Thursday, April 11, 2013

ဂန္ထ၀င်လက်ရေး၊ မုန်တိုင်းကဗျာ၊ မမအလင်္ကာ ( ကဗျာစာအုပ်ခံစားမှု)



ဂန္ထ၀င်လက်ရေး၊ မုန်တိုင်းကဗျာ၊ မမအလင်္ကာ

စာအုပ်အမည်                 မမအလင်္ကာ
ရေးသူ                         မောင်နိုင်လင်း ( ကောလင်း)
ထုတ်ဝေသည့် ကာလ        ၂၀၁၃၊ ဇန်န၀ါရီ
ထုတ်ဝေသည့် တိုက်         စံပယ်နံ့သာစာပေ

        ကျွန်တော်နှင့် မောင်နိုင်လင်း(ကောလင်း) သိကျွမ်းမိတ်ဆွေဖြစ်ခဲ့သည်မှာ ၂၀၀၅ ခုနှစ်လောက်ကတည်းက ဖြစ်ပေမယ့် တကယ်တမ်း ထဲထဲဝင်ဝင်ရင်းရင်းနှီးနှီးပေါင်းဖြစ်တာက ၂၀၁၂ နှစ်ဆန်းပိုင်းလောကဖြစ်သည်။ ၂၀၁၂ မန္တလေး သင်္ကြန် တော်ရိလျော်ရိသံချပ်အဖွဲ့ စတင်စီစဉ်တော့ စာရေးဆရာ စိုးအောင်( မန္တလေး)၊ စိုးဘားဒိုင်၊ ခင်အောင်ဝင့်တို့၏ ဦးဆောင်မှုနှင့်အတူ  သူနှင့် ကျွန်တော်တက်တက်ကြွကြွပါဝင်လှုပ်ရှားဖြစ်ခဲ့သည်။ လူချင်းပိုမိုရင်းနှီးခဲ့သည့်အပြင် စိတ်ချင်း ပါ နီးခဲ့ကြသည်။ ဒီလိုနှင့် ၂၀၁၂ ဇူလိုင်လမှာ ကောင်းကင်မှာ ကြယ်တွေစုံပြီဆိုပေမယ့် လို့ ခေါင်းစဉ်ပေးထားသည့် သူ၏ ကဗျာလုံးချင်းစာအုပ်တစ်အုပ်ထွက်လာသည်။ အဲဒီအရင်က မန္တလေးဝတ္ထုတိုရွှေခေတ် စာရေးဆရာများဖြစ်ကြသည့်  ၀င်းဝင်းမြင့် ( နန်းတော်ရှေ့)၊ မေမောင်၊ နေမျိုး၊ စိုးဘားဒိုင်၊ စိုးအောင်( မန္တလေး)၊ မိုသျှန်းတို့နှင့် အတူ ခုနှစ်ကြိုးတပ်ဂစ်တာ ၀တ္ထုတိုစုစည်းမှုစာအုပ်လေးတစ်အုပ် ၂၀၀၉ အောက်တိုဘာလတွင် သူ၏ စံပယ်နံ့သာစာအုပ်တိုက်မှ ပထမဆုံး ထုတ်ဖြစ် ခဲ့သည်။ ယခု မမအလင်္ကာ အချစ်ကဗျာရှည် စာအုပ်မှာ စံပယ်နံ့သာစာပေ၏ တတိယမြောက်ခြေလှမ်းဆိုလည်း မမှား။ မောင်နိုင်လင်း (ကောလင်း)၏ စာရေးသက် (၁၅)နှစ်ခန့်သက်တမ်းအတွင်း ရိုးရာ ကလောင်ခွဲဖြင့် ရေးခဲ့သော အချစ် ကဗျာ ၊ အချစ်ဝတ္ထုများအပါအ၀င် ကဗျာ၊ ၀တ္ထုတိုများရေးအားကောင်းခဲ့သလောက် စာအုပ်အဖြစ်ထွက်ရှိလာမှုမှာ နည်းသေး သည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် တစ်အုပ်ဆို ဆိုသလောက် ကဗျာဖတ်သူများအား စိတ်ကျေနပ်မှုပေးနိုင်သည် ကတော့ အမှန်ပင်။ မောင်နိုင်လင်း(ကောလင်း)သည် ကဗျာကို ချစ်သည်။ စကားပြေကို ချစ်သည်။ ထို့ထက်ပိုပြောရလျှင် စာပေချစ်စိတ်အပြည့်ရှိသူတစ်ဦးဖြစ်သည်။ ယခု သူသည် မမအလင်္ကာဟု အမည်ပေးထားသည့် အချစ်ကဗျာရှည် သီးသန့် စာအုပ်ထွက်လာသည်။ 
