Thursday, April 11, 2013

ကဗျာနဲ့ ရက်တဲ့ လရိပ်ဟာ ကဗျာဖတ်သူပေါ် ဖြာကျနေတယ် ( ကဗျာစာအုပ်ခံစားမှု)



ကဗျာနဲ့ ရက်တဲ့ လရိပ်ဟာ ကဗျာဖတ်သူပေါ် ဖြာကျနေတယ်

စာအုပ်အမည်                 လရိပ်နဲ့ ရက်တဲ့ ကဗျာ ကဗျာနဲ့ ရက်တဲ့လရိပ်
ရေးသူ                         လွတ်လပ်လင်းအိမ်
ထုတ်ဝေသည့် ကာလ        ၂၀၁၃၊ ဇန်န၀ါရီ
ထုတ်ဝေသည့် တိုက်         ဆောင်းစုရတီစာပေ

        လွပ်လပ်လင်းအိမ်နှင့် စတင်ဆုံစည်းဖြစ်တာ မှတ်မှတ်ရရ တောင်သမန်၊ တောင်လေးလုံးကျောင်းမှာ ကျင်းပတဲ့  မောင်ချောနွယ် ၁၀ နှစ်ပြည့် အမှတ်တရပွဲမှာဖြစ်သည်။ ကဗျာကိုစိတ်ဝင်စားသူ ကဗျာချစ်သူလူငယ်တစ်ယောက်အဖြစ် ခင်မင်ရင်းနှီးဖြစ်ခဲ့သည်။ နောက်တစ်ခါ ဆုံဆည်းဖြစ်တာက ၈၄ လမ်း ယူနီစန်လက်ဖက်ရည်မှာဖြစ်သည်။ ကဗျာစာအုပ် ထုတ်တော့မည် တဲ့။ ဆရာ နေမျိုးဆီမှ အမှာစာရလိုကြောင်းပြောသဖြင့် ဆရာနေမျိုးနှင့် ဆက်သွယ်ပေးလိုက်သည်။ ယခု ၂၀၁၃ ဇန်န၀ါရီမှာ လရိပ်နဲ့ ရက်တဲ့ ကဗျာ ကဗျာနဲ့ ရက်တဲ့လရိပ် လို့ အမည်ပေးထားသည့် ကဗျာစာအုပ်လေး ထွက်လာ သည်။ မျက်နှာဖုံးပန်းချီ ဆရာနေဆန်းလက်ရာနှင့် ကဗျာစာအုပ်လေးက လှလှပပ သပ်သပ်ရပ်ရပ်။ ဆရာနေမျိုးအမှာစာတစ်ခုတည်းနဲ့တင် လွပ်လတ်လင်းအိမ် ဘာလဲ၊ လွတ်လပ်လင်းအိမ် ဘယ်လဲဆိုတာ သိနိုင်သည်။ လွတ်လပ်လင်းအိမ်သည် ` သူ့ကဗျာတွေအရ သူသည် ယနေ့ခေတ်လူသားတစ်ယောက်၏ ဘ၀ဖြစ်ထွေကို သရော်သံငွေ့ငွေ့ဖြင့် မေးခွန်းထုတ်ထားသူ၊ ဇာတိမြေကို ချစ်မြတ်နိုးသူ၊ သွေးသားသံယောဇဉ်ကြီးတတ်သူ၊ အသစ်ကို လိုလားသူ၊ အဖွဲ့အနွဲ့အသစ်ကို ဖန်တီးဖို့ ကြိုးစားနေသူ၊ အချစ်ကို