Tuesday, November 1, 2016

ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ - မင်းနဒီခ

ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ


           
မှတ်မှတ်ရရ ပထမဆုံး ဆေးလိပ် စသောက်သည့်နေ့ကို ကျွန်တော်မှတ်မိနေသည်။ သီတင်းကျွတ်ဘုရားပွဲတော် ဖြစ်သည့် ကျောက်တော်ကြီးဘုရားပွဲဈေးတန်းမှ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် အတွင်းမှာဖြစ်သည်။ မင်းလွင်၊ နေလင်း ဖြိုးနှင့် ကျွန်တော် စုစုပေါင်းသုံးယောက်ဖြစ်သည်။ ဖီးဆင့်စက်ဘီးနှစ်စီးနှင့် ဘုရားပွဲဈေးတန်းတလျှောက် ကျွန်တော်တို့ လျှောက်စီးကြသည်။ မလိုင်ကရေကရာဆိုင်များရှေ့တွင် ရပ်ပြီး မုန့်အမြည်းတောင်းစားကြသည်။ ဆိုင်ထိုင်သည့် ကောင်မ လေးများကို စနောက်ကြသည်။ ပြီးတော့ ပွဲဈေးတန်းလက်ဖက်ရည်ဆိုင်လေးရဲ့ ချောင်ကျကျစားပွဲမှာ Acid ၏ စတင်ခြင်း အခွေကို အပြန်အလှန်ဖွင့်ခိုင်းပြီး နားထောင်ကြသည်။ လက်ဖက်ရည်နှင့် ဆေးလိပ်ငွေ့တထောင်းထောင်းဖြင့်။ ဒီအထိ သိပ်မထူးခြားသေးဟု ဆိုလျှင် ဖြစ်နိုင်ပါသည်။ ထူးခြားသည်မှာ ကျွန်တော်တို့ ဝတ်ဆင်မှုဖြစ်သည်။ အချိန်က ကျောင်း တက်ချိန်၊ ဝတ်ထားသည်က ကျောင်းစိမ်းပုဆိုးနဲ့ ကျောင်းအကျီအဖြူ။ သုံးယောက်စလုံး ဆင်တူ။ လူတိုင်းက ကျွန်တော် တို့ကို ကျောင်းပြေးပြီး ဆေးလိပ်ခိုးသောက်နေသော ကျောင်းသားဆိုးလေးများဟု ထင်သည်။ မဟုတ်ပါ။ ကျွန်တော်တို့က မကြာသေးခင် လပိုင်းအတွင်းကမှ ဆယ်တန်းအောင်ထားသော တက္ကသိုလ်ကျောင်းသားလောင်းများဖြစ်ပါသည်။ အထက် တန်း ကျောင်းသားဘဝကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့်၊ ကျောင်းဝတ်စုံအဖြူအစိမ်းကို နောက်ဆုံးနှုတ်ဆက်သည့် အနေဖြင့်၊ တေပေခဲ့သည့် ကျောင်းသားဘဝကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် သုံးယောက်တိုင်ပင်ပြီး ဘုရားပွဲဈေး တန်းသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝတ်ဆင်ရခြင်း၊ ထို့သို့ ကျောင်းပြေးသည့် ကျောင်းသားဆိုးများဟု အထင်ခံ ရခြင်းကို ကျွန်တော်တို့ လိုလားနှစ်သက်စွာ လက်ခံခဲ့ကြသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော် ပထမဆုံး ဆေးလိပ် သောက်ခဲ့ပါသည်။ ကျွန်တော် ပထမဆုံးသောက်သည့် ဆေးလိပ်မှာ ငွေနဂါးတံဆပ် ဖက်ကြမ်း ဆေးလိပ်ဖြစ်ပါသည်။ ကျွန်တော့်ကို ပထမဆုံးဆေးလိပ်သောက်တတ်အောင် သင်ပေးသူမှာ မင်းလွင် ဖြစ်ပါသည်။

“ကျည်ကဒ်ထဲက ကျည်ဆံတစ်တောင့်ကို ဆွဲထုတ်လိုက်သလို
စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ဟန်ပါပါထုတ်
ပါးစပ်ပြောင်းဝမှာ အသာအယာတပ်
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

“လန်ဒန်လား။ ငါးသုံးလုံးလား။ ငွေနဂါးလား။ အနီရောင်ပတ္တမြားလား
နေခြည်လား။ မအေးမေလား။ မာဘိုရိုလား။ဒူးယားလား
ဘယ်လိုအရသာရှိလဲ
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

