရလက်အောက်က လူငယ်တစ်ယောက်ရဲ့ပေါက်ကွဲမှု၊ တရားဖိနှိပ်ခံရမှုများအပေါ် စကားလုံးများဖြင့် တုံ့ပြန်မှု၊ ခေတ် စနစ်ဆိုးတစ်ခုအောက်ကနေ ကဗျာဖြင့် တွန်းကန်ရုန်းထွက်မှု၊ ကောင်းမွန်သော အနာဂတ်အတွက် စာပေနဲ့ တိုက်ပွဲဝင်မှု များပဲ ဖြစ်ပါတယ်။ လင်းခါးရဲ့ ဒီစာအုပ်မှာ ဆရာမောင်မှိုင်းလွင်(အင်းဝ)နဲ့ ရဲဘော်သံခဲ မကဒတ(ကျောင်းသားတပ်မတော်) တို့က အမှာစာရေးပေးထားပြီး သူ့ရဲ့ ပထမဆုံးကဗျာစုစည်းမှုဖြစ်တဲ့ `ယှဉ်ရုန်းခဲ့တဲ့ဘော်ဒီ´ ကဗျာစာအုပ်မှာ မဖော်ပြဖြစ် လိုက်တဲ့ ဆရာနေမျိုးရဲ့ အမှာစာကိုလည်း ပြန်လည်ထည့်သွင်းထားပါသေးတယ်။ ဒီနေရာမှာ ဆရာမောင်မှိုင်းလွင်(အင်းဝ) ရဲ့ အမှာစာကို အနည်းငယ် ပြန်ဖော်ပြချင်မိပါတယ်။

`ဗမာပြည်မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ သူ့ခေတ် သူ့အခါ အလျောက်လေးချိုးကြီးဆိုတဲ့ ကဗျာ ပုံ သဏ္ဍာန်အသစ်၊ ဋီကာ၊ ကဏ္ဍိ စတဲ့ စကားပြေပုံသဏ္ဍာန်အသစ်တွေကို တီထွင်ပြီး ပြည်သူ့စာပေ၊ စာပေသစ်၊ လမ်းကြောင်း ကို စတင်လမ်းဖောက် လျှောက် လှမ်းခဲ့သူ ဖြစ်ပါတယ်။ စာပေသစ်ရဲ့ ခေါင်းဆောင်ဟာ ဆရာကြီးပါ။ ဆရာကြီးရဲ့ စာပေသစ် သဘောတရားကို ဆရာ ဒဂုန်တာရာက တာရာမဂ္ဂဇင်းယာဉ်သာနဲ့ တင်ဆောင်ကာ ဆက်လက်ဖြန့်ချိ ပြန့်ပွား စေခဲ့ပါတယ်။ နောက် . . . အတွေးရဲ အရေးရဲတဲ့ မန္တလေးတက္ကသိုလ်ကလောင်ရှင်များ။ ပြီး . . . မိုးဝေကဗျာခေတ်၊ စာကူးစက် ကဗျာခေတ်။ ရှစ်လေးလုံး အရေးတော်ပုံကာလအပြီးမှာတော့ ဒုတိယမှိုင်းလို့ တင်စားခံရတဲ့ ဆရာတင်မိုးခေတ်။ အဲဒီကနေ လွတ်လပ်လင်္ကာ တော်လှန်ကဗျာခေတ်ဟာ ကနေ့လူငယ်တွေအထိ ဆက်လက်ကိုင်စွဲ သယ်ဆောင်ခဲ့ကြတော့တာပါပဲ။´
ဆက်လက်ပြီး ဆရာမောင်မှိုင်းလွင်(အင်းဝ)က `လင်းခါးဟာ သူဖြတ်သန်းနေရတဲ့သမိုင်းခေတ်ကို မျက်ခြေမပြတ်၊ တွေးအားကောင်း ရေးအားကောင်းသူ။ ကဗျာလူငယ်ဟာ ပေါ်ပင်ပုံသဏ္ဍာန်နောက်ကို မလိုက်၊ အကြောင်းအရာကိုသာ အဓိက ဖက်တွယ်တယ်။ ကာရံအပေါ်မှာ ပေါ့ပါးတယ် ထင်စရာရှိပေမယ့် အဘိဓမ္မအပေါ်မှာတော့ လေးနက်တယ်။ လင်းခါး ရဲ့ ကဗျာဖန်သားပြင်မှာ သူဖြတ်သန်းရတဲ့ သမိုင်းခေတ်ကြီး ကတော့ ပြတ်ပြတ်သားသား၊ ထင်ထင်ရှားရှား။ လင်းခါးဟာ သမိုင်းရဲ့ မျက်လုံးနဲ့ စူးစူးရှရှမြင်တတ်သူ၊ သမိုင်းရဲ့ နားနဲ့ ပီပီမြည်မြည်ကြားတတ်သူ၊ သမိုင်းရဲ့ ဦးဏှောက်နဲ့ ရဲရင့် ထက်မြတ် တွေးတတ်သူ၊ သမိုင်းရဲ့စာမျက်နှာမှာ ရေးအား ကောင်းကောင်းနဲ့ ဖွဲ့နွဲ့တတ်သူ၊ ပြည်သူ့ဘ၀ ပြည်သူနှလုံးသား ပြည်သူ့ ခံစားချက်တွေနဲ့ ထုံမွှန်းထားတဲ့ ရင်ထဲက စကားကို သူသိစေချင်တဲ့ သူတွေ ရှင်းရှင်းလင်းလင်းနားလည်သွားအောင် လှလှပပ ပြောပြတတ်သူ´ လို့လည်း ရေးပေးထားပါတယ်။

၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗမာပြည်ဟာ ပြည်တွင်းစစ်နဲ့ စတင်ကြုံတွေ့ခဲ့ရတယ်။ အဲဒီနောက်ပိုင်း၁၉၆၂ မှာ ပြည်တွင်းဖြစ်ဆိုရှယ်လစ်အယောင်ဆောင်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့အတူ ဗမာပြည်စာပေလွတ်လပ်ခွင့်ဟာ စတင် ဆုံးရှုံးခဲ့ရပြီး အဲဒီနောက်ပိုင်း ၇၄၊ ၇၅၊ ၇၆ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၊ အကြီးကျယ်ဆုံးသော ရှစ်လေးလုံး အရေး အခင်းကြီး နောက်ပိုင်း ပိုမိုဆိုးရွားစွာ စာပေလွတ်လွတ်ခွင့် ဆိုးဆိုးရွားရွားဆုံးရှုံးခဲ့ရပါတယ်။ ဥပမာ-`ည´ ဆိုတဲ့ စကားလုံး အသုံးပြုရင်တောင် သူတို့အုပ်ချုပ်နေတဲ့ခေတ်ကို အမှောင်ခေတ်လို့ ရည်ရွယ်ပြီး ရေးတာဆိုပြီး ဖော်ပြခွင့်မရရှိတာမျိုး၊ `ထောင်´ ဆိုရင် ဘ၀တက္ကသိုလ်တို့၊ ကျောင်းတော်ကြီးတို့ ရေးရတာမျိုး စတဲ့ အုပ်ချုပ်သူအစိုးရနဲ့ မလွတ်ကင်းတဲ့ ကဗျာ တွေ၊ စာတွေဆိုရင် စုတ်ဖြဲခံရ၊ ငွေမှင်အသုတ်ခံခဲ့ကြရပေမယ့် ကဗျာဆရာတွေဟာ ခေတ်ပေါ်ကဗျာအားကောင်း ဖြစ်ထွန်း လာမှုနဲ့အတူ သင်္ကေတ၊ နမိတ်ပုံ၊ သွယ်ဝိုက်တဲ့ စကားလုံးတွေနဲ့ ခေတ်အဆက်ဆက် ဆန့်ကျင်ရေးသား တိုက်ပွဲဝင်ခဲ့ကြပါ တယ်။ အခု ဒီဘက်နှစ်များ ၂၀၁၂ နှောင်းပိုင်းမှာ စာပေလွတ်လပ်ခွင့်အနည်းငယ် ပြန်ပေးလာပါတယ်။ လွတ်လပ်ခွင့် အနည်းငယ် ရလာတဲ့အလျောက်လည်း ကဗျာဆရာတွေက သွေးတိုးစမ်းရေးကြတယ်။ ပိုမို တိုက်ရိုက်ဆန့်ကျင်ပြီး ရေး ကြည့်တယ်။ ခေတ်ကာလနဲ့ ကဗျာအရွေ့အရလည်း ပင်မရေစီးခေတ်ပေါ်ကဗျာဟာ အရင်ကထက် အလင်္ကာတွေ နိမိတ်ပုံ တွေ လျော့ရေးလာကြတာလည်း ပါတယ်။ ခေတ်ပေါ်/ခေတ်ပြိုင်ကဗျာဟန် ရောထွေးမှုတွေ၊ ကဗျာဆိုင်ရာနည်းနာ အသစ် တွေ ပေါ်လာတယ်။ ဘယ်လိုပဲ ကဗျာဟန်တွေ ပြောင်းလဲသွားပါစေ၊ အကြောင်းအရာတွေ ပြောင်းလဲနေပါစေ။ ပြည်သူ အလိုမရှိတဲ့၊ ပြည်သူကို မတရားဖိနှိပ်တဲ့ အစိုးရရှိနေသရွေ့၊ ပြည်သူလိုလားတဲ့ ခေါင်းဆောင်မအုပ်ချုပ်သရွေ့တော့ ပြည်သူ့ အတွက်ဆိုတဲ့ ကဗျာတွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

လင်းခါးကို ခုနှစ်မှ၁၉၈၆ခုနှစ်မှာ မွေးတယ်။ ပထမဆုံးပုံနှိပ်ကဗျာ ဖော်ပြခံရတော့ ၂၀၀၄ ခုနှစ်။ လင်းခါးဟာ ခုချိန်ထိ ခေတ်ပေါ်ကဗျာဟန်ကို ကိုင်စွဲထားတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။ ၁၉၇၀ ကို ခေတ်ပေါ်ကဗျာ ပထမမျိုးဆက်၊ ၁၉၉၀ ကို ခေတ်ပေါ်ကဗျာ ဒုတိယမျိုးဆက်လို့ သတ်မှတ်ရင် လင်းခါးဟာ ခေတ်ပေါ်ကဗျာကို လက်ဆင့်ကမ်း သယ်ဆောင် နေတဲ့ တတိယမျိုးဆက် အဖြစ် သတ်မှတ်ရမယ် ထင်ပါတယ်။ လင်းခါးရဲ့ ကဗျာအများစုဟာ ဒီနေ့ နိုင်ငံရေးအဖြစ်အပျက် တွေအပေါ်မှာ အခြေခံတယ်။ လင်းခါးဟာ ကဗျာတစ်ပုဒ်တည်ဆောက်ရာမှာ သူ့ကိုယ်သူ ဗဟိုပြုရေးသားတယ်။ ကဗျာထဲမှာ ရေးဖွဲ့သူ`ငါ/ လင်းခါး´ ကို မြင်နိုင်တယ်။ နိုင်ငံအရေးဟာ သူ့ကဗျာတွေ အပေါ်မှာ အထင်းသား မြင်နေရတယ်။ တောင်သူ လယ်သမားဦးကြီးတွေရဲ့ လယ်ယာမြေသိမ်းခံကိစ္စ၊ ပြည်တွင်းစစ်နဲ့ ဗန်းပြငြိမ်းချမ်းရေးစားပွဲဝိုင်းများ၊ လူ့အခွင့်အရေး ဖိနှိပ်ခံ ရမှု၊ အခွန်ကိစ္စ၊ လွှတ်တော်ထဲက ဟာသပြက်လုံးတွေ၊ ဖျောက်ဖျက်ခံရတဲ့ သမိုင်းတွေ၊ စစ်ဘေးဒုက္ခသည် ကလေးငယ် တွေ၊ အကျင့်ပျက် ခြစားမှုနဲ့ ရောင်းစားခံနေရတဲ့ သဘာဝသယံဇာတတွေ၊ ဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသား အရေးအခင်းတွေ စတဲ့ အကြောင်းအရာတွေဟာ လင်းခါးရဲ့စိတ်မှာ လာလာစူးနေတဲ့ဆူးညှောင့်တွေပါပဲ။ တောင်သူဦးကြီးတစ်ယောက်ရဲ့ လယ်မြေ အသိမ်းခံရတာ လင်းခါးရဲ့ လယ်မြေအသိမ်းခံရသလိုပဲ။ လူ့အခွင့်အရေးနဲ့ မီဒီယာဖိနှိပ်ခံရမှုတွေဟာ လင်းခါးကိုယ်တိုင် ဖိနှိပ် ခံရသလိုပဲ။ တိုင်းပြည်သယံဇာတတွေ ဆုံးရှုံးတာ သူ့သယံဇာတဆုံးရှုံးတာပဲ။ ကျောင်းသားသပိတ် ဖြိုခွဲခံရတာ သူ့ကိုယ်တိုင် အဖြိုခွဲခံရသလိုပဲ။ သူ နာကျင်တယ်။ သူ ဒေါသထွက်တယ်။ သူ ပေါက်ကွဲတယ်။ ပြည်သူ့အရေးဟာ သူ့အရေးပဲ။ ပြည်သူ့ နာကျင်မှုဟာ သူ့နာကျင်မှုပဲ။ ဒါတွေကို လင်းခါးက သူအားသန်တဲ့ အဘိဓမ္မာအားကောင်းကောင်းနဲ့ ရေးဖွဲ့တယ်။ သူနှစ် သက်တဲ့ ခေတ်ပေါ်ကဗျာဟန်နဲ့ တင်ပြတယ်။ လင်းခါးဟာ သူယုံကြည်တဲ့ နိုင်ငံရေးသိမှုကို ကဗျာထဲမှာ ထည့်ပြော တယ်။ ခေတ်ပေါ်ကဗျာဟန်ဟာ သူ့ကိုင်စွဲထားတဲ့ လက်နက်ပဲ။ သူဟာ ကဗျာထဲမှာ အကြောင်းအရာကို တိုက်ရိုက် ထည့်ရေးလိုက်၊ သွယ်ဝိုက်ရေးသားလိုက်နဲ့ အာဏာရှင်လူတစ်စုရဲ့ ဖိနှိပ်မှုကို မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကနေ ဆန့်ကျင် တယ်။
 `နှစ်ငါးဆယ် ရှင်းတမ်း´ကဗျာမှာဆိုရင် လင်းခါးဟာ ရုန်းကန်နေရတဲ့ လယ်သမားတွေရဲ့ ကြမ်းတမ်းတဲ့ဘ၀ကို ဖွဲ့တယ်။ ကောက်ပဲသီးနှံမဖြစ်ထွန်းလို့ မလှူနိုင် မတမ်းနိုင်ရုံမက စားစရာတောင် မလောင်ငတော့တဲ့ ကျေးလက်ဘ၀ကို ဖွဲ့တယ်။ ကလေးစားပွဲထိုးနဲ့ ညဘက်လိင်အလုပ်သမလေးအကြောင်းကို ဖွဲ့တယ်။ ဖိအားနှစ်ငါးဆယ်အောက်မှာ နားတွေ အူပြီး မျက်လုံးတွေတောင် ပြူးထွက်လာကုန်တယ် တဲ့။ အဆုံးသတ်အပိုဒ်ကို ဖတ်ကြည့်ပါ။ လင်းခါးရဲ့ တိုက်ရိုက်ရေးဖွဲ့ပုံ။

