မန္တလေးဟာ သူ့ကိုယ်သူ
ကဗျာတစ်ပုဒ်အဖြစ် ရွတ်လိုက်တယ် နားထောင်ကြစို့
စာအုပ်အမည် မန္တလေးကဗျာရွတ်ပွဲတော်
ရေးသူ မန္တလေးကဗျာဆရာများ
ထုတ်ဝေသည့် ကာလ ၂၀၁၃၊ မတ်လ
ထုတ်ဝေသည့် တိုက် စံပယ်နံ့သာ စာပေ
၂၁ မတ်လ ။ ထိုနေ့ကို
ကဗျာနေ့အဖြစ် ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကို အဓိက
ဖော်ဆောင်နေသည့် UNESCO (The United
Nations Educational, Scientific and Cultural Organization) မှ ၁၉၉၉ခုနှစ် နိုဝင်ဘာလမှာ
သတ်မှတ်ခဲ့သည်။ UNESCO မှ ၁၉၉၉ ၌
ပဲရစ်မြို့တွင် အကြိမ် သုံးဆယ်မြောက်အစည်းအဝေးကျင်းပချိန်အတွင်းတွင် ထုတ်ပြန်ရန်
ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ပထမဆုံးသော ကမ္ဘာ့ကဗျာနေ့ကို ၂၀၀၀ ပြည့်နှစ် မတ်လ ၂၁
ရက်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် တပြိုင်နက် စတင် ကျင်းပနိုင်ခဲ့သည်။ ထိုနေ့တွင်
ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ပွဲများ၊ ကဗျာ စာတမ်းဖတ်ခြင်းများ၊
ကဗျာနှင့် ကဗျာဆိုင်ရာစာအုပ်စာတမ်းများ ရောင်းချခြင်းများ၊ နံရံကပ်ကဗျာများ ပြုလုပ်ခြင်း၊
ကဗျာ ပန်းဖလက်များ ဝေခြင်း၊ ကဗျာပို့စ်ကဒ်များ လက်ဆောင်ပေးခြင်း၊ ကဗျာနှီးနှောဖလှယ်ပွဲများ
ပြုလုပ်ခြင်း၊ ကဗျာဆုများ ပေးခြင်း စသဖြင့် ခမ်းခမ်းနားနား ကျင်းပကြခြင်းလည်း
ဖြစ်သည်။
`တစ်ကမ္ဘာလုံးတွင် ကဗျာဖတ်ခြင်း၊ ကဗျာရေးဖွဲ့ခြင်း၊ ကဗျာပုံနှိပ်ထုတ်ဝေခြင်းနှင့် ကဗျာ
သင်ကြားခြင်း တို့ကို မြှင့်တင်ရန်နှင့် တိုင်းပြည်တွင်း၊ ဒေသတွင်းနှင့်
နိုင်ငံတကာတွင် ရှိသော ကဗျာလှုပ်ရှားမှုများကို
လန်းဆန်းလတ်ဆတ်သည့် အသိအမှတ်ပြုခြင်းနှင့် အားပေးအားမြှောက်မှုကို ပေးရန်'
စသည့် အချက်များသည် UNESCO ၏ ကမ္ဘာ့ကဗျာနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များပင်
ဖြစ်ပါသည်။
မတ်လ ၂၁ အား UNESCO မှ မသတ်မှတ်ခင်က
ယေဘုယျ အားဖြင့် ကမ္ဘာ့ကဗျာနေ့အား အောက်တိုဘာလတွင် ကျင်းပကြသည်။ တစ်ခါတစ်ရံ
မေလတွင်လည်း ကျင်းပတတ်ပြီး ၂၀ ရာစု နှောင်းပိုင်းတွင်မူ ကမ္ဘာ့လူထုသည် ထိုနေ့ကို
ရောမကဗျာဆရာ ဗာဂျီး၏ မွေးနေ့ ဖြစ်သော
