ချစ်ခြင်းဖွဲ့
ဒီဇင်ဘာ
ဟိုးအဝေးကို
လှမ်းကြည့်လိုက်စမ်းပါ ဒီဇင်ဘာ။ တိမ်တွေက ကောင်းကင်အလိုတော်အတိုင်း အတိုင်းအဆမဲ့
ဘယ်ဝယ်ဘယ်ဆီမသိ လွင့်မျောလို့။ အဲဒီလိုပဲ ငါ့မျှော်လင့်ခြင်းတွေလဲ လွင့်မျောလို့။
ဘယ်မှာဆုံးမလဲ။ ဘယ်အထိ မျောပါနေ ဦးမလဲ။ မင်းသိရင်ပြောပါ ဒီဇင်ဘာ။ မျှော်လင့်ခြင်းမှာ
အနားသတ်ပါခဲ့ပါသလား ။ ပွင့်ဖတ်လေးတစ်ချပ်လောက် မဟုတ် ရင်တောင် အဲဒီပွင့်ဖတ် ပေါ်က
လျောကျစီးဆင်းလာတဲ့ နှင်းစက်လေး တစ်စက်လောက်ဖြစ်ဖြစ်ပေါ့။ ငါ့မျှော်လင့်ချက်ကို
အသက်ဆက်ခွင့်ပေးပါ။ ကြိုးရှည် ရှည်နဲ့လှန်ထားခွင့်ပေးပါ။ ဆောင်းဥတုက
ကျီစယ်လှုပ်ခါချလိုက်တဲ့ နှင်းပွင့်လေးတွေဟာ မင်းပါ ဒီဇင်ဘာ။ ပြတင်းမှန်ကတဆင့်
မြင်နေရတဲ့ စိမ်းလန်းအေးမြခြင်းတွေဟာ မင်းပါ ဒီဇင်ဘာ၊။ မင်းနဲ့ငါဟာ
ရာသီတစ်ခု တည်းမှာ မဟုတ်ခဲ့ရင်တောင်မှ ကမ္ဘာတစ်ခု တည်းမှာ
ရပ်တည်ခွင့်ရနေတဲ့သူတွေပေါ့ ။ ယာဉ်စွန်းတန်းတစ်ဖက် စီ ရောက်နေ တာကလွဲလို့ ငါတို့ကမ္ဘာမခြားဘူး
ကမ္ဘာမခြားပါဘူး ဒီဇင်ဘာ။ ကုတ်အင်္ကျီတစ်ထည်လို နွေးထွေးမှုနဲ့ လုံခြုံမှုတွေ
ငါ့ကိုပေးပါ။
ပျော်ရွှင်ဖွယ်ရာ စိမ်းလန်းနေ့သစ်များ ငါ့ကိုပေးပါ။ ဖြစ်နိုင်ရင်
ငါ့ကို ဆောင်းဥတုစစ်စစ်နဲ့ ဖန်ဆင်းထားတဲ့ ဒီဇင်ဘာစစ်စစ် ကို ပေးပါ။
ဒီဇင်ဘာ
အခုညဟာ လရောင်ကိုခိုးသွားပြီ။ လေနှင်ရာတိမ်တွေ ညအမှောင်မှာ တရွေ့ရွေ့။ တရွေ့ရွေ့မျော
ပါ နေတဲ့ တိမ်တွေ။ တစ္ဆေတစ်ကောင်လို ရှပ်တိုက်လွင့်မျော။ ဟော နှင်းတွေ နှင်းတွေ
အမှောင်မှာ တလက်လက်နဲ့ ငါ့ပြတင်း မှန်တွေကို ထိုးခွဲ။ ဒီဇင်ဘာရေ ငါမျက်လုံးမှာ
သွေးတွေ အလိမ်းလိမ်းနဲ့ ကျိန်းစပ်နေပေါ့။ ဒါပေမဲ့ ငါမငိုပါဘူး ဒီဇင်ဘာ။
သွေးထွက်တဲ့ ဒဏ်ရာထက် သွေးမထွက်တဲ့ ဒဏ်ရာက ပိုပြီးနာတယ်ဆိုတာ
ချစ်တတ်ဖူးသူတိုင်းသိတဲ့ ဝေဒနာတစ်ခုပါပဲ။ ငါမငိုပါဘူး ဒီဇင်ဘာ။ ပျော်စရာက
