အပြာရောင်
ပိတောက်နိဒါန်း
သင်္ကြန်ကျပြီ။
အပြာရောင်ပိတောက်ပန်းကလေးများသည် သစ်ပင်ထိပ်ဖျားတွင် တွဲလဲခိုငိုက်မြည်းနေကြသည်။
ဒီနေ့မိုးမရွာ။ မနက်ဖြန် မိုးရွာမည်လား မသိတတ်။ ပွင့်ရန် အားယူနေသော
ပိတောက်ဖူးလေးများထဲတွင် မထိုးရသေးသော သံချပ်တစ်ပုဒ် အိပ်ပျော်နေသည်။
တော်ရိလျော်ရိတော့မဟုတ်ပါ။ အဝေးဆီမှ လွင့်ပျံ့လာသော သင်္ကြန်သီချင်း တစ်ပုဒ် သည်
မန်းတောင်ရိပ်ခိုလား မြနန္ဒာလား မကွဲပြား။ ကျွန်တော့်မိတ်ဆွေကာတွန်းဆရာကတော့ `
သင်္ကြန်လေရူး တူးပို့ တူးပို့´ ဟု အော်ဆိုနေသည်။ ကျေးဇူးပြုပြီး ရေမစိုသော
သင်္ကြန်ရက်များရှိလျှင် ရောင်းပါ။ တရားသံသည် ဆိတ်ငြိမ်သော အရပ်၌ တင့်တယ်စွာ
တည်ရှိနေသည်။
` အရက်သမားသား အရက်သောက်တာ
မဆန်းပါဘူး။ အနုပညာသမားသား အနုပညာမလုပ်ရတာ
ဆန်းတယ် အဖေ´ ဟူသော စကားအဆုံးတွင် ကလေးငယ်သည် သူ့လက်ထဲမှ
ပစ်တိုင်းထောင်စုဗူးအိုးလေးကို ရိုက်ခွဲချလိုက်သည်။ `ခွမ်း´ ။
စုဗူးလေးကျကွဲသွားသော အသံသည် တကယ်တော့ ` ခွမ်း´ ဟု မမည်။ `ဂွက်´ ကနဲမည်သွားသည်။ စုဗူးလေး မည်သံသည် မည်သည့်အသံဖြစ်စေ ကိစ္စမရှိပါ။
အရေးကြီးတာက စုဗူးလေးကွဲဖို့ အဓိကဖြစ်သည်။ စုဗူးကွဲ အိုးခြမ်းပဲ့ ကလေးများကြားတွင် ရွှံ့ပေကျံနေသော ပိုက်ဆံအကြွေစေ့လေးများနှင့်
အနီနှင့် အစိမ်း တစ်ကျပ်တန်အဟောင်း အနွမ်းလိပ်ကလေးများ။ အားလုံးပေါင်း တစ်ဆယ့်
ငါးကျပ်တိတိ။ ထိုကလေးငယ်သည် ကျွန်တော်လည်း ဖြစ်နိုင်သည်။ ခင်ဗျားလည်း
ဖြစ်နိုင်သည်။ ၀န်မခံလိုလျှင်လည်း နေပါစေတော့။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က
ပိတောက်ပင်ပေါက်လေး သည် ယခုအခါ အပျိုဖားဖားဖြစ်ကာ အိမ်ရှေ့တွင်
ဟန်ရေးတပြပြလုပ်နေသည်။
လမ်းမပေါ်တွင် အမိုးဖွင့်
အသားတန်းများရိုက်ပြီး ပြင်ဆင်ထားသော ဂျစ်ကားများ တ၀ီဝီသွားလာနေကြသည်။
ကားနောက်ပိုင်းတွင် ကြော်ငြာဘုတ်တပ်ဆင်ထားသော ဂျစ်ကားတစ်စီးသည် ၀ပ်ရှော့တစ်ခုတွင်
ယာယီဘောနက်အဟောင်းတစ်ခုကို တပ်ဆင်နေသည်။ စည်းချက်ကျကျထွက်ပေါ်လာသော
ကားရှေ့ဘောနက်ကို သစ်သားချောင်းဖြင့် ထုရိုက်သံသည် မြူးမြူးကြွကြွ သင်္ကြန်ဒိုးသံ