ဟုတ်ပါပြီ
အဆိုးသိပ်မြင်တာပဲ
ကြည့်ပါ နေ၀န်းက အရှေ့က ထွက်တုန်းပဲ
နှစ်ငါးဆယ်ရဲ့ ဒီဘက်နေ့တွေဟာ
နှစ်ငါးဆယ်ရဲ့ ဟိုဘက်နေ့တွေလို မဟုတ်တော့ဘဲ။
နှစ်ငါးဆယ်ရဲ့ ဒီဘက်နေ့တွေဟာ
နှစ်ငါးဆယ်ရဲ့ ဟိုဘက်နေ့တွေနဲ့ ဘာမှ မဆိုင်တော့ဘူး
ချေးစားပြောရင်တောင် ကြိုက်လို့ပဲ ထင်တယ်။
(နှစ်ငါးဆယ် ရှင်းတမ်း ကဗျာမှ)

 နောက်ထပ် လင်းခါးရဲ့ ဒီလို တိုက်ရိုက်ဆန့်ကျင်အဖွဲ့တွေကို `ဟာသ နိုင်ငံတော်´၊ `ရှေ့ထွက်မင်းသား´၊` သမိုင်း ကို ဘယ်လိုရေးရမယ်´၊ `ဒီနိုင်ငံမှာ´၊` ပြည်သူအသံ´၊ `ယူနီဖောင်းကြီးနဲ့ ဆိုတော့´၊ ` ခွေးမလုပ်တာတွေ´၊ `ငရဲခွေးမို့ ရဲဆေးတင်ဖို့ မလို´ စတဲ့ ကဗျာတွေမှာ ဆက်တိုက် တွေ့ရပါတယ်။ ၂၀၁၂ ရှေ့ပိုင်းနှစ်များမှာ ဘယ်လိုနည်းနဲ့မှ ပုံနှိပ်ခွင့် မရနိုင်တဲ့ ကဗျာတွေပါပဲ။ လင်းခါးအနေနဲ့ ကံကောင်းတာက ကျွန်တော်တို့ ဒီဘက်နှစ်များမှာ Facebook Social Network ပေါ် လွတ်လွတ်လပ်လပ် ရေးလို့ရလာပြီ။ ကိုယ့်အယူအဆနဲ့ကိုယ် တိုက်ရိုက်ဝေဖန်ပိုင်ခွင့်ရှိလာပြီ။ ကိုယ်တတ်နိုင်ရင် စာပေ စီစစ်ရေးတင်စရာမလိုပဲ ကဗျာစာအုပ်တွေ တိုက်ရိုက်ထုတ်လာနိုင်ပြီ။ ကိုယ်ကြိုက်တဲ့ ကိုယ်ရေးတဲ့ကဗျာကို ဘယ်သူ အဖြုတ်အတပ်၊ အစစ်အဆေးခံစရာမလိုဘဲ ထည့်သွင်းပုံနှိပ်လာနိုင်ပြီ။ ဒါဟာ နှစ်ငါးဆယ်ဒီဘက်နှစ်များမှာ အဆိုးထဲက အကောင်းလို့ပဲ ခေါ်မလား။ ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်းပဲလား။ မင်းတို့လည်း ရေးချင်ရာရေး ငါတို့လည်း လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ အချိုးမျိုးပဲလားတော့ မသိ။ ကဗျာတွေကတော့ ပက်ကွီအိုရဲ့ လက်သီးချက်တွေလို တစ်ချက်ထိတာနှင့်ပင် မှောက်ရက်လဲကျသွားနိုင်တဲ့ ကဗျာတွေ။ ရှက်တတ်ရင် ဖတ်နေတဲ့ နေရာမှာပဲ လဲသေသွားနိုင်တဲ့ ကဗျာတွေ။

ယူနီဖောင်းတွေဟာ
နေရာယူတယ် လာဘ်ယူတယ် အာဏာယူတယ်
မတရားသဖြင့် ယူတယ်
ရနိုင်သလောက် ယူတယ်
ဓားပြတိုက် ယူတယ်
လိုအပ်အပ် မလိုအပ်အပ်
ယူနီဖောင်းတွေက ယူတော့တာပပဲ

ယူနီဖောင်းဟာ ဆူဖာပေါ် မြုပ်ဝင်
ယူနီဖောင်းဟာ ခါးကြားမှာ ဗျောက်နဲ့
ယူနီဖောင်းဟာ မိန့်ခွန်းကို မပြောချင်ပြောချင်နဲ့ပြော
ယူနီဖောင်းဟာ ယူနီဖောင်းနဲ့ဆိုတော့ ၀ပ်ဆင်းသွားတာပဲ

ကမ္ဘာဦးလူသားတွေ
နေလုံးကြီးက တောက်ပလွန်းတော့ ကြောက်ရသလို
ယူနီဖောင်းကြီးက ခြောက်ပြနေတော့ ကြောက်ရတယ်။
(ယူနီဖောင်းကြီးနဲ့ဆိုတော့ ကဗျာမှ)

ခွေးဟာ
ပြည်ထောင်စုကြီး ပြိုကွဲတော့မယ်ဆိုပြီး
အာဏာမသိမ်း။
ခွေးဟာ လူမသတ်
ခွေးဟာ
အယောင်ဆောင် ဆိုရှယ်လစ်လူ့ဘောင်မပြော။
ခွေးဟာ
လူ့အခွင့်အရေးမချိုးဖောက်
ခွေးဟာ
သေနတ်တရမ်းရမ်းမလုပ်
ခွေးဟာ
တိုင်းပြည်ကို ဇွတ်မကယ်တင်။
(ခွေးမလုပ်တာတွေ ကဗျာမှ)

 လင်းခါးဟာ သူ့ကဗျာတွေရဲ့ အကြောင်းအရာအပေါ်မှာ လိုက်ပြီး ကဗျာထဲမှာ ထည့်သွင်းဖွဲ့စပ်ထားတဲ့ ပြောသူ လေသံကို အပြောင်းအလဲလုပ်ပါတယ်။ အထက်က ကဗျာတွေမှာ လင်းခါးရဲ့ လူငယ်စိတ်နဲ့ ပေါက်ကွဲထွက်လာတဲ့ ဒေါသသံ တွေဟာ `ကျောမွဲ´၊ `အိပ်ပါစေ´၊`ဟိုဘက်အိမ်က မိနီ´၊`ကျမ မောင်လေး´ဆိုတဲ့ ကဗျာတွေမှာတော့ လင်းခါးရဲ့အသံဟာ စာနာစိတ်အပြည့် နူးညံ့ သိမ်မွေ့နေခဲ့ပါတယ်။
`ကျောမွဲ´ ကဗျာမှာ ပင်ပန်းဆင်းရဲမှု၊ လုပ်ခလစားနည်းပါးမှု၊ ကျန်းမားရေးစရိတ်မပြည့်စုံမှု၊ သားသမီးပညာရေး စရိတ်မပံ့ပိုးနိုင်မှု၊ သားသမီးအနာဂတ်လှပဖို့ မထောက်ပံ့နိုင်မှုအပေါ် ရိုးအတဲ့ အခြေခံလူတန်းစားလုပ်သားတစ်ယောက်ရဲ့ တုံ့ပြန်မှုဟာ နံရံကို လက်သီးနဲ့ ထိုးဖို့၊ ကျလာတဲ့ မျက်ရည်သုတ်ဖို့၊ ဗိုက်ဆာရင် ရေနှစ်ခွက်ဆင့်သောက်ဖို့နဲ့ ဒေါသထွက် လာရင် ဓနိမိုးကို မျက်စောင်းထိုး၊ သစ်ရွက်ခြောက်ပေါ် တံတွေးနဲ့ထွေး၊ တာရာဖိနပ်ပါးနဲ့ နှီးခြင်းတောင်းကို ပစ်ကန် ထည့်လိုက်တာပါပဲလို့ ရေးထားတယ်။ ရိုးတဲ့ အတဲ့ ကိုကျောမွဲဟာ သူ့တို့လုပ်အားတွေအပေါ်မှာ အမြတ်ထုတ်ကြီးပွားနေတဲ့ အရင်းရှင်တွေကို တော်လှန်ရကောင်းမှန်းမသိဘူး။ သူ့ဆန္ဒတွေ ဖော်ထုတ်ရကောင်းမှန်းမသိဘူး။ ဒါမှမဟုတ် သိခဲ့လို့ တော် လှန်ရင် ထောင်နံရံသံတိုင်ကြားရောက်သွားမယ်ဆိုတာ ကြိုတွေး မိလို့လား။ ကိုကျောမွဲဟာ ရိုးအတယ်။ ကဗျာဖတ်သူဟာ ကိုကျောမွဲကိုယ်စား နာကျင်ခဲ့ရတယ်။
`အိပ်ပါစေ´ နဲ့ `ကျမမောင်လေး´ကဗျာမှာလည်း ဒီအတိုင်းပါပဲ။ လင်းခါးဟာ ကျွန်တော်တို့ကို ကဗျာဖတ်ပြီး ကြေကွဲစေပါတယ်။ `အိပ်ပါစေ´မှာ ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ပြေးလွှားပုန်းအောင်းနေရတဲ့ ကလေးတစ်ယောက်ရဲ့ အိပ်စက်နေမှုကို နွေးထွေးကာကွယ်ပေးရင်း မြို့ကြီးပြကြီးက ခရိုနီလူတန်းစားတစ်ယောက်နဲ့ စကားပြောနေသလို ကဗျာကို ဖွဲ့ပြီး `ကျမမောင်လေး´ကဗျာမှာ စစ်ကြောရေးတစ်ခုက ပြန်ရောက်လာတဲ့ မောင်လေးတစ်ယောက်ရဲ့ သေခြင်းတရားကို အစ်မဖြစ်သူရဲ့ နာကျင်ကြေကွဲမှုအပြောတွေနဲ့ ရက်ရက်စက်စက် ဖွဲ့ပါတယ်။ နောက်ထပ်နှစ်သက်မိတဲ့ ကဗျာတွေကတော့ `မိသားစု´၊`လူတန်းစားပြဿနာနဲ့အနုပညာ´၊`သမီးလေးအတွက် ဖေဖေ့ကဗျာ´။

အစ်ကိုက အောင်မြင်တဲ့တစ်နေ့ ပြန်လာမယ် တဲ့
၁၂ နှစ် ရှိပြီ
စတိုးဆိုင်အခန်းကျဉ်းထဲမှာ
ဆယ်တန်းမအောင်တဲ့ အရောင်းစာရေးမလေး
အငေါက်ခံထိနေရှာ
အဲ့ဒါ ငါ့ ညီမလေးပေါ့
အဖေက လူရွှင်တော်
အမေအပါအ၀င် ငါတို့ မရယ်ရဘူး
(မိသားစု ကဗျာမှ)

သူ့အဖေက အထက်လွှာလူကြီး ပညာတတ်
ငါ့အဖေက အခြားအဆင့်နဲ့ စစ်မှုထမ်းဖူးတယ်
ဆိုက်ကားနင်းဖူးတယ်
အိမ်သာကျင်းတူးဖူးတယ်

သူ့အမေက သူ့အဖေယူလာတဲ့ ငွေတွေ
ဂုဏ်တွေ ကျော်စောကိတ္တိတွေကို
မီးခံသေတ္တာထဲ ထည့်ထည့်သိမ်းတယ်
ငါ့အမေက မူးပြီး လဲနေတဲ့ အဖေ့ကို တွဲခေါ်လာရတယ်
ချွေးတွေနဲ့ ပြန်လာတဲ့ အဖေ့ကို
မဲညစ်နေတဲ့ တဘက် ကမ်းဖူးတယ်
. . . .
. . . .
သူကြီးပြင်းလာရာ အခုတော့ ကဗျာဆရာ
ငါ ကြီးပြင်းလာရာ ငါလည်း ကဗျာဆရာ
သူ ဘာရေးမလဲ ငါ ဘာရေးမလဲ
`လူမှုရေးဘ၀က လူမှုရေးအသိကို ပြဋ္ဌာန်းတယ်´
(လူတန်းစားပြဿနာနဲ့ အနုပညာ ကဗျာမှ)

