ပင်လယ်များကို ဖြတ်သန်းခြင်း
မင်းနဒီခ
လူငယ်ဘ၀အမှတ်တရပင်လယ်
၁၉၈၁ ဇူလိုင်လ ၆ ရက်။
အဲဒီနေ့က နေသာသလား၊ မိုးလေးတဖွဲဖွဲကျနေခဲ့သလား ကျွန်တော်မသိ။ အမေ ဖုံးကွယ်ထား တဲ့
လက်ချောင်းတွေကြားက လောကကြီးကို ခိုးကြည့်လိုက်တော့ မှောင်လွန်းတယ်။
မှတ်မိသလောက်အရွယ်က စရင် ကျွန်တော် ဖြတ်သန်း ခဲ့ရတဲ့ ကလေးဘ၀အမှတ်တရပင်လယ်တွေက
နည်းနည်းများကျယ်လွန်းနေခဲ့ပါသလား။ ညီအစ်ကို လေးယောက်မှာ ကျွန်တော်က အကြီး ဆုံးသား။
အဖေနဲ့ အမေ့ရဲ့ ချစ်ခြင်းနဲ့ ယုံကြည်ကိုးစားခြင်းမှာ အားကိုးတကြီး နဲ့ မျှော်လင့်
ချက်အထားခံရသူ။ ဒါပေမဲ့ သားဦးကျွန်တော်က ထူးလည်း မထူးသလို ရူးလည်း မရူးခဲ့။
ဆိုးပြီးမမိုက်ခဲ့ သလို
တော်ပြီး လိမ္မာတဲ့ သားလည်း မဖြစ်ခဲ့။ ကလေးဘ၀ရဲ့
ပိုင်ဆိုင်မှုထဲမှာ လိုချင်တာထက် မရနိုင်တာပိုများခဲ့။တိုတိုပြောရရင်
ကျွန်တော့်ညီလေးတွေ အသက်ပိုရှူလို့ရအောင် လေကိုတောင်မှ တ၀က်ပဲ ရှူခဲ့ရတဲ့ နေ့တွေမှာ
ကလေးအတွေး နဲ့ တင်
လောကကြီးကို စိတ်နာခဲ့တယ်။ အခြားကလေးတွေ လွယ်တဲ့
လွယ်အိတ်ကလေးတွေကို ငေးတယ်။ အခြားကလေးတွေ စီးတဲ့ စက်ဘီးသေးသေးလေးတွေကို ငေးတယ်။
သေနတ်၊ လေယာဉ်ပျံ၊ အင်္ကျီ၊ ဖိနပ်၊ ခဲတံ ။ အစ်ကို တစ်ယောက်အနေ နဲ့ နောက်ကို
ခြေတစ်လှမ်းဆုတ်ပေးခဲ့ရတဲ့ နေ့စွဲတွေမှာ တဖြည်းဖြည်းနဲ့ ပျော်ရွှင်စရာရှားပါးခဲ့တယ်။
အဲဒီလို စိတ်အား ငယ်မှုတွေနြဲ့
ဖြတ်သန်းခဲ့ရတဲ့ ကလေးဘ၀ရဲ့ ပင်လယ်ထဲမှာ ကျွန်တော်
ပျော်ရွှင်စရာတစ်ခုကိုတော့ ရှာတွေ့ခဲ့ပါတယ်။ အဲဒါ ကတော့ အမေ့ရဲ့ အစ်ကို အကြီးဆုံး၊
ကျွန်တော့် ဦးလေး အမြတ်တနိုးဝယ်စုထားတတ်တဲ့ ရှူမ၀၊ မိုးဝေ၊ စန္ဒာ ၊ ငွေတာရီ။
လုံမလေး စတဲ့ မဂ္ဂဇင်းတွေ အပါအ၀င် ဦးနုရဲ့ မိတ္တ ဗလဋီကာကျမ်း၊ ဆရာကြီး
ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်း၊ မောင်စံရှား ၀တ္တုတိုများ၊ အခြားဘာသာပြန်ဝတ္တု
တော်တော် များများပါဝင်တဲ့ ထင်းရှူးသေတ္တာကို ဖွင့်ခွင့်ရလိုက်တာပါပဲ။ တစ်နေ့မှာ
သေတ္တာထဲက စာအုပ်တွေကို ထုတ်ရှင်းနေတဲ့ ဦးလေး အနားကိုသွားပြီး စာအုပ်လေးတစ်အုပ်ကို
အမှတ်တမဲ့ဖတ်နေတဲ့ ကျွန်တော့်ကို ဦးလေးက မင်းစာဖတ်ဝါသနာပါရင် ဒီသေတ္တာ ထဲက
စာအုပ်တွေ ပေးဖတ်မယ် တဲ့။ တစ်ယောက်တည်းနေတတ်တဲ့ အကျင့်ရှိတဲ့ ကျွန်တော့်အတွက်တော့
ထမင်းစားလဲ စာအုပ်နဲ့၊ အိမ်သာတက်လည်း စာအုပ်နဲ့၊ ကျောင်းပြန်ရောက်တာနဲ့ အိမ်ပေါ်တက်
တစ်ယောက်တည်းအိပ်ရာပေါ်လှဲပြီး စာအုပ်ဖတ်တော့တာပါပဲ။ နောက်ဆုံးတော့
ကျောင်းစာထိခိုက်မှာ စိုးတာနဲ့ ဦးလေးက ထင်းရှူးသေတ္တာလေးကို သော့ခတ်ပြီး
ပြန်သိမ်းထားလိုက်ရတော့တဲ့အထိ စာအုပ်တွေကို စွဲလမ်းခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၁ မှာ
မူလတန်းအောင်လို့ အထက်တန်း ကျောင်းဖြစ်တဲ့ အထက(၁၇)ကို ကျွန်တော် ပြောင်းရတဲ့အခါ
ကျွန်တော့်အတွက် ရတနာသိုက်တစ်ခုကို ကျွန်တော် တွေ့ရှိခဲ့ ပါတယ်။ အဲဒါကတော့
ကျောင်းစာကြည့်တိုက်လေးပါပဲ။ အထက(၁၇) မှာ ကျောင်းစတက်တဲ့နေ့မှာပဲ အသင်းဝင်ကဒ်လေး
လုပ်ပြီး မုန့်စားဆင်းလည်း စာအုပ်တွေသွားဖတ်၊ အတန်းဆင်းတော့လဲ အိမ်ကို
စာအုပ်ငှားသွားနဲ့၊ ကျွန်တော့်အတွက် အထက်တန်းကျောင်းတက်ရတာ