          မြန်မာကဗျာလောကတွင် ကဗျာရှည်တွေ မြောက်မြားစွာ ထွက်ရှိခဲ့သော် အချစ်ကဗျာရှည်တစ်ပုဒ်တည်းအား သီးသန့်စာအုပ်တစ်အုပ်အဖြစ် ထွက်ရှိခဲ့မှု နည်းပါးသည်။ ကျွန်တော်မှတ်သားမိသလောက် မြန်မာကဗျာလောကတွင် ဆရာ အောင်ချိမ့်၏ ဂန္ထ၀င်မမ သည် အထင်ရှားဆုံးဖြစ်သည်။ ပထမအကြိမ် (၁၉၇၉၊ ဖေဖော်ဝါရီ)၊ ဒုတိယအကြိမ် ဆရာ ဒဂုန်တာရာအမှာစာနှင့် (၁၉၉၃ သြဂုတ်လ) နောက်ထပ်အချစ်ကဗျာရှည်သီးသန့်စာအုပ်များမှာ ဆရာမောင်နွေထက်၏ ကမ္ဘာတည့်မယ့် ပန်းပွင့်လက်ရေး(၁၉၉၄၊ ဇန်န၀ါရီ)၊ မောင်သစ်ဝေ (မြင်းခြံ)(၂၀၀၅၊ ဇူလိုင်) တို့ဖြစ်ပြီး နောက်ထပ် ကျွန်တော်လက်လှမ်းမမီသည့် အချစ်ကဗျာရှည်စာအုပ်များ ရှိနိုင်ပါဦးမည်။ ဆရာ မောင်သစ်ဝေ(မြင်းခြံ)ငါ့ရင်ကို မုန်တိုင်းဓါးနဲ့ ငါ့ရင်ကို မထိုးစိုက်လိုက်ပါနဲ့ မိသံလွင်နှင့် ဆရာမောင်နွေထက်၏ ကမ္ဘာတည်မဲ့ပန်းပွင့်လက်ရေး အချစ်ကဗျာရှည်စာအုပ်နှစ်အုပ်မှာ ဖွဲ့နွဲ့ပုံ တူညီသည်။ စကားလုံးအားထုတ်မှု၊ အသံပြေပြစ်စီးဆင်းမှုအားကောင်းသည်။ နှစ်ဦးစလုံးက သူ့ချစ်သူ၏ အလှဖွဲ့၊ ချစ်ခြင်းကို ပုံဖော်သည့် စကားလုံးသုံးစွဲမှု အားကောင်းသည်။ ဆရာ အောင်ချိမ့်၏ ဂန္ထ၀င်မမနှင့် မောင်နိုင်လင်း( ကောလင်း)၏ မမအလင်္ကာ အချစ်ကဗျာရှည်နှစ်ပုဒ်မှာ ချစ်သူကို ချစ်သည့် အကြောင်း ပြောရင်း ခေတ်စနစ်ကို ပုံဖော်ထင်ဟပ်ပြသည်။ ဖြတ်သန်းနေရသော ခေတ်၏ လူနေမှုစရိုက်ကိုပါ တပါတည်း ဖွဲ့နွဲ့ပြ သွားသည်။ ကဗျာကို ဖတ်နေရင်း ကဗျာထဲမှ လူနေမှုစရိုက်တွေ ကဗျာဆရာဖြတ်သန်းနေရသည့် ခေတ်ကို မြင်နေရသည်။ ထို့ပြင် စကားလုံးကျစ်လစ်သည်။ နမိတ်ပုံအားကောင်းသည်။ ဆရာအောင်ချိမ့်နှင့် မောင်နိုင်လင်း(ကောလင်း)တို့က ကဗျာရေးဟန်မှာ စကားပြောရေးဟန်ကို အထူးအလေးထား ရေးဖွဲ့ထားသည်။ ကဗျာကျောရိုးယူပုံနှင့် ကဗျာဇာတ်အိမ် တည်ဆောက်ပုံမှာ ဆရာ အောင်ချိမ့်နှင့် ဆရာမောင်နွေထက်က အနည်းငယ်ဆင်တူသည်။ ဆရာ အောင်ချိမ့်က မပြောဖြစ် လိုက်တဲ့ ရည်းစားစကားဖြစ်ပြီး ဆရာ မောင်နွေထက်က မပေးဖြစ်လိုက်သော ရည်းစားစာတစ်စောင်ဖြစ်သည်။