ဒါကြောင့် သမီးလေးရေ ဖေဖေ့လက်ဆောင်
ပိုးကိုက်သစ်သီးကြီးကို ပြုပြင်ပါ
မသိသားဆိုးဝါးတဲ့ ဒီလူ့အဖွဲ့အစည်းထဲမှာ
သမီးလေး တတ်နိုင်သလောက် အလင်းဖြန့်ဝေပါ
သမီးလေးရဲ့ ကြွယ်ဝမှုကို ဒီလူ့အဖွဲ့အစည်းအတွက် အသုံးချပါ
သမီးလေးအိပ်မက်ကို ဒီလူ့အဖွဲ့အစည်းမှာ ဖြန့်ဝေပါ
သမီးလေးအိပ်မက်ဟာ တရားမျှတမှုနဲ့ လတ်ဆတ်
အမှန်တရား အရည်ရွှမ်းတဲ့ အိပ်မက်ဖြစ်ပါစေကွယ်။
(သမီးလေးအတွက် ဖေဖေ့ကဗျာ မှ)

 လင်းခါးဟာ ဒီနေ့ခေတ် နိုင်ငံရေးအခင်းအကျင်းတွေကို စိတ်ဝင်စားတယ်။ ပြီးခဲ့တဲ့ နိုင်ငံရေးအခြေအနေကို ပြန်လေ့လာတယ်။ ဆန်းစစ်ဝေဖန်ပိုင်းခြားတယ်။ အမှန်အမှားကို ကိုယ်တိုင်သုံးသပ်တယ်။ သူယုံကြည်ရာနိုင်ငံရေးဆိုတာ သူ့ကဗျာထဲက ပြည်သူတွေရဲ့ နာကျင်ခံစားရမှုတွေကို ဖြေလျော့ရေးပဲ။ လင်းခါးကဗျာထဲက ဇာတ်ကောင်တွေဟာ အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ အကြောက်တရားနဲ့ နေကြရတယ်။ `စစ်တပ်ဆိုတာ ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး´ဆိုတဲ့ ရေဒီယို ထုတ်လွှင့်မှုအပြီးမှာ ကိုယ့်ဘ၀သက်တမ်းတစ်ဝက်ကို ထိုးကျွေးလိုက်ရတဲ့ IN TIME ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တွေမျိုးပါပဲ။ ဒါတွေကို လင်းခါးက ကိုယ်တိုင်နာကျင်ခံစားရသလို ကဗျာဖွဲ့တယ်။ ဒါပေမယ့် သူလည်း မတတ်နိုင်ဘူး။ ဆုတောင်းရုံကလွဲလို့ ကဗျာဆရာ တတ်နိုင်တာ ကဗျာပဲ ရှိတာပေါ့။ လင်းခါးဟာ သမီးလေးရဲ့ အနာဂတ်အတွက် ဆုတောင်းပြီးတဲ့အခါ သူရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက်၊ ငြိမ်းချမ်းရေး အတွက်`ကိုယ့်ကဗျာ´၊ `ကမ္ဘာကြီးအတွက် သီချင်း´ စတဲ့ကဗျာတွေနဲ့ `သိန်းသန်းအရေး ငြိမ်းချမ်းတေးကိုသာ ဆိုချင် ကချင် နားဆင်ချင်ပါတယ်လို့ ဆုတောင်းပေးလိုက်ပြန်တယ်။
 နောက်ဆုံးအနေနဲ့ ပြောရရင် လင်းခါးဟာ လူငယ်တစ်ယောက်ပါပဲ။ သူဖြတ်သန်းနေရတဲ့ ခေတ်ကြီးရဲ့ အဆီအငေါ် မတည့်မှုတွေ၊ နာကျင်ကြေကွဲမှုတွေ၊ ပိတ်ပင်တားဆီးမှုတွေ ကြုံလာရတဲ့အခါ ကဗျာဆိုတာနဲ့ သူပေါက်ကွဲတယ်။ ကဗျာ ဆိုတာနဲ့ သူ တော်လှန်တယ်။ သူ တော်လှန်ပေါက်ကွဲခဲ့တဲ့ကဗျာတွေဟာ တမင်လုပ်ယူထားတာမဟုတ်ဘူး။ သူ ခံစားမှု အစစ်အမှန်ဖြစ်တယ်ဆိုတာ သူ့လက်တွေ့ဖြတ်သန်းနေတဲ့ အနေအထား၊ သူရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ သူ့ရဲ့ ရိုးသားမှုကို အခြေခံထားတဲ့ ကဗျာတွေက ပြသနေပါတယ်။ လင်းခါးလိုမျိုး ကဗျာဆရာတွေ ကျွန်တော်တို့ဆီမှာ အများကြီးရှိခဲ့ပါတယ်။ ရှိနေပါတယ်။ ရှိလာပါလိမ့်ဦးမယ်။ ခေတ်ဆိုး စနစ်ဆိုးနဲ့ ကြုံတဲ့အခါ ခေတ်က ရိုက်စစ်လို့ ထွက်ကျလာတဲ့ ကဗျာတွေလည်း အများကြီးရှိလာပါလိမ့်ဦးမယ်။ ကဗျာဆရာ လှသန်းက သူ့တို့မျိုးဆက်ကို `သုညမျိုးဆက်၊ ငါ ဒီလိုပဲ သတ်မှတ်ချင်တော့ တယ်´လို့ ရေးခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ ` သုညမျိုးဆက် အဆက်ဆက် ဥခွံဖောက်ထွက်နိုင်ပါစေ´လို့ပဲ ဆုတောင်း ရင်း လင်းခါးရဲ့ ဖြောင့်ချက်များအား မုဒိတာပွားလိုက်ရပါတယ်။

မင်းနဒီခ
၂၆၊ ၅၊ ၂၀၁၅

၂၀၁၅နဲ့ ဆက်​ကစားဦးမယ့်​ ကဗျာဆရာ

၂၀၁၅နဲ့ ဆက်​ကစားဦးမယ့်​ ကဗျာဆရာ

စာအုပ်အမည်           - ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ
ရေးသူ                     - မောင်ကြည်သာ(တောင်တွင်း)၊ မောင်စိုးသစ်(မန္တလေး)
ထုတ်ဝေသည့်ကာလ   - အောက်တိုဘာ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက်    - ကောင်းဇော် စာပေ