ကိုင်တွယ်ထိစမ်းခဲ့ဖူးသူ၊ မိမိကိုယ်ကိုယ် အရင်းအမြစ်ကျကျ ရှုမြင်ထားသူ၊ သေခြင်းတရား၏ ရနံ့နှင့်  အငွေ့အသက်များကို ထိတွေ့ဖူးသူ၊ လူ့အဖြစ်ကို တူးဆွကြည့်တတ်သူ၊ ရိုးဖြောင့်သူ၊ အကောင်းမြင်စိတ်ရှိသူ၊ ယနေ့ခေတ်ကြီးကို သူမြင်ရာရှုထောင့်မှ တစိမ့်စိမ့် ထိုင်ကြည့်နေခဲ့သူ တစ်ဦးဖြစ်ကြောင်း´ တွေ့ရပါသည်ဟု ဆရာနေမျိုးက အမှာစာထဲတွင်  အသေးစိတ်ရေးပြထားပါသည်။ ထို့ပြင်` ကဗျာ၏ အလျားအနံကို တိုင်းတာကြည့်ပါက ကန့်သတ်မဲ့ ဇုံထဲသို့ ရောက်ရှိသွားနိုင်သော ယနေ့အခါသမယတွင် သူ့ကဗျာများနှင့် သူ့အားထုတ်ပုံမှာ ဟန်ချက်ညီ၍ ကျေနပ်ဖွယ် ကောင်းသည်ဟု ဆိုချင်ပါသည်။ သူ့ကဗျာများ၏ အဓိပ္ပာယ်စီးဆင်းပုံမှာ  တခါတရံ မမြင်ရသော စီးကြောင်းများမှ တိုးဝှေ့လာနေသလို တခါတရံ ရှေ့တူရူမှ တည့်တည့်မတ်မတ် စီးဆင်းလာသည်ကိုလည်း တွေ့ရပါသည်။ တခါတရံတွင် သူ့ကဗျာဖတ်ရင်း အဓိပ္ပာယ်စီးဆင်းမှု ခေတ္တပြတ်တောက်သွားပြီးမှ ပြန်လည် ယိုစီးလာသည်ကိုလည်း တွေ့ရပါသည်။ သေချာတာတစ်ခုက သူ့မှာ အနုပညာရှိသည်။ ယခု လရိပ်နဲ့ ရက်တဲ့ကဗျာ ကဗျာနဲ့ ရက်တဲ့ လရိပ် ခေတ်ပေါ်ကဗျာစုစည်းမှုသည် သူ၏ ပွဲဦးထွက် ကြိုးစားအားထုတ်မှုပင်ဖြစ်သည်။ သူ (သို့) လွတ်လပ်လင်းအိမ်ကို ကျွန်တော်မျှော်လင့်သည်။´ ဟုလည်း ဆရာနေမျိုးက မုဒိတာစကား ရေးသားထားပါသည်။
          ပထမဆုံးကဗျာမာတိကာကို အရင်ကြည့်ဖြစ်လိုက်သည်။ ကဗျာစုစုပေါင်း ၆၃ ပုဒ်။ တစ်ချို့ကဗျာခေါင်းစဉ်တွေက ရိုးစင်းလွန်းပြီး အခြားကဗျာဆရာများအသုံးပြုပြီးသား ခေါင်းစဉ်များလားဟုပင် တွေးစရာရှိသည်။ ( ဥပမာ-မနေ့က သီချင်း၊ ပြီးခဲ့သော ဇာတ်လမ်း၊ အချစ်သီချင်း)။ အချို့ကဗျာခေါင်းစဉ်များကတော့ ခေါင်းစဉ်မြင်ရုံနဲ့တင် ဆွဲဆောင်နိုင်စွမ်းရှိသည်ကို တွေ့ရသည်။( ဥပမာ- အသက်ရှူသံဟာ နံရံထဲမှာ၊ ဒီကနေ့ အသက်ကို လွတ်လွတ်ကျွတ်ကျွတ် မ ရွှေ့၊ အခန်းလွတ်ထဲက အကြေစများ၊ ခြေတုံးလုံးအင်္ကျီ)။ ယခုနောက်ပိုင်းခေတ်ပေါ်လွန်ကဗျာအရေးအသားများတွင် ကဗျာခေါင်းစဉ်ကိုယ်တိုင်ပင် ကဗျာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပတ်သက်နေသည့် အနေအထားတွင် ကဗျာခေါင်းစဉ်ရွေးချယ်မှုသည် အရေးကြီး လာပြီဟု ထင်မိသည်။ ဘယ်လိုဖြစ်ဖြစ် လွတ်လပ်လင်းအိမ်သည် လူငယ်တစ်ယောက်သာ ဖြစ်သည်။ သူ၏ ရိုးဖြောင့်မှုနှင့် ကဗျာချစ်မက်စိတ်ကိုတော့ ကျွန်တော်တို့ အသိအမှတ်ပြုရမည်ဖြစ်သည်။ ယနေ့ကဗျာခေတ်၏ မတူကွဲပြားဆန်းသစ်သော ကဗျာအရေးအသားအသစ်များ၊ ကဗျာမုန့်ဖုတ်နည်းများ၊ ကဗျာဟင်းချက်နည်းများအကြားတွင် ကဗျာပွက်ရာ ကဗျာမချဘဲ ကိုယ်ယုံကြည်ရာကဗျာရေးဟန်သက်သက်ဖြင့် ချပြလာသော ကဗျာလေးများမှာ နှစ်လိုဖွယ်ကောင်းလှသည်။
          လွတ်လပ်လင်းအိမ်၏ ကဗျာအများစုသည် ခေတ်ပေါ်ကဗျာ အငွေ့အသက်များဖြင့် ဆွတ်ပျံ့နေသည်။ အသံ စီးဆင်းမှု၊ နိမိတ်ပုံ။ စကားလုံးအဖွဲ့အနွဲ့ စသည်ဖြင့် ခေတ်ပေါ်ကဗျာအားကောင်းခဲ့စဉ်တုန်းက အရေးအသားမျိုး ဖြစ်သည်။
`ကျနေ သောက်နေကျ ကိုင်းအဖျားမှာ
နားနေမိတဲ့စိတ်
သစ်ရွက်ကြွေသံဟာ
သစ်ပင်အောက်ကလား အသွေးအသားထဲကလား
သီချင်းဟောင်းတစ်ပုဒ်နဲ့
မနေ့ သစ်ရွက်လေးဆီ တငွေ့ငွေ့ပြန်စိမ်း
တောကျီးကန်းတစ်ကောင်ရဲ့
တစာစာဟစ်ကြွေးသံဟာ
ပင်စည်ထဲ
သပ်တစ်ချောင်းအဖြစ် စိုက်ဝင်သွားလေရဲ့။´
( အလွမ်းကဗျာမှ)

