ငါ ကဗျာရေးသည် ထို့ကြောင့် အမ်စတာဒမ် ငါ
သွားသည်
စာအုပ်အမည်
Poetry Life
အမ်စတာဒမ်မှာ
ပြန်ဆုံကြမယ့် နိုင်ငံတကာရောက် ကဗျာရေးသူများ
ရေးသူ ကဗျာဆရာ
(၆၅) ယောက်
ထုတ်ဝေသည့် ကာလ ၂၀၁၂ ၊ သြဂုတ်လ
ထုတ်ဝေသည့် တိုက်
မန်းချောင်းလရောင်
ကဗျာဆရာ
မောင်နီဦးစီစဉ်သည့် တတိယမြောက် Poetry Life ကဗျာ/ ဆောင်းပါး စာအုပ်
မန်းချောင်းလရောင်စာအုပ်တိုက်မှ ထွက်ရှိလာသည်။ ယနေ့လက်ရှိ မဂ္ဂဇင်းစာမျက်နှာများတွင်
ခေတ်ပေါ်/ ခေတ်ပြိုင်ကဗျာများ အားကောင်းမောင်းသန်ရေးဖွဲ့နေကြသည့် ကဗျာဆရာများ၏ ကဗျာများ၊
ကဗျာရေးရာဆောင်းပါး၊ အက်ဆေးများအား တစုတစည်းတည်း ဖတ်ခွင့်ရတာ တစ်ခုတည်း နဲ့တင်
ယခုကဗျာစာအုပ်စီစဉ်သူ ဆရာမောင်နီဦးအား ကျေးဇူးတင်မိသည်။
မန်းချောင်းလရောင်စာအုပ်တိုက်မှ
ကဗျာစုစည်းမှုများအဖြစ် ထုတ်ဝေခဲ့သည့် မန်းချောင်း လရောင်ထဲသို့
အုပ်ဖွဲ့ပျံသန်းလာသော ၉၅ ကဗျာငှက်များ၊ (မောင်နီိဦး၊ အောင်ကောင်းမြစ်၊
ကိုဇော်တို့ စီစဉ်သည်)ကဗျာဆရာ(၅၈) ယောက် ကဗျာ (၅၈)ပုဒ် ၊ဆက်လက်၍ ၂၀၀၉၊
အောက်တိုဘာတွင် ပထမဆုံး Poetry Life အဖြစ် ကဗျာဆရာ ကဗျာအယူအဆနှင့် ကဗျာရေးခြင်း
စာအုပ်ထွက်ရှိသည်။ ကဗျာဆရာ (၃၈) ဦး၏ အမှာဆောင်းပါး တစ်ပုဒ်၊ ကဗျာ (၄၈) ပုဒ်၊ ဘာသာပြန်ကဗျာ
(၄)ပုဒ်၊ ကဗျာဆောင်းပါး (၃)ပုဒ်၊ စုစုပေါင်း (၅၆) ပုဒ်ပါဝင်ခဲ့သည်။ ၂၀၁၁ တွင်
ဒုတိယမြောက် Poetry Life အဖြစ် ခေတ်ပေါ်လား၊ ခေတ်ပြိုင်လား၊ မြန်မာကဗျာရဲ့
ထိပ်တန်းလျှို့ဝှက်ချက် စာအုပ်ထွက်ရှိသည်။ ကဗျာဆရာ (၅၈) ဦး၏ ကဗျာ (၈၇) ပုဒ်၊
ကဗျာရှည် (၂) ပုဒ်၊ ဘာသာပြန်ကဗျာ (၃)ပုဒ်၊ ကဗျာဆောင်းပါး (၄) ပုဒ် နှင့်ဓါတ်ပုံ
အက်ဆေး တစ်ပုဒ်၊ စုစုပေါင်း (၉၈) ပုဒ်ပါဝင်သည်။ ယခု တတိယမြောက် Poetry Life အဖြစ်
အမ်စတာဒမ်မှာ ပြန်ဆုံကြမယ့် နိုင်ငံတကာရောက် ကဗျာရေးသူများတွင် ကဗျာဆရာ (၆၅)