 ယနေ့ကဗျာခေတ်သည် မဂ္ဂဇင်းစာမျက်နှာထက် အွန်လိုင်းပေါ်တွင် ပိုမိုအားကောင်းလာသည်။ ခေတ်ပေါ်၊ ခေတ်ပြိုင် ကဗျာအရွေ့သည် အွန်လိုင်းစာမျက်နှာများပေါ်တွင် အရှိန်အဟုန်အားကောင်းစွာ ပြောင်းလဲရွေ့လျားနေသည်။ အွန်လိုင်းပေါ်တွင် နာရီပေါင်းများစွာ အချိန်ပေးနေရာယူထားသလောက် လူတစ်ဦးနှင့်တစ်ဦး ပြင်ပတွင် စကားပြောတွေ့ဆုံဖို့ အချိန်နည်းပါးလာသည်။ နည်းပညာ တိုးတက်မှုသည် လူမူဆက်ဆံရေးဝန်းကျင်တစ်ရပ်ကို ပြောင်းလဲသွားစေခဲ့ပြီ ဖြစ်သည်။ အထီးကျန်သည်ဟု ခံစားရသည့်အခါ အွန်လိုင်းစာမျက်နှာများကို ကြည့်ငေးရင်း တစ်ခါတရံတွင် အတိတ်ဆီက နန်းတော် ရှေ့ညများကို လွမ်းဆွတ်မိပါသည်။
ထိုစဉ်က နန်းရှေ့ဈေးရုံသစ်ကြီးအောက်မှာဖွင့်သည့် `သန်းတရာ´ ညအလင်းဆိုင် လက်ဖက်ရည်ဆိုင်လေးတွင် ညနေ ခြောက်နာရီ ဆိုလျှင် ဆရာမောင်ကြည်သာ(တောင်တွင်း) စောင့်နေလောက်ပြီ။ သိပ်မကြာခင် ဆရာမောင်စိုးသစ် (မန္တလေး) ရောက်လာမည်။ နောက်ထပ် သိပ်မကြာခင်လေးမှာပဲ မောင်သစ်ဦး(မြစ်ခြေ) ရောက်လာမည်။ ရဲရင့်ပိုင်အောင် ရောက်လာမည်။ လူစုံပြီဆိုလျှင် ညဉ့်နက်သည်အထိ ကျွန်တော်တို့ ပြောဖြစ်ကြသည်မှာ မဂ္ဂဇင်းစာမျက်နှာများပေါ်မှ ပုံနှိပ်ကဗျာအကြောင်း၊ ကဗျာဆိုင်ရာ စာအုပ်များမှ ရရှိလာသည့် ကဗျာဆိုင်ရာ နည်းနာတက္ကနစ်များအကြောင်း၊ နောက်ပြီး ဆရာမောင်ကြည်သာ(တောင်တွင်း)ရဲ့ ဘောလုံးနည်းစနစ်နဲ့ ကဗျာတွေ၊ ဆရာမောင်စိုးသစ်(မန္တလေး)ရဲ့ R နည်းစနစ်နဲ့ စကားလုံးဆော့ကစားမှုတွေ၊ ရဲရင့်ပိုင်အောင်ရဲ့ ကွမ်းရွက်သပ်စနစ်နဲ့ အချစ်ကဗျာတွေ။ မောင်သစ်ဦး(မြစ်ခြေ)က အဲဒီတုန်းက ၀တ္ထုရှည် အားသန်နေချိန်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်က ကဗျာလောကထဲ ခြေစုံပစ်ဝင်ခါစ ဖြစ်သည်။ မဂ္ဂဇင်းပေါ်က နှစ်သက်သည့်ကဗျာတစ်ပုဒ်အကြောင်း စကားစလိုက်မိသည်နှင့် ထိုကဗျာဆရာ၏ အခြားကဗျာများနှင့် ထို ကဗျာဆရာ၏ ဖြတ်သန်းမှုကိုပါ ဆရာမောင်ကြည်သာ(တောင်တွင်း)နှင့် ဆရာမောင်စိုးသစ်(မန္တလေး)ဆီက ကြားရ သည်။ ထိုလက်ဖက်ရည်ဆိုင်လေးတွင် ကျွန်တော်တို့ ရေးဖြစ်သည့်ကဗျာများ တစ်ယောက်ကိုတစ်ယောက် ပေးဖတ်ကြ သည်။ ကဗျာတစ်ပုဒ်၏ အလှဓါတ်၊ ပြေပြစ်စီးဆင်းမှုရစ်သမ်နှင့် နရီ၊ ကဗျာထဲက ပြောသူနှင့် ကဗျာ၏ အနက်ဂယက်များ။ ထို လက်ဖက်ရည်ဆိုင်လေးသည် ကျွန်တော့်အတွက် ကဗျာသင်တန်းကျောင်းတစ်ခုလည်း ဖြစ်သည်။
  ကဗျာလောကအ၀န်းအ၀ိုင်းထဲ ကျွန်တော်ရောက်တာ တော်တော်နောက်ကျသည်။ ၂၀၀၅ ခုနှစ် နှောင်းပိုင်းလ များမှ ဖြစ်သည်။ ကျွန်တော့်ဦးလေး မိတ်ဆက်ပေးသဖြင့် ဆရာ မောင်ကြည်သာ(တောင်တွင်း)၊ ဆရာ မောင်စိုးသစ် (မန္တလေး)တို့နှင့် ဆုံရသည်။ မိမိကိုယ်မိမိ ကဗျာဆရာဖြစ်ရမည်ဟု မရည်ရွယ်ဖူးခဲ့သလို ၀ါသနာပါသည် ဆိုရုံ ကဗျာလေးများ မတောက်တခေါက် ရေးမိတာလေးတွေပဲရှိသည်။ သို့သော် ကဗျာဆရာကြီးများဖြင့် ဆုံတွေ့ရသည့်အခါ ငုံ့လျှိုးနေသည့် ကဗျာဆရာဖြစ်ချင်စိတ်က ခေါင်းထောင်ထလာသည်။ ကျွန်တော့်ကဗျာပိုးက ငယ်ထိပ်ထိ အဆိပ် တက် လာသည်။ ခေတ်ပေါ်ကဗျာနှင့် ပတ်သက်၍ ဆရာ မောင်ကြည်သာ(တောင်တွင်း)မှ မကြာခဏ ပြောဖူးသည့် စကားရှိသည်။
`အို ကတ္တရာလမ်းမ၊ နာမည်များလွတ်မကျအောင် ကိုင်ထားပါ´ဆိုသည့် ကဗျာစာသားကို ချက်ချင်း နား မလည်ခဲ့ကြောင်း၊ ဈေးချိုကုန်တိုက်မှာ အလုပ်စ၀င်မှ ထိုကဗျာစာသား၏ အနက်အဓိပ္ပာယ်ကို သဘောပေါက်ခဲ့ကြောင်း´၊ ကဗျာတစ်ပုဒ်၏ အနှစ်သာရ၊ အနက်အဓိပ္ပာယ်သည် ကိုယ်တွေ့ကြုံလာသည့်အခါ ပိုမိုလေးနက် အရသာရှိ ရသည့် အကြောင်းကို ဆရာက ပြောလိုခြင်းဖြစ်သည်။ ထိုသို့ဖြင့် ခေတ်ပေါ်ကဗျာကို ခံစားနားလည်တတ်အောင် လမ်းပြ ပေးခဲ့ သည်။ စာပေသစ်၊ မိုးဝေကဗျာ၊ တော်လှန်ကဗျာ၊ ခေတ်ပေါ်ကဗျာ စသည်ဖြင့် ကဗျာဖြတ်သန်းမှု အဆင့်ဆင့် တို့ကို ဆရာတို့ ထံမှတဆင့် သိခဲ့ရသည်။ မောင်လေးအောင်ဆိုလျှင် နစ်ဆင်နှင့် စစ်တုရင်ကစားခြင်း၊ ဖော်ဝေးဆိုလျှင် `နှလုံးအိမ်ထဲ ရေငတ်ခြင်း´၊ အောင်ချိမ့်ဆိုလျှင် `ဂန္ထ၀င်မမ´၊ အိုအောင်ဆိုလျှင် `နွားကျောင်းသား´၊ ၀င်းမြင့်ဆိုလျှင် `ပဲ့တင်´၊ မိုဃ်းဇော် ဆိုလျှင် `စိန်ခြယ်ပန်းများဖြင့်´၊ ခရမ်းပြာထက်လူဆိုလျှင် `လေယာဉ်ပျံကြီးစီးကာသွား ရေကူးပြီးပြန်ခဲ့´၊ လှသန်းဆိုလျှင် `အာရှတိုက် တစ်နေရာ´၊ စိုင်းဝင်းမြင့်ဆိုလျှင် `မိသားစု´၊ မောင်ယုပိုင်ဆိုလျှင် `သားအဖဂစ်တာ´။ မောင်ချောနွယ် ဆိုလျှင် `မောင်ချောနွယ်အတု´၊ `ကိုက်လမ်း´၊ `ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်´၊ သစ္စာနီဆိုလျှင် `မြင်စိုင်းသူများ´၊ ဆရာ နေမျိုးဆိုလျှင် `ကဗျာဆရာဝံပုလွေ´၊ နိုင်မွန်အောင်သွင်ဆိုလျှင် `သတ္တုမိုးများ´ကဗျာစာအုပ်၊ မောင်သိန်းဇော် ဆိုလျှင် `နှင်းရည်စက်လက် +ရှုမျှော်ခင်း ၂၁´ စသည်ဖြင့် ကဗျာဆရာနှင့် ကဗျာ၊ ကဗျာစာအုပ်များအား တွဲပြီး မှတ်မိစေခဲ့သည်။
ဆရာ မောင်စိုးသစ် (မန္တလေး)နှင့်က အိမ်ချင်း ပိုနီးသဖြင့် ကဗျာစာအုပ်နှင့် ကဗျာဆိုင်ရာစာအုပ်များ ပိုပြီး ငှားဖတ်ဖြစ်သည်။ ဆရာ မောင်စိုးသစ်ကလည်း ကျွန်တော်ဖတ်သင့်သည့်စာအုပ်များကို တကူးတကရှာဖွေပြီး ငှားဖတ် ပေးသည်။ ဆရာမြဇင်၏ `ကဗျာ့နရီနှင့် နမိတ်ပုံ´၊ ဆရာအောင်ဝေးရဲ့ `ကဗျာအလုပ်ရုံကလေး´၊ ဆရာ မောင်ခိုင်မာ၏ `ဧည့်ခန်းဆောင်များကို ဖြတ်သန်းခြင်း´၊ ဆရာမောင်သာနိုး၏ `ထင်းရှူးပင်ရိပ်´၊ `တောမှော်ရုံလမ်း´၊ ဆရာနရီမင်း၏ `မျှော်စင်´ နိုင်ငံတကာ ကဗျာခံစားမှုဆောင်းပါးများ၊ ဆရာဇော်ဇော်အောင်၏ `သရဖူဆောင်းပါးများ´ စသည်ြ့ဖင့် ဆရာ တို့၏ ကျေးဇူးဖြင့် ဖတ်မှတ်လေ့လာခွင့်ရခဲ့သည်။ နောက်ပိုင်းထွက်သမျှ ကဗျာစာအုပ်၊ ကဗျာဆိုင်ရာ စာအုပ်တွေကို လစာ ထုတ်တိုင်း ၀ယ်သိမ်းဖြစ် စုဖြစ်ခဲ့သည်။ အလင်းဆိုင်ညချမ်းများတွင် တစ်ယောက်ဝယ်ဖြစ်သည့် ကဗျာစာအုပ် တစ်ယောက် လှည့်ဖတ်၊ ကဗျာအကြောင်းတွေ ပြောဖြစ်ကြ။ ကျွန်တော်ကတော့ နားထောင်သူ သက်သက်။
သည်လိုနှင့် ကျွန်တော်တို့ Any Way စာပေ၀ိုင်းလေးကို ဖန်တီးဖြစ်ကြသည်။ ၂၀၀၅ နှောင်းပိုင်းကနေ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေးအခင်းအထိ။ စာပေ၀ိုင်းလေးမှာ တက်ရောက်လာသူတိုင်း အလှည့်ကျ ကဗျာရွတ်ခြင်း၊ ၀တ္ထု ဖတ်ခြင်း၊ စာပေလောကအတွေ့အကြုံများဖလှယ်ခြင်း၊ တစ်ပတ်လျှင် ထင်ရှားသည့် ကဗျာဆရာကြီးတစ်ဦးစီ၏ အတ္ထုပတ္ထိ နှင့် သူ၏ စာပေလက်ရာများအကြောင်း နာကြားမှတ်သားခဲ့ကြရသည်။ အပတ်စဉ်တိုင်း မိမိကဗျာဓာတ်ကို နိုးစေရန်အတွက် ခေါင်းစဉ်ပေးကာ ထိုခေါင်းစဉ်ကို တက်ရောက်လာသူတိုင်းမှ ကဗျာတစ်ပုဒ်ရေးရန် နှိုးဆော်ပြီး ကြိုးစားရေးသားခဲ့ကြသည်။ ထိုသို့ဖြင့် Any Way စာပေ၀ိုင်းလေးသည်လည်း တစ်ပတ်ထက် တစ်ပတ် လူဦးရေ ပိုများလာသည်။ ကဗျာ၊ ၀တ္ထု၊ အက် ဆေး၊ ဘာသာရေး၊ နိုင်ငံရေးများအထိ အကြောင်းအရာများလည်း စုံလင်လာသည်။ ၂၀၀၇ ရွှေဝါရောင်နောက်ပိုင်း စာပေ ၀ိုင်းလေးအား လ အနည်းငယ် ရပ်နားခဲ့ကြပြီးနောက် နန်းဦးလွင်`မိသားစု´ကဖေးရဲ့ တနင်္ဂနေ့များဆီ ကျွန်တော်တို့ စာပေ ၀ိုင်းလေးကို ရွှေ့ခဲ့ကြပြီး ` မိသားစု ကဖေး´စာပေ၀ိုင်းလေးအဖြစ် ဆက်လက်တည်ဆောက်ခဲ့ကြသည်။ အဲဒီနောက် `မိသားစု´ကဖေးကနေ`ရွှေစွန်မင်း´ကဖေးရဲ့ ကြာသပတေးနေ့များဆီသို့ ဆက်လက်ရွေ့ပြောင်းပြီး ယနေ့အထိ`ရွှေစွန် မင်း´စာပေ၀ိုင်း အဖြစ် ဆက်လက်အကောင်အထည်ဖော် ၀ိုင်းဖွဲ့နေကြဆဲ ဖြစ်သည်။
ယခု ၂၀၁၅၊ အောက်တိုဘာတွင် ဆရာ မောင်ကြည်သာ(တောင်တွင်း)နှင့် ဆရာ မောင်စိုးသစ်(မန္တလေး)တို့ နှစ်ဦး၏ `ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ´ ဟု အမည်ပေးထားသည့် ကဗျာစာအုပ်လေးတစ်အုပ် ထွက်ရှိလာပါသည်။ ယခု စာအုပ်မတိုင်ခင် ဆရာမောင်ကြည်သာ(တောင်တွင်း) `ဖုံးကွယ်ထားတဲ့ အသံ´ ကဗျာစာအုပ်နှင့် ဆရာမောင်စိုးသစ် (မန္တလေး)က အေဒီ ၄၅၄၅ ခေတ်ပေါ်ကဗျာစုစည်းမှု စတဲ့ စာအုပ်များ ထွက်ရှိထားပြီး ယခုစာအုပ်သည့် အဆိုပါ ဆရာနှစ်ယောက်၏ ဒုတိယကဗျာစာအုပ်ဟုလည်း ပြောလို့ရမည် ထင်ပါသည်။ ဆရာမောင်ကြည်သာ(တောင်တွင်း) ၃၄ ပုဒ်နှင့် ဆရာ မောင်စိုးသစ်(မန္တလေး) အပုဒ် ၄၀။ ထို့ပြင် တစ်ဦးချင်းစီ၏ ကဗျာ ၃ ပုဒ်စီကိုလည်း ဆရာ ဇော်ထွန်း၏ အင်္ဂလိပ်ဘာသာပြန်ဆိုမှုဖြင့် ထည့်သွင်းထားပါသည်။
ဆရာမောင်ကြည်သာ(တောင်တွင်း)သည် သူ၏ ကဗျာ ၃၄ ပုဒ်အား ကဗျာရေးသည့်ရက်စွဲ၊ ပုံနှိပ်ဖော်ပြသည့် မဂ္ဂဇင်းနှင့် ဖော်ပြခံရသည့် လများအား အတိအကျဖော်ပြထားသည့်အပြင် ပါဝင်သည့်ကဗျာများအားလည်း ရေးသားသည့် ရက်စွဲအစဉ်လိုက်ဖြင့် စနစ်တကျစီစဉ်ထားသည်ကို တွေ့ရသည်။ ပထမဆုံးပုံနှိပ်ကဗျာ`ပုံပြင်ထဲက ငါးသုံးကောင်´ ၁၁၊ ၇၊ ၁၉၇၇ မှသည် ဖော်ပြထားသည့် နောက်ဆုံးရေးဖြစ်သည့် ကဗျာ `ခေတ်သစ် ဇနက´ ၇၊ ၇၊ ၂၀၁၅ အထိ ကဗျာ ၃၄ ပုဒ်မှာ အသေအချာပိုင်းစစ်ကြည့်လျှင် မိုးဝေ၊ ခေတ်ပေါ်၊ ခေတ်ပြိုင် စသည်ဖြင့် ကဗျာခေတ်သုံးခေတ်ကို ဖြတ်သန်းထားသည်ကို တွေ့ရသည်။ ခုနှစ်သက္ကရာဇ်အလိုအရ ကဗျာခေတ်သုံးခေတ်ကို ဖြတ်သန်းခဲ့သည်သာမဟုတ်၊ အဆိုပါ ခေတ်သုံးခေတ် အတွင်း ဆရာ မောင်ကြည်သာ (တောင်တွင်း)၏ ကဗျာအရွေ့၊ ကဗျာရေးဟန်ပြောင်းလဲမှု၊ ကဗျာလိုင်းစီပုံ၊ ကဗျာနောက်ခံ နိုင်ငံရေးအခင်းအကျင်း၊ ကဗျာ တည်ဆောက်မှု၊ ကဗျာအပေါ် သိမှုအပြောင်းအလဲနှင့် ကဗျာဆီ သွားရာလမ်း စသည်ဖြင့် စိတ်ဝင်စားဖွယ် ကောင်းလွန်းလှသည်ကို တွေ့ရသည်။
ပထမဆုံးပုံနှိပ်ကဗျာဖြစ်သည့် `ပုံပြင်ထဲက ငါးသုံးကောင်´၏ နောက်ခံနို်င်ငံရေးအခင်းအကျင်းအနေနှင့်ကြည့်လျှင် မဆလတစ်ပါတီအာဏာရှင်ခေတ်၊ ၇၄ ဇွန် အလုပ်သမားသပိတ်၊ ၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၇၆ မှိုင်းရာပြည့် သပိတ် စတဲ့ ကျောင်းသားလှုပ်ရှားမှုများ၊ အရေးအခင်းများ၊ သပိတ်အကြမ်းဖက်ဖိနှိပ်ဖြိုခွဲခံရမှုများ၊ ကျောင်းသားများမတရား ဖမ်းဆီး ထောင်ချခံရမှုများ၊ အနစ်နာခံပြီး အသက်သွေးချွေးပေးဆပ်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်များ စတဲ့ အခြေအနေတွေဟာ ကဗျာထဲမှာ ထင်ဟပ်နေခဲ့ပါတယ်။

(၁)
. . . . . . . .
`ပထမ ငါး ၀ီရိယမရှိ
ပျင်းရိလေးတွဲ ဇွဲမထုတ်ဘဲ
ကံကိုပဲ ပုံချတော့
လှော်တက်နဲ့ အရိုက်ခံရပြီး
သေဆုံးသွားရရှာတယ်
ဒုတိယ ငါး ၀ီရိယ ရှိတယ်
ကြိုးစားတယ် အားထုတ်တယ်
ဒါပေမယ့်
လှေအစောင်းနဲ့ မကြုံတော့
အကြံကို အသိခံရပြီး
လှော်တက်နဲ့ အရိုက်ခံရလို့
သေရရှာပြန်တယ်
တတိယ ငါး ၀ီရိယ ရှိတယ်
ကြိုးစားတယ် အားထုတ်တယ်
အခွင့်အခါကို သိတယ်
လှေအစောင်းကို ကြည့်ပြီး
သတိနဲ့ ခုန်လိုက်တော့
သေဘေးက လွတ်ရတယ်`
(၂)
`ရင်ထဲမှာ စွဲငြိနေတာက
ဒုတိယ ငါးပါပဲ
အကယ်၍များ
ဒုတိယ ငါးသာ အသေမခံခဲ့ရင်
တတိယ ငါး ဟာလည်း။
(ပုံပြင်ထဲက ငါးသုံးကောင် ကဗျာမှ)