`ဖြားယောင်းမှုကို ပွင့်ချပ်အပေါ် အထင်းသားတွန်းတင်လို့
ဝတ်ဆံက တွန်းထွက်လာတဲ့ ရနံ့က ဖျားလောက်စရာ
အဲဒီမှာ ရွက်ဝါတွေ တဖြုတ်ဖြုတ်ကြွေ
သူ့အစာကို
သူ့ ပွင့်ချပ်နဲ့ ခပ်ယူရင်း
အဲဒီမှာ သူ့ရနံ့တွေ တဖြုတ်ဖြုတ်ကြွေ။´
( နှင်းဆီနီနီ ကဗျာမှ)
          လွတ်လပ်လင်းအိမ်သည် လူငယ်ဖြစ်သည်။ လူငယ်ဖြစ်သည့်အလျောက် အသစ်ကို လိုလားသည်။ အရေးအသား အဖွဲ့အနွဲ့အသစ်ကို စမ်းသပ်လိုသည်။ သို့သော် သူသည် အစွန်းရောက်မသွား။ ခေတ်ပေါ်ဟန်နှင့် ခေတ်ပြိုင်အဖွဲ့အနွဲ့ကို ခပ်ပါးပါးလေး ပေါင်းစပ်သည်။ အစွန်းမရောက်။ သူနားလည်သလောက် သူခံစားရသလောက် ကဗျာဖတ်သူကို ပြန်လည် ရရှိစေလို့သည့် စေတနာရှိသည်။ သူ့အရေးအသား အကူးအပြောင်းကို ယခုကဗျာစာအုပ်ထဲတွင် အနည်းငယ်တွေ့ရသည်။
` ဒီကဗျာမှာ
ငါ့အရိပ်ပေါ်ငါပြန်ဖြတ်ပေးရတဲ့ အရသာနဲ့
ငါ့ခြေရာပေါ် ငါပြန်ခလုတ်တိုက်လဲတဲ့ အရသာ
ဒီအရသာနှစ်မျိုးနဲ့ ဒီကဗျာကို သုပ်ထားတယ် ၊  သုတ်ထားတယ်
ဖတ်ရင်းတန်းလန်းသားရည်ယိုလာတဲ့အထိဖြစ်နေရမယ်
ဆိုလိုချက်က လူဟာ စိတ်မပါဘဲ အသက်မရှူသင့်လို့ ညွှန်းဆိုလိမ့်မယ်
လျှာကို အရွတ်ဖတ်တစ်ခုလို ဆက်ဝါးနေမယ့်အစား
ချက်ချင်းလှီးထုတ်ပစ်လိုက်တာက ပိုအရသာ ရှိတယ်လို့ ပြောမယ်
ဒီကနေ့ အသက်ကို `မ´ ရွှေ့လိုက်တဲ့အခါ
ဖိနပ်လျောတိုက်သံ မကြားရစေနဲ့။´
(ဒီကနေ့ အသက်ကို လွတ်လွတ်ကျွတ်ကျွတ် မ ရွှေ့ ကဗျာမှ)      
          လွတ်လပ်လင်းအိမ်၏ ကဗျာများကို ဖတ်ပြီးသည့်အခါ ထူးခြားမှုတစ်ခုကိုတွေ့ရသည်။ သေခြင်းတရား။ ဟုတ် သည်။ လွတ်လပ်လင်းအိမ်သည် ငယ်ငယ်ရွယ်ရွယ်နှင့် သေခြင်းတရားရဲ့ ရနံ့ကို ရှူရှိုက်မိသည်။ သူ့ကဗျာများထဲတွင် ထို မရဏတရားကို မကြာခဏထည့်သွင်းဖော်ပြသည်။

