Monday, April 22, 2013

ပန်းပွင့်တွေသီချင်းမဆိုတတ်ဘူးမျှော်လင့်ခြင်းတနင်္ဂနွေ- ရိုးရာ


ပန်းပွင့်တွေသီချင်းမဆိုတတ်ဘူးမျှော်လင့်ခြင်းတနင်္ဂနွေ

စာအုပ်အမည်                 ပန်းပွင့်တွေ သီချင်းမဆိုတတ်ဘူး မျှော်လင့်ခြင်းတနင်္ဂနွေ
ရေးသူ                         နေညိုအောင်၊ မင်းနဒီခ
ထုတ်ဝေသည့် ကာလ        ၂၀၁၂ ၊ ဒီဇင်ဘာလ
ထုတ်ဝေသည့် တိုက်         ကြည်ကြည် စာအုပ်

        လေပြည်မှာ လွင့်ပါလာတဲ့ သစ်ရွက်လေးတွေရဲ့လှုပ်ခတ်သံဟာ ကဗျာတစ်ပုဒ်ပါပဲ။ မျှော်လင့်ခြင်းနှင်းတွေ ဝေနေအောင်ပန်ထားတဲ့ ဆောင်းဟာ တနင်္ဂနွေနေ့ရက်များစွာမှာ ပိုပြီး လှပနေပေါ့။ ပန်းပွင့်တွေက သီချင်း မဆိုတတ်ဘူး တဲ့လား။ မဖြစ်နိုင်တာ။ ပန်းပွင့်တွေရဲ့ သီချင်းသံကို ကျွန်တော်ကြားနေရတယ်။ နွဲ့နွဲ့လေးပွင့်ပြနေတဲ့ ရင်ခုန်သံဖွဲ့သီချင်း တွေလေ။
` နှလုံးသားဟာ သိမ်ငယ်ဝမ်းနည်းနေတဲ့အခါ
ပြတင်းတံခါးလေးဖွင့် အိမ်အပြင်ငေးနေမလား´
` တစ်ယောက်ကို တစ်ယောက်က
သတိရရင်စာလေးတစ်စောင်လောက်တော့ ရေးသင့်တာပေါ´
        ရေးဖူးတဲ့ စာလေးတွေ ဘယ်မှာ နားခိုနေကြသလဲ။ စာလေးတွေထဲမှာ၊ ညရဲ့အိပ်မက်တွေထဲမှာ၊ အဖြူရောင် အနမ်းလေးတစ်ပွင့်ထဲမှာ ကျွန်တော်ပေးခဲ့တဲ့ နှင်းဆီဟာ ညှိုးခြောက်သွားဖို့ မဟုတ်ခဲ့ပါဘူး။ ပျော်ရွှင်စရာအတွက် လောကကြီးက ကျဉ်းလွန်းသလောက် မျှော်လင့်ခြင်းအတွက်တော့ လောကကြီးက ကျယ်ပြန့်လွန်းလှပါတယ်။
        ကျွန်တော်က ကြေကွဲနေတဲ့ နာရီတစ်လုံးပါ။ ကျွန်တော်က ခြောက်သွေ့နေတဲ့ ကော်ဖီခွက်လေးပါ။ ကျွန်တော်က နတ်သမီးကို အမြင်ချင်ဆုံးအရူးတစ်ယောက်ပါ။ အခုတော့ မြင်လေရာလှိုင်းခတ်အောင် လွမ်းနေရတယ်။ အလွမ်းဟာ လည်း လိမ္မော်သီးတစ်လုံးလို ချိုနေရင် သိပ်ကောင်းမှာပဲ။ သံဇကာကွက်တွေပေါ် လရောင်ကျတိုင်းလည်း ညီမလေး နာမည်ဟာ ကျွန်တော်လက်သူကြွယ်မှာ ငြိနေတုန်းပေါ့။ လွမ်းတယ် မြ၀တ်ရည်။
` ချစ်မေတ္တာရဲ့ ကောင်းနိုးရာရာလေးတွေ
ဘယ်သူ့အသံနဲ့ အသက်ဆက်ရမလဲ´
`နေပူတဲ့ ကမ္ဘာမှာ ဆွေးရတယ်
ဘ၀ဟာ အဖြေမတူတော့ ဝေးရတယ်ပေါ့ ဟုတ်လား´
        အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ ကျွန်တော့်ညတွေဟာ မလှပခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ စံပယ်ရုံလေးတွေ ဖျားနာ နေခဲ့တာ ကြာပြီပဲလေ။ ဆွေးမြေ့နေတဲ့ လမင်းရဲ့ ထက်ပိုင်းကျိုးနေတဲ့ ပြဇာတ်အကြောင်း ကြယ်ပွင့်လေးတွေ ကိုလည်း ပြောမပြတော့ဘူး။ ရွှေငါးလေးတွေကိုလည်း ပြောမပြတော့ဘူး။ ငယ်ငယ်တုန်းကလို လက်ဖ၀ါးဖြန့်ရင် တစ်ခုခုရနိုင်လည်း အကောင်းသား။ အခုတော့ ကျွန်တော့်အဆွေးစိတ်ကြောင့် ကြွေသွားတဲ့ သစ်ရွက်လေးကို အားနာနေရတယ်။
`ချစ်တယ် ချစ်တယ်
ချစ်တယ် ချစ်တယ် ချစ်တယ်
ချစ်တယ် ချစ်တယ် ချစ်တယ်´
        အဲဒီလို လှိုက်လှိုက်ဖိုဖို ဟစ်အော်ပြောပြဖို့ကလည်း ပန်းပွင့်လေးက အနားမှာ မရှိတော့ဘူး။ ၁၉ လမ်း မြောက်ပြင် မန္တလေးကျုံးနံဘေးရဲ့ ခုနှစ်စဉ်ကြယ်ညနေခင်းများ။ အားလုံးဟာ အခု တနင်္ဂနွေ ရုပ်ရှင်တစ်ကားလို။ ကျွန်တော့် ပန်းပွင့် လေးမရှိတဲ့အခါ သစ်ခွပန်းလေးတစ်ပွင့်လည်း အရေးတကြီးပွင့်စရာမလိုသေးဘူးပေါ့။ အရေးတကြီး မဆွေးနွေး ချင်ဘူး။ အရေးတကြီးမတောင်းဆိုချင်ဘူး။ နင့်နှလုံးသားမှာ မရေးဖြစ်လိုက်တဲ့ စာသား။ နင့် နားနှစ်ဖက်မှာ မပန်ပေးဖြစ်တဲ့ ကဗျာ။ အခုနင်ဘယ်မှာလဲဟယ်။
` တကယ်ဆို
သူက ဝေးလွင့်သွားတဲ့ သီချင်း
ဒါမှမဟုတ်
ရောက်ရှိလာသော နာကျင်မှု´
       ကျွန်တော်တို့ နောက်ထပ်ပြန်ဆုံဖို့ ရှိသေးလား။ ဆန္ဒမီးလေးမငြိမ်းဖို့ မလိုအပ်ခြင်းတွေ ဘယ်လောက်ထိ ၀ယ်ရမလဲ။ မြင်ကွင်းက အ၀ါရောင်ပြောင်းသွားပြီ။ စမ်းချောင်းလေးလည်းခမ်းပြီ။ အခုထိ မိုးမလင်းသေးဘူး။ အိပ်မက်ပန်းဦးရဲ့ ဖက်စိမ်းနုသံစဉ်မှာ ကျွန်တော်လဲပြိုလို့ ကောင်းနေဆဲ။ တစ်ချိန်က မိုးဖွဲလေးတွေက အခုနှုတ်ဆက်မျက်ရည်ဖြစ်လာမယ်လို့ ဘယ်သူတွေးမိမှာလဲ။
        သစ်ရွက်တွေ ကြွေသလို ပန်းပွင့်တွေ ကြွေသလို အိပ်မက်တို့ ကြွေလိုက်ရတော့မှာလားကွယ်။ ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာအတွက် နောင်တဟာ ဘယ်တော့မှ တံခါးလာခေါက်မှာ မဟုတ်ပါဘူး။ ကြသပတေးလည်း မဝေးဘူး။ သောကြာလည်း မဝေးဘူး။ နောက်ထပ်မဝေးဘူးဆိုတဲ့ စာသားကို ဆေးမင်ကြောင်ထိုးထားခဲ့ပေမယ့် ကျွန်တော်တို့ တကယ်ဝေးခဲ့ကြတယ်။
        သေချာတာတွေက မသေချာသေးဘူး မြ၀တ်ရည်။ ခရီးတစ်ခုအတွက် အချိန်တစ်ခုလိုအပ်သလို အချစ်တစ်ခုအတွက် အချစ်တစ်ခုဟာလည်း လိုအပ်ခဲ့တာပေါ့။ မင်းရဲ့ အကြည့်တစ်ချက်ဆုံရုံနဲ့ ဖူးပွင့်လာမယ့် ငါ့ရဲ့ စံပယ်ရုံလေးလည်း ဒီမှာစောင့်နေတယ်။ မင်းပြန်လာဦးမှာလား။ မင်းပြန်လာဦးမှာလား။ မင်းပြန်လာဦးမှာလား။ အဲဒီအမေးစကားလေးတစ်ခွန်းကိုပဲ အထပ်ထပ်ရေရွတ်နေမိတဲ့အခါ နွေကာလက ပိုပြီး ရှည်လျားသွားလေရဲ့။