 နောက်ထပ်တွေ့ရသည့် ကဗျာတစ်ပုဒ်မှာ`အတောင်ပံ´ဖြစ်သည်။ ရေးသည့်ရက်စွဲမှာ ၁၀၊ ၄၊ ၁၉၈၆။ ရေးဖြစ် သည့်ရက်စွဲအရ သမိုင်းဝင် ရှစ်လေး လုံးအရေးအခင်းကြီးမဖြစ်မီ နှစ်ကာလအပိုင်းအခြား။ ထိုအချိန်က နိုင်ငံရေး ရေဆူမှတ် ရောက်ရှိနေချိန်။ လူထု၏ သည်းခံနိုင်စွမ်းအဆုံးစွန်းရောက်လုချိန်၊ စစ်အာဏာရှင်စနစ်ကို အခါအခွင့်သင်တိုင်း ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားနှင့် ပြည်သူလူထု လက်တွဲညီစွာ ဖောက်ထွက်ပျံသန်းရန် အားယူနေသည့်ကာလ။ ထိုနှစ် ကာလအပိုင်းအခြားတွင် ရေးသားခဲ့သည့်` အတောင်ပံ´ ကဗျာမှာ ယခု သည်ဘက်နှစ်များမှ မဂ္ဂဇင်းစာမျက်နှာပေါ်တွင် ပုံနှိပ်ဖော်ပြခံရသည်မှာ မဆန်းလှပေ။ `အဲဒီတုန်းကတော့ ည ဆိုတာတောင် ရိုးရိုးအဓိပ္ပာယ်ဖွဲ့လို့ မရ။ ည ဆိုရင် ခေတ်ဆိုး ခေတ်ကြပ်ကြီးကို ဆိုလိုတယ်ဆိုပြီး လွမ်းချင်တာတောင် လွမ်းခွင့်မရဘူး´ဟု ဆရာမောင်ကြည်သာ ပြောဖူးသည်ကို ပြန်အမှတ်ရမိသည်။ ပုံနှိပ် ဖော်ပြသည့်ရက်စွဲမှာ မတ်လ၊ ၂၀၁၄။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် ဖြစ်သည်။
၁၄၊ မေလ ၂၀၁၄ တွင် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် သဲကုန်းမြို့ပေါ်တွင် ဆန္ဒပြ၊ ဆုတောင်းမှု ပြုလုပ်သော လယ်သမားများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီးခဲ့ကြသည်။ ထိုအရေးတွင် ဗကသကျောင်းသား ကောင်းထက်ကျော် ဖမ်းဆီးရိုက်နှက်ခံရသည်။ ထိုသို့ရိုက်နှက် ဖမ်းဆီးခဲ့သည်ကို မေ ၁၇ တွင် အထက်ဗမာပြည် ဗကသ အဖွဲ့ချုပ်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထို့နောက် ၂၀၁၄၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ နေ၍ အမျိုးသား ပညာရေး ဥပဒေကို အတည်ပြုခဲ့သည်။ အဆိုပါ ဥပဒေတွင် ပါဝင်သည် ပြဋ္ဌာန်းချက်များသည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ထားပြီး ပညာရေးမူဝါဒများသည် ဒီမိုကရေစီ မဆန်ခြင်း၊ လူ့အခွင့်အရေး တန်းတူညီမျှမှုမရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက်မပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထုက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပြီး အမျိုးသားပညာရေး ဥပဒေသစ်အတွက် တိုက်ပွဲဝင်ရန် ၂၀၁၄၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်နေ့တို့တွင် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။ ၂၀၁၅ ဇန်န၀ါရီ ၂၀ မှာတော့ စတုတ္ထကျောင်းသားသပိတ်ဟု ခေါ်ဆိုနိုင်မည့် ဒီမိုကရေစီပညာရေးတောင်းဆိုမှု ကျောင်းသား သပိတ် ခရီးရှည်ချီတက်ပွဲကြီး စတင်ခဲ့လေသည်။ ချုပ်နှောင်မှုအစည်းအတားများကို ရဲရဲဖောက်ထွက် ပျံသန်းကြရမည်။ ထိုသို့ ပျံသန်းသည့် အခါ လွတ်မြောက်ချင်လည်း လွတ်မြောက်မည်။ မလွတ်မြောက်နိုင်လျှင်လည်း နာကျင်မှုများဖြင့် ကြုံတွေကြရမည်။ ၁၉၈၆ က နာကျင်မှုနှင့် လွတ်မြောက်လိုမှုများသည် တိုက်ဆိုင်မှုများရှိလာသည့်အခါ ကဗျာ၏ အနှစ် သာရကို တခါ ပြန်လည်ရရှိလာသည်။ တနည်းဆိုရသော် ကဗျာတစ်ပုဒ်သည် နှစ်ကာလမည်မျှကြာသည်ဖြစ်စေ သေဆုံး မသွား။ အခါအခွင့်ရှိတိုင်း ပြန်လည် ရှင်ပြန်ထမြောက်နေသည်ဟု မြင်မိသည်။

`ပျံကြစမ်းဟေ့
ပျံကြစမ်း
အစွမ်းရှိသလောက် ပျံကြစမ်း။
မပျံနိုင်တဲ့အခါ
နားရမယ်
ပျံနေရင်းနဲ့လည်း စုတ်ပြဲသွားနိုင်တယ်´
(အတောင်ပံ ကဗျာမှ)

 ထိုခုနှစ်များကို ကျော်လွန်လာသည့်အခါ ဆရာမောင်ကြည်သာ(တောင်တွင်း)၏ ကဗျာများသည် ပြောင်းလဲ လာသည်။ ကဗျာရေးဟန်အပြောင်းအလဲထက် အကြောင်းအရာ ရွေးချယ်မှု၊ တင်ပြသည့်နယ်ပယ်နှင့် ကဗျာထဲတွင် ထည့်သွင်းထားသည့် ပတ်ဝန်းကျင်အပြောင်းအလဲများကို တွေ့လာရသည်။ အထူးသဖြင့် ၁၉၉၅ နောက်ပိုင်းကဗျာများတွင် အရင်မိုးဝေနှောင်းပိုင်းကဗျာများလို လက်သီးလက်မောင်းတန်းသော ကဗျာများ မဟုတ်တော့။ သို့သော် အရင်အတိုင်း မပြောင်းမလဲ ရှိနေသောခေတ်စနစ်၏ ဖိနှိပ်မှု၊ ရိုက်ခတ်မှုနှင့် နာကျင်မှုများကို ဘောလုံးအားကစားနည်းထဲ ထည့်သွင်းပြီး ဖော်ပြလာသည်။ တနည်းအားဖြင့် စာပေလွတ်လပ်ခွင့်မရသည့် အချိန်ကာလတစ်ခုအတွင်း နောက်ခံဝန်းကျင် အပြောင်း အလဲလုပ်ပြီး ဖော်ပြခြင်းဖြစ်သည်။ ယခင်စာအုပ် `ဖုံးကွယ်ထားသည့်အသံ´ထဲတွင် ပါဝင်သည့် `ဒေးဗစ်ဘက်ခမ်းရဲ့ ကန့်လန့်ဖြတ်ဘော´၊` စကားလုံးတွေကို သင့်ခြေထောက်ထဲမှာပဲ ထားလိုက်ပါ´၊`ပွဲစဉ်ဇယား´၊`ကစားသမား´ နှင့် ယခု စာအုပ်ပါ`မှန်ထဲက သူစိမ်း´၊ `ကိုယ်ဖျော်တဲ့ လက်ဖက်ရည်´ စသည့် ကဗျာများသည် ဘောလုံးနယ်ပယ်မှ ဝေါဟာရများ ဖြင့် ကဗျာကို ပြုလုပ်တည်ဆောက်ထားခြင်းပင် ဖြစ်သည်။

`ဖြစ်စဉ်ကြီးတစ်ခုလုံးက ဒီလိုပဲလား
ရိုးရိုးသားသား ကာကွယ်လိုက်တာလည်း ပင်နယ်တီ အပေးခံရ
ကိုယ်သွင်းလိုက်တဲ့ ဂိုးကျတော့လည်း လူကျွံဘောတဲ့
အပေးအယူအချိတ်အဆက်တွေကလည်း လွဲလိုက်သလားမမေးနဲ့
အေးလေ
ကိုယ့်ဂိုးကိုယ် ပြန်မသွင်းမိရင် ၀မ်းသာရတော့မယ်´
(မှန်ထဲက သူစိမ်း ကဗျာမှ)

`ပြောင်းလဲလာတဲ့ ကဗျာတွေကို ဖတ်လိုက်မိကြတဲ့ ကဗျာရေးသူတချို့ဟာ ငါတို့တော့ ကျန်နေရစ်တော့မှာပဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကသောကမျောအတင်း ကဗျာပုံစံပြောင်းရေးဖို့ ကြိုးစားလာကြပြန်ပါရော။ ပြောင်းလဲသွားတဲ့ အနှစ်သာရကို မဆုပ်ကိုင်မိဘဲ အပြင်ပန်းအသွင်အပြင်၊ ရေးဖွဲ့ပုံတွေကို တုပ ရေးဖွဲ့ကြတဲ့အခါ ကဗျာဖတ်သူတွေအတွက် စိတ်ပျက်စရာစိတ်ညစ်ညူးစရာ ကဗျာတွေ ဖြစ်လာပါတယ်။ အဲဒီ ကဗျာရေးသူတွေနဲ့ မောင်ကြည်သာ မပါတာကတော့ဖြင့် အတော်စိတ်လွတ်လပ်မိပါတယ်´
 ဆရာမောင်ကြည်သာ(တောင်တွင်း)၏ `ဖုံးကွယ်ထားတဲ့အသံ´ ကဗျာစာအုပ်မှ ဆရာမောင်ပြည့်မင်း၏ မှတ်ချက် စကားဖြစ်ပါသည်။ ဆရာ မောင်ကြည်သာ(တောင်တွင်း)သည် မိုးဝေခေတ်မှ ယနေ့အထိ ကဗျာအရွေ့နှင့် ကဗျာ ရေစီးကြောင်းအပြောင်းအလဲအပေါ် ထပ်ကြပ်မကွာ လိုက်ပါလျှက်ရှိသည့် ကဗျာဆရာတစ်ဦးဖြစ်သည်။ ယနေ့ ထွက်သမျှ ခေတ်ပေါ်၊ ခေတ်ပြိုင်ကဗျာစာအုပ်များ၊ ကဗျာဗေဒဆိုင်ရာစာအုပ်များနှင့် မျက်ခြေမပြတ်သူ၊ လူငယ်ကဗျာများ၏ ကဗျာ လမ်းကြောင်းသစ်ရှာဖွေမှုတွင် စိတ်ရောကိုယ်ပါ ထဲထဲဝင်ဝင်ပါဝင်သူ၊ ကိုယ်တိုင်လည်း ပုံသဏ္ဍာန်ဦးစားပေးကဗျာများ၊ စကားပြေကဗျာများ၊ ခေတ်ပြိုင်ဟန်ကဗျာများကိုလည်း ရေးဖွဲ့နေသူတစ်ဦးဖြစ်သည်။ ယခုစာအုပ်တွင် ဖော်ပြထားသည့် `မီးခိုးများ´ကဗျာတွင် ကဗျာတစ်ပုဒ်လုံးကို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း စာမျက်နှာ ၁၉၁ ရှိ မီးဝေါဟာရ စကားလုံး များဖြင့် ပြုလုပ်ထားသည်။ `တစ်ယောက်တစ်လမ်း´ ကဗျာတွင် ကိုယ်ပိုင်စကားလုံးတစ်လုံးမှ အသုံးပြုခြင်းမရှိဘဲ မိမိ အနီး အနားနှင့် မှတ်ညဏ်ထဲတွင် ဖျတ်ကနဲပေါ်လာသော စကားလုံးများ၊ စာကြောင်းများ၊ အရာဝတ္ထုများကို ချိတ်တွဲကာ ကဗျာ ပြုလုပ်ထားသည်။ `ဆက်ကစားမယ်´ကဗျာတွင် လူကြိုက်များတီဗီအစီအစဉ်တစ်ခုဖြစ်သည့် ပဟေဠိနန်းတော်မှ အစီအစဉ် တင်ဆက်သူ မောင်မောင်အေး၏ ဆက်ကစားမလား၊ ဒီမှာပဲရပ်မလားဆိုသည့် မေးခွန်းအပေါ်တွင် အခြားတီဗီ ဇာတ်လမ်းတွဲ တစ်ခုမှ စကားလုံးများဖြင့် ချိတ်တွဲဆက်စပ်ကာ ကဗျာပြုလုပ်ထားသည်ကို တွေ့ရသည်။

`လှေကလေးနဲ့ မြစ်ကိုဖြတ်လို့ သူတို့ ကမ်းကပ်နိုင်သွားတယ်
သူတို့ အသက်ရှင်နေသေးတယ် တဲ့

အနည်းဆုံးက သုံးထောင်ဆိုလား၊ အများဆုံးက ငါးသိန်းဆိုလား
ဆက်ကစားပါမယ်´
(ဆက်ကစားမယ် ကဗျာမှ)
 ဆက်လက်ပြီး ဆရာ မောင်စိုးသစ်(မန္တလေး)၏ ကဗျာအပုဒ် (၄၀) ကို ဆက်ဖတ်မိသည်။ ဆရာမောင်စိုးသစ် (မန္တလေး)၏ ကဗျာများသည် ရိုးရှင်းသည်။ ဖတ်ရလွယ်ကူသည်။ အနက် အဓိပ္ပာယ် သိုဝှက်မှုနည်းပါးသည်။ ကဗျာ ဖတ်သူ နှင့် တတ်နိုင်သမျှ နီးအောင် ကြိုးစားအားထုတ် ရေးလေ့ရှိသည်။ သို့သော် ဆရာ့ကဗျာတွေကို ဖတ်ရသည်မှာ ဖတ်ပြီးမှ အတွေးက ပြန်စသည်။ မိမိအဇ္ဈတ္တကို ရေးဖွဲ့နေရာမှ ပြင်ပဗဟိဒ္ဓိကို လှမ်းချိတ်ဆက်သွားသည်။ ဆရာ မောင်စိုးသစ်၏ စကားလုံးသုံးစွဲမှုကို ဂရုစိုက်သည်။ စကားလုံးတစ်လုံးချင်းစီ၏ အားကို အပြည့်အ၀ အသုံးချသည်။ ခေတ်ပေါ်ကဗျာ၏ အလှဓါတ်ဖြစ်သည့် ပြေပြစ်စီးဆင်းမှုကို ကဗျာတိုင်းတွင် တွေ့ရသည်။

