Thursday, April 11, 2013

ရယ်ရယ်မောမောနေ့ရက်များ



ရယ်ရယ်မောမောနေ့ရက်များ

          ရယ်ရွင်စရာကောင်းသော နေ့ရက်များအကြောင်း ကျွန်တော်ပြောပြချင်ပါသည်။ ကျွန်တော့်အတွက် ပြန်တွေး တိုင်း ပျော်ရွှင်မိရသော အဖြစ်အပျက်များသည် သင့်အတွက်လည်း ကြည်နူးမှုတစ်ခုကို ဖြစ်ပေါ်လာစေလိုသော ဆန္ဒရှိပါ သည်။ လူ့ဘ၀သည် ငိုချင်းနဲ့ စပြီး ငိုချင်းနဲ့ ဆုံးသည်ဟု ဆိုသော်လည်း ဖြတ်သန်းခဲ့ရသော ကာလတစ်လျောက်တွင်တော့ ရယ်ရွှင်ဖွယ်ရာနေ့ရက်များလည်း  ပိုင်ဆိုင်ခွင့်ရခဲ့သည်မှာ သေချာသည်။ သင်လည်း အားပါးတရ ရယ်မောခဲ့ရသော နေ့ရက်များ ပိုင်ဆိုင်ခဲ့မည်မှာ သေချာပါသည်။ အခြားသူများလည်း ပိုင်ဆိုင်ခဲ့ဖူးလိမ့်မည်။ အနည်းနှင့်အများ ကွာခြား ကောင်း ကွာခြားနိုင်သော်လည်း ပျော်ရွှင်ရယ်မောရသည့်အခိုက်အတန့်တိုင်း၏ ကြည်နူးကျေနပ်မှုများက တော့ ထပ်တူကျ ကောင်း ကျနိုင်ပါသည်။
            သင်နားထောင်ချင်သည် ဆိုလျှင် ကျွန်တော်ကလေးဘ၀က ရယ်မောစရာတစ်ချို့ကို အရင်ပြောပြချင်ပါသည်။ ထိုအချိန်တုန်းက ကျွန်တော်အသက်ဘယ်လောက်ဆိုတာကို အသေအချာအမှတ်မရတော့သော်လည်း အတော်ငယ် သေး သည် ဆိုတာကိုတော့ မှတ်မိသည်။ အမေက ကျွန်တော့်လက်ကို ဆွဲထားသည်။ အမှောင်ရိပ်ထဲတွင် အဖေက ကျောက်ရုပ် တစ်ရုပ်လို ရပ်နေသည်။ အမေက အဖေ့ကို စကားတွေ တရစပ်ပြောသည်။ ဘာတွေ ပြောနေမှန်း ကျွန်တော် အဲဒီအချိန် တုန်းက နားမလည်ခဲ့။ ညက အရမ်းမှောင်မိုက်နေသည်။ လရောင်မလင်း ကြယ်မခင်းသော ည။ အမေသည် မိန်းမတန်မဲ့ လက်သီးကို ကျစ်ကျစ်ဆုပ်၍ အဖေ့ရင်ဘတ်ကို တဒုန်းဒုန်းထုရိုက်သည်။ ထို့နောက် အားပါးတရ ငိုကာ ကျွန်တော့်ကို ပွေ့ချီ၍ အဖေ့အနားက ထွက်လာသည်။ အဖေကတော့ အမှောင်ရိပ်ထဲမှာ ကျောက်ရုပ်လို ငြိမ်သက်နေဆဲ။ အဖေ ငိုနေလား။ ကျွန်တော်မသိ။ အမှောင်က အဖေ့ဝမ်းနည်းမှုကို ဖုံးကွယ်ထားသည်။ အမေ့ပါးပြင်သည် မျက်ရည်များဖြင့် ပူနွေး စွတ်စိုလျှက်။ ကျွန်တော် အမေ့လက်ပေါ်မှာ တိတ်တိတ်လေး စိုးထိတ်စွာ လိုက်ပါခဲ့သည်။ ကျွန်တော့် အစာအိမ်မှ တဂြီဂြီ မည္သံကုိ ကျွန်တော် ကြားသော်လည်း အမေမကြား။ အမေကြားအောင်လည်း ကျွန်တော် မပြောရဲ။ ထိုညက အမေလည်း အိပ်မပျော် ။ ကျွန်တော်လည်း အိပ်မပျော်။ အမေအိပ်မပျော်သည်မှာ အဖေ့နဲ့ပတ်သက်၍ ဖြစ်သော်လည်း ကျွန်တော် အိပ်မပျော်သည်မှာ ညစာမစားလိုက်ရသောကြောင့်ဖြစ်သည်။ အမေ့က အဖေ့ကို အရမ်းစိတ်ဆိုးပြီး ကျွန်တော့်ကို ထမင်း ကျွေးဖို့ မေ့သွားတာ တဲ့။   ထိုအကြောင်း မိသားစုတွေ စုံချိန် ပြန်ပြောဖြစ်တိုင်း အားပါးတရ ရယ်မောရသည်။
            နောက်ထပ် ရယ်မောစရာတစ်ခု ပြောပြချင်ပါသေးသည်။ အမေက ကျွန်တော့်အောက် နှစ်ယောက်မြောက် ညီလေးကို ၂၆ ရက် ၈ လမှာ မွေးသည်။  လမ်းတွေပေါ် လူစုလူဝေးတွေနှင့်  ရုတ်ရုတ်သည်းသည်း ဖြစ်နေသည့် ကာလ။ ရှစ်လေးလုံးအရေးအခင်းကာလကြီးဖြစ်သည်။ ညမထွက်ရ အမိန့်တွေလည်း ထုတ်ထားသည်။ နေ၀င်မီးငြိမ်း။  အဖေက အရေးအခင်းမတိုင်ခင်ကတည်းက နဖူးမှာ ခေါင်းစည်းအနီစည်းပြီး အိမ်ကထွက်သွားသည်။  အမေ့ဘေးမှာ ကျွန်တော်ရယ် ငါးနှစ်သားညီလေးရယ် ရက်ပိုင်းပဲ အသက်ရသေးတဲ့ ညီအငယ်ဆုံးလေးရယ် ဒါပဲရှိသည်။ ညီလေးက မီးမှောင်တာနှင့် ငိုသည်။ အမေ ဘယ်လိုချော့ချော့ အငိုက မတိတ်။ ဒီတော့ ခြောက်ဆယ်ဝပ်မီးလုံးလေးကို လက်ကိုင်ပုဝါနှင့် အုပ်ပြီး မီးရောင်မှိန်အောင် အမေက လုပ်လိုက်သည်။ မီးမှိန်မှိန်လေး လင်းတော့မှ ညီငယ်လေးက အငိုတိတ်တော့သည်။ အမေက ညီလေးကို ချော့သိပ်နေတုန်း ခြောက်ဆယ်ဝပ်မီးလုံးကို အုပ်ထားသည့် လက်ကိုင်ပုဝါက မီးသီးအပူကြောင့် တဖြည်းဖြည်း လောင်ကျွမ်းကာ ညှော်နံ့ထွက်လာသည်။ ထို့နောက် မီးခိုးတွေ အူလာသည်။ အမေက ညီလေးကို ချီပြီး အိမ်အပြင် ထွက်ပြေးသည်။ ကျွန်တော်က ငါးနှစ်သား ညီလေးကို ကျောပိုးပြီး အိမ်အပြင်ထွက်ပြေးသည်။ ဘေးအိမ်က လူကြီးတွေ ရောက်လာပြီး အကူအညီပေးမှ အဆင်ပြေသွားတော့သည်။ မီးမလောင်တာပဲ တော်သေးသည်ဟု အခုချိန်မှာ အဖေ့ကို ပြောပြောပြီး ရယ်ကြတဲ့အခါ အဲဒီတုန်းက အငိုသန်ခဲ့သည် ညီငယ်ဆုံးရယ်သံက အကျယ်ဆုံးဖြစ်မည် ထင်ပါသည်။
