ငြိမ်သက်
တစ်မိနစ်
နားထဲ
မကြားချင်လဲ ကြားနေရ
မမြင်ချင်လဲ
တွေ့နေရ
ဟေ့လူ
ခင်ဗျားပြတဲ့ ဓါတ်ပုံက အင်စတော်လေးရှင်းလား ပါဖောင့်မန့်လား
ငါးလသမီးလေးကတော့
တီဗွီက ဘာဖွင့်ဖွင့် တစ်ခစ်ခစ်နဲ့ ရယ်နေတော့တာပဲ
ငါလဲ
ဘာတတ်နိုင်မလဲ
အားလုံး
တစ်မိနစ်ငြိမ်ဆိုလို့သာ ငြိမ်ပေးလိုက်ရ
အဆောက်အဦအပျက်အစီးတွေကြားက
မိန်းမလှလေးတစ်ယောက်ရဲ့ ငိုသံ
စောင်နဲ့
အထပ်ထပ်ရစ်ပတ်ပွေ့ချီလာတဲ့ ချစ်စဖွယ်ကလေးတစ်ယောက်ရဲ့ ညည်းတွားသံ
မြေပေါ်မှာ
စင်းစင်းကြီးလဲကျနေတဲ့ မိုးပျံတံတားကြီးတစ်စင်း
မကစားချင်တော့လို့
မြောင်းထဲစွန့်ပစ်လိုက်သလို
လေယာဉ်ပျံတွေ
တိုက်တွေ ကားတွေ လူရုပ်ကလေးတွေ
ကယ်ကြပါလို့တောင်
အသံမထွက်နိုင်တော့တဲ့
ကယ်ဆယ်ရေးစခန်းထဲက
အားကိုးရာမဲ့ မျက်ဝန်းများ
ငြိမ်သက်နေဆဲ
တစ်မိနစ်ထဲ ဆုတောင်းခြင်းကလွဲလို့
ငါလဲ
ဘာတတ်နိုင်မလဲ
လက်နှစ်ဖက်
ခြေထောက်နှစ်ဖက် ခေါင်းတစ်လုံးနဲ့ နှလုံးသားတစ်ခု
ဘာပြောပြောထောင်နေတတ်တဲ့
နားတွေ ပိတ်လိုက်
လက်နှစ်ဖက်ကို
ပိုက်ထားလိုက်တယ်
ခြေထောက်နှစ်ဖက်ကတော့
ဘယ်လျှောက်ရမှန်းမသိလို့ တောင့်တောင့်ကြီးရပ်
ခေါင်းတစ်လုံးထဲမှာလဲ
သားရေး သမီးရေး စားဝတ်နေရေး နိုင်ငံရေးနဲ့ ကဗျာ့အရေး
ဘာရေးရေးအရာမထင်လို့
ကဗျာလဲ လူရာမဝင်သာကြာပြီ
ကဲအခု
တယောပဲ ထိုးရမလား ရဟတ်ယာဉ်ကြီးပဲ စီးသွားရမလား
ကမ္ဘာက
ပြားရုံမက တွန့်ခေါက်ကြေမွလို့
ဆူဗာနိုဗာ
ဆူနာမီ နျူးကလီးယားနဲ့ သဘာဝအန္တာရာယ်တွေကြားမှာ
ခင်ဗျားလဲ
ကြားတဲ့ အတိုင်း
မကစားချင်လဲ
ကစား မနားချင်လဲ နား။ ။
မင်းနဒီခ
No comments:
Post a Comment