အတောင်မဲ့သော
ညနေငှက်များ
အမြင့်ပျံသွားကြပြီ။ လှုပ်ခါကျန်ရစ်သော သစ်ကိုင်းဖျားပေါ်မှ စိတ်သည် လိုက်ပါ ပျံသန်းသွားရန်
အားယူနေသည်လား မသိတတ်။ အချိန်တွေ လျပ်ပြတ်သလိုကုန်ဆုံးသွားခဲ့သော်လည်း ဒီနေ့ အထိ
အဝေးမြို့လေးတစ်မြို့မှ
မည်သည့်စာတစ်စောင်မျှ ကျွန်တော့်ဆီ ရောက်မလာခဲ့။ မျှော်လင့်နေသော တစ်စုံ တစ်ရာသည် မည်သည့်အရာမှန်း သေချာမသိသော်လည်း
တစ်စုံတစ်ရာကို မျှော်နေမိသည်ကား အမှန် ပင်။
ပြတင်းတံခါးများကို ပိတ်လိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်မိတော့ ညသည် ဘယ်အချိန်ကတည်းက ကျွန်တော့် အခန်းထဲ အလိုမတူဘဲ
ရောက်ရှိနေသည်မသိ။ အခန်းထောင့်၌လဲကျနေသော ဟော်လိုဂစ်တာတစ်လုံး ရှိသည်။
မတီးတာကြာပြီဖြစ်သည့် ဟော်လိုဂစ်တာလေးမှ ပိုးကြိုးများသည် ပျင်းရိပျော့ခွေကာ
အလိုလိုညွတ်ကျနေ
သည်။ ၀ပ်အားပြည့်မလင်းနိုင်သော မီးသီးလေးတစ်လုံး၏ အလင်းမှာ
လှုပ်ရမ်းနေသော အရိပ်မည်းများက မြူးကြွ ကခုန်နေသော ၀ိဥာဉ်များနှင့် တူနေသည်။
တိတ်ဆိတ်မှုသည် ခြောက်ခြားထိတ်လန့်ဖွယ်ကောင်းသော ဇာတ်ဝင်ခန်း တစ်ခန်းကို ရိုက်ကူးရန်
အဆင်သင့်ဖြစ်နေသောဆက်တင်တစ်ခုလို။ စာရေးစားပွဲပေါ်တွင် လက်စမသတ်ရသေးသော
ကဗျာစာရွက်များပြန့်ကျဲနေသည်။ ပြန့်ကျဲနေသော ကဗျာစာရွက်အပိုင်းအစများထဲမှ
ထွက်ကျနေသော စကားလုံများ သည် စားပွဲအောက်ခြေတွင် ဟိုတစ်ချို့ ဒီတစ်ချို့။ ရုတ်တရက်
နားထဲတွင် စူးရှနာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံကို ကြားလိုက်သည်။ ဘာဖြစ်တာလဲ။
ဘယ်နေရာက အော်လိုက်တာလဲ။ ဘယ်သူက ဒီလောက် အထိ ပြင်းပြင်းရှရှအော်လိုက်တာလဲ။ သွေးတွေ
အများကြီးထွက်သွားပြီလား။ သေနတ်သံတွေ ဗုံးသံတွေတော့ မကြားမိဘူး။ ဒါဆို တုတ်တွေ
ဓါးတွေနဲ့ ပြဿနာဖြစ်နေကြတာလား။ အော်တဲ့သူက အခု အသက်ရော ရှိသေး ရဲ့လား။
ဘေးအိမ်တစ်အိမ်က ကြည့်ရှုနေတဲ့ ဇာတ်ကားတစ်ကားထဲမှ အသံများလား။ ဒါမှမဟုတ်
အခန်းအပြင် က အော်သံရော ဟုတ်ရဲ့လား။ ဒီအခန်းကျဉ်းလေးထဲကရော မဖြစ်နိုင်ဘူးလား။
ဘာစားစရာတစ်ခုမှ ရှာမတွေ့တဲ့ ကြွက်တစ်ကောင်ရဲ့ ပေါက်ကွဲသံများလား။ ဒါမှမဟုတ်
ဒီအခန်းထဲမှာ သူ့အပြင် နောက်ထပ်တစ်ယောက်ယောက်များ ရှိနေလို့လား။ ဘယ်သူ့ရဲ့
ပိတ်လှောင်ခြင်းမျိုးနဲ့မှ မဟုတ်ဘဲ ကိုယ်တိုင်လိုလိုချင်ချင် အကျဉ်းကခံနေတဲ့
သူ့လို လူမျိုးနောက်တစ်ယောက်များ ရှိနေလို့လား။ အသေအချာ
ပြန်နားစိုက်ထောင်ကြည့်လိုက်တော့ ဘာသံမှ မကြားရဘဲ တစ်ခန်းလုံးတိတ်ဆိတ်နေပြန်သည်။