ယောက်၏ ကဗျာ (၈၅) ပုဒ်၊ ဘာသာပြန်ကဗျာ (၁)ပုဒ်၊ ကဗျာဆောင်းပါး (၆)ပုဒ်၊ အက်ဆေး
(၁)ပုဒ် ၊ စုစုပေါင်း (၉၃) ပုဒ် ပါဝင်သည်။
Poetry
Life အမ်စတာဒမ် တွင် ကဗျာဆရာများတစုတစည်းတည်း စုံလင်လှသလို ကဗျာရေးဟန်များလည်း
စုံလင်လှပလွန်းသည်ဟု ခံစားမိသည်။ Icon
မဂ္ဂဇင်း ဆရာ ဇော်ဇော်အောင် ဝေဖန်ပိုင်းဆစ်ပြခဲ့ဖူးသည့် ဆရာအောင်ချိမ့်၊
သုခမိန်လှိုင်တို့၏ Minimalism ကဗျာများ၊ ပင်မ ရေစီးအစဉ်အလာမော်ဒန်ကဗျာများ၊
အယ်လပီ၊ ကွန်ဆက်ချူရယ်နဲ့ အခြားခေတ်ပြိုင်ကဗျာ စသဖြင့် အမျိုးအစားစုံလင်သလို ခံစားမှုရသမျိုးစုံပေးနိုင်သည့်
စာအုပ်တစ်အုပ်လို့လည်း ထင်မိသည်။ ဆရာ အောင်ချိမ့် က` အနုပညာနဲ့
စားသုံးသူကြားခံမျဉ်းဟာ ထူနေတယ်ဆိုရင် မဟုတ်သေးဘူး။ အဲဒီ အထူကို
များများပါးသွားအောင် မရှိတော့လောက်အောင် လုပ်ရမယ်´ဟုပြောခဲ့ဖူးတာ ရှိသည်။ ဆရာ အောင်ချိမ့်သည်
နောက်ပိုင်းတွင် အဲဒီစကားနဲ့အညီ ကဗျာများဆက်တိုက်ရေးသားပြီး ဗျာ/ဖတ်မျဉ်း ကျဉ်းအောင်
ယနေ့ခေတ်ကဗျာကို အထူးတလည် ခင်းကျင်းပြသနေသည်ကိုလည်း မဂ္ဂဇင်းစာမျက်နှာ များပေါ်တွင်
ဆက်တိုက်တွေ့နေရသည်။ အလင်္ကာတင်စားချက်မပါ၊ အနက် ကွယ်ဝှက်မှုမပါ၊ စံသွေမှုမပါ။
ကဗျာများက ရိုးရှင်းသည်။ ဖတ်သူအာရုံကို တိုက်ရိုက်ကူးစက်စေပြီး ဖတ်သူ အားထုတ်မှု စူးစိုက်စရာမလိုသော
ကဗျာများဖြစ်သည်။ Poetry Life အမ်စတာဒမ်တွင် ခေတ်ပေါ်ကဗျာ အင်အားများပြားသည်ကိုတွေ့ရှိရပြီး
ခေတ်ပြိုင်ဟု ယူဆရသည့် ကဗျာများအနေဖြင့် ကဗျာဆရာ (၁၄) ယောက်၏ ကဗျာ(၁၇) ပုဒ်သာ
တွေ့ရသည်။ ၉၀ ၀န်းကျင်ကာလများဆီက အငြင်းပွားခဲ့ကြသော ပင်မရေးစီးခေတ်ပေါ်ကဗျာ၏
ကဗျာမှာ နားလည်ခြင်း၊ မလည်ခြင်း ပြဿနာသည်
ယနေ့ ခေတ်ပြိုင် ကဗျာများနှင့် ယှဉ်ဖတ်လျှင် မပြောပလောက်တော့။ ကဗျာဖတ်သူ၏