` ဟုတ်ပြီ
ဆူးအက်တူးမြောင်းကိစ္စ
ဝါးတားဂိတ်၊ ဆိုက်ပရပ်
ခင်ဗျားဘယ်လိုထင်မှတ်ပါသလဲ
ခပ်တည်တည်မေးခွန်းထုတ်
နှုတ်ဆက်ပြီးစကားစမယ်
ဟုတ်တယ်၊ ဒါကောင်းတယ်´
`ဒါနဲ့ပဲ မိနစ်နှစ်ဆယ်လောက်
လွန်မြောက်သွားပါပြီ
စကားမပြောဖြစ်သေး
သူ့ကိုယ်သင်းနံ့လေးတော့ မွှေးနေသေးတယ်´
(အောင်ချိမ့်-ဂန္ထ၀င်မမ)

`ဒီလိုနဲ့
ဘ၀မှာ အနေကြာ
ပေးချင်တဲ့ စာလေးတစ်စောင်ကို
နှလုံးသားအိပ်ထောင်လေးထဲ ထည့်
စောင့်စားရဲခဲ့
မျှော်လင့်ရဲခဲ့
တပ်မက်ရဲခဲ့
ငါ့ရင်ထဲက အချစ်စကား
မင်းကြားနိုင်မယ့်နေ့
ကမ္ဘာကြားအောင် အော်မယ်ဟေ့´
`ချစ်သူဖတ်ပါမှ
ဝေဒနာတွေ ပြေမယ့် ငါ
`အချစ်စာ´
ခုတော့
တစ်ကမ္ဘာခြားနေရတုန်း´
(မောင်နွေထက်- ကမ္ဘာတည်မဲ့ ပန်းပွင့်လက်ရေး)
          သူ့ခေတ်နဲ့သူ လူငယ်ပီပီ အချစ်ကိုဖွဲ့နွဲ့ခဲ့ကြသည်။ နောက်မျိုးဆက်လူငယ်များသည်လည်း ချစ်ကြပါဦးမည်။ ထိုအချစ်ကို ကဗျာတွေလည်း ဖွဲ့ကြပါဦးမည်။ ဆရာသစ္စာနီ၏ ကိုယ်ရေးအကျဉ်းထဲမှ စာသားတစ်ခုလို မတော်တဆ အသည်းကွဲရင်း ကဗျာဆရာဖြစ်လာမည့်သူတွေလည်း ရှိနိုင်ပါသေးသည်။ နူးညံ့သိမ့်မွေ့သော ချစ်ခြင်းတရား၏ ဆွဲဆောင် သိမ်းသွင်းနိုင်စွမ်းတွင် လူတိုင်းကဗျာဆရာတွေ ဖြစ်ခဲ့ကြသည်။ ချစ်သူ့ဆံနွယ်သည် ကဗျာ၊ ချစ်သူ့ ဖိနပ်လေး သည် ကဗျာ၊ ချစ်သူ့ထံမှ ပြုတ်ကျသွားသော ရင်ထိုးလေးသည် ကဗျာ၊ ချစ်သူ့လက်မှ လွှင့်ပစ်လိုက်သော စက္ကူစုတ် ကလေးသည် ကဗျာ။ အချစ်နှင့် ထိတွေ့ဖူးသောသူမှန်သမျှ အရာရာသည် ကဗျာဆန်နေလေ့ရှိသည်မှာ သဘာဝဟုပင် ဆိုလေမလား။ ချစ်တတ်သူတွေအဖို့တော့ ချစ်သူမျက်နှာကို စိတ်ကူးနှင့် ပုံဖော်ငေးမောနေရတာကိုက ကဗျာဖြစ်နေလေ့ရှိသည်။

