Wednesday, May 25, 2016

အဲဒီကျွန်းမြို့လေးပေါ်က တီဗီဖန်သားပြင်ကြီးပေါ်မှာ အခု လာနေတဲ့ ဒရာမာဇာတ်လမ်းတွဲ

အဲဒီကျွန်းမြို့လေးပေါ်က တီဗီဖန်သားပြင်ကြီးပေါ်မှာ အခု လာနေတဲ့ ဒရမာဇာတ်လမ်းတွဲ 


         
          ၂၀၀၅ ဝန်းကျင် ကျွန်တော် ကဗျာစရေးတုန်းက မောင်ယုပိုင်ရဲ့ “ သားအဖ ဂစ်တာ” ကဗျာက အရမ်းကြိုက်လို့ မှတ်စုစာအုပ်ထဲမှာ ကူးရေးခဲ့ဖူးတယ်။ ဒီကဗျာကို အခုအချိန်ထိ မှတ်လည်းမှတ်မိနေပါတယ်။ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ စိုးရိမ်ပူပန်မှုနဲ့ သားတစ်ယောက်ရဲ့ တဇွတ်ထိုး စွန့်စားလိုစိတ်တွေဟာ အရွယ်ရောက်စလူငယ်တွေ တော်တော်များများ ကြုံတွေ့ခဲ့ရဖူးပါလိမ့်မယ်။ ကဗျာနဲ့ တိုက်ဆိုင်မိကြပါလိမ့်မယ်။ ကဗျာတစ်ပုဒ်ရဲ့ အတွင်းစာသားထဲက နေ သားအဖနှစ်ယောက်ဖြတ်သန်းခဲ့ရတဲ့ခေတ်၊ သားအဖနှစ်ယောက်ရဲ့ အနုပညာတစ်ခုအပေါ်မှာအမြင်ကွဲပြားမှု၊ ရူးသွပ်မှု ကိုယ်စီမှာ ရင့်ကျက်မှုနဲ့ မိုက်ရူးရဲဆန်မှု၊ ပြီးတော့ စကားလုံး ကျစ်ကျစ်လစ်လစ်နဲ့ ကဗျာတစ်ပုဒ်ကို ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်လို မျက်စိထဲ မြင်ယောင်လာအောင် ရေးဖွဲ့နိုင်စွမ်းဟာ တခါဖတ်ပြီး ဘယ်တော့မှ မေ့မပစ်နိုင်လောက်အောင်ပါပဲ။  

“ ဓာတ်ပြားဟောင်းကြီးဖွင့်ချလိုက်ရင်
ကွန်ဆာဗေးတစ်သီချင်းတွေပဲ ထွက်ကျလာမှာ သိတယ်
လိုအပ်ရင် ခုနှစ်ကြိုးတပ်တီးပြီး
မလိုအပ်ရင် ရိုက်ချိုးချင် ရိုက်ချိုးလိုက်မယ်
ဒါ . . .ကျွန်တော်တို့ခေတ်ရဲ့ လောကဓံကို
စည်းလိုက်နေတာပဲ အဖေ
ကျွန်တော်ကတော့
အနုပညာလှေဆိပ်မှာ ဂစ်တာတွေဆုံရင်
ကြယ်တွေဆီ ရွက်လွှင့်ကြမယ်ပေါ့
အဲဒါကို အဖေက
မှောင်ရိပ်ခိုကျွန်းမှာ ပင်လယ်ဓားမြတွေဆုံရင်
တစ်ယောက်နဲ့တစ်ယောက် ဝိုင်ခွက်ချင်းတိုက်
ပင်လယ်နက်ထဲ ခုန်ချကြတော့မယ် တဲ့
ကျွန်တော် ထွက်လာခဲ့တယ်
လက်နက်အပြည့်နဲ့ ဂစ်တာအိတ်ကိုလွယ်လို့(ဒစ်စပရာဒို မင်းသားလို)
ထရပ်ကားသံ တညံညံနဲ့ ကောင်းဘွိုင်တွေများတဲ့ မြို့ကြီးကို
အဖေဟာ
ဒေါက်တာဇီဗားဂိုးရဲ့ ဇာတ်ဝင်တေးကို လေချွန်ရင်း
ဆောင်းရာသီသစ်ကိုင်းခြောက်တွေကြားမှာ နေရစ်ခဲ့”
(သားအဖ ဂစ်တာ ကဗျာမှ)

            နောက် ၂၀၀၇၊ ဖေဖော်ဝါရီလမှာ မောင်ယုပိုင်ရဲ့ ပထမဆုံးကဗျာစာအုပ် “ အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်း အလဲနဲ့” ထွက်ရှိလာပါတယ်။ အဲဒီကဗျာစာအုပ်ဟာ ကျွန်တော်လက်စွဲ ကဗျာနှိုးစက် စာအုပ် တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ဆရာ ဇေယျာလင်းရဲ့ “ကဗျာရေးသူကို ထုတ်လုပ်ခြင်း”၊ ဆရာခင်အောင်အေးရဲ့“ကင်းရှင်းတဲ့စိတ်ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ ငါးဆယ့်လေး”၊ မောင်ယုပိုင်ရဲ့ “ အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့” စတဲ့ စာအုပ်တွေဟာ ခေတ်ပေါ်ကနေ ခေတ်ပြိုင်စပ်ကူးမတ်ကူးကာလမှာ ကျွန်တော့်အတွက် အရေးပါခဲ့တဲ့စာအုပ်တွေပဲ ဖြစ်ပါတယ်။ မောင်ယုပိုင်ရဲ့ “အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့” ကဗျာစာအုပ်မှာ ‘ အခိုးရိုက်မှန်ပြတင်းရဲ့ တဖက်တစ်ချက်’၊ ‘ပုံနှိပ် ထုတ်ဝေခြင်းမပြုမှီ ငါ့အရေးအသား’ လို စကားပြေကဗျာတွေ၊ ‘လောကီရေးရာ’၊ ‘ တခြားစကြဝဠာတစ်ခုများ မြင်မိ သေးလား’ လို ကော်လာ့ဂ်ျကဗျာတွေ၊ ‘ငါ့အစ်ကို’၊ ‘သားအဖဂစ်တာ’၊ ‘နေ့များ’လို အားကောင်းလှတဲ့ ခေတ်ပေါ်ကဗျာတွေ၊ ‘ဆင့်ကဲဖြစ်စဉ်’၊  ‘ကွက်လပ်ဖြည့်ပါ/ ကွက်လပ်အပြည့်ပါ’၊ ‘ပန်းကန်ပြားပျံ ဖြစ်ရပ်ဆန်းများ’ လို စမ်းသပ်ကဗျာတွေ စတဲ့ စတဲ့ကဗျာတွေနဲ့ ကဗျာစာအုပ်တစ်အုပ်လုံးဟာ တစ်ပုဒ်ဖတ်၊ တစ်ပုဒ်တွေး၊ ကဗျာအသစ်တစ်ပုဒ် ပြန်ရေးကြည့်လို့ ရအောင် ကို ကျွန်တော့်အတွက် အရေးပါခဲ့တဲ့ စာအုပ်ပါပဲ။

“ ယနေ့ဘယ်အရပ်ကို သွားမှာလဲ ယနေ့မသွားရင် မဖြစ်ဘူးလား
ကျက်သရေ ဘယ်အရပ်မှာ နေသလဲ ယနေ့ကျက်သရေဘယ်လိုနေသလဲ
ပုဆိုးဝယ်မလား ထမီဝယ်မလား အဝတ်အစားဝယ်မလား
ယနေ့ ဘာပစ္စည်းပေးမလဲ ရွှေကျီးသာတာ ဘယ်အရပ်ကလဲ
လက်သည်းပွင့်နေလား ဆံပင်ကို နေ့တိုင်း ဆီလိမ်းသလား
ငွေချေးမလို့လား တရားပြိုင် သွားမလို့လား
အသီးလိုသလား အပွင့်လိုသလား စပါးကို ကျီသွင်းမလို့လား
မရောင်းရတဲ့ကုန်ရှိသလား ပစ္စည်းပျောက်နေသလား
နမန္တာ အခရာပိတ်အရပ်ကို မသွားနဲ့ ချမ်းသာချင်သလား သစ်ပင်စိုက်
. . . . . . . . . . . . . . . . . . .”
(ကဗျာစ-ဆုံးကို အာရှဦးကျော်၏ အခါပေးကြေးမုံစာအုပ်မာတိကာမှ ကောက်နှုတ်အသုံးပြုသည်။
(လောကီရေးရာ ကဗျာမှ/  အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့ ကဗျာစာအုပ်)