ကဗျာဖတ်အား ရင့်ကျက် လာမှုနှင့် ခံစားနိုင်စွမ်းက ပင်မရေစီးခေတ်ပေါ်ကဗျာများအား
နားလည်မှုပိုမိုကောင်းမွန် စေခဲ့သည်ဟု ထင်မိသည်။ ဆရာစေတ ကတော့ ယခုစာအုပ်ပါ `ပါရမီရှင် အယူအဆ ခေတ်တကယ်ကုန်ပြီလော
´ကဗျာဆောင်းပါးထဲတွင် ` ဘယ်သူ ဘာပဲလုပ်လုပ် ခေတ်ပေါ်ကဗျာနဲ့ ကင်းလို့မရဘူး။ ခေတ်ပေါ်
ကဗျာရဲ့ ကျေးဇူးဟာ အသေအချာရှိနေမှာပါ။ ခေတ်ပေါ်ကဗျာကို သတ်လိုက်ရင် ကိုယ့်ကိုယ်
ကိုယ် သတ်သေတာနဲ့ တူတယ် ´ဟု ရေးထားသည်။
Poetry Life အမ်စတာဒမ်၏
ခေတ်ပြိုင်ကဗျာလို့ ယူဆရတဲ့ ကဗျာတွေထဲမှာ ဆရာ ၀င်းမြင့်ကို တွေ့လိုက်သည်။ `
ပိုကောင်းတဲ့ အာရုံစိုက်မှုတစ်ခုဟာ စားပွဲပေါ်တင်ထားတဲ့အတွက် ပန်းအိုး ဖြစ်တယ်´။
`နဂ္ဂတစ်တွေ လှုပ်လာတဲ့အတွက် သင်ဟာ လူဖြစ်လာတယ်။ သရုပ်ဆောင် နေတာ ခင်ဗျား ကျွန်တော်
ကြာပြီမဟုတ်လား´။ ဆရာ ၀င်းမြင့်ထံမှ ပဲ့တင်သံမကြား ရတော့။ ဆရာက ကဗျာဆိုတာ ဒီလိုဖတ်ရတယ် ဟု တိုက်ရိုက်ပြောသည်။ စကားလုံးဖြင့်
တင်ဆက်ပြသမှုတွေ၊ မေးခွန်းတွေ ကြားရသည်။
ခေတ်ပေါ်မှ ခေတ်ပြိုင်ကူးပြောင်းခြင်းဟု ခံစားရသည်။ ထွဏ်းသွေးအိမ်၏
ဘောင်းဘီအိပ်ကပ်ထဲတွင် ကဗျာတစ်ပုဒ်ရှိသည်။ သူသည် ကဗျာရွတ်ပွဲများတွင် သူအမြဲတမ်း ရွတ်လေ့ရှိသည့်
ကဗျာတစ်ပုဒ်ဖြစ်သည်။ ထိုကဗျာသည် ညီမိုးအေးဖြစ်သည်။ ယခု Poetry Life
အမ်စတာဒမ်တွင်လည်း ထွဏ်းသွေးအိမ်သည် ဘောင်းဘီအိပ်ကပ်ထဲမှ ကဗျာကို စာမျက်နှာပေါ်
တင်လိုက်သည်။ ညီမိုးအေး သို့ အခန်းတိုင်းဟာ အမှောင်။ ထိုကဗျာက ဖတ်ရတော့
ခင်ဇော်မြင့်နှင့် နွယ်စိမ်းဝေကို သတိရသည်။ သူတို့သုံးယောက်သည် ခေတ်ပေါ်ကဗျာကို
စကားလုံး အလှဓါတ်ဖြင့် ဖွဲ့စည်းသည်။ သုံးယောက်စလုံး ရေးဟန်ဆင်သလို ရေးသည့်
ကဗျာများ သည် ချစ်စရာကောင်းနေ သည်ဟု ခံစားရသည်။
