Thursday, April 11, 2013

ကျွန်တော်ပြောချင်တာ ဒီအကြောင်းမဟုတ်ဘူး



ကျွန်တော်ပြောချင်တာ ဒီအကြောင်းမဟုတ်ဘူး

အိမ်အပြင်မှာ နှင်းတွေ တဖွဲဖွဲကျနေပြီလား။ သစ်ရွက်တွေ တလှပ်လှပ်ကြွေကျနေပြီလား။ မိုးတွေ တဖျောက်ဖျောက် ရွာကျနေပြီလား။ ဘာပဲဖြစ်ဖြစ် ဘောလုံးပွဲကတော့ စပြီ။ အနီရောင်အသင်းနဲ့ အပြာရောင်အသင်း။ ကျွန်တော်ပြောချင်တာ ဒီအကြောင်း မဟုတ်ဘူးဆိုတာ ခင်ဗျားသိနေမှပဲ။ ထားတော့။ ဖြစ်နိုင်ချေရှိတာက အသင်းတစ်သင်းက အခြားအသင်း တစ်သင်းကို ဂိုးတွေ တရစပ်သွင်းပြီး အောင်ပွဲခံနိုင်ဖို့။ ဖြစ်နေတာက ကျွန်တော့်မှာ ဂစ်တာတစ်လက်မရှိဘူး။ ဆိုစရာသီချင်းကလည်း များများစားစားမရှိပါဘူး။ တစ်ပုဒ်ပဲ။ သက်ငြိမ်။ လူတစ်ယောက်မူးလဲနေတယ်။ မပီမသဆဲရေးသံ ကြားတယ်။ ဒါပေမဲ့ အဲဒီသီချင်းကို အသံကုန်အော်ဆိုပစ်လိုက်လို့လည်း မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်တော် ဘောလုံးပွဲကြည့်နေတယ်။ အခုအနီရောင်အသင်းတိုက်စစ်မှူးက တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာအစပ်အထိ ဘောလုံးကို ဆွဲယူသွားပြီ။ ခက်တာက အဲဒီအနီရောင်အသင်းရဲ့ တိုက်စစ်မှူးက ရွန်းနီဖြစ်နိုင်သလို ဆွာရက်စ်လည်း ဖြစ်နိုင်တယ်။ ကမ္ဘာ့အကောင်းဆုံးဆုရထားတဲ့ ရီးရဲမက်ဒရစ်ကစားသမား စီရော်နယ်ဒိုလည်း ဖြစ်နိုင်သလို စပိန်ရောက် အာဂျင်တိုင်းသား မက်ဆီလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်နေတဲ့အထဲမှာ ဖြစ်ချင်နေတာက လက်ဖက်ရည်တစ်ခွက်ကို  တစိမ့်စိမ့် အရသာခံပြီး သောက်ချင်နေမိတာ။
ဒီနေ့တစ်မနက်ခင်းလုံး လက်ဖက်ရည်ဆိုင်မှာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ထိုင်ခဲ့ပေမဲ့ လက်ဖက်ရည် တစ်ခွက် တလေမှ မသောက်ဖြစ်ခဲ့ဘူး။ လက်ဖက်ရည်ဝိုင်းမှာ ပန်းချီဆရာရယ်၊ ကဗျာဆရာရယ်၊ တိရစ္ဆာန်ဆေးကုဆရာဝန်ရယ်၊ ကာတွန်းဆရာရယ် ပြီးတော့ ကျွန်တော်ပေါ့။ အတူတူထိုင်ဖြစ်ခဲ့တယ်။ ကာတွန်းဆရာက ဂျာနယ်တစ်စောင်ကို သည်းသည်း မည်းမည်းဖတ်နေတယ်။ ကဗျာဆရာက ပန်းချီနည်းစနစ်တွေအကြာင်း၊ အရောင်အထူအပါးအကြောင်း၊ Abstract Expressionism