“ ဇာတိမြေကို ပြန်ရောက်တဲ့အခါ ကွက်လပ်မှုကို ခံစားရ
ရထားပြတင်းက ကြည့်တဲ့အခါ ကွက်လပ်ကလေးတွေကို မြင်ရ
လသာတဲ့တစ်ညမှာ ကွက်လပ်အရသာ
နွေရာသီကျောင်းပိတ်ရက်မှာ ကွက်လပ်တွေ ဖြစ်နေမိ
ပွဲတော် အချိန်အခါရောက်တိုင်း ကွက်လပ်စိတ်တွေ ဝင်လာ
အတိတ်ကို ပြန်လည်တွေးတိုင်း ကွက်လပ်တွေသာ မြင်ယောင်လာမိ
လူငယ်ဘ၀ကုန်ဆုံးလွန်မြောက်လာပြီးနောက် ကွက်လပ်ဘဝရောက်လာ
ကွယ်လပ် ငယ်ဘဝတွေ ကွက်လပ် ဓာတ်ပုံတွေ”
(ကွက်လပ်ဖြည့်ပါ/ကွက်လပ်အပြည့်ပါ ကဗျာမှ/ အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့ ကဗျာစာအုပ်)

            အဲဒီနောက် ၂၀၀၉၊ ဇွန်မှာ ဒုတိယမြောက်ကဗျာစာအုပ် “တီဗီဖန်သားပြင်ကြီးဖွင့်လျှက်” ထွက်ရှိလာပါတယ်။ အဲဒီကျွန်းမြို့လေးမှာ ပြောင်းလဲဖို့ စမ်းသပ်အားထုတ်ခဲ့တဲ့ မောင်ယုပိုင်ဟာ တီဗီဖန်သားပြင်ပေါ်မှာတော့ ပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာ လက်ရာတွေကို ဖွင့်ပြနိုင်ခဲ့ပါတယ်။ ‘မြိတ်မြို့တွင် ပြုလုပ်သည်’၊  ‘မနေ့ညက မြို့စွန်ဘက်မှ  ပန်းကန်ပြားပျံ တစ်စီးတွေ့လိုက်တယ်’၊ ‘မြွေ’၊ ‘စတီဗင်စပီးဘာ့ခ်အပြာ’၊ ‘နှိုး နှိုး နိုး နိုး’၊ ‘နောက်ထပ်နေ့များ’၊’ ဟုတ်တယ် သေချာတယ် ငါ ဖြစ်တယ်’ စတဲ့ ကဗျာတွေဟာ တီဗီဖန်သားပြင်ပေါ်မှာ အကြိမ်ကြိမ်အခါခါ ဖွင့်ကြည့်မိတဲ့ ချယ်နယ်လိုင်းများပါပဲ။

“ ရေးတော့မြိတ်၊ ဖတ်တော့ ဘိတ်၊ ဘိတ် ??? ဘိတ်ဆုံးမှာ နေတာလား
ဘိတ်မှာ ဆုံးနေတာလား
တစ္ဆေခြောက်သောအိမ်ကြီးနဲ့ မြို့ရဲ့လသာဆောင်မှာ ဆင်မြူရယ်ဝှိုက်ရဲ့ ဖြူဖြူသဏ္ဌာန်အရိပ်တွေ
အချို့နိုင်ငံခြားသားတွေ မြေပုံထဲမှာ ပြန့်ကျဲနေတဲ့ အမည်မဲ့ကျွန်းတွေ
အချို့တွေရဲ့ မြေပုံထဲမှာ (ခဲတံချွန်ထိပ်ဖျားလေးနဲ့ တစ်ထောက်စာ)နေရာလေးမှာ
ဘိတ်သားတစ်ချို့တောင် မသိတဲ့ ‘မာဂွီး’ လို့ ရေးထားတယ်
ထင်ရှားသော အလောင်းမင်းတရားအမာရွတ်နဲ့ တောင်တန်းတွေ
က အသားနည်းနည်းညိုသလိုပဲနော်
ရေမြေကလည်း နည်းနည်းစိမ်းနေသေးတယ်၊ ဘာသာစကားတဝဲဝဲ
မှတ်ပုံတင်အမှတ်-
ငပိမျဉ်းစောင်းဟွန်ဒါယဉ်ကျေးမှု(မှတ်သားဖွယ်ရာမိုးရေချိန်)ရေလုပ်ငန်း
ကော့သောင်းနဲ့ ထားဝယ်ဆိုတာ ဒီနားလေးတင်ပါ၊ ရှပ်ပြေးအမြန်ယာဉ်က
ပြောတယ် ရထားဆိုတာ အလုံးလား အပြားလား”
(မြိတ်မြို့တွင် ပြုလုပ်သည် ကဗျာမှ /တီဗီဖန်သားပြင်ကြီးဖွင့်လျှက် ကဗျာစာအုပ်)

“ အိပ်ယာက နိုးတော့ ဟား ငါ ရန်ကုန်ရောက်နေတာပဲလို့၊ ဟုတ်တယ် မနေ့က
ရောက်တာ။ . . . လေး ခြေတံရှည် မိုးကုပ်အောက်မှာ တည်လို့ အလွန်
ကြည်စိမ်းလဲ့လဲ့ ရေကန်သာ၊ ခုနက အိပ်မက် မက်နေတာပဲ၊ ရွာကို ပြန်ရောက်နေသလိုပဲ
ဘယ်ဟုတ်မလဲ၊ ငါ ရန်ကုန်ရောက်နေပြီ။ (မိုးကလည်း ရွာမှ ရွာပဲ)၊ မနေ့က ရောက်တာ
အသေအချာပဲ၊ ညဘက်ဆို ဖယောင်းတိုင်မီးလေးတွေ မှိတ်တုပ်မှိတ်တုပ်နဲ့
ဘတ်စကားကြီးနောက်မှာ မြင်းတစ်ကောင်ဖြတ်ပြေးသွားတာ မြင်လိုက်ရတလည်း
နံဘေးမှာ ရန်ကုန်သား ကဗျာဆရာသာ သက်သေမရှိရင် ယုံမှာမဟုတ်ဘူး မြို့လယ်ခေါင်ရောက်နေတာလေ
မတွေ့ဘူးလား၊ မီးရထား သံလမ်းလေးတစ်ခု၊ ရှည်လျားကွေ့ကောက်လို့
ချုံနွယ်ပိတ်ပေါင်းကြားပျောက်ကွယ်သွားတဲ့ ရထားသံလမ်းလေးတစ်ခု၊ ဒါပေမယ့် ရန်ကုန်ပါ”
(နှိုး နှိုး နိုး နိုး ကဗျာမှ/ တီဗီဖန်သားပြင်ကြီးဖွင့်လျှက် ကဗျာစာအုပ်)


            ဒီနေရာမှာ တိုက်ဆိုင်လို့ မောင်ယုပိုင်ရေးခဲ့ဖူးတဲ့ ကဗျာဆိုင်ရာဆောင်းပါး “ ပို့စ်မော်ဒန် အယူသီးမှုအလွန် ငါ တကယ် အိပ်ချင်နေပြီ” ထဲက စာပိုဒ်တစ်ပိုဒ်ကို ပြန်လည်ကောက်နှုတ်ဖော်ပြချင်ပါတယ်။ ဒီကောက်နှုတ်ချက်ကို ဖတ်ကြည့်ရုံနဲ့တင် မောင်ယုပိုင်ရဲ့ ပို့စ်မော်ဒန်အပေါ်အမြင်ကို ခန့်မှန်းလို့ ရနိုင်မှာပါ။ မောင်ယုပိုင် ဟာ ဒီကဗျာဆိုင်ရာ ဆောင်းပါးမှာ သူရဲ့ ပို့စ်မော်ဒန် အမြင်ကို ပြည့်ပြည့်စုံစုံရေးသားထားပါတယ်။ ဆောင်းပါးရေးတဲ့နှစ်ကို ၂၀၁၁ လို့ တပ်ထား ပေမယ့် ၂၀၀၉ ဝန်းကျင်တုန်းဆီက သူ့ရဲ့ ပို့စ်မော်ဒန်အပေါ်အမြင်နဲ့ သူပြုလုပ်ရေးဖွဲ့ထားတဲ့ ကဗျာတွေဟာ ထပ်တူကျ နေတာကို တွေ့ရမှာပါ။