ကျွန်တော် ကလောကို ပထမဆုံအကြိမ်ရောက်တော့
ဆရာ နိုင်မွန်အောင်သွင်နှင့်တွေ့သည်။ သို့သော် စကားတွေ အကြာကြီးပြောခွင့်မရခဲ့။
နောက်တစ်ခေါက်မှ ပြောဦးမည်ဟု စိတ်ကူးမိသည်။ သို့သော် ဒုတိယအကြိမ်ရောက်တော့ ဆရာနှင့် တွေ့ခွင့်မရ။
ဆရာ သြစတြေးလျသွားသည်ဟု သိရ သည်။ သို့သော် ဆရာနှင့် ကျွန်တော် အွန်လိုင်းတွင် ပြန်ဆုံသည်။
ဆရာ့၏ ခေတ်ပေါ်သုံးကြောင်း ကဗျာလေးများ ဖတ်ခွင့်ရသည်။ ယခုစာအုပ်တွင်ပါသော ဗုံသံကို
ကင်းစောင့် နေသူ အိပ်မက်များအား ဆရာ့၏ ဖေ့ဘွတ်ပေါ်တွင် အရင်ဖတ်ခွင့်ရခဲ့သည်။ ယခု
Poetry Life အမ်စတာဒမ်တွင် ဖတ်လိုက်ရ တော့ ပိုအားရသည်။ စကားလုံးအတူတူ
စာကြောင်းရေအတူတူ။ ခံစားမှုက မတူ။ အွန်လိုင်းနှင့် ပရင့် ကွာခြားမှုကြောင့်လား။
Poetry Life အမ်စတာဒမ်မှ
ခေတ်ပြိုင်ကဗျာများထဲတွင် ဆရာမောင်ပြည့်မင်း၏ ဂရု(ပ်)ဖိုတို ကို နှစ်သက်မိသည်။ `
နှစ်တွေ နည်းနည်းကြာလာပြီဆိုတော့ ၀ါလာမှာပေါ့ ` မှ စကာ နောက်ဆုံး စာကြောင်းဖြစ်သည့် ` ကျွန်တော့်
ပုံမပါဘူး´ အထိ ဖတ်သူအား မမောမပမ်း ဆက်တိုက် လိုက်ပါ စေသည့် ကဗျာဖြစ်သည်။
မောင်ဖုန်းမြင့်၏ ဓနသီဟ ကဗျာကိုလည်း သဘောကျသည်။ ကဗျာဆရာ၏ ခေတ်စနစ်ကို
စိတ်အချဉ်ပေါက်မှု သရော်မှုတို့ကို ခေတ်ပြိုင်ရေးဟန်ဖြင့် ဖော်ပြသွားသည်။ ဆရာဇေယျာလင်း၏
ကျွန်တော်တို့ဘယ်ကိုသွားနေကြသလဲကိုတော့ ကိုယ့်အယူအဆနဲ့ ကိုယ်
ကဗျာစာရင်းထဲထည့်ထားလိုက်သည်။ ထိုကဗျာအတွက် ကျွန်တော့်တွင် ပြန်ဖြေစရာ
မေးခွန်းမရှိ။
ကဗျာဆောင်းပါးများတွင် ဆရာမင်းခက်ရဲ ရဲ့
ဇော်လူစိမ်းရဲ့ မလှမ်းမကမ်း ၊ ဆရာ ဇေယျာလင်း၏
စိတ်ကူးညဏ်လက်တွေ့နဲ့ ကဗျာအယူအဆ၊ ဆရာငြိဏ်းဝေရဲ့ ပို့စ်ကွန်ဆက် ချူရယ် ကဗျာဗေဒ/စာပေဗေဒ၊
ဆရာဝိုင်ချိုရဲ့ ကဗျာအရာတွေရှေ့တက် စတဲ့ ကဗျာဆောင်းပါး တွေကတော့ တစ်ခါဖတ်ရုံနဲ့
