မီးတောက်သစ်ပင်
လမ်းမီးတိုင်တစ်တိုင်အောက်ရောက်သောအခါ
လူငယ်သည် သူ၏ ခြေထောက်ကို ငုံ့ကြည့် လိုက်သည်။ သူ၏ ခြေထောက်များသည်
ဖုန်အလိမ်းလိမ်းကပ်ညှိကာ ညစ်ပေပွလျှက်။ သူ့ခြေထောက် နဲ့ ဖိနပ်ကြားမှ
စေးထန်းထန်းကပ်ညှိနေသော အရာများကို လမ်းဘေးပလက်ဖောင်းနဲ့ ခြစ်ချ လိုက်သည်။ သူ
လမ်းလျှောက်လာသည်မှာ ခရီးမည်မျှရှိခဲ့ပြီလဲ။ ၀တ်ထားသော ဂျင်းဘောင်းဘီ တစ်ထည်၏
အောက်အနားစများသည် ကျောက်ခင်းလမ်းမများနှင့်ပွတ်တိုက်ကာ စုတ်ပြဲထွက် နေသည်။ သူသည်
ခေါင်းကိုမော့လိုက်သည်။ သူ စိတ်ဓါတ်ကျလို့မဖြစ်သေး။ သူ့နားထဲတွင်
မိန်းကလေးတစ်ယောက်၏ အသံကို ကြားနေရသည်။ ´ရှင့် မျက်နှာကို ကြည့်ရတာ မကြည်ဘူး။
ရှင်တခုခုဖြစ်နေသလိုပဲ။ ရှင် ဘာလိုချင်နေတာလဲ`။
အသံသည်
တဖြည်းဖြည်းဝေးသွားသည်။ ကတ္တရာလမ်းမပေါ် ကားတစ်စီး အရှိန်ပြင်းပြင်း ဖြတ်မောင်းသွားသည်။
အိပ်တန်းတက်နေသော ငှက်ကလေးတစ်ကောင်တစ်လေများ လန့်နိုးသွား မည်လား။ လမ်းမသည်
တိတ်ဆိတ်စွာ ငြိမ်သက်နေပြန်သည်။ ညသည် အနက်ရောင်ကို မှောင်ရိပ် ခိုကာ
တိတ်တိတ်လေးပုန်းနေသည်။ ညကို သူမမြင်ရ။ သူ့ခြေလှမ်းများကို တရွေ့ရွေ့ လှမ်းလိုက် မိသည်။
ညပေါင်းများစွာ သို့မဟုတ်
နေ့ပေါင်းများစွာမှာ သူရှာဖွေနေသည့်အရာ အမှန်တကယ် တည်ရှိပါသလား။ မေးခွန်းသည်
နောက်မှာ ကျန်နေသည်။ လူငယ်သည် လမ်းမအတိုင်း ဆက်လျှောက်လာခဲ့သည်။
`
မီးတောက်တစ်လုံးပေးပါ`
။ အသံတစ်သံ ကြားလိုက်သည်။ ထိုအသံသည် သူ့နားထဲမှ လာသောအသံမဟုတ်။ သူ့နားဆီသို့
လာသောအသံဖြစ်သည်။ တိတိကျကျပြောရလျှင် မီးရောင် မှိန်ပြပြထွန်းညှိထားသော
အရက်ဆိုင်ကလေးအတွင်းမှ အသံဖြစ်သည်။ သူ ဆိုင်ထဲဝင်သွားသည်။ ဆိုင်၏ အတွင်းထောင့်တွင်
ပုလင်းဖြူလေးမှာ တန်းစီတင်ထားသော စားပွဲတစ်လုံးရှိသည်။ ထိုစားပွဲ၏ နောက်တွင်
စွပ်ကျယ်နှင့် လူဝကြီးတစ်ယောက်ထိုင်နေသည်။ သူ့ကို မြင်သောအခါ ထိုလူဝကြီးသည်
အဆီပြန်နေသော နဖူးအား ၀တ်ထားသော ပုဆိုးနှင့် ဖြန့်သုတ်လိုက်ပြီး ` ဘာလိုချင်လဲ ကောင်လေး´
ဟု မေးသည်။ သူသည် လူဝကြီးအား တိုးသက်သော အသံဖြင့် ရို့ရို့ကျိုးကျိုးပြောလိုက်သည်။