`အို . . . ပင်လယ်ငဲ့
ပြဒါးသုတ်ထားတဲ့ မှန်တစ်ချပ်အောက်
အိပ်မွေ့အချခံထားရတဲ့ လှိုင်းတံပိုးတွေ သိုဝှက်ပြီး
မြားချွန်နေရော့သလား
ငါတို့ဟာ အကြိမ်ကြိမ် ခြေစမ်းခဲ့ဖူးတော့
မင်းရဲ့ ကစားကွက်အောက် မနစ်မြှုပ်နိုင်တော့ဘူး
(လှေငယ် ကဗျာမှ)

 အေဒီ ၄၅၄၅ နှင့် ယခုစာအုပ်ကြားတွင် သုံးနှစ်တိတိ ကွာခြားသွားသည်။ ဆရာမောင်စိုးသစ် (မန္တလေး)ကို ကျွန်တော်က အစ်ကိုလို့ပဲ ခေါ်သည်။ အစ်ကို ကဗျာအရေးကျဲသွားသည်။ အပတ်စဉ်ထုတ် ဂျာနယ်တစ်ခုတွင် အားကစား ဆောင်းပါးများမရေးတော့။ ၀တ္ထုတို မရေးဖြစ်တော့သလောက်ဖြစ်သွားသည်။ ယခင်က မဂ္ဂဇင်း စာမျက်နှာများ ပေါ်တွင် လစဉ်တွေ့နေရသည့် မောင်စိုးသစ်(မန္တလေး) မဟုတ်တော့။ မိသားစုအရေးနှင့် လုပ်ငန်း တာဝန်ဝတ္ထရားများ အကြား နားရက်၊ ပိတ်ရက်နည်းပါးစွာ ဖြတ်သန်းနေရသည်။ ယခင်က အစ်ကို့၏ ညဂျူတီများတွင် အဖော်လုပ်ကာ အတူတူ လိုက်စောင့်ရင်း ကဗျာအကြောင်းများ ပြောခဲ့ဖူးသည်။ နေခြည်ထမင်းပေါင်းနှင့် အစုံသုပ်ကို စားရင်း ကျုံးနံဘေး ညချမ်းများ ကို စက်ဘီးတစ်စီးစီနှင့် ဖြတ်သန်းခဲ့ကြသည်။ ကဗျာအပေါ် ယုံကြည်ချက်၊ ခံယူချက်နှင့် ကဗျာလမ်းကြောင်း အကူး အပြောင်းများစွာကို အစ်ကို့ဆီမှ သင်ယူမှတ်သားခဲ့ဖူးသည်။ ယခု အစ်ကို့ကဗျာတွေကို စာအုပ်တစ်အုပ်အဖြစ် ကျွန်တော် ပြန်ဖတ်ခွင့်ရသည့်အတွက် ၀မ်းသာမိသည်။ အစ်ကို့ဆီက ခေတ်ပေါ်ကဗျာရဲ့ ရနံ့ကို ကျွန်တော်ပြန်ရသည်။ ဘာသာစကား တစ်လုံးချင်းစီအပေါ် အာရုံစူးစိုက်မှုနှင့် အလေးအနက်ထားမှုကို ပြန်ရသည်။

`ကမ္ဘာမှာ လက်နက်စက်ရုံ ဘယ်နှရုံတည်ပြီးရင်
စစ်ပွဲ ဘယ်နှခု ထိုးကျွေးရသလဲ
ကျည်လွတ် မီးလွတ် နေ့ရက်တွေက
ဘယ်ဥတုနဲ့မှ ရွာတဲ့မိုးလဲ
မိုးများရာ ရေလိုက်နေတဲ့ ခေတ်
အဲဒီ ကြောက်ခေတ်ကြီး
ကမ္ဘာဦးစ စလည်လာသလို
လူလည်တွေ ပတ်ပတ်လည်နေရောပေါ့
အမှန်တရားက
ဘာကြောင့် ဘယ်လို မူးရင်း ခေါင်းကိုက်နေရတာလဲ´
(လူလည်တွေနဲ့ ခပ်လည်လည် ခေတ် …ခစ် ကဗျာမှ)

ရေတွင်းမတူးဘဲ
ရေသန့်ဗူးဝယ် ရေကြည်သောက်နေတဲ့ ခေတ်မှာ
ငါတို့ အိပ်မက်တွေက
လွန်ဆွဲတိုင်း ရွာတဲ့မိုး မဟုတ်ဘူး
အနုပညာအခင်းအကျင်းထဲ
ငါတို့ရဲ့ ပိုစတာတွေ လိုက်ဖက်ကြည့်တော့
လူကြိုက်နည်းတဲ့ ဇာတ်လိုက်​တွေပဲ
အနုပညာက တွေ့တဲ့ဈေးမှာ
လက်ငင်းဝယ်လို့ရနေရင်
ငါတို့မှာ သမိုင်းဘယ်ရှိပါ့မလဲ
(ငါတို့ ကျောနံပါတ်တွေပေါ်မှာ သမိုင်း ရှိတယ် ကဗျာမှ)
 ဆရာမျိုးသန့်ကတော့ `ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ´ ကဗျာစာအုပ်လေးကို အောက်ပါအတိုင်းအမှာစာ ရေးပေး ထားသည်ကို တွေ့ရသည်။
 ` ဆရာမောင်ကြည်သာ(တောင်တွင်း)နဲ့ ဆရာ မောင်စိုးသစ်(မန္တလေး)တို့ရဲ့ ကဗျာတွေကို ဖတ်ပြီးတဲ့အခါ ပထမဆုံးခေါင်းထဲ ၀င်လာတဲ့အတွေးက သူတို့ရဲ့ကဗျာတွေဟာ ဖတ်ရှုရ ရှင်းလင်းလွယ်ကူပြီး အနက်ဝှက်လွန်းတဲ့ အရေးအသားတွေ နည်းတယ် ဆိုတာပါပဲ။ ပြီးတော့ အကြောင်းအရာပိုင်းက ကြည့်ရင် ပြည်သူအများစုရဲ့ ခံစားမှုကို ထင်ဟပ်တာ တွေ့ရပါတယ်။ တဆက်တည်း သူတို့ရဲ့ ပြည်သူ့ဘက်က တသားတည်း ရပ်တည်လိုတဲ့ စေတနာနဲ့ ဖွဲ့ဆိုထားတဲ့ ကဗျာတွေက အများစုဖြစ်တာကို တွေ့ရပါတယ်´။
 `ခြုံပြောရရင် ကဗျာလေးတွေဟာ ခေတ်ထဲက ပြည်သူတွေရဲ့ အသံတွေကို ရှင်းရှင်း ရေးဖွဲ့ထားကြတယ်´။
 ဟုတ်သည်။ `ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ´ ကဗျာစာအုပ်ထဲမှ ကဗျာများသည် ရပ်ကွက်ထဲမှ ပြည်သူတို့၏ စကားသံဖြစ်သည်။ ကျေးလက်နေ ပြည်သူတို့၏ စကားသံဖြစ်သည်။ မြို့ပြနေ ပြည်သူတို့၏ စကားသံဖြစ်သည်။ ယနေ့ခေတ် ပြည်သူတို့၏ ခံစားမှုကို ကဗျာဆရာကိုယ်တိုင် ခံစားနေရသည်။ ကဗျာဆရာ၏ ခံစားမှုသည် ပြည်သူတစ်ယောက်၏ ခံစားမှု၊ ပြည်သူ၏ နာကျင်မှုသည် ကဗျာဆရာတစ်ယောက်၏ နာကျင်မှုပင်ဖြစ်သည်။ ကဗျာဆရာသည် ထိုခံစားမှု၊ ထိုနာကျင်မှုကို စကားလုံးအားဖြင့် ဖော်ပြခြင်းဖြစ်သည်။
 ဆရာမျိုးသန့်၏ အမှာစကားအတိုင်းပင် ယနေ့ခေတ်မြင်ကွင်းကျယ်သည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ အစွန်းရောက်ဝါဒီများဖြင့် အုတ်ရောရော ကျောက်ရောရော ရှုပ်ထွေးလွန်းလှသည်။ လူမျိုးရေးပဋိပက္ခလှုံ့ဆော်မှုများ၊ တရား ဥပဒေကင်းမဲ့မှုများ၊ သဘာဝသယံဇာတအရင်းအမြစ်ဆုံးရှုံးမှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများ၊ ပြည်တွင်း စစ်ရပ်စဲရေးစာချုပ်များ နောက်ကွယ်မှ မပြီးဆုံးသေးသည့် တိုက်ပွဲများ၊ မလိုအပ်သည့် လွတ်ငြိမ်းချမ်းသာခွင့်များနှင့် မလုံခြုံ တော့သည့် နေ့ညများ၊ ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်ပြီး ၇၀ ရာခိုင်နှုန်းမှားယွင်းနေသည့် မဲစာရင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲ။ `ဒီမှာပဲ ရပ်မလား။ ဆက်ကစားမလား ´ဆိုသည့်အခါ ကျွန်တော်ကြားလိုက်သည့်အဖြေမှာ
ဆက်ကစားမယ် ပြန်ကွေ့ခဲ့ပါ ဟူ၍ပင် ဖြစ်ပါသည်။

မင်းနဒီခ
၆၊ အောက်တိုဘာ၊ ၂၀၁၅

နေညိုအောင်နှင့် နှင်းမြမြအေးရည်စိမ့်စမ်းလွင်

နေညိုအောင်နှင့် နှင်းမြမြအေးရည်စိမ့်စမ်းလွင်

စာအုပ်အမည် - နှင်းမြမြအေးရည်စိမ့်စမ်းလွင်
ရေးသူ - နေညိုအောင်
ထုတ်ဝေသည့်ကာလ - သြဂုတ်လ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက် - ပန်းသာနု စာပေ