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ အမေရိကန်နိုင်ငံတွင်မူ အမေရိကန် ကဗျာဆရာ
အကယ်ဒမီအဖွဲ့ကြီးက ဧပရယ်လကို ကဗျာလအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၆ တွင်
စတင်ကျင်းပခဲ့သည်။ ကဗျာဆရာကြီး တီအက်စ် အဲလီယော့(
T.S Eliot) ၏ ထောင်စုနှစ် အကောင်းဆုံး ကဗျာရှည်ကြီးဖြစ်သော ` The Waste Land´ ကဗျာ ရှည်ကြီး
အစပထမပိုဒ်ဖြစ်သော` ဧပရယ်ဟာ အရက်စက်အဆိုးဝါးဆုံးလဖြစ်တယ်´ ဆိုသည့် ကဗျာပုဒ်ကို
အထူးပြုပြီး အမေရိကန် ကဗျာဆရာ များ သည် ဧပရယ်လကို ကဗျာလအဖြစ် သတ်မှတ်ခဲ့ခြင်းလည်း
ဖြစ်သည်။ ထို့အတူ ရုရှနိုင်ငံတွင် ၁၉၉၅ တွင် ကဗျာရွတ်ပွဲများ တခမ်းတနား
စတင်ကျင်းပနိုင်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင်လည်း နွေဦးကဗျာပွဲကို ၁၉၉၉ ဧပရယ်လ ၁
ရက်နေ့တွင် စတင်ကျင်းပခဲ့ကြသည်။ ထို့ပြင်နွေဦးကဗျာပွဲအား ပြင်သစ်နိုင်ငံမှ
ဦးစီးပြီး နိုင်ငံတကာရှိမြို့ကြီးများတွင်လည်း ကျင်းပပေးနိုင်ခဲ့ပြီး
ထိုသို့ကျင်းပပေးခဲ့သော အကြိမ်အရေ အတွက်မှာလည်း တစ်သောင်းကျော်ရှိပြီဟုလည်း
သိရသည်။ ထို့ထက်ပို၍ ၀မ်းသာစရာ ကောင်းသည် မှာ မြန်မာနိုင်ငံတွင်လည်း ၂၀၀၅ ခုနှစ်
ဧပရယ် ၁ ရက်နေ့တွင် ပြင်သစ်သံရုံး၏ အစီအစဉ်ဖြင့် ခေတ်ပြိုင်ကဗျာဆရာများဖြစ်ကြသည့်
မောင်မောင်ဇေယျ၊ ဇေယျာလင်း၊ စိုးမြင့်သိန်း၊ မောင်ပြည့်မင်း၊ ခင်အောင်အေး၊
ဝင်းမြင့်၊ မအိ၊ ငြိမ်း( ဒဿန)၊ ခင်မြဇင်၊ ဖြူမွန်၊ စိုင်းဝင်းမြင့်၊
ဟိန်းမြတ်ဇော်၊ မိုးဝေး၊ လူဆန်း ၊သည်မော်နိုင်၊ ထွန်းဝေမြင့် နှင့်
အခြားကဗျာဆရာများ ပါဝင်ရွတ်ဆိုကြသည့် နွေဦးကဗျာ ပွဲလေး ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်
ကမ္ဘာ့ကဗျာနေ့အခမ်းအနားကို တွင်တွင်ကျယ်ကျယ်ပြုလုပ်လာသည်မှာ ၂၀၀၅ နောက်ပိုင်းမှ
ဖြစ်မည်ထင်ပါသည်။ ရန်ကုန်မြို့တွင် AGMP ( Action Group Of Myanmar Poets) မှ ဦးစီးကျင်းပခဲ့သော်လည်း မန္တလေးနှင့်
အခြားမြို့များတွင်မူ တခမ်းတနားကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ကိုယ့်မြို့