အရမ်းပျော်စရာကောင်းခဲ့ပါတယ်။ ကိုယ်မဖတ်ဖူးသေးတဲ့ စာအုပ်အသစ်တွေ၊ ပြီးတော့ ကိုယ်မမြင်ဖူးတဲ့
သူငယ်ချင်းအသစ်တွေနဲ့လည်း ဆုံတွေ့ရ။ မှတ်မှတ်ရရ ခြောက်တန်းနှစ်မှာ ကျောင်းက လုပ်တဲ့
မူးယစ်ဆေးဝါး နံရံ ကပ်စာစောင်မှာ ကဗျာတစ်ပုဒ်ဝင်ရေးဖြစ်တယ်။ ပထမဆုံးအကြိမ်ပါပဲ။
နံရံကပ်စာစောင်လေးကို ကျောင်းတက် ကျောင်းဆင်း သွားသွားကြည့်ရတာ၊
ကိုယ့်ကဗျာလေးကိုယ် ဘယ်နှကြိမ်မြောက်မှန်းမသိအောင် အခါခါပြန်ဖတ်၊ ကြည်နူးမှုနဲ့
ဖြတ်ကျော်ခဲ့ ရတဲ့ နေ့စွဲများ။ အဲဒီနှစ်ထဲမှာပဲ ဒီထက်ပိုပြီး အမှတ်တရဖြစ်ရတာက
အဲဒီနံရံကပ်စာစောင်မှာ ကျွန်တော်နဲ့ အတူတူ ကဗျာ ရေးတဲ့ သူငယ်ချင်း နိုင်အောင်နဲ့
ခင်သွားခဲ့ရာက တကယ့်ညီအစ်ကို အရင်းတွေလိုချစ်ကြတဲ့အထိ သူ့အိမ်ကိုယ်အိပ်၊ ကိုယ့် အိမ်
သူလိုက် အိပ်တဲ့အထိ တပူးတွဲတွဲ ရင်းနှီးသွားခဲ့တာပါပဲ။ ဒီလိုနဲ့
ခုနှစ်တန်း၊ရှစ်တန်း၊ကိုးတန်း အရင်းနှီးဆုံးသူငယ်ချင်း နိုင်အောင်၊ ထွန်းဝင်း၊
သူရအောင် တို့နဲ့အတူ ဆံပင်အရှည်ထားခဲ့၊ ဦးထုပ်နောက်ပြန်ဆောင်းခဲ့၊ အောက်အနားဖွာ
ဂျင်းဘောင်း ဘီကို ဒူးဖြဲဝတ်ခဲ့။ လမ်းထိပ် အုတ်ခုံဂစ်တာတီး ဖိနပ်ရှပ်တိုက်စီးခဲ့။
ကျောင်းအင်္ကျီ အဖြူကော်လံထောင်ပြီး ပုဆိုးစိမ်းကို ချက်ဖြုတ်ဝတ်ခဲ့။
ကျောင်းလွယ်အိတ် စာအုပ်ကြားထဲမှာ ငွေနဂါးတစ်လိပ် ၊လပ်ကီးတစ်လိပ်နဲ့ ကျောင်းအိမ်သာ
နောက်ဖေး လမ်း ကြားမှာ အငွေ့ဖျောက်ပြီး ဆေးလိပ်လည်း သောက်တတ်ခဲ့။ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ
ကိုယ်ထင်ရာကိုယ်လုပ် ကိုယ့်စိတ်ကူး နဲ့ကိုယ် စိမ်းလန်းခဲ့တဲ့ နေ့ရက်များ။ လူငယ် ဘ၀ရဲ့
အလတ်ဆတ်ဆုံးကာလများပါပဲ။ နောက်တစ်ခုက ပင်လယ်ကို ဖြတ်ဖို့ အတွက်
ပင်လယ်ကိုစတင်တွေ့ရှိခဲ့တဲ့ကမ်းခြေ။ တနည်း ပြောရရင် ရန်ကင်းတောင်အရှေ့ဘက်
ဆည်မြောင်း ၀န်ထမ်းအိမ်ရာ ထဲက စာအုပ်အငှားဆိုင်ကလေးဖွင့်ထားတဲ့
သူငယ်ချင်းနိုင်အောင့် အိမ်ကလေး။ ကိုးတန်းဖြေပြီးလို့ နွေကျောင်းပိတ်ရက်မှာ
နိုင်အောင်တို့အိမ်မှာ တစ်လနှစ်လ သွားနေဖြစ်တယ်။ အဲဒီဆိုင်လေးမှာပဲ
မိုးခေါင်လို့တီးတဲ့ဗုံသံကို နားထောင်ခဲ့။ ပန်းခေတ်က လမင်းကို တောင့်တခဲ့။
တော်တီလာဖလက်ရပ်ကွက်ထဲက ဒင်နီကို အားကျခဲ့။ မနက်မိုးလင်းတာနဲ့ စာအုပ်ဆိုင်ခင်း။ သူငယ်
ချင်းနှစ်ယောက် စာအုပ်တစ်ယောက်တစ်အုပ်စီကိုင် လက်ဖက်ရည်ဆိုင်
မိုးချုပ်အောင်ထိုင်ခဲ့။ တာရာမင်းဝေ ကဗျာတွေဖတ်ပြီး တာရာမင်းဝေဟန်နဲ့ ကဗျာတွေရေး။
သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကဗျာ တစ်ယောက်ဖတ် ။ ညညဆို ၀န်ထမ်း လိုင်းခန်းထိပ်က
အုတ်ခုံမှာ ဂစ်တာတီး။ အဲဒီအချိန်မှာဟစ်ဖြစ်နေတာက လေးဖြူရဲ့ ဂီတမဉ္ဖူရီ။ ဖတ်ဖြစ်တဲ့
စာအုပ်တွေကလဲ စုံလို့။ နွမ်ဂျာသိုင်း၊
မောင်စိန်ဝင်း( ပုတီးကုန်း)၊ နေနော်၊ မင်းလူ၊ နေမျိုး၊ ကိုငြိမ်း
(မန္တလေး)၊တာရာမင်းဝေ၊ နီကိုရဲ ပြောရရင် အများကြီးပေါ့။ ရေငတ် တုန်း ရေတွင်းထဲ
ဆင်းထိုင်ရသလိုခံစားခဲ့ရတယ်။ အမှတ်တရပြောရရင် ဆရာနေမျိုးရဲ့ မြင်ကွင်းကျယ်
အချစ်ဝတ္ထုဆိုရင် ကြိုက်လွန်းလို့ သူငယ်ချင်းမပေးချင်တဲ့ကြားကနေ
ဇွတ်အတင်းတောင်းယူမိခဲ့။ ဒီနေရာမှာ ကြားဖြတ်ပြီး ကျေးဇူး တင်ကြောင်းတစ်ခုလောက်တော့
ပြောချင်ပါတယ်။ ဘာလဲဆိုတော့ အပေါင်းအသင်းတွေနဲ့ပျော်ပါး ကျောင်းစာကို လည်း