“ ပို့စ်မော်ဒန်ကဗျာ ဖြစ်အောင် ပြုလုပ်ကြတယ်ဆိုတာ နားလည်ရခက်သွားအောင် ပြုလုပ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကဗျာဓာတ်၊  ကဗျာအရသာဟာ နည်းအမျိုးမျိုးနဲ့ နားမလည်အောင်ရေးဖွဲ့ခြင်း သက်သက်ထဲမှာ တည်မှီနေတာ မဟုတ်ဘူးလို့ ယူဆပါတယ်။ နားလည်ရ ခက်ရုံနဲ့ ကဗျာဓါတ်ပေါက်မယ်၊ ပို့စ်မော်ဒန်ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ကဗျာ ဖတ်မယ့် အစား သင်္ချာ ပုစ္ဆာတွေ ထိုင်တွက်၊ သိပ္ပံဘာသာရပ် ဖေါ်မြူလာတွေ ထိုင်တွေး၊ ဥာဏ်စမ်း ကစားနည်းတွေ ဘာသာစကားဆက်စပ်ကစားရတဲ့ ဆူဒိုခု ကစားနည်းတွေ ထိုင်ကစားနေရုံပါပဲ။ (အလွန် လှပတဲ့ သင်္ချာတစ်ပုဒ်ဟာ ကဗျာဖြစ်တယ် ဆိုတဲ့ စကား ရှိပါတယ်) ဥပမာ ဂျွန်အက်ရှ်ဘရီရဲ့ ကဗျာတွေမှာ အဆက်အစပ်ပြတ်တောက်မှုတွေ ကြုံရာကျပန်းဆန်မှုတွေအများအပြားသုံးစွဲထားတာ တွေ့ရပေ မယ့် ဘာမှန်းမသိလောက်အောင် ဖြစ်သွားတာမျိုး မရှိပါဘူး။ သူ့ရဲ့ အဆက်အစပ်မဲ့တဲ့ ကဗျာ(အင်္ဂလိပ်လို) စာသားတွေ ကိုက သူတို့ လူ့အဖွဲ့အစည်းထဲက ဖြစ်ရှိမှုကို ထင်ဟပ်နိုင်တဲ့ (သူတို့ လူ့အဖွဲ့အစည်းလို့ ခွဲခြား ပြောရတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွင်းက သိမှတ်နားလည်မှုနဲ့ လုံးဝဆက်စပ် နားလည်ခံစားကြည့်ဖို့ မဖြစ်နိုင်တဲ့ ကဗျာ အလုပ်လုပ်ပုံတွေ တွေ့ရလို့ပဲ) ကဗျာ ဖြစ်မြောက်မှု ကဗျာဓာတ်တစ်ခုခုကို ထုတ်လုပ်နေသလို စရေးဖွဲ့ကတည်းက ကဗျာတစ်ပုဒ်ချင်းအလိုက် စေ့စေပ်သေချာစွာ ဆင်ခြင်တုံတရားရှိစွာ စီရင်ထားတဲ့ တက္ကနိပိုင်းကိုပါ သတိပြုခံစားမိနိုင်ပါတယ်”

           “တီဗီဖန်သားပြင်ကြီး ဖွင့်လျှက်”ထဲက ကဗျာတွေဟာ နားလည်ရခက်ခဲစေအောင် စကားလုံး ဆော့ကစား ထားမှုတွေ၊ ပုံသဏ္ဌာန် ဆိုင်ရာ အဆန်းအပြားပြုလုပ်မှုတွေ မပါရှိဘဲ ကဗျာစာသားလိုင်းဖြတ်ပုံ၊ ကဗျာဖတ်သူကို မေးခွန်း ထုတ်ပုံ၊ ကဗျာနဲ့ ကဗျာဖတ်သူကို အတူတကွပူးတွဲတည်ရှိနေအောင် ရေးဖွဲ့ထားပုံ၊ ကဗျာထဲမှာ ကဗျာဖတ်သူကိုပါ ဝင်ရောက်ပတ်သက်ခွင့် ပေးထားပုံနဲ့ ခေတ်ပေါ်ကဗျာနဲ့ ကွဲပြားခြားနားတဲ့ ကဗျာဖွဲ့စည်းပုံမျိုးတွေကို သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။ နားလည်ခြင်း နားမလည်ခြင်း ဆိုတာကတော့ ကဗျာဖတ်သူရဲ့ အတွေ့အကြုံ၊ ကဗျာဖတ်ကျင့်နဲ့ ကဗျာနဲ့ ဖတ်သူအကွာအဝေး စတာတွေအပေါ်မှာ မူတည်တဲ့အတွက် နားလည်ရ လွယ်ခြင်း၊ မလွယ်ခြင်းဟာ တီဗီ ဖန်သားပြင်ကြီးနဲ့ တိုက်ရိုက်သက်ဆိုင်မယ်လို့တော့ မထင်မိပါဘူး။ ပထမကဗျာ စာအုပ်မှာ မောင်ယုပိုင်အပေါ် လွှမ်းမိုးခဲ့တဲ့ ကော်လာ့ဂ်ျကတွေဟာ ဒုတိယကဗျာစာအုပ်မှာ စကားပြေကဗျာတွေအဖြစ်  ပြောင်းလဲသွားပါတယ်။ ခေတ်ပေါ် ခေတ်ပြိုင် စပ်ကူးမတ်ကူးကာလတွေဖြစ်တဲ့ ၂၀၀၇ ကနေ ၂၀၀၉ မှာ မောင်ယုပိုင်လက်တွေ့ခဲ့တဲ့ ကော်လာ့ဂ်ျကဗျာတွေဟာ စကားပြေကဗျာတွေအဖြစ် ပြောင်းလဲသွားတဲ့အပြင် ၂၀၁၃၊ ဇန်နဝါရီမှာတော့ စကားပြောကဗျာ စာအုပ်ထွက်ဖို့ ဖြစ်ပေါ် လာတဲ့အထိ မောင်ယုပိုင်အပေါ် စကားပြေကဗျာပြုလုပ်ဖန်တီးမှုတွေက လွှမ်းမိုးခဲ့တယ်လို့ ပြောရ မလားပါပဲ။
            ၂၀၀၉၊ သြဂုတ်လဆီက ဆရာ ဇေယျာလင်းရဲ့ “တကယ့်ဘဝ” စကားပြေကဗျာများ စာအုပ်ထွက်လာတော့ ကဗျာရေးသူ၊ ဖတ်သူတော်တော်များများ ရှော့ခ်ရသွားခဲ့မလားတော့ မသိပါဘူး။ ကျွန်တော်သိရ ကြားရသလောက်တော့ စကားပြေကဗျာနဲ့ မရင်းနှီးအသားမကျသေးတဲ့သူတွေ တော်တော်များများကတော့ ဒါကဗျာမဟုတ်ပါဘူးလို့ စွပ်စွဲခဲ့တဲ့အထိ အသံထွက်ခဲ့ပါတယ်။ အဲဒီလို ကဗျာမဟုတ်ဘူးဆိုတော့ စကားပြေလားလို့ ပြန်မေးကြည့်တော့လည်း စကားပြေလောက် ထိလည်း မပြေပြစ်တာကို တွေ့ရပါတယ်။ ကဗျာဖတ်သူအများစုဟာ Prose Poem နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရတဲ့အခါ အငိုက်မိသလို ဖြစ်သွားပြီး ဘာပြန်ပြောရမှန်းမသိဘဲ ငြင်းဆန်ရမှာလိုလို၊ လက်ခံရမှာလိုလိုနဲ့ သို့လော သို့လော ဖြစ်ခဲ့ ပါတယ်။ ၂၀၁၃၊ ဇန်နဝါရီမှာတော့ ကဗျာဖတ်သူတစ်ချို့ဟာ စကားပြေကဗျာတွေနဲ့ အသားကျစပြုနေပြီ။ စကားပြေကဗျာ ဖတ်ကျင့်ရနေပြီလို့ ပြောရမလားပါပဲ။ ဒါပေမယ့် လူများစုမဟုတ်ဘဲ လူနည်းစုသာဖြစ်တဲ့အတွက် မောင်ယုပိုင်ရဲ့ ရှေ့က ကဗျာစာအုပ် နှစ်အုပ်လောက် အသံမထွက်ခဲ့ဘူးလို့ ပြောရမယ် ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း ဖတ်စက တော်တော် အီလည်လည် ဖြစ်ရပါတယ်။ ကဗျာစာအုပ်တစ်အုပ်လုံးကို မဆိုထားနဲ့။ ကဗျာတစ်ပုဒ် ပြီးဆုံးအောင်၊ ကဗျာလိုင်းတွေ ကျော်မသွားအောင်ကို သေချာ အားစိုက်ဖတ်ရပါတယ်။ ပထမဆုံး ကဗျာလို့ သိထားတဲ့ လိုင်းစီပုံနဲ့ စကားပြေပုံစံ လိုင်းစီဟန် အကွဲအပြားမှာ ကဗျာလို့သိစိတ်နဲ့ ဖတ်နေရင်း စကားပြေတစ်ပုဒ်လို ဖြစ်သွားလိုက်၊ စကားပြေတစ်ပုဒ်လို ဖတ်နေရင်းနဲ့ ကဗျာအခြေပြုစကားလုံးအသုံးအနှုန်းနဲ့ စာသားပိုင်းဖြတ်ပုံ စတာတွေမှာ ကဗျာအဖြစ်ပြန်ရောက်သွားလိုက်နဲ့ တော်တော်အားစိုက်ထုတ်ရပါတယ်။ စာသားတွေ ပြည့်သိပ်နေတဲ့ ကဗျာ အစုအဝေး ကြီး တစ်ခုကို ချက်ချင်းကဗျာအဖြစ်လက်မခံချင်တာက တစ်ပိုင်း၊ စကားပြေကဗျာနဲ့ ရင်းနှီးစပြုလာတာ မှန်ပေမယ့် ကဗျာစာအုပ်တစ်အုပ်အဖြစ် စုစည်းလိုက်တဲ့အခါမှာ အိုင်သွားလေ့ရှိတာက တစ်ပိုင်း။ အဲဒီလိုနဲ့ တော်တော်လေး ဖတ်ယူခဲ့ရ ပါတယ်။
            မောင်ယုပိုင်ဟာ ခေတ်ပေါ်ကနေ ခေတ်ပြိုင်ကာလအကြားမှာ တောက်လျှောက် စမ်းသပ်ကဗျာတွေ၊ ဟိုက်ဘရစ် ကဗျာ တွေ၊ အယ်လ်ပီနွယ်တဲ့ ကဗျာတွေ၊ ပို့စ်မော်ဒန်အခြေပြုကဗျာတွေ ရေးဖွဲ့လာပြီးတဲ့နောက် ၂၀၁၃ မှာတော့ ကဗျာကို စကားပြေ နယ်ပယ်ထဲအထိ တိုးဝင်ဖြန့်ကျက်ရေးဖွဲ့လာပါတော့တယ်။ ကဗျာတစ်ပုဒ်ကို စကားပြေဖွဲ့စည်းမှုအလှနဲ့ ဖုံးအုပ် သိုဝှက်ပြီး ကဗျာဖတ်သူ၊ စကားပြေဖတ်သူကို ပြန်ရှာခိုင်းပါတယ်။ စကားပြေထဲမှာ ကဗျာရဲ့ အသံကိုထည့်ဖွက်ပြီး ကဗျာဖတ်သူကို နားထောင်ခိုင်းပါတယ်။ ခေတ်ပေါ်တုန်းဆီက ကဗျာအလှဓာတ်နဲ့ စမ်းသပ်ကဗျာ၊ ဟိုက်ဘရစ် ကဗျာတွေ ဆီမှာ အသုံးပြုခဲ့တဲ့ ကဗျာနည်းနာတက္ကနိတွေဟာ စကားပြေကဗျာရဲ့  ရိုးစင်းပြေပြစ်သော အလှဓာတ်အောက်မှာ သိုသိပ် ဝှက်ကွယ်စွာ လိုက်ပါပြီး စကားပြေကဗျာဖတ်သူကို ကျီစယ်လန့်နိုးလိုက်ပါတယ်။ ဘယ်လို အကြောင်းအရာလဲ။ ဘယ်လို တင်ပြမလဲ။ ဘယ်လိုကွယ်ဝှက်ထားမလဲ။ ဘယ်လို သဲလွန်စချန်ပေးမလဲ ဆိုတာတွေဟာ စကားပြေ ကဗျာရဲ့ အသက်ပါပဲ။

