Tuesday, June 2, 2015

စကားလုံးယဉ်ကျေးမှုတည်ဆောက်ခြင်း

စကားလုံးယဉ်ကျေးမှုတည်ဆောက်ခြင်း

စာအုပ်အမည်                   - စကားလုံးယဉ်ကျေးမှု
ရေးသူ                             - နရနီ
ထုတ်ဝေသည့်ကာလ          - မေ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက်            - ကျော်မွှေး စာပေ

    ၂၀၁၅၊ မေလမှာ ကဗျာဆရာ နရနီရဲ့ စကားလုံးယဉ်ကျေးမှုလို့ အမည်ပေးထားတဲ့ ကဗျာစာအုပ်တစ်အုပ် ကျော်မွှေးစာပေကနေ ထွက်ရှိလာပါတယ်။ ကဗျာအပုဒ်(၂၀)ထည့်သွင်းဖော်ပြထားပါတယ်။ ကိုနရနီနဲ့က အွန်လိုင်း စာပေ ၀ိုင်းတစ်ခုဖြစ်တဲ့ အွန်လိုင်းလင်းရောင်ခြည်မှာ စတင်မိတ်ဆွေဖြစ်ခဲ့ပြီး တစ်ယောက်ကဗျာတစ်ယောက်ဖတ်၊ ကွန်မန့် တွေ ရေး၊ အဲဒီကဗျာဝိုင်းလေးမှာ ကဗျာအလုပ်တွေ အတူတူလုပ်ခဲ့ကြဖူးပါတယ်။ အပြင်မှာ မျက်နှာချင်းဆိုင် စကားပြော ဖူးတာ တော့ ၂ ကြိမ်လားပဲ ရှိဖူးတယ်ထင်ပါတယ်။ ပြောချင်တာကတော့ ကိုနရနီဟာ ကဗျာနဲ့ပတ်သက်ရင် အမြဲတမ်း သင်ယူဖို့၊ လေ့လာဖို့၊ အားထုတ်ဖို့ ရှိနေတယ်ဆိုတာပါ။ ကဗျာအပေါ် ဘယ်လို ချဉ်းကပ်ရမလဲ၊ ဘယ်လိုစမ်းသပ်မှုတွေက ကဗျာ အသစ်ဖြစ်ထွန်းမှုအတွက် အထောက်အပံ့ဖြစ်စေနိုင်မလဲဆိုတာ သူ နေ့စဉ် စဉ်းစားတွေးတောနေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။ အခုလည်း သူ့ရဲ့ စိတ်ကြိုက်ကဗျာတွေ စုစည်းထားတဲ့ စကားလုံးယဉ်ကျေးမှု ကဗျာစာအုပ်ထဲမှာ ကဗျာဖတ်သူ တစ်ချို့ အတွက် ဖတ်မိရင် ရှော့ခ်ရသွားနိုင်တဲ့ အရေးအသားတွေပါပါတယ်။ ခက်ခဲတဲ့ ကဗျာ၊ လွယ်ကူတဲ့ ကဗျာဆိုတာ ထက် `ကဗျာကို ဒီလိုရေးလို့ ရလား´ဆိုတဲ့ မေးခွန်းတွေ ပြန်လာနိုင်တဲ့ ကဗျာတွေ ဖြစ်နေလို့ပါပဲ။ ဖတ်သူဟာ သူမြင်ဖူး တွေ့ဖူးနေတဲ့ ခေတ်ပေါ်ရေးဟန်၊ ခေတ်ပြိုင်ရေးဟန်တွေကြားထဲမှာ အဲဒီရေးဟန်တွေနဲ့ မတူတဲ့ ကဗျာအကြောင်းအရာ တည်ဆောက်မှုတွေ၊ ကဗျာထဲမှာ ပါဝင်တဲ့ စကားလုံးတွေကို မတူကွဲပြားတဲ့ အာရုံခံစားမှုနဲ့ ထိတွေ့ခံစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နရနီဟာ ဘယ်လို ကဗျာဆရာလဲ။ သူ ဘာတွေ ဖြတ်သန်းခဲ့သလဲ။ သူ့အပေါ် ဘာတွေ ရိုက်ခတ်မှုရှိခဲ့သလဲ။ သူ့နဲ့ သူ့ပတ်ဝန်းကျင်၊ သူနဲ့သူ့ကဗျာဖြတ်သန်းမှုဟာ စကားလုံးယဉ်ကျေးမှုတည်ဆောက်ရာမှာ သိထားဖို့လိုအပ်တယ်လို့ ထင်တဲ့ အတွက် သူနဲ့စကားအနည်းငယ်ပြောဖြစ်ခဲ့ပါတယ်။

မေး - ကိုနရနီရေ။ မင်္ဂလာပါဗျာ။ ကိုနရနီရဲ့ ခေတ်ပေါ်ကဗျာဖြတ်သန်းမှု ဒါမှမဟုတ် ခေတ်ပေါ်ကဗျာကျင်းကြီးထဲ ကျွံကျခဲ့ပုံ ကနေ စလိုက်ကြရအောင်လား။

နရနီ -  ကျွန်တော့်ရဲ့ပထမဦးဆုံး ပုံနှိပ်ကဗျာက ၁၉၉၆-ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ စတိုင်သစ် မဂ္ဂဇင်းပါတဲ့ `အပ်´ ကဗျာပါ။ ကျွန်တော်ပထမဦးဆုံး ဖတ်တဲ့ကဗျာ စာအုပ်က ရာဘင်ဒြာနသ်တဂိုးရဲ့ ဥယျာဉ်မှူး ကဗျာစာအုပ်ပါ။ ကဗျာဆိုင်ရာ စာအုပ် ကတော့ ရန်ကုန်ဘဆွေရဲ့ `ပန်းသွင်သီကုံးရေးနည်းထုံးကား´ စာအုပ်ပါ။ ပထမဆုံးဝယ်တဲ့ကဗျာစာအုပ်က ကြည်အောင်ရဲ့ `မိခင်မာရသွန်´ပါ။ ၁၉၈၄- ၁၉၈၅-ခုနှစ် ကျွန်တော် ကိုးတန်း ကျောင်းသားဘ၀မှာ ရုပ်ရှင်မျက်မှန်တို့ ရုပ်ရုင်အောင်လံတို့ကို ကာရန်နဲ့ သုံးကြောင်းကဗျာလေးတွေ သုံးလေး ခါလောက်ပို့ဖူးပါတယ်။ ဖော်ပြမခံရပါဘူး။ နောက်ဆယ်တန်းရောက်တော့ သူငယ်ချင်းတွေစုပြီး ကိုယ့်မြို့ဖြစ် လက်လုပ်ကဗျာစာအုပ် နှစ်အုပ်လုပ်ဖူးပါတယ်။ နောက် ၁၉၈၇-ခုနှစ်မှာ စစ်တပ်ထဲ ၀င်ရောက်ပါတယ်။ ကျွန်တော် မိခင်တပ်ရင်းက ကလောမှာပါ။ စစ်တပ်ထဲမှာ (၃)နှစ်လောက် လုံးချာလည်နေပြီး ၁၉၉၀-ခုနှစ် လောက်ကျမှ ကလောမှာ နိုင်မွန်(နှင်းဆီတစ်ရာ) (အခု နိုင်မွန်အောင်သွင်) ရှိနေတယ်ဆိုတာသိတော့ တွေ့ဖို့ဆုံဖို့ မှတ်ထားလိုက်ပါတယ်။ ကိုနိုင်မွန်အောင်သွင်နဲ့တွေ့ကြဆုံဖြစ်ကြတာတော့ ၁၉၉၂-ခုနှစ် ကျမှာပါ။ သူကမိတ်ဆက်ပေးလို့ မောင်ရင်ဆု၊ ရဲလွန်း(နှင်းဆီတစ်ရာ) တို့နဲ့ ရင်းနှီးပြီး မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ နောက် ၁၉၉၅-ခုနှစ်လောက်မှာ ဆရာကြီးဒဂုန်တာရာ ကလောကိုရောက်လာပါတယ်။ ကိုနိုင်မွန်အောင်သွင်မှာ နှင်းဆီတစ်ရာစာပေ၀ိုင်းဆိုတဲ့ စာအုပ်အငှား ဆိုင်လေးရှိပါတယ်။ ဆရာကြီးက မျက်စိအမြင်အားနည်းတော့ ကျွန်တော်နဲ့ ကိုနိုင်မွန်အောင်သွင် အလှည့်ကျ တစ်လှည့်စီ အသစ်ထွက်မဂ္ဂဇင်းများအပါအ၀င် စာအုပ်တွေသွား ဖတ်ပေးကြပါတယ်။ ဖတ်ပေးရပုံက အရင်ဆုံး မဂ္ဂဇင်းနာမည်ပြောပြ ပြီးတော့ မာတိကာဖတ် ရေးသူအမည် ကလောင်နာမည်ပါတစ်ခါတည်း ဖတ်ပြပါတယ်။ ဥပမာ အဲဒီမဂ္ဂဇင်းမှာ ဆရာကြီး ဖတ်ချင်တာ ငါးပုဒ်ပါတယ်ဆိုရင် ဆရာကြီးက စိတ်ထဲမှာမှတ်ထားပြီး ဘယ်ကဗျာဖတ် ပြီးတော့ ဘယ်သူရေးတဲ့ ဆောင်းပါး ဖတ်ပါဗျာ စသည်ဖြင့် အစီအစဉ်အတိုင်းပြောပြတာကို လိုက်ဖတ်ပေးရပါတယ်။ ပြီးမှ စကားပြောကြတာပေါ့။ အဲဒီလို အချိန်တွေမှာ ကဗျာဆရာကိုအောင်ပွင့် ဆရာကြီးဒဂုန်တာရာဆီရောက်လာခိုက် ကျွန်တော်တို့နဲ့ဆုံတွေ့စဉ် ပြောတာက ငိုတတ်တဲ့ကလေး နို့ပိုစို့ရတယ်ဗျ တဲ့။ နောက်တော့ ကျွန်တော်နဲ့ ကိုနိုင်မွန်အောင်သွင် ဆရာကြီးဆီမှာ အငိုပြိုင်ကြတာပေါ့။ ၁၉၉၃-၉၄-၉၅-ခုနှစ် လောက်မှာ ခြေတုပြင်မယ် အကြောင်းပြပြပြီး ၉-လ တစ်ကြိမ်လောက် မင်္ဂလာဒုံစစ်ဆေးရုံ (ဗဟို နိုင်ငံရေး) သွားသွားတက်ပါတယ်။ အဓိကရည်ရွယ်ချက်က လေထန်ကုန်းသွားချင်လို့ပါ။ အဲဒီလိုနဲ့ တစ်နေ့ ၁၉၉၅-ခုနှစ် လေထန်ကုန်း လက်ဘက်ရည်ဆိုင်မှာ ကိုညွှန့်သစ်၊ ကိုရန်ပိုင်၊ ကိုဝင်းမောင်၊ ကိုထွန်းဝေမြင့်နဲ့ ကျွန်တော်တို့ ထိုင်နေတုန်း တစ်ဖက်ဝိုင်းမှာ ဆရာမောင်ချောနွယ် ထိုင်နေတာတွေ့တော့ ဆရာမောင်ချောနွယ်တွေ့ချင်တယ်ဗျာလို့ ပြောပြတော့ ကိုညွှန့်သစ်က ဆရာမောင်ချောနွယ်တို့ဝိုင်းသွားပြီး အကျိုးအကြောင်းပြောတော့ ဘာပြန်ပြောသလဲဆိုတော့ တောင်ပေါ်က လာတဲ့ကဗျာဆရာကိုပြောလိုက် နည်းနည်းဈေးကြီးတယ်လို့ စကားပါး လိုက်ပါတယ်။ ခဏနေတော့ ဆရာမောင်ချောနွယ်က ကျွန်တော်တို့ဝိုင်းကူလာပြီး ၄-နာရီလောက်ဆိုရပြီး ခဏစောင့်လို့ပြောပါတယ်။ ဒါနဲ့ ၄-နာရီထိုးတော့ ဆရာချောနောက် လျှောက်လိုက် သိချင်တာတွေမေး၊ မေးရင်း အဖြေပေးရင်း လျှောက်သွားရင်း ည ၁၂-နာရီထိုးသွားသည်အထိပါပဲ။ နောက်နေ့ ထပ်တွေ့ဖို့ချိန်းပြီး နောက်တစ်နေ့ထပ်တွေ့ဖြစ်ကြပါတယ်။ ည ၂-နာရီကျော်လမ်းခွဲပြီး ကျွန်တော့် ဆေးရုံ ပြန်ခဲ့ပါတယ်။ မနက်ရောက်တော့ ဆေးရုံစည်းကမ်းဖောက်ဖျက်မှုနဲ့ တပ်ရင်းပြန်ပို့ခံခဲ့ရပါတယ်။ ဆရာကြီးဒဂုန်တာရာတို့ ကိုနိုင်မွန်အောင်သွင် တို့နဲ့တွေ့ဆုံရတော့ ၁၉၉၆-ခုနှစ်မှာ စစ်တပ်ကနေ ထွက်ပြီး ခေတ်ပေါ်ကဗျာထဲကို ခြေစုံပစ် ၀င်လိုက် ပါတယ်။

မေး - ပထမဆုံးမဂ္ဂဇင်းကဗျာဖြတ်သန်းမှုနဲ့ အတွေ့အကြုံ၊ ဖြတ်သန်းခဲ့တဲ့အထဲက မှတ်မှတ်ရရကဗျာနဲ့ မဂ္ဂဇင်းများ အကြောင်းလည်း သိခွင့်ရချင်ပါတယ်။

နရနီ -  ၁၉၈၇-ခုနှစ်မှ ၁၉၉၆-ခုနှစ်ထိ ကျွန်တော့်ရဲ့စစ်သားဘ၀နဲ့ မော်ဒန်ကဗျာတွေရေးသူကို ကလောမြို့က ကိုနိုင်မွန် အောင်သွင်ရဲ့ နှင်းဆီတစ်ရာစာပေ၀ိုင်းက နွေးနွေးထွေးထွေး ကြိုဆိုလက်ခံမှုဟာ အခုထိပူနွေးလတ်ဆတ်နေဆဲပါ။ မဂ္ဂဇင်းကဗျာဖြတ်သန်းမှုကတော့ အပေါ်မှာ နည်းနည်းဖြေထားပြီးပါပြီ။ ဆက်ပြောရရင် ၁၉၉၂-ခုနှစ်၊ ဧပြီလ(၄)ရက်နေ့မှာ စစ်တိုက်ရင်း ကျွန်တော့် မိုင်းနင်းမိပါတယ်။ ညာဒူးအောက် ဖြတ်လိုက်ရပါတယ်။ ဆေးရုံတစ်နှစ်လောက်တက်ပြီး တပ်ရင်း ပြန်ရောက်တော့ အချိန်ပိုတွေအများကြီး ရလာပါတယ်။ စစ်တပ်လူပျိုဆောင်ဘားတိုက်မှာ စာတွေ ကဗျာတွေ လှိမ့်ဖတ် တော့တာပါပဲ။ ကျွန်တော့် အိပ်ရာဘေးမှာ ဆရာကြီးဒဂုန်တာရာ၊ ဆရာကြီးမောင်သာနိုး၊ ဆရာကြီးဇော်ဇော်အောင်၊ ဆရာကြီးသိန်းဖေမြင့်၊ ဆရာကြီးမြသန်းတင့်၊ ဆရာကြီးနတ်နွယ်၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် စသည့်စာအုပ်တွေအပြင် စာပေ ဂျာနယ်၊ ပိတောက်ပွင့်သစ်၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ သရဖူ၊ ပင်လယ် မဂ္ဂဇင်းတွေ အထပ်လိုက် အပုံလိုက် မြင်ရတော့ ဌာနချုပ်တပ်ခွဲမှူးတို့ တပ်ရေးဗိုလ်ကြီးတို့ကကြည့်ပြီး သူတို့နည်းနည်းထူးဆန်းနေပုံဖြင့် ဒီကောင်က ဘာကောင် လဲ ပေါ့။ ဘယ်လိုကောင်လဲပေါ့။ ဘားတိုက်ကဘော်ဒါတွေကတော့ ဒီကောင်က ဂေါက်ပေါ့။ ဒီလိုနဲ့ တစ်ရက်ခြား နှစ်ရက်ခြား ကလော နှင်းဆီတစ်ရာစာပေ၀ိုင်းဆီ ရောက်အောင်သွားပြီး ကလောမြို့လေးက လက်တစ်ဆုပ်စာကဗျာရေးသူအချင်းချင်း ကိုယ်ရေးထားတဲ့ကဗျာတွေပြ သူတို့ ရေးထားတွေဖတ် လည်ပင်းကြောတွေထောင်လာအောင် ငြင်းကြ ခုန်ကြ ဆွေးနွေးကြ အော်ကြ ဟစ်ကြ အဲဒီလို သွေးနွေးခဲ့ကြတာပါတယ်။ ဘယ်နေ့ မဂ္ဂဇင်းကဗျာတွေပို့မယ်ဆိုပြီး နိုင်မွန်အောင်သွင်က ဒိုင်းခံ ကဗျာတွေစု ကလောင်နာမည် ကဗျာခေါင်းစဉ် ဘယ်မဂ္ဂဇင်းပို့ စသည်ဖြင့် စာရင်းမှတ်ထား စာတိုက်ကနေပို့ပေးပါတယ်။ ကလောမြို့က ကဗျာရေးနေများနဲ့ မိတ်ဆွေအပေါင်းအသင်းဖြစ်နေစဉ် စာပေလောက က ပထမဆုံး ထိတွေ့ခွင့်ရသူက ဆရာကြီးဒဂုန်တာရာပါ။ နောက် ကိုအောင်ပွင့်၊ ကိုညွှန့်သစ်တို့နဲ့ ခင်မင်ရင်းနှီးခွင့်ရပါတယ်။ ရေးသားခဲ့တဲ့ ကဗျာတွေ အားလုံးဟာ မှတ်မှတ်ရရတွေချည်းပါပဲ။

မေး - အတူတူဖြတ်သန်းခဲ့တဲ့ ခေတ်ပြိုင်ကဗျာဆရာတွေက ဘယ်သူတွေများဖြစ်မလဲ။ ဘာတွေ အခက်အခဲကြုံခဲ့ရသလဲ။ ကဗျာလောကမှာ အဲဒီခေတ်မှာ ကြီးကျယ်တဲ့ အငြင်းပွားမှုကဘာများဖြစ်မလဲ။ ဘယ်ဘက်က ရပ်တည်ခဲ့သလဲ။

နရနီ - တစ်ချို့လည်း လက်ရှိဆက်လက်ရေးသားနေကြပြီး တစ်ချို့လည်း မရေးတော့တဲ့သူတွေ လည်းရှိပါ။ အတူတူ ဖြတ်သန်းခဲ့ကြသူတွေက အများကြီးဆိုတော့ မဖြေတော့ပါဘူး။ တစ်ချို့ဆို မဂ္ဂဇင်းစာမျက်ပေါ်မှာ ကဗျာတွေမပါသော်လည်း ကဗျာဆရာအဖြစ်အတူတူဖြတ်သန်းခဲ့ ကြသူတွေလည်း ရှိနေပါတယ်။ အဲဒီတုန်းက ကဗျာလောကမှာ အသံအကျယ် လောင်ဆုံးက ရစ်သမ်၊ မော်ဒန်ပေါ့။ အမှန်တိုင်းပြောရရင် မြန်မာ့ကဗျာဖြစ်စဉ်တစ်ခုလုံး ရှင်းရှင်းလင်းလင်းမကွဲပြားသေးပဲနဲ့ ခေတ်ပေါ် ခေတ်ပေါ်ဆိုပြီး ခေတ်ပေါ်ဘက်က ရပ်ခဲ့ပါတယ်။ နောက်မှ တစ်ဖြည်းဖြည်း ပြန်ဖြေ ပြန်ကြည့် ပြန်လေ့လာ ခဲ့တာပါ။

မေး - စကားလုံးယဉ်ကျေးမှုထဲမှာ ပုံစံတူ အပြိုင်ဖွဲ့ကဗျာတွေ အများဆုံးတွေ့ရတယ်။ `ပက်လက်ကုလား ထိုင်ပေါ်မှာ ကျွန်တော်တို့ ထိုင်ကြမယ်၊ ကျောက်တုံး၊ မင်းဘူး၊ ပြည်သူလူထု တံတွေး၊ မိတ်ဆွေ ပင်စင်စား၊ အေးသည် ပူသည် စောသည် ဆာလောင်သည် ၀မ်းဝသည်နှင့် မိုးချုပ်သည်၊ ပရေမှုတ်သို့ အကြောင်းကြားစာ၊ မှတ်ပုံတင်ကြေးနန်းပုံစံအစား´ စတဲ့ ကဗျာ (ဂ) ပုဒ် ထည့်သွင်းထားတယ်။ အဲဒီလို ကဗျာတွေဟာ ခေတ်ပေါ် အားကောင်းစဉ်ကတည်းက ဆရာ မောင်ချောနွယ်၊ ဆရာ လှသန်းနဲ့ အခြားများပြားတဲ့ခေတ်ပေါ်ကဗျာဆရာတွေလည်း အသုံးပြုခဲ့ကြတယ်။ ဆရာမျိုးသန့်ကလည်း ခေတ်ပေါ်ကဗျာ အပြိုင်အဖွဲ့ ဆိုပြီး ဆောင်းပါး ရေးဖူးတယ်။ ကိုနရနီအနေနဲ့ အခုဒီစာအုပ်ထဲမှာ ပါတဲ့ အဲဒီလိုကဗျာတွေဟာ ခေတ်ပေါ်ကို ဆက်လက်သယ်ဆောင်ခြင်းလို့ ပြောရင်ရမလား။ ဒါမှမဟုတ် ခေတ်ပေါ်ကို ချဲ့ထွင်ဖို့ ကြိုစားထားတာ တစ်ခုခုများ ရှိနေဦး မလား။

နရနီ - ကျွန်တော်ကနယ်မြို့ကဆိုတော့ ကဗျာရေးစမှာ မဂ္ဂဇင်းတွေကိုပဲ တစ်လတစ်လ စောင့်မျှော်အားကိုး အားထား ပြုကြ ရပါတယ်။ မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးတွေ၊ ၀တ္ထုတွေ၊ ကဗျာတွေကျုံးဖတ် ပြီးတော့ ကဗျာတွေ ပြန်ရေး မဂ္ဂဇင်းတွေစမ်းပို့ လုပ်ခဲ့ပါတယ်။ ကျွန်တော် လိုက်ကြည့် နည်းယူ ရင်ခုန်ခဲ့ရတဲ့ ဆရာသမားတွေက မောင်ချောနွယ်နဲ့ လှသန်းတို့ တင် မက ပါဘူး။ မြေချစ်သူ၊ အောင်ချိမ့်၊ သစ္စာနီ၊ မောင်အောင်ပွင့်၊ မောင်ပြည့်မင်း၊ မောင်သိန်းဇော်၊ အောင်ဝေး၊ အောင်ဇင်မင်း၊ ပိုင်စိုးဝေ၊ နေမျိုး၊ မြမြင့်မိုရ်၊ ထွန်းဝေမြင့်၊ အနှစ်(နဘူးအိုင်)၊ ၀င်းမောင်၊ မိုဃ်းဇော်၊ ခရမ်းပြာထက်လူ၊ ပိုင်၊ မောရူးဆိုး၊ ဝေးခေါင်၊ အိုအောင်၊ ၀င်းမြင့်၊ မိကောက်၊ ငွေယံဦး ၊ လင်းတည်ဦး စသည်ဖြင့် သူတို့ကဗျာတွေဖတ်ပြီး သူတို့တွေးပုံ စိတ်ကူးပုံ၊ ရေးပုံ မှတစ်ဆင့် ထပ်တွေး၊ ဆန့်ကျင့်ဘက်တွေး၊ ချဲ့တွေး၊ ချဲ့ရေးကြည့်ပြီး လေ့ကျင့်ယူခဲ့ပါတယ်။ လေ့ကျင့်ခဏ်း တွေ လုပ်ခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ဆရာသမားတွေပါပဲ။ အခုစာအုပ်မှာပါတဲ့ ကျောက်တုံးကဗျာဟာ ၁၉၉၉-ခုနှစ် ကရေး ထားတဲ့ကဗျာပါ ဆရာနေမျိုးရဲ့ ကဗျာတစ်ပုဒ်ကို ထပ်ချဲ့ ထပ်တွေးပြီး ရေးထားတာပါ။ ခေတ်ပေါ်ကိုချဲ့ထွင်ခြင်းထက် ကဗျာဖတ်သူတွေနဲ့ ကဗျာ ဝေးကွာမသွားဖို့ ကဗျာ တစ်ပုဒ်နဲ့တစ်ပုဒ် တစ်ပုဒ်မှတစ်ပုဒ် ရုန်းကန်းပြီးရေးပါတယ်။ အဲဒီအတွက် ခေတ်ပေါ်ကိုကျေနိုင်သမျှကျေအောင် အကုန်ရှာဖတ်တယ် ရှာလေ့လာပါတယ်။ ပြန်လေ့ကျင့် ယူတယ်။ ခေတ်ပေါ်အရင် တွေကို တတ်နိုင်သလောက် နီးစပ်သလောက် အကုန်ရှာဖတ်ပါတယ်။ လောလောဆယ် ကဗျာရေးသားနေသူတွေကိုလည်း ရသမျှအကုန်ဖတ်တယ်။ ဆရာဇော်ဇော်အောင်၊ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာမြင့်သန်း၊ ဆရာသစ္စာနီ၊ ဆရာ ဇေယျာ လင်း၊ ဆရာမင်းခက်ရဲ၊ ဆရာငြိဏ်းဝေ၊ ဆရာအောင်ခင်မြင့် တို့အပြင် ဆရာလေး ဆရာမလေးများဖြစ်ကြတဲ့ ကိုအောင်ရင် ငြိမ်း၊ ကိုလွန်းဆက်နိုးမြတ်၊ ကိုမောင်ဒေး၊ ကိုဟံလင်း၊ မဖြူနှင်းဖွေး စသည့် သူတို့ရေးတဲ့ ကဗျာစာပေ ဆိုင်ရာ စာအုပ်တွေနဲ့ ဆောင်းပါးတွေကို ဖတ်တယ်။ နောက်ပြီး Online ပေါ်မှာတင်ကြတဲ့ ဆရာမောင်ချာလီ၊ ဆရာဇော်ဇော်ထွန်း တို့အပြင် ကဗျာစာပေဆိုင်ရာ Group တွေထဲလည်းဝင်ဝင်ပြီး ကဗျာဆရာ ကြီးငယ်တွေရဲ့နွေးဆွေးထားတဲ့ Comment တွေ လိုက် ဖတ်တယ်။ အဲဒီအတွက် ကိုယ့်အခြေအနေ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဖြစ်စဉ်နဲ့ ကိုယ်ဘာလုပ်သင့်တယ် ဘယ်လို တွေးနေ သလဲ ဘယ်လိုရေးသင့်သလဲကို သတိပြုမိလာပါတယ်။ လွှမ်းမိုးကြီးစိုးထားတဲ့အရိပ်ထဲကနေ ရုန်းထွက်နိုင်တယ်။ ခေတ်ပေါ် ကို သယ်ဆောင်ခြင်း ခေတ်ပေါ်ကို ချဲ့ထွင်ခြင်း၊ ခေတ်ပေါ်ကနေ ကင်းလွတ်ဖို့ကြိုးစားခြင်းထက် ဂန္ထ၀င်ကိုလည်း တို့ထိ၊ ခေတ်စမ်းကိုလည်းလေ့လာ၊ စာပေသစ်ကိုလည်း မစွန့်ပစ်၊ ခေတ်ပေါ်မှာအခြေတည်ပြီး ခေတ်ပြိုင်ဆီ ရုန်းကန်နေခြင်း ပါ။

မေး - ပထမဆုံးအဖွင့်ကဗျာဖြစ်တဲ့ ဗျည်းခြင်းကဗျာ က လက်ရှိရေးသားနေတဲ့ ကဗျာတွေနဲ့ တော်တော်လေးကို ကွဲပြား ခြားနားစွာ ဖတ်ရတယ်။ တစ်ပုဒ်လုံးကိုလည်း ခေါင်းစဉ်အတိုင်း ဗျည်းစာလုံးတွေနဲ့ တည်ဆောက်ထားတာတွေ့ရတယ်။ ဗျည်းခြင်း ကဗျာကို ဘယ်လိုကဗျာအယူအဆတွေနဲ့ ရေးဖြစ်တာလဲ။ ဒါမှမဟုတ် Minimalism ကို ချဲ့ထွင်ခြင်းလား။

နရနီ - ကျွန်တော်ကဗျာတစ်ပုဒ် ရေးတော့မယ်ဆိုရင် ဘယ်ဝါဒနဲ့ ရေးမယ် ဘယ်စကားလုံးကိုရှောင်မယ်လို့ ကိုင်စွဲထားပြီး မရေးပါဘူး။ ဗျည်းခြင်းကဗျာရေးဖို့ စိတ်ကူးအရင်ဖြစ်တာပါ။ စိတ်ကူးအတွက် စကားလုံးတွေ ရှာဖွေစုဆောင်းပါတယ်။ ဖတ် နေဆဲ ၀တ္ထု၊ ကဗျာ၊ စာအုပ်တွေမှရလာတဲ့ စကားလုံးတွေကို လိုက်တေးမှတ်တယ်။ ပြီးမှ စိတ်ကူးထဲကို ပုံသဏ္ဌာန် ချလိုက် တယ်။ နောက်မှ ခေါင်းစဉ်သပ်သပ်စဉ်းစားပါတယ်။ မှတ်မှတ်ရရ ဖြစ်တာကတော့ မြန်မာစာ အရေးအသားမှာ အတိုကောက် စတင်သုံးခဲ့တဲ့ ခုနှစ်ပတ်ဝန်းကျင်ကို သတိထားမိတာပါပဲ။

မေး - `စကားထာ´ လို့ ခေါင်းစဉ်ကြီးပေးထားတဲ့ ကဗျာတို အပုဒ် ၅၀ ဟာ ဒီကနေ့ ရှည်လျားများပြားတဲ့ ခေတ်ပြိုင်ကဗျာ တွေကို ငြီးငွေ့လာလို့လား။ တခြား အကြောင်းတခုခုများ ရှိနေမလား။

နရနီ - ကျွန်တော့်မှာ မှတ်စုသဘောမျိုး တေးထားတဲ့ အတိုအထွာလေးတွေ အများကြီးရှိနေပါတယ်။ တစ်ချို့ကို ကဗျာတစ်ပုဒ်အဖြစ် လုပ်ပါတယ်။ တစ်ချို့လည်း ဒီအတိုင်း စာအုပ်ထဲမှာပဲ သိမ်းထားရတာ ကြာလာတော့ နှမြောလာတယ်။ ဒါနဲ့ တစ်ချို့အပိုဒ်လေးတွေကို Facebook ပေါ်စမ်းတင်ကြည့်တယ်။ တင်တုန်းက ခေါင်းစဉ်မပါဘူး။ Status သဘောမျိုး နောက်တော့ ခေါင်းစဉ်တွေလိုက်ပေးပြီး ခေါင်းစဉ်တွေကို အောက်ပို့လိုက်တယ်။ ခေါင်းစဉ်ကြီးထပ်ပေးလိုက်တယ်။ အကြောင်းကတော့ အဲဒီကဗျာကိုဖတ်နေသူအတွက် နားလည်တဲ့အပုဒ်ကိုဖတ် နားမလည်တဲ့အပုဒ်ကျော်သွားနိုင်တဲ့ အခွင့် အရေးပေးထားပြီး ဖတ်ချိန်နဲ့ စဉ်းစားချိန် လျော့ချပေးလိုက်တယ်လို့ ပြောရင်လည်းရပါတယ်။

မေး - ယူတိုးပီးယန်း ကဗျာတွေ ရေးဖြစ်ပုံလေးနဲ့ ချန်လှန်ထားခဲ့တဲ့ ယူတိုးပီးယန်းများ ရှိခဲ့ရင် ဘာကြောင့်များပါလိမ့်။

နရနီ -  ယူတိုးပီယန်းကဗျာတွေရေးထားတာ စုစုပေါင်း (၉)ပုဒ်ရှိပါတယ်။ ချန်လှပ်ထားခဲ့ရတဲ့ အကြောင်းကတော့ ကဗျာဖတ် နေမယ့်သူအတွက် ငြီးစိစိဖြစ်သွားမှာမလိုလားလို့ (၅)ပုဒ်ချန်ခဲ့တာပါ။ ရေးဖြစ်ခဲ့ပုံက ကျွန်တော့်အဖေက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရိုးရိုးသာမာန်ဝန်ထမ်းတစ်ဦးပါ။ အဖေဟာ မနက်မလင်းရင် အမေကြော်ထည့်ပေးတဲ့ ထမင်း ဂျိုင့်လေးကို ယူပြီးအလုပ်သွား ညနေ(၄)နာရီမှာ အလုပ်ပြန်လာတယ် ညပိုင်းရောက်ရင် တောအရက်ကို အိမ်ရှေ့ကွပ်ပျစ် မှာဇိမ်နဲ့ သောက်တယ်။ လစာ ထုတ်လာရင် ကျွန်တော်တို့ အတွက်မုန့်တွေဝယ်လာတယ်။ အမေ့ဆီလစာ အကုန်အပ်တယ်။ တစ်နေ့အဖေဟာ အလုပ်တာဝန်နဲ့ ငှက်ဖျားဒေသမှာ ရေနံတွင်းတူးစက်တွေပြင်ဖို့သွားရပါတယ်။ ပြင်ပြန်လာပြီး တစ်ပါတ် လောက်မှာ အဖေဟာငှက်ဖျားရောဂါနဲ့ဆုံးပါးသွားပါတယ်။ အဖေဆုံးတော့ ကျွန်တော်ကအဝေးမှာပါ။ အဲဒီလို အဖေ့လုပ်စာ တစ်ခုတည်းနဲ့ ကျွန်တော်တို့မိသားစု (၉) ယောက်ဖြတ်သန်းခဲ့မှု၊ ဆက်လက် ဖြတ်သန်းနေမှု ကျွန်တော့်တို့ကြီးပြင်းခဲ့မှုတွေ ကျွန်တော့် အမှတ်တရဖြစ်မှုကို ရေးထားတာပါ။

မေး - `မေ့နေသော အမှတ်အသားများ´ဟာ မြန်မာကဗျာလမ်းကြောင်းအတွက် အထောက်အပံ့တစ်ခုတော့ ရရှိစေနိုင့်မယ့် အနှစ်ချုပ်စာစုလေးတွေလို့ ထင်တယ်။ အားနာနာနဲ့ ထပ်မေးရရင် `ဘလပ်စကား´နဲ့ `နာအရေးများ´ကို ကဗျာလို့ ယူဆ သလား။ ဘာကြောင့်လဲ။

နရနီ - `နာ အရေးများ´၊ `ဘလပ်စကား´နဲ့ `မေ့နေသော အမှတ်အသားများ´ဟာ ကဗျာအဖြစ်အသက်သွင်းထားတာပါ။ အဲဒီကဗျာ (၃)ပုဒ်မှာ ပုံသဏ္ဌာန်အနေနဲ့ တူနေတာရှိပါတယ်။ ခေါင်းစဉ်ကြီးအောက်မှာ ခေါင်းစဉ်ခွဲလေးတွေပါနေတာပါ။ ကွဲပြားတာက စာပိုဒ်၊ စာမျက်နှာ၊ ကော်လံ၊ စာကြောင်းထားသိုပုံ တစ်ပုဒ်နဲ့ တစ်ပုဒ် မတူပါဘူး။

မေး - စကားလုံးယဉ်ကျေးမှုဟာ အရေးအသားစာအုပ်လား။ ကဗျာ စာအုပ်လား။ မှတ်စု စာအုပ်လား။ ကျွန်တော်တို့ ဘယ်လို ခေါ်ရမလဲ။

နရနီ - ကျွန်တော့်က မွေးကင်းစကလေးလေးငိုသံအစက အိုမင်းတွင်းဆုံးကျလူ ညည်းညူသံအထိ လူတွေရဲ့ နှုတ်ထွက်ခဲ့တဲ့ စကားမှန်သမျှနဲ့ သူ့ပတ်ဝန်းကျင်ကို ကဗျာအဖြစ် ပြောင်းလဲဖို့ အမြဲနားစွင့်နေသူပါ။ အဲဒါကြောင့် စကားလုံးယဉ်ကျေးမှုဟာ စကားလုံးများနဲ့ဖွဲ့စည်းတည်ဆောက်ပြီး ကဗျာဖတ်သူတွေဆီ ကဗျာတွေရောက်ဖို့ နည်းမျိုးစုံ အကြောင်းအရာမျိုးစုံနဲ့ ရေးနေဆဲကဗျာတစ်ပုဒ်မှာ အာရုံအကုန် ကုန်သွားသည့်တိုင် ရှိသမျှကိုယ်စွမ်း ဥာဏ်စွမ်းအကုန်ထုတ်သုံး အချိုတစ်လှည့် အခါးတစ်လှည့် ချော့ကျွေးဖို့ အားထုတ်ရေးသားထားတဲ့ ကဗျာစာအုပ်ပါ။

မေး-  ဒီဘက်ခေတ်ကဗျာလောကမှာလည်း ခေတ်ပြိုင်ဆိုတဲ့ စကားလုံး ထွန်းကားလာပါတယ်။ အခုထိလည်း အဲဒီအခေါ် အဝေါ် အပေါ်မှာ အငြင်းပွားမှုတစ်ချို့လည်းရှိနေတယ်။ ခေတ်ပြိုင်ဟာ ကဗျာအယူအဆတစ်ရပ်လား။ ၀ါဒတစ်ခုလား။ အချိန်ကာလ သတ်မှတ်ချက် တစ်ခုလား။

နရနီ -  အမျိုးအစားခွဲခြားမှု၊ အတန်းအစားသတ်မှတ်မှုကို ကျွန်တော့်အနေနဲ့ မလုပ်လိုပါဘူး။ လုပ်လည်း မလုပ်နိုင်ပါဘူး။ လုပ်နေတဲ့သူရှိရင် ကောင်းမွန်တဲ့ကိစ္စပါ။ အကျိုးမယုတ်ပါဘူး။ တတ်နိုင်သလောက် ဖြေကြည့်ပါမယ်။ ကဗျာရေးသူ တစ် ယောက်ဟာ ကဗျာရေးတဲ့ သက်တမ်းအတွင်းမှာတောင် ရေးနည်း ရေးဟန် တင်ပြပုံ စကားလုံးကိုင်တွယ်သုံးစွဲပုံတွေ ပြောင်း လဲ နေတာကိုတွေ့ရပါတယ်။ ရှေ့ကဆရာကြီးများဖြစ်တဲ့ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီးဒေါင်းနွယ်ဆွေ စသည့် ကဗျာကြီးတွေလည်း ကဗျာစရေးစနဲ့ နောက်ပိုင်းရေးစပ်မှုတွေဟာ မတူပါဘူး။ အဲဒီလိုပဲ ဥပမာ ဆရာအောင်ချိမ့်၊ ဆရာနေမျိုး၊ ဆရာထွန်းဝေမြင့် တို့ကဗျာတွေဆိုရင် ရှေပိုင်းရေးတွေတာနဲ့ ၂၀၁၀-ခုနှစ်နောက်ပိုင်း ရေးတာတွေ သိသိသာသာ မတူကွဲလာတာ တွေ့ရပါတယ်။ သူတို့ကို ပေါ်မလား/ပြိုင်မလားဆိုတာ တစ်ခုဖြစ်ပြီး ရှေ့ပိုင်း ကဗျာဆရာတွေနဲ့ နောက်ပိုင်းကဗျာဆရာလူငယ်တွေ ၂၀၁၀-ခုနှစ်နောက် ထိပ်တိုက်တွေ့ဆုံကြလို့ ခေတ်ပြိုင် ဆိုတာ အယူအဆတစ်ခုအနေနဲ့ပေါ်လာတယ်လို့မြင်ပါတယ်။ အဲဒါက ပညာရှင်တွေ ဆွေးနွေးအဖြေရှာရမယ့် ကိစ္စပါ။ မေးခွန်းတွေ အတွက် ကိုမင်းနဒီခကိုလည်း ကျေးဇူးတင်ပါတယ်။
ကိုနရနီနဲ့ မေးဖြစ်ဖြေဖြစ်တာတော့ ဒီလောက်ပါပဲ။ စကားလုံးယဉ်ကျေးမှုကို ကျွန်တော့်အတ္တနောမတိအရ အကြမ်း အားဖြင့် ပိုင်းခြားကြည့်ရရင် ခေတ်ပေါ်နဲ့ ခေတ်ပေါ်မဟုတ်သော ကဗျာများဆိုပြီး တွေ့ရပါတယ်။ ခေတ်ပေါ်ကတော့ ရှင်းပါတယ်။ ခေတ်ပေါ်ကဗျာရဲ့ စံနှုန်းသတ်မှတ်ချက်တွေက ခိုင်မာခဲ့ပြီးသား၊ ရှိနေခဲ့ပြီးသားဆိုတော့ ပြဿနာမရှိဘူး ထင်ပါတယ်။ ဒီနေ့ခေတ်မှာ ခေတ်ပေါ်ကဗျာဟာ လွယ်ကူတဲ့ ကဗျာအနေအထားကို ရောက်ရှိသွားခဲ့ပြီဆိုတာ သေချာပါ တယ်။ ကိုနရနီဟာ စကားလုံးယဉ်ကျေးမှုမှာ ခေတ်ပေါ်ကဗျာရဲ့ အားကောင်းတဲ့ဟန်ဖြစ်တဲ့ ပုံစံတူအပြိုင်ဖွဲ့ ရေးဟန် ကဗျာ များ ဖြစ်တဲ့ `ပက်လက်ကုလားထိုင်ပေါ်မှာ ကျွန်တော်တို့ ထိုင်ကြမယ်၊ ကျောက်တုံး၊ မင်းဘူး၊ ပြည်သူလူထု တံတွေး၊ မိတ်ဆွေ ပင်စင်စား၊ အေးသည် ပူသည် စောသည် ဆာလောင်သည် ၀မ်းဝသည်နှင့် မိုးချုပ်သည်၊ ပရေမှုတ်သို့ အကြောင်း ကြားစာ၊ မှတ်ပုံတင်ကြေးနန်းပုံစံအစား´ စတဲ့ ကဗျာတွေကို ရည်ရွယ်ချက်ရှိရှိထည့်သွင်းထားတယ်လို့ ဆိုချင်ပါ တယ်။ ပုံစံတူအပြိုင်ဖွဲ့ကဗျာတွေဟာ စုစည်းညီညွတ်မ ရှိနေတယ်။ နရီ၊ ရစ်သမ်ပြေပြစ်မှု ရှိတယ်။ ဖတ်ရလွယ်ကူ သယောင်ရှိတယ်။ ကဗျာရဲ့ ဦးတည်ချက်ဟာ အကြိမ်ကြိမ်အခါခါ ပြောဆိုမှုနဲ့အတူ လေးနက်ထင်ပေါ်မှု ရှိတယ်။ ဖတ်သူဟာ ပုံစံတူအပြိုင်ဖွဲ့ ကဗျာတွေမှာ ညင်ညင်သာသာ စီးမျောလိုက်ပါ သွားရုံနဲ့ ကဗျာရဲ့ လားရာပန်းတိုင်ကို ရောက်သွားနိုင်တယ်။ ကြည့်ပါ။

ခြေခင်းလက်ခင်းသာတဲ့ ညနေ အိမ်ရှေ့ကပြင်ထွက်
ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ကြမယ်

