Thursday, April 11, 2013

တနင်္ဂနွေနေ့၊ ဆောင်းရာသီ၊ နှင်းရိုင်းခ ညများ



တနင်္ဂနွေနေ့၊ ဆောင်းရာသီ၊ နှင်းရိုင်းခ ညများ

ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သည်။ ထို့ကြောင့် နှင်းများတဖွဲဖွဲကျနေသည်။ တကယ်တမ်းကျတော့ ထိုစာကြောင်း နှစ်ကြောင်းမှာ ဘယ်လိုမှ အစပ်အဆက်မရှိသော စာကြောင်းနှစ်ကြောင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နှင်းတွေ တဖွဲဖွဲ ကျ နေသည်ကတော့ သေချာသည်။ ဆောင်းရာသီသည် နိုဝင်ဘာအိမ်ကလေးထဲသို့ ခေါင်းလေးဝင်ပါရစေ ကိုယ်လေး ၀င်ပါ ရစေဟု ဆိုပြီး သူ့တစ်ကိုယ်လုံးပစ်သွင်းကာ အတင်းဝင်ရောက်နေထိုင်ခဲ့သော ကုလားအုတ်တစ်ကောင်သာ ဖြစ်သည် ။  အိမ်လေးအတွင်းရှိ မီးလင်းဖိုထဲ၌ သစ်သားချောင်းများ တဖျစ်တောက်တောက် မြည်ကြွေးလောင်ကျွမ်းလျှက်။  အနွေးဓါတ် ဆိုသည်မှာ ကျွန်တော်တို့ မကြာသေးမီ အချိန်ကာလများဆီက အကြိမ်ကြိမ်ငြင်းပယ်ထားသော အရာတစ်ခုသာ ဖြစ်သည်။ ကျွန်တော်သည် လက်ဖ၀ါးနှစ်ဖက်ကို ခပ်ပြင်းပြင်းပွတ်တိုက်ကာ ပါးတွင် ကပ်လိုက်သည်။ အပြင်မှာ အရမ်း အေးနေပြီ ဖြစ်သော်လည်း အိမ်လေးအတွင်းသို့ ၀င်ရောက်နေထိုင်ရန် ကျွန်တော်မကြိုးစားမိသေး။. ထို့ကြောင့်ပင် ကျွန်တော် သည် ကုလားအုတ်တစ်ကောင်မဟုတ်သည်မှာ သေချာသွားခဲ့သည်။
 ဒီနေ့တနင်္ဂနွေနေ့ဖြစ်သည်။ မနေ့က စနေဖြစ်ကြောင်း သေချာခဲ့ပါရဲ့လား။ မနက်ဖြန်အကြောင်း မစဉ်းစားခြင်းသည် ကျွန်တော်ရေးသားခဲ့ပြီး နောက်တစ်ခါပြန်မဖတ်ချင်သော ကဗျာတစ်ပုဒ်၏ ခေါင်းစဉ်ဖြစ်သည်။ ထိုကဗျာ အရေးအသားမှာ ၁၉၉၀ ၀န်းကျင်ခန့်က အရေးအသားမျိုးဖြစ်ပြီး အကြောင်းအရာမှာလည်း ဘ၀ကို စိတ်ပျက်အားလျော့ အရှုံးပေးခြင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။  နဂိုကတည်းကမှ ဒုက္ခနှင့် နေသားတကျ ကျွမ်းဝင်နေသော ကဗျာဖတ်သူ တစ်ယောက်အား  ဒီကဗျာအတွက် ထပ်ပြီး စိတ်ပျက်အားလျော့သွားမှာ ကျွန်တော် မလိုလားတော့ပေ။ ယခုကျွန်တော် ရေးချင်နေသော ကဗျာတစ်ပုဒ်၏ ခေါင်းစဉ်မှာ `အားပါးတရ ရယ်မောခြင်း´ဖြစ်သည်။  သို့သော် ယခုအချိန်ထိ ထိုကဗျာနှင့် ပတ်သက်သော  စာလုံးအပိုင်းအစလေးများ တစ်လုံးတစ်လေတောင်မျှ မရရှိခြင်းသည် ကျွန်တော်၏ အားနည်းချက် သာဖြစ်သည်။ ဒီနေ့တ တနင်္ဂနွေနေ့ဖြစ်သည်။ ထို့ကြောင့်  မြို့ကလေးသည်  တအိအိကျဆင်းလာသော နှင်းများကြားမှ ဆွယ်တာအနွေးထည်တစ်ထည်ကို ကောက်စွပ်လိုက်သည်။ မြို့လယ်လမ်းမတွင် ဆည်းဆာလွန် အချိန်တုန်းက ကျင်းပခဲ့သည် မြို့လုံးကျွတ်  အနွေးထည်ဖက်ရှင်ရှိုးမှာ ယခုပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ တချွင်ချွင်ပြေးလွှားနေသော ရထားလုံးလေးများကို တစ်စီးတစ်လေမျှပင် လမ်းမပေါ်၌ မမြင်မတွေ့ရတော့။ ဆောင်းရာသီနှင့် အကျွမ်းတ၀င်ဖြစ်နေသော မြို့လယ်နာရီစင်ကလေးမှ ဟောက်သံ ဆယ့်နှစ်ချက်တိတိကြားလိုက်သည်။ သူမ အိပ်မက်လှလှမက်ပါစေ။ မြို့လေး၏ အဓိကလမ်းမပေါ်မှာ အအေးဒဏ်ကို ကြံ့ကြံ့ခံရပ်နေသော သက်ရှိဆို၍ ကျွန်တော်နှင့် နာရီစင်ကလေးသာ ရှိပါသည်။ တကယ်တမ်းတော့ နာရီစင်ကလေးဟူသော ကျွန်တော့်အသုံးအနှုန်းမှာ လွန်စွာ မှားယွင်းနေခဲ့ပါသည်။ သူ့ရင်ဘတ်တွင် ရေးထိုးထားသော မွေးသက္ကရာဇ်အရ သူသည် ကျွန်တော့်ထက် အသက်လေးဆယ့်ငါးနှစ်ခန့် ကြီးရင့်နေသော အဘိုးအို တစ်ယောက်သာ ဖြစ်သည်။ မိတ်ဆွေ သတိပြုမိသည်ဆိုလျှင် ကျွန်တော် စာလုံးအချို့ ရှေ့နောက်မညီခြင်းအတွက် တောင်းပန်ပါသည်။ နာရီစင်လေးအား လိင်ခွဲခြားဆက်ဆံမှုပြုလုပ်ရန်လည်း ကျွန်တော် စိတ်မ၀င်စားတော့ပါ။ ကျွန်တော် စိတ်ဝင်စားသည်မှာ နာရီစင်လေးသည် မည်သည့်မျှော်လင့်ချက်ဖြင့် သည်မျှအထိ အသက်ရှင်နေထိုင်ရန် ကြိုးစားခဲ့ ပါသနည်း။ ကျွန်တော်မတွေးတတ်တော့ပါ။
 ကျွန်တော် သိထားသည်မှာ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ညီလေးသည် အပြင်ခဏဟု ဆိုကာ နှင်းတွေ ထူထူထဲထဲကျဆင်းနေချိန်တွင် အိမ်လေးထဲမှ ထွက်သွားသည်။ ထိုစာကြောင်း နှစ်ကြောင်းကတော့ အနည်းငယ်ဆက်စပ်မှုရှိမည်းဟု ထင်ပါသည်။ နှင်းတွေကတော့ တဖွဲဖွဲနှင့် လှုပ်လှုပ်သည်းသည်း ပို၍ ကျဆင်းလာနေသည်။ အပြင်ခဏ ဆိုပြီး ထွက်သွားသော ကျွန်တော်ညီလေးမှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ကြာမြင့် လာသည့်တိုင် ပြန်လည်ရောက်ရှိမလာသေး။ မကြာမီအချိန်အတောအတွင်းမှာ နှင်းများသည် မြို့လေးကို စုပ်ယူဝါးမျို သိမ်းပိုက်ကြတော့မည် ဖြစ်သည်။ ဈေး၊ ရုပ်ရှင်ရုံ၊ ဖက်ရှင်အနွေးထည်အရောင်းဆိုင်များနှင့် ပိတ်ထားသော လက်ဖက်ရည် ဆိုင်လေးမှာ ထိုအဖြစ်အပျက်များကို မသိကြရှာပဲ အပူအပင်ကင်းမဲ့စွာ အိပ်မောကျနေခဲ့သည်။ သည်းသည်းလှုပ် ကျဆင်းလာသော နှင်းမိုးများအောက်တွင် လမ်းမီးတိုင်သည် သူ့အလင်းသူ ပြန်မမြင်နိုင်လောက်အောင်ပင် မှိန်ဖျော့အားလျော့စွာ လင်းနေသည်။ မည်သို့ပင် ဖြစ်စေ ဒီနေ့တနင်္ဂနွေနေ့ဖြစ်ပါသည်။