တစ်ခုလိုပင်။ စိတ်လှုပ်ရှားစရာကောင်းလှသည်။ ရပ်ကွက်ဓမ္မာရုံမှ တရားနာသီလယူရန် အချက်ပေးမောင်းကို
တီးလိုက်သည့်အခါ အဘွားအိုတစ်ယောက်သည်
ယောကီတစ်ဘက်ကို ပခုံးပေါ် အမြန်ပစ်တင်၍ အိမ်ထဲမှ ထွက်လာသည်။ ဆံပင်ကို
နီကြောင်ကြားဆေးဆိုးကာ ဂျယ်လ်များဖြင့် မတ်နေအောင် ထောင်ထားသော လူငယ်တစ်သိုက်သည်
ရေပက်ခံထွက်ရန် ကားတစ်စီးငှားရမ်းနေသည့်အချိန်တွင် အထက်တန်းကျောင်းဝန်းတစ်ခုထဲ၌
ပိုက်ဆံတတ်နိုင်သော ကျောင်းသူတစ်ချို့ အကတိုက်နေကြသည်။ သက်ကြီးရွယ်အိုများကို
ခေါင်းလျှော်ကုသိုလ်ယူနေသော အခမ်းအနားတစ်ခုမှ ` ရေပြွတ်ဝယ်ပေး´ ` ရေပြွတ်ဝယ်ပေး´ ဟုသော
ငိုကြွေးပူဆာသံကို အဘိုးအိုတစ်ယောက်ထံမှ ကြားလိုက်ရသည်။ မထူးဆန်းဘူးဟု ထင်ပါသည်။
ရပ်ကွက်လမ်းမထိပ်တွင်
ဈေးကွက်စီးပွားရေးကျွမ်းကျင်သော ဒေါ်ကျင်မိက ခါတော်မှီသင်္ကြန်ပစ္စည်းအရောင်းဆိုင်လေး
ဖွင့်လိုက်သည်။ ကလေးငယ်တစ်ယောက်သည် ထိုဈေးဆိုင်ရှေ့တွင် အချိန်အတော်ကြာရပ်တန့်ငေးမော
နေလေသည်။ အသေအချာပြန်တွေးကြည့်ရင် ထိုကလေးငယ်သည် ခင်ဗျားလည်း ဖြစ်နိုင်သည်ဟု
ကျွန်တော် နောက်တစ်ကြိမ်မပြောလိုတော့။ သူ အချိန်အတော်ကြာငေးမောနေသာ အရာမှာ
အစိမ်းရောင် လက်ကိုင်စွပ်တပ်ထားသော စတီးရေပြွတ်လေးတစ်ချောင်းသာ ဖြစ်သည်။ ဆိုင်ရှင်
ဒေါ်ကျင်မိက ` ဟေ့ကောင်လေး ဘာငေးနေတာလဲ သွား သွား ´ ဟု မောင်းထုတ်လိုက်သည့်အခါ
ကလေးငယ်က သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော အကြွေစေ့လေးများနှင့်
ကျပ်တန်အဟောင်းနွမ်းလေးများကို လှမ်းပေးလိုက်သည်။ ပိုက်ဆံကို
အသေအချာရေတွက်ပြီးသည့် ဒေါ်ကျင်မိက အပြာရောင်ရေပုံးငယ်လေးကို ကလေးအား
လှမ်းပေးလိုက်သည်။ ထို့ပြင် ပါးစပ်ကလည်း ` နင့်ပိုက်ဆံနဲ့ ဒီရေပုံးလေးပဲ ရမယ်´
ဟုလည်း ပြောလိုက်သေးသည်။ ထို အပြာရောင်ရေပုံးလေး၏ တန်ဖိုးမှာ
ဆယ့်လေးကျပ်ဖြစ်ကြောင်း ထိုကလေးမသိ။ ဒေါ်ကျင်မိသာ သိသည်။ ကလေးငယ်သည် အပြာရောင်ရေပုံးလေးအား ခေါင်းတွင်
ဆောင်းကာ ခုန်ပေါက်ပြေးလွှားပြန်သွားသည်။
ဆွမ်းအုပ်နီနီအမေမရွက်တော့ပါ။ အမေသည်