ကောင်းကင်မှာ ကြယ်တွေ စုံသည်အထိ
ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ကြမယ်
(ပက်လက်ကုလားထိုင်ပေါ်မှာ ကျွန်တော်တို့ ထိုင်ကြမယ် ကဗျာမှ)

ကျောက်တုံးတွေဟာ အုပ်စုဖွဲ့နေထိုင်လေ့ရှိပြီး
ကျောက်တုံးတွေဟာ တိတ်ဆိတ်မှုကို အမြဲထုတ်လွှင့်တယ်

ကျောက်တုံးတွေမှာ ဟောင်းတယ် သစ်တယ်ဆိုတာ မရှိသလို
ကျောက်တုံးတွေမှာ ပစ္စုပ္ပန်တည့်တည့်ပဲ ရှိတယ်
( ကျောက်တုံး ကဗျာမှ)

ဟောဒီမှာ အနောက်ဖက်ကမ်း ဟောဒီမှာ မြန်မာမင်းများလက်ထက် သာမာန်ရွာ ဟောဒီမှာ ရှင်ပင်စက္ကိန်းတဲ
ဟောဒီမှာမြောက်လှည်းကောက် ဟောဒီမှာ အညာလေသံနဲ့တောင်ပေါ်လေသံ ဟောဒီမှာ နေ့အပူချိန်(၄၅)ဒီဂရီစင်တီဂရိတ်
ဟောဒီမှာဆူးပင် ချုံဖုတ်နဲ့ဖုန်တသောသော ဟောဒီမှာ ဧရာဝတီကို အထိတ်တလန့်လှမ်းလှမ်းကြည့် ဟောဒီမှာ ဦးသြဘာသ
ဟောဒီမှာ ဆီထွက်သီးနှံ ဟောဒီမှာ သနပ်ခါးတော ဟောဒီမှာ မြစ်ကူးတံတား ဟောဒီမှာ မြက်ခြောက်နဲ့ နွားသားအမိ
( မင်းဘူး ကဗျာမှ)

    ဆရာ နရနီဟာ ဘာဖြစ်လို့ ဒီလို ပုံစံတူအပြိုင်အဖွဲ့ကဗျာတွေကို ဒီစာအုပ်မှာ ပြန်စုစည်းထည့်သွင်းရသလဲ။ သူ့ ရည်ရွယ်ချက်ကို ကဗျာစာအုပ်တစ်အုပ်လုံး ပြီးဆုံးအောင် ဖတ်ကြည့်မိတဲ့အခါ သဘောပေါက်သွားပါတယ်။ ပုံစံတူ အပြိုင် အဖွဲ့တွေဟာ အခါးမကြိုက်သူတွေအတွက် အချိုဖြည့်ပေးထားတဲ့ သဘောပါပဲ။ သူဟာ အချိုကျွေးလိုက်၊ အခါး ကျွေးလိုက်၊ အချဉ်လေးကျွေးလိုက်နဲ့ သူ့ကဗျာဖတ်သူတွေကို ချော့မော့စည်းရုံးတာပါပဲ။ ဆရာ နရနီဟာ သူ့ကဗျာဖတ်သူ အပေါ်မှာ ထားတဲ့ စေတနာ၊ ကျွေးချင်တဲ့ အရသာဟာလည်း ဒါပါပဲ။ `ဗျည်းခြင်း´၊ `ငါကြိယာ (၆၀)´၊`နာ အရေးများ´၊ `ဘလပ် စကား´၊` `ဎရေမှုတ်သို့ အကြောင်းကြားစာ´ စတဲ့ ကဗျာတွေဟာ ကဗျာဖတ်သူအတွက် အခါးသက်သက်ကြီး မဟုတ် တောင် ခါးစိမ့်စိမ့်လေးတော့ဖြစ်မိမယ် ထင်ပါတယ်။
    `ဗျည်းခြင်း´ ကဗျာမှာ ကဗျာအစအဆုံးအတိုကောက်စလုံးတွေချည်း စုစည်းရေးထားပါတယ်။ အတိုကောက် စာလုံး တွေရဲ့ မူလတန်ဖိုးအဓိပ္ပာယ်တွေကို ကဗျာဖတ်သူက ရှာဖွေစဉ်းစားဆက်စပ်တည်ဆောက်ရမှာ ဖြစ်တယ်။ ဥပမာ- က ဆိုရင် ဗျည်း ၃၃ လုံးမှ ပထမဆုံးစာလုံး၊ အကစ ဆိုရင် အကျဉ်းဦးစီးဌာန စသဖြင့်။ နောက်ပြီး ကိုယ်ပိုင် ရပ်တည်မှု တန်ဖိုးရှိနေတဲ့ ဗျည်းစားလုံးတွေဖြစ်တဲ့ ဂဃနဏ၊ ဓန၊ ဒသမ၊ ည စသဖြင့်ပေါ့။ ကဗျာကို ဗျည်းအက္ခရာ `က´ နဲ့ စပြီး`အ´ နဲ့ အဆုံးသတ်ထားပါတယ်။
    `နာ အရေးများ´ကဗျာမှာ ၁၈၂၅၊ ဧပြီလ ၁ ရက်မှာ ကွယ်လွန်ဆုံးပါးသွားတဲ့ စစ်သူကြီးမဟာဗန္ဓုလ ကနေ ၂၀၁၅၊ ဇန်န၀ါရီ (၂၄)ရက်နေ့မှာ ဆုံးပါးသွားတဲ့ ပန်းချီ သိဏ်းသိဏ်းအထိ လူမှုပတ်ဝန်းကျင်နယ်ပယ်အစုံက လူသိများထင်ရှား ကွယ်လွန်ဆုံးပါးသွားသူတွေကို စာရင်းပြုစုသလို ရေးသားထားပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ `ငါကြိယာ (၆၀)´ ကဗျာမှာ ကဗျာဗန္ဓသာရကျမ်းလာ ကဗျာလင်္ကာအဆုံးချနည်း(၆၀)ကို တိုက်ရိုက်ချရေးထားပြီး `ဘလပ်စကား´ ကဗျာမှာဆိုရင်လည်း ဇာတ်သဘင်အသိုင်းအ၀ိုင်းမှာ သုံးတဲ့ ဘလက်စကားလုံးတွေကို မူလအဓိပ္ပာယ်စကားလုံးတွေနဲ့ ညီမျှခြင်းထိုးပြီး ရေးသား ထားတာကို တွေ့ရမှာပါ။
    နောက်ဆုံးတစ်ပုဒ်ဖြစ်တဲ့ `မေ့နေသော အမှတ်အသားများ´ ကဗျာမှာဆိုရင်လည်း ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ ပန်းချီနယ်ပယ်က အမြတ်တနိုးလေးစားတန်ဖိုးထားဦးထိပ်တင်ရတဲ့ လူပုဂ္ဂိုလ်(၁၈)ယောက်ရဲ့ ထင်ရှားကိုယ်ရေးအကျဉ်း (ကဗျာဆရာ့ရဲ့ ပုဂ္ဂလိကအမြင်) တွေကို တစ်ဦးကို တစ်မျက်နှာစီနဲ့ စာစီထားပါတယ်။ ဒီနေရာမှ သတိပြုရမှာက `မေ့နေ သော အမှတ်အသားများ´ ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ် ဆိုတာပါပဲ။
    ဒီနေရာမှာ အထက်ပါ`ဗျည်းခြင်း´၊ `ငါကြိယာ (၆၀)´၊`နာ အရေးများ´၊ `ဘလပ် စကား´ ကဗျာတွေနဲ့ ပတ်သက်လို့ ပြောစရာရှိလာပါပြီ။ ဒီလိုကဗျာတွေမှာ ကဗျာဆရာဟာ အချိန်ပေးပြီး ကြိုးစားပမ်းစား အားထုတ် စုဆောင်း ထားရတဲ့ အချက်အလက်တွေ ပါဝင်တယ်ဆိုတာ ဘယ်လိုမှ ငြင်းစရာမရှိပါဘူး။ ငြင်းစရာရှိတာက အဲဒီလို အချက် အလက်တွေ စုစည်းတင်ပြထားတာကို ကဗျာလို့ ခေါ်ရမှာလား ဆိုတဲ့ ကဗျာဆိုင်ရာအနေအထားတစ်ရပ်ပါ။ အထက်က ကဗျာတွေမှာ ခေတ်ပေါ်မှာ ကျွန်တော်တို့ ထိတွေ့ရင်းနှီးခဲ့ရတဲ့ အလင်္ကာ၊ နမိတ်ပုံ၊ နရီ၊ ရစ်သမ်၊ ကဗျာဓာတ် စတာတွေ တစ်ခုမှ မပါသလို ခေတ်ပြိုင်ကဗျာရဲ့နည်းနာတွေဖြစ်တဲ့ ပိုင်းစစိတ်မြွှာတာတွေ၊ ကော်လာ့ဂ်ျပြုလုပ်တာတွေ၊ ၀ါကျ တည် ဆောက်ပုံ လိုင်းအဖြတ်အတောက်တွေ၊ အဓိပ္ပာယ်ေ၀၀ါးလမ်းလွှဲသွားအောင် အချိုးဖျက်တာတွေ စတဲ့ ကဗျာနည်းနာ တက္ကနစ်တွေ ဘာတစ်ခုမှ ထည့်သွင်းတည်ဆောက်မထားတာကို တွေ့ရပါတယ်။ ပြောရရင် အထက်က ကဗျာတွေဟာ ခံစားမှုအခြေခံတည်ဆောက်မှု မပါဘူး။ ဘာပြီးရင် ဘာလာမယ် ဆိုတဲ့ ဇာတ်လမ်းသဘောတည်ဆောက်မှု မရှိဘူး။ သိမှုတည်ဆောက်ပြီး နားလည်မှုရယူက အဓိပ္ပာယ်ဖွင့်ဆိုနိုင်တာတွေ မပါဘူး။ ပြောရရင် ဒီလိုကဗျာတွေဟာ Conceptual Poetry ဆန်ဆန် အရေးအသားတည်ဆောက်မှုတွေပဲ ဖြစ်တယ်။
    ကဗျာဆရာဟာ သူ့စိတ်ကူးစတင်မြစ်ဖျားခံရာကို စတင်တည်ဆောက်ပါတယ်။ အချိန်ကာလ၊ ဒေသ ပတ်ဝန်းကျင်၊ နိုင်ငံရေး၊ လူမှုစီးပွားရေး စတဲ့ အာရုံရိုက်ခတ်မှု Concept တွေကနေ ကဗျာအဖြစ်အသွင်ပြောင်းယူပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေတယ်။ ကဗျာဓာတ်တွေ၊ ကဗျာဖြစ်မှုတွေ၊ ကဗျာနည်းနာတွေကို ထည့်မစဉ်းစားတော့ဘဲ စိတ်ကူးဥာဏ်နဲ့ ပိုင်းဖြတ်စိစစ်ထားတဲ့ ဖြစ်ရပ်မှန်တွေ၊ သတင်းအချက်အလက်တွေ၊ ပုံသဏ္ဌာန်တည်ဆောက်မှုတွေ စာသားအဆောက်အအုံပြင်ပက အရာဝတ္ထုတွေ၊ အစအနတွေကို ကဗျာထဲ စနစ်တကျထည့်သွင်းပြုလုပ်လာပါတယ်။ ဒါဟာ ကွန်ဆက်ချူရယ် ကဗျာသဘောတရားရဲ့ အနှစ်သာရတွေပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဆိုရင် ကဗျာဖတ်သူဟာ ဒီလိုကဗျာတွေကို ဘယ်လို ချဉ်းကပ်မလဲဆိုတာ ပြဿနာ ရှိလာပါတယ်။ အဲဒီအတွက် ဆရာငြိဏ်းဝေရဲ့ နကမ္ပတိ စာအုပ်ကနေ စာသားအချို့ ကောက်နှုတ်တင်ပြချင်ပါတယ်။

ကဗျာဆရာရဲ့ Concept ကို ချဉ်းကပ်ရပါမယ်။ ဘာကြောင့် ဒီကဗျာဆရာဟာ loss of syntax (၀ါကျဖွဲ့စည်းပုံကို အဆုံးရှုံးခံခြင်း) လုပ်ရသလဲ။ ဘာကြောင့် Open System (အပွင့်စနစ်) သုံးရသလဲ။ ဘာကြောင့် Psychological liberation (စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှု) လုပ်ရသလဲ။ ဘာကြောင့် technical liberation (နည်းနာများမှ လွတ်မြောက်မှု) လုပ်ရသလဲ။ ဘာကြောင့် ဘာသာစကားရဲ့ Visual form (အမြင်သဏ္ဍာန်)နဲ့ Shape (ပုံပန်း)တွေကို စာမျက်အခြေခံ (page-based) လုပ်ခဲ့တာလဲ။ Conceptual poetry မှာ concept ဟာ ဖတ်သူ၊ ရှုမြင်သူရဲ့ ဖြည့်ရတဲ့ gap ဖြစ်ပါတယ်။ ဒီမှာ Knowledge gap (အသိကွာဟမှု)၊ Aesthetics gap (ရသခံစားမှုစွမ်းအား ကွာဟမှု)ဟာ Conceptual Poetry ရဲ့ မမြင်ရတဲ့ အလှဗေဒ ဖြစ်ပါတယ်။ ဒါပေမယ့် သိလို့/ခံစားလို့တော့ ရပါတယ်။ Art Work နဲ့ Life ဟာ တသားတည်းကျသွားခြင်းက Poetry ကို ပိုအားရှိစေတယ်။ ဆိုလိုတာက ဘ၀မှာ ကိုယ်နားမလည်သေးတာတွေ၊ မရောက်နိုင်သေးတဲ့ အသိဥာဏ်တွေနဲ့ ပြည့်နေသလိုမျိုးဟာ Conceptual Poetry ကို တည်ဆောက်ရတာမျိုးနဲ့ တူတယ်။
(ငြိဏ်းဝေ - နကမ္ပတိ စာအုပ်မှ)
   
၁၉၁၇ မှာ ဒါဒါဝါဒရဲ့ ဖခင်တစ်ဦးဖြစ်တဲ့ မာဆယ်ဒူးရွှန့်ဟာ Ready Made Art ကို စတင်အသက်သွင်းခဲ့ပါတယ်။ ဆီးအိုးကြွေခမုတ်ပေါ်မှာ R Mutt လို့ လက်မှတ်ထိုးပြီး အနုပညာလက်ရာတစ်ခုအဖြစ်  ပြပွဲမှာ တင်ခဲ့ပါတယ်။ ပြပွဲ တာဝန်ခံ တွေက လက်မခံခဲ့ပေမယ့် ဒူးရွှန့်ရဲ့ Fountain လို့ အမည်ပေးထားတဲ့ အဲဒီအနုပညာလက်ရာဟာ ယခုဒီဘက်နှစ်ကာလ များစွာအထိ ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဒူးရွှန့်ဟာ အဲဒီလို နည်းနဲ့ Ready Made Art အနုပညာလက်ရာတွေကို ဆက်လက်ဖန်တီးခဲ့ပါတယ်။ ဒူးရွှန့်ကတော့ ဒီလိုအနုပညာလက်ရာတွေဟာ ` အနုပညာ၏ ရသလမ်းရိုးဟောင်းတွေကို ဒီလို အသင့်လုပ်အနုပညာလက်ရာတွေက ပယ်ဖျက်ဆန့်ကျင်ပါတယ်´လို့ အတိအလင်းကြေညာခဲ့ပြီး ` အနုပညာလက်ရှင်ဟာ လက်နဲ့ ထိကိုင်ပြုလုပ်သည် မဟုတ်စေကာမူ သူတို့၏ ရွေးချယ်မှုနှင့် သူတို့၏ ထုတ်ဖော်ပြောဆိုမှု၊ စိတ်ကူး (သို့) အယူအဆတစ်ခုကြောင့် အနုပညာလက်ရာဖြစ်သည်´လို့လည်း ပြောခဲ့ပါတယ်။ ထပ်ပြောရရင် Conceptual သဘောတရားဟာ မဖန်တီးထားတဲ့ ဖန်တီးမှု၊ အနုပညာမဟုတ်တဲ့ အနုပညာပဲ ဖြစ်ပါတယ်။
တစ်ခုတော့ ရှိပါတယ်။ စစ်မှန်တဲ့ အနုပညာလက်ရာတစ်ခုဖြစ်ဖို့အတွက် စစ်မှန်တဲ့ အနုပညာရှင် တစ်ဦး ဖြစ်ဖို့လည်း လိုပါတယ်။ မိုနာလီဇာကို နှုတ်ခမ်းမွှေးတပ်ဆွဲပေးတိုင်း မာဆယ်ဒူးရွှန့်ဖြစ်မလာနိုင်သလို နာရီတွေကို ပျော့ဖတ် နေအောင် ရေးဆွဲတိုင်းလည်း ဒါလီ ဖြစ်မလာနိုင်ပါဘူး။ ကဗျာဆရာကိုဒြပ်က `မီး´ ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ ကဗျာ တစ်ပုဒ်ပြုလုပ်ထားတာကို ကျန်တစ်ယောက်က `ရေ´ ဆိုပြီး ပြုလုပ်တာဟာ စစ်မှန်တဲ့ အနုပညာမဟုတ်ပါဘူး။ အနုပညာ ရှင် စစ်မှန်တဲ့ အားထုတ်မှု၊ စစ်မှန်တဲ့ ရပ်တည်ချက်နဲ့ စစ်မှန်တဲ့ ဖြတ်သန်းမှုဟာ ရှိနေရမှာဖြစ်ပါတယ်။

စကားလုံးယဉ်ကျေးမှုမှာ ကျွန်တော်သဘောကျတဲ့အချက်ဟာ ကဗျာဆရာနရနီရဲ့ ခေတ်ပေါ်ကဗျာမဟုတ်တဲ့ အရေးအသားတွေပါပဲ။ Conceptual Poetry ဖြစ်ခြင်း မဖြစ်ခြင်းဟာ အရေးမကြီးပေမယ့် သူ့ရဲ့ မဖန်တီးထားတဲ့ ဖန်တီးမှု၊ ကဗျာမဟုတ်တဲ့ ကဗျာတွေဟာ ကျွန်တော့်ကို စဉ်းစားဆင်ခြင်သုံးသပ်မှုတွေ အများကြီးပေးစွမ်းနိုင်ပါတယ်။ ကဗျာဆရာ နရနီဟာ သူ့ကဗျာလမ်းကြောင်းကို သူရွေးချယ်ထားပုံရတယ်။ သူ့မှာ စကားလုံးအားထုတ်မှု၊ သမိုင်းအချက်အလက်ရှာဖွေမှု၊ ကဗျာတစ်ပုဒ်အဖြစ်ပြုလုပ်မှု၊ ကဗျာဖတ်သူထံ တင်ပြပုံ စတာတွေဟာ ကဗျာတစ်ပုဒ်ချင်းစီအပေါ်မှာ စိတ်ကူးဥာဏ်အဓိက လွတ်လွတ်လပ်လပ် ရေးဖွဲ့တင်ပြထားပေမယ့် စကားလုံးယဉ်ကျေးမှုဆိုတဲ့ ကဗျာစာအုပ်အပေါ်မှာတော့ စိတ်စေတနာ ပြင်းပြစွာနဲ့ ရေးသားထုတ်ဝေပေးခဲ့တယ်ဆိုတာ ယုံကြည်လက်ခံမိပါတယ်။ ကဗျာတွေကို ဖတ်စေချင်ပါတယ်။ ကဗျာရေးသူ တွေဟာ ဘယ်တော့ စကားလုံးတစ်လုံး၊ ကဗျာလိုင်းတစ်လိုင်း၊ ကဗျာစာပိုဒ်တစ်ပိုဒ်ကို အကြောင်းမဲ့ ရေးပြီး စာမျက်နှာပေါ်၊ အွန်လိုင်းပေါ် ပစ်တင်လိုက်တာ မဟုတ်ပါဘူးလို့ ကဗျာဖတ်သူတွေက ယုံကြည်ပေးပါ။ ဖတ်ကြည့်ပေးပါ။ စကားလုံးတွေနဲ့ ယဉ်ကျေးမှုတစ်ခုကို တည်ဆောက်ပေးပါလို့ ဆရာ နရနီကိုယ်စား ပြောရင်း ကဗျာဖတ်သူဧရိယာ ဒီထက် ကျယ်ပြန့် ပေါများ လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မင်းနဒီခ
(၃၊ ၆၊ ၂၀၁၅)
ရယ်စရာ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၅

Saturday, May 23, 2015

ချိုမိုင်​မိုင်​ ရှာ​တော်​ပုံ ခရီးရှည်

ချိုမိုင်မိုင် ရှာတော်ပုံခရီးရှည်



စာအုပ်အမည် - ချိုမိုင်မိုင် ရှာတော်ပုံ
ရေးသူ - ရှိန်ဝါ
ထုတ်ဝေသည့်ကာလ - မတ်၊ ၂၀၁၅
ထုတ်ဝေသည့်တိုက် - နှစ်ကာလများ
မျက်နှာဖုံး - ငုအိမ်ထက်မြတ်၊ ညီညီ

 ဒီနေ့ခေတ် ကဗျာလောကကို အသေအချာအကဲခတ်ကြည့်ရင် ကဗျာအရွေ့တစ်ခုဆီကို ဦးတည်နေတယ်လို့ ပြောရမယ် ထင်ပါတယ်။ Facebook ဆိုတဲ့ လူမှုကွန်ယက်ကြီးပေါ်ပေါက်လာတာဟာ ကဗျာ၊ ကဗျာဆရာနဲ့ ကဗျာဖတ်သူ ဆိုတဲ့ ဆက်စပ်တည်ဆောက်မှုအနေအထားကို အရင်ကထက်ပိုပြီး သမမျှတ သွားစေတယ်လို့လည်း ထင်ပါတယ်။ အဲဒီမှာ ကဗျာဆိုင်ရာ သိမှု/ ကဗျာဖတ်အား/ ကဗျာအပေါ် အာရုံဝင်စားမှု အနည်းငယ်ရှိတဲ့ ကဗျာဖတ်သူတွေကိုယ်တိုင် ကဗျာတွေ ပြုလုပ်ဖန်တီးလာတယ်။ အလွယ်ပြောရရင် ကဗျာဆရာဖြစ်မှုနှုန်း (၀ါ) ကဗျာဆရာ အရေအတွက် အဆမတန် များပြား လာသလို ကဗျာစာအုပ်တွေလည်း စာပေစီစစ်ရေးလွတ်လပ်မှုအနည်းငယ်နဲ့ ခေတ်အဆက်ဆက် မကြုံဖူးလောက်အောင် များများစားစား ထွက်ရှိလာပါတယ်။ ကဗျာရေးသူ/ ကဗျာဆရာတွေ များပြားလာတာဟာ သေနတ်အသစ်တစ်လက် တိုးလာတာ မဟုတ်တဲ့အတွက် ၀မ်းသာဖို့ ကောင်းတာ အမှန်ပါပဲ။ ကဗျာဆိုတဲ့ လမ်းကြောင်းပေါ်မှာ ရေရှည် ဘယ်လောက် ထိ ဆေးသားခိုင်ခိုင်နဲ့ ရပ်တည်နိုင်မလဲ၊ ကဗျာအပေါ် ဘယ်လောက် ရိုးသားနိုင်သလဲ၊ ကဗျာနဲ့ ဘယ်လောက်ထိ လက်တွဲ ထားနိုင်မလဲဆိုတာကတော့ အချိန်ကာလက အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကဗျာဟာ တာတိုပြေးလမ်း မဟုတ် ပါဘူး။ ကဗျာဟာ ဘ၀တစ်ခုလုံး အားသွန်ခွန်စိုက်နှစ်ပြီး ပြေးသွားရမယ့် တာဝေးပြေးလမ်းဖြစ်ပါတယ်။ ဘယ်သူ ဘယ်လောက် ပြေးနိုင်မလဲ။ ခင်ဗျား တစ်မိုင်ပြေးရင် ကဗျာဆိုတဲ့ ပန်းတိုင်ကလည်း တစ်မိုင်ထပ်ပြေးမှာပဲ။ ဘာဖြစ်လို့လည်း ဆို တော့ ကဗျာဟာ ရွေ့နေလို့ပါပဲ။
မြန်မာကဗျာသမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ပုဂံခေတ် (ခရစ်နှစ် ၁၀၄၄ - ၁၂၉၈ )ကနေ ကိုလိုနီခေတ် (ခရစ်နှစ် ၁၈၈၆ - ၁၉၄၇) တစ်ပိုင်း၊ ခေတ်စမ်းကဗျာ (၁၉၃၀ - ၁၉၄၅)ကနေ ခေတ်ပေါ်ကဗျာခေတ်ဦး ( ၁၉၇၀ -၁၉၉၀)ထိတစ်ပိုင်း။ ခေတ်ပေါ်နှောင်းပိုင်း ( ၁၉၉၀ - ) ကနေ အခု ဒီဘက်နှစ်များ ခေတ်ပေါ်/ ခေတ်ပြိုင်၊ Contemporary အထိ ကဗျာဟာ ရွေ့နေတုန်းပါပဲ။ ဒါပေမယ့် ဒီဘက်နှစ်များမှာ ပိုအားရစရာ ကောင်းတာကတော့ ကဗျာဆိုင်ရာနည်းနာ တက္ကနစ်တွေ ပိုမိုကျယ်ပြန့်လာတယ်။ နိုင်ငံတကာကဗျာ ဘာသာပြန်တွေ၊ နိုင်ငံတကာ ကဗျာစာအုပ်တွေ၊ ကဗျာဗေဒ ဆိုင်ရာဘာသာပြန်ဆိုရှင်းလင်းချက်တွေ စတဲ့ ကဗျာနဲ့ ပတ်သက်လို့ လေ့လာစရာ၊ အတုယူစရာ၊ အသစ် ဖန်တီးနိုင်စရာတွေ အများအပြားရှိလာတာပါပဲ။ ကိုယ်တိုင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမယ်၊ ကဗျာနဲ့ ပတ်သက်လို့လည်း စိတ်အားထက်သန်မှုရှိမယ်ဆိုရင် အင်တာနက်ပေါ်က Poetry Seminar, Poetry Workshop တွေမှာ နိုင်ငံတကာက လက်ရှိရေးသားနေတဲ့ ကဗျာဆရာတွေကိုယ်တိုင်နဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးငြင်းခုံနိုင်တဲ့အပြင် နိုင်ငံ တကာစာပေ ပွဲတော်တွေအထိ လက်လှမ်းမှီရင် သွားရောက်ဆွေးနွေးလေ့လာနိုင်ပါသေးတယ်။ ဒါဟာလည်း နည်းပညာပိုင်း ဆိုင်ရာ တိုးတက်မှုနဲ့အတူ ကဗျာအရင်းအမြစ် ချဲ့ကားတိုးတက်လာမှုလည်း ဖြစ်ပါတယ်။ ကဗျာဆိုင်ရာသိမှု ဆင့်ကဲ တိုးတက် ပြောင်းလဲလာတာနဲ့အမျှ ကဗျာဖတ်သူ လူ့အဖွဲ့အစည်းဟာလည်း တိုးတက်ပြောင်းလဲလာတာ အမှန်ပဲ ဖြစ်ပါ တယ်။ ကိုယ့်အယူအဆနဲ့ ကိုယ်ပြောရရင် ခေတ်ပေါ်ကဗျာခေတ်ဦးတုန်းက နားလည်မှု ခက်ခဲစေခဲ့၊ အဓိပ္ပာယ်ဝေဝါးစေခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပေါ်ကဗျာ နှောင်းပိုင်းမှာ နားလည်လွယ်တဲ့၊ ရှင်းလင်းတဲ့ သိမှုကို ပေးနိုင်တဲ့ ကဗျာတွေအဖြစ် ပြောင်းလဲလာခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီကနေ့ ကဗျာဆရာတွေ ဖန်တီးနေတဲ့ ခေတ်ပြိုင်ဟန်ကဗျာတွေဟာလည်း အချိန်ကာလ အပိုင်းအခြားတစ်ခုမှာ ကဗျာဖတ်သူကို လွယ်ကူရှင်းလင်းသွားစေဦးမှာပဲ ဖြစ်ပါတယ်။
မြန်မာကဗျာဟာ ခေတ် အဆက်ဆက် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် အသံနဲ့ တဖြည်းဖြည်းချဲ့ထွင်လာခဲ့တဲ့ စာပေ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ခေတ်စနစ်ဆိုးတစ်ခုအောက်မှာ အချိန်ကြာမြင့်စွာ မွန်းကျပ်ပိတ်လှောင်ထားခံခဲ့ရပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖောက်ထွက်၊ အသစ်တည်ဆောက်ခဲ့၊ ကြိုးစားခဲ့ကြ ရပါတယ်။ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ ကနေ Modern, Post Modern, LP, PLP, Neo, Conceptual, Flarf, Digital, Hybrid, Exprimental စတဲ့ ကဗျာဆိုင်ရာ နည်းနာ အရေးအသားတွေဟာ ကဗျာဆရာတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဆင့်ကဲတိုးတက်ပြောင်းလဲ ရွေ့လျားခဲ့ ကြပါတယ်။ ဒါပေမယ့် ခေတ်ပေါ်နှောင်းပိုင်း (၁၉၉၀) နောက်ပိုင်းကဗျာ အရွေ့ကတော့ အပြောင်းအလဲမြန်ဆန်တယ်၊ အတက်အကျ ကြမ်းတယ်လို့ ဆိုရလောက်အောင်ပါပဲ။ အောင်မြင်ပါရဲ့လားလို့ မေးလာရင်တော့ အပြည့်အ၀ မအောင်မြင်သေးဘူးလို့ ပြောရမယ် ထင်ပါတယ်။
 ခေတ်ပေါ်နှောင်းပိုင်းနောက်ပိုင်း ကဗျာနည်းနာအသစ်တွေ၊ ကဗျာဗေဒအသစ်တွေကို ကဗျာဆရာနဲ့ ကဗျာဖတ် သူ အနည်းငယ်လောက်ပဲ လက်ခံတယ်လို့ မြင်ပါတယ်။ သာမန်ကဗျာဖတ်သူကို မဆွဲဆောင်နိုင်တဲ့အတွက် မအောင်မြင် ဘူးလို့ ယူဆချင်တယ်။ သာမန်ကဗျာ ဖတ်သူဆိုတဲ့နေရာမှာလည်း ကဗျာဖတ်သူ (ပြည်သူ)ဟာ ခေတ်က ပေးတဲ့ အကျပ် အတည်း၊ စိတ်ပင်ပန်းမှု၊ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှု၊ လယ်မြေယာမြေပြဿနာ၊ ပညာရေးဖိနှိပ်မှု၊ အတွေးအခေါ်ပိတ်လှောင်မှု၊ အလုပ်အကိုင် အဆင်မပြေမှု၊ လုပ်အားခနည်းပါးမှု စတဲ့ အာဏာရှင်အုပ်ချုပ်သူ လူတန်းစား တစ်ရပ်က ပေးတဲ့ ဒုက္ခတွေကို နှစ်ပေါင်းများစွာ ခံစားရင်း အနုပညာခံစားနိုင်မှု `အား´ တွေ ယုတ်လျော့ခဲ့ရတယ်။ ပညာတတ်လူတန်းစား နည်းပါးခဲ့ရတယ်။ အနုပညာဖန်တီးနိုင်စွမ်း/ ခံစားနိုင်စွမ်း မြင့်မားတဲ့သူတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ဒီတော့ ခေတ်ပြိုင်အနုပညာမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖန်တီးခံစားဖို့ မလွယ်ကူတာ၊ ကိုယ့် ကိုယ်ပိုင်အနုပညာဟန် အယူအဆအသစ်တွေနဲ့ ကမ္ဘာကို ထိုးဖောက်ဖို့ မလွယ်ကူတာတွေ ဖြစ်လာတော့တာပါပဲ။ ဒါပေမယ့် ကိုယ့်အနုပညာကို ရပ်တန့်မနေဘဲ ရွေ့အောင် ရွှေ့နေရမှာ အနုပညာသမားတွေရဲ့ အလုပ်ပါပဲ။ ဒီကနေ့ လူငယ်ကဗျာဆရာတွေဟာ ပညာ တတ်အလွှာက ပိုမို ၀င်ရောက်လာတာကိုလည်း တွေ့ရပါတယ်။ အရင်ခေတ်များ ဆီက ကဗျာဆရာတွေရဲ့ လူနေမှုဘ၀ ပုံစံနဲ့လည်း ကွဲပြားခြားနားလာတယ်။ လူနေမှုဘ၀ပုံစံတွေ ကွဲပြားလာတာနဲ့အမျှ ကဗျာစကားလုံးရွေးချယ်ပုံ၊ ဖွဲ့စပ်ပုံ၊ တည်ဆောက်ပုံ၊ ကဗျာလာရာလမ်းကြောင်း၊ ကဗျာအကြောင်းအရာ စတာတွေ ကွဲပြား လာပါတယ်။ ကဗျာဆရာဟာ သူ့ပတ်ဝန်းကျင်၊ သူ့လေ့လာမှု၊ သူ့အပေါ်ရိုက်ခတ်လာတဲ့ အခိုက်ဓာတ် စတဲ့ အကြောင်း အရာတွေအပေါ် များသောအားဖြင့် သူ့ကဗျာကို တည်ဆောက်လေ့ရှိတဲ့အတွက် အချို့သောကဗျာဖတ်သူနဲ့ ဝေးကွာ သွားလေ့ ရှိတတ်တာကြောင့် ကဗျာဆရာ ဟာ သူ့ယုံကြည်ရာ အရေးအသားကို တစ်ဆင့်လျော့ချပေးလိုက်တဲ့ ကဗျာဆရာ တွေရှိသလို လုံးဝလျော့ချမပေးဘဲ ကဗျာဖတ်သူကိုသာ ရွေးချယ်ခိုင်းတဲ့ ကဗျာဆရာတွေလည်း ရှိပါတယ်။ ရှင်းရှင်းပြောရရင် ကဗျာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်စဉ်းစားတဲ့ ကဗျာဆရာနဲ့ ကဗျာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစားတဲ့ ကဗျာ ဆရာပေါ့။
၂၀၁၅၊ မတ်လမှာ ကဗျာဆရာ `ရှိန်ဝါ´ ရဲ့`ချိုမိုင်မိုင် ရှာတော်ပုံ´ အမည်ပေးထားတဲ့ ကဗျာစာအုပ်လေး တစ်အုပ် ထွက်လာပါတယ်။ ကဗျာဆရာရဲ့ ဇနီးကိုယ်တိုင် အမှာစာ ရေးပေးထားပြီး အသက်(၃၀)ပြည့်မွေးနေ့အမှတ်တရအဖြစ် ကဗျာ (၃၁) ပုဒ်ထည့်သွင်းထားပါတယ်လို့လည်း ကဗျာဆရာကိုယ်တိုင် ၀န်ခံကျေးဇူးစကားဆိုထားပါသေးတယ်။ ရှိန်ဝါဟာ ဘယ်လို ကဗျာဆရာလဲ။ ဘယ်လို ကဗျာတွေကို ရေးသလဲ။ ကဗျာအပေါ် ဘယ်လို နှစ်လိုစုံမက်သူလဲ။ ရှိန်ဝါကတော့ ` မေးခွန်းတွေဟာ ပျင်းစရာကောင်းသွားပါပြီ။ မသေချာ၊ မရေရာနေရတာကိုလည်း ငြီးငွေ့နေပါပြီ။ `ငါ´ ရဲ့ အံ့သြမှုနဲ့ ငြီးငွေ့မှုကို အသုံးပြုလို့ အကြီးကျယ်ဆုံးသော ဥာဏ်ပညာ/ ကဗျာရှာပုံတော်ကြီး ဖွင့်လိုက်ပါပြီ ´တဲ့။ တကယ်တမ်းကျတော့ ရှိန်ဝါရဲ့ ကဗျာဖြတ်သန်းမှုက တော်တော်ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်လောက်ကတည်းက ကဗျာတွေ ရေးခဲ့ပြီး ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ ပုံနှိပ်မီဒီယာလောကကို ခြေဆန့်ခဲ့၊ ၂၀၁၃ ခုနှစ်မှာ ကဗျာလောကထဲ ထဲထဲဝင်ဝင်ရောက်ရှိလာပြီး ပညာရေးဆောင်းပါးတွေ ဘာသာပြန်ရေးသားခဲ့၊ ရုပ်ရှင်ခံစားမှုဆောင်းပါးတွေ ရေးသားခဲ့သူ။ ကိုယ်ပိုင် Blog တစ်ခု တည် ဆောက်ထားပြီး ကဗျာပြေးလမ်းထဲ ခြေစုံပစ်ရောက်ရှိနေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေဟာ သူ့ ကိုယ်ရေး အကျဉ်းမှာပါတဲ့ အချက်အလက်အနည်းကို တဆင့်ပြန်တင်ပြခြင်းသက်သက်ပါ။ တကယ်တမ်းကျတော့ ရှိန်ဝါနှင့် ကျွန်တော် မှာ Facebook Friend အဆင့်မျှသာ။ သူနှင့် လူချင်းမရင်းနှီးသလို သူ့ကဗျာများကိုလည်း (ကိုယ့် လေ့လာမှု အားနည်းချက် အရ) အနည်းအကျဉ်းသာ ဖတ်ဖူးထားသူဖြစ်တဲ့အတွက် အခု `ချိုမိုင်မိုင် ရှာတော်ပုံ´ ကဗျာစာအုပ်ကို ရေးရာမှာ ဝေဖန် သုံးသပ်နိုင်စွမ်း အားနည်းနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ကဗျာနဲ့ ကဗျာလောကအပေါ်မှာ သံယောဇဉ် ကြီးသူ၊ မြန်မာကဗျာ ကောင်းကျိုးကို လိုလားသူ၊ မြန်မာကဗျာအသစ်ဖြစ်ထွန်းတိုးတက်ရေးအတွက် တစိတ်တပိုင်း ပါဝင်ထမ်းပိုးသူ၊ ကဗျာဆိုင် ရာ ဘာသာဗေဒများကို စိတ်ပါဝင်စားသူ၊ ကိုယ်ပိုင်ကဗျာဟန်တစ်ခု တည်ဆောက်နိုင်ပြီး ကဗျာတာဝေး ပြေးလမ်းပေါ်မှာ ကဗျာ ရှာပုံတော်ဖွင့်နေသူ ဖြစ်တဲ့အတွက် သူ့ ကဗျာတွေကို စေတနာလက်ဆင့်ကမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။
`ချိုမိုင်မိုင် ရှာတော်ပုံ´မှာ ပထမဆုံးသတိပြုမိတာက ကဗျာတွေအားလုံးဟာ ပင်မရေစီးခေတ်ပေါ်ဟန်ရဲ့ အရိပ် လွှမ်းမိုးမှုမတွေ့ရတာ၊ ကဗျာထဲက အချို့သော အကြောင်းအရာတွေ၊ အဓိပ္ပာယ်လုံးဝဖော်လို့မရ(မရှိ)တဲ့ အက္ခရာ အစုအဝေး တွေ ထည့်သွင်းထားတာ၊ လိုင်းတစ်လိုင်းကနေ အခြားလိုင်းတစ်လိုင်းကို အဆက်အစပ်မဲ့ ခုန်လွှား ကူးသန်းရေးချသွားတာ၊ နောက်ပြီး အခြားအနုပညာရပ် (Art Work)များထဲမှ တဆင့်ပြန်လည်ခံစား/ပြုလုပ်/ Coallage ပြုလုပ်ထားတဲ့ ကဗျာတွေ၊ ကဗျာစာသားတွေကို Fragment ပြုလုပ်ပြီး သိမှုကို မေးခွန်းထုတ်တာတွေ၊ ကဗျာဖတ်သူရဲ့ အဓိပ္ပာယ်ရှာဖွေမှုကို ရပ်တန့် သွားစေလောက်အောင် အချိုးဖျက်တည်ဆောက်မှုတွေ စတဲ့ ခေတ်ပြိုင်ကဗျာဆိုင်ရာ နည်းလမ်းတွေကို ရည်ရွယ်ချက် ရှိရှိ အထပ်ထပ်စမ်းသပ်ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
 ပထမဆုံး အဖွင့်ကဗျာဖြစ်တဲ့ `ကြည်ကြည်လင်လင် မြင်ရတဲ့ အတည်ပေါက်တွေနဲ့ ပိတ်ဖုံးနေတယ်။ ဟာသ´မှာတင် ကဗျာဖတ်သူဟာ အကြီးအကျယ် အဓိပ္ပာယ်ေ၀၀ါးမှု/ ရှုပ်ထွေးမှုနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလို ကဗျာတွေဟာ ကဗျာဆရာရဲ့ ကဗျာနေခြင်း သိစိတ်အလျင် (သို့) မသိစိတ်ရဲ့ ရုတ်ချည်းလုပ်ဆောင်မှုအပေါ်မှာ မူတည် နေတဲ့အတွက် ကဗျာဖတ်သူဟာ ဒီလိုကဗျာထဲက သိမှုတစုံတရာ၊ ဒါမှမဟုတ် နားလည်ချင်မှုကို လိုက်ရှာဖွေနေမယ်ဆိုရင် မှားမှာပဲ ဖြစ်ပါတယ်။ ဒီကဗျာမှာ ကဗျာဆရာဟာ သူ့စိတ်ခံစားမှုအလိုကို လိုက်ရင်း ကဗျာထဲက ဇာတ်ကောင်လူသားကို နေရာတွေ အထပ်ထပ်ရွေ့တယ်။ ဇာတ်ကောင်ရဲ့ အထီးကျန်မှု၊ မယုံကြည်မှု၊ သံသယဖြစ်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်တယ်။ ကဗျာအဆုံးမှာ ဇာတ်ကောင်ရဲ့ စိတ်ဒဏ်ရာရရှိမှုဟာ အဆုံးစွန်ထိဖြစ်သွားစေပြီး သေခြင်းတရားကို တောင် မထီမဲ့မြင်ပြုလာတဲ့အထိ ရေးဖွဲ့ပစ်လိုက်တယ်။ ပြီးတော့ နောက်ဆုံးစာကြောင်းနဲ့ ကဗျာဖတ်သူကို ကဗျာအလုပ် တစ်ခု ပြန်ပေးလိုက်ပါတယ်။ ` အဆုံးသတ်ပြီးရင် ဒီကဗျာက ရှိန်ဝါ့ကို ဟားတော့မှာပဲ´ တဲ့။

အိပ်ယာသံတွေဟာ ဘုရားခန်းထဲအထိ ၀င်ရောက် ၀တ်ပြုတယ်။
ထွက်ပြေးဖို့ရာ ရုပ်ပြောင်းနာမ်ပြောင်းဂါထာကိုသာ
စွဲစွဲမြဲမြဲ ရွတ်ဖတ် သရဇ္ဈာယ်ရမယ်။
em;rvnfatmif a&;xm;wnudkvmzwfaeao;wfrMunfhygeJYqdkwmudk
အချက်ပေးသံတွေ လာလာ မလာလာ၊ ကိုယ်တွင်းဗုံးဟာ ဘ၀တစ်ပါးအဖြစ်
ပြန်လည်စလောင်တယ်။ လောင်ပြီးမှ ပြန်လည်စတင်အသံထွက်တယ်။
အရောင်တွေကိုတော့ မတားနိုင်တဲ့ငှက်တွေရဲ့ တစ်ခုတည်းသော ကောင်းကင်
. . . . . . . . . .
. . . . . . . . . .
နှုတ်ခမ်းမွှေးတွေကို ရိတ်ပြီးရင် ပျော်ပျော်ကြီးသေလို့ရပြီ။ (ကိုယ်ချင်းစာတဲ့ အနေနဲ့)
ငါ့အလောင်းကို သူတို့ရှာလို့ လွယ်အောင် အပုပ်နံ့ပေးခဲ့ရမယ်။
(`ကြည်ကြည်လင်လင် မြင်ရတဲ့ အတည်ပေါက်တွေနဲ့ ပိတ်ဖုံးနေတယ်။ ဟာသ´ ကဗျာမှ)