တချက်ချက်နဲ့ အော်မြည်နေသော တိုင်ကပ်နာရီအသံမှ လွဲ၍ တခြား မည်သည့်အသံမျှ မကြားရ။
အိမ်အပြင်မှာ နှင်းတွေ
ဖွေးဖွေးလှုပ်ကျနေပြီလား။ မိုးတွေ တဖွဲဖွဲရွာနေပြီလား။ သစ်ရွက်တွေ ဝေ့လည် ၀ဲခါပြီး ကြွေကျနေပြီလား။
တံခါးခေါက်သံသဲ့သဲ့ ကြားလိုက်သည်။ သူမ ပြန်လာပြီလား။ မဖြစ်နိုင်။ ဘယ်နည်းနဲ့မှ
မဖြစ်နိုင်။ သူမသည် ကျွန်တော်ကိုယ်တိုင်လှောင်ချိုင့်တံခါးကိုဖွင့်၍
ပျံသန်းခွင့်ပေးထားသောငှက်ကလေး တစ်ကောင်
ဖြစ်သည်။ ဟိုးအရင်တစ်ချိန်ကတော့ သူမသည်
ကျွန်တော်၏ ခြေထောက်များကို ပွတ်သပ် ဆော့ကစားလေ့ ရှိသော ကြောင်ကလေးတစ်ကောင်သာ
ဖြစ်သည်။ သူမ ဘယ်လိုပြောင်းလဲသွားမှန်း မသိရှိလိုက်သည်ကတော့
ကျွန်တော့်အားနည်းချက်ဖြစ်သည်။ တခါတရံ တိုက်ဆိုင်မှု ဒါမှမဟုတ် ပြင်းပြသော
စိတ်ဆန္ဒရှိသော အခါမျိုး တွင်တော့ သူမကို သတိရကြောင်း ၀န်ခံပါသည်။ သူမသည်
ကျွန်တော့်ကမ္ဘာလေးထဲမှ ထွက်ခွာသွားတာ ကြာပြီ
ဖြစ်သည်။
တကယ်တမ်း ကျွန်တော်ငတ်မွတ်နေသည့်အရာမှာ
မေတ္တာတရားသာ ဖြစ်သည်။ အဖေ ကျွန်တော့်ကို စကား မပြောတော့တာ ကြာပြီဖြစ်သည်။
ကျွန်တော်မွေးကတည်းကလည်း ဖြစ်နိုင်သည်။ ကျွန်တော် မမွေးခင်ကတည်း
ကလည်းဖြစ်နိုင်သည်။ ကျွန်တော်လူမှန်းသိတတ်စအရွယ်မှ စ၍ အဖေ့အသံကို
ကျွန်တော်မကြားဘူးပါ။ အမေသည် ကျွန်တော့်အတွက် အဖေတစ်ယောက်လည်း ဖြစ်ခဲ့သည်။ အမေ့အား
အဖေ့အသံထွက်အတိုင်း စကားပြောရန် ကျွန်တော်မတောင်းဆိုဘူးပါ။ ကျွန်တော်
တောင်းဆိုမိသည်မှာ အဖေ့ဓါတ်ပုံလေးတစ်ပုံသာ ဖြစ်ပါသည်။ ထိုနေ့မှ စ၍ အမေသည်
ကျွန်တော့်အား စကားမပြောတော့။ ကြည့်ဖူးခဲ့သော ရုပ်ရှင်ကားတစ်ကား၏ ဇာတ်ဝင်ခန်းထဲမှ
ဇာတ်ကွက်တစ်ခုလို မိုးတွေ ရွာ လေတွေ အရမ်းတိုက်သော နေ့တစ်နေ့တွင် အမေသည်
သစ်ပင်ကြီး ကို ဇောက်ထိုး လှည့်ကာ ကျွန်တော်အား ထားခဲ့သည်။ ထိုသို့ အမေထွက်သွားသော
နေ့က အမေ့ဓါတ်ပုံ ကျမကွဲခဲ့သည် မှာ သေချာ
သော်လည်း ကျွန်တော့်အိမ်ကလေးတွင်
အမေ့ဓါတ်ပုံ ရှိမရှိမှာ မသေချာခဲ့ပါ။
ကံကြမ္မာသည် ကျွန်တော့်အတွက်
စကားပြောဖော်အဖြစ် အထီးကျန်ခြင်းနှင့် တိတ်ဆိတ်ခြင်းကို ပေးသနား ခဲ့သည်။
တဖြည်းဖြည်းနှင့် ကျွန်တော် နေတတ်ထိုင်တတ်ရှိခဲ့သည်။ ဒီအခန်းကျဉ်းလေးသည်
ကျွန်တော့် အတွက် အမေချန်ထားခဲ့ပေးသည့် တခုတည်းသော အမွေဖြစ်ဖြစ်သည်။ ထို့ပြင်
အမေမပေးဘဲ ရရှိခဲ့သည် နောက်ထပ် အမွေ တစ်ခုမှာ အားနာတတ်ခြင်းအတတ်ပညာဖြစ်ပါသည်။ ကျွန်တော်သည် ဇရာကို အားနာစွာဖြင့်
ကျွန်တော့်အခန်းလေး ထဲတွင် နေခွင့်ပေးခဲ့သည်။ အားနာစွာဖြင့် ကျွန်တော့် အစာအိမ်ကို