ကိုယ့်ရွာတွင် ကဗျာဆရာအနည်းစုဖြင့် အဆင်ပြေရာ နေရာတစ်နေရာမှာ ကဗျာရွတ်ဖတ်ခြင်း၊
ကဗျာဆိုင်ရာ စာတမ်းများဖတ်ခြင်း၊ ကဗျာစကားဝိုင်းများ ပြုလုပ်ခြင်းတို့လောက်သာ
ပြုလုပ်ခဲ့သည်ကို တွေ့ရပါသည်။ ၂၀၁၁ ခုနှစ်မှသာ
ရန်ကုန် ယုဒဿန်ခန်းမတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိတ်ကြားပြီး
ကမ္ဘာ့ကဗျာနေ့ကို ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ ထိုနောက် ၂၀၁၂ တွင်
မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂ အား စတင်ဖွဲ့စည်းပြီး ပိုမိုကြီးကျယ်ခမ်းနားသော
ကမ္ဘာ့ကဗျာနေ့အခမ်းအနားအား ကျင်းပနိုင်ခဲ့ပါသည်။ ထိုကမ္ဘာ့ကဗျာနေ့ ၂၀၁၂ တွင်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကဗျာဆရာများအား ဖိတ်ကြားပြီး တက်ရောက်လာသော
ကဗျာဆရာများမှ ကဗျာစာတမ်းများဖတ်ခြင်း၊
ကဗျာရွတ်ဆိုခြင်း၊ ကဗျာနှင့် ကဗျာဆိုင်ရာ စာအုပ်များရောင်းချခြင်းတို့အပြင်
ကဗျာနှင့် နှီးနွယ်သော တခန်းရပ်ပြဇာတ်၊ ပြက်လုံးခွင်၊ သံချပ် စသည်ဖြင့်
မြိုင်ဆိုင် ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
မန္တလေးမြို့အနေဖြင့်မူ ယခုနှစ် ၂၀၁၃
ကမ္ဘာ့ကဗျာနေ့သည် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ သို့သော် ပြင်ဦးလွင်၊
ကျောက်ဆည်၊ မတ္တရာ၊ စစ်ကိုင်း၊ မိုးကုတ်၊ မကွေး၊ မြင်းခြံ၊ ကောလင်း၊ ကန့်ဘလူ၊
မုံရွာ၊ ရေဦး၊ ရွှေဘို၊ ကလေး စသည့် မြန်မာနိုင်ငံအထက်ပိုင်းမှ ကဗျာဆရာများ
ဦးစားပေး လာရောက်ကြပြီး ရန်ကုန်မှ ကဗျာဆရာအချို့လည်း လာရောက်ဆင်နွဲ ကဗျာရွတ်ဆိုခဲ့ကြသောကြောင့်
အလွန်စည်ကားသိုက်မြိုက်ခဲ့ပါသည်။ မန္တလေးမြို့အနေဖြင့် နိုဝင်ဘာ ၂၉ အမေလူထု ဒေါ်အမာ မွေးနေ့ပွဲများ နောက်ပိုင်း
ကဗျာဆရာများအများဆုံး၊ ကဗျာရွတ်သံအများဆုံး၊ အစည်ကားဆုံးပွဲတစ်ပွဲလည်း
ဖြစ်ခဲ့ပါသည်။ အခမ်းအနားတွင်ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာ
မောင်နွေထက်နှင့် ဆရာ မျိုးသန့်တို့မှ ကဗျာဆိုင်ရာ စာတမ်းများ
အသီးသီးဖတ်ကြားကြပြီး အွန်လိုင်းကဗျာနှင့် ပတ်သက်၍ ကဗျာစာတမ်းအား လူငယ်ကဗျာဆရာ
မှူးနေ၀န်းမှ ဖတ်ကြားခဲ့သည်။ အခမ်းအနားတွင်