 နောက်တစ်ပုဒ် `ခါး SIZE ချဲ့ထွင်ခြင်း´ မှာလည်း ဒီအတိုင်းပါပဲ။ အောက်ပါစာအုပ်များမှ အပိုင်းအစများအား ယူငင်သုံးစွဲထားပါသည် ဆိုတဲ့ စာအုပ်စာရင်းဟာ အုပ်ရေ ၃၀ တိတိ ရှိပါတယ်။ ရှိန်ဝါဟာ အဲဒီစာအုပ် ၃၀ ထဲက သူ့ဖြတ် ထုတ်ထားတဲ့ စာသား စကားလုံးအပိုင်းအစတွေနဲ့ ` ခါး SIZE ချဲ့ထွင်ခြင်း´ ကို ပြုလုပ်တည်ဆောက်ထားပါတယ်။ ဒီလို ကဗျာတွေမှာ ကဗျာဖတ်သူက ဘာကို ရနိုင်မလဲ။ ကျိုးကြောင်းစပ်ဆက်မှုလား။ အဆက်အစပ်မဲ့မှု အလှတရားလား။ စကားလုံးတွေ စာသားအစုအဝေးတွေမှာ ပါတဲ့ သီးခြားအဓိပ္ပာယ်ကို ဖော်ဆောင်လိုခြင်းလား။ စုစည်းမှုမရှိတဲ့ စုစည်းမှုတစ်ခု (သို့) မတူညီမှုတွေ ပေါင်းစပ်ပြီးမှ ရလာနိုင်မယ့် အသစ်တစ်ခုခုကိုများ ကဗျာဆရာက ပေးချင်တာလား။ ဒါမှမဟုတ် ကဗျာ ဆရာရဲ့ စိတ်ကျေနပ်မှုအလိုဆန္ဒအတွက်ပဲလား။ ဘယ်လိုဖြစ်ဖြစ် ကဗျာဆရာရဲ့ ကဗျာပြုလုပ်ခြင်းဟာ ကဗျာမြောက်မှု ကတော့ ရှိနေတာ အမှန်ပါပဲ။

ဆရာတော် အိန်ဂျယ်သည် လေပူအားကို ယူ၍
သက်ပြင်းထ ထိုင်တော်မူလိုက်သည်။
အဆိုပါ မှားလေ့ရှိသော အမှားများအား
သာမန် ပြဋ္ဌာန်းစာအုပ်အဖြစ်သာမက ကျမ်းကိုးအဖြစ်ပါ အသုံးပြုနိုင်သည်။
ဘယ်တံခါးကိုပဲ ပိတ်ပိတ် နာရီသံကိုတော့ ကြားနေရမှာပဲ။
သက်လတ်ပိုင်းအရွယ်ရောက်လာတာနဲ့
ညနေခင်းတွေဟာ လူတွေကိုယ်ထဲ လမ်းဝင်လျှောက်တော့တာပဲ။
ဒီတစ်ခါတော့ အဲဒီမျှော်လင့်ချက်တွေကို သူဝတ်လို့ မတော်တော့ဘူး။
နာရီတွေကို ခုန်ကျော်ပစ်ဖို့ မျက်လုံးတွေဟာ မပေါ့ပါးတော့ဘူး။
သိဒ္ဓတ္ထဟာ မလုံလောက်ခြင်း ဥာဏ်ပင်နဲ့အတူ ပေါက်ဖွားခဲ့တယ်။
( ခါး SIZE ချဲ့ထွင်ခြင်း ကဗျာမှ)

နောက်ထပ် နောက်ထပ်နဲ့ ရှိန်ဝါကဗျာ့တွေကို ဖတ်ရင်း ဖတ်ရင်း ရှိန်ဝါရဲ့ ကဗျာရေးဟန်နဲ့ ကဗျာ တည်ဆောက်မှု ဟာ ပိုမိုပေါ်လွင်လာတာကို တွေ့ရပါတယ်။ ရှိန်ဝါရဲ့ တစ်ချို့ကဗျာတွေမှာ ကဗျာလိုင်းကူးဆက်ပုံအရ အဓိပ္ပာယ် တည် ဆောက်မှုတစ်ခုကို ဦးတည်သွားတဲ့ ကဗျာတွေတွေ့ရသလို လိုင်းကူးဆက်ပုံအရ ပထမလိုင်းရဲ့ လာရာအဓိပ္ပာယ်ဟာ နောက်တစ်လိုင်းရဲ့ ဆက်ခံရာ အဓိပ္ပာယ်နဲ့ ဘယ်လိုမှ ချိတ်ဆက်လို့ မရတဲ့ ကဗျာတွေလည်း အများကြီးတွေ့ရပါတယ်။ ထပ်ပြောရရင် ကဗျာတစ်ပုဒ်ရဲ့ လိုင်းတစ်လိုင်းချင်းစီဟာ သီးခြားအဓိပ္ပာယ်တွေနဲ့ အပြိုင်ဖြစ်ထွန်းနေတဲ့ ကဗျာတွေ ရှိသလို လိုင်းအားလုံးရဲ့ ဦးတည်ရာညီညွှတ်မှုတစ်ခုခုရှိနေတဲ့ ကဗျာတွေလည်း ရှိတယ်လို့ ဆိုရမှာပါပဲ။ ဥပမာပြောရရင်` ချိုမိုင်မိုင်´၊` ခေါင်းစဉ်ဟာ ပထမဦးဆုံးအကြောင်း´၊ ` ပထ၀ီညံ့ရာက စလို့´၊`အကြောင်းအရာ။ ။ ခွင့်တိုင်ကြားခြင်း´၊ `ရည်ညွှန်းစာ(22.1.1985)´၊ `မိတ္တူကို´၊ `အတွင်းတွင်တွင်ရေး´၊ `မှဲ့ခြောက်´ စတဲ့ ကဗျာတွေဟာ လိုင်းကူးဆက်ပုံအရ သီးခြားစီ အပြိုင်ဖြစ်ထွန်းနေတဲ့ ကဗျာတွေလို့ တွေ့ရှိရပြီး ` နေ့တိုင်း ရုပ်ရှင်တွေ လာနေတာ အံ့သြဖွယ်ရာ´၊ `လည်နေတဲ့ စားပွဲဝိုင်းတွေ´၊ ` စင်ပေါ်မှာ ရှိန်ဝါ´၊` မျက်လုံးများ´၊`သကြားလုံးချိုချိုလေးတွေကို ဖောက်ခွဲပစ်ဖို့ တူရာစု´၊ ` မြားခေါင်း စိုက်ရောဂါ(ပထမနာမ်စားဖြင့်)´၊ `ဗေဒါ ပန်းပြီ´၊ `ခြေမန်းကွင်း´၊ `မပြည့်တန်ဆာ(ကြိုက်သလိုအသံထွက်ပါ)´၊`မြူ´၊ ` စန္ဒယားတစ်လုံးပေါ်က ခရီးကြမ်း´၊` လမ်းပေါ်က ကားအို´ စတဲ့ကဗျာတွေမှာ ကဗျာလိုင်းတွေဟာ စုစုစည်းစည်းနဲ့ ကဗျာ ဖြစ်မှုကို ဦးတည်နေတာ တွေ့ရပါတယ်။ အစွန်းတဖက်ကို ရပ်ပြီး ပြောရမယ်ဆိုရင်တော့ ရှိန်ဝါဟာ Collage ကဗျာ ရေးဟန် မှာ အကျွမ်းတ၀င်ရှိပြီး ပိုမို နှစ်နှစ်ကာကာ ရေးသားအားထုတ်ထားတာကို တွေ့ရတယ်လို့ ဆိုချင်ပါတယ်။

သတိရလို့ကြည့်လိုက်တော့ ငါ့ခြေထောက်တွေက ငါ့ကို ပြေးနေပြီ
ရေအိုင်ထဲ ပြန်ငုံ့ကြည့် ၊ ကိုယ့်ကိုယ်ကိုယ် ခေတ်စားကြည့်တော့
သတင်းစာ သွားကြားညှပ်နေတဲ့ အမွေးစုတ်ဖွား ပြုံးဖြီးဖြီးကြီး
စာမျက်နှာတွေပေါ် ရောက်ဖို့ဆို၊ လိင်တံတစ်ချောင်းလိုအပ်တယ်
ဟု တင်မိုသီလျူမှ ရေးသား၊ ထောင့်တွေ့ရင် ချိုးပစ်လိုက်တယ်
ဘယ်/ညာ၊ ခေါင်း/ပန်း ဘာမှ မစဉ်းစားတော့တဲ့ အမိုက်လင်းမီးတွေ
ထောင့်တစ်ထောင့်မှာ မျက်နှာညှိုးငယ်နေတဲ့ ငါ့အမေ
ငါ ဘယ်လောက်ပြေးပြေး သူကပ်ပါလာတယ်
(ချိုမိုင်မိုင် ကဗျာမှ)

သောကြာနေ့ဟာ ည၀တ်အင်္ကျီဖြစ်တယ်။ ပြန့်ကျဲနေတဲ့
ခရုတွေကို သနားလို့ ပင်လယ်တွေကို တဂျွမ်းဂျွမ်း တက်နင်းပစ်လိုက်တယ်။
အမိုက်မှောင်ထဲ တိုးဝင်ဖို့ ရှုခင်းကောင်းကောင်းပြတင်းပေါက်တွေ
လိုအပ်တာပဲလား။ သော့ပေးလိုက်တယ်။ ဘယ်လိုဖွင့်ရမလဲ မပြောဘူး။
ဟင်းသီးဟင်းရွက်ထဲက ပိုးကောင်တွေရဲ့ အက။ ယမန်နှစ်က တိုင်းထွာချက်
များအရ ဤကဗျာအား အပိုဒ်ခွဲလိုစိတ် ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
(ပထ၀ီညံ့ရာက စလို့ ကဗျာမှ)

ဟထားတဲ့ ပါးစပ်ထဲကနေ တင့်ကားတွေ တစ်စီးပြီးတစ်စီးအထွက်
မရိုးနိုင်တဲ့ အမှောင်ခြောက်တွေ မီးထလောင်တယ်။ တဲတဲကလေး
ချောက်ကမ်းပါးစွန်းမှာ ဘီးနှစ်ဖက်ကျ ကူကယ်သူလက်ပြင်များ
ချစ်သူက ရပ်နေပေမယ့် ဆံပင်တွေ လွင့်နေတာ။ ခေါင်းတွေ လွင့်နေတာ
ဆေးရုံခုတင်နား ၀ိုင်းလာကြပြီ ဇွမ်ဘီးတွေဟာ စိတ်လှုပ်ရှားဖွယ်ရာ
ကြက်ခြံထဲ ကြက်ဥတွေ ၀င်ခိုးပြီး ဓားနဲ့ ကြိတ်လှီးရာက
ပွင့်ကုန်တဲ့ သွေးပန်းတွေ။
(နေ့တိုင်း ရုပ်ရှင်တွေ လာနေတာ အံ့သြဖွယ်ရာ ကဗျာမှ)

ဆေးဝါးနဲ့ သေနတ်တွေကို သင်္ဘောတစ်စင်းထဲ တင်ပို့လိုက်တယ်။
ကျန်ကျောင်းဟာ သူ့ရဲ့ ကျောက်စိမ်းဓားကို ဆွဲထုတ်လိုက်တယ်။
ကလေးတိုင်းလိုလို မီးလင်းတဲ့ ကစားစရာဆိုရင် ကြိုက်တတ်ကြတယ်။

ကလေးဟာ သူ့ဆိုင်ကယ်လေးကို ဖျာပေါ်မှာ မောင်းလို့ မဆုံးဘူး။
ဘဲတစ်ကောင် ရေခါတာကို သူ့အသိုင်းအ၀ိုင်းက ဘယ်ဘဲမှ စောက်ဂရုမစိုက်ဘူး။
လွယ်အိတ်ထဲက သမိုင်းစာအုပ်ထဲမှာ ဒီနေ့အဖို့ မုန့်ဖိုးမပါတော့ဘူး။
(လည်နေတဲ့ စားပွဲဝိုင်းတွေ ကဗျာမှ)

 ဆရာ ဇေယျာလင်းရဲ့ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများထဲက ` ကော်လာ့ဂ်ျ အကြောင်း တစေ့တစောင်းဆောင်းပါးပါ အချက်အလက်တစ်ချို့နဲ့ ချိန်ကိုက်ကြည့်ရင် ရှိန်ဝါရဲ့ ကဗျာအများစုဟာ ကျိုးကြောင်းဆင်ခြင် ယုတ္တိကို ဆန့်ကျင်တယ်။ ရည်ရွယ်ချက်ရှိရှိသုံးစွဲတယ်ဆိုရင်လည်း တပိုင်းပဲ မှန်မယ်။ ဖရိုဖရဲဖြစ်ခြင်း၊ အစီအစဉ်မကျခြင်း၊ တိုက်ဆိုင်မှုဖြစ်ခြင်း၊ မတော်တဆရရှိလာတဲ့ ပစ္စည်းတွေကို စွဲယူသုံးစွဲခြင်း စတာတွေကို ကြည့်ရင် ရှိန်ဝါရဲ့ Collage ကဗျာတည်ဆောက်မှုဟာ အောင်မြင်တယ်လို့ ပြောလို့ရပေမယ့် ကဗျာတစ်ပုဒ်ဖတ်ပြီး ကဗျာထဲကနေ နားလည်မှု၊ အဓိပ္ပာယ် သိလိုမှု၊ ကြည်နူးမှု စတာတွေကို လိုက်ရှာနေမယ့် ကဗျာဖတ်ပရိသတ်အတွက်တော့ ခက်ခဲတဲ့ကဗျာတွေ ဖြစ်နေဦးမှာ အမှန်ပါပဲ။ အဆုံးသတ်အနေနဲ့ပြောရရင် ရှိန်ဝါရဲ့ ကဗျာအများစုဟာ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာလိုက်ဖက်ညီမျှမှု ရှိနေတယ်။ ရှိန်ဝါဟာ ကဗျာထဲကနေ သိမှု၊ အရှိတရား၊ အမှန်တရား၊ အဓိပ္ပာယ်နားလည်မှု စတာတွေကို ချပြတာ မဟုတ် ဘူး။ ကဗျာအဆောက်အအုံတစ်ခုကို အချိုးကျကျ တည်ဆောက်ပြတာပဲဖြစ်တယ်။ သူ့ကဗျာထဲက စာသားတွေဟာ Fragmentation ပိုင်းစစိတ်မွှာမှုတွေ ပြုလုပ်ထားပေမယ့် ပြေပြစ်ညီညွှတ်မှုရှိနေတယ်။ ကဗျာထဲက မတူညီတဲ့ အဓိပ္ပာယ် တွေ စာသားတွေ စကားလုံးတွေဟာ စက်ယန္တရားတစ်ခုလို ပေါင်းစပ်ပြီး မှန်ကန်စွာ လည်ပတ်နေတယ်။ ကဗျာမြောက် နေတယ်။ ဒါဟာ ကျွန်တော် ရှာတွေ့တဲ့ ချိုမိုင်မိုင်ပါပဲ။ ရှိန်ဝါရှာနေတဲ့ ချိုမိုင်မိုင်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါကြောင့် ခင်ဗျားလည်း ကိုယ်တိုင်ရှာပါ။ ချိုမိုင်မိုင် ရှာတော်ပုံခရီးမှာ ကျွန်တော်တို့နဲ့အတူတူ လိုက်လာပါ။ မေးခွန်းတွေက ပျင်းစရာ ကောင်းပြီး မသိမှုတွေကို ရှာဖွေရတာ ပျော်စရာကောင်းပါတယ်။ ကဗျာဆရာ ရှိန်ဝါကိုယ်တိုင်လည်း ချိုမိုင်မိုင်ရှာတော်ပုံ ခရီးမှာ အကြီးကျယ်ဆုံးသော ဥာဏ်ပညာနဲ့ ကဗျာကို အမြန်ဆုံးတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မင်းနဒီခ
(၂၄၊ ၅၊ ၂၀၁၅)
နှင်းဆီဖြူ ဂျာနယ်၊ အမှတ် ၈၊
၅၊ ဇွန်၊ ၂၀၁၅

Saturday, May 16, 2015

ရယ်​ရွှင်​ဖွယ်​ကစားနည်းများအ​ကြောင်း

ရယ်ရွင်ဖွယ် ကစားနည်းများအကြောင်း



စာအုပ်အမည် - ရယ်ရွှင်ဖွယ် ကစားနည်း
ရေးသူ - မှူးနေ၀န်း
ထုတ်ဝေသည့်ကာလ - မေ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက် - နှင်းဆီဖြူ စာပေ

 ၂၀၁၂၊ သြဂုတ်လရဲ့ နောက်ဆုံးရက်မှာ မှူးနေ၀န်းနဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ဖြစ်ပါတယ်။ သူတို့ အွန်လိုင်း လူငယ် ကဗျာဆရာ ၆ ယောက်ရဲ့ ၆/၆၆ လို့ ခေါင်းစဉ်ပေးထားတဲ့ ကဗျာစာအုပ်ထွက်လို့ လက်ဆောင်လာပေးတာပါ။ မှူးနေ၀န်း၊ မြူခူးနေ၊ လွမ်းနေ၊ နရီမင်းထက်၊ အမွန်မွန်း၊ ကြယ်စစ်သည် တို့ရဲ့ ကဗျာ ၁၁ ပုဒ်စီကို စုစည်းထားတာပါ။ အဲဒီတုန်းကတည်းက မှူးနေ၀န်းကဗျာတွေကို ဖတ်မိရင်း ကျွန်တော် သူ့ကို သတိထားမိခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်က တာရာမင်းဝေနဲ့ နေမျိုးကို နှစ်သက်သူ။ ၆/၆၆ မှာ မှူးနေ၀န်း ပုံနှိပ်ဖော်ပြထားတဲ့ ကဗျာတွေ ကလည်း တာရာမင်းဝေနဲ့ နေမျိုးရေးဟန်။ အဲဒီအချိန်က သူ့အပေါ် အလွှမ်းမိုးဆုံးကဗျာဆရာများဖြစ်မယ် ထင်ပါတယ်။ မှတ်မှတ်ရရပြန်ပြောရရင် ` သစ္စာ၊ ထိုနေ့က သူ ၀လုံးရေးခဲ့လေသည်၊ ဆာတိုရီ၊ ကျောကုန်းအပေါက်ကြီး၊ ကျွန်း´ စတဲ့ ကဗျာများမှာ တာရာမင်းဝေနဲ့ နေမျိုးရဲ့ ရေးဟန်နဲ့ ကဗျာတည်ဆောက်ပုံ လွှမ်းမိုးမှုကို ပိုတွေ့ရပါတယ်။ ဒါက မှူးနေ၀န်းရဲ့ ရယ်ရွှင်ဖွယ် ကစားနည်းနိဒါန်းကာလ။
 ၂၀၁၀ နောက်ပိုင်းမှာ မန္တလေးကဗျာလောကဟာ အရှိန်အဟုန်နဲ့ ပြန်လည်အားကောင်းလာသလို ကဗျာလှုပ်ရှားမှု တွေလည်း ခပ်စိပ်စိပ်ရှိလာခဲ့ပါတယ်။ မိသားစုကဖေးစာပေ၀ိုင်း၊ ရွှေစွန်မင်း စာပေ၀ိုင်း၊ ကမ္ဘာ့ကဗျာနေ့ အခမ်းအနား၊ တနင်္ဂနွေကဗျာမြေသား၊ ရာပြည့်မန္တလေးစာပေ၀ိုင်း၊ ကုသိုလ်တော်ခရေရိပ်ကဗျာဝိုင်း စတဲ့ ကဗျာဝိုင်း၊ စာဝိုင်းလေးတွေ ပေါ်ထွက်လာသလို မောင်ချောနွယ် ၁၀ နှစ်ပြည့် အခမ်းအနား၊ ဒဂုန်တာရာ တစ်လပြည့်အခမ်းအနား၊ မန္တလေးကဗျာဆရာ တွေရဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲ စတဲ့ အထိမ်းအမှတ်၊ မိတ်ဆက်ပွဲတွေနဲ့လည်း တက်တက်ကြွကြွလှုပ်ရှားလာကြပါတယ်။ အမျိုးသားလူငယ် ကဗျာဆရာတွေအပြင် အမျိုးသမီးလူငယ်ကဗျာဆရာတွေပါ အပြိုင်းအရိုင်းပေါ်ထွက်လာကြပါတယ်။ လူငယ်ကဗျာဆရာတွေဟာ ကောက်ရိုးမီးလို၊ မိုးဦးကျမှိုတွေလို ခဏပေါ်၊ ခဏပျောက်မဟုတ်ကြပဲ ကဗျာအပေါ် ချစ်မက် စိတ်နဲ့ ဒီနေ့အထိ တစိုက်မက်မက်ကဗျာလမ်းပေါ် ဆက်လျှောက်နေကြတာလည်း အံ့သြစရာ၊ ၀မ်းသာစရာပါပဲ။ အထူး အားဖြင့် မန္တလေး ကဗျာမျိုး ဆက်ဟာ စဉ်ဆက်မပြတ်ဖြစ်ထွန်းအားကောင်းခဲ့၊ အားကောင်းဆဲလို့ ဆိုရမှာပါ။ မှူးနေ၀န်းဟာ အဲဒီလို လူငယ်ကဗျာဆရာတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုတာက မှူးနေ၀န်းဟာ ကဗျာအပြင် အက်ဆေး၊ ၀တ္ထုတို၊ ကဗျာဆိုင်ရာ အရေးအသားတွေကိုပါ စိတ်ဝင်တစား ရေးဖွဲ့တင်ပြလာတာကိုလည်း သတိထားမိရတဲ့ လူငယ်ကဗျာ ဆရာတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မန္တလေးကမ္ဘာ့ကဗျာနေ့ အခမ်းအနားမှာ အွန်လိုင်းကဗျာနဲ့ ပတ်သက်တဲ့ စာတမ်းတစ်စောင်ကို သူငယ်ချင်းကဗျာဆရာ သူဝေးနဲ့ တွဲပြီး ရေးသားဖတ်ကြားခဲ့သလို ၂၀၁၅ ခုနှစ် တတိယအကြိမ် မြောက် ဧရာဝတီ စာပေ ပွဲတော်(မန္တလေး)မှာလည်း `ကြည်အေးကဗျာလေ့လာချက်´ စာတမ်းကို ရေးသားဖတ်ကြားခဲ့ ပါတယ်။ လူငယ်တွေ ထဲမှာ ကဗျာရေးသူ၊ ကဗျာဖတ်သူ၊ ကဗျာဝါသနာပါသူတွေ ရှိကြပေမယ့် ကဗျာဆိုင်ရာနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် လေးလေး နက်နက် စူးစမ်းလေ့လာ ရေးသားသူဟာ ရှားပါတယ်။ မှူးနေ၀န်းဟာ မန္တလေး ကဗျာလောက အတွက် လူငယ်ခြေတက် တိုက်စစ်မှူးတစ်ယောက်ပေါ်ထွက်လာသလိုပါပဲ။
 အခု ၂၀၁၅၊ မေလမှာ မှူးနေ၀န်းရဲ့ ` ရယ်ရွှင်ဖွယ် ကစားနည်း´လို့ ခေါင်းစဉ်ပေးထားတဲ့ တစ်ကိုယ်တော် ကဗျာ စုစည်းမှုစာအုပ် ထွက်လာပါတယ်။ ကိုယ်တိုင်ရေးအမှာနဲ့ ကဗျာ (၄ဂ) ပါဝင်ပြီး နှင်းဆီဖြူ စာအုပ်တိုက်က စီစဉ်ထုတ်ဝေ ဖြန့်ချိပါတယ်။ ၆/၆၆ က မှူးနေ၀န်းနဲ့ ရယ်ရွှင်ဖွယ် ကစားနည်းကို ရှာဖွေတွေ့ရှိသွားတဲ့ မှူးနေ၀န်း ဘာတွေ ကွာခြားသွား ပြီလဲ။ ၆/၆၆ မှာ မှူးနေ၀န်းအပေါ် လွှမ်းမိုးခဲ့တဲ့ ကဗျာဆရာတွေနဲ့ ရယ်ရွှင်ဖွယ် ကစားနည်းမှာ လွှမ်းမိုးထားတဲ့ ကဗျာဆရာ တွေ ဘယ်လိုပြောင်းလဲသွားပြီးလဲ။ ၃ နှစ်တာကာလအတွင်းမှာ မှူးနေ၀န်းရဲ့ ကဗျာအရေးအသား အပြောင်းအလဲ၊ ပုံသဏ္ဍာန် အပြောင်းအလဲ၊ တင်ပြပုံအပြောင်းအလဲနဲ့ ဘာသာစကားသုံးစွဲပုံအပြောင်းအလဲ၊ ကဗျာဆိုင်ရာသိမှုအပြောင်း အလဲ ဟာ အထူးစိတ်ဝင်စားစရာကောင်းနေလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်လို ရယ်ရွှင်ဖွယ်လဲ၊ ဘယ်လို ကစားနည်းလဲ ဆိုတာပေါ့။
 ရယ်ရွှင်ဖွယ် ကစားနည်းကို အကြမ်းအားဖြင့် ကဗျာဆိုင်ရာသိမှုတွေနဲ့ တည်ဆောက်ထားတဲ့ ကဗျာ၊ အခြား အနုပညာလက်ရာတစ်ခုကနေ ဆင့်ပွားတည်ဆောက်ထားတဲ့ ကဗျာ၊ နေ့စဉ်ဖြတ်သန်းမှု ကိုယ့်ပတ်ဝန်းကျင်ကနေ ရရှိလာ တဲ့ အဖြစ်အပျက်ကနေ တည်ဆောက်ထားတဲ့ ကဗျာ စသဖြင့် တွေ့ရပြီး ကဗျာပုံသဏ္ဍာန်အားဖြင့်တော့ ထူးထူးခြားခြား ပြောင်းလဲထားတာမရှိဘဲ ကဗျာတို စီးရီးရေးဖြစ်တာတွေထဲက နှစ်သက်ရာပြန်စုထားတဲ့ ၃ ပုဒ်နဲ့ ကဗျာရှည်တစ်ပုဒ် ထည့် သွင်း ဖော်ပြထားတာတွေ့ရပါတယ်။
 `ဗိုက်ဆာတယ်၊ ဖြစ်စဉ်ပြအရေးအသား၊ ရွှေတိဂုံ ကြာသပေတေးဒေါင့်၊ ဘဲပန်းဆွဲ၊ လူနာတင်ကား၊ မိုးရွာပြီ၊ ပြော´ စတဲ့ ကဗျာတွေဟာ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုဘ၀တွေထဲက လာတယ်။ နေ့စဉ်ဖျော်ဖြေ တင်ဆက် မှုတွေထဲက လာတယ်။ အဲဒီလိုကဗျာတွေဟာ ကဗျာဖတ်သူကို သိမှုတွေ ချပေးနေတာမဟုတ်ဘူး။ ကဗျာဖတ်သူသိထားတဲ့ သိမှုကို နှိုးဆွပေးနေတာ ဖြစ်တယ်။ အဲဒီလိုကဗျာတွေဟာ ရိုးရှင်းတယ်။ နားလည်ဖို့ လွယ်ကူတယ်။ အဲဒီလိုကဗျာတွေကို ကဗျာဖတ်သူဟာ ဖတ်နေရင်း `သြော် ဒါမျိုး ငါလည်းဖြစ်ဖူးတယ်၊ ဒီလိုလေး ငါတွေးဖူးတယ်၊ သူရေးလိုက်တဲ့ အကြောင်း အရာဟာ ငါလည်း ရင်ဆိုင်ဖူးတဲ့ အကြောင်းအရာပဲ၊ အဲဒီလို ငါ တွေ့ဖူးတယ်´ လို့ ပြန်အမှတ်ရ ခံစားကျေနပ် သွားစေနိုင် အောင်တဲ့ အထိပါပဲ။ တကယ်တမ်းကျတော့ မှူးနေ၀န်းဟာ အဲဒီလို နေ့စဉ်သာမန်ဖြစ်လေ့/တွေ့ရလေ့ရှိတဲ့ အဖြစ်အပျက် အခြေအနေတွေကြားထဲမှာ ကဗျာဖြစ်မှုကို မသိမသာတည်ဆောက်လုပ်ယူသွားတတ်တာပဲ ဖြစ်ပါတယ်။ စာကြောင်းရေ (၃၇)ကြောင်းနဲ့ တည်ဆောက်ထားတဲ့ `ဖြစ်စဉ်ပြအရေးအသား´ကဗျာမှာ ဆိုရင် စာကြောင်းရေ (၃၀)အထိ အိမ်အပြင် ထွက်မယ့် လူတစ်ယောက်ရဲ့ မေ့တတ်ပုံ၊ အလောတကြီးနိုင်ပုံ၊ စိတ်ဆန္ဒစောနေပုံ စတာတွေကို စဉ်ဆက်မပြတ် တည် ဆောက်ရေးသားလိုက်တယ်။ ဒါဟာ လူတိုင်းနီးပါးဖြစ်တတ်/ဖြစ်ဖူး/ဖြစ်နိုင်တဲ့ အခြေအနေတွေမို့ ထူးပြီး ကဗျာမဖြစ်သေးပေ မယ့် စာကြောင်းရေ (၃၁)ကြောင်းမြောက်ကနေ ကဗျာအဆုံးသတ်အထိ Surrealism ဆန်ဆန် ကဗျာမြောက်အောင် ပြုလုပ်သွားပါတယ်။ ဒီကဗျာမှာ ကဗျာဖတ်သူဟာ သူသိရှိနားလည်ထားတဲ့ ယုတ္တိဗေဒဖြစ်နိုင်ချေ သဘောတရား အတွင်းမှာ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့ဖူးတာတွေကို ပြန်စဉ်းစားရင်း ကဗျာဆရာတည်ဆောက်ထားတဲ့ ယုတ္တိလွန်နယ်ပယ် အတွင်းကို အငိုက်မိရောက်ရှိသွားစေကာ အံ့သြဘနန်းဖြစ်ရပ်ကို ရင်ဆိုင်လိုက်ရတာပါပဲ။

`အစီခံကုန်သွား။ သူ့နှုတ်ခမ်းကို မီးစွဲက ကျွမ်းလောင်
နှုတ်ခမ်းကို လောင်ပြီး နှာခေါင်း။ ပြီးတော့ မျက်စိ
မျက်နှာပြင်တစ်ခုလုံး တငွေ့ငွေ့လောင်။ ပြီးတော့ တစ်ကိုယ်လုံး လောင်။
သူ့တစ်ကိုယ်လုံး ပြာတွေ ဖြစ်သွား။ သူ့ကိုယ်သူ ပြာတွေ တောက်ချလိုက်။
လေတစ်ချက်ဝေ့တိုက်၊ ပြာတွေ မြစ်ထဲကို လွင့်ပါသွား။ မြစ်ရေနဲ့ စီးမျောသွား။
မြစ်ရေဟာ နောက်ကျိစွာ စီးဆင်းသွား။ မြစ်အဆုံးမှာ . . .
မြစ်အဆုံးမှာ . . .ပင်လယ်မရှိဘူး။ ပြာပုံကြီး။´
(ဖြစ်စဉ်ပြအရေးအသား ကဗျာမှ)

 နောက်ထပ် ကဗျာတစ်ပုဒ်ဖြစ်တဲ့ `ရွှေတိဂုံ၊ ကြာသပတေးဒေါင့်´ ကဗျာကို ကျတော့ ကဗျာဆရာက တစ်မျိုး တည်ဆောက်ထားပါတယ်။ ဒါဟာလည်း နယ်ပယ်ဒေသအသီးသီးကနေ ရန်ကုန်ရောက်လာတဲ့ လူတွေ ရွှေတိဂုံဘုရားသွား ဖူးရင်း ဖြစ်တတ်/ ခံစားရတတ်တာမျိုးပါ။ ဒါပေမယ့် ကဗျာဆရာက ကဗျာတစ်ပုဒ်အဖြစ်တည်ဆောက်လိုက်တဲ့အခါကျတော့ နေ့စဉ်ဘ၀ရဲ့ ထိတွေ့သက်ဝင်မှုတစ်ချို့ဟာ ကဗျာမြောက်လာပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားမိရတာက လူငယ် ကဗျာဆရာတွေရဲ့ ရဲတင်းလွတ်လပ်ပွင့်လင်းစွာ တွေးခေါ်ရေးသားမှုပါ။ ဘာသာတရား၊ မိရိုးဖလာ ရိုသေကိုင်းရိုင်းမှု၊ သက်ဝင်ယုံကြည်မှု စတာတွေအပေါ်မှာ ကဗျာဆရာတည်ဆောက်လိုက်တဲ့ ကြာသပတေးသား လူငယ်တစ်ယောက်ရဲ့ အမြင်(သို့) မေးခွန်းထုတ်တည်ဆောက်ထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်နေလို့ပါ။ မှူးနေ၀န်းမှာ ဘာသာတရားနဲ့ ပတ်သက်တဲ့ အတွေး အခေါ်(သို့) အဖန်တလဲလဲ ဆင်ခြင်သုံးသပ်ထားမှုတစ်ခုခု ရှိနေနိုင်ပါတယ်။ သူ့ကဗျာ အချို့မှာ ဒီလို မေးခွန်းထုတ်/ ဆင်ခြင်မှုပြု ထားတဲ့ အရေးအသားတစ်ချို့ကိုလည်း တွေ့ရပါသေးတယ်။

`ကျောက်ဆစ်သမားချင်းမတူတော့
ဗုဒ္ဓရုပ်တုများလည်း အသွင်ကွဲပြားနေကြ၊ တစ်ဆူသော ဗုဒ္ဓဟာ
အခြားသော ဗုဒ္ဓကိုယ်တော်တွေထက်
ရီလေးတစ်ဗေလီး ခါး အနည်းငယ် ကိုင်းနေတယ်
ဗုဒ္ဓတစ်ဆူကတော့ အောင်သပြေပန်းများကို ပခုံးပေါ်မှီတင်ထားရင်း
မျက်လွှာချ။ ဗုဒ္ဓရဲ့ သင်္ကန်းတော်များလည်း
သင်္ခါရကို မလွန်ဆန်ဘဲ ဆေးသားကွက်တိကွက်ကြား။ သေးငယ်သော
ဗုဒ္ဓရုပ်တုများကတော့ ချောင်အကွယ်မှာ
နိရောဓသမာပတ်နဲ့ ငြိမ်းချမ်းစွာ။ ဗုဒ္ဓအချင်းချင်းတောင်မှ
အနီးဆုံးဂေါတမဗုဒ္ဓကို ငါတို့ ပိုပြီးချစ်ခင်ကြတာပဲ´
(ရွှေတိဂုံ၊ ကြာသပတေးဒေါင့် ကဗျာမှ)

ဖုန်းလိုင်းကောင်းကောင်းမိဖို့ ဘုရားတန်ခိုးကြီးဖို့ လိုမယ်
ဒါကြောင့်မို့ မြို့က သေးတယ်၊ ဘုရားဆင်းတုတော်တွေက ကြီးတယ်
(ဟင်္သာ တ၀မ်းပူ ကဗျာမှ)

တိတ်ဆိတ်သူ ဗုဒ္ဓ
မျက်လွှာချလျှက်
ပြုံးလျှက်
လူအုပ်ကြီးကို အထက်စီးက ကြည့်ပြီး
လက်သီးလက်မောင်း မဆန့်တန်း
I did it! ဟု မကြွေးကြော်။
(သင်္ကဿနဂိုရ် ကဗျာမှ)

 `ဘဲပန်းဆွဲ´ ကဗျာကတော့ ခေါင်းစဉ်က စပြီး ဆွဲဆောင်မှု ရှိစေတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ဒီကဗျာမှာ ဆိုရင်လည်း ကျွန်တော်တို့ နေ့စဉ်လိုလို မဟုတ်တောင် မကြာခဏမြင်တွေ့နေရတဲ့ မြင်ကွင်းကို ကဗျာအဖြစ်တည်ဆောက်ထားတာပါ။ ဆိုင်ကယ်နောက်ကယ်ရီယာမှာ တန်းထိုးပြီး တစ်ဖက်တစ်ချက်မှာ ဘဲအကောင်ဆယ်ကောင်စီလောက်ကို ဇောက်ထိုးချိတ် ဆွဲပြီး သားသတ်ရုံတွေဆီ ပို့ကြတဲ့ မြင်ကွင်းပါ။ ကဗျာဖတ်သူဟာ သားငါးဈေးတွေကို ရောက်လေ့ရောက်ထ ရှိရင်ပဲ ဖြစ်ဖြစ်၊ သားငါးဈေးရုံတွေဆီ သွားရာလမ်းမှာ အမှတ်တမဲ့ လမ်းကြုံရင်ပဲ ဖြစ်ဖြစ် တွေ့ရနိုင်တဲ့ မြင်ကွင်းမျိုးပါပဲ။ အဲဒီလိုမြင်ကွင်းမျိုး မြင်ဖူးတဲ့ ကဗျာဖတ်သူအတွက်တော့ `ဘဲပန်းဆွဲ´ကဗျာဟာ နာကျင်မှုအတိနဲ့ စိတ်ညစ်နွမ်းစေတဲ့ ကဗျာတစ်ပုဒ် ဖြစ်နေ မှာပါ။ အကယ်၍ ကဗျာဖတ်သူဟာ ကဗျာဖြစ်မှုကို ဦးစားပေးဖတ်မယ်ဆိုရင်တော့ မှူးနေ၀န်းရဲ့ နာကျင်မှုကို ဖွဲ့တဲ့ လှပတဲ့ အရေးအဖွဲ့နဲ့ ကဗျာမြောက်စေမှု အတတ်ပညာကို စိတ်ကျေနပ်မှုအပြည့်နဲ့ ခံစားဖတ်ရှုရမယ့် ကဗျာတစ်ပုဒ်ပါပဲ။ မှူးနေ၀န်း ဟာ ဆိုင်ကယ်နောက်ဘီးဒလက်တွေကြားထဲ ၀င်သွားလိုက် ပြန်ထွက်လာလိုက်ဖြစ်နေတဲ့ ဘဲတစ်ကောင်ကို ဖွဲ့ရာမှာ-

` အရင်းအမြစ် ဘဲတစ်ကောင်ဟာ တဲ့ရော့ကတ်ကို ဆွဲထုတ်တော့ ကံကြမ္မာ
ရဟတ်ဘီးကို ရတယ် မင်သက်သွားသူ ခေါင်းဟာ လည်ပတ်နေတဲ့ ဘီးကြား
ညပ်သွား နှုတ်သီးပဲ့ စုတ်ပြတ်ခေါင်းနဲ့ ဘဲသေလောင်းဟာ ရှင်သန်ဆဲ ဘဲများ
နံဘေး တောက်ပထင်ရှားလာ´

 ဆိုင်ကယ် ကယ်ရီယာနောက်က ဘဲပန်းဆွဲတွေကို နောက်အဆုံးသတ်ဖွဲ့လိုက်ပုံကိုလည်း ဖတ်ကြည့်ပါဦး။

`မြို့ပြရဲ့ ရှားပါးမြင်ကွင်းဟာ ဆိုင်ကယ်နောက်ခုံအောက်မှာ
ရွေ့လျားသက်ဝင်မိုးဟာ ရုတ်တရက် ရွာချ သွေးစီးကြောင်းဟာ
ရေနဲ့ အတူ စီးဆင်း ခွေးသေတစ်ကောင်ရဲ့ အာခံတွင်းထဲ နှစ်သိမ့်တေးကို
ကြင်နာစွာ ဆိုရင်း တိုးဝင်သွား ဘဲများရဲ့ ဖြူစင်စိုစွတ်ပြီး အနည်းငယ်
ဖွာလန်သော ကိုယ်ထည်များသာ က္ကနြေ္ဒရရ တငြိမ့်ငြိမ့်။
(ဘဲပန်းဆွဲ ကဗျာမှ)

`သိုးသိုးသန့်သန့် မသိုးမသန့်၊ ဈာန်ရ ရသေ့တစ်ဦး၏ လေထီး၊ လူတစ်ယောက်ရဲ့ ကျောရိုးထဲမှာ လူတစ်ယောက် ရဲ့ နံရိုး၊ ငါ့အိပ်ယာဘေးမှာ ပိရမစ်တစ်ခုရှိတယ်၊ အပွင့်စနစ်´ စတဲ့ ကဗျာတွေကတော့ ဖတ်ရ ခက်ခဲမှုတွေ၊ စာသား စကားလုံးရိုးရှင်းသော်လည်း အဓိပ္ပာယ်ေ၀၀ါးမှုတွေ၊ အဓိပ္ပာယ်လွဲချော်သွားစေမှုတွေ၊ အနက်သိုဝှက်လွန်းမှုတွေ စတဲ့ ကဗျာ ဖတ်သူတွေအတွက် ဦးနှောက်ခြောက်စရာတွေ၊ ပြန်တွေးတောစဉ်းစားစရာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
ရယ်ရွှင်ဖွယ် ကစားနည်းထဲမှာ `Unknown ၊ ငါတို့၊ နှင်း၊ ရင်ခုန်သံများ၊ သင်္ကဿနဂိုရ်´ လို ကဗျာမျိုးတွေကတော့ ကဗျာတစ်ပုဒ်ကို ဖတ်နေရင်း ကဗျာဖတ်သူဟာ စိတ်ကျေနပ် နှစ်သိမ့်မှု /ကြည်နူးမှုကို ရစေနိုင်တဲ့ ကဗျာတွေလို့ ထင်ပါ တယ်။ `ဗျာသာရေးကိုးကွယ်မှု၊ ဖားကို မက်မန်းသီးကျွေးချင်တယ် ဒါပဲ´ စတဲ့ ကဗျာတွေကတော့ မှူးနေ၀န်းရဲ့ ကဗျာ ဆိုင်ရာသိမှုအရှုပ်အထွေး၊ အငြင်းပွားလိုမှု၊ လက်ခံမှု၊ ဆန့်ကျင်မှု စတာတွေကို သရော်တော်တော်ရေးဖွဲ့ထားတဲ့ ကဗျာတွေ ပါပဲ။ တနည်းပြောရရင် အဲလိုကဗျာတွေဟာ ကဗျာအ၀န်းအ၀ိုင်းတစ်ခုအတွက်ဆိုရင် ပြဿနာမရှိပေမယ့် ကဗျာနည်းနာ တွေနဲ့ စိမ်းတဲ့ သာမန်ကဗျာဖတ်သူတစ်ယောက်အတွက်ဆိုရင်တော့ ခက်ခဲနေနိုင်ပါတယ်။
ရယ်ရွှင်ဖွယ် ကစားနည်းထဲမှာ ကျွန်တော့်အတွက် နောက်ထပ်စိတ်ကျေနပ်မိတဲ့ ကဗျာနှစ်ပုဒ်ကတော့ ` Talking Tom´ နဲ့ ` Mr. Bean ရဲ့ အားလပ်ရက်´ ပဲ ဖြစ်ပါတယ်။ Talking Tom ဆိုတာ ကျွန်တော်တို့ လက်ရှိပေါပေါများများ ကိုင်တွယ်နေကြတဲ့ Andriod Phone, Tablet စတာတွေမှာ ထည့်သွင်းဆော့ကစားရတဲ့ Application Game လေးပါပဲ။ ခင်ဗျားပြောတာကို တသွေမတိမ်း ပြန်လိုက်ပြောတတ်တဲ့ ကြောင်ကြီးပေါ့။ အဲဒီကြောင်ကြီးက လက်သည်းရှည်ကြီးနဲ့ ခင်ဗျားရဲ့ ဖုန်းမျက်နှာပြင်၊ Tablet မျက်နှာပြင်တွေကို အစင်းရာထင်အောင် ခြစ်ချတတ်သေးတယ်။ ဒါကိုပဲ မှူးနေ၀န်းက ကဗျာအဖြစ်တည်ဆောက်လိုက်တယ်။ လူတိုင်းနီးပါး မြင်ဖူး၊ တွေ့ဖူး၊ ဆော့ကစားဖူးပေမယ့် ကဗျာဆရာကတော့ သူ့ရဲ့ ကဗျာအတတ်ပညာနဲ့ ကဗျာမြောက်အောင် တည်ဆောက်ဖွဲ့ယူသွားနိုင်ခဲ့ပါတယ်။ ကဗျာဆိုတာ ဒါပါပဲ။

` မင်းကို နွားနို့ မတိုက်တော့ဘူး
မင်းကို နွားနို့ မတိုက်တော့ဘူး

ဖန်သားပြင်ကို လက်သည်းနဲ့ မခြစ်စမ်းနဲ့
ဖန်သားပြင်ကို လက်သည်းနဲ့ မခြစ်စမ်းနဲ့

မင်းဟာ Version အဟောင်းကြီး
. . . . . . . . . . . . . . . . . . . . .