“ ရိုးရှင်းပါတယ်။ ဘဝဟာ ရိုးရှင်းစွာ နေထိုင်ရပါတယ်။ ရိုးရှင်းတဲ့ ဘဝမှာ နေထိုင်ပါတယ်။ ပြာလွင်လွင် ကောင်းကင်ကြီးအောက်မှာ ကွင်းပြင်ကျယ်နေရာလွတ်ကြီးတစ်ခုနဲ့ ဘဝဟာ ပြောင်သလင်းခါ၊ လေယူရာ ယိမ်းပါ လောက်အောင် ပေါ့ပေါ့ပါးပါးပေါ့။ ဘဝမှာ ရိုးတယ်မဟုတ်လား။ ရိုးရိုးပဲ။ တောသူတောင်သားများ သဘာဝ၊ ကမ်းထရီး စတိုင်လ်လို့လည်း ခေါ်နိုင်၊ ဂနိုင်ကျကျလည်း ပြောလို့ရ၊ ရှယ် မဟုတ်ဘူး။ နေရာက နယ်လို့ ခေါ်မယ်ဆိုလည်း ခေါ်နိုင် ပါတယ်။ ရှင်းပါတယ်။ ဒီဘဝကိုပဲကြည့် ၊ မွန်းတည့်မှ အိပ်ရာက ထ၊ တဝတပြဲစား၊ တရေးတမောပြန်အိပ်၊ စာအုပ်ကလေးတွေ ကိုယ်တိုင်ထိုင်ချုပ်၊ ပလတ်စတစ်အဖုံးတပ်၊ ရေမချိုးခင် ဒိုက်အကြိမ် နှစ်ဆယ်ထိုး၊ ကာ့ဖ်ကာထဲက လူပျိုကြီးလို အားအားရှိတိုင်း နဖူးကို လက်ဖဝါးနဲ့ ရိုက်နေရုံပဲပေါ့။ နောက်ပြီးတော့ သွေးအယားဖြေ၊ ပြီးတော့ သွေးသားအယားဖြေ၊ ပြီးတော့မှ ဘယ်တိုက်ကို စာမူပို့ရမလဲစဉ်းစား”
( ဘဝထက် ရှင်းတာတောင် ဘဝလောက် မရှင်းဘူး ကဗျာမှ/ စကားပြောကဗျာ စာအုပ်)

“ ရန်ကုန် စရောက်တဲ့နေ့ကလိုပဲ ၊ ရှော့ခ်အကြီးကြီးနဲ့ မြို့ထဲ ဝင်လာတယ်။ ရုတ်တရက် တိတ်ဆိတ်၊ အဆောက်အဦတွေ ရုတ်ချည်းနိမ့်ဆင်း၊ ခြောက်ကပ်သွားသယောင်နဲ့ ဟွန်ဒါဆိုင်ကယ်တွေကျတော့ အံ့ဖွယ်သဘောကျစရာ ပလူပျံ၊ ငါ့ကို တင်ခေါ် သွားဖို့အသင့်။ လူကတော့ လူသားတစ်ယောက် ဟိုမှာ ခွေးလေခွေးလွင့်ဖြစ်ခဲ့တဲ့ ငါဆိုတဲ့ လူသားတန်ဖိုးတစ်ယောက်ကတော့ ချက်ချင်းပဲ ကြီးထွား၊ တဖန်ပြန် ရှင်သန်ထမြောက်၊ ငါ့ကိုယ် ငါ အခုမှ ပြန်တွေ့။ ငါ့ ‘ ကျေးဇူးကြီးပေ တို့ဖေဖေ’ ကို ငါ အခုမှ (စာတွေ့မဟုတ်ဘဲ) လူတွေ့ ပြန်တွေ့၊ ငါ့ ‘ အမေ့အိမ်’ ကို သူမရဲ့ အရင်လို လောဘရှေ့ထားလျက် အဆိုးမြင် အပြစ်တင် ရေရွတ်သံများကြားက ပြန်တွေ့။ နားပူတာလောက်တော့ ‘သား’ ပျော်ပျော်ကြီးခံနိုင်သွားပြီ၊ ဟိုမှာ မတရား ကျောပူခဲ့တာကိုး၊ ဒီမှာ ဆိုက်ကားဆရာအဆုံး ပေါ့ပါးပြုံးပျော်လျှက်။ သိပ်အဆင်မပြေဘူးဗျကို  လက်ဖက်ရည်ဆိုင်မှာ စီးကရက်လေးခဲပြီး အေးအေးလူလူ ညည်းညူလျှက်။”
(မြိတ်ပြန်ရောက်ပြီး သုံးနာရီ ကဗျာမှ/ စကားပြေကဗျာ ကဗျာစာအုပ်)