စိတ်မ၀င်စား ၊စိတ်ထင်ရာစိုင်း မှိုင်းမိနေတဲ့ အချိန်၊ ဆရာနွမ်ဂျာသိုင်းရဲ့ တစ်ခါတုန်းက တက္ကသိုလ်မှာ နဲ့ ဆရာ
မင်းလူရဲ့ ရေတမာ စာအုပ်လေးတွေကို
ဖတ်မိပြီး တက္ကသိုလ်တက်ချင်စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်လာခဲ့တယ်။ ပြီးတော့
သစ်ပုတ်ပင်၊ ဦးချစ်ဆိုင်၊ အင်းလျားကန်နဲ့ ဆရာဇ၀နရဲ့ ကောလိပ်ကြမ်းပိုးတို့လို
တက္ကသိုလ်မှာကြုံတွေ့ရမယ့် ပျော်ရွင်မှုတွေ အဆောင်နေ ကျောင်းသားဘ၀တွေကို စိတ်ကူးနဲ့
အိပ်မက်မက် ခဲ့တယ်။ ဘ၀ကို ရေစုန်မျောချင်တဲ့ စိတ်ကလေးကနေ ဆယ်တန်းအောင်၊
ရန်ကုန်တက္ကသိုလ်မတက်ခဲ့ရပေမဲ့ သစ်ပုတ်ပင်၊ ရေတမာနဲ့ မကြုံတွေ့ခဲ့ရပေမဲ့ တောင်သမန်ကန်စောင်းက
စိန်ပန်းတွေ နီရဲနေအောင်ပွင့်တဲ့ ရတနာပုံတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရခဲ့တယ်။
ဦးပိန်တံတားပေါ်မှာ လမ်းလျှောက်ပြီး Friend Cafe မှာ လက်ဖက်ရည်သောက်ခွင့်ရခဲ့တယ်။
ဆရာနွမ်ဂျာသိုင်းနဲ့ ဆရာမင်းလူတို့ ကျေးဇူး တွေပါပဲ။ အထက်တန်း ကျောင်းသား ဘ၀ရဲ့
နောက်ဆုံးအမှတ်တရတစ်ခုကတော့ ၁၉၉၈ ဆယ်တန်းကျောင်းတက်တဲ့နှစ်။ ဆယ်တန်းပြီး ရင်
သူငယ်ချင်းတွေ အားလုံး တကွဲတပြားစီဖြစ်သွားနိုင်တာ တွေးမိပြီး
လူစုံတုန်းအမှတ်တရဖြစ်အောင် လက်ကမ်းကဗျာစာအုပ်
လေး တစ်အုပ်ကို လက်ရေးမူ နဲ့
လေးငါးရက်လောက် ညမအိပ်ဘဲရေးပြီး ကျောင်းနဲ့ သူငယ်ချင်းတွေ တက်တဲ့ ကျူရှင်တွေမှာ
ဆရာ ဆရာမတွေ မသိအောင် တိတ်တိတ်ကလေးဖွက်ပြီး လိုက်ဖြန့်ရောင်းခဲ့တယ်။
စာအုပ်လေးနာမည်က ပန်းနုရောင်အဝေး တဲ့။ တကယ့်ကို အမှတ်တရ ပါပဲ။
လေးလုံးစပ်ကဗျာလေးတွေနဲ့ ကဗျာလိုလို စာညွန့်လိုလိုလေးတွေအားလုံး
တစ်ဆယ့်ရှစ်ပုဒ် တိတိ။ ပန်းရောင် စာရွက်လေး တွေ ၀ယ်ပြီး ကိုယ့်ကဗျာကိုယ့်လက်ရေးနဲ့
ကိုယ်ရေး။ ရေးတဲ့သူတွေက နိုင်အောင်၊ ထွန်းဝင်း၊ သူရ အောင်၊ ကိုသက်၊ မင်းနဒီခ။
ဇွတ်အတင်းဝယ်ခိုင်းလို့ အားနာပါးနာနဲ့ ၀ယ်လိုက်ရတဲ့ သူငယ်ချင်းတစ်ချို့က မေးတယ်။
တခြားသူတွေ အကုန်လုံးသိတယ်။ မင်းနဒီခ ဆိုတာ ဘယ်သူလဲ တဲ့။ ကျွန်တော်က
ငါပဲလို့ပြောတော့ ကဗျာတော့မသိဘူး။
ကလောင်နာမည်ကတော့ ကဗျာ ဆရာနဲ့ တူတယ်တဲ့။ ပင်လယ်ကိုဖြတ်ဖို့ ကမ်းစပ်မှာရပ်ပြီး
ငေးမောနေတဲ့ ကောင်လေး တစ်ယောက်လို ကျွန်တော်ကိုယ် ကျွန် တော်ပြန်တွေ့ခဲ့တယ်။
ကျွန်တော်ဖြတ်မယ့်ပင်လယ်က ကမ်းမမြင်လမ်းမမြင်။ ပင်လယ်ကိုဖြတ်ချင်ပေမဲ့
ကျွန်တော့်မှာ ရေကြောင်းပြမြေပုံမရှိဘူး။ SOS စာသုံးလုံးကို ကျွန်တော် စာလုံးမပေါင်း
တတ်ဘူး။ လမ်းမှာ ပင်လယ်ဓါးမြတွေရှိမှာလား။ ဘာပဲ ဖြစ်ဖြစ်
ကျွန်တော်ဆက်လက်ထွက်ခွာလာခဲ့တယ်။ ကဗျာတစ်ပုဒ်ကို ဖမ်းဖို့အတွက် ပိုက်ကွန် ပါတယ်။
ပန်းချီကားတစ်ချပ်ကို ဖမ်းဖို့အတွက် မှိန်းတံတစ်လက်ပါတယ်။ အနုပညာကို ဖမ်းဖို့အတွက်တော့
ဒုက္ခတရားကို ၀မ်းထဲ အပြည့်ထည့်ထားတယ်။ ဘာလိုသေးလဲ။ ကျွန်တော်ကတော့
ဆက်လက်ထွက်ခွာလာခဲ့ပြီ။
Anyway ကဖေးပင်လယ်
၁၉၉၈
ဆယ်တန်းအောင်တဲ့နှစ်ကစပြီး ၂၀၀၂ အဝေးသင်တက္ကသိုလ်ကနေ သင်္ချာမေဂျာနဲ့ ဘွဲ့ရတဲ့ကာလ
တလျှောက် အထိ ပင်လယ်ကို အလျားလိုက်ကူးခဲ့ရတဲ့သူတစ်ယောက်လို ခြေကုန်လက်ပန်းကျ
မောဟိုက်ပင်ပန်းလွန်းခဲ့တယ်။ ဆယ်တန်း အောင်တော့ အဖေအလုပ်သွင်းပေးလို့
လျပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးလုပ်၊ အဲဒီနောက် တရုတ်ကုန်သည် ကြီး
တစ်ယောက်ဆီကနေ တရုတ်ဘောလ်ပန်လေးတွေကို စရန်ငွေတင်ပြီး ယူရောင်း။ အောက်ပိုင်းဆိုရင်
ပဲခူး၊ ရန်ကုန်၊ ပုသိမ်၊ ပြည်၊ မော်လမြိုင်၊ရေး၊ ထားဝယ်။ အထက်ပိုင်းဆိုရင် မုံရွာ၊
ရွှေဘို၊ ၀န်းသို၊ကသာ၊ ကောလင်း၊ ဗန်းမော်၊ မြစ်ကြီးနား။ နယ်စုံလိုက် ရောင်းရင်း
အလုပ်တစ်ဖက်နဲ့ ခရီးထွက်လိုက်။ မန္တလေးပြန်ရောက်တဲ့အချိန်
ကျောင်းလေး
ပြေးတက်လိုက်နဲ့။ ဒီလိုနဲ့ လူရိုသေ ရှင်ရိုသေဘွဲ့လေးတစ်ခုရပြီး
ဆေးကုမ္ပဏီ တစ်ခုမှာ အလုပ်ရခဲ့။ စာအုပ်တွေနဲ့ အလှမ်းဝေးခဲ့တဲ့နှစ်ကာလများပါပဲ ။
ဒါပေမဲ့ ကျွန်တော့်ဒုလ္လဘနဲ့ ရခဲလှတဲ့ ကဗျာဆရာ ဘ၀ကိုရဖို့
ကျွန်တော် ကံကောင်းခဲ့ ပါတယ်။ ၂၀၀၅ နှစ်ကုန်ခါနီးလေးမှာ ကျွန်တော့်
ဦးလေးတစ်ယောက်ဖြစ်တဲ့ ကိုအောင်ကျော်ဦး မိတ်ဆက်ပေးလို့ ဆရာမောင်ကြည်သာ(တောင်တွင်း)
နဲ့ ဆရာမောင်စိုးသစ်( မန္တလေး)၊ မောင်သစ်ဦး(မြစ်ခြေ)တို့နဲ့ သိကျွမ်းခွင့်ရခဲ့တယ်။
နန်းရှေ့မှာ နှစ်တွေအများကြီး ကျင်လည်ဖြတ်သန်းခဲ့ပေမဲ့ စာရေးဆရာ၊ ကဗျာဆရာဆိုတာကို
အရှင်လတ်လတ်ကြီး ခင်မင်ရင်းနှီးခွင့်ရလိုက်တာ ကျွန်တော်ဖြတ်သန်းရမယ့် ပင်လယ်အတွက်
အားကောင်းတဲ့ တက်မတစ်စုံကို ပိုင်ဆိုင်ခွင့် ရလိုက်သလိုပါပဲ။ အဲဒီတုန်းက ဆရာ မောင်ကြည်သာ(
တောင်တွင်း) က လမ်း၃၀ မှာ ဒီဂျစ်တယ်ဓါတ်ပုံဆိုင်လေးဖွင့်ထားတဲ့ အချိန်။
မောင်သစ်ဦး (မြစ်ခြေ)က ၈၇ လမ်းက စက္ကူစက်တစ်ခုမှာ လုပ်နေတဲ့အချိန်။ မောင်စိုးသစ်(
မန္တလေး)ကတော့ အခုအချိန်ထိ စက်မှုလက်မှုဘဏ်မှာ ၀န်ထမ်းလုပ်နေတုန်း။ ဆရာမောင်ကြည်သာ(တောင်တွင်း)က မီးလျှံထဲက လှေကားထစ် များ ခေါင်းစဉ်နဲ့ မန္တလေးက စာရေးဆရာအများစုနဲ့ ၀တ္တုတို စာအုပ် လေးတစ်အုပ် ထုတ် ပြီးပြီ။ ဆရာမောင်စိုးသစ်(
မန္တလေး) က အမေ့မေတ္တာ နာမည်နဲ့ ကဗျာနဲ့ဝတ္တုအက်ဆေးလေးတွေ
စုပေါင်းပြီး စာအုပ်တစ်အုပ် ဖြစ်ပြီးပြီ။ မောင်သစ်ဦး (မြစ်ခြေ) ကျတော့
လင်းအိမ်စည်ကလောင်နာမည်ခွဲနဲ့ မင်းကတော့
စံပယ်ပွင့် လေးတဲ့လား ဖြူ နာမည်နဲ့ ၀တ္တုရှည်လုံးချင်း တစ်အုပ် ထွက်ပြီး
နောက်ထွက်မယ့် လုံးချင်းတွေအတွက် အားသွန်ခွန်စိုက်ရေးလို့။ အဲဒီတုန်းက မနက် မနက် ဆိုရင်
မြရွှေတောင် လက်ဖက်ရည်ဆိုင်မှာ အလုပ်မသွားခင်ဆုံကြ။ ညနေအလုပ်ဆင်းချိန်ဆိုရင် သန်းတရာ
ညအလင်းပေါက်ဆိုင် လေးမှာ ထမင်ကြော်စားရင်း ကြာဇံကြော်စားရင်း ဆုံကြ။ ကဗျာအကြောင်း၊
မဂ္ဂဇင်းတွေအကြောင်း၊ ပန်းချီအကြောင်း၊ ၀တ္တုတို အကြောင်း လေးယောက်သား ပြောကြဆိုကြ။
ဆွေးနွေးကြ၊ ဝေဖန်ကြနဲ့ ။ ကိုယ့်အိမ်က မိသားစုအချင်းချင်းတွေထက် တောင်
ကျွန်တော်တို့တစ်တွေက ပိုတွေ့ဖြစ၊် စကားတွေ ပိုပြောဖြစ်ကြတယ်။ အဲဒီအချိန်တုန်းက
ကျွန်တော့်မှာ ကဗျာတွေသာ ဒိုင်ယာရီ စာအုပ်တွေနဲ့ သုံးအုပ်လောက် ရေးဖြစ်နေတာ
မဂ္ဂဇင်းတွေပေါ် ကဗျာပို့ဖို့ မကြိုးစားမိသေးသလို ကိုယ့်ကဗျာတွေကိုလဲ မဂ္ဂဇင်း မှာ
ဖော်ပြခံရလောက်အောင် အဆင့်မမှီ သေးဘူးလို့ ထင်မှတ်နေခဲ့တယ်။ ဒါပေမဲ့
ဆရာမောင်ကြည်သာ(တောင်တွင်း)နဲ့ ဆရာ မောင်စိုးသစ်တို့က ဖတ်ပြီး ဟေ့ မင်းနဒီခ