ကျွန်တော်တို့ သုံးယောက်ထဲတွင် နေလင်းဖြိုးက သမ္ဘာအရင့်ဆုံးဖြစ်သည်။ သူသည် ရာဘကို သိသည်။ မုန့်လို့ ခေါ်သည့် အဖြူရောင်ဆေးလုံးလေး ဝယ်ရမည့်နေရာကို သိသည်။ ထို အဖြူရောင်ဆေးပြားလေးအား ရေနွမ်းကြမ်းဖြင့် သောက်ပြီး ချောင်ကျကျတစ်နေရာရာတွင် ငြိမ်သက်မိန်းမောနေရတာမျိုးကို သူလုပ်တတ်သည်။ Lucky Strike တစ်ဗူးကို သူ့အိမ်က မသိအောင် ဝယ်ပြီး သောက်နိုင်သည်။ မင်းလွင်နှင့် ကျွန်တော်ကတော့ ဘဝချင်း နီးသည်။ နှစ်ယောက်စလုံး မပြည့်စုံ။ မပြည့်စုံနွမ်းပါးသဖြင့် သူများတွေ ဆိုးသလောက် ကျွန်တော်တို့ မဆိုးနိုင်၊ သူများကဲသလောက် ကျွန်တော်တို့ မကဲနိုင်။ ကိုယ့်အထွာနှင့် ကိုယ် ဆိုးခဲ့၊ ကဲခဲ့၊ လူငယ်ဘကျောင်းသားဘဝကို ဖြတ်သန်းခဲ့သည်။ ဆယ်တန်းကို ပြင်ပဖြေ မလုပ်နိုင်၊ ကျူရှင်မတတ်နိုင်သဖြင့် အခမဲ့ကျူရှင်သင်ပေးသော ဆရာ ဦးဇော်မြင့်ထံမှာ သင်္ချာ၊ ဖီးဆစ်၊ ကမ်မက်စတြီ စသည့် ဘာသာရပ်များကို ကျွန်တော်တို့ သွားတက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျွန်တော်တို့ ဆယ်တန်းကို နှစ်ပေါက် အောင်မြင်ခဲ့ကြသည်။ ထိုပျော်ရွှင်မှုဖြင့်ပင် တက္ကသိုလ်မတက်ခင်စပ်ကြား ကျွန်တော်တို့ အပျော်ကို ဆက်လက် ဆွဲဆန့်ခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်နှစ်ခန့်က ဖြစ်မည် ထင်ပါသည်။ Facebook တွင် ငယ်သူချင်းကြီး မင်းလွင်နှင့် ပြန်ဆုံရသည်။ သူက တွေ့တွေ့ခြင်းပြောသည်။ “ဟျောင့် မင်းကို ဆေးလိပ်သောက်နည်းသင်ပေးခဲ့တဲ့ ငါ ဆေးလိပ်ပြတ်သွားပြီကွ” ဟု ကွန်မန့်ရေးလာသည်။ ကျွန်တော်က သူ့ကွန်မန့်အောက်မှာ ထပ်ရေးလိုက်သည်။ “ အေး အဲဒီနေ့က ငါ ဘယ်လိုဖြစ်တာလဲ မှတ်မိသေးလား” ဟု ရေးလိုက်သည်။ သူက ပြန်ရေးသည်။ “ အဲဒီနေ့က မင်း ဆေးလိပ်မူးပြီး အန်တာလေ”။ ဟုတ်သည်။ အဲဒီနေ့က ပွဲဈေးတန်းမှ အပြန် မင်းလွင်၏ ဖီးဆင့်စက်ဘီးနောက်တွင် ထိုင်လိုက်ရင်း ကျွန်တော် တဝေါဝေါ အန်မိသည်။ ပထမဆုံးစသောက်သည့် ဆေးလိပ်ငွေ့များ၏ ဒဏ်ကို ကျွန်တော် မခံနိုင်ခဲ့။ တစ်ကိုယ်လုံး ဇောချွေးများ ထွက်ပြီ့း အန်သည်။ ထို့နောက် သူ့စက်ဘီးနောက်တွင် ကျွန်တော် မှေးလိုက်ရင်း အိမ်ကို ရောက်အောင်ပြန်နိုင်ခဲ့သည်။ အဲဒီ နောက် တွင် မင်းလွင်၊ နေလင်းဖြိုးနှင့် ကျွန်တော်တို့ သိပ်ပြီးးမဆုံဖြစ်ကြတော့။ နောက်ပိုင်း မဆုံဖြစ်ကြသည့်အပြင် တက္ကသိုလ် ရောက်တော့ မေဂျာမတူကွဲပြားစွာဖြင့် ကျွန်တော်တို့ ကွဲကွာခဲ့ကြသည်။ မင်းလွင်ကိုတော့ ကောင်းမွန်စွာ ကျွန်တော် ပြန်ဆုံ ခဲ့ရပြီ။ နေလင်းဖြိုးကိုတော့ အခုထိ ကျွန်တော် မတွေ့ရသေး။
တက္ကသိုလ်စတက်တော့ ကျွန်တော် ဆေးလိပ်တော်တော် သောက်တတ်ပြီ။ Lucky Strike, 555, Mild Seven, Marlboro, London, Vegas, Red & Blue, Blue Diamond, Benson & Hedges, Dunhill, Nine, Red Ruby စသည်ဖြင့် ဆေးလိပ်တံဆိပ်ပေါင်းစုံအောင် သောက်ဖြစ်ခဲ့သည်။ စွဲစွဲမြဲမြဲသောက်ဖြစ်တာက LONDON နှင့် Red Ruby ဖြစ်သည်။ ကျောင်းလွယ်အိတ်ထဲတွင် ဆေးလိပ်ဗူးနှင့် မီးခြစ်အမြဲတမ်း ဆောင်ထားသည်။ တက္ကသိုလ်မှာ ကျွန်တော်တို့ အဖွဲ့က ယောင်္ကျားလေး လေးယောက်နှင့် မိန်းကလေး ရှစ်ယောက်ခန့် ပါသောအဖွဲ့ ပူးပေါင်းမိသည်။ ထိုယောက်ျားလေး များ ထဲတွင်မှ ဆေးလိပ်အများဆုံး သောက်ဖြစ်သူက ကျွန်တော် ဖြစ်သည်။ ကျန်သူငယ်ချင်းများက နာမည် ပျက်ရုံလောက် ဆေးလိပ်သောက်ခြင်း ဖြစ်သည်။ တစ်ရက်လျှင် ဆေးလိပ်တစ်ဗူး လောက်ကုန်အောင် သောက်သော ကျွန်တော့်ကို မိန်းကလေး သူငယ်ချင်းများ အားလုံးက တားကြသည်။ သို့သော် ကျွန်တော်က စွဲလမ်းမှုတစ်ခုဖြစ်နေသည့် ဆေးလိပ်ကို လျှော့သောက်ဖို့ မကြိုးစားမိခဲ့။ ထိုစဉ်က ဆေးလိပ်သောက်ချင်သည့် စိတ်မှာ စတိုလ်လုပ်ချင်တာလည်း ပါသည်။ ဆေးလိပ် ကို ဟန်ပါပါ ဖွာရှိုက် လိုက်ရတာ၊ မီးခိုးငွေ့တွေကို ခေါင်းလေးမော့ပြီး မှုတ်ထုတ်ပစ်လိုက်ရတာ ကျွန်တော် နှစ်သက်ခဲ့ သည်။ ကျောင်းတက်နေဆဲမှာပဲ ဆေးကုမ္ပဏီတစ်ခုမှာ ကျွန်တော်အလုပ် ရခဲ့သည်။ ကုမ္ပဏီဂိုဒေါင်မှာ ပစ္စည်း ထုတ်သွင်း၊ စာရင်းလုပ်ရသည့် အလုပ် ဖြစ်သည့်အတွက် ဆေးလိပ်သောက်ချိန် နည်းသွား သော်လည်း ထမင်းစားချိန်၊ ကားဂိတ် များသို့ ပစ္စည်းပို့ချိန်များတွင် ဆေးလိပ်ကို ပိုသောက်ဖြစ်သည်။ ထို့နောက် ဂိုဒေါင်အကူကနေ Marketing ပိုင်းရောက်တော့ ရုံးခန်းပြင်မှာ အလုပ်ပြန်လုပ်ရသဖြင့် အရင်လို ဆေးလိပ် ပြန် သောက် ဖြစ်လာသည်။
ဆေးကုမ္ပဏီမှာပဲ ကျွန်တော် ချစ်သူတစ်ယောက်ပိုင်ဆိုင်ခွင့်ရခဲ့သည်။ အဆိုပါချစ်သူ၏ ပထမဆုံး ပညတ်တော် တစ်ပါးမှာ ဆေးလိပ်မသောက်ရဘူး ဖြစ်သည်။ သူ့ရှေ့မှာ သူ့စကားကို ကျွန်တော် နားထောင်ခဲ့ပါသည်။ သူ့ကွယ်ရာတွင် ဆေးလိပ်၏ စွဲဆောင်ဖျားယောင်းမှုနောက်မှာ ကျွန်တော် ခေါင်းညိမ့်နာခံမိခဲ့သည်။ ကုမ္ပဏီတစ်ခုတည်းဖြစ်သဖြင့် မနက် မိုးလင်းရုံးတက်ချိန်မှ ညနေရုံးဆင်းချိန်အထိ အမြဲတမ်းလိုလိုတွေ့နေရသည်။ ကျွန်တော်က ဆေးလိပ်မသောက်ဘဲ မနေ နိုင်၊ သူမက ကျွန်တော်ဆီက ဆေးလိပ်နံ့ရသည်နှင့် စိက်ကောက်တော့သည်။ ထိုသို့ဖြင့် ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ် လိုက်၊ ပြန်ချစ်လိုက်ဖြင့် မင်္ဂလာဆောင်ပွဲလေး ဆင်နွဲခဲ့ကြပါသည်။ ဘွဲ့ရပြီးချိန်နှင့် အိမ်ထောင်မကျမီ ကြားကာလ နှစ်များ တွင် ကျွန်တော့်ဘဝတွင် ကြီးမားသည့် အပြောင်းအလဲ၊ အချိုးအကွေ့တစ်ခုဖြစ်ပေါ်ခဲ့သည်။ ထိုအပြောင်းအလဲသည် ကျွန်တော် ကဗျာဆရာတစ်ယောက်အဖြစ် စာပေလောကထဲ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။ ယခင် အထက်တန်း ကျောင်းသားဘဝကတည်းက ရှိနေသော ကဗျာပိုးသည် ၂၀၀၅ ခုနှစ် ဆရာမောင်ကြည်သာ(တောင်တွင်း)၊ ဆရာ မောင်စိုး သစ် (မန္တလေး)တို့နှင့် ဆုံတွေ့ပြီးနောက်ပိုင်း ကဗျာကို ပိုတန်ဖိုးထားတတ်လာ၊ ကဗျာဆရာဘဝကို ပိုမြတ်နိုး တတ်လာ စေကာ ကဗျာဆရာအဖြစ် ရဲရဲဝံ့ဝံ့ ခံယူကာ တစိုက်မတ်မတ် ကဗျာနှင့် နေထိုင်၊ ကဗျာဖြင့် ရှင်သန်၊ ကဗျာဖြင့် ဘဝကို ဖြတ်သန်းလာစေခဲ့သည်။ ကဗျာဆရာဆိုပေသည့် အရက်မကြိုက်သည့် ကဗျာဆရာမို့ ဆေးလိပ်ကိုပဲ ပိုမို သောက်မိခဲ့ စေသည်။ ညပိုင်းကဗျာတစ်ပုဒ်ကို တည်ဆောက်နေချိန်၊ စာတစ်ပုဒ်ကို အာရုံစိုက်ဖတ်နေချိန်များမှာ ကျွန်တော့် လက်ထဲ တွင် ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် ရှိနေခဲ့သည်။ ဆေးလိပ်တွေ အသောက်လွန်သဖြင့် ခေါင်းတွေ မကြာခဏ ကိုက်တတ် လာပြီ။ နည်းနည်းနေမကောင်းဖြစ်တာကိုပင် ချောင်းဆိုးက မပျောက်ဖြင့် ဆေးပေါင်းစုံအောင် သောက်ပြီး ကုသနေရ တတ်ပြီ။ အဆိုးဆုံးက နေ့စဉ်လိုလို အချိန်ပိုင်းခေါင်းကိုက်တတ်လာခြင်းပင်ဖြစ်သည်။ ဘဝမှာ ပထမဆုံးအကြိမ် ဆေးလိပ် ဖြတ်ချင်စိတ်ပေါ်ပေါက်ခဲ့မိသော နေ့များ။ ထိုဆေးလိပ်ဖြတ်ချင စိတ်များဖြင့်ပင် ဆေးလိပ် အကြောင်းရေးထားသော ကဗျာ များကို ပြန်ညွှန်းဖွဲ့ပြီး “ခင်ဗျားသောက်နေတဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ” ဟု မေးခွန်းကို ခေါင်းစဉ် တင်ရေးဖြစ်ခဲ့သည်။

“မောင်သာနိုးမီးညှိပေးတဲ့ မာရင်ဆောရက်စကူးရဲ့ ဆေးလိပ်လား
မောင်ယုပိုင်ရဲ့ ကလဲ့စားချေတတ်တဲ့ ဆေးလိပ်လား
ဥတ္တရာအောင်ရဲ့ လျော့ရင်း လျော့ရင်းဖြတ်သွားရမယ့် ဆေးလိပ်လား
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