            ရယ်မောစရာ အဖြစ်အပျက်များအားလုံးအား မှတ်မိရန် မလွယ်သော်လည်း မှတ်မိနေသော အဖြစ်အပျက် များကတော့ ပြန်တွေးတိုင်း ရယ်မောရသည့် အကြောင်းများ ပါပါသည်။ လသာညများတွင် မိသားစု စကားပြောဖြစ်တိုင်း အဖေပြောပြသည့် ရယ်စရာအဖြစ်အပျက်လေးတစ်ခုအကြောင်း သင့်အား ပြောပြချင်ပါသေးသည်။ အရေးအခင်း ကာလ အတွင်းက အဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ အဖေက နိုင်ငံရေးစိတ်အား ထက်သန်သူဖြစ်သည်။ ထိုကာလ ဆန္ဒပြ စီတန်း လှည့်လည်သည့်အခါ အဖေက အလံကိုင်ဖြစ်သည်။ ရှေ့ဆုံးကနေ လမ်းလျှောက်ရသည်။ ပါးစပ်ကလည်း အတိုင် အဖောက်ညီညီ အော်ဟစ်ကြသည်။ အဲဒီလို အားပါးတရ အော်ဟစ်လမ်းလျှောက်နေတုန်း သေနတ်ပစ်ဖောက်သံတွေ ကြားသည့်အခါ အားလုံးထွက်ပြေးကြသည်။ အဖေလည်း သတ္တိကောင်းကောင်းနှင့် ရောက်ရာပေါက်ရာ ထွက်ပြေးသည်။ ကံဆိုးချင်တော့ အဖေထွက်ပြေးသည့်ဘက်မှာ သေနတ်ကိုင်ထားသည် ယူနီဖောင်းဝတ်တစ်ယောက်နှင့် တည့်တည့် တိုးသည်။ ထိုလူက အဖေ့ကို သေနတ်နှင့် ချိန်ထားသည်။ အဖေ့လက်ထဲတွင် အလံတုတ်နှင့်။ အလံပိတ်စက ဘယ်နေရာ ကျွတ်ကျန်ခဲ့လဲ မသိ။ အဖေက ကြောက်ကြောက်နှင့် အလံတုတ်ကို ရွယ်ထားသည်။ သေနတ်နှင့်ချိန်ထားသည့် လူက အဖေ့ကို တွန်းထုတ်ရင်း တိုးတိုးလေး ပြောသွားတယ်။ မြန်မြန်ပုန်း နေ တဲ့။ ကျွန်တော်ပြောပြတာထက် အဖေပြောပြတာ ပိုရယ်စရာကောင်းပါသည်။ အဖေပြောပြတာထက် အမေပြန်ပြောပြတာ ပိုရယ်စရာကောင်းသည်။ ` ငါ့သားရေ မင်းအဖေ လေ မကြီးမငယ်နဲ့ ပုဆိုးထဲ ရှုးပေါက်ချတယ် တဲ့။
            သင်စိတ်ဝင်စားမည်ဆိုလျှင် နောက်ထပ် ရယ်မောစရာ များစွာ ပြောပြချင်ပါသေးသည်။ ကျွန်တော်တို့ ရွာသာ ရပ်ကွက် မီးအကြီးအကျယ်လောင်တုန်းက အမေက တခြားပစ္စည်းတွေ မသိမ်းဆည်းပဲ ဖွင့်မရတော့တဲ့ တရုတ်ကက်ဆက် အစုတ်လေး ခြင်းထဲထည့်ပြီး မီးလွတ်ရာ ထွက်ပြေးတဲ့ အကြောင်း။ ကျွန်တော်ကလေးဘ၀က ကိုယ်တိုင်မ၀ယ်နိုင်လို့ ကြိုးပြတ်စွန်လေး လိုက်လုရင်း ရေမြောင်းထဲ ပြုတ်ကျဖူးတဲ့အကြောင်း။ စက်ဘီးစီးသင်ရင်း အခြား ကလေးတစ်ယောက်ကို စက်ဘီးနဲ့ ၀င်တိုက်တာ စက်ဘီးလေးသူများဆီ အတိုးနဲ့အပ်ပြီး ဆေးဖိုးပေး လိုက်ရတဲ့အကြောင်း။ အလယ်တန်း ကျောင်းသားဘ၀က အတန်းဖော်ကောင်မလေးတစ်ယောက်ကို ရည်းစားစာ လိုက်ပေးရင်း ခွေးအကိုက်ခံ ရတဲ့အကြောင်း။ တစ်ချို့အကြောင်းတွေကတော့ အားပါးတရ ရယ်စရာမကောင်းတော့ပေမဲ့ ကျွန်တော့်အတွက်တော့ အနည်းငယ် လောက် တော့ ပြန်ပြုံးမိစေသည့် အဖြစ်အပျက်များဖြစ်သည်။
            ကျွန်တော်တို့ လင်မယား သမီးရည်းစားဘ၀တုန်းကဖြစ်သည်။ သူ့အဖေက ကျွန်တော်နှင့် သူမကို လုံးဝ သဘောမတူ။ မြန်မာရုပ်ရှင်ဇာတ်လမ်းထဲကလို သူ့အဖေက နှလုံးရောဂါရှိသည်။ သူမက ကျွန်တော့်ကို အဆက်ဖြတ်ဖို့ ပြောသည်။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး ငိုကြွေးခဲ့ကြသည်။ ထို့နောက်လမ်းခွဲ ခဲ့ကြသည်။ တစ်ပတ်ခန့်ကြာသောအခါ ကျွန်တော်တို့နှစ်ယောက် မခွဲနိုင်လို့ ပြန်ဆက်ကြသည်။ နောက်တစ်ပတ်ခန့် ကြာသောအခါ အရင်လို ထပ်မံလမ်းခွဲကြသည်။ တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ ကျွန်တော်တို့ နှစ်ယောက် ကြေကြေကွဲကွဲ ငိုကြွေးကြပြန်သည်။ နောက်တစ်ပတ်ခန့်ကြသောအခါ အရင်လို မခွဲနိုင်မခွာရက် ပြန်လက်တွဲကြပြန်သည်။ နောက်ဆုံးတော့ ကျွန်တော်နှင့် သူမ လက်ထက်လိုက်ပါသည်။ လက်မထက်ခင် တစ်လခန့် ကြိုတင်ပြီး သူမနှင့် ကျွန်တော် အတူတူနေဖို့ သူမအဖေက အိမ်လေးတစ်လုံး ဆောက်ပေးသည်။ သူမအဖေ (ကျွန်တော်ယောက္ခမ) နှလုံးရောဂါ တစ်ဝက်ပျောက်သွားသည်။ သူမအဖေက ဘောလုံးပွဲဝါသနာပါသည်။ ကျွန်တော်ကလည်း ၀ါသနာပါသည်။ အဖေက မန်ယူပရိသတ်။ ကျွန်တော်ကလည်း မန်ယူပရိသတ်။ စနေတနင်္ဂနွေ ဘောလုံးပွဲရှိပြီဆိုလျှင် သားအဖနှစ်ယောက် တတွဲတွဲ မခွဲတော့။ ပြန်တွေးကြည့်တော့ ရယ်စရာကောင်းသည်။ ကျွန်တော့်မိန်းမပြောတာ ပိုရယ်စရာကောင်းသည်။ ` အဖေက မောင် ဘောလုံးပွဲခန့်မှန်း တော်တာ ဘာဖြစ်လို့ စောစောမပြောတာလဲ´ တဲ့။