            မောင်ယုပိုင်ဟာ ဒီလောက်နဲ့ ရပ်မနေပါဘူး။ ကဗျာကို သူဘယ်လို ချဲ့ထွင်ရမလဲဆိုတာ အမြဲစဉ်းစားနေတဲ့ ကဗျာဆရာ တစ်ယောက်ပါ။ ၂၀၁၄၊ ဒီဇင်ဘာမှာ နေဝိုင်ဝိုင်၊ လင်းဇင်ယော်၊ နိုင်ဝေတို့နဲ့အတူ “ပင်လယ်စာ” ကဗျာစာအုပ်၊ ၂၀၁၅၊ ဖေဖော်ဝါရီမှာ မောင်ယုပိုင် + ကဗျာဆရာ ၄၄ ယောက်နဲ့ နှစ်ယောက်တွဲကဗျာ (၄၀)၊ သုံးယောက်တွဲကဗျာ (၂)ပုဒ် ပါဝင်တဲ့ Double Poetry Project ကဗျာစာအုပ် ဆက်လက်ထွက်ရှိခဲ့ပါတယ်။ ဒီလိုနှစ်ယောက်တွဲ၊ သုံးယောက်တွဲ ကဗျာတွေ ခေတ်ပေါ်ကဗျာ ခေတ်ဦး ကတည်းက ရှိခဲ့ပေမယ့် ဒီနေ့လို ခေတ်ကြီးထဲမှာ ပိုမိုလွယ်ကူစွာ၊ ပိုမိုလွတ်လပ်စွာ၊ ပိုမို စုပေါင်းရေးဖွဲ့လာကြပါတယ်။ အဲဒီလို စုပေါင်း ရေးဖွဲ့တဲ့ကဗျာတွေထဲမှာ မန္တလေးလူငယ်ကဗျာဆရာ (၁၀)ဦးစုထုတ်တဲ့ “ ဒါကဗျာလား ဒါလား ကဗျာ” ကဗျာစာအုပ်နဲ့ မောင်ယုပိုင် တို့ရဲ့  “Double Poetry Project” ကဗျာစာအုပ်တို့ဟာ ထင်ရှားပါတယ်။ တစ်ခုကွဲပြားတာက “ ဒါကဗျာလား ဒါလား ကဗျာ” ကဗျာ စာအုပ်ထဲက စုပေါင်းကဗျာတွေဟာ လက်ဖက်ရည်ဆိုင် စားပွဲဝိုင်းတစ်ခုမှာ တွေ့ဆုံပြီး တစ်လှည့်စီရေးဖြစ်တဲ့ ကဗျာ တွေ များပေမယ့်  DPP ကိုတော့ မောင်ယုပိုင်က ဦးဆောင်ပြီး Close Group တစ်ခုဖွင့်၊ ကိုယ်ရွေးချယ်ထားတဲ့ လူငယ်ကဗျာဆရာ တွေနဲ့ တစ်ယောက်စီကို နှစ်ယောက်တွဲကဗျာတစ်ပုဒ်ရေး၊ သမ္ဘာရင့်ကဗျာဆရာများဆီက ခေါင်းစဉ်တောင်းပြီး အွန်လိုင်းဂရုပေါ် မှာတင် အဆုံးသတ် ရေးဖွဲ့ထားတဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်ဟာ ကဗျာဆရာနှစ်ယောက်ဆီက လာတဲ့ မတူညီတဲ့ အတွေး၊ မတူညီတဲ့ စကားလုံးတည်ဆောက်ပုံ၊ မတူညီတဲ့ရေးဟန်တွေနဲ့ အချိုးကျကျ ကဗျာမြောက်သွားအောင် ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ အကယ်၍ ကဗျာမြောက်လှတဲ့ကဗျာတစ်ပုဒ်အဖြစ် ရောက်ရှိ သွားပြီ ဆိုရင်လည်း မတူညီတဲ့ အလှတရားကိုယ်စီနဲ့ နောက်ထပ်အလှတရားအသစ်တစ်ခုကို ရရှိလိုက်တာမို့ ထူးခြားဆန်းသစ်တဲ့ ကဗျာတစ်ပုဒ် အဖြစ် ရှင်သန်ကျန်ရစ်မှာပဲ ဖြစ်ပါတယ်။ DPP ဟာ အောင်မြင်တဲ့ တွဲဖက်မှုတစ်ခုလို့ပဲ ဆိုလိုက်ပါရစေ။ ကဗျာတွေ ကောက်နှုတ်ပြတာထက် ကဗျာစာအုပ်တစ်အုပ် အမြန်ပြေးဝယ်လိုက်တာ ပိုကောင်းမယ်လို့ပဲ အကြံပြုချင်ပါတယ်။ မကြာခင်မှာ ဒရာမာ ဇာတ်လမ်းတွဲ လာတော့မယ်လေ။
            မေလ၊ ၂၀၁၆ ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းလေးမှာပဲ ကဗျာဆရာ မောင်ယုပိုင်ရဲ့ ဒရာမာ ကဗျာစာအုပ် နှင်းဆီဖြူ စာအုပ်တိုက်ကနေ ထွက်ရှိလာပါတယ်။ ဒရမ်မာကဗျာတွဲအဖြစ် ၁ ကနေ ၇၀ အထိ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီကဗျာ စာအုပ်ထဲက တစ်ချို့ကဗျာတွေကိုတော့ အွန်လိုင်းဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ မောင်ယုပိုင်ရေးတင်နေကတည်းက ဖတ်ပြီး သား ဖြစ်နေပေမယ့် အစဉ်လိုက်တော့ မဟုတ်ခဲ့ဘူး။ အခု ၁ ကနေ ၇၀ အထိ အစဉ်လိုက် တစုတစည်းတည်း ပြန်ဖတ် လိုက်ရတော့ ကဗျာတွေဟာ အသစ်တဖန်ပြန်မွေးဖွားလာသလို လတ်ဆတ်သစ်လွင်နေတဲ့အပြင် ဘဝအသစ်တစ်ခု တည် ဆောက်မှု၊ မိသားစုတစ်စုအစပြုမှု၊ အိမ်ထောင်သည်ဘဝဖြတ်သန်းမှု စတာတွေအပြင် မိသားစုဘဝ၊ အိမ်ထောင်သည် တစ်ယောက်ရဲ့ လောကအမြင်၊ ဘဝနေနည်း တွေကိုပါ ကဗျာထဲမှာ ပါးပါးလှပ်လှပ်ကလေး ထည့်ပြသွားတာတွေကို သတိထားမိလိုက်ပါတယ်။

“လက်ထက်ပွဲ ခန်းမငှားဖို့ ကြိုတင်စာရင်းပေးသွင်းရတယ်
စာရေးမလေးက ငါ့နာမည်မေးပြီး သူ့ဘေးက ပြက္ခဒိန်ပေါ်မှာ
မင်နီနဲ့ တေးမှတ်လိုက်တယ်
သူ့အတွက်တော့ ကားလက်မှတ်ရောင်းသလောက်ပါပဲ
ကိုယ့်အတွက်က ပြန်လမ်းမဲ့ ခရီး။”
                                                (ဒရာမာ ၁)

“ နှစ်ယောက်သုံး ဗီရိုကြီးမှာ သော့အိမ်ပျက်ချင်လာတယ်
မီးချောင်းတွေက ဖျော့တော့လာ
ပြက္ခဒိန်ဟာ မြန်ဆန်စွာပဲ ဟောင်းနွမ်းသွားတယ်
မင်္ဂလာဦးတုန်းက ငါတို့ဝယ်ခဲ့တဲ့ ပရုပ်လုံးတွေ ကုန်ပြီပေါ့ကွာ

ဒါတွေဟာ တခါတပ်ဆင်နေရာချထားရုံနဲ့ မပြီး
အကြိမ်ကြိမ် ပြုရပြင်ရဦးမှာ ငါတို့မေ့လျော့ခဲ့ပုံ”
                                                (ဒရာမာ ၁၆)