မင်းဟာ Version အဟောင်းကြီးပါကွာ
. . . . . . . . . . . . . . . . . . . . .

ဟေ့ကောင် ငါပြောနေတာ မကြားဘူးလား
ဟေ့ကောင် ငါပြောနေတာ မကြားဘူးလား။
(Talking Tom ကဗျာမှ)

 `Mr. Bean ရဲ့ အားလပ်ရက်´ ကဗျာကတော့ Mr.Bean Holidaly ဆိုတဲ့ ဟာသဇာတ်ကားထဲက Mr. Bean ရဲ့ တလွဲတချော်ဖြစ်မှုတစ်ခုကို ကဗျာအဖြစ်တည်ဆောက်ထားတာပါ။ ကဗျာရဲ့ ပထမဆုံးအပိုဒ်က Mr. Bean Holiday ထဲက အစစ်အမှန်ဇာတ်ကွက်တစ်ခုဖြစ်ပေမယ့် ဒုတိယအပိုဒ်ကစပြီး ကဗျာဆရာဟာ မတူကွဲပြားတဲ့ ဇာတ်ညွှန်းတွေနဲ့ Mr. Bean ရဲ့ အားလပ်ရက်ကို ဆက်လက်ရိုက်ကူးပါတော့တယ်။

`ဖုန်းနံပါတ်တွေ ဆက်ကြည့်တယ်
အမျိုးသမီးတစ်ယောက်(အလှပြင်ရင်း ပြန်ဖြေ)
ကလေးလေးလက်ထဲ ရောက်သွား (ဖုန်းကို ရေထဲနှစ်ပစ်)
သေသူရဲ့ အင်္ကျီထဲ ဖုန်းထမြည် (ဘုန်းတော်ကြီးက ဖြေကြား)
အိပ်ငိုက်နေတဲ့ လုံခြုံရေးဝန်ထမ်း (ဟုတ်ကဲ့ဆရာဟု ယောင်ယမ်းဖြေကြား)
အာလာဒင်မီးခွက်စောင့် (သူ မီးခွက်ထဲ ပြန်ဝင်ချင်ပြီဟု ညည်းတွား)
ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း( စကားပြောဖော် မရှိတာ ကြာပြီ တဲ့။)

 Mr. Bean ရဲ့ အားလပ်ရက်ကဗျာမှာ ကဗျာဆရာက မူရင်းဇာတ်ဝင်ခန်းတစ်ခုကနေ ကဗျာအဖြစ် ဆင့်ပွားတည် ဆောက်လိုက်ပေမယ့် ဒုတိယပိုဒ်နဲ့ တတိယအပိုဒ်ဟာ ကဗျာမြောက်မှုကို ဆွဲခေါ်မလာနိုင်သေးပါဘူး။ အဲဒီလို အနေ အထားမှာ မှူးနေ၀န်းဟာ ကဗျာထဲ ဘုရားသခင်ကိုပါ ဆွဲထည့်လိုက်ပါတယ်။ ဒီနေရာမှာ ကဗျာကို ပိုမိုထူးခြား လှပသွား စေသူက Mr.Bean ရဲ့ မူရင်းကာရိုက်တာပါပဲ။ ကဗျာဖတ်သူဟာ ကဗျာဆရာ တည်ဆောက်လိုက်တဲ့ ဇာတ်ညွှန်း အသစ် ထဲက ဘုရားသခင်နဲ့ မူလဇာတ်ရုပ် Mr. Bean ကို တွဲဖက်ကြည့်လိုက်မိတဲ့အခါမှာ အလွန်အင်မတန် နှစ်သက်ရယ်ရွှင် ဖွယ်ရာကောင်းတဲ့ ကဗျာတစ်ပုဒ်ဖြစ်လာခဲ့တော့တာပါပဲ။

`စိတ်မလျှော့ဘဲ နောက်နံပါတ်တစ်ခု ထပ်နှိပ်တယ်
တစ်ဖက်က ပြန်ဖြေတယ်
သူက ဘုရားသခင်ပါတဲ့
ခင်ဗျား ရှာနေတဲ့သူကို သူသိပါတယ် တဲ့
သူ ကူညီပေးနိုင်တယ် တဲ့
Mr. Bean ရယ်တယ်
နောက်ကျိနေတဲ့ စိတ်တွေကို မေ့သွားပြီး သူရယ်တယ်
သူ့ကိုယ်သူ နောက်ပြောင်တတ်လှပြီ ထင်တာ
သူ့ထက် အစအနောက်သန်သူနဲ့ လာတွေ့ရတယ်
ဘုရားသခင်ဆိုတာ
ဖုန်းအခေါ်ကို စောင့်နေမယ့်သူ မဟုတ်
ကိုယ်တိုင် စတင်ခေါ်ဆိုမယ့် သူပဲ ဖြစ်ရမယ်လေ
ဒီလောက်တော့ Mr.Bean သိပါတယ်။
(Mr.Bean ရဲ့ အားလပ်ရက် ကဗျာမှ)

 `နေ့စဉ်ဘ၀ကြီးကို ညည်းညူနေမယ့်အစား၊ ပြစ်တင်ပေါက်ကွဲနေမယ့်အစား၊ နာကျင်ခံစားနေမယ့်အစား၊ မေ့လျော့စီးမျောနေမယ့်အစား၊ လွတ်ထွက်ပေါ့သွပ်နေမယ့်အစား၊ ဒီလိုလေးတော့ ဖြေစရာ ရှိနိုင်ရဲ့။ ဒီလိုလေးတော့ လမ်းစ ပေါ်နိုင်ရဲ့။ ဒီလိုလေးတော့ ခွင့်လွှတ်ပေးနိုင်ရဲ့လို့ ကဗျာအားဖြင့် စာနာမှု၊ ကြည်ဖြူမှု၊ မျှဝေမှုကို ပို့သခြင်းပါပဲ။ မမြင်မစမ်း ဆင်ကန်းတောတိုး ကဗျာရေးလာခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အမျိုးမျိုးသော ခံယူချက် အပြောင်းအလဲတွေ၊ ရှော့ခ်ဖြစ်စေတဲ့ အသိအမြင်သစ်တွေကို ကြိမ်ဖန်များစွာ ကြုံလာခဲ့ရပြီးတဲ့နောက် ကျွန်တော်လက်ရှိ ခံယူထားတဲ့ (ယခု ဒီစာကို ရေးနေတဲ့အချိန်အထိ ခံယူထားတဲ့) ကဗျာဆိုင်ရာအသိကတော့ ဒါပါပဲ။ ကျွန်တော့်အတွက်ကတော့ ကဗျာ ရေးခြင်းဟာ အမျိုးမျိုးအဖုံဖုံသော ကြင်နာမှုကို ဖော်ပြတဲ့ အမူအရာတွေထဲက ကျွန်တော် ပျော်ပျော်ရွှင်ရွှင်ပြုလုပ်မိတဲ့ အမူအယာတစ်ခု ဖြစ်နေပါတယ်။ တနည်းအားဖြင့် ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။´
 အထက်ပါ စကားစုတွေဟာ `ရယ်ရွှင်ဖွယ် ကစားနည်း´ ကဗျာစာအုပ်ကို စဖတ်ကတည်းက ကျွန်တော့်အာရုံကို ဖမ်းစားထားတဲ့ `ကစားနည်းဟာ ပျော်ရွှင်ဖွယ်´ ဆိုတဲ့ မှူးနေ၀န်းရဲ့ စကားဦးထဲက အရေးအသားအချို့ပါပဲ။ ကဗျာဟာ အနုပညာအတွက်၊ ပြည်သူအတွက်၊ ဘာအတွက်မှ မဟုတ် စတာတွေထဲ မှူးနေ၀န်းအတွက်ကတော့ ကဗျာဟာ ပျော်စရာ ကောင်းတဲ့ ကစားနည်းတစ်ခုကို ပြုလုပ်ခြင်းပါပဲ။ အဲဒီ ကစားနည်းမှာ ခင်ဗျားပါဝင်လို့လည်း ရတယ်။ ခင်ဗျား မပါဝင် လို့လည်း ရပါတယ်။ ခင်ဗျားကိုယ်တိုင်ကစားလို့လည်း ရပါတယ်။ ခင်ဗျားကိုယ်တိုင် မကစားချင်ဘူးဆိုရင်လည်း ရပါတယ်။ မှူးနေ၀န်းကတော့ ပျော်ရွှင်ဖွယ်ကစားနည်းကို ကဗျာဖတ်သူထံ အရောက်ပို့လိုက်ပါပြီ။ မှူးနေ၀န်း ပျော်ရွှင်ဖွယ်ရာ ကစားနည်းအသစ်များ ထပ်မံဖန်တီးနိုင်ပါစေ။ ပျော်ရွှင်ဖွယ်ရာကစားနည်းသစ်များဖြင့် အဝေးတစ်နေရာက ချစ်သူကို အနီးဆုံးရောက်လာအောင် ဆွဲခေါ်စည်းရုံးနိုင်ပါစေလို့။

မင်းနဒီခ
၁၆၊ မေ၊ ၂၀၁၅

Wednesday, May 13, 2015

မ​ပြောဖြစ်​ခဲ့ခြင်းများရဲ့ ​နောက်​ကွယ်

မပြောဖြစ်ခဲ့ခြင်းများရဲ့ နောက်ကွယ်



စာအုပ်အမည်           - မပြောဖြစ်ခဲ့ခြင်းများ
ရေးသူ                     - မိုးရင့်ကြယ်
ထုတ်ဝေသည့်ကာလ   - မေ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက်    - အိပ်မက်ရိပ် စာပေ


 မိုးရင့်ကြယ်။ သူနှင့် ခေတ်ပြိုင်ကဗျာဆရာသူငယ်ချင်းများကတော့ သူ့ကို `ပဲကြီး ´ ဟု ခေါ်ကြသည်။ ဘာကြောင့် `ပဲကြီး´ ဟု ခေါ်သလဲတော့ ကျွန်တော် မသိ။ ကျွန်တော်ကတော့ ကိုယ့်ထက်အသက်ကြီးတာ တစ်ကြောင်း၊ ကဗျာဝါကြီး တာ တစ်ကြောင်းကြောင့် ကိုပဲ လို့ပဲ ခေါ်ဖြစ်သည်။ တကယ်တော့ သူသည် ပဲ များတတ်သူမဟုတ်။ ဟိတ်ကြီးဟန်ကြီးမရှိ။ ပျော်ပျော်နေတတ်သည်။ လူချစ်လူခင်များသည်။ ကဗျာအပေါ် ရိုးသားသည်။ ကဗျာနှင့် ပတ်သက်လျှင် အမြဲတက်ကြွ နေသည်။ သို့သော်သူက သူ့ရဲ့ ကဗျာ့ပြင်ပဘ၀ကိုတော့ သိုသိုသိပ်သိပ်ရှိသည်။ သူ့ဆီမှ ကဗျာမှ လွဲ၍ အခြား ဘာတစ်ခုမှ ကျွန်တော်တို့ ကြားခွင့်မရ၊ သိခွင့်မရ။ ယုတ်စွအဆုံး သူ့အချစ်ရေး၊ နှလုံးသားရေးအပေါ်မှာတောင် ကျွန်တော်တို့ သိပ်မမြင်တွေ့ခဲ့ကြရ။ ကဗျာမှ လွဲ၍ အခြားကိစ္စများအား သူ မပြောချင်တော့တာ ဖြစ်နိုင်သည်။ မပြောဖြစ်ခဲ့ခြင်းများလည်း ဖြစ်နိုင်သည်။ ကျွန်တော် ကဗျာစရေးတော့ ၂၀၀၅ ခုနှစ်။ သူက အဲဒီအချိန်မှာ ကဗျာဆရာတွေ တော်တော်များများ တန်ဖိုးထား ပေးပို့ကြတဲ့ မြားနတ်မောင်၊ ကလျာ၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ ရယ်စရာ၊ ဗျူးတီး စတဲ့ မဂ္ဂဇင်း စာမျက်နှာများမှာ ကဗျာများစွာ ဖြတ်သန်းခဲ့ပြီးပြီ။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ သူ့ ကဗျာအရေးကျဲသွားသည်။ မရေးတော့ သလောက် ဖြစ်သည်။ ဘာကြောင့် မရေးဖြစ်တော့သလဲ ဆိုတာတော့ ကျွန်တော်မသိ။ သူ မပြောချင်တာ၊ မပြောဖြစ် သေးတာလည်း ဖြစ်နိုင်သည်။ ၂၀၁၃၊ ဇန်န၀ါရီမှာ ကိုထွဏ်းသွေးအိမ်၊ ကိုနိုင်လင်း၊ ကျွန်တော်တို့ မေချိုကဖေးမှာ ကဗျာ မြေသား စာပေ၀ိုင်းလေး စတည်ဖြစ်တော့ သူနှင့် တရင်းတနှီးပြန်ဆုံကြသည်။ နောက်တော့ တော်ဝင် တနင်္ဂနွေ ကဗျာမြေသား၊ မန္တလေး ကမ္ဘာ့ကဗျာနေ့ ၂၀၁၃၊ ရာပြည့်မန္တလေး စာပေ၀ိုင်း၊ နောက်ပိုင်း မန္တလေးကဗျာလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ပိုမိုရင်းနှီးခဲ့ကြသည်။ သို့သော် သူ့အကြောင်းကို သူ့ကဗျာထဲကလောက်သာ ကျွန်တော်တို့ သိခွင့်ရခဲ့သည်။ သူ့မှာ နာကျင်စရာတွေ ရှိသည်။ သူ့မှာ ကြေကွဲစရာတွေ ရှိသည်။ သူဖြတ်သန်းနေရသည့်ခေတ်ကြီး၏ ရိုက်ခတ်ချက်များ၊ ဖိနှိပ်မှုများကို သူခံစားရသည်။ သူ့ပြင်ပဘ၀မှာ သူကို ကြည့်လိုက်တိုင်း ပျော်ရွှင်ကျေနပ်မှုအတိပြီးနေသလို သူနေထိုင်သည်။ သူသည် နာကျင်မှုများကို ကဗျာထဲမှာသာ ဖွင့်ချပြောပြတတ်သူဖြစ်သည်။ သူ့မပြောချင်တော့တာ ဖြစ်နိုင်သလို မပြော ဖြစ်ခဲ့ခြင်းများလည်း ဖြစ်နိုင်ပါသည်။
 ၂၀၁၄၊ ဖေဖော်ဝါရီမှာ သူ့ရဲ့ တစ်ကိုယ်တော် အချစ်ကဗျာစုစည်းမှုစာအုပ်`သစ်ပင်လေးတစ်ပင်အကြောင်း´ ထွက် လာတော့ ကျွန်တော်တို့ ပျော်ရွှင်ကြည်နူးကြရသည်။ သူ့ရဲ့ ပထမဆုံးကဗျာစုစည်းမှုစာအုပ်လေး အခက်အခဲအမျိုးမျိုး ကြားကနေ လှလှပပဖြစ်မြောက်လာတဲ့အတွက်ဖြစ်သည်။ သို့သော် ကဗျာစာအုပ်ဖတ်ပြီးသည်နှင့် ကျွန်တော်တို့ ကြေကွဲ နာကျင် ရသည်။ `သစ်ပင်လေးတစ်ပင်အကြောင်း´မှာ သူဟာ အရူးကြီးလုံးလုံးဖြစ်လို့ နို့ဆီခွက်တွေ လည်ပင်းမှာ ဆွဲဆွဲပြီး သူ့ချစ်သူ ဆီ သွားသည်။ တွေ့ကရာ နေရာတွေမှာ မီးသွေးခဲနှင့် အသည်းပုံတွေ ဆွဲသည်။ မခင်နှင်းဆီ သီချင်းကို တစ်ရပ် ကွက်လုံး ကြားအောင် အော်ဆိုသည်။ နို့ဆီခွက်ထဲ ထည့်စိုက်ထားသည့် နှင်းဆီကိုင်းခြောက်ကြီးကို နှင်းဆီပန်းလေး ပွင့်လာ မလား မျှော်လင့်သလို သူ့ချစ်သူဆီက ချစ်ခြင်းမေတ္တာကို သူမျှော်လင့်သည်။ ဘယ်သူများ သူ့လောက် ချစ်နိုင်ဦးမလဲ။ ဘာလို့ သူ့ချစ်ခြင်းတွေဟာ အသိအမှတ်ပြုခြင်း မခံခဲ့ရတာလဲ။ သူ့မှာ ဘယ်လို ချို့ယွင်းချက်တွေများ ရှိနေလို့ပါလဲ။ သူ့နာကျင်မှုများသည် ကျွန်တော်တို့နာကျင်မှုများအဖြစ် ရင်ချင်းကိုင်းဆက် ခံခဲ့ကြရသည်။ သူ၏ ဟန်ဆောင်ပျော်ရွှင်ခြင်း များ နောက်ကွယ်မှ မပြောဖြစ်ခဲ့သည့် နာကျင်မှုများအား ကျွန်တော်တို့ မျက်ဝါးထင်ထင် ခံစားလိုက်ကြရခြင်းလည်း ဖြစ်နိုင် ပါသည်။
 ယခု ၂၀၁၅၊ မေလတွင် သူ့၏ ဒုတိယမြောက် တစ်ကိုယ်တော် ကဗျာစာအုပ်အဖြစ် ` မပြောဖြစ်ခဲ့ခြင်းများ´ ဟု အမည်ပေးထားသည့် ခေတ်ပေါ်ကဗျာစုစည်းမှု စာအုပ် အိပ်မက်ရိပ်စာပေ ကနေ ထွက်ရှိလာခဲ့ပါသည်။ ထူးထူးခြားခြား အမှာစာ တစ်ခါမှ ရေးသားခြင်း မရှိခဲ့သည့် ကဗျာဆရာ ခင်ဇော်မြင့်နှင့် ဆရာ မျိုးသန့်တို့၏ ပထမဆုံးအမှာစာများဖြင့် ထွက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ အမှာစာ (၂) ပုဒ်နှင့် ကဗျာစုစုပေါင်း ( ၅၄) ပုဒ်အပြင် ဆရာ မျိုးသန့်၏ မိုးရင့်ကြယ်၏ ကဗျာရေးဟန်တစ်မျိုး ဆိုသည့် နောက်ဆက်တွဲ ဝေဖန်သုံးသပ်ချက်အမှာစာ တစ်ပုဒ်လည်း ထည့်သွင်းထားတာကို တွေ့ရ သည်။ ဆရာမျိုးသန့်၏ နောက်ဆက်တွဲ အမှာစာတွင် `မိုးရင့်ကြယ်သည် ကိုယ်ပိုင်ဟန် ရှိသည့် ကဗျာဆရာဖြစ်သည်။ `ကိုယ်ပိုင်ဟန်ဆိုသည်မှာ စာရေးစတည်းက ဖြစ်တည်လာတာမဟုတ်ဘဲ တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာ၊ ဖွဲ့စည်း ဖြစ်တည်လာသော ရေးဟန်´ လို့ လေ့လာခဲ့ရဖူးပါတယ်´ ဟုလည်း ဆရာက ထည့်သွင်းရေးသားထားပါသည်။
` မိုးရင့်ကြယ်ရဲ့ ကိုယ်ပိုင်ဟန်ရှိတယ်လို့ ဆိုလို့ရတဲ့ ကဗျာတွေကို လေ့လာကြည့်လိုက်တော့ စုစည်းထားသော အကြောင်းအရာကို ဖြန့်ကြဲထားသော ၀ါကျများနဲ့ ဖွဲ့စည်းထားတဲ့ ဖြန့်ကြဲဒီဇိုင်းအတွင်းမှာ တည်ဆောက်ထားတာကို တွေ့ရပါတယ်။ သဒ္ဒါရှုထောင့်က ကြည့်ရင် သပ်ရပ်တဲ့ ၊ သွေဖည်မှုနည်းတဲ့ ၀ါကျတည်ဆောက်မှုအတွင်းက ဖွဲ့စည်းထားတာ၊ ပုံစံမတူ အပြိုင်အဖွဲ့တွေကို အဆင်အကွက် အလှယ်လှယ်သုံးစွဲတာ တွေ့ရတယ်။
အကြောင်းအရာ ပိုင်းက ကြည့်ရင် တစ်စုံတရာသော ပင်မတစ်ခုကို ဗဟိုပြုထားပေမယ့် ဆန့်ထွက် အနက်တွေဟာ ခေတ်ပြိုင်ထောင့်ချိုးတွေကို သွားရိုက်ခတ်နေတာ တွေ့ရတယ်´
( မိုးရင့်ကြယ်၏ ကဗျာရေးဟန်တစ်မျိုး - မျိုးသန့်)

ကဗျာဆရာ ခင်ဇော်မြင့်ကတော့ သူ့အမှာစာ ခေါင်းစဉ်ကို ပြောစရာအနည်းအကျဉ်းဆိုပြီး အောက်ပါအတိုင်း ရေးပေးတာ တွေ့ရသည်။
` မိုးရင့်ကြယ်ဟာ ကဗျာနဲ့ ပတ်သက်ရင် အမြဲတက်ကြွဖျတ်လတ်နေသူပါ။ သူ့ကဗျာတွေကို တစုတစည်းတည်း ဖတ်ကြည့်လိုက်တော့လည်း ဟုတ်နေတာပါပဲ။ သို့သော်ငြား သူရေးဖွဲ့ထားတာတွေက နာကျင်ကြေကွဲရမှုနဲ့ ဒဏ်ရာ ဒဏ်ချက် တွေ၊ အလွမ်းအဆွေးတွေ၊ အ​မေ့အကြောင်း၊ မိသားစုအကြောင်းတွေ . . . အထူးသဖြင့် ကျွန်တော့်မှာ အမေမရှိတော့ ပိုပြီး လွမ်း၊ ပိုပြီး နာကျင်ကြေကွဲရပါတယ်။
 ခေါင်းစဉ်အောက်မှာ အစီအစဉ် အထားအသိုတွေကို ပါးပါးနပ်နပ် ဇာတ်ညွှန်းဆန်ဆန်ရေးဖွဲ့သွားတဲ့ ကဗျာတွေကိုလည်း ဖတ်ရပါတယ်။
 သည်နေရာမှာ ကဗျာနဲ့ ပတ်သက်ပြီး Facebook ဆိုတာကြီးကိုလည်း တွေးမိတယ်။ သူ့ကဗျာတွေထဲမှာ နှလုံးသားနဲ့ Like လုပ်ရမယ့် ကဗျာတွေကိုလည်း တွေ့ရတယ်။´
 ` သစ်ပင်လေး တစ်ပင်အကြောင်း´ မှာ နာကျင်ခံစားမှုများ ကူးစက်အငိုက်မိခဲ့သည့် ကျွန်တော့်အတွက် ` မပြော ဖြစ်ခဲ့ခြင်းများ´ကို ပို၍ သေသေချာချာ သတိထားဖတ်ကြည့်မိပါသည်။ ကဗျာရေးဟန်အပြောင်းအလဲ၊ ကဗျာ အကြောင်း အရာနှင့် ပုံသဏ္ဍာန်၊ ကဗျာစကားလုံးရွေးချယ်မှုနှင့် ကဗျာရေးသည့် ခုနှစ်များ၊ ကဗျာနောက်ခံအခင်းအကျင်း၊ ကဗျာဆရာ ဖြတ်သန်းနေသည့် ခေတ်ကြီး၏ နိုင်ငံရေးအခြေအနေ စသည့် အကြောင်းခြင်းရာများသည် ကဗျာတစ်ပုဒ်ကို နက်နက် ရှိုင်းရှိုင်း ပိုထိတွေ့ခံစားနိုင်မည်ဟု ထင်သည်။ သို့သော် ယခုစာအုပ်ထဲတွင် ကဗျာရေးသည့် ရက်စွဲများအား ကဗျာဆရာက ဖော်ပြမထား။ ကဗျာပုံနှိပ်ဖော်ပြသည့် ခုနှစ်များအပေါ်သာ မူတည်ပြီး အကြမ်းဖျင်းသုံးသပ်ကြည့်ရလျှင် ၂၀၀၁ မှ ၂၀၀၄ အထိ ကဗျာများနှင့် ၂၀၀၉ မှ ၂၀၁၅ အတွင်း ကဗျာများ ဟု နှစ်ပိုင်းတွေ့ရသည်။ ၂၀၀၄ မှ ၂၀၀၉ ကြားကာလတလျောက် ကဗျာများ တစ်ပုဒ်မှ ပါဝင်လာခြင်း မရှိသလို ထိုကာလများသည် ကဗျာနှင့် မိုးရင့်ကြယ် ဝေးကွာနေသည့် ကာလများလည်း ဖြစ်နိုင်သည်။ ကဗျာအကြောင်းအရာအနေဖြင့် ပုဂ္ဂလိက ခံစားမှု၊ နာကျင်မှုကို ရေးဖွဲ့သည်ကဗျာနှင့် နိုင်ငံအရေး အခင်း အကျင်း၊ အဖြစ်အပျက်များပေါ်မူတည်ရေးသည့် ကဗျာ ဆိုပြီး နှစ်ပိုင်း တွေ့ရသည်။ မိုးရင့်ကြယ်၏ ကဗျာ ရေးဟန်သည် ၂၀၀၅ ခုနှစ်ရှေ့ပိုင်းရေးဟန်နှင့် ၂၀၁၀ ခုနှစ်နောက်ပိုင်းရေးဟန်မှာ သိသိသာသာ ကွာခြားသွားမှု မရှိသေးတာလည်း တွေ့ရသည်။ သို့သော် မင်းသားရူးကြီး၊ ကျည်ဆန်၊ ဘုရားကြိုဘုရားကြား၊ အမေ့ကို ထိရင် ကမ္ဘာကို ကဗျာကစပြီး မီးရှို့ပစ်မယ်၊ ဒီကဗျာကို လက်ပတ်အနီ ပတ်ထားတယ် စသည့် ကဗျာများတွင်တော့ ယနေ့ဒီဘက်ခေတ် လူငယ်ကဗျာ ဆရာများ ရေးသားလေ့ရှိသည့် Hybrid, Exprimental ဆန်ဆန် ကဗျာရေးဟန်မျိုး လွတ်လွတ်လပ်လပ်ရေးသားထားပြီး `ခေတ်မီကစားကွင်း၊ စိန်ပန်းပွင့်လေးတွေ၊ သယံဇာတတွေ ပေါတဲ့ တိုင်းပြည် ´ စသည့် ကဗျာများတွင် ခေတ်ပေါ်ကဗျာ အာရုံခံစားမှုအပြည့်ဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။

အခုခေတ်က အရင်လို မဟုတ်တော့ဘူး
သိမ်းဆည်းထားတဲ့ သေနတ်ထက်
လျော့နေတဲ့ ကျည်ဆန်တွေကို စိတ်ဝင်စားနေရတဲ့ အနုပညာ
ကျဉ်းမြောင်းလာတဲ့ မျက်ရည်မှာ ချဲ့ထွင်နေရတဲ့ ပျော်စရာ
အိပ်မက်ကို လူကြားသူကြားထဲ ပြောလို့မရတဲ့ မျက်လှည့်ဆရာ
ဟုတ်ပါပြီ
သီချင်းကတော့ ခင်ဗျားမရေးလည်း သူများက ဆက်ဆိုနေဦးမှာ
မီးခလုတ်ကတော့
အမှောင်ထဲ နေသားကျခဲ့ပြီ
အဖွင့်အပိတ်ကို နောက်လူတို့ ဆက်လုပ်ပါစေတော့
အမှတ်ရစရာက
သန်းခြောက်ဆယ် ပိတ်ကားထက်မှာ
ဘ၀အဆက်ဆက် ရနေဦးမယ့် အကယ်ဒမီနဲ့
လူမုန်းများခဲ့တဲ့ ခင်ဗျားရဲ့ ရုပ်ရှင်
အခုသိချင်တာက
ဇာတ်ကားမစခင် နိုင်ငံတော်အလံကို
ခင်ဗျား အလေးပြုခဲ့ရဲ့လားဆိုတာ။
(မင်းသားရူးကြီး ကဗျာမှ)

ကျည်ဆန်ဟာ အိမ်ကြက်ချင်း အိုးမည်းသုပ်ခွပ်တဲ့ ပွဲမှာ
သူရဲကောင်းမှတ်တမ်းတင် တံဆိပ်ကြီး လည်မှာ ချိတ်လို့
ကျည်ဆန်ဟာ ငြိမ်းချမ်းရေး ညစာစားပွဲဆိုပြီး အကြံကုန် ဂဠုန်ဆားချက်လို့
ကျည်ဆန်ဟာ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်
ရိုးသားတဲ့ စံပယ်ပွင့်လေးလို မခုတ်တတ်တဲ့ ကြောင်လေးလို ဓါတ်ပုံအရိုက်ခံပြီး
ကျည်ဆန်ဟာ သဘောကောင်းတယ် သေသူကို အားပေးစကားပြောလို့
ကျည်ဆန်ဟာ အလှူအတန်းမှာ လက်ဖွာတယ်
ရွာကို မီးရှို့ပြီး ဒုက္ခသည်စခန်းဆောက်ပေးတယ်
လူ့အသက်ထက် တန်ဖိုးကြီးတာ ဘာမှ မရှိဘူးဆိုတော့
တိုင်းပြည်မှာ သူ့အသုံးစရိတ်ဟာ အမြင့်ဆုံးပဲ
( ကျည်ဆန် ကဗျာမှ)

ဘုရားကြို ဘုရားကြားဟာ ဘုရားစူး ဘုရားကြို ဘုရားကြား
ဘုရားကြို ဘုရားကြားဟာ ဘုရားကြို ဘုရားကြားမှ ဟုတ်ရဲ့လား
ဘုရားကြို ဘုရားကြားမှာ ယုံနိုင်စရာတောင် မရှိတဲ့ ကုသိုလ်တရားနဲ့
ဘုရားကြို ဘုရားကြားမှာ အကုသိုလ်ဟာ မြင်မကောင်း ရှုမကောင်းဖြစ်လို့
ဘုရားကြို ဘုရားကြားမှာ ရိုးသားမှုဟာ ပန်းအကြွေကောက်လို့
ဘုရားကြို ဘုရားကြားမှာ ပြန့်နေတဲ့ ငှက်ချေးနဲ့ ပြတ်နေတဲ့ ပုတီးနဲ့
ဘုရားကြို ဘုရားကြားမှာ လူငယ်စုံတွဲတွေ ရမ္မက်နဲ့ ငရဲတွင်းထဲ ခုန်ချလို့
ဘုရားကြို ဘုရားကြားမှာ ချုံနွယ်ပိတ်ပေါင်းနဲ့ သစ်ရွက်ကြွေနဲ့ အမှိုက်သရိုက်နဲ့
ဘုရားကြို ဘုရားကြားမှာ အပေါ့အပါးသွားသူနဲ့ အခင်းကြီးထားသူနဲ့ မသတီစရာ အနံ့အသက်နဲ့
ဘုရားကြို ဘုရားကြားမှာ ရေဘေးဒုက္ခသည်နဲ့ မီးဘေးဒုက္ခသည်နဲ့ စစ်ဘေးဒုက္ခသည်နဲ့
(ဘုရားကြို ဘုရားကြား ကဗျာမှ)

နယ်စပ်မျာ
စာသင်ကျောင်းလေးတွေ မီးခိုးတလူလူ
ဆရာမလေးက
ဒုက္ခသည်စခန်းအထိ မလာနိုင်တော့
ကျောင်းဝတ်စုံလေးက
တစ်ဖက်နိုင်ငံမှာ
ကြုံရာကျပန်းပေါ့။

မြို့ထဲမှာ
ခြေထောက်အတုနဲ့
ဒုက္ခိတ စစ်သားဟောင်းကြီးတွေ
သေနတ်ကိုင်ခဲ့တဲ့ လက်နဲ့
စာအုပ်လေးတွေ လိုက်ရောင်းလို့

ရုပ်မြင်သံကြားမှာ
အပစ်အခက်ရပ်စဲရေး
အမျိုးသားပြန်လည်သင့်မြတ်ရေး
ငြိမ်းချမ်းရေးပါမစ်။
(သယံဇာတတွေ ပေါတဲ့ တိုင်းပြည် ကဗျာမှ)

အပေါက်ဝမှာ
ကြောင်ရုပ်အကြီးကြီး
ရင်ဘတ်မှာ ရွှေရောင်စာလုံးနဲ့
လက်တစ်ဖက်ကို တွဲလောင်းချ
လက်တစ်ဖက်က လက်ယပ်ခေါ်
ပျော်စရာတွေ များတယ်
ဈေးလည်း ကြီးတယ်။

သူတို့က
ကုလားမခြေထောက်ကြီးနဲ့
ခြေလှမ်းကျဲကျဲ
ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်
ငေးကြည့်ရတယ် မော်ကြည့်ရတယ်။

သရဲ ရထားတဲ့
မမြင်ရတဲ့ အချိုးအကွေ့တွေ
အမည်မဖော်လိုသူ အမှောင်ထဲ
သံလမ်းဟာ
ချောက်ချားစရာ စီမံကိန်းနဲ့ဆိုပဲ။
(ခေတ်မီကစားကွင်း ကဗျာမှ)

အကာလရဲ့ လွှသွားစက်ကြီး
ပြတ်အောင် မဖြတ်နိုင်ခဲ့တဲ့ ရနံ့တလှိုင်လှိုင်နဲ့
ကျောင်းတံခါးဝကို နေ့စဉ် တဒေါက်ဒေါက်ခေါက်လို့
အမြစ်ကနေ ပင်စည်
ပင်စည်ကနေ အကိုင်းအခက်
အကိုင်းအခက်မှသည် အပွင့်
အဲဒီလို ရဲရဲနီခဲ့တဲ့ မျိုးဆက်ကြီး
ဒေါင်းအလံကိုယ်စီနဲ့
သမိုင်းသင်ရိုးထဲ တဖွဲဖွဲ ရဲလို့။
(စိန်ပန်းပွင့်လေးတွေ ကဗျာမှ)

 မိုးရင့်ကြယ်၏ ကဗျာများတွင် ခေတ်ပေါ်ကဗျာ၏ ပြေပြစ်စီးဆင်းမှု၊ စကားလုံးဖွဲ့နွဲ့ ကျစ်လစ်မှု၊ အနက်သိုဝှက်မှု၊ နမိတ်ပုံနှင့် ကဗျာအလှဓာတ်ကို အထင်အရှားတွေ့ရသည်။ သူသည် ခေတ်ပြိုင် အာရုံခံစားမှုကို ပင်မရေစီး ခေတ်ပေါ် ကဗျာဟန်ဖြင့် သူ့ကဗျာများကို ဖွဲ့နွဲ့သည်။ သူ့ကဗျာများတွင် ပုဂ္ဂလိက ခံစားမှု၊ နာကျင်မှုများအပြင် ယနေ့လက်ရှိ ဖြစ်ပျက်နေသော နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ လယ်သိမ်း ယာသိမ်းပြဿနာများ၊ မီဒီယာဖိနှိပ်မှု၊ လက်ပံတန်း ကျောင်းသားသပိတ်အကြမ်းဖက်မှု စသဖြင့် ပစ္စခတ်နိုင်ငံရေးခိုက်ထိချက်များကို ကဗျာအဖြစ် ဖွဲ့ယူသည်။ ကဗျာဖြင့် မေးခွန်းထုတ်သည်။ ကဗျာဖြင့် သူ့ဆန္ဒကို ထုတ်ဖော်သည်။ သူသည် ချစ်ခြင်းမေတ္တာဖွဲ့၊ မိသားစုဖွဲ့ကဗျာလို ပုဂ္ဂလိက ခံစားမှုအသားပေး ကဗျာလိုမျိုးမှာတောင် သူ့ရွံ့ရှာစပ်ဆုပ်သည့် စစ်အာဏာရှင်စနစ်ဆိုးကို အချိန်ကိုက်ဆန့်ကျင်ထည့်သွင်း ရေးဖွဲ့ထားတာ တွေ့ရသည်။

ကိုယ်အသည်းကွဲတာလည်း ပြတ်သားတယ်
တစ်ရက် သူ့လာကြိုတဲ့ ကားနံပါတ်မှာ
ကြယ်ပွင့်လေးကို မြင်လိုက်ရတဲ့အခါ
ကိုယ်က စက်ဘီးအစုတ်လေးပါ
အာဏာရှင်ကို မုန်းနေမိတာလည်း
သွေးထဲက အချစ်တစ်မျိုပေါ့။
( အဖြူ အစိမ်း ကဗျာမှ)

အခုလို
ပျော်ကျနေတဲ့ ကတ္တရာစေးနဲ့
မပျော်နိုင်တော့တဲ့ လမ်းတွေပေါ်
ကားအနက်ကြီးတွေ စီတန်းဖြတ်သွားတာ မြင်တိုင်း
ထစ်ခနဲဆို ခါးထောက်ပြီး
ကမ္ဘာကြီးကို မီးရှို့နေသူဟာ
ကိုယ်ပေါ့ကွာ။
(မနေ့ကလို ပြာစတွေ ကဗျာမှ)

စက်ဘီးလေးတွေဟာ ဘယ်တော့မှ အလျင်စလို မနိုင်ဘူး
သူတို့မှာ အရေးကြီးယာဉ်တန်းဆိုတာ မရှိဘူး
စက်ဘီးလေးတွေဟာ လက်ကိုင်ပေါ်မှာ မီးနီကြီးဖွင့်
ပီးပေါ် ပီးပေါ်အော်ပြီး အားအားယားယားလည်း အရေးကြီးပြမနေဘူး
( စက်ဘီးကလေးတွေ ကဗျာမှ)

နေပါဦးလား ဖေဖေရယ်
၂၀၁၅ နီးနေပြီ ဖေဖေရဲ့
မသွားပါနဲ့ဦး
ဥာဏ်နီဥာဏ်နက်တွေ ကောက်ကျစ်ယုတ်မာမှုတွေ
အခင်းအကျင်းလှည့်ကွက်တွေကို
အတူရင်ဆိုင် ဟားတိုက် ရယ်မောပစ်ချင်ပါသေးတယ်
ခဏလေးပါ
ခဏလေးပါ ဖေဖေရယ်
(အိပ်မက်ထဲမှာ ဖေဖေနဲ့ ဆုံစဉ်ခဏ ကဗျာမှ)

 ကဗျာဆရာ စံညိမ်းဦးကတော့ `ကဗျာဆရာဆိုတာ နှစ်မျိုးပဲ ရှိတယ်။ သမိုင်းသိစိတ် ရှိတဲ့ ကဗျာဆရာနဲ့ သမိုင်းသိစိတ်မဲ့တဲ့ ကဗျာဆရာ ´ဟု ဆိုသည်။ ထိုသို့ဆိုလျှင် မိုးရင့်ကြယ်သည် သမိုင်းသိစိတ်၊ နိုင်ငံရေးသိစိတ်ဖြင့် ယနေ့ခေတ်ကို ဖြတ်သန်းနေသည့် ကဗျာဆရာဖြစ်သည်။ ယနေ့နိုင်ငံရေးအခင်းအကျင်းလှည့်ကွက်များတွင် ဖိနှိပ်ခံရမှုများ အား ဖွဲ့စပ်သည့် သူ၏ ကဗျာများသည် ကဗျာဖတ်သူကို နိုင်ငံရေးသိစိတ်နှိုးဆွပေးနိုင်သည်။ သူ့ကဗျာထဲတွင် သူထည့် ပေးထားသည့် အကြောင်းတရား၊ အချက်အလက်၊ ကျိုးကြောင်းဆီလျှော်မှု၊ နာကျင်ခံစားရမှုများသည် သူ့၏ ကဗျာဖြစ်မှု အနုပညာအတတ်တွင် ကဗျာဖတ်သူကို တိုက်ရိုက်ကူးစက်ခံစားရစေသည်။ သူ၏ ကဗျာများသည် ယနေ့ခေတ် နိုင်ငံရေးအခြေအနေကို လှစ်ဟပြနေခြင်းလည်း ဖြစ်သည်။ `ဒီကဗျာကို လက်ပတ်အနီပတ်ထားတယ်၊ သယံဇာတတွေ ပေါတဲ့တိုင်းပြည်၊ အမေဟာ နွေဦးကို သေချာပေါက် ယူဆောင်လာလိမ့်မယ်၊ ကျွန်တော်တို့ မြေမှာ သူတို့အိမ်ဆောက် နေကြပြီ၊ စက်ဘီး ကလေးတွေ၊ သမီးက သုံးနှစ် ဖေဖေက ဆယ်နှစ်၊ အမေ့ကို ထိရင် ကမ္ဘာကို ကဗျာက စပြီး မီးရှို့ပစ်မယ်´ စသည့် ကဗျာများသည် ကဗျာဖတ်သူကို တစ်စုံတခုသော အတိုင်းအတာထိ နိုင်ငံရေးသိမှု၊ လူ့အခွင့်အရေး ဆုံးရှုံးမှု၊ သဘာဝသယံဇာတဆုံးရှုံးမှုများကို မီးမောင်းထိုးပြနေမည်မှာ အမှန်ဖြစ်သည်။ မပြောဖြစ်ခဲ့ခြင်းများအတွက် မိုးရင့်ကြယ် တစ်ယောက် နောင်တရနေမည်မဟုတ်တာ သေချာပါသည်။ တစ်ခါတရံ ပြောမှသိ၊ ထိမှ နာ၊ ကိုယ်မခံစားရသရွေ့ ကိုယ်ချင်းမစာနိုင်ကြသူများအတွက် မပြောဖြစ်ခဲ့ခြင်းများ ရှိနေတာ ကောင်းပါသည်။ ထိုသို့ မပြောခဲ့ခြင်းများအတွက်လည်း ကဗျာဆရာ မိုးရင့်ကြယ် ကို ကျေးဇူးတင်မိသည်။ ကဗျာဆရာ မိုးရင့်ကြယ် ဆက်လက်မျိုသိပ် ကျိတ်မှိတ်ထားနိုင်ပါစေလို့ ဆုတောင်းရင်း မပြောဖြစ်ခဲ့ခြင်းများကို မုဒိတာပွားလိုက်မိပါသည်။