သုံးဆင့်စတီးလ်ချိုင့်ကို ကိုင်၍ ဘုန်းတော်ကြီးကျောင်းသို့ ဥပုဒ်စောင့်ရန်
ထွက်သွားသည်။ အဖေ့မျက်လုံးများသည် သင်္ကြန်ရေ၏ အထိအတွေ့တွင် ရဲရဲနီနေသည်။ သို့သော် အဖေသည် ကဲကွာ ဟု အော်ကာ သူ့ရှေ့မှ
အရက်ပုလင်းအား ရိုက်ခွဲပစ်ရန် ဆန္ဒရှိပုံမရပေ။
ဘာပဲဖြစ်ဖြစ် ကလေးငယ်သည် ရေကစားရန်
အိမ်ရှေ့လမ်းမပေါ်သို့ ထွက်ခဲ့သည်။ အိမ်ရှေ့ကွက်လပ်ကလေးတွင် မစိုက်ပျိုးရသေးသော ပိတောက်ပင်တစ်ပင်ရှိသည်။
ထိုပိတောက်ပင်မှ ပွင့်သော ပိတောက်ပန်းလေးများသည် အ၀ါရောင်မဟုတ်ဘဲ
အပြာရောင်ပိတောက်ပန်းများဖြစ်သည်ဟု တစ်စုံတစ်ယောက်မှ သင့်အားပြောလျှင်
သင်လက်ခံယုံကြည်ပါမည်လော။ ရဲရဲသာ
ယုံကြည်လိုက်ပါ မိတ်ဆွေ။ ရေနီမြောင်းရေသည် အနီရောင်အဖြစ် အရှေ့မှ အနောက်သို့
ရစ်ခွေ စီးဆင်းလျှက်ရှိသည်မှာ ကြာပြီဖြစ်သည်။
` သင်္ကြန်ကား တွေ လာ ပြီ ဟေ့ ´ ဟု
အော်သံကြားရသည့်အခါ ကလေးငယ်သည် အပြာရောင်ရေပုံးလေးထဲသို့ ရေ အပြည့်ဖြည့်ကာ
အသင့်စောင့်စားနေသည်။ သင်္ကြန်ကားများ အနီးရောက်လာချိန်
တကယ်တမ်းရေလှမ်းပက်လိုက်သည့်အခါ ရေသည်
ကားပေါ်သို့ မရောက်။ ကားပေါ်မှ
ကောင်မလေးတစ်ချို့၏ ` ငါ့မောင်လေးက ပိစိကွေး သေးသေးလေး ဟေ့ သေးသေးလေး´ ဟု
နောက်ပြောင်ကျီစယ်သွားကြသည်။ ကလေးငယ်သည် ထိုကောင်မလေးများ၏
နောက်ပြောင်ကျီစယ်မှုအဓိပ္ပာယ်ကို နားမလည်။ သူနားလည်သည်မှာ နောက်တစ်ခါ
သင်္ကြန်ကားတွေလာလျှင် လမ်းမပေါ်အထိ တက်ပက်ရန်သာ ဖြစ်သည်။
ဘယ်အချိန်ကတည်းက
ချောင်းမြောင်းနေသည်မသိသော အသားဖြူစပ်စပ်ဖတ်တီးကောင်လေးသည်
အပြာရောင်ရေပုံးလေးကိုင်ထားသော ကလေးငယ်အား နောက်မှနေ၍ စတီးရေပြွတ်နှင့်
အသားကုန်ပက်ပြီးထွက်ပြေးသွားသည်။ ကလေးငယ်သည် စပ်ဖျင်းဖျင်းဖြစ်သွားသော သူ၏
နောက်ကျောကို လက်ဖြင့်ပွက်ရင် မကျေမချမ်းရေရွတ်လိုက်သည်။ ထိုရေရွတ်သံသည်
နောက်တစ်ခါ စတီးလ်ရေပြွတ်ဖြင့် လာပက်လျှင် ထိုဖက်တီးကောင်လေးကို
အိုးမဲပြန်သုတ်မည်ဟု ကျိန်းဝါးခြင်းလည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ်လျှင် အသားဖြူစုတ်
ဖက်တီးပုတ်ကို အပြာရောင်ရေပုံးလေးဖြင့် ခွက်စောင်းခုတ်ထည့်လိုက်မည်ဟုလည်း
