စိတ်ဖြေတေး
ဦးထုပ်ကို
နောက်ပြန်ဆောင်းထားတယ်
ကိုယ့်စိတ်ကိုယ်
ဖြေဖို့ ဘယ်သီချင်းကို ဆိုရမလဲ
အင်္ကျီက
ခပ်ပွပွ ဘောင်းဘီက ဂွကျကျ
ခေတ်က
မော်တော်ကားကို သဲကြိုးတပ်ပြီး စီးနေတဲ့ ခေတ်
ငါ
ကျောက်ချထားတဲ့ မှတ်တိုင်က
လူကြီးမင်းခေါ်ဆိုသော
ဆက်သွယ်မှုဧရိယာပြင်ပမှာ
ဆာလောင်မှုဟာ
အဆက်မပြတ်လောင်နေတဲ့ မီး
လိုအပ်တာထက်ပိုပြီး
ဖြန့်ကားထားချင်တဲ့ လက်တွေ
အတ္တရဲ့
အတိုင်းအရှည်ကို ငါမသိ
လောဘကို
ငြိမ်းသတ်ဖို့ရာ ငါ့မှာ တရားမရှိ
ခမ်းနားချင်ခဲ့
ခမ်းနားချင်ခဲ့
ကြက်တူရွေးတစ်ကောင်ရဲ့
မှတ်သိစိတ်မျိုးနဲ့ ငါအော်တယ်
သေချင်လောက်အောင်ပူတဲ့
မန္တလေးလမ်းမှာ
မန္တလေးလမ်းဟာ
သေအံ့မူးမူးအပူသည်တစ်ယောက်လိုမျိုး
သူ့ကိုယ်သူ
ကျွမ်းမြိုက်တောက်လောင်လို့
အဲဒီလို
တစ်စုံတစ်ယောက်ရဲ့
ဖြားယောင်းသွေးဆောင်မှုကိုမှ
စောင့်မျှော်ထိတ်လန့်နေရတဲ့
မျက်လုံးနဲ့
လူငယ်တစ်ယောက်ရဲ့
ကိုယ်ရေးရာဇ၀င်ဟာ
ဘယ်တော့မှ
အမှားမကင်းနိုင်ဘူး
လူမမာတစ်ယောက်လို
ပြုံးရင်း
ငါ
ဦးထုပ်ကို နောက်ပြန်ဆောင်းထားတယ်
ဒီကဗျာကို
ရူးသွပ်မှုနဲ့ တန်ဆာဆင်ထားတယ်။
မင်းနဒီခ
No comments:
Post a Comment