`ကျွန်တော့်ကိုလည်း မီးတောက် ပေးပါ´ ။
လူဝကြီးသည် သူ၏ အသံကို အားစိုက်နားထောင် နေသည်။ သူ နောက်တစ်ယောက်ထပ်ပြောလိုက်သည်။ `ကျွန်တော့်ကို မီးတောက်ပေးပါ။ မီးတောက်နေတဲ့ သစ်ပင်။ မီးတောက်သစ်ပင် ပေးပါ´။
လူဝကြီးသည် သူ့အား မျက်မှောင်ကျုံ့ကာ စူးစူးစိုက်စိုက်ကြည့်နေသည်။ ရုတ်တရက်
အရက်ဆိုင်လေးထဲမှ အသံများ တိတ်ဆိတ်သွားသည်။ အိပ်မပျော်သေးသော မျက်လုံးများသည်
သူ့ခန္ဓာကိုယ်ပေါ်သို့ မြားအစင်းစင်းလို စိုက်ဝင်လာသည်။ ` တောက် ´ လူငယ်သည် တောက်တစ်ချက်ပြင်းပြင်းခေါက်ကာ အရက်ဆိုင်လေးထဲမှ
လှည့်ထွက်လိုက် သည်။ သူ့ခြေလှမ်းများသည် သူအလိုရှိရာသို့။
ဒိုင်အိုးဂျီးနီးသည်
နေ့ခင်းတွင် မီးအိမ်ထွန်းကာ အမှန်တရားကို လိုက်ရှာသည်။ ဒိုင်အိုဂျီးနီး တစ်ယောက်
အမှန်တရားကို ရှာတွေ့ခဲ့ပါသလား။ ညသည် မှောင်သည်ထက် မှောင်လာ သည်။ သူ့တွင်
မီးအိမ်တစ်လုံးမျှ မရှိ။ လွန်ခဲ့သော ရက်များက လူအများ ဖယောင်းတိုင်ထွန်းကာ သူတို့
၏ ဆန္ဒကို သူတို့ လိုက်ရှာကြသည်။ သူတို့ရော သူတို့ ဆန္ဒကို ရခဲ့ပါသလား။ နားထဲတွင်
ငှက်ဆိုး တစ်ကောင်၏ ခပ်သွဲ့သွဲ့ အော်သံကြားလိုက်သည်။ တဖြည်းဖြည်းနီးလာသည့်
ငှက်ဆိုးသည် သူ့နာမည် သူလိုက်ရှာနေပါသလား။ `
မီးတောက် မီးတောက်´ ဟု အော်ခေါ်နေသော သစ်ပင်တစ်ပင် အား တွေ့လျှင် သူ့ကိုပြောပေးပါ။
ဆာလောင်နေသော
ညသည် အမှောင်ကိုအားရပါးရ ခပ်သောက်နေသည်။ လူငယ်သည် လမ်းဘေး ရေအိုးစင်လေးရှေ့တွင်
ရပ်လိုက်သည်။ သံကြိုးဖြင့် ချည်နှောင်ထားသော သောက်ရေခွက် လေးဘေးတွင် သူ၏
ငယ်နာမည်ကို ရှာကြည့်သည်။ မတွေ့။ လူငယ်သည် ရေကိုခပ်လိုက်သည်။ သို့သော် ရေကား
ပါမလာ။ ခြောက်ကပ်နေသော ရေအိုးလေး၏ အတွင်းသားများမှ တဂျစ်ဂျစ်အသံ ထွက်လာသည်။
အိပ်တန်းတက်နေသော အိပ်မက်များ လန့်နိုးသွားမည်လား။ လူငယ်သည် ရေမပါသော ရေခွက်အား
ဖြေးညှင်းသာယာစွာ ပြန်ချလိုက်သည်။ ရေမရှိသောခွက်သည် သစ်ပင် တစ်ပင်အား မည်သို့မှ
စိမ်းစိုမလာနိုင်ကြောင်း သူကောင်းကောင်းသင်ကြားဖူးပါသည်။ ` မေမေ.. မေမေ.. မေမေ´ရေငတ်ပြေမလား အတွေးနှင့် သူအော်ခေါ်လိုက်သည်။