`တယုတယထုပ်ပိုးထားတဲ့ ချောကလက်တစ်တောင့်မှာ
ချစ်ခြင်းတရားက ဘယ်လိုအရသာနဲ့ ပျော်ဝင်နေသလဲ
ကိုလံဘီယာက ပို့လိုက်တဲ့ နှင်းဆီနီနီမှာ ငါ့နာမည်မပါဘူး
ဖေဖော်ဝါရီ ၁၄ လမ်းမှာ ငါ့အိမ်နံပါတ် မရှိဘူး´
       ကျွန်တော့်အခန်းထဲ ပြန့်ကျဲနေတဲ့ ပိုင်ရှင်မဲ့ ပို့စ်ကဒ်တွေ၊ အကြိမ်ကြိမ်ချိန်းဆိုပြီး အကြိမ်ကြိမ်လွဲချော်ထားတဲ့ နေ့စွဲတွေ၊ နွေကြိုတေးနဲ့ ချော့သိပ်လိုက်ရတဲ့ အိပ်မက်တွေ ဘယ်သူလာပြီး ရှင်းပေးဦးမှာလဲ။ ဟိုးအဝေးက ခြောက်ကြိုးကသံတွေဟာလည်း ရင်ကိုလာမှန်တဲ့ မြားအစင်းစင်းလိုပါပဲ။ ဘယ်သူ့ကိုမှ ပြန်မပြောချင်တော့ပါဘူး။ နေက လကို မေ့နေသလိုမျိုး၊ နွေဦးက နှင်းစက်ကို မေ့နေသလိုမျိုး၊ ပန်းပွင့်က ပင်စည်ကို မေ့နေသလိုမျိုး၊ အဲဒီလို အမေ့ခံဘ၀မျိုးနဲ့ ကျွန်တော့်ချစ်ခြင်းတရားဟာ မုတ်သုန်မနိုးသေးတာလည်း သေချာခဲ့ပါတယ်။
`ကိုယ်နှုတ်ခမ်းကိုယ်ကိုက်ပြီး ပြန်လာခဲ့ရတဲ့ ညတွေ
အနမ်းဆိုတာ သတိရတိုင်းခြောက်တတ်တဲ့ တစ္ဆေလား´
       လွမ်းတဲ့စိတ်က ဘယ်လိုမှ အငိုမတိတ်တော့တဲ့အခါ အိမ်ပြန်ချိန်လှေကားအဆင်းမှာ ပြုတ်ကျခဲ့တဲ့ မျက်ရည်စက်တွေအတွက်လည်း မရှက်တတ်တော့ပါဘူး။ တနင်္ဂနွေလက်ဖက်ရည်တစ်ခွက်မှာ ပျော်ဝင်သွားတဲ့ စောင့်စားခြင်းတွေ အတွက်လည်း မရှက်တတ်တော့ပါဘူး။ ဘုရားသခင်တားမြစ်ထားတဲ့ သစ်သီးလေးတစ်လုံးခူးမိရုံနဲ့ ကြေကွဲစိတ်တွေ ပင်လုံးညွတ်အိလာတတ်သလား ညီမလေးရေ။
        ဟိုးအဝေးက ရှိုက်သံသဲ့သဲ့ ကြားတယ်။ အဲဒါမင်းပျော်ဖို့သက်သက်နဲ့ ရင်တစ်ခုလုံး ပေါက်ကွဲထွက်လာတဲ့ မီးရှုးမီးပန်းတွေပါ။ မင်းမြင်ပါရဲ့လား ညီမလေးရေ။
`သတိရခြင်းက
မင်းဆီကိုပဲ အတောင်ပံတဖျတ်ဖျတ်ခတ်တယ်
ဘယ်အကြောင်းတရားက ငါတို့ကို ဝေးကွာသွားစေနိုင်မလဲ´
        မျှော်လင့်ခြင်းဆိုတဲ့ ကြမ်းပြင်မှာ အသံမမြည်ဘဲ ကျကွဲသွားတဲ့ ဖန်ခွက်လေးလို လွမ်းတိုင်း ပြိုပြိုလာတတ်တဲ့စိတ်က  တစ်စစီပြန့်ကျဲခဲ့တယ်။ အလွမ်းနဲ့ ပြန်ညှိထားတဲ့ ဂစ်တာတစ်လက်ရဲ့ မင်းနာမည်တဖွဖွခေါ်သံလေး ကြိုးပြတ်မသွားသေးချိန် ကိုယ့်ကိုယ်ကိုယ် ကြည်နူးစွာစတေးပေးလိုက်ပါတယ် ညီမလေးရေ။