မနက်ကအထိ ကလေးခေါင်းအုံးထွက်ဝယ်ဖို့ စဉ်းစားတုန်း
သူမ တစ်နာရီအတွင်း ဆေးခန်းကုတင်ပေါ်ရောက်လာ
ခွဲစိတ်မီးဖွားဖို့ နှာခေါင်းပိုက်တန်းလန်းနဲ့ ထိုင်စောင့်ရင်းအတွေးထဲ
သွေးတွေ တိုးဝင်လာ
ဘဝဟာ ငါ့ဟမ်းဖုန်းပြက္ခဒိန်ထဲ ဆွဲထားတဲ့ ဇယားအတိုင်းမဟုတ်
အားလုံးပြင်ဆင်စုဆောင်းထားပြီးမှ နီးရာလက်နက်ကိုင်စွဲရပြန်တဲ့ ချုံခိုတိုက်ခိုက်မှု
                                                            (ဒရာမာ ၆၂)
            ဒရာမာ အစကို ဖတ်ရင်းနဲ့ တစ်ပုဒ်ပြီး တစ်ပုဒ် လက်ကမချချင်တော့။ ဒရာမာ တွေဟာ မောင်ယုပိုင်ရဲ့ နေ့စဉ် မှတ်တမ်းပဲ ဖြစ်တယ်။ မင်္ဂလာဆောင်ဖို့ ရက်ရွေး၊ ဖိတ်စာရွေး၊ အဝတ်အစားရွေး၊ မိတ်ကပ်ပြင်၊ မင်္ဂလာဆောင်၊ မင်္ဂလာဆောင်ပြီးတော့ နေရထိုင်ရ အသားမကျပုံ၊ ပျားရည်ဆမ်းခရီး၊ အိမ်ထောင်သည်ဘဝ ဆရာနဲ့တကွ နည်းလမ်းတကျ ဖြစ်ချင်ပုံ၊ လင်နဲ့မယားလျှာနဲ့သွားဖြစ်ရပုံ၊ အဆင်မပြေမှုများ၊ ဒီလိုနဲ့ ကိုယ်ဝန်ရှိလာပုံ၊ သားတစ်ယောက်ဘဝကနေ မိဘ ဘဝစတင်အကူးအပြောင်းကာလ။ ကျွန်တော်ဟာ ဒရမ်မာဇာတ်လမ်းတွဲက တစ်နေ့တည်း တစ်ထိုင်တည်း ကြည့်ပစ်လိုက် မိပါတယ်။ မောင်ယုပိုင်ရဲ့ ကဗျာတည်ဆောက်မှုမှာ အဲဒီကျွန်းမြို့လေးကနေ အခုစာအုပ် ဒရာမာ အထိ ကဗျာဆိုင်ရာ စာအုပ်တွေပြီးရင် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေဟာ သူ့အပေါ် အများဆုံးလွှမ်းမိုးနေရာယူထားပါတယ်။ သူ့ကဗျာစာအုပ် တိုင်းမှာ တီဗီဖန်သားပြင်တွေ၊ တီဗီချယ်နယ်တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေဟာ သိသိသာသာ ပါဝင်ပတ်သက်နေလေ့ ရှိပါတယ်။ ဒါဟာ ကဗျာနည်းနာတွေ၊ မော်ဒန်၊ ပို့စ်မော်ဒန်တွေနဲ့ မဆိုင်ဘဲ ကဗျာတည်ဆောက်မှု၊ ကဗျာပြုလုပ်မှုမှာ ကဗျာဆရာအပေါ် လွှမ်းမိုးလေ့ရှိတဲ့ ပြင်ပရိုက်ခတ်မှုတစ်ခုကို ပြောတာပဲဖြစ်တယ်။ အခု ဒရာမာ ဇာတ်လမ်းတွေကျတော့ မောင်ယုပိုင်ဟာ သူ့ဘဝတစ်ခုလုံးကို တီဗီဖန်သားပြင်ကြီးထဲ ဆွဲသွင်းလိုက်တယ်။ သူဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သည်ဘဝ နေ့ရက်တွေဟာ ဒရာမာ ဇာတ်လမ်းတွဲတွေအဖြစ် တစ်ပိုင်းပြီး တစ်ပိုင်း တင်ဆက်ပြသလာခဲ့တယ်။ ဒရာမာ ၄၈၊ ဒရာမာ ၅၀၊ ဒရာမာ ၅၂၊ ဒရာမာ ၆ဝ၊ ၆၁ တဖြည်းဖြည်း ဇာတ်ရှိန်မြင့်သွား၊ ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာဆိုရင် ဇာတ်ရှိန် အမြင့်ဆုံးအခန်း( Climax Sence) တွေဖြစ်မယ့် ဒရာမာ ၆၈၊ ဒရာမာ ၆၉၊ ဒရာမာ ၇၀ (Track 1)၊ ဒရာမာ ၇၀ (Track 2)။ အားလုံးပြီးမှ အသက်ကို ဝဝပြန်ရှူရတယ်။ ဒရာမာ ဟာ ဒရာမာ ဆိုတဲ့အတိုင်း ကြည်နူးမှု၊ ဝမ်းနည်းမှု၊ စိတ်ပျက် အားငယ်မှု၊ အလိုမကျမှု၊ ပျော်ရွှင်မှုတွေနဲ့ တခန်းပြီး တခန်း၊ ဇာတ်လမ်းတစ်ပိုင်းပြီး တစ်ပိုင်း ကဗျာဖတ်သူကို အရသာရှိရှိ ထိုင်ရာမထစေဘဲ ဆွဲဆောင်သွားနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ နေ့စဉ်ကြည့်နေရတဲ့ Super Hero တွေ၊ Avengers တွေ၊ Political Corruption တွေကြားထဲမှာတော့  ဒရာမာ ဟာ အောင်မြင်တဲ့ဇာတ်လမ်းတွဲ၊ နှစ်သက်ဖွယ်ကောင်းတဲ့ ကဗျာစီးရီး တစ်ခုပါပဲ။ မောင်ယုပိုင်ဟာ အရိုးရှင်းဆုံးအရေးအသားနဲ့၊ သူကျွမ်းကျင်ပိုင်နိုင်တဲ့ စကားပြေကဗျာဆန်တဲ့ အဖွဲ့တွေနဲ့၊ သူ့အပေါ်လွှမ်းမိုးထားတဲ့ ပြင်ပရိုက်ခတ်မှုက အတွေ့အကြုံတွေနဲ့၊ သူ့ရဲ့ ရင့်ကျင်မှုတွေ၊ သူရဲရင့်ခဲ့ပုံတွေ၊ သူရင်ဆိုင်ခဲ့ပုံ တွေကို ဒရာမာမှာ ပုံအောခဲ့ပါတယ်။ ဒရာမာ အောင်မြင်ပါစေ။ မောင်ယုပိုင်လည်း နေ့ရက်တိုင်းမှာ ပိုမိုပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မင်းနဒီခ
၂၆၊ ၅၊ ၂၀၁

