Thursday, April 11, 2013

နာရီစားသူများ



နာရီစားသူများ

ရွှေဗဟိုရ်စည်သံများ မကြားရကြာချေပြီလား။ မစားရကြာချေပြီလား။
ခင်ဗျား ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီ ပန်းချီကား စားဖူးလား။
အင်္ဂလန် ဘစ်ဘင်နာရီစင်နဲ့ ဈေးချိုနာရီစင် တစ်ခါပြင်စားဖူးလား။
ဘယ်နှနာရီ ထိုးပြီလဲ။ မမေးနဲ့။ ငါ့နာရီက ငါးနာရီထိုးဖို့ ငါးနဲ့ ဆယ်နှစ်ကို ထိုးနေပြီ။
နေနာရီ၊ သဲနာရီ၊ အလက်ဇန္နာခရစ္စတီးနဲ့ ရာဒို၊ အိုမီကာလော့ကတ်သီး။
စနေနေ့ည ကိုးနာရီ။ လူမနေသည့် အိမ်ပျက်ကြီးထဲမှ ဆယ်နှစ်နာရီမထိုးခင်သုံးမိနစ်။
သက်ကြီးခေါင်းချ၊ သူငယ်အိပ်ချိန်။ အဲဒီနာရီက အရိုးနည်းနည်းများတယ်။
ခင်ဗျား ဆာနေပြီလား။ သုံးမိနစ်စောင့်။
မီးဖွားချိန်၊ နို့တိုက်ချိန်၊ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်၊ လက်ဖက်ရည်သောက်ချိန်၊ မုန့်စားဆင်းချိန်။
ခင်ဗျား မောင်သင်းပန်ရဲ့ စက်မဲ့နာရီကဗျာ စားဖူးလား။
ရုံးဆင်းချိန်၊ ရုံးတက်ချိန်၊ အိမ်ပြန်ချိန်၊ ညနေချိန်၊ သမီးရည်းစားချိန်းတွေ့ချိန်၊ သုံးမိနစ်စောင့်။
အချိန်၊ ဒီရေနဲ့ အခြား မစောင့်နိုင်သော အရာများ၊ တစ်ခါတည်းသာ စားပစ်လိုက်။
ကြားလား။ေ ချာ က် ချ က်။ ချောက် ချက်။ ချောက်ချက်။ အစာအိမ်မှ တိတိကျကျဆာလောင်မည်ကြွေးသံ။
ငတ်မွတ်ခေါင်းပါးနေသော အချိန်များ။ သတိ နေအိမ်မှ ကားများ နေ့လည်တစ်နာရီတိတိတွင် ထွက်ခွာမည်။
နာရီကို သေသေချာချာ ကြည့်ထား။ လက်ထဲ ထည့်ပတ်ထားတဲ့ အချိန်တွေ အေးခဲပုပ်သိုးမသွားခင်။
ခင်ဗျား အခုစားပစ်လိုက်ပြီလား။ မေးခွန်းက မေးနေပြီ။ အဖြေက နာရီတစ်လုံးကို သွားဝယ်နေတုန်း။
မြန်မြန်လုပ်။ အချိန်မရှိဘူး။ ဟေ့ . . . နာရီထဲမှာ အချိန်တွေ မရှိတော့ဘူး။
အချိန်ထဲမှာ နာရီတွေ မရှိတော့ဘူး။ မရှိတော့ဘူး။

မင်းနဒီခ
Poetry Life Magazine, 2009

No comments:

Post a Comment