သို့သော် အသံကား ထွက်မလာ။ သူ့ရင်ဘတ်အတွင်းသားများမှ တဂျစ်ဂျစ်အသံတစ်ခုသာ
ထွက်လာသည်။
သူ့ခြေထောက်တွေကို
ရပ်လိုက်သည်။ ခြေထောက်တွေကို ရပ်လိုက်သော်လည်း လမ်းတွေက ဆက်သွားနေကြသည်။ ဆက်သွား။
ဆတ်သွား။ ဟုတ်တယ် ။ အသားနီနီ ယာတောခင်းတွေ။ ကလေးအမေတစ်ယောက်ရဲ့ နို့ပိန်နဲ့တူတဲ့
ဘတ်သီးတွေ။ဟုတ်တယ်။ ဆတ်သွား။ လူငယ်ဟာ ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရွတ်လိုက်သည်။
သူရပ်တန့်နေပေမယ့် သူ့ခြေထောက်တွေက ဆက်သွား သည်။ တရွေ့ရွေ့။ ရထားဝင်လာပြီ။ ဒါဟာ
ဆတ်သွားပေါ့။
ဝင်လာသော
ရထားပေါ်မှ လူများအလုအယက်ဆင်းလာကြသည်ကို မြင်သည်။ မကြာသေးမီ အချိန်က
ငိုက်မြည်းနေသော ကားသမားတစ်ယောက်သည် သူ့ဘေးနားသို့ အလျင်အမြန် ရောက်သည်။ ` အစ်ကိုလေး ဘယ်သွားမလဲ ဈေးမများစေရဘူး
အစ်ကိုသွားချင်တဲ့ နေရာပြောပါ ´ ဟုပြောသည်။ သူ လေသံကို အတတ်နိုင်ဆုံးလျော့ကာ
ခပ်တိုးတိုးလေး ဖြေလိုက်သည်။ ` မီးတောက် သစ်ပင်။ မီးတောက်သစ်ပင် ရှိတဲ့ နေရာ
ကျွန်တော့်ကို ပို့ပေးပါ´။ ကားသမားသည် သူပြောသည်ကို နားမလည်။ ` အစ်ကိုလေး ပြောတဲ့ မီးတောက်သစ်ပင်က ဘယ်နားမှာလဲ ဘယ်ကိုပို့ပေးရမလဲ´။
လူငယ်သည် ခေါင်းငိုက်စိုက်ကျသွားသည်။ သူ ခပ်တိုးတိုးလေး ပြန်ဖြေသည်။ ` ကျွန်တော်လည်း မသိဘူးဗျ။ ဒါပေမဲ့
ကျွန်တော်သိတယ်။ မီးတောက်သစ်ပင်လေ´။ ကားဆရာသည် သူ့ဘေးမှ
ချက်ချင်းလှည့်ထွက်သွားသည်။ ဘူတာရုံလေးထဲရှိ ခရီးသည်များ တစ်စထက်တစ်စ ပါးလျား ပျောက်ကွယ်သွားသည်။
ဘူတာရုံလေးသည် ရထားမ၀င်မီကကဲ့သို့ ပြန်လည်တိတ်ဆိတ် ငြိမ်သက် လျှက်။ ခရီးသည် မရသော
ကားသမားသည် ကားရှေ့ခန်းတွင် ငိုက်မြည်းလျှက်။
ဆက်လက်ထွက်ခွာ
သွားသော ရထားဥသြသံကို သဲ့သဲ့ ကြားလိုက်သည်။ ဆက်လက် ထွက်ခွာလာသော သူ၏ ခြေသံကိုကား
မကြားရ။ ညသည် သန်းခေါင်နှင့် အရုဏ်အကြားတွင် ဗျာများလျက်။ ဒွိဟဖြစ်သော လမ်းဆုံတွင်
သူရပ်နေသည်။ ဘယ်လမ်းကို သူသွားရမည်လဲ။ သူခြေထောက်တွင် လမ်းညွှန်မြေပုံမပါ။
ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ရှိတယ် ဆိုတဲ့ ကောင်မလေး အိပ်ပျော်နေပါပြီလား။