ဖန်တီးယူလို့ရတယ်။ ကြေကွဲစရာက ဘယ်လိုမှ လုပ်ယူလို့မရဘူး ဒီဇင်ဘာ ။ ဘာပဲဖြစ်ဖြစ်
မင်းနဲ့ ပတ်သက်ရင် ပျော်စရာလဲ ငါတန်ဖိုးထားတယ်။ ကြေကွဲစရာလဲ ငါတန်ဖိုးထားတယ်။
မင်းခေါင်းက ပြုတ်ကြွေကျသွားတဲ့ သဇင်ပန်းခက်ကလေးတစ်ပွင့်လဲ ငါတန်ဖိုးထားတယ်။
မင်းပါးပြင်ပေါ်က ရနံ့ပြယ်သွားတဲ့ သနပ်ခါးရနံ့လေးလဲ ငါတန်ဖိုး ထားတယ်။ ဒီဇင်ဘာ
ဒီဇင်ဘာ ဒီဇင်ဘာရေ ငါ့အော်သံကို ကြားရဲ့လား၊ ငါ့ရင်ထဲက အာခေါင်ခြစ်ပြီး
မင်းနာမည် ကို အော်ခေါ် နေ တဲ့ အသံကို ကြားရဲ့လား။ ငါဟာ ရက်စက်တဲ့ နှင်းရိုင်းတွေကြား
လဲကျသွားတော့မယ့် အရှုံးသမား တစ်ယောက်လို အလဲလဲ အကွဲကွဲ။ ကျေးဇူးပြုပြီး
ငါ့လက်ကိုတွဲပါ။ ငါပခုံးကို ဆွဲထူပါ။ ငါမျက်လုံးတွေကြားက တစက်စက် စီးကျနေတဲ့
ကြေကွဲနှင်းစက် တွေကို ဖယ်ရှားပေးပါ။ မင်းရှိတဲ့အရပ်ဆီမှာ ငါ့အတွက် ခိုနားစရာ
တစ်နေရာပေးပါ။
တောင်းဆိုမှုတိုင်းဟာ ဘယ်လိုဆို့နစ်မှုမျိုးနဲ့မှ အသံအဖြစ်
အပြင်ကို ထွက်မလာခဲ့။ အိုမာခရမ် ကတော့ ဒုက္ခနဲ့တစ်ခါကြုံတိုင်း ချစ်သူလက်ကလေး
တစ်ခါကိုင်ခွင့် ရချင်တယ် တဲ့။ ငါဘာဆက်လုပ်ရမလဲ ဒီဇင်ဘာ။
ဒီဇင်ဘာ ခမ်းနားမှုတိုင်းဟာ ဘယ်တော့မှ ဒဏ်ရာနဲ့မကင်းဘူး တဲ့။ ငါ
ရှေ့ဆက်ရမဲ့လမ်းဟာ မြူတွေ ရစ်ဆိုင်း မှိုင်းလို့ ညို့လို့။ ဘယ်လမ်းကို ငါရွေးရမလဲ
ဒီဇင်ဘာ။ ဒီအချိန်ဆို ပိုင်အပ်တဲ့ အိပ်မက်တွေနဲ့ ဘုံအဆင့်ဆင့်မှာ မင်းပျော်နေ
မှာလား။ သာယာညှင်းပျောင်းတဲ့ တေးသွားတွေနဲ့ ဖန်တီးထားတဲ့ ကပွဲတစ်ခုမှာ
မင်းလူးလွန့်လှုပ်ရှားနေမှာလား။ ဘာပဲဖြစ်ဖြစ် မင်းကျေနပ်နေရင် ပြီးတာပါပဲ ဒီဇင်ဘာ။
မင်းရဲ့ အိပ်မက်တွေနဲ့ ကောင်းကင် တစ်ထောင်ကို ဖုံးလွှမ်းထားလိုက်ပါ။ မင်းရဲ့
ကကြိုးတွေနဲ့ ပွဲတော်တစ်ခုလုံးကို သိမ်းသွင်း ဆွတ်ငင် ထားလိုက်ပါ။ မင်းရဲ့
လှုပ်ရှားမှုတိုင်းဟာ ကမ္ဘာရဲ့ လည်ပတ်မှု သီအိုရီကိုတောင် ရပ်တန့်