၁။အသက်ဓါတ်ကို ဆွဲဆန့်ထားတဲ့Solu-Cortefတစ်လုံးဟာ တဖြည်းဖြည်းဆေးသားလွင့်လွင့်လာ ( တမလွန်ဘူတာကဗျာမှ)
၂။ တွယ်ငြိမှု စွန့်ပစ်မှု ငါတို့ သေခြင်းတရားကို ချဉ်းကပ်တတ်ဖို့ လိုပြီ (သေခြင်းတရားကဗျာမှ)
၃။  ရှုင်ခန်းရှိလည်း ရှင်ဖို့ သေခန်းရှိလည်း သေဖို့၊ ကျွန်တော်တို့ ဒီနေရာကို ရောက်ရှိခဲ့ပါပြီ ( အယူခံ ကဗျာမှ)
၎။ မိသားစုသစ်ပင်လေးရဲ့ အနုပျိုဆုံး အလှပဆုံးသစ်ကိုင်းလေးဖြစ်တဲ့ မင်း ရုတ်တရက် ကျိုးကျသွားခဲ့တယ် ( တမလွန်ညီမလေးသို့ အိတ်ဖွင့်ပေးစာ ကဗျာမှ)
၅။မျက်စိလေးမှိတ်ထား နားလေးစွင့်ထား ကိုယ်လေးဖော့ထား ကြေးစည်ထုသံက မင်းကို ကောင်းကင်ပေါ် ရိုက်တင်ပေးလိမ့်မယ် ( အင်္ကျီ အသစ်တစ်ထည် မင်းဆီပို့လိုက်တယ် ဖိုးကျော် ကဗျာမှ)
အဖေ၊ညီမလေး၊သူငယ်ချင်းဖိုးကျော်။ သံယောဇဉ်ကြိုးတွေကို အလွယ်တကူဘယ်သူဖြတ်ကြသည်လဲ။ သွေးသား သံယောဇဉ်ကြီးတတ်တဲ့ကဗျာဆရာလူငယ်လေးတစ်ယောက်၏အတွေးမှာ ဘယ်အချိန်ဖြစ်ဖြစ် သေခြင်းတရားက လွှမ်းမိုး ထားသည်။ ထိုထက်ပိုပြောရလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ သံသရာ။ ပူလောင်ပြင်းပြသော မီးများ။ သူ့အပေါ် အချိန်ပြည့် ရိုက်ခတ်နေသာ သေခြင်းတရားကို သူကဗျာအဖြစ် ဖောက်ထုတ်ပစ်လိုက်သည် ။ ထိုသို့ ရေးလိုက်ခြင်းဖြင့် လွတ်လပ် လင်းအိမ်တစ်ယောက် လွတ်လပ်ပေါ့ပါးပါစေတော့။ ကဗျာရေးနေစဉ်အတွင်း စိတ်၏ ငြိမ်းအေးရာကို ရှာတွေ့ပါစေတော့။ တကယ်တမ်းကျတော့ ထိုသို့ ကျွန်တော်မပြောပါ။ လွတ်လပ်လင်းအိမ်သည် ကျွန်တော်တို့က တရားပြရမည့် သူ တစ်ယောက်မဟုတ် ။ သူ့တွင် တရားရှိမရှိ၊ သူ တရားသိ မသိ သူ့ကဗျာတွေက ပြောပြနေပါသည်။
`ကရွတ်ကင်းလျှောက်
ထပ်ဖန်ရောက်သို့။´
( မဟာဂန္ဓာရုံဆရာတော်)
ပြီးရင် . . .  အစဆီ ပြန်သွားကြရမှာ
ပြီးရင် . . .  အဆုံးဆီ ပြန်သွားကြရမှာ
ပြီးရင် . . . အစဆီ ပြန်သွားကြရမှာ
ပြီးရင် . . .ပြီးရင် . . .။
( သံသရာ ကဗျာမှ)
မိတ်ဆွေလား ရန်သူလား
နှာသီးဖျားမှာ နားတဲ့ ငှက်
ဖမ်းရခက်တယ်။
သတိနဲ့ စောင့်ကြည့်
အဲဒီငှက်
ပိုက်ကွန်ထဲ ရောက်သွားပြီဆိုတာနဲ့
ခင်ဗျားဟာ ပိုက်ကွန်ထဲက လွတ်မြောက်သွားလိမ့်မယ်။
(ကျင့်စဉ် ကဗျာမှ)
          လွတ်လပ်လင်းအိမ်၏ လရိပ်နဲ့ ရက်တဲ့ ကဗျာ၊ ကဗျာနဲ့ ရက်တဲ့ လရိပ် ခေတ်ပေါ်ကဗျာစာအုပ်လေးကိုတော့ ကဗျာချစ်သူများထံ အရောက်ပို့လိုက်ပါပြီ။ ကဗျာတစ်ပုဒ်၏ နူးညံ့မှု၊ ကြေကွဲမှု။ ကဗျာတစ်ပုဒ်ကပေးသော ခံစားမှု၊ ကဗျာ တစ်ပုဒ်က ပေးသော တရားသည် လွတ်လပ်လင်းအိမ်နှင့် မသက်ဆိုင်တော့။ ကဗျာဖတ်သူနှင့်သာ တိုက်ရိုက် သက်ဆိုင် ပါတော့သည်။ ကဗျာဖတ်သူ၏ ကဗျာကိုယ်ခံအားကောင်းသလောက် ကဗျာများက အရောက်ပို့ကြပါလိမ့်မည်။ ကျွန်တော် ပြောစရာမလိုတော့ပါ။ ကောင်းကင်တွင် လရိပ်တစ်ခု ယှက်ဖြာနေသည်။ ဘယ်လို လရိပ်လဲ။ ကဗျာနဲ့ ရက်တဲ့ လရိပ်ဖြစ်သည်။

မင်းနဒီခ




No comments:

Post a Comment