ကျွန်တော့်အသွေးအသားထဲ စိမ့်ဝင်နေတဲ့ သတိရခြင်းကို ကုစားဖို့ စစ်ရှုံးနေတဲ့ တောင်ကုန်းကို ပန်းနုရောင်အလံတစ်လက်လွှင့်ထူဖို့ ၊ ခြောက်သွေ့နေတဲ့ ချစ်ခြင်းတရားကို ရေလောင်းပေါင်းသင်ပေးဖို့ ဘယ်တော့ပြန်လာမှာလဲကွယ်လို့ မမေးရဲတော့ဘူး။ အရင်ကလို နက်မှောင်ရှည်လျားတဲ့ ညီမလေးရဲ့ ဆံနွယ်ချောင်းချောင်းတွေကြားမှာ ကျွန်တော့်လက်ချောင်းတွေ ထိုးဖွ ဆော့ကစားဖို့လည်း မရေရာတော့ဘူး။ ကျွန်တော်က အရိပ်ခိုပြီး အခက်ချိုးခံလိုက်ရတဲ့သစ်ပင်လိုပဲ အဖော်မဲ့ လွင်ပြင်မှာ လွမ်းစိတ်နဲ့ပဲ အသက်ရှင်နေတော့မယ်။
`ကပိုကရိုနဲ့ လှချင်တိုင်းလှနေတဲ့ည
နောက်ထပ်ရနိုင်ပါဦးမလား´
`မျက်ဝန်းတွေ စွတ်စွတ်စိုနေပေမယ့်
တနင်္ဂနွေ မိုးတိမ်က ဘယ်လို ခြိမ်းခြိမ်း မရွာဘူး´
        စိတ်ရဲ့ တံစက်မြိတ်မှာ တွဲလဲခိုနေတဲ့ မျက်ရည်စက်များနဲ့ သောက်လက်စ စီးကရတ်က တငွေ့ငွေ့လောင်ကျွမ်းဆဲ။ အမှောင်ဝင်လာတဲ့ လမ်းကလေးအတိုင်း မျှော်နေမိတဲ့ ညနေမှာ  ကျွန်တော်က ချစ်ခြင်းတရားကို ဘယ်လိုပင်လယ်နဲ့ အငွေ့ပျံပြနေရဦးမလဲ။ ရွက်ကြွေလမ်းရဲ့ နာနာကျင်ကျင်ရယ်သံတွေကြားမှာ  ကျွန်တော်နှုတ်ခမ်းတွေ ခြောက်သွေ့လွန်းခဲ့ပါတယ်။ မဆုံနိုင်ခြင်းမှာ ဓါးတစ်လက်ပါမှန်းသိခဲ့ရင် ကျွန်တော့်အချစ်ကို ဓါးအိမ်ထဲက ဆွဲထုတ်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။
        ညီမလေးရေ . . . . .ညီမလေးရေ . . . .. ညီမလေးရေ။ ငါက ဘယ်သူမှ မဖမ်းဘဲ အမိခံလိုက်ရတဲ့ သားကောင်ပါ ။ သံယောဇဉ်ဆိုတာလည်း နှလုံးသားကို ထောင်ဖမ်းတဲ့ ကျော့ကွင်း။ လွမ်းလို့ ကြွေသွားတဲ့ ကြယ်ကို မြင်ဖူးသလား။ အချစ်အကြောင်းပြောတဲ့ညမှာ ညီမလေးက အနားနားမရှိပေမယ့်လည်း ရင် ရင်ချင်း အလင်းပြန်မယ့်နေ့ကို ငါစောင့်မယ်။
        ငါ့မျှော်လင့်ခြင်း တနင်္ဂနွေမှာ ပန်းပွင့်တွေ သီချင်းဆိုကြမယ့် တစ်နေ့ငါ့ရှေ့ကို ရောက်လာဦးမယ်လို့ပဲ ငါယုံကြည်ထားပါတယ် ညီမလေးရေ။ လရောင်ကို ညအမှောင်နဲ့ မျှားတဲ့ည။ အိပ်မက်တံခါးဝမှာ ပန်းဘီလူးများ ကကြပါစေ။ ငါမမှုပါဘူး။ ငါမရွံ့ပါဘူး။
ငါ့ကမ္ဘာဦးရဲ့ နောက်ဆုံးပန်းသီးလေးရေ
ငါ့ရဲ့ ဗုဒ္ဓဟူးနံလေးရေ
ငါ့ရဲ့ ညီမလေးရေ
လွမ်းတယ်ကွယ်။

ရိုးရာ
(နေညိုအောင်၊ မင်းနဒီခ တို့၏ ပန်းပွင့်တွေ သီချင်းမဆိုတတ်ဘူး မျှော်လင့်ခြင်းတနင်္ဂနွေအချစ်ကဗျာများ စာအုပ်မှ စကားလုံးများသီးသန့်ဖြင့် ခံစားဖွဲ့သီပါသည်။)



No comments:

Post a Comment