သွားစေနိုင်တယ်ဆိုတာ မင်းကိုယ်မင်းလဲ သိမှာပါ ဒီဇင်ဘာ။ ငါဘယ်လမ်းကို ရွေးရမလဲ။
အခုငါဟာ ရိုဒင်ရဲ့ တွေးတောသူ(Thinker)
ဆိုတဲ့ ကမ္ဘာကျော်ပန်းပုရုပ်တစ်ရုပ်လို ကိုယ် ဘာတွေးနေတာလဲဆိုတာ ပြန်လည်တွေး
တော လို့။ ဘယ်လမ်းကို ငါရွေးရမလဲ။ ငါဟာ
ပျံသန်းခြင်းကိုသာသိပြီး ဘယ်လို ခြေချရမယ်ဆိုတာကိုမသိတဲ့ ငှက်တစ်ကောင် လို။ ငါ
ဘယ်လမ်းကို ရွေးရမလဲ။ ငါဟာ ယှဉ်ပြိုင် ရမယ်ဆိုတာသိပြီး ပန်းတိုင်ကို မသိတဲ့
တာဝေးအပြေးသမား တစ်ယောက်လို။ ဘယ်လမ်းကို ငါရွေးရမလဲ ဒီဇင်ဘာ။ ငါဟာ ချစ်ခြင်းကိုသာသိပြီး
ချစ်ခြင်းရဲ့ အရသာကို ခံစားခွင့်မရသူ တစ်ယောက်လို။ ငါဘယ်လမ်းကိုရွေးရွေး မင်းနာမည်လေးကိုတော့
ကျောက်စိုင်ကျောက်သားထက်မှာ ဆက်ရေးနေဦးမယ် ဒီဇင်ဘာ။ မင်းဟာ ငါ့ဥတုသုံးလီရဲ့
နောက်ဆုံးဘုရင်မ။ ငါ့ဘ၀ရဲ့ အရှင်သခင်။ ငါ့ခြေလှမ်းတိုင်းရဲ့ ခြေဦးလှည့်ရာလမ်း။ ငါ့ဇာတ်လမ်းရဲ့
ဇာတ်သိမ်း ခန်း အနမ်းပိုင်ရှင်။ ငါဆက်ဖွဲ့ဖို့ စကားလုံးမရှိလောက်အောင် လှတဲ့ ကဗျာတစ်ပုဒ်။
ဘယ်လိုဖြစ်ဖြစ် မင်းကျေနပ်အောင်
နှုတ်ဆက်ရမယ်ဆိုရင်လဲ ငါကျေနပ်ရမှာပေါ့ ဒီဇင်ဘာ။
ငါ့အလွမ်းတွေကို စားသုံးပါ။ ငါ့ကြေကွဲမှုတွေကို ဆွတ်ယူ သိမ်းပိုက်ပါ။ ငါ့ရယ်သံတွေ
ငါပြန်မကြားရတဲ့ အချိန်တိုင်း မင်းရယ်သံလွင်လွင်လေး ကိုသာ ငါမျှော်လင့် နေပါရစေ
ဒီဇင်ဘာ။
ဒီဇင်ဘာရေ
ဆောင်းညတွေဟာ မလိုချင်လဲဘဲ ရောက်လာခဲ့ပြန်ပြီပေါ့။ အိပ်မပျော်သူတစ်ယောက် အတွက်တော့
ဆောင်းညတွေဟာ အနက်ရောင် ရေခဲမြစ်ကို လက်ပစ်ကူးနေရသလိုပါပဲ။ ရှည်လျားအေးစက် သွေးခဲ မတတ်ပေါ့။
ဆောင်းညတွေဟာ အေးစက်ခဲတောင့်နေတဲ့ သူ့ရဲ့ချွန်မြလက်သည်းတွေနဲ့ ငါ့ကို ကုတ်ခြစ်။
နှင်းအယောင်ဆာင်
ထားတဲ့ နှင်းတွေ ငါ့အပေါ် တဖြုတ် ဖြုတ်ကြွေကျနေပုံများ
သက်မဲ့တစ်ယောက်ကို ပုဝါဖြူဇာပါးပါးနဲ့ လွှမ်းခြုံဖုံးအုပ်ထားသလို ငါ့ကို အထပ်ထပ်