မင်းနဒီခ
၁၃၊ ၅၊ ၂၀၁၅

Wednesday, May 6, 2015

`ငွေခရု ဇေယျတု ကောင်းတဲ့ အမှုတွေနဲ့´ - စံညိမ်းဦး

`ငွေခရု ဇေယျတု ကောင်းတဲ့ အမှုတွေနဲ့´



၁။
 မြန်မာနိုင်ငံ စာပေသမိုင်းခေတ်တွေကို ကြည့်ပါက အင်မတန်စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဂန္ထ၀င်ခေတ်များလို့ ဆိုတဲ့ ထီးနန်းကြငှာန်းနဲ့ ဘုန်းတော်ဘွဲ့များအထူးပြုရာစု နောက်ပိုင်း မန္တလေးခေတ် ၁၈၈၅ ပါတော်မူချိန်က စလို့ ခေတ် တစ်ခုကို စတင်ခဲ့ပါတယ်။ သမိုင်းခေတ်များနဲ့ ဖြတ်သန်းအနုပညာရှင်များကြားက ပေါ်ထွက်လာတဲ့ စာပေဟာ မိုးပေါ်က ကျလာတာ မျိုးမဟုတ်ပါဘူး။ ခေတ်ကာလရဲ့ ရိုက်ခတ်မှုတစုံတရာနဲ့ အမြဲဆက်စပ်နေတာဟာ ဓမ္မတာပါပဲ။ ဗမာကဗျာရဲ့ လာရာဟာလည်း ထီးရိပ်နန်းရိပ်အောက်က ထွက်လာရာကနေ ကိုလိုနီခေတ်မှာ အတွေးအခေါ်စတင်ချဲ့ထွင်လာတယ်လို့ ယူဆကြပါတယ်။ အစဉ်အလာပုံသဏ္ဌာန်နဲ့ အစဉ်အလာတွေးခေါ်မှုများကနေ ရွေ့လျားလာခဲ့တာလည်း ဖြစ်ပါတယ်။ အစဉ်အလာပုံသဏ္ဌာန်ကို စွဲကိုင်ပေမယ့် ချဲ့ထွင်ခဲ့သလို အတွေးအခေါ်ဘက်မှာလည်း `လူထု´ အခြေပြုရကောင်းမှန်း သိလာခဲ့တာ ဖြစ်ပါတယ်။ မည်သည့်နိုင်ငံမဆို `အသစ်´ ဖန်တီးတာဟာ`လူငယ်´တွေဖြစ်ပါတယ်။ ဗမာကဗျာရဲ့ တိုး တက်မှုဟာလည်း အဲဒီခေတ် ဗမာလူငယ်တို့ရဲ့ ဆန်းသစ်မှု ကျေးဇူးပါပဲ။ ၀ံသာနုခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ခေတ်စမ်းခေတ်မှာ မင်းသုဝဏ်၊ ဇော်ဂျီ၊ စာပေသစ်ခေတ်/ တာရာခေတ်မှာ ဒဂုန်တာရာ၊ မိုးဝေခေတ်မှာ မောင်လေးအောင်၊ မောင်သင်းခိုင် စသဖြင့်၊ ခေတ်ပေါ်ကဗျာ ၉၀ ခုနှစ်များမှာ မောင်ချောနွယ်၊ အောင်ချိမ့် စသဖြင့်၊ အဲဒီကနေမှ ယနေ့ကာလ ကဗျာခေတ်များကို တွေ့ကြရမယ် ထင်ပါတယ်။ ပိုင်းခြား ကြည့်မယ်ဆိုရင် ဗမာလူငယ်တွေဟာ အရေးတော်ပုံကြီးတွေကို ဖြတ်သန်းခဲ့ကြရပြီး အဲဒီခေတ် အရေးတော်ပုံကြီးတစ်ခုပြီးတိုင်း အတွေးအခေါ်ဆိုင်ရာများ ဖြစ်ထွန်း ကျယ်ပြန့်လာတတ်ကာ ဖန်တီးတဲ့ စာပေ/ ကဗျာအပေါ်မှာ ရိုက်ခတ်တယ်လို့ ယူဆချင်ပါတယ်။ ဘယ်လို အရေးတော်ပုံကြီးတွေကို ကြုံခဲ့ ဖြတ်သန်းခဲ့ ကြရပါသလဲဆိုတာဟာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။

၂။
 ၁၈၈၅ ပါတော်မူနှောင်းပိုင်း ၀ံသာနုခေတ်ကို ဖြတ်သန်းရင်း တစ်စတစ်စရုန်းကန်ရင်း (က) (၁၉၃၈-၃၉ အထွေထွေ သပိတ်ကြီး) ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ (ခ) ၁၉၄၅ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့ ဖက်ဆစ်အရေးတော်ပုံကြီး နှစ်ရပ် ဟာဖြင့် လူငယ်များကြားမှာ အမျိုးသားရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး ဆိုတဲ့ ခံစားချက်တွေကို နှိုးဆွခဲ့သလို ဖန်တီးတဲ့ စာပေကဗျာများဟာလည်း အဲဒီ ရိုက်ခတ်ချက်များနဲ့အတိ ဖြစ်ပါတယ်။ အဲဒီနောက် (ဂ) ၁၉၄၈ လွတ်လပ်ရေး ခေတ်နဲ့ နှောင်းပိုင်း တိုင်းပြည်တည်ဆောက်ရေးနဲ့အတူ ပြည်တွင်းစစ်ဟာ အာဏာရ လူတစ်စုရဲ့ စနက်နဲ့ စတင်ခဲ့ပါတယ်။ ဖူးပွင့်စ ဒီမိုကရေစီနဲ့အတူ အမျိုးသားနိုင်ငံတော်များ ပြန်လည်တည်တဲ့ ခေတ်ကာလထဲ ပဋိပက္ခများစွာဟာ စတင်ခဲ့ပါတယ်။ အဲဒီကာလရဲ့ စာပေကဗျာသမားများကို လူးလွန့်စေတဲ့ ခံစားချက်ကတော့ ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးတွေပါပဲ။ ဖဆ ဆိုရှယ်အုပ်စုနဲ့ စစ်အုပ်စုတို့ရဲ့ လက်ဝါး ရိုက်အစမ်းအာဏာသိမ်းမှုကတော့ဖြင့် ဗမာပြည်ရဲ့ ကြမ္မာကို အမှောင်ထဲမှာ လုံးလုံးဆုံးပါးစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ (ဃ) ၁၉၆၂ နောင်ပြည်တွင်းပြည်ဆိုရှယ်လစ်မျက်နှာဖုံးနဲ့ အယောင်ဆောင် စစ်အုပ်စုရဲ့ အာဏာသိမ်းခြင်းဖြစ်စဉ် ရိုက်ခတ်ချက် ကတော့ မဆိုစလောက် စာပေလွတ်လပ်ခွင့်ဟာ သရောကြီးခိုင်းခဲ့၊ သေဆုံးခဲ့ရတော့တာပါပဲ။ ကဗျာဆရာများဟာ ဘာတွေ ခံစား၊ ဘာတွေရေးဖွဲ့ကြတယ်ဆိုတာကိုတော့ အထူးမပြောလိုတော့ပါဘူး။ ၁၉၆၂ ဇူလိုင် ၇ မှာကိုပဲ ပွဲဦးထွက် လူသတ်ပွဲကို ကျူးလွန်လို့ စစ်အာဏာရှင်ရဲ့ ဘီလူးဆိုင်းဆင့်သံဟာ မင်းသားမျက်နှာဖုံးကွာကျခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ၇၄၊ ၇၅၊ ၇၆ စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်နှစ်တွေကို ကဗျာဆရာတွေလည်း ဖြတ်သန်းရင်ဆိုင်ကြရပါတယ်။ အရေးအကြီး၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့အဆက်လို့ ဆိုနိုင်တဲ့ (င) ၁၃၅၀ ပြည့် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာလည်း ကဗျာ မျိုးဆက် တစ်ဆက်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ ရှစ်လေးလုံးမျိုးဆက်တွေဟာ ၉၀ ခုနှစ်တွေမှာ ပိုမိုသည်းထန်စွာ ဖူးပွင့်ခဲ့ကြ ပါတယ်။ စာပေကင်ပေတိုင်တွေ မျက်စိအောက်မှာ ပိုမိုကျယ်ပြန့်လာတဲ့ ပုံသဏ္ဌာန်တွေ၊ ပိုမိုသိပ်သည်းလျှို့ဝှက်တဲ့ နိမိတ်ပုံ၊ စကားလုံးတွေနဲ့ ရှောင်တိမ်းရင်း ကိုယ့်ခံစားချက်ကို ဖော်ထုတ်ပြောဆိုခဲ့ကြရပါတယ်။ အတွေးအခေါ်အားဖြင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ခြင်းနဲ့အတူ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးများ ဖြစ်သလို တဖက်မှာလည်း တဆင့်ခံ ရိုက်ခတ် ချက်ဖြစ်တဲ့ ပုဂ္ဂလိကမွန်းကြပ်မှုများနဲ့ ထွက်ပေါက်မဲ့ဝေဒနာလို့ ယူဆမိပါတယ်။ လူငယ်ထုကို ၆၂ အာဏာသိမ်းအစိုးရက ဘိန်းကင်းကဇော်နဲ့ လမ်းသူရဲ ခေါင်းစဉ်တပ် ဖျက်ဆီးဖို့ စီစဉ်ခဲ့သလို ၈၈ အာဏာလွှဲသိမ်းစစ်အုပ်စုဟာလည်း စုံလင်လှစွာ သော နည်းလမ်းပေါင်းစုံနဲ့ သတ်တာပါပဲ။ အဓိကအားဖြင့်တော့ ‘ အစိုးရဆန့်ကျင်ရေးကင်းစင်ရေး´ ပါပဲ။ လူငယ်ထု အတွေးအခေါ်ကိုေ၀၀ါးအောင်၊ သမိုင်းသိစိတ် မျိုးဆက်ပျက်သုန်းအောင် မည်မျှဆောင်ရွက်စေခဲ့ကြပေမူ သတ်၍မသေ ခဲ့တာဟာ သမိုင်းသက်သေတွေ ဖြစ်ခဲ့ပါတယ်။ ကဗျာအုပ်စုများကိုလည်း ထိုနည်းအတိုင်း ပုံသွင်းဖို့ ကြိုးစားခဲ့ပေမယ့် အမှန်တရားမြတ်နိုးမှု၊ မတရားမှုကို ဆန့်ကျင်ခြင်း ကဗျာ့ပင်မစိတ်ဓာတ်ဟာ ပွင့်ခဲ့တာပါပဲ။ အစိုးရအကြိုက် ကဗျာအုပ်စုတွေ၊ ပြည်သူကျောခိုင်း ကဗျာအုပ်စုတွေ များပြားစွာ ပေါ်ထွန်းတည်ရှိခဲ့ပေမယ့် ခေတ်ကာလများဟာ သမိုင်းအမှိုက်တွေကို ချန်ထားခဲ့တာဟာလည်း သတိပြုစရာ ဖြစ်ပါတယ်။ ပြန်ချုပ်ရရင် ခေတ်ကာလနဲ့ ကင်းကွာပြီး၊ သမိုင်းခေတ်နဲ့ ကင်းလွတ်ပြီး ကဗျာဟာ မနေထိုင်ခဲ့တာဟာဖြင့် ဗမာပြည်ရဲ့ သီးခြားဝိသေသနဲ့ ထူးခြားမှုဆိုတာပါပဲ။ ရှင်းရှင်းပြောရရင် ကမ္ဘာမှာ ခေတ်မမီတော့ဆုံး စစ်အာဏာရှင်အစိုးရလက်အောက်တိုင်းပြည်အနည်းစုထဲမှာ ဗမာပြည်ဟာ ကံဆိုးစွာနဲ့ နှစ်ပေါင်းများစွာ ရှိနေခဲ့ရသလို အဲဒီအစိုးရမျိုးအောက်က ကဗျာ၊ ကဗျာဆရာနဲ့ အတွေးအခေါ်ဟာလည်း စစ်အာဏာရှင် အစိုးရ လက်အောက်က လွတ်မြောက်ရေးကလွဲလို့ ကျန်တဲ့ ကွန့်မြူးမှုမှန်သမျှဟာလည်း အရှည်သဖြင့် ဆုပ်ကိုင်လို့ မဖြစ်ခဲ့ပါဘူး။ သမိုင်းပေးအခြေအနေအရကိုပဲ လူ့အဖွဲ့အစည်း အကြပ်အတည်းနဲ့ ဝေဒနာနဲ့ မတရားမှုဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေး ဆိုတာတွေဟာ ဖြစ်တည်ခဲ့ရပါတယ်။

၃။
 ကဗျာဆရာဟာ အကြမ်းအားဖြင့် နှစ်မျိုး ဖြစ်ပေါ်လာခဲ့ပါတယ်။ ` သမိုင်းသိစိတ်´ ရှိတဲ့ ကဗျာဆရာနဲ့ `သမိုင်း သိစိတ်´ မဲ့တဲ့ ကဗျာဆရာပါပဲ။

၎။
 ပုံသဏ္ဌာန်နဲ့ အကြောင်းအရာ အငြင်းပွားခဲ့မှုတွေ၊ အကြောင်းအရာနဲ့ ပုံသဏ္ဌာန် အချင်းများခဲ့မှုတွေရဲ့ အခြေခံဟာ သမိုင်းခေတ် အချင်းအရာတွေရဲ့ ခံယူမှုအဆက်တွေလို့ စဉ်းစားမိသလို ကျောရိုးတွေလို့ ယူဆချင်မိပါတယ်။

၅။
 စာပေကို နိုင်ငံရေးရဲ့ ရိုက်ခတ်ချက်၊ ခေတ်ရဲ့ ရိုက်ခတ်ချက်လို့ သဘောမျှရင် ကျွန်တော်တို့ အမြင့်ပျံ အဝေးမြင် မယ်လို့လည်း နားလည်မိပါတယ်။ အငြင်းပွားလိုမယ့် `နိုင်ငံရေးနဲ့ အနုပညာ´ကိုတော့ဖြင့် `ယင်အန်း´မှာပဲ ပြန်လေ့လာဖို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ ဆရာ ဒဂုန်တာရာ ပြောတဲ့ `ဒီကနေ့ တိုင်းပြည်အဆိုးအကောင်းသမိုင်းဟာ တို့ဗမာသခင်များရဲ့ ဆိုးကောင်းသမိုင်းပါပဲ´ ဆိုတာကို စာပေနဲ့ ဆက်စပ်ချင်ပါတယ်။ `မှိုင်း၊ ဆန်း၊ ဟိန်း´ တို့ဗမာနဲ့ ` ဗစိန်၊ ထွန်းအုပ်´ တို့ဗမာရဲ့ အဆက်ဟာ ဒီကနေ့ ဒီမိုကရေစီ လိုလာသူများနဲ့ စစ်အုပ်စုများကို စီးဆင်းခဲ့တယ်လို့ ယူပါတယ်။ ရှင်းအောင်ဆိုရရင် လက်ဝဲဂိုဏ်းနဲ့ လက်ယာဂိုဏ်း၊ ထိုမှ လက်ဝဲဂိုဏ်းနဲ့ လက်ယာ +စစ်အုပ်စုဂိုဏ်း၊ ထိုမှ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ စစ်အုပ်စု(ဗိုလ်နေ၀င်းမှသည် ဗိုလ်သိန်းစိန်) စသဖြင့် ခြေရာအကြမ်းဖျဉ်း ကောက်ကြည့်စရာ ဖြစ်ပါတယ်။ စာပေ အတွေး အခေါ်မှာလည်း တပြိုင်တည်း အယူအဆတွေ ပေါ်ခဲ့ပါတယ်။ `ပြည်သူ့အတွက်´၊ `အနုပညာအတွက်´၊ ` ဘာအတွက်မှ မဟုတ်´ ဆိုတာတွေ ဖြစ်ပါတယ်။ ဗမာ့သမိုင်းရေးအခြေအနေအရ `အနုပညာအတွက်´နဲ့ ` ဘာအတွက်မှ မဟုတ်´ အယူအဆများဟာ အလိုအလျောက်ကိုပဲ စစ်အုပ်စုဖိနှိပ်သူအကြိုက်များ ဖြစ်ခဲ့ရပါတယ်။ `ဗမာ့သမိုင်း အခြေအနေအရ´ ဆိုတာကို ကျွန်တော် ထပ်မံပြောပါမယ်။ ဒီတော့ကာ ကိုယ်ဟာ ဘယ်လို ကဗျာရေးသူလဲ၊ ဘာကဗျာရေးသူလဲဆိုတာ ပြဿနာဖြစ်လာပါတယ်။ ရယ်ရွှင်ဖွယ်ပြောရရင် လိပ်ပြာအတောင်ပံတစ်ချက်ဟာ တစ်ဖက်မှာ မုန်တိုင်းကျနိုင်တယ် ဆိုတာမျိုး သင့်ဝေဒနာ တစ်စုံတရာတိုင်းဟာ ခေတ်ကြီးနဲ့ သက်ဆိုင်ပါတယ်။ ရယ်ရွှင်ဖွယ် ထပ်ပြောရရင် ` ဘယ်သူ့ အတွက်မှ မဟုတ်´ဘူးဆိုရင် ကိုယ့်ဖာသာ ကိုယ်ပဲ သိမ်းထားပါ။ ဖတ်ပါ။ ` ဘယ်သူ့အတွက်မှ မဟုတ်´ သူအချင်းချင်း ပေးဖတ်ပါ။ ကြောင်းကျိုးဆက်စပ်မှုကို ယုံကြည်ရင် ကိုယ်စီးတဲ့ မြင်းကို အရည်လည်မယ် ထင်ပါတယ်။ အဓိက ကတော့ ကဗျာ`မြစ်´ကြီး ရပ်တန့်မနေဘဲ စီးဆင်းခြင်းသည်ပင် အလှလို့ တွေးချင်ပါတယ်။ တွေးရမှာ ဖြစ်ပါတယ်။

၆။
 ကဗျာဆရာရှိတော့ ကဗျာတွေ ရှိလာပါတယ်။ ကဗျာရွှေခေတ်လို့ ပြောရမလိုပဲ ကဗျာတွေ အထူးပွင့်တဲ့ ယနေ့ကာလမှာ ကဗျာဆရာထောင့်ကပြောရရင်အင်မတန်ပျော်စရာ၊ ကြည်နူးစရာဖြစ်ပါတယ်။ ဒီဘ၀၊ ဒီလောကကို လျှောက်လာတဲ့သူ များစွာကိုလည်း အင်မတန်လေးစားစရာဖြစ်ပါတယ်။ IQ,EQ ရေချိန်အနိမ့်အမြင့်၊ သမိုင်းသိစိတ် နိုင်ငံရေးအမြင် အထူအပါး၊ ရေးဖွဲ့မှုပုံသဏ္ဌာန်၊ စကားလုံးအားထုတ်သုံးစွဲမှု၊ အသွင်အပြင်ခြားနားချက် တူကြမှာ မဟုတ်သလို အရေးကြီးတဲ့ `စေတနာ´ အရာလည်း ညီကြမှာ မဟုတ်လို့ ယူဆမိပါတယ်။ ဒါကလည်း သဘာဝကျတဲ့ လက္ခဏာလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဗမာကဗျာရဲ့ ကဗျာဘဏ္ဍာသိုက်ဆီကို ဖြည့်ဆည်းကြတာလို့ ယုံကြည်ရင်း လေးစားဖွယ် ဖြစ်ရပါတယ်။

၇။
 ကဗျာ၊ ကဗျာဆရာ၊ ကဗျာစာအုပ်နဲ့ လူ့အဖွဲ့အစည်း(ကဗျာပရိသတ်)ဆိုတာ ရှိလာတဲ့အခါ ဒါမှမဟုတ် ကဗျာဆရာဟာ ကဗျာကို အများဆီ ချပြပြီဆိုတဲ့အခါ ရေးသူနဲ့ ဖတ်သူကြားမှာ လိုအပ်ချက်တွေ ရှိလာခဲ့ပါတယ်။ (ထင်ပါတယ်)။ နားလည်တယ် နားမလည်ဘူး၊ ဘာတွေမှန်းလည်း မသိဘူး၊ ကောင်းတော့ ကောင်းရဲ့ ဘာဆိုလိုမှန်းမသိဘူး စတဲ့ အကြပ်အတည်းများအပြင် ပြည်တောင်းထဲက ပတ္တမြားတွေထဲ `ဒါကတော့ အရည်မှီတဲ့ ပတ္တမြား ဟဲ့´ ဆိုသလို ကောက်ပြပေးမယ့် ပညာရှင်ရဲ့ အခန်းကဏ္ဍဟာ ရှိခဲ့ပါတယ်။ ဒါဟာ စေတနာအလုပ်ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဝေဖန်ရေး၊ မှန်ကန်တဲ့ ရည်ညွှန်းမှုများဟာ စာပေအကျိုး၊ လူ့အဖွဲ့အစည်း အကျိုးအတွက် လိုအပ်ခဲ့ပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ ခံစားတင်ပြမှုများဟာလည်း ကဗျာယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ ထင်မိ ပါတယ်။ ဒါကို ရှေးကနေ ယနေ့တိုင် ပြုလုပ်အားစိုက်ပေးခဲ့ကြတာဟာ အထင်အရှားဖြစ်ပါတယ်။ ဥပမာ-ဒဂုန်တာရာ၊ မင်းသုဝဏ်၊ တိုက်စိုး၊ ဇော်ဂျီ၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ တက္ကသိုလ်ဝင်းမွန်၊ မြဇင်၊ အောင်ဝေး၊ တက္ကသိုလ်ဘုန်းနိုင်၊ ဇော်ဇော်အောင်၊ မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ သစ္စာနီ၊ မျိုးသန့်၊ မျိုးသန့်၊ ဖြိုးထိန်၊ မောင်သာချို၊ အောင်ဘညို၊ မင်းခက်ရဲ၊ အောင်ခင်မြင့်၊ စိုင်းဝင်းမြင့် စသဖြင့် ဆရာများက ဝေဖန်ခြင်း၊ ရည်ညွှန်းခြင်း၊ ခံစားတင်ပြခြင်း တို့ကို မိမိအယူအဆအလိုက် ၊ တစ်ပိုဒ်ချင်း၊ တစ်အုပ်ချင်း တင်ပြခဲ့ဖူးတာကို အမှတ်ရမိပါတယ်။ သဘောတူသည် မတူသည်ထက် `စေတနာ´ တန်ဖိုးကို အထူးရည်မှတ် ကျေးဇူး တင်ဖို့ ဖြစ်ပါ တယ်။ ဒါဟာ ဇေယျတု ငွေခရုနဲ့ ကောင်းတဲ့ အမှုကို ဆောင်ရွက်ခြင်းလို့ ယူဆမိပါတယ်။

၈။
 မင်းနဒီခ ဟာ ကဗျာဆရာတစ်ဦးဖြစ်သလို ကဗျာဖတ်သူ၊ ကဗျာဆိုင်ရာများကို အထူးစိတ်ဝင်စားသူမို့ အစားကောင်းတွေ့ရင် မိတ်ဆွေတွေကို လက်တို့ချင်တဲ့ စေတနာဟာ ဒီစာအုပ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ထင်မိပါတယ်။ `နံရံကပ်စက္ကူအောက်က သိပ်သည်းသော ထူထဲဆ အလွှာ´ မှာ သူ့အားထုတ်မှု၊ သူ့စေတနာနဲ့ သူ့အရေးအသားကို ခံစားမိကြမယ်လို့ ယူဆပါတယ်။ ကဗျာရေးသူ အချင်းချင်း သူပြုလုပ်တဲ့ စာအုပ်မှာ အမှာလိုလိုရေးပေးရတာဟာဖြင့် စိတ် မသက်သာသော်ငြား သူ့အလုပ်ကို လေးစားခြင်းဖြင့် ကဗျာဆိုင်ရာ ကျွန်တော့်ဖီလင်များကို စပ်ယှက်တင်ပြခွင့် ရတဲ့အတွက် ကဗျာဆိုင်ရာသူ့စာအုပ်ကို အထူးအလေးအနက်ထားမိပါတယ်။ သူ့ရဲ့ မလွယ်ကူတဲ့ ဒီစာအုပ်ဖြစ်ပေါ်မှုထဲ၊ သူ့အရေး အသား တစ်ပုဒ်ချင်း ဖြစ်ပေါ်မှုထဲ သူ့လေ့လာမှုကိုပါ ဂုဏ်ပြုမိပါတယ်။ နိဂုံးချုပ် ဆိုရသော်
- သူဟာ လူ့အဖွဲ့အစည်းနဲ့ ကဗျာကြားက ယဉ်ကျေးမှုပေါင်းကူးတံတားတစ်စင်းလည်း ဖြစ်ပါတယ်။
- ကဗျာနဲ့ ကဗျာဆရာကို ကဗျာဖတ်သူထံ မေတ္တာနဲ့ အခမဲ့ ကမ်းကူးပေးသူ မြစ်ပြင်က လှေထိုးသား၊ ကူးတို့လှေသမား တစ်ဦး လည်း ဖြစ်ပါတယ်။
ယဉ်ကျေးမှု ပေါင်းကူးတံတားတစ်စင်းရဲ့ အလုပ်ကို ထမ်းသူ၊ မေတ္တာအရင်းခံ ကူးတို့ လှေသမားအလုပ်ကို လုပ်ပေးသူ
`မင်းနဒီခ´
ထိုထိုသော ကောင်းတဲ့ အမှုကုသိုလ်များ ဆက်လက်လုပ်နိုင်ဖို့ အထူးတိုက်တွန်းချင်မိပါတယ်။

          လေးစားစွာ
           စံညိမ်းဦး
           ၆၊မေ၊ ၂၀၁၅

Monday, March 30, 2015

မြန်မာကဗျာအရွေ့၊ မဟာငြီးငွေ့မှုနှင့် ခေတ်ပြိုင်အရေးအသားအား ချဉ်းကပ်ခြင်း - မင်းနဒီခ





 မြန်မာကဗျာအရွေ့၊ မဟာငြီးငွေ့မှုနှင့် ခေတ်ပြိုင်အရေးအသားအား ချဉ်းကပ်ခြင်း



            မြန်မာကဗျာအရွေ့အကြောင်းပြောရင် ရှည်လျားလွန်းလှတဲ့ မြန်မာသမိုင်းကြောင်းနဲ့ ထပ်တူ ပြန်ပြောင်း ပြောဆို ရမှာဖြစ်လို့ အရမ်းကျယ်ပြောနက်နဲလွန်းပါတယ်။ ဒါပေမယ့် မြန်မာကဗျာဟာ ခေတ်အဆက်ဆက် တိုင်းပြည်ရဲ့အနေအ ထား၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအပွန်းအပဲ့တွေကြားမှာ တဖြည်းဖြည်းတိုးတက်ပွင့်ဖူးလာတဲ့ စာပေအနုပညာရပ်တစ်ခု ဖြစ်တဲ့ အတွက် ကျွန်တော်လက်လှမ်းမှီသလောက် ပြန်လည်စုစည်းဖော်ပြချင်ပါတယ်။ မြန်မာကဗျာစီးကြောင်းဟာ အတိုက်အခံ၊ အဖုအထစ် များလွန်းလှတဲ့ ရေစီးသန်မြစ်တစ်ခုထဲမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ မဆုတ်မနစ် စီးဆင်း ဖြစ်ထွန်းခဲ့တဲ့ အနုပညာတစ်ရပ်ပါ။ တကယ်တမ်းကျတော့ ကျွန်တော်ကိုယ်တိုင်ရွေးချယ်ပြီး ပေးထားတဲ့ခေါင်းစဉ်က ကြီးမားလွန်း
နေတဲ့အတွက် မြန်မာကဗျာအရွေ့ကို ခရေစေ့တွင်းကျ တိတိကျကျပြောဆိုဖို့ဆိုတာ ကျွန်တော့်အတွက် မလွယ်ကူသလို၊ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ စာပေဖြတ်သန်းမှုနဲ့ယှဉ်ရင် မရေးသင့်သေးတဲ့ စာတမ်းတစ်စောင်ပါပဲ။ ဒါပေမယ့် ကျွန်တော် ဒီခေါင်းစဉ်ကို လိုလိုလားလားပဲ ရွေးချယ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာကဗျာအရွေ့ အကြောင်း
ပြောမယ်ဆိုရင် ပြောနိုင်တဲ့သူတွေ၊ သုံးသပ်ကောက်ချက်ချနိုင်တဲ့သူတွေ ရှိနေသေးတဲ့အတွက် ကျွန်တော့်စာတမ်းမှာ အမှားအယွင်း၊ အကျအပေါက် တစ်စုံတရာရှိနေတာတွေကို ပြန်ဖြည့်ပေးနိုင်တဲ့အတွက် ကျွန်တော်  ရွေးချယ်ခဲ့ခြင်းလည်း
ဖြစ်ပါတယ်။

(၁)မြန်မာကဗျာအရွေ့(အပိုင်း - ၁)

(က)ပုဂံခေတ် (ခရစ်နှစ် ၁၀၄၄ - ၁၂၉၈ )

            မြန်မာကဗျာဟာ ပုဂံခေတ်ဦးကနေစပြီး အနှစ်(၈၀၀)ကျော်ထွန်းကားခဲ့တဲ့ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ ပျို့၊ မော်ကွန်း၊ ဧချင်း၊ အိုင်ချင်း၊ တျာချင်း၊ ကာချင်း၊ လေးချိုး၊ ဒွေးချိုး၊ တေးထပ်၊ ဘောလယ် ကနေ ဒီကနေ့ခေတ် မော်ဒန်၊ ပို့စ်မော်ဒန်၊ ခေတ်ပေါ်၊ ခေတ်ပြိုင်၊ Conceptual, LANGUAGE, Contemporary အထိ အဆင့်ဆင့် ပြောင်းလဲဖြစ်ထွန်း တိုးတက်လာတယ်လို့ ဆိုရမှာပါပဲ။ မြန်မာစာပေသမိုင်းမှာ အစောဆုံးစာပေအရေးအသားကို ပုဂံခေတ်မှာ စတင်တွေ့ရှိခဲ့ပြီး အစောဆုံးမြန်မာကဗျာဟာလည်း ပုဂံခေတ်မှာ စတင်ပေါက်ဖွားလာတယ်လို့ သမိုင်းမှတ်တမ်းများအရ ဆိုနိုင် ပါတယ်။ မြန်မာကဗျာရဲ့ အစဟာ မြကန်ဖွဲ့ ကဗျာပဲ ဖြစ်ပါ တယ်။

`မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဝတိံသာက
နန္ဒာလော
တူစွ ဟုတ္တာ။´

            မြကန်ဖွဲ့ကဗျာနဲ့ မရှေးမနှောင်းပေါ်ပေါက်တယ်လို့ ဆိုနိုင်တဲ့ နောက်ထပ်ရှေးဦးကဗျာတစ်ပုဒ်ကတော့ ပုပ္ပါး နတ်တောင်ဖွဲ့ ကဗျာပါပဲ။ မြကန်ကဗျာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ကန်ရဲ့ သာယာကြည်လင်အေးမြပုံကို အထူးဖွဲ့ဆိုပြီး ပုပ္ပါးနတ်တောင် ကဗျာမှာတော့ စကားဝါပန်းလေးနဲ့ တင်စားခံရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား ကြီးမားပုံကို ဖွဲ့ဆိုထားပါတယ်။

`သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား
စုံတောပြား၌
နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား ပန်းစကား။
သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည့်
ရဲမျိုးသမီး
မောင်ကြီးနှမ
ညက်လှပြာစင်
မဲ့သည်ပင်သည် ခရီးသား။
သိုးကလေ
မြိတ်စုလွတ်လည်း
ငယ်ကတည်းက
ချစ်ကျွမ်းဝင်သည်
မွေးဖတူရင်း
မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်
နှလုံးမခြား စောင့်တရား။
ဆွေမိခင်
မျက်သုတ်နီပင်
ရထည်းဖျင်နှင့်
ကျိုင်းစင်မြ၀ါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ။´

          ပုဂံခေတ်မှာပဲ နောက်ထပ်တွေ့ရတဲ့ ကဗျာတစ်ပုဒ်ကတော့ နရပတိစည်သူမင်းကြီးလက်ထက် သက္ကရာဇ် ၅၃၆ ခုနှစ်၊ မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယအမတ်ကြီးရဲ့ `သူတည်းတစ်ယောက်´အစချီ မျက်ဖြေလင်္ကာ ဖြစ်ပါတယ်။ အနန္တသူရိယာအမတ်ကြီးဟာ ဒီမျက်ဖြေလင်္ကာကို မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရမည့်ဆဲဆဲ သူသတ်ကုန်းမှာ ရေးသား ခဲ့တဲ့ ကဗျာလို့လည်းမှတ်သားရပါတယ်။

`သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းစံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မေတ္တာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ် ကြမ္မာ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊
ဖောက်လွှဲတတ်သည်၊ မချွတ်စသော၊ သတ္တ၀ါတည်း။
 ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါက်၊ သံသာစက်၌ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊
 သခင်မွန်ကို ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏။ သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း။´
(မျက်ဖြေလင်္ကာ- အနန္တသူရိယအမတ်)

(ခ) ပင်းယခေတ် (ခရစ်နှစ် ၁၂၉၉-၁၃၆၃)

ပုဂံခေတ်ကနေ စတင်မြစ်ဖျားခံလာခဲ့တဲ့ မြန်မာကဗျာဟာ ပင်းယခေတ်မှာ ရေးဖွဲ့ပုံဟန်ပြောင်းလဲလာပါတယ်။ ပင်းယခေတ်ဟာ အေဒီ ၁၂၉၇ မှာ ပြိုကွဲလာတဲ့ ပထမမြန်မာနိုင်ငံတော်ကို ပြန်လည်စုစည်းတဲ့ ခေတ်ဖြစ်တဲ့အလျောက် ကဗျာ အကြောင်းအရာဟာ စစ်ရေးစစ်ချီ၊ စစ်ကြောင်းစစ်တက်၊ စစ်စိတ် စစ်မာန်တက်ကြွစေတဲ့ စကားလုံးအရေးအဖွဲ့တွေနဲ့ စစ်ရေးဆိုင်ရာ ကဗျာသီချင်းတွေ ရေးဖွဲ့လာခဲ့ပါတယ်။ ကာချင်းကဗျာဟာ ရှေးကျတဲ့ ကဗျာအဖွဲ့တစ်မျိုးဖြစ်ပြီး ဒိုင်းများ၊ ကာများကို ကိုင်ဆောင်ပြီး စစ်ဟန်ခင်းကျင်းကခုန်ရင်း သီဆိုရတဲ့ ကဗျာအမျိုးအစားဖြစ်ပါတယ်။ ပင်းယခေတ်မှာ တျာဘွဲ့ သီချင်း၊ ကာချင်း၊ ရတု စသည်ဖြင့် ပေါ်ထွက်ခဲ့သော်လည်း အထူးထင်ရှားခဲ့တာ ကာချင်းကဗျာအမျိုးအစားပါပဲ။ မှတ်တမ်း များအရ ငါးစီးရှင်ကျော်စွာဟာ ကာချင်းကဗျာကို စတင်ရေးဖွဲ့ခဲ့သူဖြစ်ပြီး တစ်မောင်း တစ်မောင်း အစချီ၊ ရဝေဆီးသည့် အစချီ၊ တာဝတိံသာ အစချီ ကာချင်း များအဖြစ် (၃)ပုဒ်တွေ့ရတယ်လို့လည်း မှတ်တမ်း ရှိခဲ့ပါတယ်။

`တစ်မောင်း တစ်မောင်း၊ တို့ တစ်မောင်းသည်၊ တစ်မောင်စး ဘာကောင်း သားလော။ ဘကောင်း ဘကောင်း။
အနီးမြင်မှတ်၊ စေတီထွတ်သည်၊ ကောင်းမြတ်သာလျောင်းလော။ သာလျောင်း သာလျောင်း။
သင်းတွဲမြောင်းကြီး၊ အယဉ်စီးသည်၊ ဖြင်ညီး မြစ်လောင်းလော။ မြစ်လောင်း မြစ်လောင်း။
ဥတည်းသည်လည်း၊ ဥတည်းရံဝန်း၊ ပြသွန်းသွန်းသည်၊ ထက်ဝန်းတန်ဆောင်းလော။ တန်ဆောင်း တန်ဆောင်း။
ပေါင်းကွတ်စေ့ကျင်၊ ထန်းပြင်ပြင်ကား၊ ဆင်လျှင် နင်းကောင်းလော။ နင်းကောင်း နင်းကောင်း။
ကျုံးနက်ရေ၊ မြို့ခြေအပြည့်ထား။ တေဟူသည်ကား၊ ထွားရှည်ကျော်ပြန့်ပွား။ တေဟူသည်ကား၊ ဆယ့်တစ်ရွာတခြား၊ ဒေ၀ကျော်ထင်ရှား။
မဏိဆင်သည်၊ မျက်ရှင်ကွန်းတော်လား။ ကွန်းတော် ကွန်းတော်။
အမွမ်းစွင့်စွင့်၊ ကနားမြင့်သည်၊ ကြန်သင့်သာလျောင်းလော။ သာလျောင်း သာလျောင်း။
ရဝေဆီးသည်၊ လက်တီးလေးတံခါး။ တရုတ်လာသည်၊ ရိုင်ရိုင်လော ရိုင်ရိုင်။မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်။
လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလေ၊ လတိုင်း လတိုင်း။ မြင်းသည်သိန်းသန်း၊ များစွာထွန်းသည်၊ ထက်ဝန်းရံသ၊ မနိုင် မနိုင်။
လျှပ်စစ်တိမ်ပြင်၊ မှိုင်းမင်းလွင်သည်လည်း၊ လွင်သည်လည်း။တိမ်သည်မည်းမည်း၊ မည်းသည်လည်း မည်းသည်လည်း။ တိမ်းမည်းတက်ရာ၊ မိုးသေးပါ၍၊ ရွာသည်အသည်း၊ ရေချည်းဖြင်သည်လည်း၊ ဖြင်သည်လည်း။
ရွာသည် မိုးကား၊ ရိုက်ကြား ကြည်းသည်လည်း ကြည်းသည်လည်း။ကန်သင်း မွေမမြင်သည်လည်း၊ မမြင်သည်လည်း။
အရိုင်း မနေချင်သည်လည်း၊ မနေချင်သည်လည်း။ ပြေးလျင်တစ်စီး၊ မြင်းသည်လည်း၊ မြင်းသည်လည်း။
နှင်တံမကမ်းခင်သည်လည်း၊ မကမ်းခင်သည်လည်း။ ဒသာလည်း ဒသာ ကောင်းခြင်းခပင်း၊ ကြိုက်သည်လည်း ကြိုက်သည်လည်း။
ရာဇသင်္ကြံ၊ စည်းစံခံသည်လည်း၊ ခံသည်လည်း။ အသင်္ခယာ၊ ချမ်းသာစံသည်လည်း၊ စံသည်လည်း။
နှစ်ပါးမင်း၏၊ ညီရင်းလဟူ၊ သီဟသူကား၊ အယူဖြောင့်စင်း၊ မြအဆင်းသို့၊ ချင်းလေ ရပ်မျက်နှာသည်လည်း၊ ရပ်မျက်နှာ သည်လည်း။
သီးမှည့် ကျီးအာသည်လည်း၊ အာသည်လည်း။
သင်္ဃာတန်ခိုး၊ မပြတ်ကိုးသည်၊ သုံးလူ့အမှူး၊ ဂုဏ်ကျေးဇူးသည်လည်း၊ ဂုဏ်ကျေးဇူးသည်လည်း။
မုခပါဌ်ရှင်၊ ပလ္လင်ခတ်သည်လည်း၊ ခတ်သည်လည်း။´
(ငါးစီးရှင်ကျော်စွာ)

(ဂ) အင်းဝခေတ်  (ခရစ်နှစ် ၁၃၆၄-၁၅၂၆)

            အင်းဝခေတ် မြန်မာသက္ကရာဇ် ၈၀၀-ပြည့်နှစ် မိုးညှင်းမင်းတရားလက်ထက်မှာ တဘောင်တခု ပေါ်ခဲ့ပါတယ်။  အဲဒီ တဘောင်က "ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက် လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတံ့၊ ကူးလည်း ကူးလတံ့၊
မြူးလည်း မြူးလတံ့ "လို့ ဖြစ်ပါ တယ်။ တဘောင်ဆိုတာ နောင်ဖြစ် လာမယ့် အကြောင်းအရာကို ကြိုပြီးနိမိတ်ဖတ်တဲ့ စကား။ အဲဒီ တဘောင်စကားအရ "အကိုက်လေးဖော်" ဆိုတာ ပေပင်အစို့အကိုက်လေးစို့လို့ ဆိုလိုတာပါ။ ပေဆိုတာ စာပေကို ဆိုလိုတာ ဖြစ်ပြီး စာပေကျမ်းဂန်တတ်ကျွမ်းတဲ့ ရှင်သာမဏေ ပုဂ္ဂိုလ်ကျော်လေးပါး ပေါ်ထွန်းလိမ့်မယ် လို့ ငှက်ပစ်တောင် ဆရာတော် အတိတ်နိမိတ် ကောက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ တောင်တွင်း ကြီးမြို့ မြောက်ဘက်၊ မြို့လုလင်ရွာ၊ သတိုးထမ်းရွာ၊ မကျည်းယောင်ရွာတို့မှာ ပေစို့ကြီး လေးစို့ မြေကြီးထဲက ပေါ်ထွက် လာလို့ မြို့သူ မြို့သားတွေက "ပေလေးပင်၊ ရှင်လေးပါး"
 ပေါ်တော့မယ်ဆိုပြီး ၀မ်းသာအားရ ဖြစ်ကြရပါတယ်။ တဘောင်နမိတ်အတိုင်း ၈၁၅ခုနှစ်မှာ မြို့လုလင်ရွာမှာ
 မောင်ဥက္ကာ (ရှင်ဥတ္တမကျော်)နဲ့ မောင်ညို (ရှင်မဟာသီလ၀ံသ)၊ သတိုးထမ်းရွာမှာ ရှင်အုန်းညို၊ မကျည်းယောင်ရွာမှာ ရှင်ခေမာ ဆိုပြီး ပုဂ္ဂိုလ်လေးပါး ပေါ်ပေါက်လာခဲ့ပါတယ်။။ ထိုပုဂ္ဂိုလ်လေးပါးကို ပေလေးပင်၊ ရှင်လေးပါးလို့ခေါ်ဆိုရမယ့် ရဟန်းစာဆိုတော် များ ဖြစ်လာပါတယ်။ ပထမအင်းဝခေတ် နရပတေ့မင်း လက်ထက်မှာ စာပေကျမ်းဂန်တို့တွင် တတ်မြောက်တော်မူတဲ့ ထိုစာဆိုရှင်လေးပါးကို ကိုးကွယ်တော်မူခဲ့ပါတယ်။  ပေါ်ထွန်းခဲ့တဲ့ ကဗျာအမျိုးအစားများမှာ ပျို့၊ ရတု၊ တောလား၊ မော်ကွန်း၊
မေတ္တာစာ ဧချင်း၊ သံတိုင်၊ သံပေါက်တို့အပြင် ကာချင်းကိုပါဆက်လက်တွေ့ရှိရပါသေးတယ်လို့ မှတ်သားရပါတယ်။ အင်းဝ ခေတ်မှာ စာပေပညာအရာ၌ တတ်မြောက်ကြသော စာဆိုရှင်များမှာ ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလ၀ံသ၊ ရှင်ခေမာ၊ ရှင်အုန်းညိုတို့အပြင် ရှင်မဟာရဋ္ဌသာရ၊ ပထမမင်းခေါင်ကြီး၊ အဒူမင်းညို၊ ရှင်သူရဲ၊ သခင်ထွေး၊ ရှင်ထွေးညို၊ ၀ံတောင်လည် ဘုန်းတော်ကြီး သဒ္ဓမ္မဆဇောတ၊ ကန်တော်မင်းကျောင်း ဆရာတော်၊ ရှင်တေဇောသာရ၊ ရှင်အဂ္ဂသမာဓိ၊ မိညိုနှင့် မိဖြူတို့ ဖြစ်ကြပါတယ်။ အင်းဝခေတ်မှာ ရခိုင်အမတ် အဒူမင်းညိုရေးဖွဲ့တဲ့ ရခိုင်မင်းသမီးဧချင်းကို စတင်တွေရှိခဲ့ရပြီး ရှင်ထွေးညို ရေးဖွဲ့ခဲ့တဲ့ ပြည်စုန်မော်ကွန်းဟာလည်း မော်ကွန်းတွေထဲမှာ အစောဆုံးစတင်တွေ့ရှိရခြင်း ဖြစ်ပါတယ်။