မလုံလောက် အခါခါပြန်ဖတ်ရမယ့် ဆောင်းပါးတွေလို့ မြင်ပါသည်။ ဆရာဝိုင်ချို
ဆောင်းပါးတွင်တော့ ` ကဗျာသည် အငြင်းပွားခံရခြင်း ရှိနေသယောင်နဲ့
ထိုအငြင်းပွားခြင်း တို့ထက် အဆင့်မြင့်နက်ရှိုင်းသော တစ်နေရာ၌ ဖမ်းဆုပ်ရခက်စွာ
နေထိုင်လျက်ရှိ၏ ´လို့ ရေးထားတာကို တွေ့လိုက်ရသည်။ ဆရာသစ္စာနီ၏
လိပ်ပြာသန့်သန့်အိပ်စက်ခဲ့သူကိုဖတ်ရတော့ ကြည်မောင်သန်းကို သတိရလွမ်းဆွတ်မိ။
ကျွန်တော်က လှသန်းကို မမီခဲ့။ ကြည်မောင်သန်းနဲ့မှ တခုတ်တရ ကဗျာဓါတ်ကျခဲ့သူ။
Poetry Life အမ်စတာဒမ်တွင်
ကျွန်တော်စိတ်အ၀င်စားဆုံးကဗျာတစ်ပုဒ်ရှိသည်။ဆရာကြီး ကိုလေး( အင်းဝဂုဏ်ရည်)၏
ကဗျာဖြစ်သည်။ ကဗျာအဖွင့်မှာ ရထားသံ ` တူ ..တူ.. တူ.. ဂျုံး..ဂျုံး.. ဂျက်´ စသည်။
ဘူတာစဉ်တွေ ပြသည်။ ရထားသံတဖြည်းဖြည်း မြန်လာသည်။
ထို့နောက် အရမ်းမြန်လာသည်။ ထို့နောက် ကျည်ဆန်ရထားတစ်စင်းလောက်ထိ မြန်လာသည်။
နောက်ဆုံး ဆရာက ပြောသည်။ ` ဒီဘူတာ ဆင်းမယ်´ တဲ့။ ဆရာ ဒဂုန်တာရာက ဆရာကိုလေး၏
မွန်းတည့်အမီ ကဗျာစာအုပ်အမှာတွင် `
ကိုလေးကတော့ ကဗျာကို ရှေးကလို ရေးတယ်။ ဒါကို ခေတ်သမားများက ကဗျာမဟုတ်ဟု ပြောကြသည်။
သို့ဖြစ်လျှင် ကဗျာသည် အဘယ်နည်း။ ယခု ဤသို့ဆိုလျှင် ကဗျာဆိုသည်ကား အဘယ်နည်း´ဟူ၍ မေးခွန်းမေးထားသည်။
ဆရာ ဦးကိုလေးသည် ဒီကဗျာဖြင့် ဆရာ့အား ကဗျာမဟုတ်ဟု ပြောသော ခေတ်သမားများကို
အသိပေးတပ်လှန့်လိုက်ခြင်းလား။ ဆရာဖြတ်သန်းခဲ့တဲ့ ဘူတာတွေ ကျော်ခဲ့ပြီး
ဆရာဆင်းခဲ့တဲ့ဘူတာဟာ ဘယ်ဘူတာလဲ။ ဒီဘူတာ ငါဆင်းမယ် ဆိုတာ ဆိုက်ရောက်ခြင်းလား။
ချန်ရစ်ခြင်းလား။ ကျွန်တော်အတွေးထဲ မေးခွန်းတွေ များစွာနဲ့ အမ်စတာဒမ်မှာ
ပြန်ဆုံကြမယ့် နိုင်ငံတကာရောက် ကဗျာရေးသူများဟာ စိတ်ဝင်စားစရာ ကြည်နူးခြင်းတွေ
အပြည့်နဲ့ ကမ္ဘာ။
မင်းနဒီခ
No comments:
Post a Comment