သိုးတစ်ကောင်ရဲ့ အတ္ထုပတ္တိ
ငါဟာ မြက်ခင်းတုတွေကြား ကျက်စားနေတဲ့ သိုးတစ်ကောင်
ခေတ်ကို မြင်အောင်ကြည့်
လူတစ်ချို့က ငါ့ရဲ့ အမွှေးအမျှင်တွေကို မျက်စောင်းထိုးနေတယ်
လူတစ်ချို့က ငါ့ရဲ့ အသွေးအသားကို သွားရည်တများများကျလို့
ကြင်နာသနားကင်းတဲ့ သူတို့လက်မှာ ဆေးနီတွေ ပေကျံလို့
ပြီးတော့
အဲဒီဆေးနီတွေ ပေကျံနေတဲ့ လက်တွေနဲ့ ဘုရားဝတ်ပြု
အဲဒီလက်တွေနဲ့ပဲ ဘုရားသခင်ဆီက ဆုတွေ တောင်းခံတယ်
ငါဟာ မြက်ခင်းတုတွေကြား ကျက်စားနေတဲ့ သိုးတစ်ကောင်
မြက်ဟန်ဆောင်ထားတဲ့ မြက်တွေကို စားသုံးပြီး
လူဟန်ဆောင်ထားတဲ့ လူတွေကြားမှာ နေထိုင်တယ်
မြက်စားတဲ့ ငါ့လျှာပေါ်မှာ ဆိုက်ဘေးယီးယန်းစတက်မြက်ခင်းစိမ်းကြီးရှိပြီး
လူတစ်ချို့ရဲ့ လျှာပေါ်မှာတော့ အသွားထက်ထက် ကတ်ကြေးတစ်လက်ရှိတယ်
အခု ငါ့ခန္ဓာပေါ်မှာ ဆေးနီတွေက တစက်စက်ပေကျံလို့
ပေကျံနေတဲ့ ဆေးနီတွေအောက်က ဆွတ်ဆွတ်ဖြူ ငါ့အမွေးအမျှင်တွေဟာ
အပြုံးထဲမှာ ဓါးတစ်လက်ထည့်ဖွက်ထားတဲ့လူတွေကို အနွေးဓါတ်ပေးတယ်
ငါ့အသွေးအသားနဲ့ တည်ခင်းထားတဲ့ပွဲတော်အုပ်ဟာ ချိုမြိန်လို့
အငွေ့တထောင်းထောင်းထ ညစာစားပွဲအလယ်
လူတစ်ချို့က အဆီဝနေတဲ့နှုတ်ခမ်းနဲ့ ကိုယ့်ဗိုက်ကိုယ် ပြန်ပွတ်သပ်
အာဟာရပြည့်တော့လဲ နောက်လှည့်မကြည့်ဘဲ ကိုယ်အိပ်ယာကိုယ် ထပြန်သွားကြ
နောက်ဆုံးတော့
နူးညံ့မှုဟာ
ချိတ်ထားတဲ့ သိုးမွှေးအင်္ကျီ တစ်ထည်လို
နံရံမှာပဲ တင့်တယ်နေလေရဲ့။ ။
မင်းနဒီခ
ပိတောက်ပွင့်သစ်၊ဧပြီ၊ ၂၀၁၁
No comments:
Post a Comment