မောင်ရင့် ကဗျာတွေက ကဗျာဖြစ်ပြီးသားတွေပါကွ မဂ္ဂဇင်းတိုက်တွေကို ရဲရဲပို့ လိုက် စမ်းပါ
ဖော်ပြတာ မဖော်ပြတာက သူတို့အလုပ်၊ ရေးပြီးလို့ စိတ်ကြိုက်ဖြစ်ရင်တော့
ပို့သာပို့လိုက်တဲ့။ ပြီးတော့ ထပ်ပြော ပါ သေးတယ်။ မင်းကဗျာတွေကို ငါတို့စာမူတွေနဲ့
အတူတူ ပို့ပေးမယ်။ ဒီလိုပို့ပေးလို့ အယ်ဒီတာရွေးမယ်လို့တော့ အာမမခံဘူး။ ဒါပေမဲ့
ဒီကဗျာတွေဟာ မင်းနဒီခရဲ့ ကိုယ်တိုင်ရေး စာမူတွေဖြစ်ကြောင်းတော့ အာမခံနိုင်တယ် တဲ့။
ကျွန်တော် အရမ်းအား တက်သွားတယ်။ ကျွန်တော်ရေးဖြစ်တဲ့ကဗျာတွေထဲက
ကျွန်တော်စိတ်ကြိုက် ဖြစ်တဲ့ ကဗျာတွေကို မဂ္ဂဇင်း တိုက်တွေ တစ်တိုက် ပြီးတစ်တိုက်
ဆရာတွေရဲ့စာမူတွေနဲ့အတူ ပို့ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ကဗျာတွေ ရေးလိုက်၊ လက်ဖက်ရည်ဆိုင်
ထိုင်လိုက် ၊ မဂ္ဂဇင်းတွေ ဖတ်လိုက်နဲ့ ကျွန်တော်ကိုယ်တိုင် သတိမထားခဲ့မိတဲ့
ကဗျာပိုးက ငယ်ထိပ်တက်ကိုက်မှပဲ ကျွန်တော့်ကိုယ် ကျွန်တော် ဘာ ဖြစ်ချင်မှန်း
ကိုယ်တိုင်သိလာခဲ့တော့တယ်။ ဒီလိုနဲ့ ၂၀၀၆ ကိုရောက်တော့ ကဗျာဆိပ် က တော်တော်တက် နေပြီ။
ရေးဖြစ် တဲ့ကဗျာလေးတွေကို ဆရာမောင်ကြည်သာနဲ့ မောင်စိုးသစ်တို့ကိုပြ၊ ဘယ်ကဗျာက
ဘယ်လိုဖြစ်နေတယ်။ ဘယ်ကဗျာက ဘယ်မဂ္ဂဇင်းနဲ့ လိုက်တယ်နဲ့
ကဗျာလမ်းကြောင်းအပြောင်းအလဲနဲ့ ကဗျာအကြောင်းက လွဲရင် တခြားဘာမှမပြောချင် မကြား ချင်လောက်
အောင်ဖြစ်ခဲ့တဲ့နှစ်များ။ အဲဒီနှစ်အစမှာပဲ ဆရာမောင်ကြည်သာက ငါတို့
ဒီလိုစကားတွေပြောပြီး လေထဲမှာတင် ပျောက်ပျက် သွားလို့ တော့မဖြစ်တော့ဘူး။
စာပေ၀ိုင်းလေး သတ်သတ်မှတ်မှတ်လုပ်ပြီး မှတ်တမ်းလေးတစ်ခုထားရင် ကောင်းမယ် ဆိုပြီးတော့
သောကြာနေ့ ညတိုင်း Anyway Cafe မှာ ညနေ ခြောက်နာရီလောက်က စပြီး စာပေ၀ိုင်းလေး
စလုပ်ဖြစ်ခဲ့တယ်။ စလုပ်တဲ့ တစ်ပတ်နှစ်ပတ်မှာတော့ မောင်ကြည်သာ၊ မောင်စိုး သစ်၊
မောင်သစ်ဦး၊ မင်းနဒီခ၊ ရဲရင့်ပိုင်အောင် ပင်တိုင် လေး ငါး ယောက်လောက်နဲ့
စလုပ်ခဲ့ပေမဲ့ နောက်ပိုင်း ကျွန်တော်တို့ စာပေ၀ိုင်းလေးကို စိတ်ဝင်တစားရှိတဲ့သူတွေ
တဖြည်းဖြည်းပိုများ လာခဲ့တယ်။ ဆရာမောင်ကြည်သာရဲ့ ဖိတ်ခေါ်မှုနဲ့ ဆရာစိုးနိုင်
(မန္တလေး တက္တသိုလ်)၊ ဆရာကောင်းဇော်၊ တက္ကသိုလ်တေဇာလင်း၊ ဆရာမောင်သင်းပန်၊
ဆရာမင်းတင်ထွဏ်း၊ ဆရာ မောင်ဆွေသစ် (မန္တလေး)၊ ဆရာအနီမောင်၊ ဆရာထိုက်မောင်၊ မင်းသာ ကီသွေး၊
ရွှေရည်( နန်းတော်ရှေ့)၊ အေကေအက်စ် (မြန်မာစာ)၊ ကိုကိုအောင် (မန္တလေး)၊ ဒီမို
(မန္တလေး)၊ နေဝေး၊ ထွဏ်းသွေး အိမ်၊ မိုသျှန်း၊ တစ်ခါတရံ ရောက်လာတတ်တဲ့ ဆရာတွေက
ကိုထက်(ရေဦး)၊ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ မြစ်ကြီးနားက ဆရာ ပန်းဒကာ
ကိုတင်မြင့်၊ဦးဘုန်း (ဓါတု)၊ကိုရွှေမော်၊ မင်းငြိမ်းသော်၊ နွေဝေနှင်း၊ မန္တလေးက
စာနယ်ဇင်းဆရာများ ။ ရန်ကုန်နဲ့နယ်က တစ်ခါတရံရောက်လာတတ်တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ
အများကြီးပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ စာပေ၀ိုင်းလေးရဲ့ ချစ်စရာကောင်းတဲ့
အလေ့အထတစ်ခုက တစ်ယောက်ပြီးမှ တစ်ယောက်အလှည့်ကျစီ ကိုယ်ဖတ်ဖူးတဲ့ အကြောင်းအရာ၊
ကိုယ်ရေးတဲ့ကဗျာ ဒါမှမဟုတ် ကိုယ်နှစ်သက် တဲ့ ၀တ္တု၊ ကဗျာ၊ အက်ဆေး တစ်ခုခုကို