            နောက်ထပ်ပြန်ပြောဖြစ်သည့် ရယ်စရာအဖြစ်အပျက်တစ်ခုရှိပါသေးသည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက် အိမ်ထောင်မကျခင်က သူငယ်ချင်းဆရာဝန်မတစ်ယောက်က ပြောသည်။ ကျွန်တော့်အမျိုးသမီးတွင် ကလေးရနိုင်ချေ ၂၀ ရာခိုင်နှုန်းသာ ရှိကြောင်း။ အိမ်ထောင်ကျပြီးကလေးမရဘူးဆိုလျှင် အိမ်ထောင်ရေးပြဿနာရှိလာနိုင်တာမို့ လက်ထပ်ဖို့ စဉ်းစားသင့်ကြောင်း ပြောသည်။ ကျွန်တော်ကလည်း ကလေးမရလည်း ပြဿနာမဟုတ်ဘူး။ သူမကို ချစ်လို့ကို လက်ထပ်တာ။ ကလေးလိုချင်လို့ လက်ထပ်တာမဟုတ် ဟုပြောပြီး ကြည်ဖြူစွာ လက်ထပ်လိုက်ကြသည်။ တကယ်တမ်း အိမ်ထောင်ကျတော့ ကလေးက လိုချင်လာသည်။ ဘုရားသွား သားဆုပန်ကြသည်။ တိုက်တိုက်ဆိုင်ဆိုင် သားဆုပန်ပြီး နောက်ပိုင်း သူမမှာ ကိုယ်ဝန်ရှိသည်။ ကျွန်တော်တို့နှစ်ယောက်ပျော်ရွှင်မှုက ဘာနဲ့မှ နှိုင်းယှဉ်စရာမရှိတော့။ သို့ပေမဲ့ ကိုယ်ဝန်တစ်လပြည့်တဲ့နေ့မှာ သူမ ကိုယ်ဝန်ပျက်ကျသလိုဖြစ်ခဲ့သည်။ တကိုယ်လုံးထူပူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ မျက်ရည်တွေပဲ အလိုလိုစီးကျလာသည်။ ချက်ချင်းအထူးကုဆေးခန်းတစ်ခုကို သွားသည်။ အရေးပေါ်ဌာနပြေးသည်။ သူမကို သားဖွားဆရာဝန်မကြီးတစ်ယောက်က အော်ပရေးရှင်းခန်းထဲ ပို့လိုက်ကြသည်။ ဆေးစစ်ချက်အဖြေတွေ ရဖို့ တစ်ပတ်စောင့်လိုက်ရသည်။ ကံကောင်းထောက်မစွာ ကလေးလေး ရှိသေးသည် ဆိုတဲ့ အဖြေကို ရသည်။ နောက်ထပ် ဆရာဝန်မကြီးပြောလိုက်တဲ့ စကားကလည်း ကျေနပ်စရာကောင်းသည်။ ဒီလိုသွေးကျော်ပြီး မွေးလာတဲ့ကလေးက ပိုပြီး ကျန်းမာရေး ကောင်းတတ်သည် တဲ့။ အခု သမီးလေး နှစ်နှစ်ကျော်လာသည်အထိ ဆရာဝန်မကြီးစကားက မှန်သည်။ သမီးလေးက ကျန်းမာရေးကောင်းသည်။ ပြန်တွေးကြည့်တော့ ရယ်စရာကောင်းသည်။ ကျွန်တော့်ဇနီးပြောတာ ပိုရယ်စရာ ကောင်း သေးသည်။ သူမက အဲဒီလိုဖြစ်တုန်းက သစ္စာဆိုခဲ့ပါသေးသည် တဲ့။ သူမဆိုတဲ့ သစ္စာက ' ကျွန်မသည် ငချိပ်ပေါင်း ကြိုက်သည်။ ချောကလက်ကြိုက်သည်။ ထန်းလျက်ကြိုက်သည်။ အနက်ရောင်ကြိုက်သည် ။ ကျွန်တော့်အား အမှန်တကယ် ချစ်မြတ်နိုးပါသည်´ တဲ့ ။