အသက်ရှူကျပ်စေခဲ့။ ညမွှေးပန်းတွေရဲ့ရနံ့ဟာ ငါ့ကို မပြန်လမ်းဆွဲခေါ်နေသလိုမျိုး
ညှို့တယ်။ ဘယ်မှာလဲ ဒီဇင်ဘာရေ မင်းဘယ်မှာလဲ။ အဲဒီလို လွမ်းလွမ်းဆွတ်ဆွတ် ငါခေါ်တယ်။
ဒါပေမဲ့ ဒီဇင်ဘာရေ ပဲ့တင်သံဟာ လာရာလမ်း အတိုင်း ငါ့ဆီကိုပဲ တည့်တည့်ပြန်လျှောက်လို့။
မင်းအရိပ် မင်းအရောင်ကိုတောင်မှ လရောင်က ဖုံးကွယ်ထားလို့ မြင်ခွင့်
မရတဲ့ညပါပဲ။
လွမ်းလိုက်တာ ဒီဇင်ဘာ။ လွမ်းတယ် ဆိုတော့မှ ပြန်မရနိုင်မှန်းသိလို့
ပိုပြီးနှမြောတတ်ခဲ့သလိုပါပဲ။ ရှည်လျားသွယ်ပျောင်းတဲ့ မင်းလက်ချောင်းလေးတွေကိုလဲ
နှမြောတယ်။ ဖြူစင် ရှင်းသန့်လွန်းတဲ့
မင်းရဲ့ လည်တိုင်လေး ကိုလဲ နှမြောတယ်။ လမ်းမပေါ်ထင်ကျန်ရစ်တဲ့ မင်းရဲ့ ခြေရာလေးလဲ
နှမြောတယ်။ နန်းတော်ရှေ့ဆရာတင်ရေးတဲ့ မင်းဂံဘုတ် သီချင်းထဲကလို ပိတုန်းရောင်ကေသာ
ဖြန့်လိုက်ရင် တစ်ကိုယ်လုံး ဝေေ၀ဆာဆာလွင်လွင် လို့ ဆိုရလောက်အောင် လှပတဲ့ မင်းရဲ့
ဆံနွယ်လေးတွေကိုလဲ နှမြောတယ်။ မင်းရဲ့ ရွှန်းလဲ့ကော့ပြန့်နေတဲ့ မျက်တောင်လေးတွေ။
မင်းရဲ့ နီစွေးမြန်းနေ တဲ့ နှုတ်ခမ်းလေးတွေ။ မင်းနဲ့ပတ်သက်ရင်
နေ၀င်ချိန်ပျောက်ကွယ်သွားတဲ့ မင်းအရိပ်ကလေးကအစ ငါ နှမြောတယ်။ ပြီးတော့ ဘယ်သူ ပေးမှန်းမသိဘဲမင်းဖတ်ပြီးလုံးချေပစ်လိုက်တဲ့
ငါ့ကဗျာလေးတွေကိုလဲ နှမြောတယ်။ မင်းအိမ်ရှေ့ လွင့်ပျံ့ခဲ့ဖူးတဲ့ ငါ့သီချင်းသံလေးတွေကိုလဲ
နှမြောတယ်။ မင်းမသိအောင်မင်းနောက်တကောက်ကောက်လိုက်ပြီး ငေးကြည့် ခဲ့ရတဲ့
ရက်စွဲတွေကိုလဲ နှမြောတယ်။ နှမြောတယ်ဆိုတာ နောင်တရလို့မဟုတ်ပါဘူး ဒီဇင်ဘာ။
ကိုညီထွဋ် သီချင်းထဲကလို အသစ်က ပြန်စလို့ရရင် ငါပြန်လိုချင်မိလို့ပါ။ မင်းနဲ့
ပတ်သက်ရင် ငါဟာ ကလေးတစ်ယောက်လို ထမင်း ဆီဆမ်းရွှေလင်ဗန်းနဲ့ ဖိုးလမင်းဆီက
တောင်းသလို တောင်းယူချင်ခဲ့မိသူပါ။ ဒါပေမဲ့ ငါမတောင်းရက်ခဲ့ပါဘူး ဒီဇင်ဘာ။