စာပေ၀ိုင်းမှာ တတ်ရောက် လာတဲ့လူတိုင်း လူကြီးလူငယ်မရွေး ပြောခွင့်ရခြင်းပါပဲ။
တစ်ယောက်ပြောနေတဲ့အချိန်မှာလဲ အခြားတစ်ယောက်က ကြားဖြတ် မပြောကြဘဲ
အားလုံးပြောပြီးမှ ပြန်လည်ဆွေးနွေး ညှိ နှိုင်းကြတဲ့ အလေ့အထပါပဲ။ နောက်တစ်ခုက
စာပေ၀ိုင်းလေးမှာ တစ်ပတ်ပြီးတစ်ပတ် ထင်ရှားခဲ့တဲ့စာဆိုတော်ကြိးတွေ အကြောင်း၊
စာအုပ်တွေအကြောင်း၊ ခေါင်းစဉ်တင်ပြီး ရှေ့မှီနောက်မှီ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့
စာရေးဆရာကြီးတွေက
ပြန်လည် ပြောပြလို့သိခဲ့ရ၊ပြီးတော့ တစ်ပတ်ကို
ခေါင်းစဉ်တစ်ပုဒ်ပေးပြီး နောက်တစ်ပတ်မှာ အဲဒီခေါင်းစဉ်ကို ပုံစံအမျိုးမျိုးနဲ့ ရေးလာတဲ့
ကဗျာတွေကိုစုဖတ်ကြ။ ဆွေးနွေးကြ။ ပြီးရင်
ကျွန်တော်တို့လူငယ်တွေ ဖတ်သင့် မှတ်သင့်တဲ့ စာအုပ်တွေ လမ်းညွှန်ပြနဲ့
ကျွန်တော်တို့လို ပင်လယ်ဖြတ်ဖို့ ဟန်ပြင်နေတဲက လူငယ်တွေ အတွက်တော့ တန်ဖိုး ဖြတ်မရနိုင်တဲ့
စာပေ၀ိုင်းလေးပါပဲ။ အတ္ထုပတ္တိ၊ သမိုင်းအချက်အလက်တွေဆိုရင် ဆရာစိုးနိုင်(
မန္တလေးတက္ကသိုလ်)၊ ဘာသာ ရေးနဲ့ပတ်သက်ရင် ဆရာတော် တက္ကသိုလ်တေဇာလင်း၊
ကဗျာနဲ့ပတ်သက်ရင် ဆရာမောင်ကြည်သာ-တောင်တွင်း ၊ မောင်သင်းပန်၊ မောင်စိုးသစ်(မန္တလေး)၊
ဝတ္ထုနဲ့ ပတ်သက်ရင် ဆရာမင်းတင် ထွဏ်း၊ ပန်းချီနဲ့ပတ်သက်လာရင် ဆရာကောင်းဇော်(
ကာတွန်း လေရူး)။ ထောင့်ပေါင်းစုံက စာပေ အနုပညာနဲ့ ပတ်သက်တဲ့ အမြင်၊ အယူအဆ၊
ဖြတ်သန်းမှုနဲ့ အနာဂတ်လမ်းကြောင်း အပြောင်းအလဲ။ ခေတ်ပေါ် ခေတ်ပြိုင်၊ သီအိုရီ။
ကဗျာနဲ့ပတ်သက်တဲ့ ခံယူချက်။ အနုပညာသည် အနုပညာခံစားနိုင်မှု အတွက်ထိ
စဉ်းစားလာနိုင်အောင် အတွေ့အကြုံ တွေကို ရင့်ကျက်စေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၆ မတ်လမှာ
ကျွန်တော့်အကြောင်း ဆိုတဲ့ကဗျာလေးတစ်ပုဒ်
အလင်္ကာဝတ်ရည်ဂျာနယ်မှာ ကျွန်တော့်ရဲ့ပထမဦးဆုံးပုံနှိပ်ကဗျာ အဖြစ် ဖော်ပြခံရပါတယ်။
ဘာပြော ကောင်းမလဲ။ ပျော်လွန်းအားကြီးလို့ အလင်္ကာဝတ်ရည်ဂျာနယ်ကို ဆယ်စောင်လောက်ဝယ်။
ကိုယ်နဲ့ အရင်းနှီးဆုံးမိတ်ဆွေ အပေါင်းအသင်းတွေကို လိုက်ဝေ။ ဂျာနယ်မျက်နှာဖုံးမှာ
မင်းနဒီခ လက်မှတ်ကလေးထိုးလို့။ အဲဒီပီတိက အခုအချိန်ထိ ကဗျာ တစ်ပုဒ်စာမျက်နှာပေါ်ပါလာတိုင်း
ခံစားနေရတုန်းပါပဲ။ နောက်ပိုင်းမှာလဲ ကဗျာတွေ တစ်လခြား နှစ်လခြား တစ်ပုဒ်ပါလိုက်
နှစ်ပုဒ်ပါလိုက်နဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ကိုယ်ကဗျာတွေကို
ကိုယ်ပြန်ခံစားခွင့်ရခဲ့သလို Anyway စာပေ၀ိုင်း လေးဟာလဲ တစ်လထက်တစ်လ
ပိုမိုအားကောင်းအရှိန်မြင့်လာခဲ့ပါတယ်။ အဲဒီ Anyway ကဖေးဆိုင်လေးမှာပဲ မိုသျှန်းက
လရောင်ဆာတဲ့မြစ် အချစ် ကဗျာစာအုပ်မိတ်ဆက်ပွဲ။ ဦးဘုန်း (ဓါတု)ရဲ့ နီးနီးဝေးဝေးအတွေးလက်ဆောင်စာအုပ်မိတ်ဆက်ပွဲ၊
တက္ကသိုလ်တေဇာလင်းရဲ့ အလှမျက်ဝန်းမှ သိင်္ဂါရနှင်းစက်များ
အနုပညာဆောင်းပါးများမိတ်ဆက်ပွဲ။ ဆရာစိုးနိုင် (မန္တလေး တက္ကသိုလ်)က ၂၀၀၇ မှာ
ရွှန်းရွှန်းမြ တောင်သမန်စာတမ်းနှင့် စာပေဆောင်းပါးစာအုပ်နဲ့ ၊ နောက် ၂၀၀၈ မှာ
လျှပ်ပန်းအက္ခရာ အနုပညာရသဆောင်းပါးများ စာအုပ်မိတ်ဆက်ပွဲ၊ ပြီးတော့ Anyway မှာ
တစ်ပတ်တစ်ခါပေးတဲ့ခေါင်းစဉ်နဲ့ ပါလာတဲ့ မဂ္ဂဇင်း ကဗျာတွေ ဆယ်ပုဒ်ပြည့်တိုင်း Anyway