` မင်းနဲ့ပတ်သက်ရင်
မင်းဖတ်တဲ့စာအုပ်ဟာ ငါဖြစ်တယ်
မင်းသောက်တဲ့ ကော်ဖီဟာ ငါဖြစ်တယ်
မင်းကြည့်တဲ့ လရောင်ဟာ ငါဖြစ်တယ်
မင်းမွှေးတဲ့ စံပယ်ပန်းလေးဟာ ငါဖြစ်တယ်
မင်းနဲ့ပတ်သက်ရင်
မင်းထွေးထုတ်လိုက်တဲ့ နေကြာစေ့ခွံလေးတွေကအစ
မင်းမှုတ်ထုတ်လိုက်တဲ့ သက်ပြင်းလေးအဆုံး
ငါ ရေတွက်နေခဲ့တာပေါ့´
(မောင်သစ်ဝေ(မြင်းခြံ)- မုန်တိုင်းဓါးနဲ့ ငါ့ရင်ကို မထိုးစိုက်လိုက်ပါနဲ့ မိသံလွင်)

`မမ ခေါင်းမော့လိုက်တဲ့အခါ
ငါ့ကမ္ဘာထဲ အလင်းတွေ ပြိုတယ်
မမ မျက်ဝန်းတွေ ဝေ့၀ဲလာတဲ့အခါ
ငါ့ရင်ထဲ တေးသံစုံတယ်
မမ ခေါင်းငုံလိုက်တဲ့အခါ
နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်
ငါ့အိပ်မက်ကို ၀ယ်သွားတဲ့ နှုတ်ခမ်း
အလွမ်းဆိုတာလည်း ပန်းတစ်ပွင့်ပါပဲ´
(မောင်နိုင်လင်း(ကောလင်း)- မမအလင်္ကာ)
         