ဧဧပိမ့် နှစ်သိမ့်၊ အငြိမ့် အချမ်း၊ သူငယ်ဝမ်းဖြင့်၊ မြည်တမ်းပူဆာ၊ နိုးနာ မရှိ၊ စက်ပျော်ဘိမျှ၊ သိန်းထိဘိုးခက်၊ ညံ့သက်ပင်ချည်၊ လျားနံရှည်နှု့်၊ နောက်ပြည်မင်းတို့၊ ခွန်ဆက်ပို့သား၊ နှစ်လို့ချင်စွာ၊ ခါသာသလင်း၊ အောက်နှီးခင်းလျက်၊ ပေါ်တင်းကြက်မွန်၊ ဗိတာန်ဆောင်းထား၊ ကိုးပါး ရတနာ၊ စီချယ်မြွာလျက်၊ ရွှေပုခက်တွင်၊ ရွှေရွက်လူလူ၊ ရွှေချူသွင်သွင်၊ လက်ငင်တိုင်ငုတ်၊ မျှင်မျှင်ထုတ်၍၊ တမုတ်ကြိုးကိုင်၊ နှစ်ဘက်ဆိုင်သည်၊ ဧတိုင်ရိုက်ပျံ့ပျူးတည့်လေ
(ရခိုင်မင်းသမီးဧချင်း - အဒူမင်းညို)

၁။ ဇမ္ဇူဒီပါ၊ တောင်လက်ျာဝယ်၊ အာဏာဝှန်ပြုံး၊ ကြီးလက်ရုံးနှင့်၊ မင်းဆုံးလူ့ထွဋ်၊ စောကြံလတ်ကို၊ မိုဃ်းနတ်သိကြား၊ မှတ် သောအားဖြင့် ၊ ရှစ်ပါးရပ်စုံ ၊ မင်းအပုံကို၊ လက်မုံညီကြ၊ မြှောက်ထိုက်လှ၏၊ နန်းမသဘင်၊ တင်အံ့သည်ကား၊ တည်သား ကောဇာ၊ ရှစ်ရာခုနှစ်ဆယ်၊ နှစ်ခုဝယ်နှိုက်၊ ဆောင်းလလိုလို၊ လပြာသိုဝယ်၊ ခွာညို ပျံ့မွန်း၊ နွယ်ပန်းလှိုင်လတ်၊ ဖက်ဆွတ် ပေါ်ဦး၊ ရောင်မြူးထွန်းတက်၊ ဆယ့်တရက်တွင်၊ နံနက်အခါ၊ အတိတျာနှင့်၊ ရှည်ကာစီရင်၊ ထားပြီးကျင်သော်၊ မင်းအင်တခြား၊ မှတ်သားစဉ်လာ၊ ရွှေမြူတာတည့်၊ တရာပြည့်ဖြိုး ၊ ကြာမျိုးနံ့သာ၊ သကာထောပတ်၊ နှမ်းချွတ်ဆီနှော၊ ငှက်ပျောထမင်း၊ ပြည့်ခြင်းဖြိုးဖြိုး၊ သောက်အိုးကြငှန်း၊ ပန်းဆောက်ပြီးနှင့်၊ ပွဲနီးစုရင်း၊ ပွဲကျင်းပုတ်ဆန်း၊ ခေါ်မှန်းမုယော၊ လျင်ဆောပေါ်မှ၊ ပူဇော်ကြသည်။  ။တောင်းစလိုမှု ပျံ့ပျူးတည်း။
(ရှင်မဟာသီလဝံသ၏ ရွှေနန်းတည် မော်ကွန်းပထမပိုဒ်)

ရတုများထဲမှာဆိုရင် ရှင်ဥတ္တမကျော်ရဲ့တောလားရတုကြီးဟာ တောလားရတုများမှာသမိုင်းတလျှောက် ပြိုင်စံရှားဖြစ်ပြီး အပိုဒ်ကိုးပိုဒ်ပါရှိကာ ဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွချီရာ လောကအလှ သဘာဝတရားတို့က ပူဇော်ဖူးမျှော်ကြပုံ ကို အစွမ်းကုန်မွမ်းမံ ခြယ်သစပ်ဆိုထားပါတယ်။ နောက်ထပ်ထင်ရှားတဲ့ ပျို့တွေကတော့ ရှင်မဟာသီလ၀ံသရဲ့ ပါရမီတော် ခန်းပျို့၊ ဆုတောင်းခန်းပျို့၊ ရှင်မဟာရဋ္ဌသာရရဲ့ ကိုးခန်းပျို့၊ ဂမ္ဘီသာရပျို့၊ ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ ၊ ရှင်အဂ္ဂသမာဓိရဲ့နေမိငရဲခန်းပျို့၊ ကန်တော်မင် ကျောင်းဆရာတော်၏ လောကသာရပျို့တွေပဲ ဖြစ်ပါတယ်။
နောက်ထပ်ထင်ရှားတဲ့ စာပေလက်ရာတွေအဖြစ် ရှင်တေဇောသာရ၏ ရခိုင်မင်းသမီးဘွဲ့ရတု၊ နန်းတွင်း မိညိုနဲ့ နန်တွင်းမြိဖူတို့ရဲ့ ကိုယ်ရည်သွေး ရတုတွေဟာလည်း ထင်ရှားခဲ့ပါတယ်။ ရတုထဲမှာ တောင့်တဲတွန့်ရတု၊ ပုလဲတတန့် သန္တာတတန့်၊ မုတ္တာရွဲသီ ခိုင်ညွတ်ခက်ဖြာ ပဒုမ္မာ ကြာပွင့် ကွန့် စသော ရေးစပ် နည်းအဖုံဖုံတို့လည်း ထွန်းကားခဲ့ပါတယ်။

ရတုသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအဖွဲ့အနွဲ့ပင်ဖြစ်သည်။ သို့သော် လင်္ကာကဲ့သို့ မဟုတ်မူ၍ ဖွဲ့ဆိုရာ၌ စည်းစနစ် ဥပဒေရှိ၏။ လင်္ကာ၌ ပုဒ်ရေပေါင်း ဖွဲ့လိုသမျှ ဖွဲ့ဆိုနိုင်သည်။ အဖျားချတွင်လည်း စာလုံးရေ အကန့်အသတ်မရှိ၊။ ရတုတွင်ကား တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပိုမို၍လည်း မဖွဲ့နွဲ့ကြချေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပဒအရေအတွက်အားဖြင့် ၁၀၈ ပဒထက် ပိုမို၍ မဖွဲ့နွဲ့ကြချေ။ အဖျားချများတွင်လည်း ခိုင်ညွှန့်ခက်ဖြာ ၇ လုံး၊ မဏိဆံကျင် ၉ လုံး၊ အာသာဝတီဝတ်ဆံ ၁၁ လုံး၊ မဏိဦးပြည်း ၁၅ လုံး၊ ဇော်တစ်ခိုင်လုံး ၁၉ လုံး စသည်ဖြင့် အဖျားစာလုံးအရေအတွက် သီးသန့် လျာထားလျက်ရှိသည်။
(မြန်မာစာပေသမိုင်း - ပါမောက္ခဦးဖေမောင်တင်)

(ဃ) တောင်ငူခေတ် (ခရစ်နှစ် ၁၅၂၇-၁၅၉၆)
တောင်ငူခေတ်ကတော့ ရတုခေတ်လို့ ခေါ်ဆိုရလောက်အောင် ရတုများစွာထွန်းကားခဲ့ပြီး ပျို့အနေနဲ့ န၀ဒေးကြီးရဲ့ သုဓနုပျို့တစောင်သာတွေ့ရတယ်လို့ ဆိုပါတယ်။ လူပုဂ္ဂိုလ်ထဲမှာ န၀ဒေးကြီးသည် ပျို့ကဗျာကို အဦးဆုံးစတင် ရေးဖွဲ့သူ ဖြစ်ပြီး ဘုရားဟော မဟုတ်သော ရာဇ၀င်ကို စတင်ရေးဖွဲ့သူလည်း ဖြစ်ပါတယ်။ တောင်ငူခေတ်မှာ န၀ဒေးကြီးဟာ အထူး ထင်ရှားပြီး စစ်ကိုင်း ထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာ န၀ဒေး ဟူသောစာဆိုနဲ့အညီ အမြဲလှည့်လည်သွားလာနေရသလိုရောက်ရာဒေသ များမှာလည်း ဘွဲ့တံဆိပ်များစွာရရှိခဲ့ပါတယ်။ ရတုများစွာကိုလည်း အမျိုးမျိုးအဖုံဖုံရေးဖွဲခဲ့ပြီး ပုဒ်ရေပေါင်း ၂၅၀ နီးပါး ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။ မြန်မာရတုသမိုင်းတွင်န၀ဒေးကြီးမှာ အံ့ဖွယ်ဖြစ်ခဲ့သလို နတ်ရှင်နောင်ဟာလည်း သုတေသီတို့ အံချီးလောက်အောင်လက်စွမ်းပြောင်ခဲ့ပါတယ်။သမိုင်းစာပေပညာရှင်တို့အဆိုအရ`ညှာတံပွင့်ချပ်၊ ဖြူလှပ်ပုလဲ၊ ဇော်တစွဲလျှက်၊ ဖြစ်ခဲဆင်းဝါ၊ ပန်းထွတ် ချာကို´ဟူသောအပိုဒ်ကို ဒီနေ့ထိအောင် တိတိပပ မဖော်ထုတ်နိုင်သေး ဟု လည်း မှတ်သားရပါတယ်။

ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦှးနှင့်၊ ပျံ့ပျူးချုပ်ထိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝန်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွ မတတ်သော်။
(ပေါ်နွေလလျှင် ချီရတု - နတ်ရှင်နောင်)
တောင်ငူခေတ်မှာ အကြောင်းအရာအသစ်အဖြစ်ပေါ်ထွက်လာခဲ့သော ကဗျာအမျိုးအစားကတော့ ရဝေရှင်ထွေးရဲ့ အဏ်ချင်း(အန်ချင်း)ကဗျာ ဖြစ်ပါတယ်။ အဏ်ချင်း(အန်ချင်း)ကဗျာအမျိုးအစားကတော့ စာဆိုရှင်ရဲ့ ဘ၀ကြေးမုံပြင်ကို အရိပ် ထင်ဟပ်စေတဲ့ စာပေ ရေးဖွဲ့ဟန်ဖြစ်ပါတယ်။ ရဝေရှင်ထွေးရဲ့ ထင်ရှားတဲ့ အဏ်ချင်း(အန်ချင်း)မှာ ဆံထုံးထုံး အဏ်ချင်း (အန်ချင်း)ဖြစ်ပြီး  အဏ်ချင်း(အန်ချင်း)ကဗျာပေါင်း ၈၅ ပိုဒ် ရှာဖွေတွေ့ရှိထားတယ်လို့  သုတေသီမှတ်တမ်းများ အရသိရပြီး တစ်ကိုယ်ရေခံစားမှုအတွက် ရေးတဲ့ အဏ်ချင်း(အန်ချင်း)တွေ ကိုလည်း တွေ့ရပါတယ်။

`ဆင်ရတနာ၊ များလှစွာသည်၊ စကြာသခင်၊ မြုတေရှင်ကို၊
သားလျှင် မြင်မြော်၊ ခမည်းတော်မင်း၊ လူမှန်ကင်းလျှင်၊
သင်းပင်းမြို့ကိုင်၊ ခရိုင်တခြား၊ ကျေးသီးစားသည်၊
သော်ကားမှန်ပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမွေး၊
ငြိမ်ဆေးလေးသား၊ ရှင်ထွေးအလှ၊ ချောမြမြလျှင်၊
နရသခင်၊ အိမ်ရှေ့ရှင်နှင့်၊ ရှိပြင်သက်ထား၊ ရှစ်သောင်းဖြားဝယ်၊
ခစားမြဲစရှာ၏လေး။      ။ ဘော်ချင်းတို့လေ ဘော်ချင်းတို့။´
(အဏ်ချင်းအပိုဒ်ရေ (၁၃)- ရဝေရှင်ထွေး)

တောင်ငူခေတ်မှာလည်း ရတု၊ ဧချင်း၊ ပျို့၊ မော်ကွန်း၊ သာချင်း၊ အဏ်ချင်း(အန်ချင်း) စတဲ့ ကဗျာအမျိုးအစားတွေ ဆက်လက် ထင်ရှားခဲ့ပြီး ထင်ရှားတဲ့စာဆိုတော်များအဖြစ် လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်၊ ပြည်န၀ဒေးကြီး၊ ရဝေရှင်ထွေး၊ နတ်ရှင်နောင်၊ ဇေယျရန္တမိတ်၊ ရှင်သံခို တို့ကို တွေ့ရပါတယ်။

(င) ညောင်ရမ်းခေတ် (ခရစ်နှစ် ၁၅၉၇-၁၇၅၁)

            ညောင်ရမ်းခေတ်ရောက်တဲ့အခါ မြန်မာကဗျာရဲ့ ရေစီးကြောင်းဟာ သက်ဦးဆံပိုင်ပဒေသရာဇ်အရေးဖွဲ့ဆိုမှုကနေ ဆင်းရဲသားပြည်သူများရဲ့ ဘ၀နဲ့ခံစားချက်များကို ဦးစားပေးဖွဲ့ဆိုတဲ့ တျာချင်းကဗျာအမျိုးအစားများကို ရေးဖွဲ့ လာတဲ့ အပြင် ပြည်သူ့အရေးကို ဦးစားပေးစပ်ဆိုတဲ့ အိုင်ချင်းကဗျာများ၊ သံရှည်ဆွဲ ရွတ်ဆိုရသော လူးတားကဗျာများပေါ်ပေါက်လာပြီး `အဲ´သံနဲ့ချီ `အဲ´ဟူသောအသံချပြီး အစုအဝေးနဲ့ ရွတ်ဆိုရတဲ့ အဲချင်းကဗျာများလည်း ထွန်းကားလာခဲ့ပါတယ်။ တျာချင်း မှာဆိုရင် ၀န်ကြီးပဒေသရာဇာဟာ အထူးထင်ရှားပြီး အိုင်ချင်းမှာတော့ အမျိုးသမီး စာဆိုဖြစ်တဲ့ တောင်တွင်း ရှင်ငြိမ်းမယ် ဟာလည်း ထင်ရှားပါတယ်။ တျာချင်း ကဗျာကတော့ တျာသံကို အခြေခံရေးဖွဲ့ရတဲ့ သီချင်းကဗျာ တစ်မျိုးဖြစ်ပြီး အခြေခံ လူတန်းစား ဆင်းရဲသား ပြည်သူ အများကို ကိုယ်စားပြုရေးဖွဲ့ပါတယ်။ အိုင်ချင်းကဗျာမှာတော့ အရေး အဖွဲ့အားဖြင့် လေးလုံး တစ်ပိုဒ် ရကန်သွား၊ အဲချင်းကဗျာ အသွား လိုမျိုး ငါးလုံး၊ ခြောက်လုံး၊ ခုနှစ်လုံးတစ်ပိုဒ်ယူပြီး ပြန်ဂဟပ် စပ်နည်းနဲ့ ကာရန် ယူကာ ရေးသားရတဲ့ ကဗျာမျိုး ဖြစ်ပါတယ်။ အချီတွေမှာ များသောအားဖြင့်` ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း
ယောင်းမတို့ရေ´ဆိုတဲ့ အာလုပ် စကားကို အဖွင့် ရေးသားတတ်ပေမယ့် အာလုပ်စကား မချီထားတဲ့ အိုင်ချင်းကဗျာတွေ ကိုလည်း ညောင်ရမ်းခေတ်မှာ အများအပြား တွေ့ရ တယ်လို့ မှတ်သားရပါတယ်။

(၁) ဆောင်းဦးကာလ နှင်းကျသောအခါ၊ တောင်ပိုင်ထဲကို  တက်မြဲ နွားတစ်ရာ၊ ဘဲတောင်နွားဝါ နွားပြာ ချိုကုပ်၊ တင်းခြင်း ငယ် ချောပြေ၊ အုံးသားရေ၊ ရစ်ခွေသာ နောက်မြီးကုပ်ကယ်နှင့်လေး။
       တင်ကျည်းတုပ်ကယ်မှာ သုံးတောင်ထွာ၊ ခလောက်ကြိုးမှာ ခွေးရိုးဖောင်းတန့်ကာ၊ ခြင်းအုံးတန်ဆာ၊ အင်္ဂါစုံပေါင်း၊ အိုးသစ်ကယ်မာတင် ဖျင်နီစင်၊ ရေငင်က လတောင်းငယ်နှင့်လေး။
(တောင်ပိုင်တက်ဘွဲ့ ပထမပိုဒ်(တျာချင်း) - ၀န်ကြီးပဒေသရာဇာ)

ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့ရေ
ငါ့ကိုလွယ်၊ အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊ အိမ်လေးထောင့်မှာ၊ ဆူးတွေချလျက်၊ မျက်နှာငယ်မှ စေ့စုံ၊
လှေကားခုံမှာ၊ ဂဠုန်မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ၊ ဘီလူးမောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ၊ ဆူးလေ မောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ၊ နွားရိုးမောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ၊ ဓားသွားမောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ၊ အပ်သွား မောင့်ကြောင့် စီတော့တယ်။
မောင်လည်း ဘယ်က တက်ပါ့မယ်၊ မယ်လည်း ဘယ်က ဆင်းရမယ်။
(ကြုံရမယ့် ဗျာပါ ပထမပိုဒ်(အိုင်ချင်း)- တောင်တွင်းရှင်ငြိမ်းမယ်)

(စ) ကုန်းဘောင်ခေတ် (ခရစ်နှစ် ၁၇၅၂ - ၁၈၈၅)

            ကုန်းဘောင်ခေတ် မြန်မာကဗျာအနေအထားကတော့ အကြောင်းအရာပိုင်းရော ပုံသဏ္ဍာန်ပိုင်းပါ ကဗျာအမျိုး အစား များစုံလင်လာတာကို တွေ့ရပါတယ်။ အင်းဝခေတ်ဆီက ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပြီး တောင်ငူခေတ်မှာ အား ကောင်းခဲ့တဲ့ အဲချင်း၊ ညောင်ရမ်းခေတ်တုန်းက ခေတ်မစားခဲ့တဲ့ ပျို့ စတဲ့အဖွဲ့အနွဲ့တွေပါ ပြန်လည်ရေးဖွဲ့ လာကြပြီး ရကန်၊ တေးထပ်၊ သံချို၊ ဘောလယ်၊ လေးဆစ်၊ လေးချိုး စတာတွေကို ကဗျာအဖွဲ့အနွဲ့အသစ်တွေအဖြစ် ရေးဖွဲ့လာကြတာကို တွေ့ရပါတယ်။
ကုန်းဘောင် ခေတ်မှာဆိုရင် လက်ဝဲသုန္ဒရ၊ တွင်းသင်းမဟာစည်သူ၊ ဒုတိယန၀ဒေး၊ လက်ဝဲနော်ရထာ၊ ဦးတိုး၊ ဦးပေါ်ဦး၊ ရွှေတောင်နန္ဒမိတ်၊ ဦးဖျော်၊ ဦးယာ၊ ဦးကြီး၊ ဦးဆောင်း၊ဦးကြင်ဥ၊ လူဦးမင်း၊ ဖိုးသူတော်ဦးမင်း၊ မာန်လည် ဆရာတော်၊ ရွှေတောင် နန္ဒသူ၊ မောင်ချင်းဖြူ၊ ဦးအောင်ဖြိုး၊ လယ်ဝန်မင်းဦးစီ၊ မယ်ခွေ၊ မုံရွေးဆရာတော်၊ ကျည်းကန်ရှင်ကြီး ဦးကြော့၊ ဦးသာ၊ ဦးရွှန်း၊ ဦးခြုံ၊ စိန္တကျော်သူဦးသြ၊ ဦးပုည၊ မြ၀တီမင်းကြီးဦးစ၊ ကင်းဝန်မင်ကြီး၊ ရွှေတောင်သီဟသူ၊ ကနီစစ်ကဲမင်းထင်ရာဇာ၊ အချူပ်တန်း ဆရာဖေ၊ လှိုင်ထိပ်ခေါင်တင်၊ မောင်ဖေငယ်၊ ဦးဖူးညို၊ ဦးကျော်လှ တို့ဟာ ထင်ရှားတဲ့ စာဆိုတော်များပဲ ဖြစ်ပါတယ်။ ရွှေတောင် နန္ဒသူ ရေးဖွဲ့ခဲ့တဲ့ ရွှေတောင်ရကန်ကတော့ ရကန်ထဲမှာ ပထမဆုံးတွေ့ရှိရတဲ့ ကဗျာပဲ ဖြစ်ပါတယ်။
အကြောင်းအရာပိုင်းအရဆိုရင် အချစ်၊ အလွမ်း၊ အလှအပ၊ဘုန်းတော်ဘွဲ့တွေကိုဦးစားပေး ဖွဲ့ဆိုတဲ့ တေးထပ်၊ လေးချိုး၊   ဘောလယ်များ ရှိခဲ့သလို ကုန်းဘောင်ခေတ် နှောင်းပိုင်းမှာ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီအရေး ပိုမိုရှုပ်ထွေးလာတဲ့ အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ သူ့ကျွန်မခံတော်လှန်ရေးအပိုင်းများမှာ ပိုမိုရေးဖွဲ့ခဲ့ကြပါတယ်။

စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်၊ နေရောင်မခံ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ မိုးမခဘူး၊ နွေလသန်ပေါက် ယဉ်ချိန်ရောက်ခါမှ နှင်းသောက်ငယ်ရွှင်ရွှင် ပွင့်ဖူးတွေ ဆင်ကြ။ ရွှေပင်ဆင့် ငွေပင်ဆင့် ပတ္တမြားပင်ဆင့် ဂမုန်းအင် အဘက်ဆောင်း စက်ရိပ်ခို ရေတွက်၍ ဆိုတော့မည်။ လက်တို တမည် လက်တံရှည်နှင့် နေရောင်ခြည် လရောင်ဝါ၊ မိုးလုံးပြာ၊ မိုးလုံးမှိုင်း၊ ပုလဲဆိုင် ပုလဲနှစ် ချစ်စရာ့လိပ်ပြာတောင်၊ နီလာရောင် တောင်လုံးမြိုင်၊ သုံးပွင့်ဆိုင် လေးပွင့်ဆိုင်။ ခိုင်လုံးလန်း၊ ပင်လုံးဆန်း နွဲ့တိုင်းယိမ်း ညှာတံစိမ်းများကို လေသိမ်းတိုင်းလှ ကိန္နရီကသည့်နှယ်။ တစ်ချို့က နီပြာပြာ၊ တစ်ချို့က ဖြူဝါ၀ါ၊ တစ်ချို့မှာ ချိပ်ပွင့် တစ်ချို့မှာ ပန်းရင့်လို ပင်ဆင့်ပန်းပျံ ဘွဲ့မည်ခံခြင်းတွင်။
(သဇင်ပန်းဘွဲ့(ရကန်)- ဦးတိုး)

နွေဦးငယ်မှ ရာသီ။      ။သရဖီအင်ကြင်း၊ ပိတောက်ကယ်သင်းပါလို့၊ လေပြင်းငယ်သုန်သုန်၊ မြူမှုန်ဆိုင်းလှသည်၊ မှိုင်းရီရီငယ်နှင့်လေ။
နဒီငယ်မှ မြစ်ဦး၊ လှိုင်းလိပ်ကယ် တက်ပြန်၊ ငါးကြင်းငယ်ဆန်သည်၊ ငါးတန်မြူးလို့၊ ပျံ့ပျူးငယ်မှ သဲသောင်၊ ကံကော်ရေပန်း၊ မျှောနစ်ကယ်မွန်းလို့၊ တင်ကျမ်းငယ်ဆောင်သည်၊ တောတောင်နေအင်းအိုင်က၊ မြစိုင်လိုမောင်း။
တပေါင်းငယ်မှ ရွက်ကျင်၊ တိမ်တောင်ဖြန့်လွှား၊ ရပ်ရှစ်ပါးက၊ မိုးသားငယ်ဆင်သည်၊ ခေါ်ငင်ကာ တက်သက်လို့၊ ကျေးငှက်က နွှဲ။
သို့သည်ကောဇာ၊ သည်အခါကို သမာပတ်ဝင်၊ မြတ်ချစ်ရှင်များသော်မှ၊ စံပျော်ရွှင်ပျံ့ပျူးလို့၊ ကြည်နူးတော်မူရ သည်၊ တိမ်မြူကို လေနှူးတဲ့၊ နွေဦးပွဲလေ။
(နွေရာသီဘွဲ့(အဲချင်း)- ဦးယာ)

(ဆ)မန္တလေးခေတ် (ခရစ်နှစ် ၁၈၈၆-၁၉၀၀)

                        မန္တလေးခေတ်ကို ပြန်ကြည့်ရင်တော့ ရှေ့ခေတ်အဆက်ဆက်က အသုံးပြုရေးဖွဲ့ခဲ့တဲ့ ပျို့၊ ရတု၊ ရကန်၊ လေးချိုး၊ ဒွေးချိုး စတာတွေဆက်လက်အသုံးပြုခဲ့ပေမယ့် ရေးဖွဲ့မှုအများဆုံးက တေးထပ်ဖြစ်တဲ့အတွက် မန္တလေးခေတ်ကို တေးထပ်ခေတ်လို့တောင် သတ်မှတ်လို့ရနိုင်ပါတယ်လို့ ဆရာ မောင်သာနိုးက ရေးသားထားပါတယ်။ မန္တလေးခေတ်မှာ လှိုင်ထိပ်ခေါင်တင်၊ တောင်သမန်စား မောင်ဖေငယ်၊ မင်းကြီးကတော် ခင်ဆုံ၊ ဖိုးသူတော် ဦးမင်း၊ မမြလေး၊ စလေဦးပုည၊ အချုပ်တန်းဆရာဖေ၊ ဦးကြော့ စတဲ့ စာဆိုများရေးဖွဲ့ခဲ့တဲ့ တေးထပ်တွေကို များစွာ တွေ့ရှိရပါတယ်။
တေးထပ်လို့ အမည်တပ်ထားတဲ့အတိုင်း တေးထပ်ဟာ တူရိယာဂီတနဲ့ တီးမှုတ်သီဆိုလို့ရတဲ့ တေးချင်းဘ၀ကနေ ကဗျာဘက်ကို တဆင့်ကူးလာတာဖြစ်တယ်။ ရှေးခေတ်တေးရိုးကြီးများအပေါ်မှာ အကွန့်အဆန်းတက်ကာ တစ်ဆင့် နှစ်ဆင့် ထပ်ပြီးရေးစပ်လို့ တေးထပ်လို့ ခေါ်တယ်လို့လည်း ဆိုကြပါတယ်။ တေးထပ်အများစုရဲ့အကြောင်းအရာကတော့ မယ်ဘွဲ့၊ မောင်ဘွဲ့၊ မိုးဘွဲ့တွေပါပဲ။

မာလာငုံထုံရနံ့
ကုင်္ကမံ ၀တ်လွှာ
ဘုံကြငှန့် ထွတ်ချာမှာ
တမွတ်လွှာ ညွှန့်ဖျား။
ကျွန်းကုရု တဇေယျာမှာ
ပဒေသာ နန်းပင်မြင့်ဖွား။
ရွှေကသစ်ရိပ်ကြာမှာ
မိတ်လျာတော်တစ်ပါး။
ဇမ္ဗူမှာ အတူရှားပါလိမ့်
နမူပွား ပျက်ကွယ်။
လှမှန်ကူ တသူဘုန်း
ဇမ္ဗူလုံး ခုမြင်ရတယ်။
ရွှေဘုံသူ့ကိုယ်စားလှယ်လျှင်
လိုတမယ် လွှာသလို့
ဝါသ၀ ပါရဂူ
ရေးတော့ မတူ။
ကံထူးလို့ ယဉ်သူကို
မင်မကူ နိုင်ဘူးဖျလေး။
(တေးထပ်-စလေ ဦးပုည)

ရွှေပဒုံကြာအချပ်ကိုလ
လေအဟုန်လာ၍ ခတ်စဉ်က
ကညာနတ် ထွက်ခဲ့တယ်။
သန္ဓေဖွားဟာမို့
ရွှေသားကို ပန်းချီပြင်၍
သည်ခင်ကို စုတ်တံနဲ့ ရေးသော်လည်း
ဆေး ရနိုင်ဖွယ်။
(လေးဆစ်- အချုပ်တန်း ဆရာဖေ)

(ဇ) ကိုလိုနီခေတ် (၁၈၈၆ - ၁၉၂၉)

                        ကိုလိုနီခေတ်ကဗျာအရွေ့မှာ မန်လည်ဆရာတော်၊ မောင်းထောင် ဦးကျော်လှ၊ လယ်တီဆရာတော်၊ ဦးစံခို၊ သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဦးချစ်စရာ တို့မှာ ထင်ရှားပြီး အထူးသဖြင့် မောင်းထောင် ဦးကျော်လှရဲ့ သံချိုကဗျာများနဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေဟာ အမျိုးသားရေးဇာတိမာန်ကို ဖော်ကျူးနိုင်ပြီး ပိုမိုထင်ရှားခဲ့တာကို
တွေ့ရပါတယ်။

သာသနာ မြေပလ္လင် အသေရေလှပေတဲ့
ရွှေမြတောင် သာတဲ့တိုက်ဆီက
နေလနှစ်ဆောင် ပါတော်မူတဲ့ အခိုက်တွင်ဖြင့်
ကတိုက်ကရိုက်အမြန်မြင်လိုက်တော့
မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နဲ့
မန်းအပျက်တွင်ဖြင့် ကြငှန်းမက်လိုက်ရပုံက
ပုခန်းထွက်တဲ့ပြီး အကြမ်းဖက်ကရော့မဟဲ့လို့
ငမ်းငမ်းတက်သရေယိုအောင် နန်းဆက်အမွေကိုလည်း မှန်းမိတဲ့ပြင်
ကမ္မဋ္ဌာန်းသတိနဲ့ မဆင်မခြင် မမြင်ခင်မှာ
ဘရောက်ဘရက်နဲ့ နောက်ပျက်ပျက်အရူးလိုပါ့
(သခင်ဋီကာမှ - သခင်ကိုယ်တော်မှိုင်း)

ဝေးခရီးပေမယ့်
အရေးကြီးလျှင် သွေးနီးရာပါစမြဲပေမို့
ဆရာလဲကွာ ပဋ္ဌမအရင်ကနဦးဆီက
မြန်မာ့တခွင်မှာ သမတရှင်ဘုရင် မလူးခင်ပ
(ထ)ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
(ထီ) မထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်ခေါင်ပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့
(၁၉၂၀ ပြည့်နှစ် ယူနီဗာစီတီသပိတ်၊ မျောက်ဋီကာမှ - သခင်ကိုယ်တော်မှိုင်း)

            မောင်းထောင်ဦးကျော်လှရဲ့ သံချိုတွေဟာ ရုပ်စုံသဘင်အတွက် ရည်ရွယ်ရေးဖွဲ့ထားတဲ့ ကဗျာများဖြစ်ပြီး ရုပ်စုံစင် ပေါ်မှ ကိုယ်တိုင်ရွတ်ဆိုဖျော်ဖြေခဲ့တဲ့ ကဗျာအမျိုးအစားတစ်မျိုးလည်းဖြစ်ပါတယ်။ လေးချိုးသံချိုအမျိုးအစားဖြစ်ပြီး အချိုး လေးခုကို အခြေခံထားပေမယ့် ပါဒအရေအတွက် ချဲ့ထွင်ပြီး အသံကို ချိုအောင် ဖန်တီးရေးဖွဲ့ထားတာဖြစ်ပါတယ်။

ယာပြင်မှာ ၀ါတွေကြဲမိရင်၊ တာရဲတွေ ဆွေတရုတ်တို့က၊ ငွေထုတ်ကာ ကိုယ်စီငှားကြလို့၊ ပွဲစားတွေ ၀ယ်ယူလာကြရ၊ စုလျားဖျင်တဘက်ကိုမှ၊ တင်ပခွက်လုံအောင် မဖုံးနိုင်ဘု၊ သက်ဆုံးတိုင်ရှည်ကြာနေကြရ၊ သည်ဝါတွေ တပြည်တရွာသို့ဖြင့် မရောင်းကြပါနှင့်၊ ၄င်းဝါအထည်ဖြစ်တော့မှ၊ ချည်ရှစ်ဆယ် အစိတ်ပေးရလိမ့်၊ ပိတ်ဈေးမှာ အလွန်တိုသောကြောင့်၊ အရင်လို မ၀ယ်နိုင်၍၊ ပိတ်အင်္ကျီရှိုမစွတ်ရပေဘု၊ ကိုယ့်အ၀တ်ကို ရိုသေလို့၊ မိန်းမတွေ အငြိမ်းမနေကြစမ်းပါနှင့်၊ ယက်ကန်းမှာ ဗိုင်းဝါအလုပ်ကိုဖြင့်၊ အများတကာကို အားမနာလို့ မဟုတ်ပါဘု၊ အသွားအလာ ခါးဗလာချာ မစုတ်ရအောင်လို့ကွယ်၊ အားထုတ်ဖို့ကောင်း။
(ကမ္ဘာတွင် မြန်မာမျိုးတို့ အစချီ သံချို- မောင်းထောင်ဦးကျော်လှ)

(၁)မြန်မာကဗျာအရွေ့(အပိုင်း - ၂)

(က) ခေတ်စမ်းစာပေ (၁၉၃၀ - ၁၉၄၅)

ကိုလိုနီခေတ်နှောင်းပိုင်း ၁၉၃၀ ခုနှစ်ဝန်းကျင်မှာ မြန်မာကဗျာဟာ ကြီးမားတဲ့ အချိုးအကွေ့ အပြောင်းအလဲ တစ်ခုကို စတင်လိုက်ပါတယ်။ အဲဒါဟာ ခေတ်စမ်းကဗျာခေတ်ကို ထူထောင်ခဲ့ကြတာပါပဲ။ ၁၉၂၈ မှာ မစ္စတာဖာနီဗယ်ရဲ့ ဆော်သြမှုနဲ့   မြန်မာပြည်ပညာပြန့်ပွားရေးအသင်းပေါ်ပေါက်လာခဲ့ပါတယ်။ ဂန္ထလောကမဂ္ဂဇင်းကို စတင်တည်ထောင်ပြီး အသင်းရဲ့ ဟစ်တိုင်သဘောမျိုး အသုံးပြုခဲ့ပါတယ်။ အယ်ဒီတာက ဦးခန့် ဖြစ်ပါတယ်။ ဆက်လက်ပြီး လူမျိုးခြားစာပေများကို မြန်မာ ဘာသာပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာသာပြန်ပြိုင်ပွဲတွေလည်း ကျင်းပပေးခဲ့ပါတယ်။ အဲဒီ ပြိုင်ပွဲတွေကို အကြောင်းပြုပြီး ခေတ်စမ်းစာပေရဲ့ ရှေ့ပြေးဖြစ်လာမယ့် ဘာသာပြန်ကဗျာတွေလည်း စတင်ထွန်းကား လာခဲ့ပြီး ဂန္ထလောက မဂ္ဂဇင်းမှာ နေရာပေးဖော်ပြခဲ့ပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ် အပါအ၀င် တက္ကသိုလ်မှ ပညာတတ်လူငယ် တွေရဲ့ အစဉ်အလာ ကဗျာတွေကို ရိုးအီမှု၊ အနောက်တိုင်းကဗျာများနှင့် ရင်းနှီးလာမှု စတာတွေ အပေါ်မှာ မူတည်ပြီး ခေတ်စမ်းကဗျာအဖြစ် စမ်းသပ်ရေးဖွဲ့ခဲ့ကြတာပါပဲ။ ပထမဆုံးခေတ်စမ်းကဗျာလို့ အားလုံး လက်ခံယုံကြည်ထားတဲ့ ကဗျာက ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာ (၁၉၂၈)နဲ့ ကြောင်မနက်ပြာ ကဗျာပဲ ဖြစ်ပါတယ်။ ကြောင်မနက်ပြာကဗျာကို ဂန္ထလောက မဂ္ဂဇင်းမှာ ၁၉၃၁ မှာ စတင်ဖော်ပြခဲ့ပါတယ်။ ပုဂံခေတ်ဦး ကနေစပြီး နှစ်ပေါင်း ရှစ်ရာကျော်ထွန်းကားခဲ့တဲ့ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ မော်ကွန်း၊ ဧချင်း၊ အိုင်ချင်း၊ တျာချင်း၊ လေးချိုး၊ ဒွေးချိုး၊ တေးထပ်၊ ဘောလယ် အစရှိတဲ့ မြန်မာ့ ရှေးရိုးစဉ်လာ ကဗျာတွေကနေ စတင်ဖောက်ထွက်ခဲ့တဲ့ ကဗျာဆိုလည်း မှားမယ်မထင်ပါဘူး။
            အဲဒီနောက် ၁၉၃၄  ဇူလိုင်လမှာ တက္ကသိုလ်ဆရာ ဦးဖေမောင်တင်ကနေ ခေတ်စမ်းကဗျာများ လို့ ရဲရဲဝံ့ဝံ့ အမည်ပေးထားတဲ့ စာအုပ် လေးတစ်အုပ် စတင်ထွက်ရှိခဲ့ပါတယ်။ အသစ်ကိုလိုလား ခုံမင်ဖောက်ထွက်ချင်ကြတဲ့ လူငယ်၊ လူလတ်ပိုင်းကဗျာဆရာ ရှစ်ဦးရဲ့ ကဗျာပေါင်း(၇၄) ပုဒ်ပါဝင်ပါတယ်။ အဲဒီစာအုပ်မှာ မောင်ဧမောင် (၇)ပုဒ်၊ မောင်ညွှန့်(၆)ပုဒ်၊ မခင်စောမူ(၆)ပုဒ်၊ မောင်ဘသောင်း(၄)ပုဒ်၊ မောင်တိုးအောင် (၉)ပုဒ်နဲ့ အဓိက ရေးသားသူ ဆရာ ဇော်ဂျီ (၂၄) ပုဒ်နဲ့ ဆရာ မင်းသုဝဏ် (၁၈) ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်တမ်းကတော့ အဆိုပါ ခေတ်စမ်းကဗျာများ စာအုပ်ထဲမှာ ပါဝင်တဲ့ ကဗျာတွေဟာ ၁၉၃၀ ခုနှစ် မတိုင်မီကတည်းက ဂန္ထလောကမဂ္ဂဇင်း၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း စတာ တွေမှာ ဖော်ပြထားပြီးတဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။     

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မှီမို့
ဇမ္ဗော်ရည်ပြေပြေလိမ်းခါပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလဲလေ လောကီသားလိုပေါ့
ကြွားချင်လှပေလိမ့်မယ်
(ဇော်ဂျီ - ပိတောက်ပန်းကဗျာမှ)

သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့၊
သပြေညို ရွှေဘိုပန်းဟာက၊
လန်းလျှက်ပါကို ။
ဘ၀မလျှော့လေနဲ့
လာတော့မကွဲ့ ရွေပဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော် နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည် ရွှန်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး ။
(မင်းသုဝဏ်- သပြေညိုကဗျာမှ)

၁၉၃၀ ခေတ်စမ်းကဗျာများနဲ့ သိပ်မကွာပဲ ပေါ်ထွက်လာတဲ့ ကဗျာအမျိုးအစား တစ်ခုကတော့ ကလေးကဗျာပဲ ဖြစ်ပါ တယ်။ ကွမ်းခြံကုန်းအမျိုးသားကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမင်းသုဝဏ်က ကျောင်းစာ ပြဋ္ဌာန်းချက် အတွက် လိုအပ်ရာက စတင်ရေးဖွဲ့ပေးခဲ့ခြင်းဖြစ်ပြီး အခြားထင်ရှားတဲ့ ကလေးကဗျာ ဖွဲ့ဆိုသူတွေကတော့ ဆရာ တင်မိုး၊ ဆရာမ နုယဉ်၊ ဆရာ မင်းယုဝေ၊ ဆရာ မျိုးမြင့်ဆွေတို့ပဲ ဖြစ်ပါတယ်။


(ခ) စာပေသစ် (၁၉၄၆ - ၁၉၆၇)

ခေတ်စမ်း (၁၉၃၀) ပြီးတဲ့နောက် ၁၉၄၆ မှာ တာရာမဂ္ဂဇင်းနဲ့အတူ ပေါ်ထွက်လာခဲ့တာကတော့ စာပေသစ်ပါပဲ။ ဦးဆောင်သူတွေကတော့ ဆရာဒဂုန်တာရာ၊ ဆရာမ ကြည်အေး၊ မောင်ကြည်လင် အစရှိသူတို့ပါပဲ။ ဆရာ ဒဂုန်တာရာဟာ ခေတ်စမ်းက တီထွင်ခဲ့တဲ့ လေးလုံးစပ်ကာရန်စနစ်ကိုပဲ ပိုမိုကျယ်ပြန့်အောင်ချဲ့ထွင်စပ်ဆိုခဲ့ပါတယ်။ ဆရာ ဒဂုန်တာရာ ဆီကနေ အဘိဓမ္မာ အားကောင်းတဲ့ ကဗျာတွေ ထွက်ပေါ်လာခဲ့ပြီး ဆရာမကြည်အေးထံမှ အလှဓာတ်ကဲတဲ့၊ အဖွဲ့အနွဲ့ အားကောင်းသော ကဗျာတွေ များစွာထွက်ပေါ် လာခဲ့ပါတယ်။ ဆရာဒဂုန်တာရာရဲ့ မတ်လတော်လှန်ရေး၊ တဟီတီ သွားရအောင်နဲ့ အခြားကဗျာများစွာတို့ဟာ လူထုကြားထဲမှာ အဘိဓမ္မာအားကောင်းစွာနဲ့ အခုချိန်ထိ စိမ့်ဝင်ပျံ့နှံ့နေဆဲပါပဲ။ ဆရာဒဂုန်တာရာနဲ့အတူ စာပေသစ်ကို ဦးဆောင်ခဲ့တဲ့ အခြားဆရာတစ်ဦးကတော့ ဆရာ ဒေါင်းနွယ်ဆွေပဲ ဖြစ်ပါတယ်။

မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက် ၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ် ၊ပတမြားရည်
စီးလည်အဟုန် ၊နီ မြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး ။

မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာ လက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။
(ဒဂုန်တာရာ - မတ်လတော်လှန်ရေးကဗျာ၊ ၁၉၄၇ မှ)

အိပ်လို့မရ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း ၊ ကြွေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
ခိုတွယ်စရာ ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
စကားပင်အို ၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ ၊ မြက်ခြုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။
(ကြည်အေး - တစ္ဆေ ကဗျာမှ)
တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ ၁၉၄၉