            ဒီနေ့တနင်္ဂနွေနေ့ ဖြစ်သည်။ အေးစက်မှုသည် ခန္ဓာကိုယ်ထဲ လှည့်ပတ်စီးဆင်းနေသော သွေးများကိုပင် အေးခဲသွားစေမတတ် နှိပ်စက်နေကြသည်။ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော သည်လိုညမျိုးတွင် အနွေးထည်တစ်ထည်၊ ခပ်ပြင်းပြင်း နှစ်ချို့ဝိုင်တစ်ခွက် ဒါမှမဟုတ် သွေးနွေးစေသည့် ရမ္မက်ပြင်းပြင်း မိန်းမလှလေးတစ်ယောက် အနားတွင် ရှိနေစေဖို့ လိုအပ်မှန်း မသိခဲ့ခြင်းမှာ  ကျွန်တော်၏ ညံ့ဖျင်းမှုသာ ဖြစ်သည်။ ( ကျွန်တော် ယခင်နေခဲ့ဖူးသော မြို့သည် အချိန်ပြည့် တံလျပ်များလှိုင်းထနေသော လမ်းမများနှင့် ရာသီဥတုမှာလည်း နွေနှင့် မိုးသာရှိပြီး ဆောင်းရာသီဟူ၍ ပြောပလောက်အောင် မရှိခဲ့ဖူးချေ)။ သို့နှင့် အအေးဒဏ်ကို အန်တုရန် စီးကရက်ဘူးအတွင်းမှ နောက်ဆုံးလက်ကျန် စီးကရက်တစ်လိပ်ကို ထုတ်ပြီး နှုတ်ခမ်းဝတွင် တေ့လိုက်သည်။ နည်းနည်းများ အချမ်းပြေမလား အတွေးနှင့် ရွှေအိုရောင်မီးခြစ်လေးကို ခြစ်လိုက်သည်။ မရ။ ထပ်ခြစ်သည်။ တစ်ချက်၊ နှစ်ချက်၊ သုံးလေးချက်။ မရ။ ဆောင်းရာသီသည် အေးစက်ချွန်မြသောသူ၏ လက်သည်းရှည်များနှင့် ကျွန်တော့်၏ ရွှေအိုရောင် မီးခြစ်ကလေးကို သတ်ပစ်လိုက်ကြပြီလား။ စိုးရိမ်စိတ်ကြီးစွာဖြင့် မီးခြစ်လေးကို ခါယမ်းကြည့်မိလိုက်စဉ် ထိုရွှေအိုရောင် မီးခြစ်ကလေးမှာ ကျွန်တော့်လက်မှ အမှတ်တမဲ့လွင့်စင်ပြုတ်ကျသွားခဲ့သည်။ အနီးအနားတွင် လှည့်ရှာကြည့်မိသော်လည်း မှိန်ဖျော့သော လမ်းမီးတိုင်အလင်းအောက်တွင် ဘယ်လိုမှ ပြန်ရှာမတွေ့တော့။ ထိုရွှေအိုရောင်မီးခြစ်ကလေးသည် ကျွန်တော့်အတွက် မွေးနေ့လက်ဆောင်အဖြစ် သူမပေးထားသည့် လက်ဆောင်တစ်ခုဖြစ်သည်။ (တကယ်တမ်းကျတော့ ထိုနေ့သည် ကျွန်တော်၏ မွေးနေ့လုံးဝမဟုတ်ခဲ့)။ နောက်လက်ဆောင်တစ်ခုမှာ ချိုမြိန်သော အနမ်းတစ်ခုဖြစ်ကြောင်း ကျွန်တော် မည်သူ့ကိုမှ ပြောမပြခဲ့။ ခင်ဗျားလည်း အခြားတစ်စုံတစ်ယောက်ကို ပြန်မပြောပြဘူးဟု ကျွန်တော် မျှော်လင့်ပါသည်။ ထို့ပြင် ထိုမီးခြစ်လေး ပေးသည့်နေ့က သူမက ကျွန်တော့်အား ကတိတစ်ခုတောင်းသည်။ ထိုကတိသည် နောက်ကို ဘယ်တော့မှ ဆေးလိပ်မသောက်တော့ပါဘူး ဆိုသည့်ကတိဖြစ်သည်။ ကျွန်တော်နှုတ်ခမ်းတွင် တေ့ထားသော စီးကရက်ကို ဆွဲယူ ခြေမွကာ အဝေးဆုံးတစ်နေရာသို့ အားကုန်လွဲပေါက်ပစ်လိုက်သည်။ ကျွန်တော်သူမကို ကတိပေးထားတာ ကြာပြီ ဖြစ်သည်။
            ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သည်။ ကျွန်တော့်ကို သူမစောင့်ခိုင်းထားသည်မှာ နေ့လည် နှစ်နာရီမှာ လေးနာရီအတွင်းဖြစ်သည်။ အမှန်တကယ် ထိုစာကြောင်းနှစ်ကြောင်းကို ဆက်ရေးလိုက်ရသော်လည်း  စာတစ်ကြောင်းနှင့် တစ်ကြောင်းမှာ နှစ်အနည်းငယ်ကွာဝေးနေခဲ့ကြောင်း ၀န်ခံရပါမည်။ တနင်္ဂနွေနေ့တိုင်း ကျွန်တော် သူမကို လက်ဖက်ရည် ဆိုင်လေးတစ်ဆိုင်မှ နေ၍ ထိုင်စောင့်နေခဲ့ဖူးသည်။ သူမရောက်လာသော တနင်္ဂနွေများသည် ကျွန်တော့်အတွက် နိဗ္ဗာန်ဖြစ်၍ သူမရောက်မလာနိုင်သော တနင်္ဂနွေများသည် ငရဲဖြစ်သည်။ ဤသို့ဖြင့် နီစွေးနေသော သူမ၏ နှုတ်ခမ်းသား များသည် ကျွန်တော့်အား ရင်ခုန်နွေးထွေးစေခဲ့ဖူးသည်။ ဤသို့ဖြင့် တင်းကျပ်စွာ ဖက်တွယ်ထားသော လက်များ အတွင်းမှာပင် ကျွန်တော်တို့ အဝေးဆုံးဝေးကွာသွားကြသည်။ ဤသို့ဖြင့် ကျွန်တော်သည် ဤဘဒ္ဒကမ္ဘာတွင် နောက်ဆုံးဘုရားတစ်ဆူပွင့်တော်မူမှ ကျွတ်လွတ်မည့် ငရဲသားတစ်ယောက်ဖြစ်ခဲ့သည်။( မ....ရေ။ နီးစပ်ခြင်းဟာ ဘယ်လို ခေါ်သံနဲ့မှ ပြန်ကြားရမယ့် ပဲ့တင်သံလဲ။ ရင်ခုန်သံထက်မြန်တဲ့ အမြန်ဆုံးနှုန်းနဲ့ ပြေး......ထွက်။ ကမ္ဘာ့အပြင်ဘက် တစ်နေရာဆီ ငါအော်ခေါ်လိုက်တယ်။.........။ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်။ ခေါ်သံတွေကိုမှ သိမ်းဆည်း ထားတတ်တဲ့ နံရံထဲ အော်သံတွေ ပျောက်ဆုံး။) ဤသို့ဖြင့် ကျွန်တော် နောက်ဆုံးပြန်ရခဲ့သည်မှာ မျှော်လင့်ခြင်း တနင်္ဂနွေဆိုသော ကဗျာတစ်ပုဒ်သာ ဖြစ်ခဲ့သည်။ ဤသို့ဖြင့် ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သည်။
            ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သည်။ ဒီနေ့ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ပြက္ခဒိန်များ၏ အလိုအရ မနက်ဖြန်သည် အလိုမတူပဲ တနင်္လာဖြစ်ခဲ့ရသည်။ ၀မ်းနည်းစရာတော့ကောင်းသည်။ ဗန်ဂိုးသည် ပါရီမြို့ရှိ ချောင်ကျသော ကဖေးဆိုင်တစ်ဆိုင်ထဲသို့ ရောက်နေသည်။ သူ့လက်ထဲတွင် ကျည်အပြည့်ဖြည့်ထားသော သေနတ်တစ်လက်ကို ကိုင်ထားသည်။ ဗန်ဂိုးသည် ထိုသေနတ်ကို ၀ယ်ဖို့ပိုက်ဆံ ဘယ်သူ့ဆီက တောင်းခဲ့သလဲ ကျွန်တော်မသိ။ သူ့နားထဲတွင် ကြားနေရသည်မှာ ` ဒီလို လက်ညှိုးလေး ကွေးတတ်ဖို့ ဆယ်နှစ် ဆယ်နှစ် ´ဆိုသော