 ကဗျာစာအုပ်အမည်က `နှင်းမြမြအေးရည်စိမ့်စမ်းလွင်´အချစ်ကဗျာစုစည်းမှု။ ရေးသူက `နေညိုအောင်´။ စာအုပ် အမည်က ထူးခြားသလို စာအုပ်အပြင်အဆင်ကလည်း ထူးခြားသည်။ လေးထောင့်စပ်စပ်ပုံစံ။ အမှတ်တမဲ့ကြည့်လျှင် ဗီစီဒီတစ်ချပ်အလားဟုပင် ထင်ရသည်။ အတွင်းတွင်လည်း ကဗျာဆရာ၏ ဓာတ်ပုံများကို အရောင်တစ်ရောင်ဖြင့် ညှပ်ထည့် ထားသေးသည်။ ဓါတ်ပုံစုစုပေါင်း ဆယ်ပုံ။ ရယ်ရွင်ဖွယ် ပြောရလျှင် ကဗျာဆရာသည် ကဗျာအားဖြင့်ရော လူအားဖြင့်ပါ သူ၏ စာအုပ်ကို ရောင်းအားမြှင့်တင်လိုဟန် ရှိသည်။ ယခုစာအုပ်၏ အမှာတစ်နေရာတွင်လည်း ကဗျာဆရာကိုယ်တိုင်က `နှင်းမြမြအေးရည်စိမ့်စမ်းလွင် အချစ်ကဗျာစာအုပ်ကို ချစ်တတ်သော ချစ်စိတ်ရှိသော လူသားများအားလုံးသို့ ရည်ရွယ် ပါတယ်´ ဟု ရည်ညွှန်းထားသေးသည်။ ဖြစ်သင့်ပါသည်။ ကဗျာဆရာလူငယ်တစ်ယောက်၏ ကြေကွဲဖွယ် နေ့ညများသည် အလွမ်းများဖြင့် ပြည့်လျှံနေသာ စာမျက်နှာတစ်ခုလည်း ဖြစ်နိုင်သည်။ ကဗျာဆရာကိုယ်တိုင် ၀န်ခံထားသလို ရည်ရွယ်ခဲ့ ဖူးသော နွေဦးသည်လည်း မရည်ရွယ်ခဲ့သော အကြောင်းအရာများနှင့် ပျက်သုဉ်းသွားခဲ့တာလည်း ဖြစ်နိုင်သည်။ ကဗျာ ဆရာသည် လွင့်စင်သွားသော ချစ်ခြင်းတရားအပိုင်းအစများကို တစစီပြန်ဆက်ယူနေခြင်းလည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေ များစွာထဲမှ ပိုမိုသေချာသော အရာတစ်ခုမှာ ကဗျာဆရာ၏ မျှော်လင့်နေမှုပင် ဖြစ်သည်။ ဘယ်လို မျှော်လင့်မှုလဲ။ ဘယ်လောက်ထိ မျှော်လင့်နေဦးမလဲဆိုသည်မှာ နှင်းမြမြအေးရည်စိမ့်စမ်းလွင်နှင့် တွေ့မှ ကျွန်တော်တို့ သိခွင့်ရမည့် အဖြေ လည်း ဖြစ်ပါသည်။
 ကျွန်တော်နှင့် နေညိုအောင်သည် ၁၉၈၁ ခုဖွား သက်တူရွယ်တူဖြစ်သည်။ ကျွန်တော်ကဗျာလောကထဲ စတင် ရောက်ရှိသည့် ၂၀၀၅ တွင် သူ့ကဗျာများကို မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ခပ်စိပ်စိပ်တွေ့နေရပြီဖြစ်သည်။ ထွန်းငယ်(၃၁)၊ ဥက္ကံမှူး ဆိုပြီးလည်း သူက ကလောင်တွေ ခွဲထားသေးသည်။ ၂၀၀၉ ခုနှစ်တွင် မောင်ဆေးရိုး၊ နေမျိုး၊ ကိုထက်(ရေဦး)၊ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ ဇော်ထိန်တို့နှင့် `ကြယ်များနှင့်အတူ´ ခေတ်ပေါ်ကဗျာစာအုပ်တွင် ပါဝင်ခဲ့သည်။ ထို ၂၀၀၉ ခုနှစ်နောက်ပိုင်းများမှာ သူနှင့် ကျွန်တော် တရင်းတနှီး ပိုမိုပေါင်းဖြစ်ကြသည်။ ၂၀၁၂ တွင် `ပန်းပွင့်တွေ သီချင်း မဆို တတ်ဘူး မျှော်လင့်ခြင်းတနင်္ဂနွေ´ ဟု အမည်ပေးထားသည့် အချစ်ကဗျာစာအုပ်တစ်အုပ် နှစ်ယောက်တွဲ ထုတ်ဖြစ်ကြ သည်။ ကဗျာစာအုပ်နှင့်အတူ ကဗျာဆယ်ပုဒ်ရွတ်ဆို အသံသွင်းထားသည့် စီဒီတစ်ချပ်ပါ လက်ဆောင်ထည့်သွင်း ရောင်းချပေးခဲ့သည်။ ၂၀၁၃ တွင် မင်းမြတ်မွန်၊ လူနှင်းချို(မတ္တရာ)တို့နှင့် တွဲဖက်၍ `ခေါင်းမညိတ်တတ်တဲ့ အဓိပ္ပာယ်´ ခေတ်ပေါ်ကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။ သူ၏ ပုံနှိပ်ကဗျာဖြတ်သန်းမှုမှာ ကျွန်တော့်ထက် စောသည်။ တနည်းအားဖြင့် ပြောရလျှင် ကဗျာဝါကြီးသည်။ သို့သော် ကျွန်တော်က ယခုအခါ ချစ်စရာဇနီးနှင့် ငါးနှစ်အရွယ်သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီဖြစ်သည်။ တနည်းပြောရလျှင် သူ့ထက် အိမ်ထောင်သက်ဝါကြီးနေပြီ။ သူ့ခမျာ ယခုအချိန်ထိ ကြေကွဲစရာ အချစ်ဇာတ်လမ်းတွေကို မလိုချင်ဘဲ ပိုင်ဆိုင်နေရဆဲ။ ချစ်ခြင်းဖွဲ့ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ထပ်တိုးရေးဖွဲ့ဖြစ်နေဆဲ။ ချစ်ခြင်းတရားက ပေးသည့် နူးညံ့ညွှတ်နူးဖွယ် ဒဏ်ရာအနာဖေးများကို ပွတ်သပ် ဖဲ့ကစားရင်း နာကျင်မှုကို ခံစားလို့ ကောင်းနေဆဲ။ ထိုအထိ ကျွန်တော်လက်ခံပေးလို့ရသည်။ ကျွန်တော် လက်မခံချင်သည့် ကိစ္စမှာ ကဗျာစာအုပ်ခေါင်းစဉ် ဖြစ်သည်။
ဆရာ ပိုင်စိုးဝေက `မိဝင်းဖတ်ဖို့´ ကဗျာတွေ ရေးခဲ့သည်။ မောင်ကြည်သာ(တောင်တွင်း)က `ညီမလေး´ဟု တခမ်းတနား သိုသိုသိပ်သိပ်ဖွဲ့သည်။ မောင်သိန်းဇော်က ` ခင်´သည် ကျွန်တော်၏ အဖျား ငွေ့ငွေ့လေးဖြစ်သည်ဟု ညည်း သည်။ စံညိမ်းဦးက `တမိုးသားလုံး အေးပြည့်ပြည့်´ဟု ကြုံးဝါးသည်။ လင်းခါးကတော့ `မမြက ဘယ်မှာလဲ မမြရေ ဘယ်မှာ လဲ မမြရေ မြရေ´ ဟု သွေးရူးသွေးတမ်း ရှာဖွေသည်။ တေးခက်က `မသေနိုင်သေးတဲ့အချစ်နဲ့ နေရထိုင်ရတာ အရင်က ထက်တော့ သက်သာလာတယ် စူဇန်´ ဟု ဖြေတွေးသည်။ ညံလင်းကတော့ `လမ်းကြားလေးထဲ ရောက်တိုင်း ဖြူ အနံ့ရတယ်´ ဟု ရှူရှိုက်သည်။ နေညိုအောင်ကျမှ ဘာဖြစ်လို့ `နှင်း´`မြ´`မြ´`အေး´`ရည်´ `စိမ့်´`စမ်း´`လွင်´ ဖြစ်ရ တာလဲ။ `နှင်း´ တစ်ယောက်တည်း၊ `မြ´ တစ်ယောက်တည်း၊ `မြ´ တစ်ယောက်တည်း၊ `အေး´ တစ်ယောက်တည်း၊ `ရည်´ တစ်ယောက် တည်း၊` စိမ့်´ တစ်ယောက်တည်း၊ `စမ်း´ တစ်ယောက်တည်း၊ `လွင်´ တစ်ယောက်တည်း မဖြစ်ခဲ့ရ တာလဲ။ ကျွန်တော့်မေးခွန်းများဟာ ကျွန်တော် သိချင်စိတ်များနှင့်အတူ နှင်းမြမြအေးရည်စိမ့်စမ်းလွင် ရှိရာသို့ အရောက် သွားခဲ့မိတော့သည်။

`ကြေကွဲခြင်းဟာ နာမည်ပျက်ပြီပေါ့
ကြောက်စိတ်ဟာ ကြောက်ရွံ့စွာ ခေါင်းငုံ့နေရပြီပေါ့
နှုတ်ခမ်းတွေ လှုပ်တယ်ဆိုရုံ
နှုတ်ခမ်းတွေ လှုပ်တယ်ဆိုရုံလေး
နတ်ဆိုးတွေ မမြင်အောင် ငါပြုံးမိပါရဲ့ နှင်း´
(နှင်း ကဗျာမှ)

 `နှင်း´သည် သူ့အတွက် ပထမဦးဆုံးသောအချစ်ဇာတ်လမ်းတစ်ပုဒ်လား။ `နှင်း´နှင့် သူ၏အချစ်ဇာတ်လမ်းသည် ကြည်နူးဖွယ်ရာများနှင့် စတင်ခဲ့သည်။ သူနှင့် `နှင်း´၏ ကြားတွင် ကြေကွဲခြင်းသည် နာမည်ပျက်သွားသည်။ တစ်ယောက်ကို တစ်ယောက်ဆုံးရှုံးမှာ ကြောက်သည့်စိတ်များသည် သူတို့နှစ်ယောက်ကြားတွင် ခေါင်းငုံ့တိုးလျှိုးနေရသည်။ ချစ်ခြင်းကိုမှ ဖျက်ဆီးတတ်သည့်နတ်ဆိုးတွေ မမြင်အောင် ကဗျာဆရာသည် နှင်းကို လုံခြုံအောင် ကွယ်ဝှက်သိမ်းဆည်းပေးနိုင်ခဲ့သည်။ ကဗျာဆရာ၏ ချစ်ခြင်းအစအမွန်သည် ပျော်ရွှင်စရာအတိဖြင့် အဆုံးထိလှပနေခဲ့သလို။

`လူတစ်ယောက်ရင်ကွဲဖို့
ဓါးတစ်လက်မလိုအပ်ခဲ့ပါဘူး ချစ်မေတ္တာ
အကြောင်းအကျိုးဆင်ခြင်နိုင်တဲ့စိတ်က
သူ့နာမည်လေး ကြားရုံနဲ့
ခြေဖျားလက်ဖျားတွေ အေးစက်
တုန်ရင်ချိနဲ့ ဖြစ်တယ်ဆိုရင်တော့ လွန်တာပေါ့´
(မြ ကဗျာမှ)

 အပြောင်းအလဲက မြန်သည်။ ကဗျာဆရာ၏ နှုတ်မှ တဖွဖွ ရွတ်ဆိုနေသည့်အမည်သည် `နှင်း´ မဟုတ်တော့။ `နှင်း´ ဘယ်ရောက်သွားပြီလဲ။ `နှင်း´ ပျောက်သွားပြီး `မြ´ ရောက်လာသည်။ `မြ´သည် `နှင်း´ထက်ပို၍ အေးမြစေ ခဲ့ပြီလား။ ကျွန်တော်ထင်မြင်ချက်များ မှားပြီဆိုတာ ကဗျာအစမှာတင် သိလိုက်ရသည်။ `မြ´သည် ကဗျာဆရာ၏ နှလုံးသား ကို ချစ်ခြင်းမေတ္တာဖြင့် ထိုးခွဲပစ်ဖို့ ကြိုးစားနေပြီ။ ကဗျာဆရာသည် `မြ´ဆိုသည့် အမည်နာမကို ကြားရုံမျှဖြင့် တုန်ရင်ချိနဲ့လို့။ `နှင်း´နှင့် အေးမြခဲ့သော ကဗျာဆရာ၏ နှလုံးသားသည် `မြ´လက်မှာ ချွန်မြသည့် ရေခဲလက်များဖြင့် ထိုးချေ ဖျက်ဆီးခံလိုက်ရသည်။ ကဗျာဆရာ၏ ညနေခင်းများသည် မူးယစ်ထုံပြင်းသော ရနံ့များဖြင့် မွန်းကျပ်ပူလောင်ခဲ့ရသည်။

`ရာသီနဲ့ နာရီက
တားလို့ မရစကောင်းဘူး မြ
ဒီမှာ
မင်းမမြင်နိုင်တဲ့သစ်ရွက်တွေ ကြွေနေပြန်ပြီ
မင်းမကြိုက်တဲ့ ငါ့အိပ်မက်တွေလည်း ရှည်နေပြီကောကွယ်´
( မြ ကဗျာမှ)

 `မြ´ပြီးတော့ `မြ´ထပ်လာသည်။ ယခု `မြ´သည် အရင်က `မြ´ထက် ပိုထက်ရှကြေကွဲစေမည်မှန်း ကဗျာဆရာ မသိခဲ့လေရော့သလား။ တခါသေဖူး ပျဉ်ဖိုးနားမလည်သေးသည့် ကဗျာဆရာ `မြ´ချစ်ခြင်းတရားရှေ့မှောက်တွင် သစ်ရွက် ကြွေလို ဒူးထောက်ခစားရပြန်ဦးတော့သည်။ တရံတခါဆီက အနမ်းတို့သည် ဘယ်ဝယ်ဘယ်ဆီထိ လွင့်မျောသွား လေပြီ မသိတော့။ အရာရာထိစပ်ပတ်သက်ခဲ့သမျှ မြောက်ပြန်လေ တသုန်သုန်အဖြူးမှာ အရူးတစ်ယောက်လို နာကျင်ခံစားရ ပြန်ဦးတော့မည်။

`ငါတို့ရွေ့လျားခဲ့ခြင်းက
တစ်ယောက်ယောက်ကို ထိခိုက်နစ်နာစေဖို့လား
ဒါမှမဟုတ်
နှစ်ယောက်စလုံး လောင်ကျွမ်းပြာကျဖို့လား
စွန့်လွတ်ဖို့ ခက်တဲ့ ကမ္ဘာမှာ
အမှန်တရားဟာ
ပန်းအ၀ါလေးတစ်ပွင့်အဖြစ်
အယောင်ဆောင်ကြွေကျခဲ့ဖူးတယ်´
( အေး ကဗျာမှ)

 ချစ်ကံခေသူတို့လမ်းသည် ဆူးကြမ်းများဖြင့် အပြည့်ခင်းထားသည်။ ကျောခိုင်းထွက်ခွာဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်မပြုနိုင်ခြင်းက ဒဏ်ရာကို နှစ်ထပ်တိုးဖြင့် ပိုမိုဆိုးရွားစေလွန်းသည်။ ကံကြမ္မာသည် အသည်းကွဲကဗျာဆရာသွားရာ ဓားလိုက်လို့ မိုးပေးသည်။ ခေါင်းမော့ရင်လည်း အသွားတလက်လက်၊ ခေါင်းငုံ့ထားရင်လည်း သွေးတစက်စက်နှင့် အမှောင်ထဲမှာ ပွင့်တဲ့ ပန်းခမျာ ဘယ်လို အချစ်နတ်ဘုရားမှ မြင်နိုင်ရန် မစွမ်းသာခဲ့ဘူး ထင်ပါသည်။ သွေးမတိတ်သေးသည့် အရင်ဒဏ်ရာဟောင်းများနေရာတွင် သွေးစိမ်းရှင်ရှင် ထပ်ထွက်သည်။ ယခုထွက်သည့် သွေးသည် တစ်ဖက်ဓားသွားကြောင့် မဟုတ်၊ နှစ်ဖက်ဓားသွားကြောင့် ပိုပြတ်ရှခဲ့ရသည်။ `အေး´။ `နှစ်ယောက်စလုံးလောင်ကျွမ်းဖို့ ငါတို့ ဘာကို စတေးကြမလဲ´ ဟု ကဗျာဆရာ ငိုကြွေးခဲ့ပါသေးလား။

`နာကျည်းခြင်းဟာ
ဘယ်သူ့အနားမှာ အိပ်ပျော်နေခဲ့သလဲ
ညဥ့်ဦးယံ
အားလုံးတိတ်ဆိတ်သွားခဲ့ပေမယ့်
ချစ်မေတ္တာက
ငါ့ရဲ့အနားမှာ မတ်တပ်ရပ်နေတုန်းပဲ´
( ရည် ကဗျာမှ)