အချစ်အကြောင်းပြောသည့်အခါ ခေတ်အကြောင်းကိုပါ ပြောရသည်။ ယနေ့ခေတ်သည် ရှေးယခင်တုန်းကလို သုံးနှစ်သုံးမိုးခေတ်မဟုတ်တော့။ ကိုယ့်ချစ်သူအိမ်အပြန်လမ်းမှာ စာလေးတစ်စောင်ပေးဖို့ ထိုင်စောင့်နေရသည့် ခေတ် မဟုတ်တော့။ လက်ဖက်ရည်ဆိုင်မှာ အလွမ်းသီချင်းဖွင့်ခိုင်းပြီး အသည်းကွဲသည့် ခေတ်မဟုတ်တော့။ ကောင်မလေး အိမ်ရှေ့သွားကာ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင်၊ ဂစ်တာတဒေါင်ဒေါင်တီးသည့် ခေတ်မဟုတ်တော့။ ယခုခေတ် သည် အင်တာနက် ထိုင် ချက်တင်လုပ်ရင်း ရည်းစားဖြစ်သွားသည့် ခေတ်။ ရည်းစားစာကို အီးမေးလ် ဂျီလ်တော့နှင့် ပို့သည့်ခေတ်။ ကိုယ်တိုင် ဂစ်တာတီး သီချင်းဆိုထားသည့် ဗွီဒီယိုဖိုင်ကို အွန်လိုင်းတင်ကျူလို့ရသည့်ခေတ်။ မြန်နှုန်းမြင့် သွားနေသည့် ကမ္ဘာကြီးမှာ နည်းပညာတတ်ကျွမ်းမှုသည် မိန်းကလေးတစ်ယောက်၏ အချစ်ကို ရရှိရန်အတွက် မဖြစ်မနေတတ်ကျွမ်းထားရမည့် အတတ်ပညာတစ်ခုအဖြစ်နေရာယူလာသည်။ ဆရာအောင်ချိမ့်၏ ဂန္ထ၀င်မမဖြတ်သန်းခဲ့ရ သည့် ခေတ်နှင့် မောင်နိုင်လင်း (ကောလင်း)၏ မမအလင်္ကာဖြတ်သန်းခဲ့ရသည့် ခေတ် မတူနိုင်ပေ။ ထို့အတူ မမအလင်္ကာ ဖြတ်သန်းခဲ့သည့်ခေတ်နှင့် နောက်လူငယ်မျိုးဆက်တို့၏ မမများဖြတ်သန်းရမည့် ခေတ်မတူနိုင်ပေ။ ခေတ်သည် အချစ် အပေါ် တိုက်ရိုက် သက်ရောက် နေပါသလား။ ဘယ်လိုဖြစ်ဖြစ် ဆရာအောင်ချိမ့်နှင့် မောင်နိုင်လင်း(ကောလင်း)တို့သည် သူတို့ထံ ရိုက်ခတ်ခံထားရသည့် ခေတ်ကို နှစ်မြို့ဟန်မရှိပေ။

`ဒီကောင်က
လောကကိုမုန်းတီး
လူကြီးမင်းများခင်ဗျာ
ထမင်းစားတိုင်း လူမဖြစ်နိုင်ပါ
သာမန်ယေဘုယျလူများ
အရိုးဖြူနေပါပြီ
ကမ္ဘာကြီးခြောက်သွေ့နေပါပြီ
ယုံကြည်သလိုတော့ ပြောဖူးတယ်
ဒါပေမယ့် ငါ့ရင်ထဲမှာ
နိဗ္ဗာန်ဘုံထက် ပြည့်စုံတဲ့ ကမ္ဘာရှိတယ်´
(အောင်ချိမ့်-ဂန္ထ၀င်မမ)

`အဘလို့အော်သံတွေ ဖောင်းပွနေတဲ့ခေတ်ထဲ
မမလို့ ခေါ်ရတာ
ကျွန်တော့်အတွက် မင်္ဂလာပိုရှိလွန်းခဲ့ပါတယ်
တခါတလေတော့လည်း
လောကကြီးက ရယ်စရာသိပ်ကောင်းတာပဲ
အလှူတစ်ပဲ အခွင့်အရေးပိဿာများစွာ
ခရိုနီကမ္ဘာတဲ့ မမရယ်´
(မောင်နိုင်လင်း(ကောလင်း)- မမအလင်္ကာ)