ဖြစ်နိုင်သည်။
သေချာသည်မှာ သစ်ပင်ပေါ်မှ ပွင့်နေသာ
ပိတောက်ပန်းများသည် အပြာရောင်ဖြစ်သည်။ ပြတင်းပေါက်တွင် ငေးရီနေသော
ကောင်မလေးတစ်ယောက်ကို မြင်မိပါသလား။ အိမ်တွင်းပုန်းတဲ့ အပျိုတွေ မုဆိုးဖိုနဲ့
ညားပါစေ။ ယခင်နှစ်က ၀ါထပ်သဖြင့် သင်္ကြန်ငါးရက်ကျခဲ့သော်လည်း ယခုနှစ်တွင်
ဝါမထပ်သောကြောင့် သင်္ကြန်လေးရက်သာ ကျသည်။ မှန်ကွဲစများအောက်တွင် နီရဲနေသော
ပိတောက်ရွက်များကို တွေ့လိုက်သည်။ ပိတောက်ရွက်များသည် အမြဲတမ်းစိမ်းမနေကြောင်း
စာသင်ကျောင်းများတွင် မသင်ကြားခဲ့ရဖူးပါ။ သင်္ကြန်စာတွင် သိကြားမင်းသည်
ပရီးမီးယားလိဂ်ဖလားကိုင်ဆင်းသည်ဟု မကြား။ အပြာရောင်သင်္ကြန်ရေပုံးလေး၏
ပြင်းပြင်းရှရှအော်သံကြားလိုက်သည်။
အဲဒီနေ့က ကျွန်တော့်နားထဲ
ရေနည်းနည်းဝင်သွားသည်။ အနည်းငယ်ခုန်ပြီး ခါထုတ်လိုက်သည့်အခါ နားထဲမှ
ဟစ်ဟော့သီချင်းများ ထွက်ကျလာသည်။ ယခုခေတ်သင်္ကြန်သီချင်းများ မြို့မငြိမ်း၏
သီချင်းလောက်မကောင်းတော့တာနဲ့ လူတိုင်း အားလုံးရေခပ်ဆင်းကြတယ် ဟူသော သီချင်းစာသား၏
ဆပ်စပ်မှုကို ကျွန်တော် နားမလည်။ သင်္ကြန်မဏ္ဍပ်ရိုးရာဆေးရေးပန်းချီများနေရာတွင်
ကုမ္ပဏီကြော်ငြာဗွီနိုင်းများ အစားထိုးဝင်ရောက်နေရာယူမှုကို ကျွန်တော် နားမလည်။
ရွှေခြေကျင်းနဲ့ မန္တလေးသူများ၏ သင်္ကြန်ယိမ်းတွင် အသားဖြူပေါင်တို စကတ်ကွဲများ
တွန့်လိမ်ကောက်ကွေးကပြခြင်းကို ကျွန်တော်နားမလည်။ ကျွန်တော် နားလည်လည် မလည်လည်
သင်္ကြန်သည် သူ့ရက်နှင့် သူကျလာခဲ့ပြီးဖြစ်သည်။ ပြဿနာမရှိပါ။ မိုးကား မပြောမဆိုနှင့်
ရွာလေပြီ။ ရွှဲရွှဲစိုနေသော အိပ်မက်သည် သင်္ကြန်ကို တစ်ရက်တိုးပေးဖို့ တောင်းဆိုသည်။
မဝေးလှသော အရပ်မှ ကားတစ်စီး၏ ဘီးပေါက်သံလိုလို ကြားရသည်။ သို့မဟုတ်
သင်္ကြန်အမြောက်ထုသံကို ကြားရသည်ဟုလည်း ရေးလို့ရပါသည်။ အရေးမကြီးပါ။
စတီးလ်ရေပြွတ်ကိုင်ကာ
ကျောပိုးအိတ်တွင် ရေပုံးတပ်လွယ်ထားသော ဖက်တီးလေးသည် ကွဲအက်ကြေမွနေသော
အပြာရောင်ရေပုံးအပိုင်းအစလေးများကို လိုက်ကောက်နေသည်။ ထို့နောက် သူအားပါးတရ
ငိုနေသည်။ မျက်ရည်တို့သည် ရွာကျလာသော မိုးရေတို့နှင့်အတူ ကတ္တရာလမ်းမပေါ်သို့