 အချိန်များ တရွေ့ရွေ့ပြောင်းလဲခဲ့ပြီ။ ရင့်ကျက်မှုသည် တကောက်ကောက်လိုက်ပါနေသည့် အရိပ်တစ်ခုလို ကဗျာဆရာ၏ ရင်ကို အနည်းငယ်တော့ သက်သာစေခဲ့ပြီ ထင်သည်။ ကဗျာဆရာ၏ သံဝေဂသည် ပန်းလေးတစ်ပွင့်၏ ဖူး၊ ပွင့်၊ ကြွေ ဖြစ်တည်ဆဲ ခဏငယ်များအပေါ်တွင် သာယာမိန်းမောလို့ မနေတော့တာ သေချာသည်။ မပျော်ရွှင်ခြင်းများနှင့် နေသားကျနေသော နေ့ရက်များသည် ကိုယ်နှင့် ငယ်ပေါင်းကြီးဖော်လို၊ သောက်ဖော်စားဖက်လို၊ ဆိုးဖော်မိုက်ဖက်လို။ တခါတရံ ချစ်ခြင်းတရား ကို လိုအပ်သည့်နေ့များလည်း ရောက်ရှိလာပါလိမ့်ဦးမည်။ သူ့နာမည်ကို `ရည်´ ဟု မှတ်လိုက်ပါ။

`လက်တွေဟာ
တခြားတစ်ယောက်ရဲ့ ဒုက္ခတွေကို ကူညီဖို့ပါ
အနမ်းတွေကတော့
နှလုံးသားအခန်းငယ်လေးထဲ
သိမ်းဆည်းထားဖို့ပါ
သင် ၀မ်းနည်းကြေကွဲနေတဲ့အခါ
ရေရွတ်ကြည့်လိုက်ပါ
သူ့နာမည်က ချစ်မေတ္တာ´
(စိမ့် ကဗျာမှ)

 ကဗျာဆရာသည် လူငယ်ဘ၀မှ လူလတ်ပိုင်းဘ၀သို့ ကူးပြောင်းလာပြီ။ လက်မောင်းပေါ်တွင် ရေးထိုးထားသော တက်တူးတစအပေါ်တွင် အရူးအမူးတွယ်တာနေသည့်စိတ်ကတော့ မပြောင်းလဲသေး။ ရရှိခဲ့သော ချစ်ခြင်းမေတ္တာတို့ အပေါ် တွင် အကြိမ်ကြိမ်အထပ်ထပ် ကျေနပ်မွတ်သိပ်ခဲ့ပြီးပြီ။ မရရှိခဲ့သော ချစ်ခြင်းမေတ္တာတို့အပေါ်တွင် အဖန်ဖန်အလဲလဲ ပြိုကွဲ ယိုင်လဲခဲ့ပြီးပြီ။ ဖြတ်သန်းခဲ့ဖူးတဲ့ လူငယ်ဘ၀ဆိုတာ ပျော်ရွှင်စရာထက် ကြေကွဲစရာများခဲ့တယ်ဆိုရမလား။ ဒီဇာတ်လမ်းမှာ မြက်ပင်ကလေး၊ စတော်ဘယ်ရီသီးတွေနဲ့ ချန်ထားခဲ့လို့ မရသည့် ဇီဇ၀ါပန်းများ။ မေ့ထားခဲ့လို့ မရနိုင်သည့် ရေဒီယို အမည်းရောင်လေးနှင့် နိုဝင်ဘာမိုးတိမ်။ သိမ်းဆည်းထားဖို့ရာ နှလုံးသားအခန်းငယ်လေးတစ်ခုတော့ ရှိတာကို သူ သိသည်။ `စိမ့်´ဟု ရေရွတ်ကြည့်လိုက်ပါ။ ချစ်ခြင်းမေတ္တာလို့ အသံထွက်လာပါလိမ့်မည်။

`နေ့လည်ခင်းစိတ်ကူးတစ်ခု
ငါ စိုက်ပျိုးထားတယ် ကဗျာ
မင်းအဆင်ပြေသလို ရိတ်သိမ်းပါ
ဒီဇာတ်လမ်းမှာ
တန်ပေါင်းသုံးရာ့ခြောက်ဆယ်လောက်ရှိတဲ့ အရာတစ်ခုကို
ယုံကြည်မှုဆိုတဲ့
ကြိုးလေးတစ်ချောင်းတည်းနဲ့
ငါ ချည်နှောင်ခဲ့တာပါ´
(စမ်း ကဗျာမှ)

 မဖြစ်နိုင်မှန်းသိလျှက်နှင့် ရူးမိုက်ခဲ့သည် ကဗျာဆရာတစ်ယောက်၏ နောက်ပိုင်းဇာတ်ထုပ်သည် ငိုချင်းများဖြင့် ကန့်လန့်ကာ ချလိုက်ရတော့မည်။ မမှီနိုင်သော သစ်ပင်ပေါ်မှာ သစ်သီးကို ချဉ်သည်ဟု ကဗျာဆရာသည် ဘယ်တော့မှ မပြောခဲ့။ အဘယ်ကြောင့်ဆိုသော် ကဗျာဆရာသည် မြေခွေးတစ်ကောင် မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။ နူးညံ့ သိမ်မွေ့မှုသည် အဝေးက ငေးကြည့်နေခွင့်ရတာလေးတစ်ခုတည်းနဲ့တင် ရင်မှာဖွဲ့တည်ကိန်းဝပ်လာစေခဲ့သည်။ ပျော်ရွှင်ပါ။ ကြည်နူးပါ။ ၀မ်းမြောက်ပါ။ ချိုမြိန်သစ်သီးများနဲ့ လတ်ဆတ်သော ရွက်သစ်များကို စားသုံးပါ။ နွေးထွေးသော အိပ်ရာပေါ်မှာ အိပ်စက်ပါ။ ကောင်းမွန်မြင့်မြတ်သော အိပ်မက်များကို မက်ပါ။ ဆုတောင်းခန်းမဟာ ထိုထိုသော ကဗျာရွတ်သံများဖြင့် ဖုံးလွှမ်းနေပါစေ။`စမ်း´။ `ရေလို အေးပါစေ ပန်းလို မွှေးပါစေ´။ ချစ်ခြင်းတရားအပေါ် ယုံကြည်သက်ဝင်မှုက ဘာသာတရား တစ်ခုလို ကဗျာဆရာကို ရဲဝံ့စေခဲ့လွန်းပါသည်။

`အရင်လို
ပေါက်ပြားတွေနဲ့ မရတော့ဘူး
ဦးညွှတ်ပြီးပြီပဲ
ရည်စူးပြီးပြီပဲ
ဘယ်လိုရေတွင်းပျက်တွေကို
ဆယ်ယူရဦးမလဲ´
( လွင် ကဗျာမှ)

 ခဲမှန်ဖူးသော စာသူငယ်သည် ခဲ ရှိရာ အရပ်သို့ နောက်တစ်ကြိမ်မပျံသန်းတော့ပေမယ့် ကဗျာဆရာကတော့ အခါခါ ပြုတ်ကျဖူးသည့် သားရဲတွင်းကိုမှ အခါခါ ခုန်ဆင်းချင်နေသည့် သူရဲကောင်းဖြစ်သည်။ ကဗျာဆရာ၏ မာနသည် ချစ်ခြင်း တရား၏ အောက်တွင် ဒူးထောက်အရှုံးပေးဦးညွှတ်ရန် နှစ်ခါပြန်စဉ်းစားစရာမလိုအပ်ခဲ့။ `ရေကြည်သောက်ချင်လို့ ဆင်းခပ် ခဲ့တာပါ´ ဟူသောအသံကို ရေတွင်းပျက်၏ အောက်ခြေမှ ကြားလိုက်ရသည်။ ကျိန်စာသင့်ခဲ့သော အော်သံသည် ကဗျာ ဖတ်သူထံသို့ အဝေးကနေ ထိုးဖောက်ဝင်ရောက်ရန် ပျံသန်းလာချေပြီ။ နားများကို ပိတ်လိုက်ပါ။ မျက်လုံးများကို မှိတ်လိုက်ပါ။ ပြီးခဲ့သည့်အတိတ်ကို အစကနေ ပြန်ရေးလျှင် `နှင်းမြမြအေးရည်စိမ့်စမ့်လွင်´ဆိုသည့် ကဗျာစာအုပ် တစ်အုပ် ဖြစ်လာပါလိမ့်မည်။ နားများကို ပြန်ဖွင့်လိုက်ပါ။ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပါ။ နှင်းမြမြအေးရည်စိမ့်စမ်းလွင်သည် ချစ်စဖွယ်အမူအယာဖြင့် ပြုံးကြည့်နေသည်ကို တွေ့ရပါလိမ့်မည်။
 နေညိုအောင်၏ အချစ်ကဗျာများကို ဖတ်ရသည့်အခါ တစ်စုံတစ်ယောက်က ညင်ညင်သာသာ တီးတိုးစကား ပြောနေသလို ခံစားရသည်။ စကားလုံးရွေးခြယ်မှု၊ အသံ အဖြတ်အတောက်နှင့် လိုင်းစီပုံ၊ ခေတ်ပေါ်ကဗျာ၏ အသက် ဓာတ်ဖြစ်သည့် စကားပြောရစ်သမ်၊ စကားလုံးချိတ်ဆက် ဖွဲ့ယူပုံကောင်းခြင်း၊ စုစည်းပြေပြစ်မှုရှိခြင်းများကို ခံစား ရသည်။ ကဗျာဖတ်သူသည် ကဗျာတစ်ပုဒ်ကို ဖတ်နေရင်းနှင့် ကဗျာဆရာနှင့် သူ့ဇာတ်ကောင်အမျိုးသမီး နံဘေးရောက်သွားသလို ခံစားရသည်။ ကဗျာဆရာ၏ ကြေကွဲခံစားမှုသည် ကဗျာဖတ်သူထံသို့ တနည်းနည်းဖြင့် ကူးစက်နေသည်။ နေညိုအောင်၏ ကဗျာများတွင် ရင့်သီးသော စကားလုံးများမပါ။ သူ့ပြင်ပ ပင်ကိုယ်လက္ခဏာအတိုင်း သူ့ကဗျာများသည် အေးဆေး ညင်သာစွာ စီးဆင်းနေသည်။ ကဗျာဆရာ၏ ရိုးသားမှု၊ ချစ်ခြင်းတရား၊ အကောင်းမြင်စိတ်နှင့် ကြေကွဲနွမ်းလျမှုများအား ကဗျာတိုင်းတွင် အထင်းသား မြင်တွေ့ နေရသည်။ ကဗျာဖတ်နေရင်းနှင့် `နှင်း´`မြ´`မြ´`အေး´`ရည်´ `စိမ့်´`စမ်း´ `လွင်´သည် တစ်ဦးတည်းဖြစ်သွားသည်။
ယခု ကဗျာစာအုပ်သည် သူနှင့် နှင်းမြမြအေးရည်စိမ့်စမ်းလွင် (သို့) သူ့ချစ်ခြင်းမေတ္တာ၏ အတ္ထုပတ္တိဖြစ်သည်။ ကဗျာဆရာသည် သူကြုံတွေ့ရသည့်၊ သူခံစားရသည့် ချစ်ခြင်းမေတ္တာကို အမည်နာမအမျိုးမျိုးဖြင့် ပြောင်းလဲ တင်ဆက်ခြင်း ဖြစ်သည်။ အမည်နာမ တစ်ခု ပြောင်းလိုက်လျှင် ဒဏ်ရာအနာ ပိုသက်သာမည်ဟု သူထင်မှတ်ထားခဲ့သည်။ သို့သော် သူ့ကြေကွဲမှုသည် အစွန်းရောက်နာကျင်မှုများအဖြစ် ပြောင်းလဲသွားသည်။ ချစ်ခြင်းမေတ္တာကို ကိုယ်ခွဲတွေ အများကြီးဖြင့် မြင်လာသည်။ သူသည် သူရူးတစ်ယောက်လို တစ်ယောက်တည်း စကားတွေ ပြောတော့သည်။ တခါတရံတွင် `နှင်း´နှင့်။ တခါတရံတွင် `မြ´နှင့်။ တခါတရံတွင် `အေး´နှင့်။ အဲဒီလိုနှင့် အထီးကျန်နေ့ရက်များကို ကဗျာတွေ ဖွဲ့ပြီး ပျော်ချင်ယောင် ဆောင်ခဲ့သည်။ ရေသန့်တစ်ဗူးနှင့် မလုံလောက်သည့် ညနေတွေကို ရီဝေယစ်မူးစွာ ဖြတ်သန်းကူးခတ်ခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်အနှံ့အပြားတွင် `နှင်းမြမြအေးရည်စိမ့်စိမ့်လွင်´၏ ပုံတူကို တက်တူးထိုးဖို့ ကြိုးစားသည်။ တကယ့်လက်တွေ့ တွင်မူ မဖြစ်နိုင်။ `နှင်းမြမြအေးရည်စိမ့်စမ်းလွင်´သည် အပြင်လောကမှာ တကယ်မရှိ။ တကယ်ရှိသည်မှာ ချစ်ခြင်း မေတ္တာသာ ဖြစ်သည်။ ချစ်ခြင်းမေတ္တာကို တက်တူးထိုးဖို့ ကြိုးစားသော သူရူးကို ကဗျာဆရာဟာ သမုတ်လျှင် ထိုကဗျာ ဆရာမှာ နေညိုအောင် သာ ဖြစ်သည်။ အချစ်ကို ချစ်တတ်ဖို့ ကြိုးစားနေသည့် ကဗျာဆရာ နေညိုအောင် တစ်ယောက် အချစ်ကဗျာများ ဆက်လက်ရေးဖွဲ့ရင်း ချစ်ခြင်းမေတ္တာနှင့် အမြန်ဆုံဆည်းပါစေဟု ကျွန်တော် ဆုတောင်းပေးလိုက်မိပါသည်။

မင်းနဒီခ
၆၊ ၁၀၊ ၂၀၁၅