“ခင်ဗျားဟာ ကိုယ်တိုင်မီးလောင်ပြီး မီးလောင်ခြင်းကိုလည်း အားပေးတဲ့သူ
ခင်ဗျားနံဘေးကလူဟာ သူ့မျက်နှာကို တစ်ဖက်ကိုလွှဲလို့
ခင်ဗျား ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို သိလား
ဆေးလိပ်သောက်ပြီး သေဆုံးတဲ့ လူအရေအတွက်ထက်
ဆေးလိပ်ငွေ့ရှူပြီး သေဆုံးတဲ့ လူအရေအတွက် ပိုများတာ ကြားဖူးလား
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”
         
          မေလ ၃၁ နေ့အား ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး မှ ၁၉၈၇ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သည်။  မြန်မာဈေးကွက်တွင် ၁၉၉၀ ပြည့်လွန်နှစ်များက တံဆိပ် ၁၀ မျိုးမှ ၁၅ မျိုးသာရှိခဲ့သော်လည်း လက်ရှိ စီးကရက် တံဆိပ် ၆၂ မျိုး ရောင်းချလျက်ရှိသည်။ အရှေ့တောင်အာရှ ဆေးရွက်ကြီးထိန်းချုပ်ရေး မဟာမိတ်အဖွဲ့ (SEATCA) မှ မြန်မာ ကိုယ်စားလှယ် ဒေါ်မေမြတ်ချိုက မြန်မာနိုင်ငံတွင် အမျိုးသားများ ဆေးလိပ်သောက်သုံးမှုမှာ British American Tobacco (BAT)  မြန်မာနိုင်ငံမှ မထွက်ခွာမီ ၂၀၀၃ တွင် ၄၈.၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်းလာပြီး နိုင်ငံခြားကုမ္ပဏီကြီးများ ပြန်ဝင်လာသည့် ၂၀၁၃ တွင် ၄၆.၈ ရာခိုင်နှုန်းသို့ ပြန်တက်လာကာ ပြီးခဲ့သည့်နှစ် ၂၀၁၅ တွင် ၆၀ ရာခိုင်နှုန်းအထိ သိသာစွာ မြင့်တက်လာသည်ဟု ဆိုသည်။ အမျိုးသမီးများ ဆေးလိပ်သောက်သုံးနှုန်းမှာ ၂၀၁၃ တွင် ၁၃.၇ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၅ တွင် ၁၈ ရာခိုင်နှုန်းထိ မြင့်တက်လာသည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာန စစ်တမ်းအရ မြန်မာတနိုင်ငံလုံး၏ ၂၆.၁ ရာခိုင်နှုန်းဆေးလိပ်သောက်သုံးကြသည်ဟု သိရသည်။ ကမ္ဘာတဝှမ်း နေ့စဉ် ဆေးလိပ်သောက်သုံးတဲ့ အရွယ်ရောက်ပြီးသူပေါင်း သန်းပေါင်း ၇၄၀ လောက် ရှိနေသည်ဟု လည်း ဖတ်ရသည်။ ကျွန်တော် ဆေးလိပ်စွဲ ကာစ က ဆေးလိပ်ဗူးများပေါ်တွင် အသက် ၁၈ နှစ်အောက် ဆေးလိပ်မရောင်းရ စာတမ်းသာ ထည့်သွင်းထားသော်လည်း ယခုမူ ဆေးလိပ်ဗူးများပေါ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဆေးလိပ် ဗူးတွင် သတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာကို ကျန်းမာရေးဝန်ကြီးဌာနက လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ပြီး ခြောက်လပြည့်သည့် စက်တင်ဘာ ၁ ရက် တွင် အာဏာ စတင်သက်ရောက်ပြီ ဖြစ်ကြောင်း သတိ ပေးကြေငြာချက် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အတွက် သတိပေး ရုပ်ပုံနှင့် စာသားများကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းဘူးခွံများ၏ ရှေ့နောက်မျက်နှာပြင် ဧရိယာ ၇၅ ရာခိုင်နှုန်း ထက် မနည်းစေဘဲ ပုံနှိပ် ဖော်ပြရမည်ဖြစ်ကြောင်း၊ အန္တရာယ် နည်းပါးစေသည်ဟု ထင်စေနိုင်သော Low tar ၊ Light၊ Ultra၊ Mild စသည့် စကားလုံး၊ တံဆိပ်၊ အမှတ်အသား လက္ခဏာများကို ဖော်ပြခြင်း မပြုရန်လည်း တားမြစ်ထားကြောင်း သိရသည်။

“ခင်ဗျားခြေထောက်အောက်မှာ ကျည်ဆံခွံတွေ ပြန့်ကျဲလို့
ခင်ဗျားမျက်စိရှေ့မှာ အပြစ်မဲ့လူတွေ အတုံးအရုံးသေဆုံးလို့
နောက်ဆုံးသိရတဲ့ အသေခံအကြမ်းဖက်သမားဟာ ခင်ဗျားလား
အထီးကျန်ခြင်းအမည်တပ်ထားတဲ့ အိပ်ခန်းမှာ
ဆေးလိပ်ဟာ ခင်ဗျားရဲ့ လစ်ဗင်းတူဂဲလ်သား အဖော်မွန်တစ်ယောက်လား

ကျွန်တော် သေဖော်ညှိတာပါ
ကျေးဇူးပြုပြီး မီးတစ်တို့လောက်
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ။”

           ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စီးကရက်များကြောင်း ၈ စက္ကန့်လျှင် လူတစ်ဦး သေစေလျှက်ရှိသည်။ ကမ္ဘာတဝှမ်း တွင် ဆေးလိပ်ကြောင့် သေဆုံးနေရသူ တစ်နှစ်လျှင် ၆ သန်းခန့်သေဆုံးနေပြီး ၂၀၃၀ ပြည့်နှစ်တွင် သေဆုံးသူ ရှစ်သန်း ကျော်အထိ တိုးလာမည်။ ယခုရာစုနှစ်အကုန်တွင် ဆေးလိပ်ကြောင့် သေဆုံးသူပေါင်း သန်းတစ်ထောင်ကျော် ရှိလာနိုင် သည်ဟု တွက်ဆထားကြသည်။ ကမ္ဘာပေါ်တွင် ဆေးလိပ် မသောက် သော်လည်း ဆေးလိပ်ငွေ့ကို နေ့စဉ်ရှူရှိုက်နေ ရသဖြင့် ရရှိလာသော ရောဂါများကြောင့် နှစ်စဉ်လူခြောက်သိန်းကျော် သေဆုံးနေကြောင်း သိရသည်။ ဆေးလိပ်ကိုယ်တိုင် မသောက်ဘဲ အငွေ့ကြောင့် ရောဂါရပြီး သေဆုံးသူ အားလုံး၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်ပြီး (၃)ပုံ၊ (၁)ပုံ နီးပါးသည် ကလေးများ ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ ဖြင့် ဆေးလိပ်ငွေ့ကြောင့် သေဆုံးသူများ စာရင်းကို ပထမဆုံး လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။ သုတေသီများက ကလေးများသည် ဆေးလိပ်သောက်သူများနှင့် နီးကပ်စွာ ရှိနေခြင်းသည် အလွန်အန္တရာယ်ကြီးကြောင်း သတိပေး ပြောဆိုထားသည်။ ထို့အပြင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဆေးလိပ် မသောက်သော်လည်း ဆေးလိပ်ငွေ့ကြောင့် ရောဂါရရှိနိုင်မှု အခြေအနေသည် (၅၀)ရာခိုင်နှုန်း ပိုဆိုးကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာပေါင်းစုံကြောင့် သေဆုံးမှုများတွင် ဆေးလိပ်က အဓိကတရားခံဖြစ်သည်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ အရိုးချဉ်ဆီ၊ သွေးကင်ဆာ အစရှိသည်တို့လည်း ပါဝင်သည်။ အမေရိကန်နိုင်ငံမှာ ဆေးလိပ်ကြောင့် သေဆုံးသူ တစ်နေ့လျှင် ၁၃၀၀ ခန့်ရှိသည်ဟု သိရသည်။
မာဘိုရိုစီးကရက်ကြော်ငြာမင်းသား Eric Lawson တစ်ယောက် ၂၀၁၄ ဇန်နဝါရီ ၁၀ ရက်က ဆုံးပါး သွားသည့် သတင်းဖတ်လိုက်ရသည်။ သူသည် မာဘိုရိုလ်ကြော်ငြာမင်းသားတွေထဲမှ လေးယောက်မြောက် ဆေးလိပ် ကြောင့် သေဆုံးသူဖြစ်သည်။ ကောင်းဘွိုင်ဦးထုပ်ဆောင်းထားပြီး စီးကရက်လက်ကြားညှပ်ထားသည့် သူ့၏ စတိုင်လ် ကို ကျွန်တော် နှစ်သက်ခဲ့ဖူးသည်။ အဆိုပါ ပိုစတာကိုလည်း ကျွန်တော့်လူငယ်ဘဝ အိမ်ဝင်းထရံကြားတွင် ဝါးခြမ်းလေးများနှင့် ထိုးပြီး ကပ်ထားဖူးခဲ့သည်။ လွန်ခဲ့သော နှစ်များမှ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်ကြည့်လျှင် ဆေးလိပ်ငွေ့ တထောင်းထောင်းကြားမှ ကဗျာတစ်ပုဒ်ရေးဖြစ်ဖို့ အားထုတ်နေသူ မင်းနဒီခကို နေ့စဉ်နီးပါး ပြန်တွေ့ ရမည်ဖြစ်သည်။ ဟင်းမွှေသည့် ယောင်းမသည် ဟင်း၏ အရသာကို မသိသကဲ့သို့ပင် စာပေအသိဖြင့် ရလာသည့် ဆေးလိပ်ဆိုးကျိုးများကို ကဗျာတစ်ပုဒ်ရေးဖွဲ့ဖြစ်ရုံလောက်သာ အသုံးချခဲ့ပြီး ဆေးလိပ်တကယ်ဖြတ်ရန် အားမထုတ် ဖြစ်ခဲ့။ “အရက်မသောက်ဘူး၊ မူးယစ်ရမ်းကားမလုပ်ဘူး၊ သူများသားမယား မပစ်မှားဘူး။ မကောင်းတာ ဆိုလို့ ကျွန်တော် ဆေးလိပ်လေးပဲ သောက်ဖြစ်တာပါဗျာ” ဆိုသည့် စကားကို ဆေးလိပ်ဖြတ်ရန် သတိပေးသည့် သူများအား ကျွန်တော် ထပ်ခါ ထပ်ခါဆင်ခြေပေးခဲ့သည်။ တိတိကျကျပြောရလျှင် ၁၉၉၈ အောက်တိုဘာ မှ ၂၀၁၅ ဇူလိုင်လ အထိ ဆယ့်ခုနှစ်နှစ် နီးပါး ကျွန်တော် ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့သည်။ ကျွန်တော့်ကို ဆေးလိပ်ဖြတ်စေခဲ့သူ၊ ဆေးလိပ်ပြတ်စေခဲ့သူမှာ မြင့်မိုရ်တောင်ဦးမကကျူးတဲ့ မိဘတွေ မဟုတ်။ ဘဝတစ်ခုလုံးပုံအောပြီး ပေးဆပ်ချစ်ခဲ့ရသူ အိမ်သူသက်ထားဇနီးမယားကြောင့် မဟုတ်။ ကျွန်တော့်ရဲ့ တုနှိုင်းမဲ့ ရတနာလေး၊ ကျွန်တော့် ဘဝအဆက်ဆက်ရဲ့ သံသရာ စမ်းရေအေး သမီးလေး ပိုးပိုးကြောင့်ပဲ ဖြစ်သည်။
သမီးလေး မွေးကတည်းက ကိုယ့်ဆေးလိပ်ငွေ့ကြောင့် သမီးလေးကို ကျန်းမာရေး မထိခိုက်စေရဟု ကျွန်တော်ဆုံးဖြတ်ကာ သမီးလေးနှင့် အဝေးဆုံးနေရာမှာသာ ဆေးလိပ်သောက်ဖြစ်သည်။ အိမ်ခန်းထဲမှာ ဘယ်တော့မှ ကျွန်တော် ဆေးလိပ်မသောက်။ ခြံဝန်းထဲမှာ လမ်းလျှောက်ရင်း သောက်သည်။ စာဖတ်ရင်း သောက်ဖြစ်သည်။ အတတ်နိုင်ဆုံးတော့ အိမ်မှာ ဆေးလိပ်မသောက်ဖြစ်အောင် ကြိုးစားခဲ့ပေမယ့်လည်း မရ။ ထမင်းစားပြီး တစ်လိပ်၊ ကော်ဖီသောက်ပြီး တစ်လိပ်၊ စာဖတ်ဖြစ်ရင် တစ်လိပ်၊ ကဗျာတစ်ပုဒ်ပြီးလျှင် တစိမ့်စိမ့်ပြန်ဖတ်ရင် တစ်လိပ်၊ ကဗျာတစ်ပုဒ်ရေးဖို့ တွေးနေပြီဆိုလျှင် ကဗျာမပြီး မချင်း တစ်လိပ်ပြီး တစ်လိပ်။ ကျွန်တော် ဆေးလိပ်သောက်တာမြင်လျှင် သမီးက ကျွန်တော့်အနားရောက်လာသည်။ ကျွန်တော်ကလည်း သမီးလာတာမြင်လျှင် လက်ထဲက ဆေးလိပ်ကို ပစ်ချပြီး မသောက်ချင်ယောင်ဆောင်ရသည်။ ထိုသို့ ကျွန်တော် ပြုလုပ် ဟန်ဆောင်သည်ကို သမီးက သဘောကျသည်။ နောက်ပိုင်းတွင် ကျွန်တော်ဆေးလိပ်သောက်တာ မြင်လျှင် သမီးက စိတ်ဆိုးတတ်လာသည်။ ကျွန်တော်ကလည်း ကျွန်တော်ပင်။ သမီးလေး၏ ဖခင်အပေါ် စိုးရိမ်စိတ်ကို ငဲ့ကြည့် မပေးနိုင်ခဲ့။ သမီးလေးအပေါ် လိမ်ညာဟန်ဆောင်ဖို့ပဲ စိတ်ကူးမိခဲ့သည်။ သည်လိုနှင့် ၂၀၁၅ ဇူလိုင်လ၏ ညတစ်ညမှာ ကျွန်တော် ဆေးလိပ်ကို စတင်ဖြတ်ခဲ့ပါသည်။
ထိုညက ကျွန်တော် အက်ဆေးတစ်ပုဒ်ရေးဖြစ်သည်။ ထိုအက်ဆေးရေးပြီးသွားတော့ ကဗျာဆောင်းပါး တစ်ပုဒ် ထပ်ရေးဖြစ်သည်။ သည်လိုမျိုး ဆက်တိုက်စာရေးဖြစ်သည့်ညမျိုးကား ဖြစ်တောင့်ဖြစ်ခဲမို့ အတွေးကွန့်မြူးရာ နောက် ကျွန်တော် လိုက်ပါရေးဖွဲ့ရင်း ည နှစ်နာရီနီးပါးလောက်တွင် ကဗျာဆောင်းပါး လက်စသတ်နိုင်ခဲ့သည်။ စာရေးပြီးတော့ စိတ်လက်ပေါ့ပါးစွာနဲ့ ဆေးလိပ်သောက်ရင်း ရေးပြီးစာများကို ပြန်ဖတ်ဖို့ ဆေးလိပ်ဗူးထားနေကျ နေရာကို လက်လှမ်းမိသည်။ ဆေးလိပ်ဗူးက မရှိ။ ဆေးလိပ်ဗူးက အသစ်။ ညနေကမှ ကျွန်တော် တစ်လိပ် ထုတ် သောက်ထားသေးသည်။ စားပွဲခုံအောက်တွေ၊ စာအုပ်စင်ပတ်ချာလည်တဝိုက်၊ ကုတင်ဘေးစားပွဲ၊ ရုံးလွယ်အိတ်ထဲ၊ အိမ်ရှေ့ထိုင်နေကျ ထိုင်ခုံလေးနား စသည်ဖြင့် တစ်အိမ်လုံး နှံ့နေအောင် ရှာကြည့်သည်။ ဆေးလိပ်ဗူးနှင့် တူတာဆိုလို့ တစ်လိပ်တစ်လေတောင်မှ မတွေ့။ ရှာမတွေ့လေ ဆေးလိပ်က ထပ်သောက်ချင်လေဖြစ်သည်။ ဆေးလိပ်သောက်ချင်သည့် ယင်း က ကျွန်တော့် တစ်ကိုယ်လုံး သွေးတွေကို ဆူဝေလာစေသည်။ ဒေါသတွေလည်း ဖြစ်လာသည်။ ဒီအချိန်မှတော့ အနီးအနားတစ်ဆိုင်မှလည်း မဖွင့်တော့။ သို့နှင့် မနက်က တံမြက်စည်းလှဲထားသော သစ်ပင်ခြေရင်း အမှိုက်ပုံထဲမှာ တဖွာစာ၊ နှစ်ဖွာစာ ကျန်လို ကျန်ငြား လိုက်ရှာမိသော်လည်း ကံဆိုးရွားစွာ တစ်တိုတလေမှ မတွေ့။ နောက်ဆုံး ရေတစ်ခွက် ဝဝ သောက်ကာ အိပ်ပစ်လိုက်ခြင်းဖြင့် ကျွန်တော် ကိုယ့်စိတ်ကို မနည်းထိန်းကာ အိပ်ယာဝင်ခဲ့သည်။ စိတ်ထဲမှာ စာအုပ်စင်ပေါ်တင်ထားသည့် ဆေးလိပ်ဗူးကိုသာ မြင်နေမိသည်။