အကြောင်း၊ ဂျက်ဆင်ပေါလော့ရဲ့ အစက်ချပန်းချီကားတွေ အကြောင်း၊ ဒီကူးနင်းရဲ့ Women Series ပန်းချီကားတွေ အကြောင်းပြောတဲ့အခါ ပန်းချီဆရာက အင်တာနက်ပေါ်က မော်ဒယ်မင်းသမီးလေးတွေအကြောင်း အပိုင်း ၃ ပိုင်းခွဲပြီး ပြောတယ်။ ပါစပတ်တစ်နည်းနည်းလိုသေးတယ် တဲ့။ တိရိစ္ဆာန်ဆေးကုဆရာဝန်ကတော့ သူ့အတွက်အင်မတန် အရေးကြီးသတင်းတစ်ခုဖြစ်တဲ့ ဂြိုဟ်အဖြစ်က နိမ့်ကျသွားတဲ့ ဂြိုဟ်ကြီးတစ်လုံးအကြောင်းကို ၀မ်းနည်းဆွေးမြေ့စွာ ပြောတဲ့ အခါ ကျွန်တော်က စိတ်မ၀င်စားသလိုနဲ့ စားပွဲထိုးလေးကို ပုံမှန်တစ်ခွက်လို့ လှမ်းမှာလိုက်တယ်။ ပုံမှန်လို့ မှာလိုက်တာကလည်း ပုံမှန်တော့မဟုတ်ပါဘူး။ ကျွန်တော် ခါတိုင်းပုံမှန်သောက်ဖြစ်တာက ကော်ဖီတစ်ခွက်ရဲ့ ခါးသက်သက်အရသာပါ။ ဒါပေမဲ့ အဲဒီ လက်ဖက်ရည်တစ်ခွက်ကို ကျွန်တော်မသောက်ဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့  ပျံသန်းနေစဉ်မှာပဲ စန္ဒီမုန်တိုင်းမိပြီး ပျက်ကျ လာတဲ့  ယင်တစ်ကောင်ဟာ ကျွန်တော်သောက်မဲ့ လက်ဖက်ရည်ခွက်ရဲ့ အလယ်တည့်တည့်ကို ပြုတ်ကျလာလို့ပဲ ဖြစ်တယ်။ နမိတ်မကောင်းဘူး။ နယူးယောက်မှာ လူသန်းခြောက်ဆယ်ကျော်လောက် စန္ဒီမုန်တိုင်းရဲ့ ရိုက်ခတ်မှုကို ခံရနိုင်ပြီး ရွှေလီမှာ လုပ်တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲ မအောင်မြင်ခဲ့ဘူး။ နမိတ်မကောင်းဘူး။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာ ဒီအကြောင်းမဟုတ်ဘူး။
အိမ်ပြန်ရောက်တော့ စားပွဲပေါ်က စာအုပ်တစ်အုပ်ကို ဆွဲယူပြီး အိပ်ယာထဲမှာ လှဲဖတ်နေလိုက်တယ်။ စာအုပ်နာမည်က ဂျွန်အက်ရှ်ဘရီနိဒါန်း။ ရေးသူက ဇေယျာလင်း။ ဖတ်ရင်းနဲ့ ကျွန်တော် အမြင်တွေ ရှင်းသွားတယ်။  အဲဒီစာအုပ်ထဲက ရေပေါ်ခြေတံရှည်တွေနဲ့ တည်ဆောက်ထားတဲ့ မြို့ကြီးပြကြီးတွေမှာ သွားရောက်နေထိုင်ဖို့ ကျွန်တော် စဉ်းစားတယ်။ တွေးတောတယ်။ အိပ်မက်တယ်။ အရောက်သွားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မဖြစ်သေးဘူး။ အခု ကျွန်တော် ဘောလုံးပွဲ ကြည့်နေတယ်။  ဂိုး ....