ကဗျာဆရာများသမဂ္ဂ သ၀ဏ်လွှာ ဖတ်ကြားခြင်း၊ ကွယ်လွန်ဆုံးပါးသွားကြပြီဖြစ်သော
သခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်မှအစ မောင်ချောနွယ်၊ လှသန်းအထိ
ကဗျာဆရာကြီးများအား အောက်မေ့ သတိရခြင်း၊ ငြိမ်သက်ဆုတောင်းခြင်း၊ ကဗျာပန်းဖလက်များ
ဝေခြင်း၊ ကဗျာစာအုပ်နှင့် အမှတ်တရလွယ်အိတ်များ ရောင်းချခြင်းတို့နှင့်အတူ တက် ရောက်လာသော
ကဗျာဆရာများမှ ဂစ်တာ၊ တယော စသည့် နောက်ခံ တေးသွားများနှင့် ကဗျာရွတ်ဆိုခြင်း
အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။ ၂၀၁၃ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် အဖြစ်လည်း မန္တလေး ကဗျာရွတ် ပွဲတော် ဆိုသည့်
ကဗျာစာအုပ်လေးတစ်အုပ်လည်း အမှတ်တရ ထုတ်ဝေ နိုင်ခဲ့ပါသည်။
မန္တလေးကဗျာရွတ်ပွဲတော်
ကဗျာစာအုပ်တွင် မန္တလေးမြို့ခံကဗျာဆရာများအပါအ၀င် မတ္တရာ၊ ကျောက်ဆည်၊ ပုလိပ်၊ ရေဦး၊
မိတ္ထီလာ၊ မြင်းခြံ၊ တောင်တွင်းကြီး၊ ကန့်ဘလူ၊ ကောလင်း အစရှိသည့်
မြန်မာနိုင်ငံအထက်ပိုင်းတ၀ိုက်မှ ကဗျာဆရာများ(၆၅)ဦး ၏ ကဗျာများ
ပါဝင်ပေါင်းစပ်ဖွဲ့စည်းထားသည်ကို တွေ့ရပြီး မော်ဒန်၊ ပို့မော်ဒန်၊ ခေတ်ပြိုင်ကဗျာ၊
အွန်လိုင်းကဗျာ စသည်ဖြင့် ကဗျာ အမျိုးအစားများလည်း စုံလင်သည်ကို တွေ့ရှိရပါသည်။
မြန်မာပြည်
အပြင် ခွေး
အိမ်က ခွေး
နှစ်ခွေးပေါင်းတော့
အိမ်ကြက်ပြောင်
ကိုလေး ( အင်းဝဂုဏ်ရည်)
နှစ်ကာလအတန်ကြာ
ပုံနှိပ်စာမျက်နှာများပေါ်မှာ ဖော်ပြခွင့် တားဆီးခံထားရသည့် ဆရာကြီး
ကိုလေး(အင်းဝဂုဏ်ရည်) ၏ ကဗျာတစ်ပုဒ်တည်းနှင့်ပင် ကဗျာစာအုပ်က
အားရစရာကောင်းလွန်းသည်။ ကဗျာက တိုသည်။ ကျစ်သည်။ ရှင်းသည်။ ပြတ်သည်။
အနက်ပြန်စရာမလို ။ လူတိုင်းနားလည်သည်။ တစ်ဆယ့်သုံးလုံးသော ကဗျာစကားလုံးများသည်
မြန်မာပြည်ကို ကိုယ်စားပြုနေသည်။ သမိုင်းကို ထင်ဟပ်စေသည်။ ကိုယ့်လူမျိုး၏
အားနည်းချက်၊ ဘာသာခြားတို့၏ စီးပွားရေး၊ လူမျိုးရေး ၀ါးမျိုမှုအောက်တွင်
မြန်မာပြည်သည် အိမ်ကြက်အဖြစ် အစားခံနေရသည်မှာ ခေတ်အဆက်ဆက်ဖြစ်သည်။ သုံးကြောင်း
ကဗျာတစ်ပုဒ်၏ အဆုံးတွင် တောက်ခေါက်သံတစ်ချက်ကြားလိုက်သည်။
ဆရာပိုင်စိုးဝေက