မနက် မိုးလင်းလင်းချင်း ဆေးလိပ်ဗူးတွေ့မိသေးလားဟု ဇနီးသည်ကို မေးမိသည်။ ဇနီးသည်ကလည်း မတွေ့ဘူးလေ။ သိမ်းလည်း မသိမ်းဘူးဟု ပြောသည်။ သည်လိုနှင့် အိပ်ယာမနိုးသေးသည့် သမီးလေးကို နိုးပြီး ထပ်မေးသည်။ သမီး ဖေဖေ့ ဆေးလိပ်ဗူး တွေ့လား ဆိုတော့ သမီးက ဘာမှ မပြော။ ဒါဆို သေချာပြီ။ သမီးက မဟုတ်တာလုပ်ထားလျှင် ငြိမ်သက်ပြီး ဝန်ခံတတ်သည်။ ဟုတ်လည်း မပြော၊ မဟုတ်ဘူးလည်း မပြော။ အခု ငြိမ်နေပုံအရတော့ သူ ဆေးလိပ်ဗူးကို တစ်ခုခု လုပ်လိုက်တာဖြစ်မည်။ သမီးကို ထပ်မေးသည်။ သမီး ဖေဖေ့ကို အမှန်အတိုင်းပြောနော်။ ဖေဖေ စိတ်ဆိုးနေတာ။ သမီး သိလား။ ဆေးလိပ်ဗူး ဘယ်မှာလဲ။ လွင့်ပစ်လိုက်တာလား ဆိုတော့ သမီးက အိပ်ယာထဲက ထပြီး အလူမီနီယံနှင့် ပြုလုပ်ထားသည့် ဘုရားစင်ရှေ့ကို သွားသည်။ ကျွန်တော် သူ့နောက်က အသာလေး လိုက်ကြည့်သည်။ ဘုရားစင်အောက်တွင် ဗီရိုသေးသေးလေး ရှိသည်။ ထိုဗီရိုသေးသေး လေးရှေ့မှာ မီးပူဇော်ဖို့ ဖယောင်းတိုင်သေးထုပ်တွေ စီထပ်ထားသည်။ သမီးသည် အဲသည့် ဖယောင်းတိုင်ထုပ်တွေကို ဖယ်သည်။ နောက် ဗီရိုလေးရဲ့ နောက်ဆုံးချောင်ကျကျနေရာထဲသို့ လက်နှိုက်ပြီး ယူလိုက်သည်။ ပြီးတော့ ကျွန်တော့် ကို လာပေးသည်။ သူ့လက်ထဲမှာ တစ်လိပ်လျော့နေသော Red Ruby ဆေးလိပ်ဗူးအသစ်တစ်ဗူး။ ကျွန်တော် စိတ်ဆိုးလွန်းစွာဖြင့် သမီး၏ တင်ပါးနှင့် ခြေသလုံးကို အားပါးတရ ရိုက်ပစ်လိုက်မိသည်။ သမီးသည် နာကျင်စွာ ငိုသည်။ နာလောက်အောင် အရိုက်ခံရသော်လည်း ထွက်ပြေးမသွား။ ငိုပြီးတော့ စကားတစ်ခွန်း ပြောသည်။ သမီးက ဖေဖေ သေသွားမှာ စိုးလို့ဟု ငိုပြီးတော့ ပြောသည်။ သူ့စကားဆုံးတော့ ကျွန်တော် ဆွံ့အသွားသည်။ ပြီးတော့ ကျွန်တော် သမီးကို ဖက်ပြီး အားပါးတရ ငိုမိသည်။ ကျွန်တော်တို့ သားအဖကို ဘေးက ကြည့်နေသည့် ဇနီးကလည်း ငိုသည်။ ကျွန်တော့်အသက်အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတဲ့ ငါးနှစ် သမီးလေးကို နာကျင်အောင် ရိုက်လိုက်မိသည့် ကျွန်တော့်ကို ကျွန်တော် နာကျည်းမိသည်။ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုလုပ်ပစ်ဖို့ ကြိုးစားတော့ ဇနီးဖြစ်သူက ဆွဲထားသည်။ ကျွန်တော် စိတ်တည်ငြိမ်သွားသည့်အခါ သမီးကို တိုးတိုးလေး ပြောလိုက်မိသည်။ သမီးအတွက် ဖေဖေ ဒီနေ့က စပြီး ဆေးလိပ်ဖြတ်ပါမယ် သမီးရယ် လို့။ ပြီးတော့ လက်ထဲက ဆေးလိပ်ဗူးကို ရေဆိုးမြောင်းထဲ လွှင့်ပစ်လိုက်သည်။ ထိုနေ့က စပြီး ကျွန်တော် ဆေးလိပ်တစ်လိပ်မဆိုထားနဲ့၊ ဆေးလိပ်တစ်ဖွာတောင် မဖွာဖြစ် အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ခဲ့သည်။ ဆေးလိပ်ဖြတ်နိုင်ခဲ့သည်။
ဆေးလိပ်ပြတ်သွားပြီ ဆိုတာ အပြောလွယ်သလောက် ခက်ခဲစွာ ကျွန်တော် ဖြတ်တောက်ခဲ့ရပါသည်။ အဆိုးဝါးဆုံးအချိန်တွေလို့ ပြောလို့ရသည့် ထမင်းစားပြီးချိန်၊ လက်ဖက်ရည်သောက်ပြီးချိန်၊ မိုးအေးအေး၊ ဆောင်း အေး အေးရာသီတွေ၊ အထူးသဖြင့် ကိုယ့်ရှေ့ဖြတ်ပျံလာတဲ့ ဆေးလိပ်ငွေ့တွေကို ရှောင်ရတာက အစ ကောင်တာမှာ တင်ထားတဲ့ ဆေးလိပ်ဗူးတွေ တွေ့မြင်နေရတာအဆုံး ကျွန်တော် ခက်ခဲပင်ပန်းစွာ မသောက်မိအောင် ရှောင်နိုင် ခဲ့သည်။ ဆေးလိပ်စဖြတ်သည့် အစောပိုင်းလများအတွင်း ဒေါသဖြစ်လွယ်သည်။ မောပန်းလွယ်သည်။ အသေးအဖွဲ လေးများကအစ စိတ်အလိုမကျဖြစ်နေတတ်သည်။ ဘယ်သူနှင့်မှ စကားများများမပြောချင်။ ဟန်ဆောင်ရယ်မော နှုတ်မဆက်ချင်။ တတ်နိုင်သမျှ အိမ်ထဲကနေ အပြင်မထွက်ဖြစ်အောင် နေခဲ့သည်။ ဆေးလိပ်သောက်သူများနှင့် တဝိုင်းချင်း မထိုင်ဖြစ်အောင် ရှောင်ခဲ့သည်။ ဆေးလိပ်ငွေ့များနှင့် ဝေးရာမှာ လွတ်အောင် နေဖို့ ကြိုးစားခဲ့သည်။ ယခုရောက်နေ့သည့် သက်တမ်းတဝက်လောက် အသက်ပေးချစ်ခဲ့ရသည့် ဆေးလိပ်ကို ကျွန်တော် ဖြတ်ဖို့ ပင်ပန်းခဲယဉ်းလွန်းစွာ ကြိုးစားခဲ့သည်။ ယခု ကျွန်တော့် အိပ်ကပ်တစ်နေရာမှာ မီးခြစ်တစ်လုံးတစ်လေမျှ ရှိမနေတော့။ ကျွန်တော့် လက်တကမ်းမှာ ဆေးလိပ်တစ်လိပ်မျှ မရှိတော့။ ကျွန်တော့် အကျီ အိပ်ထောင်ထဲမှာ ဆေးလိပ် ဆေးမှုန် တွေ ကပ်ကျန်မနေတော့။ ဆေးလိပ်ပြတ်ပြီး တစ်နှစ်ပြည့်သည့်နေ့မှာ ပြာနှမ်း မဲခြောက်နေသည့် ကျွန်တော့် နှုတ်ခမ်းတွေ ပြန်စိုပြေလာတာ သတိထားမိသည်။ စားကောင်း အိပ်ကောင်းဖြစ်ပြီး ကိုယ်ခန္ဓာက နည်းနည်း ဝလာသည်။ ခေါင်းမကိုက်တာ ကြာပြီဟု သတိထားမိသည်။ လေးလံထိုင်းမှိုင်းမှုမျိုး မရှိ တော့။ လုပ်ငန်းပိုင်းဆိုင်ရာ စကားပြောဆိုရာတွင် ရဲဝံ့လာသည်။ ကိုယ့်ပါးစပ်က ဆေးလိပ်နံ့ထွက်မှာမျိုး စိုးရိမ်စိတ် မရှိတော့။ ကျွန်တော့် ဆေးလိပ်ငွေ့ကြောင့် အန္တရာယ်ဖြစ်လာနိုင်သည့် ဆေးလိပ်မသောက်သည့် ပတ်ဝန်းကျင် ကို ကယ်တင်နိုင်ခဲ့သည်ဟု ပြောလို့ရပြီ။ ကျွန်တော်ဟာ ကိုယ်တိုင်မီးလောင်ပြီး သူများကိုပါ မီးလောင်စေသည့်  အသေခံအကြမ်းဖက်သူ တစ်ယောက် မဟုတ်တော့။ ကျွန်တော် သေဖော်ညှိတာပါ။ မိတ်ဆွေ မီးလေး တစ်တို့လောက် ဆိုပြီး မီးခြစ် ပျောက်နေသူ တစ်ယောက် မဟုတ်တော့။ ကျွန်တော်ဟာ သမီးလေးပေးတဲ့ အလင်းရောင်နဲ့ ကိုယ့်အသက်ကိုယ် ဆေးလိပ်လက်ထဲက ပြန်ဆယ်ယူနိုင်ခဲ့တဲ့ မင်းနဒီခဖြစ်ခဲ့ပါပြီ။ တစ်နေ့မှာ ကျွန်တော့်ကို ဆေးလိပ်သောက်နည်း သင်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့ရင် ကျွန်တော် စကားတစ်ခွန်းပြောချင်မိသည်။
“ ငါလည်း ဆေးလိပ်ပြတ်သွားပြီ” ဟု။
         