။  အပြာရောင်အသင်းက အနီရောင်အသင်းဘက်ကို ဂိုးသွင်းလိုက်တာပါ။ ကွင်းလုံးပြည့် အားပေးနေတဲ့ ပရိသတ်ကြီးဆီက အားပါးတရ အော်ဟစ်လိုက်တဲ့ အသံတွေဟာ ကျွန်တော့်ရင်ထဲကို နတ်ဆိုင်းတစ်ဆိုင်းဝင်တီးပြီး တီးပြနေ သလို တုန်ခါလှုပ်ရှားသွားခဲတယ်။ ပြီးတော့ သူတို့ရဲ့ အပျော်တွေဟာ ကျွန်တော့်ဆီ ကူးစက်လာခဲ့တယ်။ အဲဒီမှာ တစ်ခုရှိတာက ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ အပြာရောင်အသင်းဟာ  ကမ္ဘာချန်ပီယံဟောင်း အီတလီအသင်းဖြစ်နိုင်သလို မနှစ်က ချန်ပီယံလိဂ်ချန်ပီယံ ပူပူနွေးနွေးရထားတဲ့ ချဲလ်ဆီးအသင်းလဲ ဖြစ်နိုင်တာပဲ။ တစ်ချိန်က ကြီးငါးကြီးစာရင်းဝင် အဲဗာတန် အသင်းဖြစ်နိုင်သလို ဆင်းရဲသားလူတန်းစားတစ်ရပ်က စင်ပြိုင်တည်ထောင်ခဲ့တဲ့  အင်တာမီလန်လဲ ဖြစ်နိုင်တာပါပဲ။ အရေးမကြီးပါဘူး။ အရေးကြီးတာက အဲဒီ ဂိုးသွင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မိတ်ဆွေ ကာတွန်းဆရာ တစ်ယောက် ပြောဖူးတာ ရှိတယ်။  သူ့မှာ သမီးလေးတစ်ယောက်ပဲ မွေးထားတာ ။ ဘောလုံးပွဲလို ပြောရစတမ်းဆိုရင် ပွဲစကတည်းက ကိုယ့်ဘက်က တစ်ဂိုး ရှုံးနေပြီ တဲ့။ ဒီနေ့ ထိန်းကစားမှ ဖြစ်မယ်တဲ့။ ဟုတ်တယ်လေ။ ဘာပဲဖြစ်ဖြစ် ရှုံးနိမ့်မယ် ဆိုရင်တောင်မှ ဂိုးတော့ မပြတ်သင့်ဘူးပေါ့။ ကျွန်တော်လဲ အခု တစ်ဂိုး ရှုံးနေပြီ။ ဒါပေမဲ့ ပြဿနာက ကျွန်တော်ပြောချင်တာ ဒီအကြောင်း မဟုတ်ဘူး။
ဖြစ်ချင်တာက ဘောလုံးပွဲတစ်ပွဲကို ကြည့်နေရင်းက ကမ္ဘာ့အထင်ရှားဆုံးကဗျာတစ်ပုဒ်ကို ချက်ချင်းချရေးပစ်လိုက်ဖို့။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့ နယူးယော့ခ် ကဗျာဂိုဏ်းဝင် ကဗျာဆရာ ဖရန့်အိုဟားရားကတော့ အခြားသူတွေနဲ့ စကားပြောနေတုန်းမှာပဲ ကဗျာတစ်ပုဒ်ကို ချက်ချင်းချရေးနိုင်တယ်။ များသောအားဖြင့် အဲဒီလိုရေးဖြစ်ခဲ့တဲ့ ကဗျာတွေ အားလုံးဟာလဲ ကောင်းနေပြန်ရော တဲ့။ ကျွန်တော့်မိတ်ဆွေ ကဗျာဆရာ မောင်နိုင်လင်း (ကောလင်း)ကလဲ အဲဒီလိုပါပဲ။ ဖရန့်အိုဟားရားများ လူပြန်ဝင်စားသလားထင်ရအောင် ကဗျာခေါင်းစဉ်လေး ပြောလိုက်တာနဲ့ သူက ကဗျာတစ်ပုဒ်လုံးကို ရေးပြီးပြီ။ သူ့အသက်တော့ ကျွန်တော် မေးမကြည့်ရသေးပေမဲ့ ကျွန်တော်ကရော ဘာဖြစ်လို့ ဘောလုံးပွဲတစ်ပွဲ ကြည့်နေရင်းနဲ့ ကဗျာတစ်ပုဒ်ကို ချမရေးနိုင်ရမှာလဲ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒီနေ့အတွက် ကျွန်တော် ကဗျာတစ်ပုဒ်မဆိုထားနဲ့။ ကဗျာစကားလုံးလေးတစ်လုံးတောင်မှ စာရွက်ပေါ်မှာ ချရေးဖို့ မဖြစ်မြောက်နိုင်သေးဘူး။ တကယ်တမ်းကျတော့လည်း အဲဒီ မဖြစ်မြောက်ခြင်းဆိုတာလည်း ကျွန်တော်အကြိမ်ကြိမ်ရေးသားခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ် ဒါမှမဟုတ် အက်ဆေးတစ်ပုဒ်ရဲ့ အဓိကအကြောင်းအရာ တစ်ခုပါပဲ။  အမေရိကန်ဝေဖန်ရေးဆရာ ဒေးဗစ်လေမန်းက ဂျွန်အက်ရှဘရီရဲ့ ကဗျာတွေကို ဖတ်ရတာ မရောက်နိုင်သေးတဲ့ နေရာတစ်ခုကို သွားဖို့ မစတင်ရသေးတဲ့ ခရီးတစ်ခုသာ ဖြစ်တယ်လို့ အားပါးတရ ဝေဖန်ခဲ့ပါတယ်။ ကျွန်တော့်ကဗျာတွေကိုတော့ အဲဒီလို ဝေဖန်ဖို့ အခွင့်အရေးမပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အခု ဘောလုံးပွဲကြည့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ပြောချင်တာ ဒီအကြောင်းမဟုတ်ဘူးလေ။
ဘောလုံးပွဲက ပထမပိုင်းပြီးလို့ ဒုတိယပိုင်းပြန်စတော့မယ်။ အနီရောင်အသင်းက ဘောလုံးကို ကွင်းလယ်စက်ဝိုင်းမှာ တည်ထားတယ် ။ ပွဲအဖြေရလဒ်ကတော့ အရင်အတိုင်းပါပဲ။ အပြာရောင်အသင်းက တစ်ဂိုး။ အနီရောင်အသင်းက ဂိုးမရှိ။ အသေအချာကြည့်တော့မယ်ဆိုမှ မီးက ဖျက်ကနဲပျက်သွားတယ်။ ကိစ္စမရှိပါဘူး။ မီးပဲပျက်သွားတာပါ။ ဘောလုံးပွဲမပျက်ရင် ပြီးတာပါပဲ။ စပြီဆိုကတည်းက ဒီဘောလုံးပွဲအကြောင်းကို ကျွန်တော်ပြောချင်တာမဟုတ်ဘူးဆိုတာ ခင်ဗျားလည်း သိနေတာပဲ။  ကျွန်တော် စိတ်အနှောက်အယှက်ကင်းစွာနဲ့ အိပ်ယာဝင်လိုက်တယ်။ အိပ်ခန်းထဲက နှစ်ယောက်အိပ်ကုတင်ပေါ်မှာတော့ အမျိုးသမီးတစ်ယောက်ဟာ ခြေပစ်လက်ပစ်အိပ်မောကျလို့။  ဘယ်သူမှ မပြောလည်း အဲဒီအမျိုးသမီးဟာ ကျွန်တော့်ဇနီးဆိုတာ ကျွန်တော်သိပါတယ်။ ကိုယ်ချစ်လို့ လက်ထပ်ထားတဲ့ ကိုယ့်မိန်းမပဲဗျာ။  ကျွန်တော်မှတ်မိတာပေါ့။  ကျွန်တော်နဲ့ အင်မတန်မှ ဝေးလံလှတဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တွေက ရှာရာဗိုဗာတို့၊ ဆီဗီယာပလပ်တို့။  ကျွန်တော်ငါးနှစ်သားတုန်းက ကွယ်လွန်သွားတဲ့  အထင်ရှားဆုံးအမေရိကန်မော်ဒန်ပန်းချီဆရာမ အိုကိဖ် တို့။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Miss International 2012 ၀င်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသူလေး နန်းခင်ဇေယျာတို့ကိုတောင် ကျွန်တော်မှတ်မိနေသေးတာ ကျွန်တော့်ဇနီးကျွန်တော် မှတ်မိတာပေါ့။ ဒါပေမဲ့ သူနာမည်စဉ်းစားရင်း စဉ်းစားရင်း အိပ်မပျော်တော့တာနဲ့ပဲ ကျွန်တော် အိပ်ယာကနေ ပြန်ထွက်လာခဲ့တယ်။ ခင်ဗျားလည်း ဆက်စဉ်းစားမနေပါနဲ့။ ကျွန်တ်ာပြောချင်တာ ဒီအကြောင်းမဟုတ်ပါဘူး။
အိမ်အပြင်မှာတော့ ညက သူ့လက်ထဲကမုန့်ကို တစ်ဝက်လုအစားခံလိုက်ရတဲ့ည။ လရောင်က တခြမ်းပဲ့ လှေလေးတစ်စင်းနဲ့ သူ့အလင်းသူ ပြန်မျှားလို့ ။ မကြားတကြားလေး လင်းနေတယ်။ အခုခင်ဗျားဖတ်လိုက်တဲ့ စာကြောင်းတွေက မန္တလေးမြို့က ထင်ရှားတဲ့ လူငယ်ကဗျာဆရာ မင်းနဒီခရေးထားတဲ့ ကဗျာတစ်ပိုင်းတစ်စပါ။ တကယ်တမ်းကျတော့ ဒီနေ့ညဟာ လပြည့်ညပါ။ ပွဲတော်ဟာ ကျွန်တော်မပါလည်း သူ့အလင်းနဲ့သူ ၀င်းထိန်လို့ပါပဲ။ ကျွန်တော် လက်ထဲက စီးကရက်ကို မီးညှိလိုက်တယ်။ နှင်းဟာ အခုထိ ကျွန်တော့်အပေါ် ရွာကျမလာသေးဘူး။ နှင်းရေ မင်းဘယ်မှာလဲ။ စီးကရက်မီးခိုးတွေကြားမှာ မနက်ကတည်းက ဆာလောင်မွတ်သိပ်ချဉ်ချင်းတပ်နေတဲ့ လက်ဖက်ရည်တစ်ခွက်ကို ပြန်သတိရလိုက်မိတယ်။ ပွဲတော်မှာ ဖွင့်တတ်တဲ့ မိုးအလင်းလက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို သွားရင်ကောင်းမလား။ ဒါမှမဟုတ် မပြီးသေးတဲ့ ဘောလုံးပွဲတစ်ပွဲကို ကြည့်ဖို့ မီးစက်နဲ့ ဘောလုံးပွဲပြတဲ့ ရုပ်ရှင်ရုံတစ်ရုံကို သွားရမလား။ ကားလမ်းမထိပ်ရောက်တော့ ဂငယ်ကွေ့မကွေ့ရဆိုတဲ့ ယာဉ်စည်းကမ်းအမှတ်အသားပါ ဆိုင်းဘုတ်ကို တွေ့လိုက်တယ်။ ရောင်ပြန်အလင်းမှာ စည်းကမ်းဟာ တလက်လက်နဲ့ပေါ့။ မျက်နှာချင်းဆိုင် မီးပွိုင့်ဟာ ကျွန်တော့်ကို မြင်တာနဲ့ အနီရောင်ပြောင်းသွားတယ် ။ ကျွန်တော် ရပ်စောင့်ခဲ့ပါတယ်။ တဖန်ပြန်စိမ်းလာနိုး မျှော်ကိုးရင်းနဲ့။ လမ်းမပေါ်မှာတော့ ယာဉ်အသွားအလာက ရှင်းလို့။ မီးပွိုင့်က အနီရောင်မီးလေး ပြန်စိမ်းလာတဲ့အခါ ကျွန်တော် လမ်းမကို မျဉ်းကြားအတိုင်းဖြတ်ကူးလိုက်တယ်။