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ်
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ်
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ်
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ်
အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ်
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ်။
(ဒေါင်းနွယ်ဆွေ - မာန် ကဗျာမှ)

            ၁၉၆၀ ၀န်းကျင်ကာလများကတော့ မန္တလေးတက္ကသိုလ်ကဗျာခေတ်လို့ သတ်မှတ် ရလောက်အောင်ပဲ တက္ကသိုလ် ကနေ ကဗျာ စာအုပ်တွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။ စိတြကဗျာများ (၁၉၆၀)၊ လမင်းတရာ (၁၉၆၃)၊ အနီနဲ့ အပြာ (၁၉၆၄)နဲ့ လမ်းသစ်ကဗျာများ (၁၉၆၅) တို့ပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ကဗျာစာဆိုများကတော့ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ဘုတလင်ချစ်လေး၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်သာနိုး(မောင်သိင်္ဂါ) စတဲ့ ကဗျာဆရာ များပဲ ဖြစ်ပါတယ်။

အလင်္ကာသစ်၊ အကျဉ်းနှစ်နှင့်
ဘုံခေတ်ရှေ့ရှု၊ ကြေးရုပ်ထုလျှင်
ပြည်သူ့ကဗျာဆရာတည်း။
ပြတိုက်ပေါ်မှ
မျှော်၍ ကျော်လွန်၊ မြို့အစွန်ဝယ်
မြင့်ချွန်လွင့်ပါး၊ ခေါင်းတိုင်များလျှင်
လုပ်သားပြည်သူ့ စက်ရုံတည်း။
(ကြည်အောင် - ပြတိုက်ကဗျာမှ)

လမ်းဟောင်းကြီးလျှင်၊ တစပြင်တည့်
နေ၀င်နေထွက်၊ နံနက်ညခင်း
လူသူကင်း၍
ငိုချင်းရှည်ကြီး ဆိုနေသည်။
လမ်းသစ်ခင်းရာ၊ လူတိုင်းပါလော့
သူငါကိုယ်စီ၊စွမ်းအားတည်၍
ညီညာခုတ်ထစ်၊ ရှင်းလင်းပစ်လျှင်
လမ်းသစ်မြန်မြန် ပြီးမည်တကား။
(ကိုလေး(အင်းဝဂုဏ်ရည်)- လမ်းသစ် ကဗျာမှ)

(ဂ) တော်လှန်ကဗျာ (၁၉၆၉)
           
မြန်မာကဗျာအရွေ့မှာ ဘယ်လိုမှ ချပ်လှပ်ထားလို့မရတဲ့ ကြီးမားတဲ့ အရွေ့ကတော့ တော်လှန်ကဗျာအရွေ့ပဲ ဖြစ်ပါ တယ်။ တော်လှန်ကဗျာစာအုပ်မှာ မောင်ချောနွယ်(၁၀)ပုဒ်၊ မောင်စိမ်းနီ(ကေသီပန်)(၁၀)ပုဒ်၊ စိုးမြင့်သိန်း(၈)ပုဒ်၊ နီအောင် (၆)ပုဒ်၊ မောင်ပြုပြင်(ကျုံပျော်)(၇)ပုဒ်၊ ရွှေရ (တောင်ကုတ်)(၈)ပုဒ်၊ လှဆွေ(၁၁)ပုဒ်၊ မောင်သွေးသစ်(၈)ပုဒ်၊ မောင်သင်းခိုင် (ပျဉ်းမနား)(၄)ပုဒ်၊ အောင်ဇင်မင်း(၉)ပုဒ်တို့ ပါဝင်ရေးသားခဲ့ကြပြီး ဆရာ ဒဂုန်တာရာရဲ့အမှာနဲ့ တော်လှန်ကဗျာ ကိုယ်စားပြု သူများရဲ့အမှာ စတဲ့ အမှာစာနှစ်ပုဒ်ကို ဖော်ပြထားပါတယ်။ ၁၉၆၉၊ ဒီဇင်ဘာတွင် ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ စာမျက်နှာ ၁၇၆ မျက်နှာရှိတဲ့ ကဗျာဆရာ ဆယ်ဦးရဲ့ တော်လှန်ကဗျာစာအုပ်လေးဟာ မြန်မာကဗျာလောကအတွက် ရှေ့ဆက်တိုး လှမ်း လိုက်တဲ့ ခြေတစ်လှမ်းဆိုရင်လည်း မမှားလောက်ပါဘူး။ တော်လှန်ကဗျာစာအုပ်မှာ ဆရာ ဒဂုန်တာရာက ဒီလို ရေးပေးထား ပါတယ်။

ယနေ့ကဗျာသည် လူငယ်များ၏ ဖော်ပြချက်ဖြစ်နေသည်။ ရှေးက ကဗျာကို ခက်အောင် ရေးရသည်။ ရွယ်ရင့်ပညာရှိများမှ နားလည်သည်။ သို့မှလည်း ကဗျာစစ်သည်း။ ယခုအခါ လူလားမြောက်စ စာ ရေးတတ်လာလျှင် ကဗျာစပ်ချင်သည်။ ဤကား ယနေ့ခေတ်မြန်မာ့အချင်းအရာတရပ်ဖြစ်နေပေပြီ။ယနေ့လူငယ်များသည် ဆန်းအလင်္ကာကျမ်းမျာကို စာမေးပွဲ မေးခွန်းလွှာ များတွင်သာ မြင်ဘူးကြသည်။ အိမ်ပြန်ရောက်သောအခါ အရပ်ထဲမှ ညည်းသံ၊ ငြူသံ၊ အသံဗလံတို့ ကြားရသည်။ အရပ်ထဲမှာရုန်းကန်မှု ဘ၀တိုက်ပွဲတို့ကို မြင်ရသည်။ ဆိုရှယ်လစ်ရေးနှင့် ဆိုရှယ်လစ်ဆန့်ကျင်ရေး ပဋိပက္ခကို တွေ့နေရ သည်။ ယင်းတို့သည် သူတို့၏ ဆန်း အလင်္ကာသစ်များဖြစ်ကြသည်။ လူထု၏ အသံသည် သူတို့၏ ကာရန်၊ လူထုခံစားမှု သည် သူတို့၏ ဆန်းအလင်္ကာ။ရှေးက ကဗျာကို နန်းတော်က ပိုင်သည်။ ထို့နောက် ဇာခန်းစီးက ပိုင်သည်။ ယနေ့ကဗျာကို ပြည်သူက ပိုင်လာပေပြီ။ ရှေးက ကဗျာရေးရန် ခက်သည်။ ယခု လွတ်လပ်ပေပြီ။ ယနေ့ ဘာတော်လှန်ရေးလဲဟု ယနေ့ ခေတ်ပေါ်ကဗျာအား ညွှန်းရပေမည်။ ယနေ့ခေတ်လူငယ်များ၏ ကဗျာတွင် ယနေ့ လှုပ်ရှားနေသော ခေတ်ရုပ်ပုံလွှာကို တွေ့မြင်စေသတည်း။

ဒဂုန်တာရာ
၃၀၊၁၁၊၆၉
ပန်းဆိုတာ
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
တပွင့်ချွေရင်
တပွင့် ဝေလွင်နေမှာဘဲ
နှစ်ပွင့်ချွေရင်
နှစ်ပွင့် ဝေလွင်နေမှာဘဲ။
ကဲ ချွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်ဓုန်းလား၊ မုန်တိုင်းလားဘဲ
တအားတိုက်စမ်း၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာ ကြွေအောင်
မွချွေစမ်းပါ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
ပန်းအဘိဓမ္မာ
ဒါပါပဲလေ၊ ချွေလို့ ကြွေကြွေ
ကြွေလို့နေနေ၊ ကြွေဒါကိုက ပွင့်ခြင်းဘဲဟေ့။

(မောင်ချောနွယ် - ကြွေဒါကိုက ပွင့်ခြင်းဘဲ)

(ဃ) မိုးဝေကဗျာခေတ် (၁၉၆၈ -၁၉၈၈) 
၁၉၆၈ မှာတော့ အပြင်းထန်ဆုံးသော ရေစီးကြောင်းအပြောင်းအလတစ်ခုအဖြစ် စုံထောက် မဂ္ဂဇင်း ကနေ အသွင် ပြောင်းလဲ ထုတ်ဝေလာတဲ့ မိုးဝေမဂ္ဂဇင်းစတင်ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၆၈ ဖေဖော်ဝါရီမှာ မိုးဝေ မဂ္ဂဇင်းကို စာပေမဂ္ဂဇင်းပုံစံနဲ့ ပြောင်းလဲထုတ်ဝေခဲ့ပြီး အယ်ဒီတာတွေအဖြစ် သန်းနိုင်၊ ညိုသစ်နဲ့ သန်းအုန်းတို့က(၁၉၇၆-၈၁) ခုနှစ်များမှာ တာဝန်ယူခဲ့ပါတယ်။

မိုးဝေ ကဗျာသည် ခေတ်ပြိုင်လူငယ်များ ရေးဖွဲ့သော ကဗျာဖြစ်သည်။ လေးသုံးနှစ်ကာရန်ဖွဲ့ထုံး နည်းစနစ်ကို ကျေနပ်ရောင့်ရဲခြင်းမရှိ။ ထို လေးသုံးနှစ် ဖွဲ့ထုံးမှ လမ်းခွဲထွက်သည်။ လေးသုံးနှစ် စည်းကမ်းနှင့် မညီသော ကဗျာများကို ကာရန်မဲ့ကဗျာ၊ လွတ်လပ်ကဗျာ၊ ခေတ်ပေါ်ကဗျာ စသဖြင့် အမည်နာမအမျိုးမျိုးခေါ်ဝေါ်သမုတ်ကြသည်။ ၁၉၇၅-၈၁ ခုနှစ်တ၀ိုက် လွတ်လပ်ကဗျာများ ဂယက်သည် မဂ္ဂဇင်းလောက၌ အငြင်းပွားများစေခဲ့သည်။ ထိုကဗျာကို မိုးဝေစာပေ မဂ္ဂဇင်းတွင် တွေ့မြင်ဖတ်ရှုလာရသည်။ ကာရန်စည်းစနစ်ဘောင်ကို ချဲ့ထွင်ထိုးထွက်ရေး တစ်ခုတည်းအတွက်သာမဟုတ်၊ စကားပြောရစ်သမ်ကိုပါ ပြောင်းလဲသုံးစွဲရန်လည်းဖြစ်သည်။ တနည်းအားဖြင့် ကာရန်စည်းစနစ်ကြပ်တည်း လှောင်ပိတ်မှုများ ကို ချဲ့ထွင်လျက် ရစ်သမ်ကို အားပြု အဓိကထားသောကဗျာပုံသဏ္ဍာန်ကို ရေးဖွဲ့လာကြသည်။ ၁၉၇၀-၈၀ ခုနှစ်ကာလ ၀န်းကျင် မိုးဝေကဗျာသည် ၁၉၆၀-၇၀  ခုနှစ်ကာလက ရေးဖွဲ့လာသော နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး၊ ကျူးကျော်စစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စသည့်အကြောင်းအရာများ မှိန်ဖျော့အားနည်းလာပြီး ပုဂ္ဂလိက ခံစားမှုနိမိတ်ပုံမျိုးစုံနှင့် ရှုပ်ထွေးသိမ်မွေ့သော အသံစီးဆင်းမှုအားကောင်းသော စကားပြောရစ်သမ်ဖြင့် ရေးဖွဲ့လာကြသည်။ ထိုလွတ်လပ်ကာရန်နှင့်ဖွဲ့သော ခေတ်ပြိုင်ခံစားမှုကဗျာများကို သဘောမတူကြ၊ အငြင်းပွားကန့်ကွက်ဆန့်ကျင်ကြသည့် ကဗျာဝေဖန်ရေးဂယက်များ ထကြွလာခဲ့သည်။ ထိုခေတ်ပြိုင်ခံစားမှုကို စကားပြောရစ်သမ်နှင့် ဖွဲ့နွဲ့ရေးသားလာသော ကဗျာများကို ဖော်ပြသည့် မဂ္ဂဇင်းမှာ မိုးဝေ မဂ္ဂဇင်းဖြစ်သည်။
(ညိုသစ် - မိုးဝေ ကဗျာ အမှာမှ)

 မိုးဝေနဲ့ မရှေးမနှောင်းမှာပဲ ဆရာမောင်သာနိုးရဲ့ ထင်းရှုးပင်ရိပ်လို့ အမည်ပေးထားတဲ့ ခေတ်ပေါ်ဘာသာပြန် ကဗျာစာအုပ်လည်း ထွက်ရှိလာခဲ့ပါတယ်။ ဒီနေ့ခေတ် စာမျက်နှာ တွေပေါ်မှာ တစ်ကြောင်းရေးလည်း ကဗျာနှစ်ကြောင်း ရေးလည်း ကဗျာဆရာဖြစ်နေတဲ့ ဆရာကြီးတွေ တော်တော်များများဟာ အဲဒီတုန်းက ထင်းရှုးပင်ရိပ်အောက်မှာ နားခို အိပ်မက် မက်လာခဲ့ကြသူတွေပါပဲ။ မိုးဝေမဂ္ဂဇင်းနဲ့အတူ  ခေတ်ပေါ်ကဗျာတွေ အားကောင်းခဲ့သလို ခေတ်ပေါ်ကဗျာ ဆရာ တွေလဲ အပြိုင်းအရိုင်း ဖူးပွင့်လာခဲ့ကြပါတယ်။ (ဆရာ) မောင်လေးအောင်၊ မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ မောင်သွေးသစ်၊ မောင်အောင်ပွင့်၊ မောင်လူမှိန်၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ နီမောင်၊ ဖော်ဝေး၊ မြေချစ်သူ၊ မောင်ပြည့်မင်း၊ သုခမိန်လှိုင် စသည်ဖြင့် အခြားကဗျာဆရာများအပါအ၀င် အများကြီးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအထဲက တစ်ချို့ဆရာများဆိုလျှင် ကွယ်လွန်သွားကြပြီ ဖြစ်ပါတယ်။
            ၁၉၆၈ မှာပဲ ခေတ်ပေါ်ကဗျာကို စူးစမ်းရှာဖွေအားထုတ်ရေးဖွဲ့ချင်တဲ့ လူငယ်တွေစုပြီး ဆရာမင်းသုဝဏ်ရဲ့ နေအိမ်မှာ သပြေညို ၀ပ်ရှော့ဆိုပြီး ကဗျာစာပေ၀ိုင်းလေး တစ်ခုဖြစ်တည်ခဲ့ပါတယ်။ အဲဒီသပြေညိုဝပ်ရှော့မှာ အဓိက ဆွေးနွေးသူ ကတော့ ဆရာမြဇင်ပဲဖြစ်ပါတယ်။ ၁၉၆၉ မှာတော့ ဆရာမြဇင်က ခေတ်ပေါ်ကဗျာကြေညာ စာတမ်းဆိုပြီး ခေတ်ပေါ်ကဗျာရဲ့ ယေဘုယျ အချက်အလက်တွေပါဝင်တဲ့ စာတမ်း တစ်စောင်ကို ငွေတာရီမဂ္ဂဇင်း ကနေ ရေးသားခဲ့ပါတယ်။ ခေတ်ပေါ်ကဗျာ လောကအတွင်းမှာ တော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တဲ့ စာတမ်းပါပဲ။ ဒါပေမဲ့ အထက်ပါအယူအဆတွေကို လူအများစုက လက်ခံပြီး လူနည်းစုလောက်ကပဲ ငြင်းပယ်ခဲ့ကြပါတယ်။

(င) ခေတ်ပေါ်ကဗျာ ( ၁၉၇၀ -         )
(ဒီနေရာမှာ ခေတ်ပေါ်ကဗျာ/ မော်ဒန်ကဗျာအပြင် ပို့စ်မော်ဒန်ကဗျာအကြောင်းကိုပါ ဆက်စပ်လို့ တပါတည်း ထည့်သွင်းပြောကြားသွားပါမယ်)

           ခေတ်ပေါ်ကဗျာဟာ
           ၁။ ထွေပြားတယ်။ ရိုးရိုးစင်းစင်းမဟုတ်။
           ၂။ သိပ်သည်းတယ်။ ကျဲတဲတဲမဟုတ်။
           ၃။ ကျယ်ကျယ်ဝန်းဝန်းလွှမ်းခြုံတယ်။ မကျဉ်းမြောင်း။
           ၄။ ရိပ်ကာဝဲကာပြောတယ်။ တိုက်ရိုက်မပြော။
           ၅။ ဧကန်သဘောတရားဆောင်တယ်။ ပြုအပ်တဲ့ တရားမဆောင်။
           ၆။ အကွက်သဘောဆောင်တယ်။ မျဉ်းသဘောကို မဆောင်။
           နောက်ထပ်ပြောတာက ခေတ်ပေါ်ကဗျာဟာ နေ့စဉ်အရပ်သုံးစကားကို စကားပြောရစ်သမ်နဲ့ ရေးတယ်။ ကဗျာ မြောက်တဲ့ အရေးအဖွဲ့နဲ့ ခေတ်ပေါ်အာရုံခံစားမှုကို ဗဟိုပြုရမယ်ဆိုတာပါပဲ။ ကျွန်တော် နားလည်သလို အကြမ်း အားဖြင့် ထပ်ပြောရမယ်ဆိုရင် ခေတ်ပေါ်ကဗျာ တည့်(ဒဲ့)မပြောဘူး။ အနှစ်ချုပ် သဘောပြောတယ်။ နိမိတ်ပုံ သင်္ကေတသုံးတယ်။ စကားပြောရစ်သမ်နဲ့ အရပ်သုံး စကားသုံးစွဲတယ။် ကာရန်ထက် ရစ်သမ်ကို အားပြုရေးတယ်။ ကာရန်ပါချင်ပါ မပါချင်နေ ထည့်မတွက်ဘူး။ ကဗျာတစ်ပုဒ်လုံးက စုစည်းထားသလို ဖြစ်နေတယ်။ ပြောရရင် လုံးဝန်းသော ပုံသဏ္ဍာန်ဖြစ်တယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အတွင်းသားထဲမှာပဲ သိမှုကို ရှာနိုင်တယ်။ အနောက်နိုင်ငံတစ်ချို့ရဲ့ မော်ဒန်ဝါဒအောက်က သီးခြားအနုပညာအစ်ဇင်တွေကို လေ့လာကြည့်ရင် Symbolism, Expressionism, Futurism, Surrealism, Dadaism, Cubism, Imagism, စသည်ဖြင့် ဆင့်ကဲဖြစ်ထွန်းခဲ့တာ တွေ့ရပါတယ်။ လေ့လာထားတဲ့အထဲက ထည့်ပြောရရင် ၁၉၆၀ ခုနှစ်များမှာ ရောဘတ်လိုဝဲနဲ့ ဂျွန်ဘယ်ရီမန်းစတဲ့ လူငယ်တွေဟာ မော်ဒန်ကဗျာ တွေရဲ့ လက်ဝါးကြီးအုပ်မှုအောက်ကနေ ရုန်းထွက်ဖို့ လမ်းစတွေ ရှာလာကြတယ်။ သူတို့ကို အိလိယော့၊ အက်ဇရာပေါင်းတို့ရဲ့ ချိုးကျူးခံရမှုတွေနဲ့အတူ တတိယ မျိုးဆက်လို့ အသိအမှတ်ပြုခဲ့ကြတယ်။ အဲဒီ တတိယ မျိုးဆက်အားလုံးလိုလိုဟာ အောလ်ဆမ်ရဲ့ Projective Verse ကြေညာစာတမ်းရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ကြားကာလ တွေမှာ ပို့စ်မော်ဒန်ဝါဒဟာ တည်ဆောက်ဆဲ အနေအထားပဲ ရှိနေတယ်။ Beat, Black Mountain, Confessional, Lyric, Deep Image စတဲ့ ကဗျာဝါဒသစ်တွေကို ပို့စ်မော်ဒန်လိုလို မော်ဒန်နှောင်းပိုင်းလိုလိုနဲ့ ဝေေ၀၀ါးဝါးဖြစ်ခဲ့ရတဲ့အထိ ပို့စ်မော်ဒန်ရဲ့အစဟာ အခက်အခဲတွေနဲ့ ရင်ဆိုင် ခဲ့ရတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ နောက်ပိုင်းမှာတော့ ပို့စ်မော်ဒန်လို့ တိတိကျကျပြောလို့ရတဲ့ ကဗျာဝါဒတွေ ပေါ်ပေါက်လာတယ်။ အထင်ရှားဆုံးနဲ့ အလှုပ်ခတ်ဆုံးကတော့ ၁၉၆၇ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ စိတ်ကူးညဏ်အဓိက၀ါဒ Conceptual နဲ့ ၁၉၇၈ မှာ L=A=N= G=U=A=G=E မဂ္ဂဇင်းကနေ ပေါ်ထွက်လာတဲ့ Language Poetry ပါပဲ။ အဲဒီ LP ကဗျာရဲ့ အဓိက အလုပ် လုပ်ခြင်းကတော့ ဘာသာစကားအပေါ်မှာ ဗဟိုပြု တည်ဆောက် ရေးဖွဲ့ခြင်းပါပဲ။
           မော်ဒန်နောက်ပိုင်း ပို့စ်မော်ဒန်ခေတ်ဦးလည်းရောက်ရော မော်ဒန်တုန်းက ကျွန်တော်တို့ သိထားတာတွေ အားလုံး ဟာ ပြောင်းပြန် ဖြစ်သွားတယ်။ ကဗျာပုံသဏ္ဍာန်က ဂငယ်ပုံဖြစ်သွားတယ်။ ကဗျာထဲ ထည့်ထားတဲ့ စကားလုံးတွေ ဝါကျ တွေကို အဲဒီ အပေါက်ကြီးထဲကနေ ကဗျာဖတ်သူက ပြန်လိုက်ကောက်ပြီး သိမှုကို တည်ဆောက်ယူရတယ်။ ကဗျာဖတ်သူရဲ့ အလုပ်ပိုများ လာတယ်။ ခက်လာတယ်။ ကဗျာဖတ်သူကိုယ်တိုင် ဘာတွေသိထားလဲဆိုတာကိုပါ ကဗျာဆရာက ပြန်မေးခွန်း ထုတ်လာတယ်။ ဒီဘက်ပိုင်း Contemporary တွေကျတော့ မော်ဒန်ရော ပို့မော်ဒန်ကိုပါ ဆန့်ကျင်တယ်။ စကားလုံး သုံးစွဲမှုရိုးရှင်းအောင် အားထုတ်လာတယ။် တစ်ချို့ Hybrid တွေမှာကတော့ အားလုံးယူ သုံးတယ်။ ရောရေးတာ ရှိတယ်။ ကျွန်တော်အဓိကပြောချင်တာက  မော်ဒန်ကိုနားလည်မှ ပို့စ်မော်ဒန် ကို နားလည်မယ်။ ဘာဖြစ်လို့လဲဆိုတော့  မော်ဒန်ရဲ့ ယေဘုယျလက္ခဏာ တွေကိုသိမှ ပို့စ်မော်ဒန်က မော်ဒန်ကို ဘယ်လိုဆန့်ကျင်တာ သိမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ မော်ဒန်၊ ပို့စ်မော်ဒန်ကို သိမှ Contemporary ကို ပိုနားလည်မှာဖြစ်တယ်။  ပို့စ်မော်ဒန်သမားတွေက ဖြစ်နိုင်ချေတွေကို တန်ဖိုး ထားတယ်။ ဥပမာ တစ် ဂဏန်း(၁)ကို သုံးမယ်ဆိုရင် မော်ဒန်က အဲဒီတစ်ဂဏန်းရဲ့ တစ်သီး ပုဂ္ဂလဂုဏ်ရည်ကို ရည်ညွှန်းပြီး သုံးလိုက်တယ်။ ပို့စ်မော်ဒန်သမားကတော့ အဲဒီတစ်ဟာ သုညကနေ တိုးတက်တာလား။ နှစ်ကနေ လျော့သွားတာလား။ အဲဒီလို စဉ်းစားတယ်။ Hybrid တို့ Experimental တို့ကတော့ ပို့စ်မော်ဒန် နှောင်းပိုင်း ကာလာတွေပေါ့။ အကြမ်းအားဖြင့် စမ်းသပ်ကဗျာတွေပါပဲ။
           အလွယ်ကူဆုံးနဲ့ အရှင်းဆုံး ထပ်ပြောရရင် ခေတ်ပေါ်ကဗျာက အတွင်းကနေ အပြင်ကို ထွက်တယ်။ ခေတ်ပေါ် နောက်ပိုင်း ကဗျာအမျိုးအစား တွေကတော့ အပြင်ကနေ အတွင်းကို သွားတယ်။ တစ်ချို့ ဟာတွေက စာသိထက် သညာ သိက ပိုကောင်းတယ်။ အခုကျွန်တော်ပြောနေတာတွေကိုက ပို့စ်မော်ဒန် အယူအဆအရ စာသားတွေ စကားလုံး တွေပဲ။ သိမှုမဟုတ်သေးဘူး။ တကယ့်သိမှုက ကိုယ်တိုင်ကို တည်ဆောက် ယူရတာ။ အခုဖတ်လိုက်လို့ သိလိုက်တာကို သိမှုလို့ မခေါ်သေးဘူး။ ကိုယ်တိုင်တည်ဆောက်ပြီးက ဒါက ဘာလို၊ ဒါက ဘယ်လို စသဖြင့် လုပ်ယူရတာ။ ပို့စ်မော်ဒန်က ခံစားမှု ထက် တည်ဆောက်မှုကို ဦးစားပေးတယ။် မော်ဒန်မှာ အများအားဖြင့် ပုဂ္ဂိုလ်ရေး နာကျင်မှု၊ ပတ်ဝန်းကျင်၊ မေတ္တာဘွဲ့ စသဖြင့် တစ်စုံတရာကို ဦးတည်မှုရှိတယ်။ တနည်း ပြောရရင် ပန်းတိုင်ရှိတဲ့ ကဗျာတွေများခဲ့တယ်။ မော်ဒန် နောက်ပိုင်း ကဗျာတွေကတော့ ပန်းတိုင်ကို စိုက်ယူရတယ်။ အဲဒီတော့ ကဗျာ ဖတ်သူကိုယ်ခံအား ဘယ်လောက်ရှိလဲ ဆိုတဲ့ မေးခွန်းတွေ ခဏခဏ ပြန်မေးခံရတယ်။ ကဗျာဖတ်သူဟာ ကဗျာဆရာ နီးပါးလောက်မှ မခံစားနိုင်ရင် ကဗျာကို နားလည်ဖို့ မလွယ်ဘူး။ ကဗျာစာကြောင်းလေးနှစ်ကြောင်းလောက်နဲ့ စာလုံးရေအနည်းဆုံးသုံးထားတဲ့ Couplet Poem လို ကဗျာတွေကိုတောင် ချက်ချင်းချဉ်းကပ်နားလည်ဖို့ မလွယ်ကူတတ်ပါဘူး။ တကယ်တမ်း ကျတော့ Couplet Poem တွေဟာ ပို့စ်မော်ဒန် ခေတ်ဦးတုန်းက ထွန်းကားခဲ့တဲ့ Minimalism အမျိုးအစားကဗျာတွေပါပဲ။ စကားလုံး အနည်းဆုံးနဲ့ သိမှုကိုပေးတယ်။ အပိုလို့ ထင်ရတဲ့ စကားလုံးတွေ၊ သွယ်ဝိုက် နေတဲ့ အရေးအသား တွေ ကို ဖဲ့ထုတ်ပစ်တယ်။ မော်ဒန်ရဲ့ တည်ဆောက်ပုံကို ဆန့်ကျင် တယ်။ မော်ဒန်ကဗျာရဲ့ နမိတ်ပုံ အားကိုးမှုကို ဖျက်ပစ်တယ်။ ပြောရရင် ပို့စ်မော်ဒန်သမားတွေအကြိုက်ဆုံးက ဖရိုဖရဲ ဖြစ်မှုတွေပဲ။ မော်ဒန်ရဲ့ Form ပုံစံနဲ့ Content အကြောင်း အရာပိုင်း အားကိုးမှုကို ဆန့်ကျင်တယ်။
           ပို့စ်မော်ဒန်ရဲ့ အဓိကလက္ခဏာတွေဆိုရင် အကြမ်းအားဖြင့်
၁။ ဖြစ်ဆဲ တည်ဆဲ ရောက်ဆဲ ခဏတာအချိန်လေးကို ဂရုစိုက်တယ်
၂။ စာသားပြေပြစ်စီးဆင်းမှုကို ဆန့်ကျင်ပြီး ပိုင်းစစိတ်မွှာဖြတ်တောက်ပစ်ရတာကို သဘောကျတယ်။
၃။ အဖြောင့်သဘောအဓိပ္ပာယ်တွေကို အချိုးဖျက်တယ်။
၎။စာသားစကားလုံးတွေကိုအထပ်ထပ်ဆင်ခြင်တယ်။
(ဥပမာ-ရှေ့ကစကားလုံးကို နောက်စကားလုံးက ပြန်ပြီး မေးခွန်းထုတ်တာမျိုး)
၎။ မော်ဒန်ဟာ သိမှုဗေဒကို အခြေခံတယ်ဆိုရင် ပို့စ်မော်ဒန်ဟာ အဲဒီသိမှုကနေရလာတဲ့ အရှိတရား Reality ကို အခြေခံတယ်။
           သရုပ်မှန်ဝါဒီ (Realism) ရေးသားသူတွေဟာ လက်တွေ့အရှိတရားဆီ ရောက်အောင် သူတို့ပတ်ဝန်းကျင်ရဲ့ အထိ အတွေ့ ရိုက်ခတ်မှု မြင်သိမှုတွေကတဆင့် စာပေအနုပညာတစ်ရပ်အဖြစ် စာ/ ကဗျာဖတ်သူဆီကို တိုက်ရိုက်ပေးပို့တယ်။ အရာဝတ္ထုတစ်ခုကို ဓါတ်ပုံရိုက်သလို ဖန်တီးဖွဲ့နွဲ့ တည်ဆောက်တယ်။ ဦးတည်ချက် ရည်ရွယ်ချက် တစ်ခုခုနဲ့ ပန်းတိုင် တည်ဆောက်ပြီး အဲဒီပန်းတိုင်ကို ရောက်အောင် သွားလေ့ ရှိတယ်။ ဇာတ်ပေါင်းရင် ဘယ်သူဘုရားလောင်းလဲ ဆိုတဲ့ မျှော်လင့်ချက်တွေ သင်ခန်းစာတွေ အဘိဓမ္မာတွေကို သဘာဝကျကျထည့်ပေးတယ်။ တကယ်တမ်းကျတော့ အဲဒီ အရာ တွေ အားလုံးဟာ ရှိပြီး ဖြစ်ပြီးသားတွေပဲ။ တနည်း ပြောရရင် ဖတ်သူကို အရှိတရားဆီ ရောက်အောင် သတိပေး တာပါပဲ။ လွယ်လွယ်ပြောရရင် ဒါမျိုးတွေ ရှိနေတယ်လို့ လက်တို့လိုက်တာပါပဲ။
           မော်ဒန် (Modern)သမားတွေ ကျတော့ သိမှုကို အခြေခံတယ်။ သူတို့ဟာ သူတို့သိထားသမျှတွေကို ဘယ်တော့မှ တိုက်ရိုက် မပြောဘူး။ သူတို့ဟာ အရှိတရားက သက်သက်၊ သိမှုက သက်သက်လို့ အမြဲတွေးတယ်။ တကယ်လည်း ဟုတ်နေတာပါပဲ။ သိမှုတိုင်းဟာ အရှိတရားမဖြစ်နိုင်သလို တကယ့်အရှိတရားတိုင်းကိုလည်း မြတ်ဗုဒ္ဓကလွဲလို့ အလုံးစုံ သိနိုင်တဲ့ သူ မရှိသေးဘူး။ ဒီတော့ မော်ဒန်သမားတွေဟာ သိမှုကို ချဲ့ထွင်ပြီး လမ်းကြောင်းအမျိုးမျိုးနဲ့ အရှိတရားကို ချဉ်းကပ်တယ်။ မော်ဒန်သမားတွေဟာ အရာရာကို သံသယအမြင်နဲ့ မေးခွန်းထုတ်တယ်။ ဒီတစ်ခုဟာ ဒါအပြင် နောက်ထပ် တစ်ခုမဖြစ်နိုင်ဘူးလား ဆိုတာမျိုးလည်း စဉ်းစားတယ်။ မော်ဒန်သမားတွေရဲ့ ဝေဝါးထွေပြားမှုနဲ့ မသိစိတ်က ထွက်ကျလာ တတ်တဲ့ စကားလုံးတွေဟာ အရှိတရားဆီကိုပဲ ဦးတည်သွားတာတော့ သေချာပါတယ်။ မော်ဒန်သမားတွေဟာ စနစ်တကျ သေချာမှုကို သဘောမတူဘူး။ အရာအားလုံးဟာ ဖရိုဖရဲဖြစ်နေတယ်။ ဥာဏ်ပညာရင့်သန်လာတာနဲ့အမျှ နောက်ထပ် ကမ္ဘာတစ်ခုကို ရှာဖွေနေသလိုမျိုး နောက်ထပ်တိုးဝင်လာမယ့် သိမှုတစ်ခုခုကို မျှော်လင့်နေတယ်။ မော်ဒန်သမားတွေဟာ ဒါတွေကို စာ/ ကဗျာ/ အခြားအနုပညာတစ်ရပ်ရပ်နဲ့ Art Work တစ်ခုခုဖန်တီးတဲ့ အခါမှာလည်း ဘယ်တော့မှ ပန်းတိုင်ကို မဖော်ပြဘူး။ ခံစားချင်သူက ကိုယ့်ဘာသာတည်ဆောက်ယူရတယ်။ ခံစားသူရဲ့ သိမှုရှိသလောက်ပဲ မော်ဒန်လက်ရာ တွေဟာ ပန်းတိုင်အဖြစ်သတ်မှတ်လို့ ရတယ် ဆိုရမလိုပါပဲ။ ဒါကြောင့် မော်ဒန်လက်ရာ တွေဟာ ခံစားသူသိမှု နည်းပါးရင် နည်းပါးသလောက် နားလည်ဖို့ ခက်ခဲလေ့ရှိနေတာကိုလည်း တွေ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မော်ဒန်သမားတွေရဲ့ နောက်ဆုံးဆန္ဒကလည်း အရှိတရားဆီကိုပါပဲ။
           ပို့စ်မော်ဒန်( Post Modern) သမားတွေကရော ဘယ်လိုလဲ ဘယ်ထိသွားမှာလဲလို့ တွေးမိတဲ့အခါ သူတို့ မျှော်လင့် တာကလည်း အရှိတရားပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အရှိတရားက တစ်မျိုးဖြစ်တယ်။ မော်ဒန်ဝါဒရဲ့ သိမှုဆိုင်ရာ တည်ဆောက်ချဲ့ထွင်မှုကို ငြင်းဆန်တယ်။ သိမှုဆိုင်ရာတည်ဆောက်မှု အဆောက်အဦအပြင်ဘက်က လက်ရှိကမ္ဘာကို လိုချင်တယ်။ ဥပမာ- လူတစ်ယောက် ရပ်နေတယ်။ ဒါ တကယ်မဟုတ်ဘူး။ ယာယီရပ်နေတာပဲ ဖြစ်တယ်။ စားပွဲပေါ်မှာ ဖန်ခွက်တစ်လုံး ရှိနေတယ်။ အစစ်အမှန် မဟုတ်ဘူး။ စားပွဲရော ဖန်ခွက်ရော ယာယီပဲ။ ပို့စ်မော်ဒန်သမားတွေဟာ သူတို့လက်ရာတွေကို ဗဟိုချက်မဲ့စေတယ်။ သိမှုကို အတွင်းကျကျ တည်ဆောက်ပြီး ပို့စ်မော်ဒန်လက်ရာတွေကို ပြုလုပ် တယ်။ တကယ်ရှိနေတဲ့ အရာတွေရဲ့ နောက်ကွယ်က အရှိတရားကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ ပို့စ်မော်ဒန် လက်ရာ တွေဟာ သိမှုကို လက်လွတ်စပယ် ဘယ်တော့မှ မဖန်တီးဘူး။ စနစ်တကျအတည်ပြုထားတဲ့ သိမှုတွေနဲ့ တည်ဆောက် တယ်။ မသိစိတ်ဆိုတာ ပို့စ်မော်ဒန်သမားတွေမှာ မရှိဘူး။ နောက်တစ်ခုက မေးခွန်းတွေ။ ပို့စ်မော်ဒန်သမားတွေဟာ အဖြေမရှိတဲ့ မေးခွန်းတွေ လက်ရှိအဖြေနဲ့ မလုံလောက်တော့တဲ့ မေးခွန်းတွေကို နှစ်သက်တယ်။ အရှိတရားရဲ့ နောက်ကွယ် မှာ ဘာရှိသလဲဆိုတာ ပို့စ်မော်ဒန်သမားတွေ အသိချင်ဆုံးမေးခွန်းပဲ။ သေချာတာ တစ်ခုကတော့ အရှိတရားနောက်မှာ ရှိနေတာ မရှိခြင်းပဲ။ နတ္ထိပဲ။ ဗုဒ္ဓဘုရား ဟောကြားတော်မူခဲ့တဲ့ မမြဲခြင်းဆိုတာ ပို့စ်မော်ဒန် သမားတွေ ရှာနေတဲ့ ပြဿနာပဲ။ အားလုံးဟာ ယာယီပဲ ။ အရာအားလုံးဟာ မမြဲခြင်းပဲ။
           ထူးထူးခြားခြားပြောရရင် ပို့စ်မော်ဒန်ဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောတရားတွေနဲ့ အရမ်း နီးစပ်တယ်။ ဥပါဒ၊် ဌီ၊ ဘင် သဘော။ ဖြစ်ပျက်သဘော။ ပို့စ်မော်ဒန်ဝါဒရဲ့ နောက်ထပ် အကြီးမားဆုံ ပန်းတိုင်ဟာ မတည်မြဲခြင်းပဲ။ အနိစ္စပဲ။ ပို့စ်မော်ဒန်ရဲ့ အကိုင်းအခက်တွေအဖြစ် ဆင့်ကဲတိုးတက်မှု (Evolution) ခေါ်မလား။ ပို့စ်မော်ဒန်နောက်ပိုင်း Contemporary ကဗျာအမျိုးအစား တွေ ကတော့ မော်ဒန်ရော ပို့စ်မော်ဒန် ကိုရော ဆန့်ကျင်တယ်။ Hybrid, Experimental တို့ကတော့ စမ်းသပ်ကဗျာ ပါပဲ။ သူတို့ကတော့ မော်ဒန်နည်းနာတွေရော ပို့စ်မော်ဒန် နည်းနာတွေရော ရောနှော သုံးပြု ကြတယ်။ ထပ်ပြောရရင် မော်ဒန်ကိုသိမှ ပို့စ်မော်ဒန်ကို သိမယ်။ ပို့စ်မော်ဒန်ကို နားလည်မှ ကွန်တမ်ပယ်ရီကို ပို နားလည် မယ်။ ခေတ်အဆက်ဆက်တည်ဆောက်မှုမှာ ကဗျာဟာ စကားလုံးအဖြစ်ကနေ ကျော်သွားလို့မရတဲ့အတွက် ခေတ် အဆက် ဆက် သီအိုရီတွေဟာလည်း တစ်ခုနဲ့တစ်ခုချိတ်ဆက်/ ဆန့်ကျင်ရင်း အခြားနည်းနာသီအိုရီတစ်ခုအဖြစ် ကျွန်တော်တို့ထပ်မံ တွေ့ရှိနေဦးမှာပဲ။ နောက်ဆုံးအဆုံးသတ်ပြောရရင် မော်ဒန် ကဗျာဟာ အတွင်းကနေ အပြင်ကိုသွားတယ် ပို့စ်မော်ဒန်ဟာ အပြင်ကနေ အတွင်းကို ပြန်ဝင် လာတယ်။ ထပ်ပြောရရင် ပို့စ်မော်ဒန်ရဲ့ အပိုင်းပိုင်း အစစပြတ်တောက်နေတဲ့ စာသား အစုအဝေးကြီးတစ်ခုလုံးက လူလုပ်လောကကြီးရဲ့ ဖရိုဖရဲဖြစ်မှု၊ မတည်မြဲမှုနဲ့ အရှိတရား အစစ်အမှန်ဆီကိုပဲ ပြန်ရောက် တယ်။ အဲဒါကို အပြင်က အတွင်းကိုပဲ ပြန်ဝင်လာတယ်လို့ ပြောချင်တယ်။ မော်ဒန်ကဗျာကတော့ ကျစ်လစ်ပြေပြစ်တဲ့ နမိတ်ပုံ၊ သင်္ကေတ၊ ရစ်သမ် အနိမ့်အမြင့် စတာတွေနဲ့ ကဗျာဖတ်သူကို ဖြန့်ကျက်တွေးစေတယ်။ ကဗျာထဲက နာကျင်မှု၊ ပျော်ရွှင်မှု စတာတွေကို ကဗျာဖတ်သူကို ကူးစက်ပြန့်ပွားစေတယ်။ တစ်စုံတစ်ရာကို သတိရစေတယ်ပေါ့။ အကြမ်းအားဖြင့် ကျွန်တော် နားလည်ထားသလောက် ပြန်ပြီး Sharing လုပ်တဲ့ သဘောပါ။ အချက်အလက်နဲ့ အတွေး အခေါ်ပိုင်းများမှာ လည်း အငြင်းပွားစရာ ရှိနိုင်ပါတယ်။ ကိုယ်တိုင်လေ့လာတာပြီး သိမှုတည်ဆောက်တာ အကောင်းဆုံးပါပဲ။ အဲဒါကလည်း ပို့စ်မော်ဒန်ရဲ့ သဘော တရားတစ်ခုပဲ မဟုတ်ဘူးလား။ ကျွန်တော် အခုရေးလိုက်တာ ဖတ်လိုက်တာက စကားလုံးတွေပါပဲ။ ပို့စ်မော်ဒန်လည်း မဟုတ်ဘူး။ ဘာမှ မဟုတ်ဘူး။ မြန်မာအက္ခရာနဲ့ ရေးလိုက်တဲ့ မြန်မာစကားလုံး၊ စာလုံးတွေပါပဲ။ အဲဒါကို ခင်ဗျားတို့က ဖတ်ပြီး၊ နားထောင်ပြီး နားလည်ဖို့ ကြိုးစားကြည့်မှာပဲ။ နားလည်လာတဲ့အခါ ကိုယ်ပိုင် သိမှုတည်ဆောက် မိမှာပဲ။ ကိုယ်ပိုင်သိမှုကနေ ပြန်ထွက်လာတဲ့ အရာဟာ အရှိတရားပါပဲ။