မင်းနဒီခ
၁၊ ၁၁၊ ၂၀၁၆

(ကျန်းမာရေးအချက်အလက်ကိုးကား- ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုင်ရာ သတင်းအချက်အလက်များ Pages၊ The Ladies New Journal၊ Eleven Media Group)။

Thursday, June 9, 2016

အပန်းဖြေဖို့ ကျွန်တော်ရောက်သွားတဲ့ ပန်းခြံ



အပန်းဖြေဖို့ ကျွန်တော်ရောက်သွားတဲ့ ပန်းခြံ

စာအုပ်အမည်                       - ပန်းခြံ အပန်းဖြေခြင်း
ရေးသူ                              - စံညိမ်းဦး
ထုတ်ဝေသည့်ကာလ               - မတ်လ၊ ၂၀၁၆
ထုတ်ဝေသည့်တိုက်                 - နှစ်ကာလများ



           

            ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမတိုင်ခင်အထိ မန္တလေးကဗျာဆရာတွေထဲက ကဗျာစာအုပ်အထုတ်စေချင်ဆုံးလူ (၂)ဦး ရှိပါတယ်။ တစ်ယောက်က ကိုကျောက်လို့ ကျွန်တော်တို့ ချစ်စိတ်နဲ့ ခေါ်ကြတဲ့  ခင်ဇော်မြင့်၊ နောက်တစ်ယောက်က (ကို) စံညိမ်းဦး။ ကျောက်လုံးနဲ့ ကျောက်တိုင်။ သလင်းဦးနဲ့ အိမ်အိုညီ။ ၉၀ ခုနှစ် နောက်ပိုင်းမှာ ကဗျာလောကထဲ အတွဲညီညီ၊ အကဲညီညီနဲ့ လမ်းဖောက်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ဦး။ ၉၀ မော်ဒန်ကဗျာအကြောင်းပြောရင် ဘယ်လိုမှ ချပ်လှပ်ထားလို့ မရတဲ့ ကဗျာဆရာနှစ်ဦး။ ခင်ဇော်မြင့်အကြောင်းပြောရင် စံညိမ်းဦးပါလာသလိုပဲ။ စံညိမ်းဦးအကြောင်းပြောမယ်ဆိုရင် ခင်ဇော်မြင့်ဆီ ရောက်သွားနိုင်တာပါပဲ။ အဲဒီလောက်ထိ တွဲခဲ့ကြသလို ၁၉၉၃ ခုနှစ်မှာ သလင်းဦး၊ အိမ်အိုညီ ကလောင် တွေနဲ့ “အင်ကြင်းရောင် ပင်လယ်သေကမ်းခြေ” ဖယောင်းလက်ရေးစာအုပ်လည်း တွဲထုတ်ခဲ့ဖူးတာပါ။
            ၂၀၁၀ စာပေစီစစ်ရေးဖြေလျော့ပြီးနောက်ပိုင်း ကဗျာစာအုပ်တွေ အုံနဲ့ကျင်းနဲ့ တစ်နှစ်ကို အုပ်တစ်ရာကျော် ထွက်ခဲ့ကြပေမယ့်  ထူးထူးခြားခြား သူတို့နှစ်ဦးစလုံးက ကဗျာစာအုပ်ထုတ်ဖို့ လုံးဝစိတ်မဝင်စားကြ။ ကဗျာစာအုပ် ထုတ်ဖို့ ပြောရင်လည်း ဘုကလန့်တွေ ပြန်ကြားရတာသာ အဖတ်တင်မယ်။ သူတို့က တုတ်တုတ်မျှ မလှုပ်ကြ။ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ခင်ဇော်မြင့်၊ စံညိမ်းဦးတို့၏ ကဗျာတွေ ကောင်းခဲ့၊ နာမည်ကြီးခဲ့တာ မှန်ပေမယ့် ဒီနေ့ခေတ် လူငယ်တွေနဲ့ အဆက်ပြတ်နေတာ ကြာပြီ။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွေမှာ ပုံနှိပ်ဖြတ်သန်းခဲ့တဲ့ သူတို့ရဲ့ ကဗျာတွေက ဒီနေ့မှာ ပြန်ရှာ ဖတ်ဖို့ ခက်ခဲနေပြီ။ အသိမ်းအဆည်းကောင်းသူ၊ တန်ဖိုးထားသူတစ်ချို့တွေဆီမှာပဲ ရှိနိုင်တော့တဲ့ အခြေအနေမျိုး။ သူတို့ နှစ်ဦး၏ ကဗျာတွေကို စုစုစည်းစည်းပြန်လည်သိမ်းဆည်းမှတ်တမ်းထားရှိဖို့က ကဗျာစာအုပ်အဖြစ်နဲ့သာ ပြန်လည် ထွက်ရှိ လာဖို့က အကောင်းဆုံး။ ဒါကြောင့်လည်း ဆုံဖြစ်တိုင်း ကဗျာစာအုပ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ၂၀၁၅၊ ဇူလိုင်မှာ (ကို) ခင်ဇော်မြင့်ရဲ့ ကဗျာစာအုပ် “ ကဗျာ ၂၁ ပုဒ်” ထွက်လာပြီး ၂၀၁၆၊ မတ်လမှာ (ကို)စံညိမ်းဦးရဲ့ “ပန်းခြံ အပန်းဖြေခြင်း” တို့ဆက်တိုက်ထွက်ရှိလာပါတယ်။  
            “ပန်းခြံ အပန်းဖြေခြင်း” မှာ ပိတောက်မြေ မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၅ မှာ ဖော်ပြခဲ့တဲ့ ဆရာဇော်ဇော်အောင်ရဲ့ အက်ဆေးကိုပါ ပြန်လည်ထည့်သွင်း ဖော်ပြပေးထားတဲ့အပြင် မောင်သင်းခိုင်၊ မောင်မှိုင်းလွင်(အင်းဝ)၊ ညိုမင်းထက်၊ ထက်တည်မြင့်၊ ဟိန်းမြတ်ဇော်၊ ခင်ဇော်မြင့်၊ မောင်ရှင်စော၊ ဝေးခေါင်၊ အိုအောင်၊ နိုင်းနိုင်၊ ဇော်ဝေ တို့ရဲ့ အမှတ်တရ အရေးအသားတွေကိုပါ တခုတ်တရနေရာပေးဖော်ပြထားလို့ ပိုကျေနပ်ရပါတယ်။ ဒီလိုအမှတ်တရ အရေးအသား တွေဟာ ကဗျာရေးဖော်အချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေညီအစ်ကို အချင်းချင်းရဲ့ စံညိမ်းဦးအပေါ်ထားတဲ့အမြင်၊ ချစ်ခင်စိတ်တွေကို ပေါ်လွင်စေတဲ့အပြင်  စံညိမ်းဦးပုံရိပ်ကို စလိုက်မီးထိုးပေးထားသလိုပါပဲ။ ဒီနေရာမှာ နှစ်သက်လို့ (ကို)ခင်ဇော်မြင့်ရဲ့ အရေး အသားအနည်းငယ်ကို ပြန်ဖော်ပြလိုက်ပါရစေ။

လေယာဉ်ပျက်ကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူတွေကို ရှာနေတာ။

မြေစာပုံကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူတွေကို ရှာနေတာ

သံယောဇဉ်တွေကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူ အချစ်တွေကို ရှာနေတာ။

ကံကော်ပန်းတွေကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူ ဝတ်ဆံတွေကို ရှာနေတာ။

သူ့ကဗျာတွေက
အဲ့လို ကဗျာတွေ။
           
            (ခင်ဇော်မြင့်)