            ကျွန်တော်တို့ မိသားစုတွေ ဆုံတဲ့ညတိုင်း ကော်ဖီစကားဝိုင်းဖွဲ့တတ်လေ့ရှိသည်။ အဖေက သူ ငယ်ဘ၀ အဖြစ် အပျက်ရယ်စရာလေးတွေ ပြောပြတတ်သည်။ အမေကလည်း သူအပျိုတုန်းက အဖြစ်အပျက်လေးတွေ ပြန်ပြောပြ တတ်သည်။ ကျွန်တော်တို့ညီ အစ်ကို တတွေက အဖေနှင့် အမေပြောပြသမျှ ရှေးဟောင်းနှောင်းဖြစ်တွေကြားမှာ ရယ်ရင်း မောရင်း အိပ်ပျော်သွားတတ်ကြတာ များသည်။ အခုနေ ပြန်တွေးကြည့်တော့ လွမ်းမောစရာကောင်းသည်။ ကျွန်တော်တို့ မိသားစုတွေ အရင်လို ပြန်မဆုံဖြစ်ကြတော့။ အဖေက ကချင်ပြည်နယ်ဘက်မှာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသည်။ ကျွန်တော်နှင့် ညီငယ် နှစ်ယောက်က အိမ်ထောင်ကျပြီး တစ်အိုးတစ်အိမ်စီ ခွဲနေကြသည်။ အမေနှင့် ညီအငယ်ဆုံးလေး ကတော့ အတူတူနေသေးသည်။ ကျွန်တော်က တစ်ပတ်တစ်ခါလောက် အမေဆီရောက်သော်လည်း ညီနှစ်ယောက်က တစ်လမှ တစ်ခါလောက်သာ အမေ့ဆီရောက်သည်။ အဖေကတော့ ခြောက်လ တစ်နှစ်နေမှ တစ်ခါ အမေ့ဆီ ပြန်လာနိုင်တော့သည်။ ကျွန်တော်တို့ မိသားစု ကော်ဖီဝိုင်းလေး မဖွဲ့ဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ဟိုးအရင်အချိန်များက ငွေကြေးမပြည့်စုံမှုတွေနဲ့ အမြဲတမ်းပျော်ရွှင်ဆူညံနေသည့်အိမ်ကလေးတစ်လုံးသည် ယခုအခါ ငွေကြေးလုံလောက် ပြည့်စုံမှုတွေနှင့် ခြောက်ကပ်တိတ်ဆိတ်နေသည်။ ကျွန်တော့်ကလေးဘ၀က ဒိုင်ယာရီစာအုပ်ထဲတွင် စာလေးတစ်ကြောင်း ရေးထားဖူးသည်။` ပြည့်စုံတဲ့ မိသားစုမှ မရှိတာ ဘယ်မှာ အိမ်ဆိုတာ ရှိနိုင်ပါ့မလဲ´ တဲ့။ နောက်ရက်အနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်အကြာမှာ ထိုစာကြောင်းလေးကို ပြောပြောပြီး ကျွန်တော်တို့မိသားစုတွေ ကော်ဖီဝိုင်းလေးမှာ ရယ်မောကြ ပါလိမ့်ဦးမည်။ အဲဒီအခါမှာ သင့်အား ရယ်စရာအဖြစ်အပျက်များကို ထပ်မံပြောပြနိုင်လိမ့်မည်ဟု ထင်ပါသည်။

မင်းနဒီခ
Beauty Max မဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၃


No comments:

Post a Comment