တစ်နေ့ ထမင်းနှစ်နပ်ကျွေးမိသည်။ နောက်ပိုင်း တွင် ပို၍အားနာစွာ ထမင်းတစ်နပ်သာ
ကျွေးမိသောလည်း အားနာစွာဖြင့် ရေများများတိုက်ခဲ့ပါသည။ ထို့ပြင်
ဆာလောင်ပြင်းပြနေသော မိန်းမလေးတစ်ယောက်အား အားနာစွာဖြင့် ကျွန်တော့်နှလုံးသားကိုမှ
ချကျွေးခဲ့မိသည်။ ထိုမိန်းကလေးသည် ကြောင်တစ်ကောင်ဖြစ်နေမှန်း ကျွန်တော်မသိခဲ့။
အခုတော့ ကျွန်တော် နေတတ်ထိုင်တတ်ခဲ့ပြီ
ဖြစ်ပါသည်။ လူ့ဘ၀၏ ပျော်ရွှင်ကျေနပ်စရာ အကောင်းဆုံး အရာမှာ တိတ်ဆိတ်စွာ
နေထိုင်ခြင်းနှင့် အကောင်းမွန်ုဆုံးအဖော်မှာ အထီးကျန်ခြင်းသာ ဖြစ်ကြောင်း
ကျွန်တော် အချိန်ကာလာများစွာအား သင်တန်းကြေးပေးပြီး ကျွန်တော်သင်ယူတတ်မြောက်ခဲ့ပြီ
ဖြစ်သည်။ မျက်နှာချင်းဆိုင် နရံတွင် ၀ါကျင်ခြောက်သွေ့နေသော ပြက္ခဒိန်ဟောင်းတစ်ခုရှိသည်။
မနက်ဖြန်ဘာနေ့လဲ။ အဲဒီလိုမဟုတ်ရင် ဒီနေ့ဘာနေ့လဲ။ သောကြာလား။ စနေလား။
ကိုရီးယားဇာတ်လမ်းတွဲ ဒီနေ့ ဘာလာမှာလဲ။ ဘောလုံးပွဲရှိလား။ ဘာပဲဖြစ်ဖြစ်
ကျွန်တော့်အတွက်ကတော့ နေ့တိုင်းသည် တနင်္ဂနွေဖြစ်သည်။ အရင်တချိန်က
စောင့်မျှော်ခဲ့ရသော တနင်္ဂနွေများသည် အခုတော့ ကျွန်တော့်အတွက် ဘယ်လို
အဓိပ္ပာယ်တစ်ခုမှ ရှိမနေတော့။ ဖြစ်နိုင်လျှင် ငယ်သူငယ်ချင်းများနှင့်
လသာသောညများတွင် ထုပ်ဆီးတိုးတမ်း
ကစားချင်ပါသေးသည်။ ထမင်းရည်ပူလောင်မည် ကို ကျွန်တော် မကြောက်တော့။ ပူလောင်ခြင်းသည်
ကျွန်တော်နှင့် တရင်းတနှီးဖြစ်နေသော မိတ်ဆွေတစ်ယောက် သာ ဖြစ်ပါသည်။ အရာရာသည်
တည်ငြိမ်ရင့်ကျက်စွာဖြင့် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပြီ။ မျက်နှာကျက်တွင်
တွဲလောင်းကျနေသော ပင့်ကူတစ်ကောင်ကို တွေ့သည်။ သူ့ထောင်ချောက်နှင့်သူ ပြန်မိနေသာ
ပင့်ကူတစ်ကောင်မှာ ကျွန်တော်ဖြစ်သည်။
ညသည် သူ့အတောင်ပံကို တဖျတ်ဖျတ်ခတ်၍
ပျံတော့မည်။ လှုပ်ခါကျန်ရစ်သော အခန်းကျဉ်းလေးထဲမှ လူတစ်ယောက်သည်
လိုက်ပါပျံသန်းသွားရန် အားယူလိုက်သည်။ သို့သော် သူ့တွင် အတောင်ပံများမရှိ။ သူ့တွင်
အတောင်ပံများမရှိသောကြောင့် အခန်းလေးထဲတွင် သူသည် အရင်အတိုင်း တိတ်ဆိတ်စွာ
ကျန်နေခဲ့ရပြန်သည်။ အချိန်တွေ လျပ်ပြတ်သလိုကုန်ဆုံးသွားခဲ့သော်လည်း ဒီနေ့ အထိ
အဝေးမြို့လေးတစ်မြို့မှ
မည်သည့်စာတစ်စောင်မျှ ကျွန်တော့်ဆီ ရောက်မလာခဲ့။ မျှော်လင့်နေသော တစ်စုံ တစ်ရာသည် မည်သည့်အရာမှန်း သေချာမသိသော်လည်း
တစ်စုံတစ်ရာကို မျှော်နေမိသည်ကား အမှန် ပင် ဖြစ်သည်။
မင်းနဒီခ
Instyle Magazine. Dec, 2012
No comments:
Post a Comment