             ဒီကဗျာစာအုပ်မှာ စံညိမ်းဦးလို့ ဆိုလိုက်တာနဲ့ တွဲပါလာတတ်တဲ့ ကဗျာတွေဖြစ်တဲ့ နတ်စိမ်း၊ တမိုးသားလုံး အေးပြည့်ပြည့်၊ တောကြောင် စတဲ့ ကဗျာတွေအပါအဝင် ကဗျာ ပုဒ်ရေ(၈၀)နဲ့ ကဗျာဆရာရဲ့ ကိုယ်ရေးအကျဉ်းကိုပါ ဖော်ပြထားတဲ့အတွက် ပန်းခြံဟာ ကဗျာဖတ်သူအတွက် စံညိမ်းဦး ဘာလဲ၊ စံညိမ်းဦးဘယ်လဲဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်မယ့်အပြင် ခေတ်ပေါ်ကဗျာ အရွေ့နဲ့ ခေတ်ပေါ်ကဗျာရဲ့အလှဓာတ် ကိုပါ ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။ “ပန်းခြံ အပန်းဖြေခြင်း” ဟာ စံညိမ်းဦးရဲ့ ဘဝဖြတ်သန်းမှု၊ စံညိမ်းဦးရဲ့ ချစ်ခြင်းတရားနဲ့ နာကျင်မှု၊ စံညိမ်းဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ သမိုင်းဖြတ်သန်းမှု စတာတွေကိုပါ စုစည်းဖော်ပြထားတဲ့ အတ္ထုပတ္တိ ကဗျာစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
            ပန်းခြံထဲက ကဗျာတွေကို အသေအချာဖတ်ကြည့်တဲ့အခါ ကဗျာရဲ့ နောက်ခံအခင်းအကျင်းတွေဟာ စုံလင် လှတာကို တွေ့ရပါတယ်။ ‘ဖီးနစ်မြို့’၊ ‘ကြပ်ပြင်’၊ ‘ရန်ကုန်’၊ ‘လှည်းတန်းမှာ ၈/၁၀’၊ ‘သတိရခြင်းများစွာဖြင့်(၂)’၊ ‘ကြယ်ဝင်စား’၊ ‘မှန်ထဲက ရွှေငါးလေး’၊ ‘ညိုမင်းထက်’၊ ‘ကမီးကလော်ဒဲလ်အတွက် တေး’၊ ‘ရေနံချောင်းကန်တော့ချိုး’၊ ‘ကျောက်ဆည်ည’၊ ‘လှန့်ချင်း’၊ ‘ငါ့အတွက် မျက်ရည်မကျပါနဲ့ ဗမာပြည်’ စတဲ့  တစ်ဦးတစ်ယောက်၊ မြို့တစ်မြို့၊ နေရာတစ်ခုခု၊ အဖြစ်အပျက်တစ်ခု စတဲ့ တစ်ခုခုကို ဦးတည်ပြီး ရေးထားတဲ့ ကဗျာတွေ။  ‘ညီမလေးနဲ့ တမြို့စီ တနယ်စီ’၊ ‘တမိုးသားလုံး အေးပြည့်ပြည’့်၊ ‘မီးဖိုချောင်’၊ ‘ဝိုင်အမ်ဘီသခင်တင်ပြောခဲ့တဲ့ အချစ်အကြောင်း’၊ ‘မင်းမရှိတဲ့ မီးပုံပွဲ’၊ ‘အမြိုက်ကလေး’  စတဲ့ ချစ်ခြင်းဖွဲ့ ကဗျာတွေ။ ‘နတ်စိမ်း ၂၅’၊ ‘နေ့ခင်းဆွေးဆွေး’၊ ‘ကဖေးဆိုင်နေ့ရက်များ’၊ ‘ချည်တိုင်’ တို့လို ပုဂ္ဂလ ခံစားမှုဗဟိုပြုကဗျာတွေနဲ့ ‘ကွမ်းရွက် လေးတွေလို စိမ်းစိမ်းစိုမနေတဲ့ ကွမ်းယာဆိုင်’၊ ‘အဆင်မပြေမှု’၊ ‘စာခြောက်ရုပ်’၊ ‘ဂွာရာနီကား’၊ ‘ဝင်္ကပါ’ တို့လို လူ့အဖွဲ့ အစည်း ဗဟိုပြုကဗျာတွေ။ အဲဒီလို စုံလင်လှတဲ့ ကဗျာနောက်ခံ အကြောင်း အရာတွေဟာ ပန်းခြံထဲမှာ တစ်နေရာပြီး တစ်နေရာ လျှောက်ကြည့်နေရသလို ကဗျာတစ်ပုဒ်ချင်းစီဟာ ရသတစ်မျိုးစီနဲ့ လာရောက်အပန်းဖြေနေသူကို ဖမ်းစားထားမှာပါ။
            ကဗျာတွေအကုန်လုံးကို အသေအချာဖတ်ကြည့်ပြီးတဲ့အခါ ကျွန်တော့်ကို ဖမ်းစားနိုင်ဆုံးနဲ့ စိတ်ညွှတ်နူးမှုကို အပေးနိုင်ဆုံးဟာ ကဗျာတစ်ပုဒ်ချင်းစီရဲ့ အဆုံးသတ်တွေမှာ အသုံးပြုလေ့ရှိတဲ့ စကားလုံးချိတ်တွဲမှုနဲ့ နိမိတ်ပုံ သင်္ကေတ တွေဟာ တသသဖြစ်အောင် စွဲမက်စေပါတယ်။ ဥပမာ-

နှုတ်ဆက်ပါတယ်
ပြီးတော့လည်း ပြန်လာခဲ့တယ် (ချည်တိုင်)

ကြားပါစ
ဘယ်လိုအနုပညာမျိုးမှ မလိုအပ်တော့တဲ့ နေ့တစ်နေ့
တစ်နေ့
ကမ္ဘာမြေပေါ် အရောက်လာခဲ့ဦးတော့မယ် (ဟောကိန်း)

နှစ်တွေက
ငါ့ကို ချွန်မြစေခဲ့ပြီ (နတ်စိမ်း ၃)

လျှာက ကန်းခဲ့မို့လို့
လူ့ဘုံအနှမ်းဟာ အရသာကွယ်ခဲ့ပေါ့ (အလွမ်းပျံရာသီ)

အခုတော့
လေ ကလည်း
အလံကို မလွင့်စေတော့ဘူးလေ (ငါ့အတွက် မျက်ရည်မကျပါနဲ့ ဗမာပြည်)

            နောက်ထပ်သတိထားမိတာ တစ်ခုက (ကို)စံညိမ်းဦးဟာ ကဗျာနောက်ခံအခင်းအကျင်းအလိုက် ကဗျာရဲ့ (Tone) ကို အနိမ့်သံ၊ အမြင့်သံ ပေါ်လွင်အောင် ဖန်တီးတည်ဆောက်ထားတတ်လေ့ရှိပါတယ်။ ထပ်ပြောကြည့်ရရင် နိုင်ငံရေး နောက်ခံကဗျာတွေမှာ တိုက်ရိုက်အဓိပ္ပာယ်ပေါ်လွင်အောင်ရေးဖွဲ့တတ်ပြီး ပုဂ္ဂလခံစားမှုနဲ့ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကဗျာတွေမှာ ဆိုရင်တော့ ကဗျာရဲ့ အလှဓာတ်၊ နိမိတ်ပုံ၊ သင်္ကေတတွေကို အားကောင်းအောင် ဖန်တီးရေးဖွဲ့တတ်လေ့ ရှိတာပါပဲ။ ဖတ်ကြည့်ပါ။

အခု
အဲဒီ ငါတို့ မြေပုံ၊ ငါတို့သယံဇာတ
အဲဒီ ငါတို့မြစ်၊ ငါတို့တော
ပြီးတော့
ခင်ဗျားတို့
သိပ် မုဒိန်းကျင့်ချင်နေတဲ့ ‘တောင်’။

သရဲကြီးတော့ သဘက်
‘တောင်’ ကိုစားဖို့ သွားရည်တမြားမြား
သူခိုးကြီးတော့ ဓားပြ
‘တောင်’ကို မျိုဖို့ အလံတလူလူ။

အို . . . ထလော့ ငါတို့ . . .
ထကြ ထကြ
ခါးတောင်းကို မြှောင်အောင် ကျိုက်ကြ
ကြွက်သားကို လေပေါင်ဖြည့်ကြ။
            (လှန့်ချင်း ကဗျာမှ)


တလက်လက်အပြုံးတွေဟာ
နုံးနေတဲ့ နှလုံးအိမ်တွေကို
နှိုးခဲ့။

စစ်အာဏာရှင်တွေကို ထိုးဖို့ အစွယ်လည်းရှိ
စစ်ပလ္လင်ကို နုတ်ဖြိုဖို့ နှာမောင်းတွေလည်းရှိ
မတရားမှုမှန်သမျှကို နင်းခြေပစ်မယ့်
သူရဲကောင်း ဆင်တွေနဲ့မြို့ပါပဲ။

သြော်
မင်းဆိုးမင်းညစ်ကို
ဝမ်းရေးအစပ်ခံ ထုတ်ပေးခဲ့ဖူးတာဟာ
မတော်တဆ ဒဏ္ဍာရီသာ။
            (ကျောက်ဆည်ည ကဗျာမှ)

အခုတော့
ဘာမှ မရေးတော့တာသာ အနုပညာ။

ဟင်းလင်းပြင်ထဲ
ဂြိုဟ်တုဟာ မီးလောင်လို့။

ပင်လယ်ထဲ
မျှော်စင်ဟာ ကျီးပေါင်းတက်လို့

ကိန်းအောင်းသမျှ
အလွမ်းသာ ထီးနန်းစိုက်ခဲ့တဲ့ တစ်ကိုယ်စာ ဧရိယာ
ငွေလို
မျှော်လင့်ခြင်းလို သက်တံ့က
အနံ့ခုနှစ်မျိုးနဲ့ ကမ်းကုန်တယ်။
            (နတ်စိမ်း ၂၅ ကဗျာမှ)