၃။ ကဗျာအရွေ့နဲ့ မဟာငြီးငွေ့မှု

            ၁၉၇၀ နောက်ပိုင်းမှာတော့ ခေတ်ပေါ်ကဗျာ(၀ါ) မော်ဒန်ကဗျာတွေဟာ ကဗျာရေစီးကြောင်း ထဲမှာ အရှိန်အဟုန် အားကောင်းစွာနဲ့ ပြင်းထန်ပေါက်ကွဲ စီးဆင်းလာကြပါတယ်။ ဆက်လက်ပြီး ၁၉၉၀ နောက်ပိုင်းမှာ (ဆရာ) ခင်အောင်အေး၊ မင်းထက်မောင်၊ မောင်သိန်းဇော်၊ နေမျိုး၊ ဇေယျာလင်း၊ စိုင်းဝင်းမြင့်၊ မိုးဝေး၊ စံညိမ်းဦး၊ ခင်ဇော်မြင့်၊ အစရှိတဲ့ အခြား မရေတွက်နိုင်တဲ့ ကဗျာဆရာတို့ရဲ့ ကဗျာတွေဟာ လှိုင်းထစီးဆင်းနေတဲ့ အသံတွေနဲ့ သင်္ကေတ၊ နမိတ်ပုံ အားကောင်းစွာ စာမျက်နှာပေါင်းများစွာတို့မှာ ရေးဖွဲ့ထင်ရှားလာခဲ့ကြပါတယ်။ ကဗျာစာအုပ်တွေလည်း ထုတ်လာခဲ့ကြပါတယ်။ သူတို့ ရေးဖွဲ့တဲ့ ကဗျာတွေအပေါ်မှာ ဘေးကနေ အစဉ်တစိုက် ဝေဖန် ထောက်ရှု ရေးသား ပံ့ပိုးပေးနေတဲ့ ဆရာတွေ ကတော့ (ဆရာ) ဇော်ဇော်အောင်၊ သစ္စာနီ၊ မြင့်သန်း၊ မျိုးသန့်၊ နောက်ပိုင်းမှာ ကိုအောင်ဝေးနဲ့ အောင်ခင်မြင့်တို့ပဲ ဖြစ်ပါတယ်၊ အဲဒီလို နှစ်ပေါင်း ၃၀လောက် အားကောင်းမောင်းသန်စီးဆင်းလာတဲ့ မော်ဒန်ကဗျာမြစ်ကြီးထဲကို ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံး မြစ်လက်တက်အဖြစ် ဆရာ ဇေယျာလင်းရဲ့ အမေရိကန်မြစ်ဖျားခံ LANGUAGE POETRY နဲ့ ၂၀၀၇ မတ်လမှာ ဆရာ အောင်ရင်ငြိမ်း ဦးဆောင် တင်သွင်းလာတဲ့ ပြည်တွင်းဖြစ် နီယိုမော်ဒန် မြစ်လက်တက်တွေ ဆူဆူညံညံ စီးဆင်း ၀င်ရောက်ခဲ့ပါတယ်။ မြန်မာကဗျာရေစီးကြောင်းမှာတော့ ကြီးမားတဲ့ အချိုးအကွေ့ အပြောင်းအလဲ တစ်ခုပါပဲ။ ကျွန်တော် တို့က LP ကိုလည်း ကြိုဆိုခဲ့ပါတယ်။ နီယိုမော်ဒန်ကိုလည်း ကြိုဆိုပါတယ်။ အခု ဒီဘက်နှစ်များ ၂၀၁၀ နှောင်းပိုင်းမှာလည်း  Digital Poetry, Flart Poetry စသည်ဖြင့် ကဗျာနည်းနာတွေ အသီးသီးထိုးဖောက်ဝင်ရောက်လာကိုလည်း ကြိုဆိုပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ ဆရာ ဇေယျာလင်း၊ ဆရာအောင်ရင်ငြိမ်းနဲ့ အွန်လိုင်းက လူငယ် ကဗျာဆရာ တွေ ဖန်တီးချိတ်ဆက်တင်ပြလာတဲ့ ကဗျာပုံစံတွေ နည်းနာတွေ တက္ကနစ်တွေအကြောင်း မဟုတ်ပါဘူး။ ကဗျာ ချစ်မက် စိတ်နဲ့ ကဗျာအသစ်ကို ရင်ခုန်ယစ်မူး ဖောက်ထုတ်ချင်ကြတဲ့ လူငယ်ကဗျာဆရာတွေ အကြောင်းပါ။
 နောက်တစ်ခုအနေနဲ့ အလျင်းသင့်လို့ ကျွန်တော်ထပ် တင်ပြချင်တာလေးလည်း ရှိပါတယ်။ ဆရာ အောင်ချိမ့်ရဲ့ `ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ´ ကဗျာစာအုပ် အမှာစာလေးအကြောင်းပါ။ ရေးသားသူက ဂျပန်နိုင်ငံ အိုစာကာ တက္ကသိုလ်က မြန်မာစာပါမေက္ခ ဒုကျောင်းအုပ် ဆရာမကြီး မပန်းခက်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ၁၉၆၂ ခုနှစ်ထုတ် PROFANVS မဂ္ဂဇင်းထဲက Surrealism ကဗျာဆရာ Junzabura NISHIWAKAI ရဲ့ ကဗျာသဘော တရား ဆောင်းပါးထဲကနေ ကောက်နှုတ် တင်ပြ ထားတာပါ။
            `ဖြစ်ရပ်မှန်များအလယ်တွင် လူတစ်ယောက်အဖြစ်ရပ်တည်နေရသည်မှာ အရင်းခံအားဖြင့် ငြီးငွေ့စရာ ကောင်းသည်။ ဤကဲ့သို့သော ငြီးငွေ့စရာကြီးကို ခံစားတတ်ရင် ထိုမဟာငြီးငွေ့စရာကြီးသည် ကဗျာရေးရန် စေ့ဆော်ပါလိမ့်မည်။ ကဗျာဆိုသည်မှာ ငြီးငွေ့စရာနှင့်ပြည့်ဝသော ဖြစ်ရပ်မှန်အခြေအနေကို ထူးထူး ဆန်းဆန်း ကြည်နူးမှုဖြင့် စိတ်ဝင်တစား သိတတ်မြင်တတ်စေနိုင်သော နည်းတစ်မျိုးဖြစ်သည်။ လောကမှာ သည်ဟာကို အနုပညာဟု ခေါ်ကြသည်။ အကျင့်တို့ အလေ့အထတို့ ဓလေ့စသည်တို့သည် အသိစိတ်ကို တုံးစေ ထိုင်းစေ သည်။ သူတို့သည် အသိစိတ်ကို အိပ်ပျော်စေနိုင်သည်။ သူတို့ကြောင့် ကျွန်တော်တို့သည် ဖြစ်ရပ်မှန်ကို ငြီးငွေ့ ရွံ့ရှာ စက်ဆုပ်လာတတ်ခြင်း ဖြစ်သည်။ သူတို့ဘောင်ကို ချိုးဖောက်လျှင် ဖြစ်ရပ်မှန်များသည် ငြီးငွေ့ စရာကြီး မဟုတ်တော့ပါ။ စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မည်။ အသိစိတ်လည်း လန်းလန်း ဆန်းဆန်း ဖြစ်လာပါလိမ့်မည်´
            နောက်တစ်ခုက အဲဒီအမှာစာထဲမှာပါပဲ။ တရုတ်ကဗျာဆရာတွေရဲ့ ပြောင်းလဲစီးဆင်းမှု လေးတစ်ခုကို ထပ်ဖတ် ရပါတယ်။ `သူတို့ဆီမှာလည်း ၁၉၇၀ နောက်ပိုင်းမှာ Modernism လက္ခဏာပါတဲ့ ကဗျာတွေ ပေါ်ပေါက် လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကဗျာ ရေးသူတွေက Modernism သဘောတရားတွေကို လေ့လာပြီး သဘောကျလို့ ရေးတာ မဟုတ်ဘဲ NISHIWAKAI ရေးထားသလို မဟာငြီးငွေ့မှုကြီးက စေ့ဆော်လို့ ရေးလာကြတယ်လို့ ဆိုရမှာပါ။ ဒီကဗျာတွေကို သူတို့က မော်ဒန်လို့မခေါ်ကြပါဘူး။ ပရိသတ် ကတော့ အမျိုးမျိုး ခေါ်ကြ တာပေါ့။ ဒါပေမဲ့ တရုတ်နိုင်ငံ အတွင်းမှာတော့ မြူဆိုင်း ကဗျာ ( Misty Poem) လို့ ခေါ်ကြတယ်။ ဘာဖြစ် လို့လဲဆိုတော့ အဓိကအချက်က နားလည်ရ ခက်လို့ပါပဲ ´။ အဲဒီမြူဆိုင်းကဗျာတွေနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ တရုတ်ကဗျာဆရာ ကတော့ ပေတောက် ( Bei Dao) ပါပဲ။ ပေတောက် အပါအ၀င် လူငယ်ကဗျာဆရာတွေကတော့ ခေတ်နဲ့ ကိုက်ညီမယ့် ကဗျာဗေဒကို ရှာဖွေဖော်ထုတ်ခဲ့ပြီး ဒီကဗျာဗေဒအရ လွတ်လပ်ကာရန်နဲ့ ရေးပြီး ဆာရီယယ်ဆန်တဲ့ နမိတ်ပုံတွေ အများဆုံးသုံးရေးလာတာကို တွေ့ရပါတယ်။ အကြောင်း အရာ ပိုင်းဆိုင်ရာမှာ တစ်ခုနဲ့ တစ်ခု အဆက်အစပ်မဲ့နေပြီး ပုံသဏ္ဍာန်ဖွဲ့စည်းမှုမှာလည်း ဖမ်းဆုပ်ကိုင်တွယ် လို့ မရနိုင်အောင်ကိုေ၀၀ါးလွန်းခဲ့တာကြောင့်လည်း မြူဆိုင်းကဗျာလို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
            ကျွန်တော်ပြောချင်တာ ဆက်ပါဦးမယ်။ ငြီးငွေ့မှု။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ အသစ်ကို ဖန်တီးကြရပါမယ်။ အ၀တ် အစား ဖက်ရှင်အသစ်တွေ ထွင်တယ်။ စက်ပစ္စည်းကိရိယာ၊ နည်းပညာ အသစ်အဆန်းတွေကို ထွင်တယ်။ အစားအစာတွေကို ပုံစံသစ်နဲ့ ထုတ်လုပ်တယ်။ တိုက်တာ အဆောက်အဦတွေကို ဒီဇိုင်းသစ်တွေနဲ့ တည်ဆောက်တယ်။ ကျွန်တော်တို့ အနုပညာကိုရော ဘာအတွက်ကြောင့်  အသစ်မဖန်တီးဘဲ နေကြမှာလဲ။ ကျွန်တော်တို့ ဆာလောင်နေတယ်။ ကျွန်တော်တို့ ငတ်မွတ်နေတယ်။ တောင့်တနေတယ်။ အဲဒါ ဘယ်ကလာပါသလဲ။  ဟုတ်ပါတယ်။ မဟာငြီးငွေ့မှုကနေ လာတာပါ။ ခေတ်စမ်းကနေ ဒီနေ့အထိ အစဉ်အဆက် ပြောင်းလဲလာတဲ့ ကဗျာပုံသဏ္ဍာန်ဟာ မဟာငြီးငွေ့မှုကနေ စတင် ပေါက်ဖွား လာခဲ့ကြတာပါပဲ။ ဆရာဇော်ဂျီ၊ ဆရာ ဒဂုန်တာရာ၊ မိုးဝေ ကဗျာဆရာများဟာ သူခေတ်နဲ့သူ တော့ လူငယ်တွေ ချည်းပါပဲ။ သူတို့ဟာ စမ်းသပ်တယ်။ တင်ပြတယ်။ စာဖတ် ပရိသတ်က နားလည်လက်ခံနှစ်သက်လာတဲ့မှာ သူတို့ခေတ်ရဲ့ ကဗျာသစ် အဖြစ် သမိုင်းမှာ တင်ကျန်အောင် လုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ခေတ်နဲ့အညီ ခေတ်မှာ ထင်ဟပ်နေတဲ့ အကြောင်းအရာ၊ နာကျင်မှု၊ လွဲချော်မှု၊ အဆင်မပြေမှု၊ ဖိနှိပ်ခံရမှု၊ မလွတ်လပ်မှု စတာတွေကို ခေတ်ပြိုင် အာရုံ ခံစားမှုနဲ့ ခံစားပြီး ခေတ်ပြိုင်အရေးအသားနဲ့ တင်ပြနိုင် ရပါမယ်။ ဒီနေရာမှာ ခေတ်ပြိုင်အရေးအသားဆိုတာ ဘာလဲ။ လက်ရှိ စာမျက်နှာပေါ်ဖော်ပြနေတဲ့ အရေးအသားလား။ စာမျက်နှာပေါ် ရောက်ရှိ မလာသေးဘဲ အင်တာနက် အွန်လိုင်း ပေါ်မှာပဲ လွတ်လပ်စွာရေးနေတဲ့ အရေးအသားလား။ စကားပြေဆန်လွန်းတဲ့ စာပုဒ် အစုအဝေး တွေလား။ ( ဆရာနရီမင်း ကတော့ သူနောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဟန်သစ်မဂ္ဂဇင်းမှာ ဘယ်လို ရေးထားလဲဆိုတော့ ` စကားပြေ၊ ကဗျာ၊ ရသစာတမ်း တည်းဟူးသော ပုံသဏ္ဍာန်သတ်မှတ်ချက်များမှာ ယခုအခါ စရိုက်လက္ခဏာအရ နယ်မြေချဲ့ထွင်ကြရင်း နယ်မြေသစ်များကို တစ်ခုနဲ့ တစ်ခု ထပ်ခြင်း (Overlapping) ဖြစ်ကာ ယင်းတို့အကြားရှိ နယ်နမိတ်သတ်မှတ်ချက်မျဉ်းများ ( Demarcation Lines)ေ၀၀ါးကုန်ကြပြီဖြစ်သည်။ သို့ဖြစ်ပါ၍ စကားပြေ၊ ကဗျာ၊ ရသစာတမ်း ဟူ၍ အမည်တပ်မနေတော့ဘဲ အရေးအသား (Writing ) ဟုသာ ဖော်ပြခြင်းဖြစ်ပါသည်´ လို့ ရေးသားထားပါတယ်။ )
            ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ဘယ်ခေါင်းစဉ် ဘယ်တံဆိပ်အောက်မှာမှ မခိုဝင်ဘဲ ကိုယ်တိုင် ခံစားရတဲ့ ခံစားမှုကို ကိုယ်တိုင်ဆန်းသစ်သော အရေးအသားနဲ့ တင်ပြနိုင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို တင်ပြတဲ့နေရာမှာလည်း အခက် အခဲတွေ ၊ မေးခွန်းတွေကို ကျွန်တော်တို့ ရင်ဆိုင်လာကြ ရမှာလဲ မလွဲပါဘူး။ နားမလည်မှု၊ နေရာဖယ်မပေးလိုမှု၊ ရှိရင်းစွဲ သိမှုနည်းနာတွေကိုပဲ ရှေးရိုးစွဲ လှေနံဓါးထစ်မှု၊ လေ့လာလိုက်စားမှု၊ ပုဂ္ဂလအတ္တနဲ့ ဆန့်ကျင်မှု စတာတွေနဲ့ မလွဲမသွေ ရင်ဆိုင်လာကြရမှာပါပဲ။ ဒီနေရာမှာ အွန်လိုင်းကဗျာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် တင်ပြချင်ပါသေးတယ်။            သိပ်မကြာသေးခင်က ဖတ်လိုက်ရတဲ့ Status တစ်ခုမှာပါ။ လူငယ်ကဗျာတစ်ယောက်က သူ့ကဗျာလေးကို မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ အတန်အသင့် နေရာရနေတဲ့ ကဗျာဆရာ တစ်ယောက်ကို သွားပြပါတယ်။ အဲဒီမဂ္ဂဇင်း ကဗျာဆရာက လာပြတဲ့ ကဗျာကို မဖတ်ဘဲ စားပွဲခုံပေါ်က ရေနွေးစီးကြောင်းကို သုတ်ပစ်လိုက်တာ ခံလိုက်ရတယ်။ နောက်တစ်ယောက် ကျတော့လည်း ဒီပုံစံမျိုးပါပဲ။ သူပြတဲ့ကဗျာကို တစ်ကြောင်းဖတ်လိုက် လှောင်ရယ်လိုက်နဲ့ လုပ်ပစ်တာ ခံခဲ့ရပါတယ်တဲ့။  အဲဒီအချိန်ကစပြီး အဲဒီလူငယ်ကဗျာဆရာနှစ်ယောက်ဟာ စာမျက်နှာပေါ်တက်ဖို့ မကြိုးစားတော့ဘဲ အွန်လိုင်း ကဗျာဆရာ အဖြစ်သာ ခံယူလိုက်တဲ့အကြောင်း ရေးထားတာလေး ဖတ်ခွင့်ရခဲ့ပါတယ်။ သူတို့ အွန်လိုင်း ကဗျာဆရာ အဖြစ် ခံယူတာ၊ စာမျက်နှာပေါ်မတက်တာ ကျွန်တော်အတွက် အရေးမကြီးပေမယ့် သူရေးသွားတဲ့ နောက်ဆုံး စာကြောင်းလေး တစ်ကြောင်း ကတော့ တော်တော်လေး စဉ်းစားစရာ ကောင်းပါတယ်။ အဲဒါဘာလဲဆိုတော့ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ လူငယ် မျိုးဆက်တစ်ဆက်ပြတ်သွားရင် အဲဒီလို လူတွေကြောင့်ပါပဲလို့ ရေးထားတာလေးပါ။  
 ဒါပေမဲ့ အဲဒီလို လူတွေကြောင့် အသစ်ကို မဖန်တီးတော့ဘူးလား။ ကိုယ့်အနုပညာကို ပုံနှိပ်ဖော်ပြဖို့ မကြိုးစား တော့ဘူးလား လို့ ကျွန်တော် မေးခွန်းလေးပြန်မေးချင်ပါတယ်။ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်တိုးသွားရမှာပါ။ ခေတ်ရဲ့ တောင်းဆိုမှုအရ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ လက်ရှိ ရေးသားနေတဲ့ အသစ်ဆိုတာလည်း နောက် ၀င်ရောက်လာတဲ့ အသစ်ဆိုတဲ့ ကဗျာတွေ အနုပညာတွေကို နေရာဖယ်ပေးကြရဦးမှာပါပဲ။ ပြောလက်စနဲ့ ထပ်ပြောရရင် ရယ်စရာမဂ္ဂဇင်း ၂၀၁၂ က အသစ်ကဗျာဆိုတဲ့ ကဗျာတွေဟာ အွန်လိုင်းကဗျာ လောကမှာ ၂၀၀၇-၂၀၀၈ လောက်ကတည်း က ဖြစ်ထွန်းခဲ့တဲ့ ကဗျာတွေပါပဲ တဲ့။
ဟုတ်ကဲ့။ ကျွန်တော်တို့ဟာ (ဆရာ) မောင်ချောနွယ်၊ အောင်ချိမ့်နဲ့ အခြားနာမည်ကြီး ကဗျာဆရာတွေရဲ့ ကဗျာ တွေကို ဖတ်တယ်။ ခံစားတယ် ။ ပြီးတော့စုတုပြု ရေးသားကြတယ်။ ဆရာ ဒဂုန်တာရာရဲ့ အသံနဲ့ ပြောရရင် မုဆိုးစိုင်သင်ပေါ့၊ အဲဒီနောက်မှာ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အရေးအသားနဲ့ ရေးသားခဲ့ကြမယ်။ အထက်က ကဗျာဆရာ ကြီးတွေ အားလုံးဟာလည်း သူခေတ်နဲ့ သူ အဲဒီလို ဖြစ်ခဲ့ကြတာချည်းပါပဲ။ မောင်ချောနွယ်ဟာ အစဉ်အလာ လေးလုံးစပ် ကဗျာတွေကို နောက်ဆုံးမှာ ငြင်းပယ် ခဲ့သလို ကျွန်တော်တို့ဟာ ကျွန်တော်တို့ခေတ်နဲ့ မလျော်ညီတော့တဲ့ ကဗျာဟန်တွေကို သိမ်းဆည်းငြင်းပယ်ပြီး ကဗျာသစ်တွေကို ရှာဖွေစမ်းသပ် ရေးသားတင်ပြကြရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်လို တိုးတက်ပြောင်းနေတဲ့ ခေတ်ထဲမှာ အွန်လိုင်းကဗျာမို့လို့၊ ပုံနှိပ်ခြင်း မခံရသေးတဲ့ လူသစ်တစ်ယောက်ရဲ့ ကဗျာမို့လို့၊ ဘယ်လို တက္ကနစ်တွေမသိလို့။ ဘယ်လိုကဗျာတွေ မဖတ်ဖူးသေးလို့၊ ဘယ်ကဗျာဆရာကို မသိလို့တို့ ဆိုပြီး လူငယ်တစ်ယောက်ရဲ့ ကဗျာဓာတ်ကို ချိုးနှိမ်ဖျက်ဆီးတာမျိုးဟာ အရမ်းအောက်တန်းကျပြီး လူတစ်ယောက်ရဲ့ ပုဂ္ဂလ၀ါဒဖြစ်တည်မှုနဲ့ တည် ဆောက်မှု ကို စော်ကားနေတာပါပဲ။ နောက်ပြီးတော့ ကဗျာသဘောတရားရဲ့ ပြောင်းလဲစီးဆင်းခြင်း သဘောတရား ကိုလည်း မြစ်ကျိုးအင်းဖြစ်အောင် ပိတ်ဆို့ ပစ်လိုက်တာပါပဲ။
            တစ်ခုတော့ရှိပါတယ်။ ဆရာမောင်ခိုင်မာရဲ့ ဧည့်ခန်းဆောင်များကို ဖြတ်သန်းခြင်းထဲမှာ ရေးသားခဲ့ သလို ပါပဲ။ ကဗျာဝါဒ သဘောတရားတွေထက် ကဗျာဆရာရဲ့ လောကအမြင်၊ စေတနာ၊ ဝေဒနာရဲ့ ကိုယ့်ခံစားမှုအပေါ် သစ္စာရှိခြင်း ကသာ ပိုပြီးတော့ အဓိကကျပါတယ်။ နောက်ဆုံးတော့ နီယို၊ပို့စ်မော်ဒန်၊ အယ်ပီ၊ ကွန်ဆက်ကျူရယ်၊ ဆာရီယမ်၊ ဆလမ်၊ ဒီဂျစ်တယ်နဲ့ အခြားဘယ်လိုပဲဖြစ်ဖြစ် ကဗျာတစ်ပုဒ်မှာ သူ့ရဲ့ ဖွဲ့စည်းတင်ပြပုံနဲ့ လှပပြေပြစ်တဲ့ ကဗျာအလှဓာတ်လေး ရှိနေဖို့ပါပဲ။ နမိတ်ပုံတွေ သင်္ကေတတွေနဲ့ ရေးတိုင်း မော်ဒန် မဖြစ်သလို၊ စကားပြောတွေ စကားပြေတွေနဲ့ ရေးတိုင်းလည်း အယ်လ်ပီ မဖြစ်ပါဘူး။ ကဗျာတိုင်းမှာ ကဗျာဓာတ်ဆိုတာ ရှိပါတယ်။ ကဗျာ ဖတ်သူတစ်ယောက် အနေနဲ့လည်း ဒီကဗျာဟာ လုပ်ကြံဖန်တီးထားတာ၊ လုပ်ယူထားတဲ့ ကဗျာ။ ဒီကဗျာကတော့ တကယ့် နှလုံးသားထဲကနေ ငြီးငွေ့မှုကြောင့် ပေါက်ဖွား လာတဲ့ ကဗျာလို့ နားလည်နိုင်စွမ်း ရှိအောင် ကဗျာပါးဝနေကြပြီ ဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော်ပြောချင် တာလေး ထပ်ပြောရရင် ကဗျာအပေါ် ရိုးသားပါ၊ ကဗျာ ဖတ် သူအပေါ်မှာ သစ္စာရှိပါ၊ စေတနာထားပါ။ ကဗျာအသစ်တွေ ဖြစ်ပေါ်လာဖို့ ကဗျာအလုပ်များများလုပ်ကြပါ။ ကိုယ်လုပ်နေတဲ့ ကဗျာ အလုပ်ပေါ်မှာ မဟာငြီးငွေ့မှုကြီး ခံစားလာရတဲ့အခါမှာ အသစ် ဆိုတာကြီးကို မလွဲမသွေ ကျွန်တော်တို့ ဖန်တီးလာနိုင်မှာပါ။ နောက်ဆုံး အများလက်ခံလာတဲ့အခါမှာ နေရာတစ်ခု ချန်ထား ခဲ့နိုင်မှာပါ။ (ဥပမာ-အခုအချိန်မှာ အွန်လိုင်းကဗျာတွေဟာ မဂ္ဂဇင်းစာမျက်နှာ တွေပေါ်မှာ နေရာယူလာသလိုမျိုးပေါ့။ ) ဒါဟာ အရှိန်မပြတ်ဆက်လက်စီးဆင်းနေမယ့် ကဗျာမြစ်ကြောင်းပါပဲ။

၎။ ခေတ်ပြိုင်အရေးအသားအား ချဉ်းကပ်ခြင်း
        
         ခေတ်ပြိုင်ကဗျာအကြောင်းမပြောခင် ခေတ်ပေါ်အကြောင်း နည်းနည်းပါးပါးတော့ ပြောရပါမယ်။ ခေတ်ပေါ်ကဗျာ ကတော့ ရှင်းပါတယ်။ ၁၉၇၀ မိုးဝေကဗျာခေတ်ကနေ စတင်ခဲ့ပြီး ၁၉၉၀ ၀န်းကျင်တ၀ိုက်မှာ အားအကောင်းဆုံးဖြစ်ခဲ့တဲ့ ကဗျာအများစုကို ဆိုလိုတာပါပဲ။ ဒီနေ့ခေတ်အထိလည်း အားကောင်းမောင်းသန် ရေးနေ၊ ဖော်ပြနေတုန်းပါပဲ။ ခေတ်ပေါ် ကဗျာ တနည်းပြောရရင် ပင်မရေစီး ကဗျာပေါ့။ ပင်မရေစီးဟန်ဆိုတဲ့ နေရာမှာလည်း အကြောင်းအရာ ၊ ပုံသဏ္ဍာန်တင်ပြပုံ၊ ဘာသာ စကားအဖွဲ့အနွဲ့ စတာတွေအပြင် ဆရာ မြဇင် တင်ပြခဲ့တဲ့ မော်ဒန်ကဗျာ ယေဘုယျလက္ခဏာ တွေလည်း ပါဝင် ပါတယ်။
           ခေတ်ပေါ်ကဗျာတည်ဆောက်မှုမှာ ကဗျာရေးသူဟာ မိမိရဲ့အတွင်းစိတ်ခံစားမှု(၀ါ) ငါ ဗဟိုပြုအရေးအသား၊ ပြင်ပ ကနေ ရိုက်ခတ် ထိတွေ့လာတဲ့ အသိတရား၊ ခေတ်စနစ်နဲ့ မြို့ပြအာရုံခံစားမှု စတာတွေပေါ်မှာ မူတည်ပြီး ကဗျာ တစ်ပုဒ်ကို တည်ဆောက် ပါတယ်။ စကားလုံးသုံးစွဲခြင်းနဲ့ တည်ဆောက်ပုံမှာ ကဗျာဆရာရဲ့ ပါရမီအခံရှိမှုအပေါ်မူတည်ပြီး လှပ ပြေပြစ်မှုရှိခဲ့သလောက် ဘာသာစကားကို ကြားခံမီဒီယာအဆင့်ထက်ပိုမိုပြီး မသုံးစွဲခဲ့တာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာ ဟာ တစ်ပုဒ်လုံး ပြေပြစ် ညီညွှတ်တဲ့ စီးဆင်းမှုရှိတယ်။ ကဗျာဓာတ်ကို ဆုပ်ကိုင်ထားတယ်။
           ခေတ်ပေါ်ကဗျာနဲ့အတူ ဒီဘက်နှစ်များမှာ အပြိုင်အားကောင်းဖြစ်ထွန်းလာတဲ့ ကဗျာတွေကိုလည်း သတိထား မိပါတယ်။ အများစုတွေ့ရှိရတဲ့ ခေတ်ပြိင်ကဗျာတွေကတော့ Experimental, Hybrid, Collage, Language, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flart, Digital, Performance, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Contemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုတာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူတကွဖြတ်သန်းနေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကား သုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန်ကတော့  Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှု အနေအထားပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် တစ်ယောက်တည်းအနေနဲ့ ပြောရရင်တော့ ပင်မ ရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်းဆန်နိုင်ပေမယ့် အချိန် ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာတွေကို တွေ့လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
           ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံနည်းစနစ်တွေကို အများစု ဆန့်ကျင်လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာ ထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလိုရင်း ဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှောတင်ပြတာမျိုးအထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမိုတွေ့ရှိရပါတယ်။  ဆရာမောင်ပြည့်မင်း ရဲ့ `ယခုမှစ တစ်ဝက်ဆီ´ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ ဘယ်နေရာ ဘယ်ရှုထောင့်ကနေ ပါဝင်ပတ်သတ်နေတယ်ဆိုတာကအစ စဉ်းစားစရာပါပဲ။ ဒါ့အပြင် ကွင်းစကွင်းပိတ်ထဲက (ခင်ဗျား) ဆိုတဲ့သူဟာ ကဗျာ ဖတ်သူလား။ အခြားတစ်စုံတစ်ယောက်လား။

ယခုမှစ တစ်ဝက်စီ

ခင်ဗျားဗျာ ကျွန်တော့်နေရာက စဉ်းစားကြည့်ပါ
ပျော်ရွှင်နေဆဲ ဆဲဆိုခံလိုက်ရသလို
အစ်ကို ညီလေးနေရာက ခံစားကြည့်ပါအစ်ကိုရာ
မဖြစ်နိုင်တဲ့ ဘ၀နှစ်ခု သူမ ဘာလို့ ပေါင်းစပ်ချင်ရတာလဲ
(ဒီနေရာမှာ ခင်ဗျားဝင်ရပြီ)
ပြန်လည်ချေပခြင်းကြားကြီးနဲ့ ရေကိုယူ
အိုးကို မတုနဲ့ မောင်တို့ရာ
ဖြစ်တတ်တာတွေလည်း ဖြစ်ကို ဖြစ်တတ်လွန်း
မဖြစ်နိုင်တာတွေကလည်း ဖြစ်ကို ဖြစ်မလာနိုင်ပါ
( ခင်ဗျား ၀င်ပါရပြန်ပါပြီ)
ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား ဆိုတဲ့အသံ
ဘယ်သူတုန့်ပြန်ခဲ့ဖူးပါသလဲ
ကိုယ်က ပစ်သာ ချလိုက်စမ်းပါဗျာ၊ ပစ်သာ ချလိုက်စမ်းပါဗျာ
အဲဒီလို တုန့်ပြန်ဖူးပါရဲ့၊ ရွှေထုပ်ကြီးလိုချင်လို့ပါ
(ခင်ဗျား ၀င်ပတ်သက်ရဦးတော့မယ်)
သစ်ခုတ်သမားဟာ ဘ၀တစ်သက်တာ ဗီလိန်ပါ
လမ်းဘားဂျက်ဟာ လူကြမ်းသရုပ်ဆောင်ပါ
သားကို ဆိုင်ကယ်ကယ်ရီမလုပ်စေချင်ဘူး
သမီးကို အဲဒီဆိုင်မှာ သီချင်းမဆိုစေချင်ဘူး
ခဏလေးပါ ခဏလေးပါ
နေပွင့်လာရင် ပျော်စရာပါ
ခဏလေးစောင့်ပါ ၀င်သူများအားလုံးပျော်ရမှာ။

                                        မောင်ပြည့်မင်း

           ထပ်ပြောရရင် ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာတာ ကိုလည်း တွေ့ရှိ ရပါတယ်။ အများစု သုံးနှုန်းကြတာတော့ Language, Concept, Collage စတာတွေကို အများဆုံး ရောစပ်အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Experimental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင်ကဗျာ ရေးသူ အများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ်ဆိုတာကို မကြာခဏ ပြောပါတယ်။ လက်တွေ့ဖန်တီးပြပါတယ်။ ကဗျာဆရာ လင်းရမ္မာ ရဲ့` ကားသင်္ဘော´ ဆိုတဲ့ ကဗျာထဲမှာဆိုရင် ကဗျာဆရာ ဟာ Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကနေ ရရှိလာတဲ့ သတင်းအချက်အလက်တစ်ခုနဲ့ ကဗျာကို အစပြု တည် ဆောက်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကရရှိတဲ့ သတင်းဆိုတာ ယုံကြည်လို့ ရနိုင်မလား။ သေချာရဲ့လား။ နောက်တစ်ခုက ဝေလကား တဲ့။ ကျွန်တော်တို့ပုံမှန်ကြားဖူးနေကျစကားလုံးက ရေကျချိန် ကုန်းပေါ်မှာ တင်ကျန်နေရစ်ခဲ့တဲ့ ဝေလငါး။ အခု ကဗျာဆရာ သုံးထားတာက ဝေလကား ဆိုတော့ Wales ပြည်နယ်က တင်ပို့လာတဲ့ကားများ ဖြစ်နေမလားပေါ့။ ဘာသာစကားတည်ဆောက်မှုအရ မှန်ကန်သလိုရှိနေတဲ့အပြင် ဖြစ်နိုင် ချေအမျိုးမျိုးနဲ့ ကဗျာဆရာဟာ ကဗျာဖတ်သူကို ပထမဆုံးစာကြောင်းမှာတင် အလုပ်လုပ်စေပါတော့တယ်။ နောက် ထပ်တွေ့ရမှာက ခေတ်ပြိုင်လူမှုအဖွဲ့အစည်းအတွင်းက ပြဿနာတွေ၊ ထိတ်လန့်အံ့သြစရာတွေကို အဆက်အစပ်မဲ့ ချိတ်တွဲ ယှက်ဖောက်ထားတဲ့ စကားတွေပါပဲ။ ကျွန်တော်တို့ နေ့စဉ်ကြားနေ မြင်နေရတဲ့ စာသားတွေ စကားလုံးတွေကိုပဲ ကဗျာ ဆရာက ဆက်စပ်တည်ဆောက်ပြီး ကဗျာတစ်ပုဒ်ပြုလုပ်သွားခြင်းပါပဲ။

ကားသင်္ဘော

ဆိပ်ကမ်းမှာ သောင်တင်နေတဲ့ ဝေလကားတွေကို ယမန်နေ့ နံနက် ၉း၂၈ က အပြီးသတ် ပင်လယ်ဆီ ပြန်ပို့
Source: Facebook.com

အာခေါင်ခြစ်ပြီး ဒိုးနတ်ပေါ် ဖြူးပေးလိုက်တယ်
ရလာတဲ့ လိုအပ်ချက် အသေးစားတွေဟာ ခြေမှာ တွဲနေတဲ့ အကြီးစားဗုံးသီး
ထူးဆန်းအံ့ဖွယ် ၀က်ဘ်သတင်းတွေဟာ Google Reader ပေါ်ဆက်တိုက် ခုန်တက်နေဆဲ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
တစ်မိနစ်စာ မျက်စိမှိတ်လို့ အားပြန်ယူတိုင်း
သေဆုံးသွားတဲ့ ဆဲ ကုဋေကုဋာ
လက်မည်းကြီးဟာ ကြောက်စရာပါ
အိမ်သာတက်လည်း ငါပဲ
ရွှံ့တွေကိုင်လည်း ငါပဲ
ထမင်းစားတော့လည်း ငါပဲ
အမယ်လေး လက်မည်းကြီး လက်မည်းကြီး
မည်းနက်ပြောင်မှောင် မဟူရာ ပိတုန်းရောင် ကေသာထနေတဲ့ သူ့ဆံသားလေးတွေ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
ဇာတ်လမ်းသွား ဂိမ်းထဲက အတွဲလိုက်ထွက်လာတဲ့ ကျည်ဆံတွေ
ကိုသြဒိနိတ်ပွိုင့်တွေ အသေအချာချိန်ပြီး ခေါင်းနဲ့ပစ်တိုက်လိုက်
ခြေနဲ့ ကန်ကျောက်လိုက်
ဆိပ်ကမ်းမှာတင် သောင် နေသေးတဲ့ ဝေလကားတွေ
အ၀လွန်လာတဲ့ ကမ္ဘာကြီးမှာ သေစရာ သေရာတွေ အများကြီး
ဒီနေ့ မင်းကို ငါ သတ်ရလိမ့်မယ်
ကျော်ပစ်လည်း အလွတ်ရနေတဲ့ ဇာတ်လမ်း။

                                                            လင်းရမ္မာ

           နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုးရှိရှိ အသုံးပြုပြီး ကဗျာ ဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အနက်အဓိပ္ပာယ်ကို စုပ်ယူလိုရင်းကနေ ကဗျာ ဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံးဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေနောက်ကိုလိုက်ရင်း ကဗျာရဲ့ အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုး တွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်း လည်း ဖြစ်တယ် လို့ ထင်မိပါတယ်။ နောက်ထပ်မြင်မိတာက ခေတ်ပြိုင်ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation)  နဲ့  တွဲစပ်ချိတ်ယူခြင်း (Juxtaposition) တွေ ပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ်ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြားခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီ ကို အရောက် ပို့ချင်တာမျိုးကို တွေ့ရပါတယ်။

နစ်မြှပ်ခြင်း

အရင်ဦးဆုံး ရေပူစီဖောင်းလေးတွေ မျက်စိထဲမြင်ယောင်မိတယ်
နောက် the Piano စန္ဒယားကြီးနဲ့ အတူ ဖောက်ပြန်တဲ့ မယားဖြစ်သူကို ရေထဲ နစ်မြှပ်စေတဲ့ ပြကွက်
သံတန်ချိန်ပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ Titanic
သင်္ဘောကြီး  တအိအိရေထဲ နစ်သွားပုံ မြင်ကွင်းတွေဟာ သရုပ်ပေါ်လွန်းပြီး
မမြင်ရတဲ့ အဖြစ်အပျက်တွေရဲ့ နစ်မြှပ်ခြင်းခေါင်းစဉ်အောက် သွင်းယူနိုင်ဖွယ်ရာ
ကျုပ်က အ တယ်၊ န တယ်၊ ထူ တယ်၊ ထိုင်း တယ်
အဲဒီမှာ စကားပုံတွေ ကားထွက်လာတယ်
ဗူးတောင်းနစ်၍ ဇောင်းခြမ်းပေါ်တယ်တဲ့ ပတ္တမြားမှန်ရင် နွံမှာ ဘယ်နစ်မလဲ
ဝါးနဲ့သာ ကူထိုးလိုက်တော့ ရေနစ်နေသူကို အသာကလေး မယူသွားကာ
ထူးချွန်အောင်မြင်သူရဲ့ ဘ၀ဇာတ်လမ်း
ဟေ့ ဒီမှာ ရာသီဥတုအခြေအနေတွေနဲ့ စပ်လျဉ်းလာရင် ငှက်တွေကိုသာ ရွေးလိုက်ပါ
၁၀ ရက်လောက် စမ်းသုံးကြည့်ပါ နှစ်မျိုးလုံး ရှိနေတာကို နှစ်သက်ပါ
ဂျွန်ဟင်နရီဖာ့သည် ပိုးကောင်များကို ကျောက်ပန်းတောင်းနယ် ဆားတုံးရွာ ဒေါ်ဗုံတုတ် ပုရပိုက်အမှတ် ၂ အရ ကိုလှရွှေ တို့က ကျွန်တော့်ကို ခင်မင်သည်ဟု ယူဆပါတယ်ဟု ယူဆပါတယ်ဟု ယူဆပါတယ် တဖြည်းဖြည်းနစ်ဆင်းသွားလိုက်တာ ပြဿနာစုံလုံးကို သိမ်းကျုံးပြီး ဆွဲနစ်လိုက်မတတ် ရေပူပေါင်းလေးတွေ ပလုံစီလိုက်ကာ လူထုနဲ့ အတော်ကို ကင်းကွာနေတဲ့ အပြင် ခြေသလုံးအိမ်တိုင် တစ်ပူပေါ်နှစ်ပူ ဆင့်သတဲ့ သိပြီ လောကကြီးဟာ လုံးဝစိတ်ဝင်စားစရာ မကောင်းတဲ့အပြင် တော်တော်ပျင်းစရာကောင်းပေတာပဲ တဲ့

                                                                                                    ခင်အောင်အေး

           ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တစ်ထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယအမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက် တဲ့ အချက်အလက် တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာဖတ်သူ ကိုယ်တိုင် သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင် လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံး တွေ့နေရတဲ့ အလျားလိုက် စာမျက်နှာ အပြည့်စီတဲ့ ပုံသဏ္ဍာန်ကို အများဆုံးတွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ် လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင်ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ အထက်မှာ ကျွန်တော် လက်လှမ်းမီသလောက် ချပြပေးခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပြိုင်ကဗျာတွေပါပဲ။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓာတ် ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြား အလှဓါတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ ကဗျာဆရာတွေ လက်ရှိ ရေးသားနေတဲ့ ခေတ်ပြိုင် ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာတွေ အဖြစ်လည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓာတ် ကတော့ ဘာသာစကားအပေါ် လက်ခံသုံးစွဲခြင်းပါပဲ။ ဥပမာ- ဆရာ ဇေယျာလင်း၊ လူဆန်း၊ လူလန်းတို့ရဲ့ ကဗျာတွေကို ဖတ်ကြည့်ရင် ဘာသာစကားဆန်းပြားစွာ သုံးစွဲထားတာတွေ၊ ဘာသာစကား လက်တစ်လုံးခြားလုပ်တာတွေ၊ ဘာသာစကား အပေါ် မေးခွန်းထုတ်ထားတာတွေအများကြီးကို ဖတ်မိမှာပါ။ အခု ကျွန်တော် တင်ပြထားတာတွေ အားလုံးက ကျွန်တော် လေ့လာမိသလောက် ကျွန်တော်ပြန်တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက် ပိုမို ကျယ် ပြန့်နက်ရှိုင်းပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာ လမ်းကြောင်း ဟာ လွယ်ကူချောမွေ့လိမ့်မယ်လို့တော့ မထင်ပါဘူး။ အထက်က ဖော်ပြခဲ့တဲ့ ကဗျာတွေနဲ့ စာသားတွေက ကျွန်တော့်သိမှု အနည်းငယ်ရှိသလောက်နဲ့ ချဉ်းကပ်ကြည့် မိခြင်းသက်သက်ပါပဲ။  လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ခေတ်ပြိုင်ကဗျာကို ဘယ်လိုချဉ်းကပ်မလဲ။ ဘယ်လိုနားလည်မှု တည်ဆောက်မလဲ။ ဘယ်အချိန်ကာလအထိ ခေတ်ပြိုင်ကဗျာရဲ့ လွှမ်းမိုးဖမ်းစားမှုကို ခံနေရဦးမလဲဆိုတာ ဒီဘက်နှစ်များမှာ ကိုယ့်ကိုယ်ကို မေးမိတဲ့မေးခွန်းများပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မင်းနဒီခ
(၂၇၊ ၃၊ ၂၀၁၅)

ကိုးကား။
၁။ ဂန္ထ၀င်မြန်မာကဗျာ - မောင်သာနိုး
၂။ အမျိုးသမီးစာဆိုလောကနှင့် ဘ၀ကြေးမုံ - ဒေါ်မိမိလေး (ဂုဏ်ထူးဆောင်ပါမောက္ခ)
၃။ မော်ဒန်ရှင်းတမ်းနှင့်မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု - သစ္စာနီ
၎။ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာ- ဇေယျာလင်း
၅။ ပို့စ်မော်ဒန်စာပေသမိုင်း - မင်းခက်ရဲ
၆။ တော်လှန်ကဗျာစာအုပ် (၁၉၆၉)
၇။ မိုးဝေကဗျာ (၁၉၉၇)
၈။ မြန်မာစာပေသမိုင်း (ပါမောက္ခ ဦးဖေမောင်တင်)
၉။ ကိုလိုနီခေတ် မြန်မာစာပေသမိုင်း ( မောင်ခင်မင် - ဓနုဖြူ)