စီးဆင်းမျောပါသွားသည်။ တန်ခူးလေ အဝေ့မှာ လွင့်ပါသွားသော စကားသံများကို
နားထောင်ရသည်မှာ ဝေေ၀၀ါးဝါးနိုင်လွန်းလှသည်။ ` ဟေ့ကောင် မင်းကို
ငါလုပ်တာမဟုတ်ဘူးနော်´ ဆိုလား။´ မင်းက ကားလာတာကို မမြင်ဘူးလား´ ဆိုလား။
မပီသသောဘာသာစကား၏ လေယူလေသိမ်းမှာ တိုးသက်ငြင်သာလွန်းနေသည်။ မိုးရေစက်တို့ဖြင့် ပိုင်းခြားထားသော
မြင်ကွင်းရှေ့မှ အဖြူရောင်ကားလေးတစ်စီးပေါ်တွင် စွပ်ကျယ်လက်ပြတ်နဲ့ ကလေးလေးတစ်ယောက်
အိပ်ပျော်နေသည်။ အိပ်ပျော်နေသည်ဟုပဲ ဆိုကြပါစို့။ ထိုအိပ်ပျော်နေသော ကလေးငယ်၏
လက်တွင် ဆီလူးထားသော အိုးမည်းများ ပေကျံညစ်ပတ်စွန်းထင်းလျှက်။ မကြာမီ
အဖြူရောင်ကားလေးသည် အနီရောင်မီးပွင့်လေးကို သူ့ခေါင်းပေါ်တင်လည်ကာ
တရွေ့ရွေ့ထွက်ခွာသွားတော့သည်။
ဖက်တီးကလေးငယ်လေးသည် သူ့လက်ထဲရှိ
အပြာရောင်ရေပုံးအပိုင်းအစလေးများကို လွတ်နေသော မြေကွက်လပ်တစ်နေရာတွင် တွင်းတူးပြီး
မြှုပ်လိုက်သည်။ နှစ်အနည်းငယ်ကြာသောအခါ ထိုနေရာလေးတွင် ပိတောက်ပင်လေးတစ်ပင်ပေါက်လာသည်။
ဖက်တီးကောင်လေးသည် ထိုပိတောက်ပင်ပေါက်လေးကို နေ့စဉ်နေ့တိုင်း သူ့၏
စတီးလ်ရေပြွတ်လေးဖြင့် ရေလောင်းပေးခဲ့သည်။ ပိတောက်ပင်တစ်ပင်မှ ပိတောက်ပန်းပွင့်ရန်
လုံလောက်သော အချိန်ကာလတစ်ခုသို့အရောက်တွင် ထိုပိတောက်ပင်လေးသည်လည်း
ပိတောက်ပန်းများ ဖူးခဲ့သည်။ ပွင့်ခဲ့ပါတော့သည်။ သို့သော် ထူးဆန်းသည်မှာ
ထိုပိတောက်ပင်မှ ပွင့်သော ပိတောက်ပန်းများသည် အ၀ါရောင်မဟုတ်ဘဲ
အပြာရောင်များဖြစ်နေသည်။ မိတ်ဆွေ။ သင့်ထံတွင် ဟောင်းနွမ်းဆွေးမြေ့ သံချေးတပ်နေသော
စတီးလ်ရေပြွတ်လေးတစ်ချောင်းရှိပါသလား။ သို့မဟုတ် အပြာရောင်ရေပုံးငယ်လေးတစ်လုံး ရှိပါသလား။
ကျွန်တော့်တွင် အစိမ်းရောင်လက်ကိုင်စွပ်တပ်ထားသော စတီးလ်ရေပြွတ်လေးတစ်ချောင်း
တစ်ချိန်တုန်းက အသေအချာ ပိုင်ဆိုင်ခဲ့ဖူးပါသည်။ သို့မဟုတ် ကျွန်တော့်တွင်
အပြာရောင်ရေပုံးငယ်လေးတစ်လုံး တစ်ချိန်တုန်းက အသေအချာပိုင်ဆိုင်ခဲ့ဖူးပါသည်။
မင်းနဒီခ
Beauty Magazine. April, 2013
No comments:
Post a Comment