စကားဖြစ်သည်။ ဗန်ဂိုးသည် အားပါးတရ ရှိုက်ကြီးတငင်ငိုလိုက်သည်။ ထို့နောက် ကဖေးဆိုင်လေးထဲမှာ သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ အဖျော်ဆရာသည် သူ့မျက်လုံးအစုံကို အထိတ်တလန့် မှိတ်လိုက်သည်။ ဓါတ်ဗူးများအတွင်းသို့ ရေနွေးလိုက်ဖြည့် ပေးနေသော စားပွဲထိုးကလေးလက်မှ ရေနွေးခရားလွတ်ကျကွဲသွားသည်။ လက်ဖက်ရည်ဆိုင်လေးရှေ့ ဗန်ဒါရိပ်တွင် အိပ်တန်းတက်နေသော ငှက်များ အဝေးသို့ ပျံသန်းထွက်ပြေးသွားကြသည်။ ဆောင်းအိပ်မက်သာ ဖြစ်ပါသည်။. ဆောင်းရာသီသည် သူ၏ ကယောက်ခြောက်ခြား အိပ်မက်များကို ဖြန့်ကျဲချထားတတ်သော တစ္ဆေတစ်ကောင်လည်း ဖြစ်သည်။
            ထို့ကြောင့် တနင်္ဂနွေနေ့ဖြစ်သည်။ အင်္ဂလန်ရှိ အိုးထရက်ဖို့ကွင်းကြီးထဲတွင် သရဲနီများ ခက်ရင်းဂွများကိုင်ဆောင်ကာ သောင်းကျန်းနေကြောင်း သတင်းရရှိသည်။ အာဆင်ဝင်းဂါးက သူရဲနီများအား နှိမ်နင်းရန် သူ၏ အရွယ်မရောက်သေးသော ကလေးများအားကိုးဖြင့် ကျည်မထွက်သော အမြောက်ကြီးများအား အသင့်ပြင် လိုက်သည့်အခါ  အနီရောင်ကြိုးကြာငှက်များ လန့်ပျံသွားသည်။ အပြာရောင်တပ်သားများသည် အာဆင်ဝင်းဂါး၏ အမြောက်ကြီးအား ဖျက်ဆီးရန် နည်းပြသစ်တစ်ဦးခန့်လိုက်သည်။ ထိုနည်းပြ၏ အမည်နေရာတွင် သင်၏ အမည်အား ဖြည့်လိုက်ပါ။ သို့သော် လာမည့် တနင်္ဂနွေတွင် နောက်အမည်တစ်ခုဖြစ်နေပါလိမ့်မည်။ ငွေကြေးအနည်းငယ်ရှိလျှင် ရုရှသူဌေးထံမှ နေ၍ ချဲလ်ဆီးအသင်းအား ၀ယ်ယူပြီး ကဗျာဆရာ မောင်ကြည်သာ (တောင်တွင်း) ကို နည်းပြလုပ်ခိုင်းကြည့်ချင်သည်။ စိတ်ကူးသာ ဖြစ်ပါသည်။ အချိန်စေ့ပြီဖြစ်သဖြင့် ဒိုင်လူကြီးသည် သူ့လက်ထဲမှ ပွဲသိမ်းခရာ အား မှုတ်လိုက်သည်။ သို့သော် အသံကားမထွက်။ အသံမထွက်သောကြောင့် ဘောလုံးသမားများသည် ဘောလုံးကိုပဲ အဆက်မပြတ် ဆက်ကန်နေကြသည်။ တစ်ဖက် တစ်ဆယ့်တစ်ယောက်စီ လုကန်နေသော ဘောလုံးလေးမှာ ကျွန်တော်ဖြစ်သည်။ ပိတ်ထားသော တံခါးများကို ဖွင့်လိုက်ပါ။ တနင်္ဂနွေသည် ပျံသန်းရန် အသင့်ဖြစ်နေသော ငှက်တစ်ကောင်လို သူ့အတောင်ပံများကို ဖြန့်ကားထားတာ သင်တွေ့ရလိမ့်မည်။
            ဆောင်းရာသီသည် သူ၏ နှင်းဝတ်ရုံကို ကောင်းကင်သို့ ခါယမ်းလွှင့်တင်ပစ်လိုက်သည်။ ထို့ကြောင့်ပင် မနက်ဖြန် တနင်္ဂနွေဖြစ်ဦးမည်လော။ ဘာပဲဖြစ်ဖြစ် ဒီနေ့ တနင်္ဂနွေဖြစ်သည်။

မင်းနဒီခ

No comments:

Post a Comment