လမ်းမရဲ့ တစ်နေရာမှာတော့ ပွဲတော်တစ်ခုက ထည့်သွင်းဖျော်ဖြေတဲ့ အငြိမ့်ပွဲ တစ်ပွဲကို လူတွေ ၀ိုင်းကြည့် နေကြလေရဲ့။ အငြိမ့်စင်ပေါ်က ဆိုင်းဝိုင်းကြီးရဲ့ ရှေ့မှာ အငြိမ့်မင်းသမီးလေးက နံ့သာယပ်တောင်လေးခပ်ပြီး အမောဖြေ နေတယ်။ ရှေ့မှာတော့ လူရွှင်တော်လေးယောက်က အတိုင်အဖောက်ညီညီ ပြတ်လုံးထုတ်လို့။ စင်အောက်က ပရိတ်သတ် ကလည်း တ၀ါးဝါး တဟားဟား နဲ့ ခါးအောက်ပိုင်းပြတ်လုံးတွေမှာ ပျော်လို့ရွှင်လို့။ ကိုယ့်ဒုက္ခကိုယ်မေ့လို့။ အဲဒီလို ပရိတ်သတ်တွေကို ကြည့်ပြီး ကျွန်တော်မရယ်နိုင်ပါဘူး။ စီးကရတ်မီးခိုးငွေ့တွေကို ဟိုးအမြင့်လရောင်ကွယ် လောက်အောင် အထိ ကျွန်တော် မှုတ်ထုတ်လိုက်တယ်။ မီးခိုးငွေ့တွေ တဖြည်းဖြည်းေ၀၀ါးပျက်ပြယ်သွားပေမယ့် ကျွန်တော် တဖြည်းဖြည်း အသက်ရှူကျပ်လာတယ်။ အဲဒါနဲ့ပဲ ကျွန်တော်ပွဲခင်းလေးဘေးကနေ အသာအယာလှည့်ထွက်ပြီး အိမ်ကိုပဲ ပြန်လာခဲ့ ပါတယ်။ ဘာပဲဖြစ်ဖြစ်အိမ်ဆိုတာ အနည်းဆုံးတော့ ကျွန်တော့် အသက်ရှူခြင်းကို သန့်စင်စေမှာ အမှန်ပါပဲ။ အမှတ်တမဲ့ အငြိမ့်နာမည်ကို လည်ပြန်မော့ကြည့်မိတဲ့ အခါ စီးကရတ်မီးခိုးငွေ့တွေနဲ့ေ၀၀ါးနေတဲ့ လရောင်ကြားမှာ သဲသဲကွဲကွဲ မမြင်လိုက်ရပေမဲ့ ကျွန်တော်တို့စွဲလမ်းငေးမောခဲ့ရတဲ့ တစ်ခေတ်တစ်ခါက လမင်းတရာ မဖြစ်နိုင်တော့တာကတော့  အသေ အချာပါပဲ။
အိမ်ပြန်ရောက်တော့ ခုနက ပျက်သွားတဲ့ မီးက ပြန်လာနေပြီ။ ဘောလုံးပွဲကို ပြန်ဖွင့်ကြည့်လိုက်တော့ ရလဒ်က တစ်ဖက်တစ်ဂိုးစီနဲ့ သရေ။ ပွဲက မိနစ်ကိုးဆယ်ပြည့်လို့ အကူဒိုင်က နာကျင်အချိန်ပိုသုံးမိနစ်ပေးနေပြီ။ ပွဲက ပြီးတော့မယ်။ ဘာဖြစ်လဲ။ ကျွန်တော်ပြောချင်တာ ဒီအကြောင်းမှ မဟုတ်တာ။ ကွင်းလယ်ဒိုင်လူကြီးကတော့ အမှန်တရားတစ်ခုအတွက် ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်။ နာကျင်အချိန်ပို နောက်ဆုံးစက္ကန့်။ အ၀ါကဒ် ။ အနီကဒ် ။ ဟေး ... ....။ ပင်နယ်တီ...။ ပင်နယ်တီ။

မင်းနဒီခ

No comments:

Post a Comment