မင်းဆီမှာ ငါလိုချင်တဲ့ ချစ်ခြင်းမေတ္တာမရှိဘူး။ အပေါ်ယံရွှေမှုန်ကြဲထားတဲ့
အပြုံးတုပဲ ရှိတယ်။ ငါလိုချင်တဲ့ နွေးထွေး ကြင်နာမှုမရှိဘူး။ ရာသီလိုက်ပြီး
အရောင်ပြောင်းတတ်တဲ့ အနွေးထည်တစ်ထည်ပဲ ရှိတယ်။ ငါလိုချင်တဲ့ ငြိမ်းချမ်း အေးမြမှုမရှိဘူး။
ရေများရာလိုက်ရွာတတ်တဲ့ မိုးသားတွေပဲ ရှိတယ်။ ငါလိုချင်တဲ့
ဖြူစင်ရိုးသားမှုမရှိဘူး။ ဆေးရောင်စုံ ခြယ်ထားတဲ့ မျက်နှာနဲ့ အပေါ်ယံအရေပြားကို
ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးတစ်ခုရှိတယ်။ ဒါပေမဲ့ ဒီဇင်ဘာရယ်။ အချစ်ဆိုတာ
ငါ့အတွက်တော့ ချစ်တာသက်သက်ပါပဲ။ အလွမ်း ဆိုတာလဲ ငါ့အတွက် လွမ်းတာသက်သက်ပါပဲ။
ငါချစ်ခဲ့ငါလွမ်းခဲ့တယ်ဆိုတာ မင်းမသိလောက်အောင်ပဲ တိတ်တိတ်ဆိတ်ဆိတ်
လေး
ငါချစ်ခဲ့လွမ်းခဲ့တာပါ။ ဒါပေမဲ့ ငါမျှော်လင့်ခဲ့တယ် ဒီဇင်ဘာ။ အဲဒီငါ့မျှော်လင့်ချက်တွေဟာ
ဘယ်လိုအရောင်တွေနဲ့မှ တံဆိပ်ကပ်မထားတဲ့ အဖြူထည် သက်သက် မျှော်လင့်ချက်တွေပါ။
ငါလိုချင်တဲ့အရာတွေ မင်းဆီမှာ ရှိလာတဲ့တစ်နေ့ ငါ့အချစ် တွေကို မင်းတွေ့ရလိမ့်မယ်
ဒီဇင်ဘာ။ အခုတော့ ငါဟာ မင်းမမြင်နိုင်တဲ့ မင်းရှေ့ တစ်နေရာရာမှာ။
မင်းမကြားနိုင်တဲ့ စကားတွေပြောရင်း။ တိတ်တဆိတ်လေး မင်းနာမည်ကို ငါရင်ဘတ်မှာ ရေးရင်း။
ဒီဇင်ဘာရဲ့ ဆောင်းညအိပ်မက်ဆိုးတစ်ခုကို မနိုးမချင်းမက်ရင်း။ ငါမျှော်လင့်နေမယ်။
အဲဒီမျှော်လင့်ခြင်းတွေဟာ ကောင်းကင်မှာ အတိုင်းအဆမဲ့ မျောပါနေတဲ့ တိမ်တိုက် တွေလို
ဘယ်ဆီဘယ်ဝယ်အထိအဆုံးအစမဲ့ မျောလွင့်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီဇင်ဘာရယ် ။
တစ်နေ့နေ့တော့ ငါဆီကို ဆောင်းဥတုစစ်က ဖန်တီးထားတဲ့ ဒီဇင်ဘာစစ်စစ်လေးကို
ပိုင်ဆိုင်ခွင့်ရမယ်လို့ ငါယုံကြည်နေမိတယ်။
မင်းနဒီခ
Instyle
Magazine ဒီဇင်ဘာ။ ၂၀၁၁
No comments:
Post a Comment