Monday, April 18, 2016

ကျွန်တော်နှင့် ခေတ်ပြိုင်ကဗျာခံစားမှု



ကျွန်တော်နှင့် ခေတ်ပြိုင်ကဗျာခံစားမှု
       
        ခေတ်ပြိုင်ကဗျာအကြောင်းမပြောခင် ခေတ်ပေါ်အကြောင်း နည်းနည်းပါးပါးတော့ ပြောရပါမယ်။ ခေတ်ပေါ်ကဗျာကတော့ ရှင်းပါတယ်။ ၁၉၇၀ မိုးဝေကဗျာခေတ်ကနေ စတင်ခဲ့ပြီး ၁၉၉၀ ၀န်းကျင်တ၀ိုက်မှာ အားအကောင်းဆုံးဖြစ်ခဲ့တဲ့ ကဗျာအများစုကို ဆိုလိုတာပါပဲ။ ဒီနေ့ခေတ်အထိလည်း အားကောင်းမောင်းသန် ရေးနေ၊ ဖော်ပြနေတုန်းပါပဲ။ ခေတ်ပေါ်ကဗျာ တနည်းပြောရရင် ပင်မရေစီး ကဗျာပေါ့။ ပင်မရေစီးဟန်ဆိုတဲ့ နေရာမှာလည်း အကြောင်းအရာ ၊ ပုံသဏ္ဍာန်တင်ပြပုံ၊ ဘာသာ စကားအဖွဲ့အနွဲ့ စတာတွေအပြင် ဆရာ မြဇင် တင်ပြခဲ့တဲ့ မော်ဒန်ကဗျာ ယေဘုယျလက္ခဏာ တွေလည်း ပါဝင်ပါတယ်။
           ခေတ်ပေါ်ကဗျာတည်ဆောက်မှုမှာ ကဗျာရေးသူဟာ မိမိရဲ့အတွင်းစိတ်ခံစားမှု(၀ါ) ငါ ဗဟိုပြုအရေးအသား၊ ပြင်ပကနေ ရိုက်ခတ် ထိတွေ့လာတဲ့ အသိတရား၊ ခေတ်စနစ်နဲ့ မြို့ပြအာရုံခံစားမှု စတာတွေပေါ်မှာ မူတည်ပြီး ကဗျာတစ်ပုဒ်ကို တည်ဆောက် ပါတယ်။ စကားလုံးသုံးစွဲခြင်းနဲ့ တည်ဆောက်ပုံမှာ ကဗျာဆရာရဲ့ ပါရမီအခံရှိမှုအပေါ်မူတည်ပြီး လှပပြေပြစ်မှုရှိခဲ့သလောက် ဘာသာစကားကို ကြားခံမီဒီယာအဆင့်ထက်ပိုမိုပြီး မသုံးစွဲခဲ့တာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာဟာ တစ်ပုဒ်လုံး ပြေပြစ် ညီညွှတ်တဲ့ စီးဆင်းမှုရှိတယ်။ ကဗျာဓါတ်ကို ဆုပ်ကိုင်ထားတယ်။
           ခေတ်ပေါ်ကဗျာနဲ့အတူ ဒီဘက်နှစ်များမှာ အပြိုင်အားကောင်းဖြစ်ထွန်းလာတဲ့ ကဗျာတွေကိုလည်း သတိထားမိပါတယ်။ အများစုတွေ့ရှိရတဲ့ ခေတ်ပြိင်ကဗျာတွေကတော့ Expremental, Hybrid, Collage, Lauguage, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flart, Digital, Performent, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Comtemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုတာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူတကွဖြတ်သန်းနေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကား သုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန်ကတော့  Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှုအနေအထားပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် တစ်ယောက်တည်းအနေနဲ့ ပြောရရင်တော့ ပင်မရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်းဆန်နိုင်ပေမယ့် အချိန် ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာတွေကို တွေ့လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
           ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံနည်းစနစ်တွေကို အများစု ဆန့်ကျင် လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလိုရင်းဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှောတင်ပြတာမျိုးအထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမိုတွေ့ရှိရပါတယ်။  ဆရာမောင်ပြည့်မင်း ရဲ့ `ယခုမှစ တစ်ဝက်ဆီ´ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ ဘယ်နေရာ ဘယ်ရှုထောင့်ကနေ ပါဝင်ပတ်သတ်နေတယ်ဆိုတာကအစ စဉ်းစားစရာပါပဲ။ ဒါ့အပြင် ကွင်းစကွင်းပိတ်ထဲက (ခင်ဗျား) ဆိုတဲ့သူဟာ ကဗျာ ဖတ်သူလား။ အခြားတစ်စုံတစ်ယောက်လား။

ယခုမှစ တစ်ဝက်စီ

ခင်ဗျားဗျာ ကျွန်တော့်နေရာက စဉ်းစားကြည့်ပါ
ပျော်ရွှင်နေဆဲ ဆဲဆိုခံလိုက်ရသလို
အစ်ကို ညီလေးနေရာက ခံစားကြည့်ပါအစ်ကိုရာ
မဖြစ်နိုင်တဲ့ ဘ၀နှစ်ခု သူမ ဘာလို့ ပေါင်းစပ်ချင်ရတာလဲ
(ဒီနေရာမှာ ခင်ဗျားဝင်ရပြီ)
ပြန်လည်ချေပခြင်းကြားကြီးနဲ့ ရေကိုယူ
အိုးကို မတုနဲ့ မောင်တို့ရာ
ဖြစ်တတ်တာတွေလည်း ဖြစ်ကို ဖြစ်တတ်လွန်း
မဖြစ်နိုင်တာတွေကလည်း ဖြစ်ကို ဖြစ်မလာနိုင်ပါ
( ခင်ဗျား ၀င်ပါရပြန်ပါပြီ)
ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား ဆိုတဲ့အသံ
ဘယ်သူတုန့်ပြန်ခဲ့ဖူးပါသလဲ
ကိုယ်က ပစ်သာ ချလိုက်စမ်းပါဗျာ၊ ပစ်သာ ချလိုက်စမ်းပါဗျာ
အဲဒီလို တုန့်ပြန်ဖူးပါရဲ့၊ ရွှေထုပ်ကြီးလိုချင်လို့ပါ
(ခင်ဗျား ၀င်ပတ်သက်ရဦးတော့မယ်)
သစ်ခုတ်သမားဟာ ဘ၀တစ်သက်တာ ဗီလိန်ပါ
လမ်းဘားဂျက်ဟာ လူကြမ်းသရုပ်ဆောင်ပါ
သားကို ဆိုင်ကယ်ကယ်ရီမလုပ်စေချင်ဘူး
သမီးကို အဲဒီဆိုင်မှာ သီချင်းမဆိုစေချင်ဘူး
ခဏလေးပါ ခဏလေးပါ
နေပွင့်လာရင် ပျော်စရာပါ
ခဏလေးစောင့်ပါ ၀င်သူများအားလုံးပျော်ရမှာ။

                                      မောင်ပြည့်မင်း

          ထပ်ပြောရရင် ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာတာကိုလည်း တွေ့ရှိ ရပါတယ်။ အများစု သုံးနှုန်းကြတာတော့ Laugage, Concept, Collage စတာတွေကို အများဆုံး ရောစပ်အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Expremental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင်ကဗျာရေးသူအများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ်ဆိုတာကို မကြာခဏပြောပါတယ်။ လက်တွေ့ဖန်တီးပြပါတယ်။ ကဗျာဆရာ လင်းရမ္မာ ရဲ့` ကားသင်္ဘော´ ဆိုတဲ့ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကနေ ရရှိလာတဲ့ သတင်းအချက်အလက်တစ်ခုနဲ့ ကဗျာကို အစပြုတည်ဆောက်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကရရှိတဲ့ သတင်းဆိုတာ ယုံကြည်လို့ ရနိုင်မလား။ သေချာရဲ့လား။ နောက်တစ်ခုက ဝေလကား တဲ့။ ကျွန်တော်တို့ပုံမှန်ကြားဖူးနေကျစကားလုံးက ရေကျချိန် ကုန်းပေါ်မှာ တင်ကျန် နေရစ်ခဲ့တဲ့ ဝေလငါး။ အခု ကဗျာဆရာ သုံးထားတာက ဝေလကား ဆိုတော့ Wales ပြည်နယ်က တင်ပို့လာတဲ့ကားများ ဖြစ်နေမလားပေါ့။ ဘာသာစကားတည်ဆောက်မှုအရ မှန်ကန်သလိုရှိနေတဲ့အပြင် ဖြစ်နိုင်ချေအမျိုးမျိုးနဲ့ ကဗျာဆရာဟာ ကဗျာဖတ်သူကို ပထမဆုံး စာကြောင်း မှာတင် အလုပ်လုပ်စေပါတော့တယ်။ နောက်ထပ်တွေ့ရမှာက ခေတ်ပြိုင်လူမှုအဖွဲ့အစည်းအတွင်းက ပြဿနာတွေ၊ ထိတ်လန့်အံ့သြစရာ တွေကို အဆက်အစပ်မဲ့ ချိတ်တွဲယှက်ဖောက်ထားတဲ့ စကားတွေပါပဲ။ ကျွန်တော်တို့ နေ့စဉ်ကြားနေ မြင်နေရတဲ့ စာသားတွေ စကားလုံး တွေကိုပဲ ကဗျာဆရာက ဆက်စပ်တည်ဆောက်ပြီး ကဗျာတစ်ပုဒ်ပြုလုပ်သွားခြင်းပါပဲ။

ကားသင်္ဘော

ဆိပ်ကမ်းမှာ သောင်တင်နေတဲ့ ဝေလကားတွေကို ယမန်နေ့ နံနက် ၉း၂၈ က အပြီးသတ် ပင်လယ်ဆီ ပြန်ပို့
Source: Facebook.com

