ချစ်ခြင်းအားဖြင့်
ဧရာဝတီဟာ
ရာဇ၀င်များရဲ့ သတို့သမီးဆိုရင်
ဂီတတရားရဲ့
ခန့်ညားသော သတို့သားဟာ သူပဲပေါ့
ချစ်ခြင်းအားဖြင့်
ဒီသီချင်းကို
ပိတ်မပစ်လိုက်ပါနဲ့
အရင်အတိုင်းပါပဲ
နာရီပေါ်မှ
မျက်ရည်စက်များ ပူနွေးစွတ်စိုနေတုန်း
ဂျပ်ဆင်ထိပ်က
လရိပ်ကလေးလဲ အခုထိ လဲ့ပြာနေတုန်း
ကောင်းကင်ထဲက
မြစ်တစ်စင်း တသွင်သွင်စီးဆင်းနေတုန်း
အလွမ်းရဲ့
မီးလျှံများ အရှိန်ပြင်းပြင်းတောက်လောင်လို့ကောင်းနေတုန်း
ရထားဥသြသံတွေကြားတိုင်း
အမေ့အိမ်လေးကို လွမ်းလို့ကောင်းနေတုန်း
ချစ်ခြင်းအားဖြင့်
ဒီသီချင်းကို
ပိတ်မပစ်လိုက်ပါနဲ့
အတ္တပုံဆောင်ခဲများဟာ
အိုင်တီခေတ်ရဲ့
အသစ်အသစ်သော ပါဖော့မန့်တစ်ခုဖြစ်တယ်
သက်ငြိမ်ဟာ
ဗင်းဆင့်ဗန်ဂိုးတမ်းချင်းထဲက
လှပသော ပန်းချီကားတစ်ချပ်ဖြစ်တယ်
မှော်ဆရာအိပ်မက်ဟာ
စကားလုံးမရှိတဲ့
ကောင်းကင်ကို ဖန်ဆင်းဖို့အတွက်ဖြစ်တယ်
လေလွင့်ခြင်းလမ်းမများဟာ
သင်းကွဲငှက်တစ်ကောင်ရဲ့
ခြေဦးတည့်ရာ ဖြစ်တယ်
ချစ်ခြင်းအားဖြင့်
ဒီသီချင်းကို
ပိတ်မပစ်လိုက်ပါနဲ့
မြို့ပြလရောင်အောက်မှာ
ဘယ်တော့မှ
မဆုံးတဲ့ သီချင်းကို ဆက်ဆိုပါ
တစ်နေ့စာအလွဲများကို
မှတ်သားထားပါ
ခင်ဗျားမှာ
ခံစားတတ်တဲ့ နှလုံးသားရှိရင်
ဒီသီချင်းကို
ဘယ်လိုအကြောင်းနဲ့မှ ပိတ်မပစ်လိုက်ပါနဲ့
ချစ်ခြင်းအားဖြင့်။ ။
မင်းနဒီခ
(ကိုငှက်သို့ ချစ်ခြင်းအားဖြင့် အမှတ်တရ)
No comments:
Post a Comment