မြင်ကွင်း ၁၀၊မြင်ကွင်း ၂၀ ဆိုပြီး မြင်ကွင်း ၅၀ ထိတိုင်အောင် လက်ကမ်းကဗျာ စာအုပ် လေးတွေလည်း
ထုတ်ဖြစ်ခဲ့ကြပါတယ်။
Friday Ready Workshop ပင်လယ်
ကျွန်တော်ဖြတ်သန်းခဲ့တဲ့
ပင်လယ်တလျှောက်မှာ Friday Ready Workshop ဆိုတဲ့ သောကြာဝိုင်းကလေးကလဲ
ထိမ်ချန်ထားခဲ့လို့မရတဲ့ ပင်လယ်တစ်ခုပါပဲ။ ၂၀၀၈ မတ်လလောက်မှာ ဒီဝိုင်းကလေးကို
အဓိကဦးဆောင်တဲ့သူကတော့
မောင်သစ်ဦး (မြစ်ခြေ)။ အခုထိလည်းသူက ဆက်လုပ်နေဆဲ။ သူက နန်းရှေ့က ဖောင်တော်ဦးပရဟိတ စာသင်ကျောင်းလေးရဲ့
စာကြည့်တိုက်မှာ အသင်းဝင်ကဒ်လေးလုပ်ထားတော့ မကြာခဏစာအုပ်တွေငှားရင်း အဲဒီကျောင်းက
မိဘမဲ့ကျောင်းသားလေး
တွေနဲ့ ရင်းနှီးပြီး အဲဒီ စာကြည့်တိုက်ကလေးမှာပဲ
သောကြာနေ့တိုင်း စာဖတ်ဝိုင်းလေးလုပ်ဖြစ်ခဲ့တယ်။ ပထမတော့ သူတစ်ယောက်တည်းနဲ့
ကျောင်းသား လေးငါးယောက်လောက်နဲ့လုပ်နေရာက တဖြည်းဖြည်းကျောင်းသားဦးရေတွေ များလာတော့
ကျွန်တော့်ကို အချိန်ရရင် ကူညီပါဦးဆိုလို့ တစ်ပတ်နှစ်ပတ်လောက်ဝိုင်းပေးဖြစ်ရာက
သောကြာဝိုင်းလေးမှာ တစ်နှစ်နီးပါး လောက်ထိ ကျွန်တော်ဦးဆောင် ပါဝင်လှုပ်ရှားပေးခဲ့ပါတယ်။
ဒါပေမဲ့၂၀၀၉ မှာ ကျွန်တော် ချစ်သော ဗုဒ္ဓဟူးနံလေးနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သောကြာဝိုင်း ရောက်ဖြစ်လိုက်
မရောက်ဖြစ် လိုက်နဲ့ အခုဆိုရင် လုံးလုံးမသွားနိုင်တော့တဲ့အထိ ပျက်ကွက်ခဲ့ပါတယ်။
အဲဒီ သောကြာဝိုင်းလေးမှာ ဘာလုပ်ဖြစ်ခဲ့သလဲဆိုရင်တော့ ပထမဆုံးကျွန်တော်တို့ အပါအ၀င်
ကလေးတွေအားလုံး သောကြာ နေ့မတိုင်ခင် စာအုပ်တစ်အုပ် ဒါမှမဟုတ် ဆောင်းပါးကဗျာ
ဝတ္ထုတို တစ်ပုဒ်လောက် အနည်းဆုံးဖတ်ခဲ့ပြီး အဲဒီ အကြောင်းအရာကို စာဖတ်ဝိုင်းမှာ
ဆွေးနွေး၊ ပြန်လည်မျှဝေ ခံစားကြခြင်း ပါပဲ။ အဓိက ရည်ရွယ်ချက်တော့ ကလေးတွေ စာဖတ် အားကောင်းပြီး
လူပုံအလယ်မှာ ရဲဝံ့ဖို့၊ ဗဟုသုတပြည့်စုံပြီး အကောင်း အဆိုးကို
ပိုင်းခြားသိမြင်တတ်ဖို့၊ အမြင်မှန်ပြီး အမှန်မြင် တတ်ဖို့။ သမိုင်းကိုလည်းသိ
အနာဂတ်ကိုလည်း ဦးဆောင်နိုင်အောင် ကျွန်တော်တို့အများကြီးကြိုးစား ပေးနိုင်ခဲ့ ပါတယ်။
အခုဆိုရင် သောကြာဝိုင်းထဲက လင်းရိပ်တာရာ၊ ဇေသော်( စကားဝါမြေ)၊ ဇလပ်သွယ်နှင်းတို့ဆိုရင်
မဂ္ဂဇင်းစာမျက်နှာတွေ ပေါ်တောင် ရောက်ရှိရေးသားနေကြပြီ။ ဆရာမောင်ကြည်သာက
ကျွန်တော့်ကို ပြောဖူးပါတယ်။ သူ့ကဗျာတွေကိုဖတ်ကြည့်ပြီး ဆရာနီမောင် တို့က
ကဗျာပါမယ် မပါဘူး အာမမခံပေမဲ့ ကဗျာတကယ်ရေးကြောင်းအာမခံပြီး
မဂ္ဂဇင်းတွေပေါ်တင်ပေးခဲ့တယ် တဲ့။ သူ ကိုယ်တိုင်ကလဲ မောင်စိုးသစ်တို့
မောင်သစ်ဦး တို့ကို လက်ဆင့်ကမ်းပြီး လုပ်ပေးခဲ့တယ်။ မောင်စိုးသစ်တို့ လက်ထက်ကျ
တော့ မင်းနဒီခတို့ ရဲရင့်ပိုင်အောင် တို့ရဲ့ ကဗျာတွေစုပြီး
မဂ္ဂဇင်းတိုက်တွေပို့ပေးခဲ့တယ်။ အခု မင်းနဒီခတို့ လက်ထက်ကျ တော့လဲ သောကြာဝိုင်းက
လူငယ်တွေအတွက် လက်ဆင့်ကမ်းသယ်ဆောင်ပို့ပေးခဲ့တယ်။ မန္တလေးမှာ လေးငါးနှစ်အတွင်း
မျိုး ဆက်တွေ တစ်ဆက်ပြီး တစ်ဆက်ပေါ်လာတဲ့ အပေါ်မှာ အားရကျေနပ်မိတဲ့အကြောင်းပါ။
ကျွန်တော်တို့ကိုယ်တိုင် ဘာမှ မဖြစ် ခဲ့သေးပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်တာ