ကမ္ဘာ့ကဗျာနေ့ကို ဦးညွတ်သည်။ နေမျိုးရဲ့ မှတ်စု မှာ လင်းခါးက ပြည်သူ့
ကဗျာဆရာများကို ရေးသည်။ ဇော်ထိန်က ပြည်သူ့ခေတ်ကြီးကို စိတ်နာသည်။ မောင်နိုင်လင်း
(ကောလင်း)က စနေဟာ တစ္ဆေတစ်ကောင်ဖြစ်တယ်၊ ပဲပြုပ်နဲ့ နံပြားစားဖို့ ဘယ်သူမှ
မစဉ်းစားဘူး တဲ့။ စံညိမ်းဦးရဲ့ မယုံကြည် ရတဲ့ကမ္ဘာမှာ
နေမိုးက ပြတိုက်ရှိတဲ့ မြို့ကို လိုက်ရှာသည်။ မြစ်သတ်သူ စစ်ငြိမ်ကို ကမ္ဘာမကြေသေးတဲ့ ညီမင်းဝေ။ ညီကျော်ရဲ့ ပင်လယ်မှာ
မိုးရင့်ကြယ်ရဲ့  ပင့်ကူက အမျှင်တန်းလို့။ ဟိန်းရဲ့ ငါ့မှာ ၂၀၀၀ ပဲ ရှိတဲ့နေ့က
နေညိုအောင်ဟာ မသေချာခြင်း ရောဂါကို ရလိုက်သည်။ ထွဏ်းသွေးအိမ်ကတော့ ဟိုလူ့မေး ဒီလူ့မေးနဲ့
ဒီနေရာထိ ရောက်ခဲ့ပြီ။ မန္တလေးလား ခရီးထွက်သွားတယ် ရတုသစ်။ ရိုးဒီက
ရော့ခ်ပန်းချီကားကို ဆွဲတော့ ကိုငြိမ်း( မန္တလေး) က တယောမထိုးရ တဲ့။ အခုအချိန်ထိကို
မရေမရာ ဖြစ်နေတုန်းပဲ မောင်သစ်ဦး။ ကမ္ဘာကြီးအရင်လိုမဟုတ်တော့တာ ထားလိုက်ပါ
ဟိန်းထက်လွင်။ မောင်စိုးသစ်( မန္တလေး)က ၂၁ ကမ္ဘာ ၂၁ ကဗျာ ဆိုတော့ မောင်နီဦးက
Key+Board ထဲမှာ ကဗျာရှိတယ် တဲ့။ လင်းသက်ငြိမ်၏ တတိယကမ္ဘာက လာသောစာ ထဲတွင်
လူနှင်းချို( မတ္တရာ)၏ ကြိုးကွင်းရှိသည်။ ရင်နင့်အောင် ခုန်ချသူအတွက် နရီမင်းထက်က
ငါဟာ သူရဲကောင်းဖြစ်တယ် လူတွေကို ကယ်တင်ရမယ် တဲ့။ တနင်္လာနံ အသိုက်ကို မိုးခါး
စောင့်သည်။ ဒီလိုပုံနဲ့ တော့ မလွယ်သေးဘူး ငြိမ်းချမ်းရေး လို့ လင်းသစ်ဝေ ကညည်းတော့
အာကာမိုးမြင့်က ဒီဇာတ်ကို ကားလိပ်မချခင် ပြီးအောင် က တဲ့။ ကျွန်တော်
မန္တလေးကဗျာရွတ်ပွဲတော်မှာ မိမိကိုယ်ကိုယ် ပျောက်ဆုံးခဲ့သည်။
ရက်ပ်ပါတစ်ယောက် သီချင်းတစ်ပုဒ်ရေးစပ်သီကုံးသလိုမျိုး
အနီးစပ်ဆုံးဥပမာ အဆိုး
မဆိုနဲ့ဆိုပြီး
ပြတင်းပေါက်ကိုဖွင့်ကြည့် အတူတူဆိုမယ် ဆိုရင်းကမယ်ဆိုလားနောက်
တစ်ယောက်ဆိုလား
ခေတ်ပေါ် ယဉ်ကျေးမှု ထရစ်ကာ မော်တော်ဆိုင်ကယ် ကိုကို၊
အဆောင်သူ Snap Shot
ဆတ်ဆတ်ဆောဆော့ အမြင်အာရုံ၊ ကွင်းကွင်းကွက်ကွက်
....................................................................................................................