အိပ်မက်လှလှမက်ပါစေ။ ထိုသို့ ဆုတောင်းပေးနေသော်လည်း သူ့တွင် အိပ်မက်လမ်းညွှန်မရှိ။
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဓူဝံကြယ်လည်း အိပ်ပျော် နေပြီ ဖြစ်သည်။
တဖြည်းဖြည်းဝေးသွားသော လရောင်မှာ အိပ်မက်သည် တောင်ပံ တဖျတ်ဖျတ် ခတ်ကာ ပျံသန်းဖို့
အားယူလိုက်သည်။ နေရောင်ခြည်။ အရုဏ်ဦး နေရောင်ခြည်။ နေ့သစ်၏ အရုဏ်ဦးနေရောင်ခြည်သည်
သူ့အား မီးတောက်သစ်ပင်ကို ရှာဖွေတွေ့ရှိပေးနိုင်ပါစေသား။
သူ့မျက်လုံးများကို
ပိတ်လိုက်သည်။ မီးတောက်သစ်ပင်သည် အလျှံညီးညီးတောက်လောင် နေသော
မီးတောက်လက်တံများဖြင့် သူ့အား ပွေ့ဖက်လိုက်သည်။ သူရုန်းထွက်သည်။ အင်အားချင်း မမျှ။
မီးတောက်သစ်ပင်၏ အောက်တွင် မိန်းကလေးတစ်ယောက် ရယ်မောနေသည်။ သူမနှုတ်ခမ်း မှလည်း စကားသံတစ်ချို့
ဝေးသွားလိုက် နီးသွားလိုက်။ `ရှင့် မျက်နှာကို ကြည့်ရတာ မကြည်ဘူး။
ရှင်တခုခုဖြစ်နေသလိုပဲ။ ရှင် ဘာလိုချင်နေတာလဲ ။ ရှင် ဘာလိုချင်တာလဲ´။ သူ
တစ်ကိုယ်လုံး လောင်ကျွမ်းနေသလို ပူခြစ်တောက်နေသည်။ သူ အရှုံးပေးလိုက်ရတော့မလား။
မဟုတ်ဘူး ။ မဟုတ်ဘူး။ သူ ဘယ်တော့မှ မရှုံးမပေးဘူး။ သူ့မှာ ရှိသမျှ
နောက်ဆုံးလက်ကျန်ခွန်အားနဲ့ သူရုန်းထွက်လိုက်တယ်။ ` အားးး.....´။
` ထ ထ သားလေး
ထတော့ ကြီးကြီးတို့ ဆိုင်ဖွင့်တော့မယ်နော်´။ နူးညံ့ညင်သာသော
စကားသံတစ်ခုပေမယ့် သူ့လန့်နိုးသွားသည်။ သို့သော် သူမနိုး။ သူအရမ်းပင်ပန်းနေပြီ။
သူရှေ့တွင် ပန်းစီးတွေ အပြည့်တင်လာသော စက်ဘီးများ။ သူ ပန်းဆိုင်တစ်ခုပေါ်တွင်
အိပ်ပျော်သွားခြင်း ဖြစ်သည်။ ပန်းရနံ့တွေ သင်းထုံနေသည့် ပန်းဆိုင်တန်းတွင်
ပန်းတို့၏ ရနံ့ကို သူမရ။ သူ့ကိုယ်သူ ပြန်ရအောင် ပန်းတို့၏ ရနံ့ကို သ ပေးပါ။ သူ
ဖြေးညှင်းစွာ ထလိုက်သည်။ သူ မထနိုင်။ သူသည် ပန်းတွေ စီခင်းနေသော
အဒေါ်ကြီးတစ်ဦးအနီးသို့ သွားကာ လေသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ ` ကြီးကြီး ဒါ မီးတောက်သစ်ပင်က ပွင့်တဲ့
ပန်းတွေလားဟင်။ မီးတောက်သစ်ပင်က ဘယ်မှာလဲ" ။ သူမေးသည်ကို အဒေါ်ကြီးက