ဆရာ အောင်ချိမ့်က သူခေတ်တွင် ဂီတနက်သန်ကိုစောညိမ်းရဲ့ `သစ္စာ´ ကို ဆိုသည်။ မောင်နိုင်လင်း (ကောလင်း)က သူ့ခေတ်တွင် အဲလက်စ်ရဲ့ `မ မချစ်လို့ မဖြစ်´ သီချင်းကိုဆိုသည်။ ဂန္ထ၀င်မမ က ပါတိတ်၊ အချိတ်၊ ဇင်းမယ်ထဘီနဲ့ အင်္ကျီအဖြူ လက်စကချည်း ၀တ်သည့် စစ်ကြိုခေတ်။ မမအလင်္ကာက ခေါင်းစည်းကြိုးအသစ်၊ ဆွယ်တာ ထည်လဲ၊ ၁/ယ ဆိုင်ကယ်၊ တန်ဖိုးမြင့်ဟမ်းဆက်နှင့် စစ်ဗိုလ်ခေတ်။ ခေတ်ချင်းမတူပေမယ့် အသည်းကွဲတာ ချင်းတူသည်။

`တိုက်ပုံတွေ ဘာတွေဝတ်လို့
ပေါင်ဒါတွေ ဘာတွေဝတ်လို့
သေသေ၀ပ်ဝပ်ကောင်လေးတစ်ယာက်နဲ့ အချိုဖွဲ့လို့
ကုလားရုပ်ရှင်ထဲက
စုံတွဲရှုခင်းလေးနှယ်
ကြည့်ရကောင်းလှပါပေတယ်´
`ဤကမ္ဘာမြေလောက ငြိမ်းချမ်းကြပါစေ
လူသားအားလုံးအရှုံးဒုက္ခကင်းပကြပါစေ
ဟက်ဟက်ပက်ပက်
အသံထွက်အောင်ကို ရယ်မောမိတယ်´
(အောင်ချိမ့်-ဂန္ထ၀င်မမ)

` မမရေ
စိတ်လက်ကြည်သာ
သွားလာလှုပ်ရှားနေပါတော့
လွတ်လပ်ပေါ့ပါးစွာ
နားနေရွှင်ပြပါစေတော့´
`နတ်ဆိုးတစ်ကောင်ရဲ့
အလိုက်မသိ မယဉ်ကျေးမှုတွေဟာ
ပတ္တမြားတစ်ပွင့်ရဲ့
အဖိုးထိုက်ကြီးမြတ်သန့်စင်မှုတွေအတွက်
တည်ငြိမ်အိနြေ္ဒရင့်ကျက်မှုတွေအတွက်
ကိုယ့်အိပ်မက်ကို ကိုယ်တိုင်ပြန်ရက်စက်လိုက်ပါပြီ´
(မောင်နိုင်လင်း(ကောလင်း)- မမအလင်္ကာ)
          ကျွန်တော့်အတွက်ကတော့ မမအလင်္ကာသည် ဂန္ထ၀င်မမ ဖြစ်သည်။ ကမ္ဘာတည့်မဲ့ ပန်းပွင့်လက်ရေးဖြစ်သည်။ မုန်တိုင်းဓါးနှင့် ငါ့ရင်ကို မထိုးစိုက်လိုက်ပါနဲ့ မိသံလွင်ဖြစ်သည်။ အသည်းကွဲနေသာလူငယ်တစ်ယောက်၏ ပြင်းပြင်းရှရှအော်သံဖြစ်သည်။ မျှော်လင့်ထားသော ဖန်ခွက်လေးတစ်လုံး၏ ကျကွဲသံဖြစ်သည်။ ဗီသိုဘင်၏ မတီးရသေးသော တေးသွားဖြစ်သည်။ မြို့မငြိမ်း၏ ပျောက်ဆုံးသွားသော သီချင်းဖြစ်သည်။ ညတစ်ည၏ တိတ်ဆိတ်သော အလင်္ကာဖြစ်သည်။ ကျွန်တော်ပီပီသသ ရွတ်ဆိုမိလိုက်သည်။ အလင်္ကာ။ အလင်္ကာ။ အလင်္ကာ။ မမကြားပါစေလို့။

မင်းနဒီခ


No comments:

Post a Comment