အိမ်တိုင်းစေ့
မီးကွင်းဂမုန်းပင်လေးတွေ စိုက်ကြသလို
နာကျင်မှုအပေါင်းမှ
ကင်းလွတ်စေမယ့် ဂမုန်းပင်လေးများ
နှလုံးသားတိုင်းအပေါ် စိုက်ချင်မိ။

နာရီရဲ့ နှလုံးခုန်သံဟာ တရွှီရွှီနဲ့ နှာမှုတ်သံများဖြစ်ခဲ့
မိုးစက်တွေက မီးပွားနီနီဖြစ်ခဲ့
ကြယ်တွေက ညရဲ့ မြားအစင်းစင်းဖြစ်ခဲ့
ကဖေးဆိုင်က ဆေးရုံဖြစ်ခဲ့။
            (လူနာ ကဗျာမှ)

            စံညိမ်းဦးဟာ သူ့ခေတ်နဲ့ သူ လူငယ်ပါပဲ။ လူငယ်ဆိုတာတောင်မှ လမ်းသူရဲဆန်ချင်တဲ့၊ မိုက်ရူးရဲဆန်ချင်တဲ့ လူငယ်တစ်ယောက်အဖြစ် သူ့ကဗျာတွေက သက်သေပြနေတယ်။ စံညိမ်းဦးဟာ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလကြီး တစ်ခုရဲ့ အဆင်မပြေမှုတွေ ကြားထဲ အဆင်ပြေတယ်လို့ ထ ထအော်နေတဲ့ လမ်းမကို အုတ်နီခဲနဲ့ ထုဖို့ ဝန်မလေးခဲ့တဲ့သူ။ အလိုမကျမှုတွေနဲ့ နေသားတကျဖြစ်နေတဲ့ လောကကြီးကို ငြီးငွေ့လို့ အရသာရှိတဲ့ အစာတွေကို အရသာခံမရတော့တဲ့ လျှာကို ဖြတ်ပစ်ဖို့ အားထုတ်ခဲ့တဲ့သူ။ ဘာမှကို မတတ်နိုင်တော့ပါဘူးကွာ ဆိုပြီး သေနတ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေ သွားတဲ့ ပန်းခြံထဲက ကဗျာဆရာတစ်ယောက်အဖြစ် စိတ်ကူးခဲ့ဖူးသူ။ သူဟာ အဲဒီလို လူငယ်၊ အဲဒီလို ကဗျာဆရာ တစ်ယောက်။ သူ မိုက်ခဲ့တယ်။ သူ ရူးခဲ့တယ်။ သူ ရဲ ခဲ့ပါတယ်။ သူဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်တွေမှာ သူရွေးချယ်ခဲ့တာ ကဗျာဆရာဘဝနဲ့ နိုင်ငံရေးလှုပ်ရှားသူ။ ၁၉၉၁ ရှစ်လေးလုံးသုံးနှစ်ပြည့် ကျောင်းသားလှုပ်ရှားမှုတွေကနေ ၂၀၁၅ ပညာရေး သပိတ်မှောက် ကျောင်းသားစစ်ကြောင်းနဲ့အတူ လက်ပံတန်းအထိ လိုက်ပါဝန်းရံပေးခဲ့တဲ့အထိ တတ်နိုင်တဲ့နေရာကနေ ပါဝင်ထမ်းပိုးခဲ့တဲ့ ကဗျာဆရာတစ်ယောက်။ ဒီကဗျာစာအုပ်ထဲမှာ မပါပေမယ့် “ပိတောက်ပွင့်သစ်မဂ္ဂဇင်း”ကပေးတဲ့ ‘ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်” ကဗျာဆုနဲ့ “ကျောက်ဆည်ဧရာဝတီကဗျာဝိုင်း”က ပေးတဲ့ ကဗျာဆု ကို ရရှိစေခဲ့တဲ့ “ကံ့ကော်ဝမ်းနည်းမှတ်တမ်း” ကဗျာရှည်ဟာ ကဗျာဖတ်သူ(သို့) ပြည်သူတစ်ဦးတစ်ယောက်က ဖတ်မိတဲ့အခါတိုင်း သွေး ပြန်နွေးစေတဲ့၊ ဆဲဗင်းဂျူလိုင်ကို ဘယ်တော့မှ မမေ့စေနိုင်တဲ့ ကဗျာရှည်ကောင်းတစ်ပုဒ်အဖြစ် ဖန်တီး အသက်ဝင်စေခဲ့ တာပါ။ ကဗျာစာအုပ်ထဲ မပါပေမယ့် အနည်းငယ်တော့ ဖော်ပြချင်မိပါတယ်။

တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက်တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘဝ
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘဝဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျဆုံးသွား အဓိပတိလမ်းကို အမျှဝေရမယ်။
ဒီမိုကရေစီနဲ့အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကို အမျှဝေရမယ်။
(ကံကော်ဝမ်းနည်းမှတ်တမ်း ကဗျာရှည်မှ)

            အဆုံးသတ်အနေနဲ့ ပြောရရင် “ပန်းခြံ အပန်းဖြေခြင်း”မှာ ကျွန်တော်တို့ဟာ ခေတ်ပေါ်ကဗျာရဲ့ အလှဓာတ်၊ နိုင်ငံရေးသိမှု၊ ကဗျာနောက်ခံအခင်းအကျင်းနဲ့ ကဗျာတည်ဆောက်မှု အတတ်ပညာ၊ စကားလုံးအချိတ်အဆက်နဲ့ စကားလုံး ရွေးချယ်မှု၊ နိမိတ်ပုံ၊ သင်္ကေတ အားကောင်းမှုတွေကြားထဲမှာ ကဗျာဆရာဖြတ်သန်းခဲ့ရတဲ့ ဖိနှိပ်ခံပြည်သူတွေရဲ့ အခြေ အနေ၊ ကျောင်းသားနဲ့ ပြည်သူကို အခြေမခံပဲ ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေအောက်က ယနေ့ခေတ် ပညာရေး၊ လက်ပံတောင်းတောင်၊ ဧရာဝတီ စတဲ့ သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှုတွေအပေါ် ကဗျာဆရာရဲ့ ရပ်တည်မှု၊ လက် တစ်ဆုပ်စာအာဏာရှင်နဲ့ ရုန်းကြွလာတဲ့ လူထုသဘောထားအစစ်အမှန်၊ နှစ်လေးဆယ်ကျော် မငြိမ်းနိုင်သေးတဲ့ ပြည်တွင်း စစ်နဲ့ မရနိုင်သေးတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး။ ဒါတွေ အားလုံးကို ကဗျာဆရာဟာ သူဖြတ်သန်းမှု၊ သူ့အတွေ့ အကြုံ၊ သူ့ ကြားနာမှုတွေကတဆင့် သူ့ ကဗျာအတတ်ပညာနဲ့ ပေါင်းစပ်ဖန်တီးပြီး ပန်းခြံတစ်ခုအဖြစ် တည်ဆောက် ထားခြင်းပဲ ဖြစ်ပါတယ်။ ‘ကဗျာဆရာဆိုတာ နှစ်မျိုးပဲ ရှိတယ်။ သမိုင်းသိစိတ် ရှိတဲ့ ကဗျာဆရာနဲ့ သမိုင်းသိစိတ်မဲ့တဲ့ ကဗျာဆရာ ´ လို့ ပြောဖူးခဲ့တဲ့ (ကို) စံညိမ်းဦးဟာ သူ့စကားအတိုင်းပဲ သမိုင်းသိစိတ်နဲ့ ရပ်တည်နေတဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပါတယ်။
            အနုပညာဟာ ပြည်သူ့အတွက်ပဲ ဖြစ်ဖြစ်၊ အနုပညာအတွက်ပဲ ဖြစ်ဖြစ်၊ ဘာအတွက်မှ မဟုတ်ဘူးပဲ ဖြစ်ဖြစ် သမိုင်းသိစိတ်ဆိုတဲ့ အချက်ကတော့ အနုပညာသမားတိုင်းအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပတ်သက်နေဦးမှာပဲ။ ပန်းခြံဟာ ကျွန်တော့်အတွက်တော့ အပန်းဖြေနားနေစရာအတွက်သာမဟုတ် အတုယူလေ့လာ ရမယ့် ပြတိုက်တစ်ခုအဖြစ်ပါ အသက်ဝင်ခဲ့ပါတယ်။ အစားကောင်းစားရရင် မိတ်ဆွေကောင်းကို ချက်ချင်းသတိရမိသလို ပါပဲ။ နားခိုလေ့လာစရာနေရာကောင်းတစ်ခုကို တွေ့လို့ အခု ဒီစာကို ကျွန်တော်ရေးမိလိုက်ပါတယ်။ အပန်းဖြေဖို့ ကျွန်တော် ရောက်သွားတဲ့ ပန်းခြံမှာ ခင်ဗျားကိုလည်း အတူရှိနေစေချင်တာ တစ်ခုတည်းပါပဲ။ (ကို)စံညိမ်းဦးကိုလည်း အပန်းဖြေစရာ ပန်းခြံတွေ အထပ်ထည်တည်ဆောက်ရင်း တမိုးသားလုံး အေးပြည့်ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်။

မင်းနဒီခ
၉၊ ၆၊ ၂၀၁၆