အာခေါင်ခြစ်ပြီး ဒိုးနတ်ပေါ် ဖြူးပေးလိုက်တယ်
ရလာတဲ့ လိုအပ်ချက် အသေးစားတွေဟာ ခြေမှာ တွဲနေတဲ့ အကြီးစားဗုံးသီး
ထူးဆန်းအံ့ဖွယ် ၀က်ဘ်သတင်းတွေဟာ Google Reader ပေါ်ဆက်တိုက် ခုန်တက်နေဆဲ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
တစ်မိနစ်စာ မျက်စိမှိတ်လို့ အားပြန်ယူတိုင်း
သေဆုံးသွားတဲ့ ဆဲ ကုဋေကုဋာ
လက်မည်းကြီးဟာ ကြောက်စရာပါ
အိမ်သာတက်လည်း ငါပဲ
ရွှံ့တွေကိုင်လည်း ငါပဲ
ထမင်းစားတော့လည်း ငါပဲ
အမယ်လေး လက်မည်းကြီး လက်မည်းကြီး
မည်းနက်ပြောင်မှောင် မဟူရာ ပိတုန်းရောင် ကေသာထနေတဲ့ သူ့ဆံသားလေးတွေ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
ဇာတ်လမ်းသွား ဂိမ်းထဲက အတွဲလိုက်ထွက်လာတဲ့ ကျည်ဆံတွေ
ကိုသြဒိနိတ်ပွိုင့်တွေ အသေအချာချိန်ပြီး ခေါင်းနဲ့ပစ်တိုက်လိုက်
ခြေနဲ့ ကန်ကျောက်လိုက်
ဆိပ်ကမ်းမှာတင် သောင် နေသေးတဲ့ ဝေလကားတွေ
အ၀လွန်လာတဲ့ ကမ္ဘာကြီးမှာ သေစရာ သေရာတွေ အများကြီး
ဒီနေ့ မင်းကို ငါ သတ်ရလိမ့်မယ်
ကျော်ပစ်လည်း အလွတ်ရနေတဲ့ ဇာတ်လမ်း။

                                                          လင်းရမ္မာ

           နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုးရှိရှိ အသုံးပြုပြီး ကဗျာ ဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အနက်အဓိပ္ပာယ်ကို စုပ်ယူလိုရင်းကနေ ကဗျာဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံးဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေနောက်ကိုလိုက်ရင်း ကဗျာရဲ့အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုး တွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်း လည်း ဖြစ်တယ် လို့ ထင်မိပါတယ်။ နောက်ထပ်မြင်မိတာက ခေတ်ပြိုင်ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation)  နဲ့  တွဲစပ်ချိတ်ယူခြင်း (Juxtaposition) တွေပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ် ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြားခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီကို အရောက် ပို့ချင်တာမျိုးကို တွေ့ရပါတယ်။


နစ်မြှပ်ခြင်း

အရင်ဦးဆုံး ရေပူစီဖောင်းလေးတွေ မျက်စိထဲမြင်ယောင်မိတယ်
နောက် the Piano စန္ဒယားကြီးနဲ့ အတူ ဖောက်ပြန်တဲ့ မယားဖြစ်သူကို ရေထဲ နစ်မြှပ်စေတဲ့ ပြကွက်
သံတန်ချိန်ပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ Titanic
သင်္ဘောကြီး  တအိအိရေထဲ နစ်သွားပုံ မြင်ကွင်းတွေဟာ သရုပ်ပေါ်လွန်းပြီး
မမြင်ရတဲ့ အဖြစ်အပျက်တွေရဲ့ နစ်မြှပ်ခြင်းခေါင်းစဉ်အောက် သွင်းယူနိုင်ဖွယ်ရာ
ကျုပ်က အ တယ်၊ န တယ်၊ ထူ တယ်၊ ထိုင်း တယ်
အဲဒီမှာ စကားပုံတွေ ကားထွက်လာတယ်
ဗူးတောင်းနစ်၍ ဇောင်းခြမ်းပေါ်တယ်တဲ့ ပတ္တမြားမှန်ရင် နွံမှာ ဘယ်နစ်မလဲ
ဝါးနဲ့သာ ကူထိုးလိုက်တော့ ရေနစ်နေသူကို အသာကလေး မယူသွားကာ
ထူးချွန်အောင်မြင်သူရဲ့ ဘ၀ဇာတ်လမ်း
ဟေ့ ဒီမှာ ရာသီဥတုအခြေအနေတွေနဲ့ စပ်လျဉ်းလာရင် ငှက်တွေကိုသာ ရွေးလိုက်ပါ
၁၀ ရက်လောက် စမ်းသုံးကြည့်ပါ နှစ်မျိုးလုံး ရှိနေတာကို နှစ်သက်ပါ
ဂျွန်ဟင်နရီဖာ့သည် ပိုးကောင်များကို ကျောက်ပန်းတောင်းနယ် ဆားတုံးရွာ ဒေါ်ဗုံတုတ် ပုရပိုက်အမှတ် ၂ အရ ကိုလှရွှေတို့က ကျွန်တော့်ကို ခင်မင်သည်ဟု ယူဆပါတယ်ဟု ယူဆပါတယ်ဟု ယူဆပါတယ် တဖြည်းဖြည်းနစ်ဆင်းသွားလိုက်တာ ပြဿနာစုံလုံးကို သိမ်းကျုံးပြီး ဆွဲနစ်လိုက်မတတ် ရေပူပေါင်းလေးတွေ ပလုံစီလိုက်ကာ လူထုနဲ့ အတော်ကို ကင်းကွာနေတဲ့အပြင် ခြေသလုံးအိမ်တိုင် တစ်ပူပေါ်နှစ်ပူ ဆင့်သတဲ့ သိပြီ လောကကြီးဟာ လုံးဝစိတ်ဝင်စားစရာ မကောင်းတဲ့အပြင် တော်တော်ပျင်းစရာကောင်းပေတာပဲ တဲ့

                                                                                                ခင်အောင်အေး

           ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တစ်ထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယအမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက် တဲ့ အချက်အလက်တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာဖတ်သူ ကိုယ်တိုင် သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင်လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံး တွေ့နေရတဲ့ အလျားလိုက် စာမျက်နှာ အပြည့်စီတဲ့ ပုံသဏ္ဍာန်ကို အများဆုံးတွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ် လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင်ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ အထက်မှာ ကျွန်တော်လက်လှမ်းမီသလောက် ချပြပေးခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပြိုင်ကဗျာတွေပါပဲ။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓါတ် ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြား အလှဓါတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ကဗျာဆရာတွေ လက်ရှိ ရေးသားနေတဲ့ ခေတ်ပြိုင် ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာတွေအဖြစ်လည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓါတ်ကတော့ ဘာသာစကားအပေါ် လက်ခံသုံးစွဲခြင်းပါပဲ။ ဥပမာ-ဇေယျာလင်း၊ လူဆန်း၊ လူလန်းတို့ရဲ့ ကဗျာတွေကို ဖတ်ကြည့်ရင် ဘာသာစကားဆန်းပြားစွာ သုံးစွဲထားတာတွေ၊ ဘာသာစကား လက်တစ် လုံး ခြား လုပ်တာတွေ၊ ဘာသာစကားအပေါ် မေးခွန်းထုတ်ထားတာတွေအများကြီးကို ဖတ်မိမှာပါ။ အခု ကျွန်တော် တင်ပြထားတာတွေ အားလုံး က ကျွန်တော်လေ့လာမိသလောက် ကျွန်တော်ပြန်တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာလမ်းကြောင်းဟာ လွယ်ကူချောမွေ့ လိမ့်မယ်လို့တော့ မထင်ပါဘူး။ အထက်က ဖော်ပြခဲ့တဲ့ ကဗျာတွေနဲ့ စာသားတွေက ကျွန်တော့်သိမှုအနည်းငယ်ရှိသလောက်နဲ့ ချဉ်းကပ်ကြည့် မိခြင်းသက်သက်ပါပဲ။  လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ခေတ်ပြိုင်ကဗျာကို ဘယ်လိုချဉ်းကပ်မလဲ။ ဘယ်လို နားလည်မှု တည်ဆောက်မလဲ။ ဘယ်အချိန် ကာလအထိ ခေတ်ပြိုင်ကဗျာရဲ့ လွှမ်းမိုးဖမ်းစားမှုကို ခံနေရဦးမလဲဆိုတာ ဒီဘက်နှစ်များမှာ ကိုယ့်ကိုယ်ကို မေးမိတဲ့ မေးခွန်းများပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းနဒီခ

(ကိုးကား။           ။ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာ- ဇေယျာလင်း)

ရေဦးမဂ္ဂဇင်း၊ အမှတ် ၄၊ ၂၀၁၅