မကြား။ ` ဒါ ဂန္ဓမာပန်းတွေ လေ သား။
သားပြောတဲ့ အပင် ကြီးကြီးတို့လည်း မကြားဖူးဘူး´။ ပြန်ဖြေတဲ့ အဒေါ်ကြီးက သူ့ကို
ပြုံးပြီး ကြည့်နေသည်။ ထို့နောက် သူ့မြင်ကွင်းထဲမှ ပျောက်သွားသည်။ သူ နောက်ကို
ခြေတလှမ်းဆုတ်လိုက်တယ်။ ` မဖြစ်နိုင်ဘူး။
အဲဒါ ကြီးကြီး ညာပြောနေတာ´ ။မီးတောက်သစ်ပင် ရှိကို ရှိသည်။ သူ စိတ်ထဲမှာ
ထိတ်လန့်သွားသည်။ အောက်ခြေလူတန်းစားများမှာ ရိုးသားမှုတွေ မရှိကြတော့ဘူးလား။
သူတွေးသည်။ သူရှိသည်။ သို့သော် မီးတောက်သစ်ပင်မရှိ။ ရိုးသားမှုတွေ မရှိ။
မီးတောက်သစ်ပင်ရှိသည်။ သူရှိသည်။ သူတွေးသည်။ သူ။ တွေး။ ရှိ။ မီး။ တောက်။ သစ်။ ပင်။
လူသံများပိုမိုဆူညံလာသည်။ ရှုပ်ထွေးလာသည်။ မကြာမီ နာရေးကူညီမှုကားတစ်စီး
ပန်းဆိုင်တန်းအတွင်းမှ လူတစ်ယောက်အား သယ်ဆောင်သွားချိန်တွင် သူသည်
ပန်းဆိုင်တန်းအတွင်းမှ တိတ်တိတ်ဆိတ်ဆိတ်ပြန်လည် ထွက်ခွာခဲ့တော့သည်။
အတွေးများသည်
စိတ်ကူးကို ဖြစ်စေသည်။ စိတ်ကူးသည် ကမ္ဘာကြီးတစ်ခုလုံးကို လက်တစ်ဖျစ်အတွင်းမှာ
ပတ်နိုင်သည်။ စကြ၀ဠာကြီးတစ်ခုလုံးကို စိတ်ကူးဖြင့် ချုံ့ပစ်လိုက်နိုင်သည်။
အင်္ဂါဂြိုဟ်ပေါ်တွင် ခုရေတွင်းတူး ခုရေသန့်ထုတ်နိုင်သည်။ သို့သော် ယခုသူ့အာခေါင်တွေ
ခြောက်ကပ်နေသည်။ နေလောင်ထားသော အသားအရေများသည် မီးတောက်သစ်ပင်၏ ပွေ့ဖက်မှုကို
ခံထားရသလို ညိုမဲပြာနှမ်းနေသည်။ ကောင်းကင်ကိုမော့ကြည့်လိုက်သည့်အခါ နေအစင်းစင်း
လင်းနေသည်။ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။ ဘုရားကျောင်းဝင်းတစ်ခုအတွင်းမှ ကြေးစည်သံ
အမျှဝေသံကြားနေရသည်။ နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။
ကြောင့်ကြခပ်သိမ်းငြိမ်းချမ်းကြပါစေ။ သူအရမ်း ပင်ပန်းနေတာ သူ့ကိုယ်သူ သိသည်။
သူအရှုံးပေးလက်လျော့လိုက်ရတော့မည်လား။ သူ အရမ်းနားချင်နေပြီဖြစ်သည်။ သူ
တစ်စုံတစ်ယောက်ကို တစ်ခုခုပြောချင်နေသည်။ သူပြောချင်သော စကားတစ်ခွန်းမှာ
အောက်ပါအတိုင်းဖြစ်သည်။
`မီးတောက်သစ်ပင်ကို
တွေ့ရင်ပြောပါ´
မင်းနဒီခ
New Style, March. 2013
No comments:
Post a Comment