မဖြစ်နိုင်တာတွေ လုပ်ကောင်းလုပ်နိုင်လာမဲ့ ဖြစ်ကောင်းဖြစ်လာနိုင်မယ့် မျိုးဆက် တစ်ခုကို
လက်ဆင့်ကမ်းပေးနိုင်ခဲ့တာအတွက် ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ပင်လယ်မှာ
ခြေကုန်လက်ပန်းကျခဲ့ရင် တောင် ကျွန်တော့် လက်ပစ်အတွက် ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။
ကဗျာပင်လယ်
တရိပ်ရိပ်တက်လာတဲ့
လှိုင်းလုံးတွေနဲ့
ကမ်းခြေရဲ့ ရာဇ၀င်ကို ခိုးဝှက်လိုက်ကြ
တစ်ခါတရံ သိမ်မွေ့
တစ်ခါတရံ ကြမ်းတမ်း
မီးပြတိုက်လေး ပခုံးပေါ်ထမ်းပြီး
ကိုယ့်ကိုယ် ကိုယ်ပေါလောမျောနေတဲ့တေလေ
ပြောပါဦး
မင်းက ဘယ်သူ့လက်ခုပ်ထဲက ရေလဲ
ဆိုပြီး ကလျာမဂ္ဂဇင်းမှာ ကျွန်တော်ကဗျာလေးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ အဲဒီ အတိုင်းပါပဲ။ ကဗျာပင်လယ်ထဲမှာ အချို့သူတွေ ခြေရာတွေချန်ထားခဲ့နိုင်ကြတယ်။ အချို့သူတွေကတော့ ဒီရေတွေ အောက်မှာ ခြေတောင် မချလိုက် နိုင်ဘဲ စုန်းစုန်းမြုပ်သွားခဲ့ကြတယ်။ ဘယ်တတ်နိုင်မှာလဲ။ ပင်လယ်ဆိုတာ လွယ်လွယ်နဲ့ ဖြတ်လို့ရနိုင်တဲ့ မြစ်တစ်မြစ်မှ မဟုတ်ခဲ့တာပဲ လေ။ ဒါကြောင့် စိတ်နာနာနဲ့ပဲ ကိုယ့်ကိုယ် ကိုယ်ပေါလောမျောနေတဲ့တေလေ မင်းက ဘယ်သူ့ လက်ခုပ်ထဲက ရေလဲ လို့ မေးခွန်းထုတ်ခဲ့ တာပေါ့။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ကဗျာပင်လယ်က ရေစီးသန် လွန်းတယ်။ အမှိုက် ဒိုက်သရိုက်တွေ များတယ်။ ကျွန်တော်ရေစုန်လဲ မျောလိုက်ခဲ့။ ရေဆန်လဲ ပစ်ကူးခဲ့။ အပြောကျယ်တဲ့ ပင်လယ်ထဲမှာ နေရာ တိုင်းက စီးဆင်းနေတဲ့ မြစ်လက်တက်တွေက အများကြီး။ ခေတ်စမ်း၊ မိုးဝေ၊ စာပေသစ်၊မော်ဒန်၊ ပို့မော်ဒန်၊ Collage၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းလောက်မှာ LP, Post LP, Neo Modren, Collage, Experimental Poetry, Prose Poem နောက်ပြီး ကျွန်တော်လက်လမ်းမမှီနိုင်တဲ့ ကဗျာအမျိုးအစားတွေ အများကြီးကျန်ပါသေးတယ်။ ကျွန်တော်အတွက်ကတော့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ ကဗျာပုံသဏ္ဍန်ဟာ အချိန်တစ်ခုကြာအောင်သေနေတဲ့ ပုံသဏ္ဍာန်ကို ပျင်းရိငြီးငွေ့ လာရာက ပေါက်ဖွား လာခဲ့တယ်။ ဒါကြောင့် ပြောင်းလဲလာတဲ့ ကဗျာပုံစံသစ်တွေကို လက်ခံ၊ အနုပညာစစ်မှန်ပြီး အများ လက်ခံရင် နေရာတစ်ခုကျန်ခဲ့ လိမ့်မယ်လို့ ခံယူထားပြီး ကျွန်တော့် ကဗျာစီးကြောင်းကို ၂၀၀၇ နောက်ပိုင်းမှာ ပြောင်းလဲခဲ့။ အရင်ရေးနေကျ ငါ ကိုယ်စားပြု တွေ၊ အကြောင်းအရာရှာ စကားလုံးအလှအပတွေနဲ့တန်ဆာဆင်၊ ဖတ်ပြီးရင် ပြီးပြီဆိုတဲ့ ကဗျာတွေကို ငြီးငွေ့ခဲ့။ ဘာသာစကား ကို အကြိုက်တွေ့မိပြီး လေ့လာဖို့ အားထုတ်ခဲ့။ ကိုယ်တိုင်တွေ့ရှိခံစားရတဲ့ ဘာသာစကားရဲ့ အလုပ်လုပ်ပုံ၊ ဘာသာစကားရဲ့ ရိုးရှင်းတဲ့ အဓိပ္ပာယ်နဲ့ ကဗျာတစ်ပုဒ်တည်ဆောက်ပုံကို အတုယူခဲ့။ အခုအချိန်ထိတော့ ဘာသာစကား ကဗျာတွေကို စမ်းသပ် ရေးဖွဲ့နေဆဲ။ ဘယ်လို ဖြစ်ဖြစ် အကြိုက်တွေ့တာကသပ်သပ်၊ ကိုယ်တိုင်ရေးလိုက်မိတဲ့ ကဗျာက သပ်သပ်ဆိုပေမဲ့ ကဗျာ လမ်းကြောင်းတစ်ခုဟာ အပြောင်းအလဲ တစ်ခုဖြစ်ခဲ့ပြီ ဆိုတာတော့သိရှိခဲ့။ ကျွန်တော်ကတော့ ကိုယ့်တံဆိပ်ကိုယ်ကပ် ပင်လယ်ကို ဖြတ်ဖို့ ဆက်လက် ထွက် ခွာ လာ ခဲ့ ပြီ ။
မင်းနဒီခ
No comments:
Post a Comment