စိတ်ဒဏ်ရာ
သဲကြိုးပြတ်နေတဲ့
ဖိနပ်လေးနဲ့
ကောင်းကင်ကို
မော့ကြည့်နေရတာ ညောင်းပြီ
မပိုင်ဆိုင်ခဲ့သမျှ
တစ်ခုစီလွှတ်ချလိုက်ရင်
ပြည့်စုံသွားမလား
ကျောတပြင်လုံး
ဟီးထနေတဲ့ ဒဏ်ရာတွေ
တစ်ကိုယ်စာ
အတောင်အလက်က
ခေါင်းမြီးတောင်
မလုံသေးဘူး
ပခုံးပေါ်ပေါက်နေတဲ့
ပန်းကို ဘယ်လိုရေလောင်းမလဲ
ဆုတောင်းမကောင်းတဲ့
ညထဲမှာ
မိုးလင်းမှာ
အမြဲကြောက်နေရတဲ့ ငှက်တစ်ကောင်လိုနေထိုင်ရင်း
ဝတ်ထားတဲ့
အင်္ကျီဖြူဖြူလေးတောင်
အရောင်တဖြည်းဖြည်းလွင့်လို့။
မင်းနဒီခ
No comments:
Post a Comment