....................................................................................................................
ရွှေကိုယ်နတ်(UCSM)
(ကျွန်တော်၊ ခင်ဗျားနဲ့ အခြားရဲ့ Processes ဖြစ်စဉ်တွေ
ကဗျာမှ)
မန္တလေးကဗျာရွတ်ပွဲတော်သည်
လူကြီးနှင့် လူငယ် ပေါင်းစည်းခြင်းဖြစ်သည်။ အွန်လိုင်းနှင့် ပရင့်
ပေါင်းစပ်ခြင်းဖြစ်သည်။ ဂန္ထ၀င်နှင့် မော်ဒန်ပေါင်းစပ်ကာ ခေတ်ပြိုင်ကို
မွေးဖွားခြင်းဖြစ်သည်။ ကဗျာလက်ဆင့် ကမ်းပွဲ ဖစ်သည်။ ကဗျာတာဝန်ပခုံးထမ်း
လွှဲပြောင်းခြင်းဖြစ်သည်။ ဆရာ ဒဂုန်တာရာ ပြောခဲ့ဖူးသော စကား တစ်ခွန်းကို
အမှတ်ရမိသည်။ ` ကျွန်တော်က
လူငယ်ပွင့်သစ်များ ပုံသဏ္ဍာန်သစ်ရှာဖွေတာကို ကြိုက်သည်။ ပုံသဏ္ဌာန်ဆိုတာ
အမြဲသေနေတာမဟုတ်။ ပြောင်းလဲရမည်။ ယင်းသို့ ပြောင်းလဲရန် ဘာက လှုံ့ဆော်သနည်း။
မိမိပတ်ဝန်းကျင် ခေတ်ပြိုင်လှုပ်ရှားမှုက လှုံ့ဆော်သည်ဟု ထင်သည်။ ကျွန်တော်၏
ကဗျာအဖွဲ့အနွဲ့ကို ကျွန်တော်က လုပ်တာမဟုတ်။ ကျွန်တော်ဖြတ်သန်းလျှက်ရှိသော
ခေတ်ပြိုင်လှုပ်ရှားမှုက လုပ်သည်ဟု နားလည်သည်။´ ဟု ဆရာဒဂုန်တာရာက အမှာစာ တစ်ခုတွင်
ပြောဖူးသည်။ ဘယ်လိုဖြစ်ဖြစ် အနာဂတ်သည် လူငယ်တို့၏ လက်ထဲတွင် ရှိသည်။
ခြေကုန်သွားသော လူကြီးများနေရာတွင် လူငယ်ခြေတက်များကို အစားထိုးကန်ခွင့် ပေးရမည်။
ထို့မှသာ စဉ်ဆက်မပြတ်သော ကဗျာရေစီးကြောင်းတစ်ခုဖြစ်ပါလိမ့်မည်။
ကျုပ်ခေါင်းကို ပွတ်
ကျုပ်ဗိုက်ကို ပွတ်
ဒါပေမယ့်
ကျုပ်တို့ဟာ အပွတ်သပ်ခံဖို့ မွေးလာတာမဟုတ်ဘူး
ခင်ဗျားတို့ကို
ပုလ္လင်လုပ်ထိုင်နေတာ
ကျုပ်အမြီးဟာ
အနုပညာပဲ
ကျုပ်လက်သည်းကြောင့်
ဘယ်သမိုင်းမှ ခြစ်ရာမထင်ခဲ့ဘူး
မှူးနေ၀န်း
(ဒီဘရစ်တို ကဗျာ မှ)
လူငယ်တွေရဲ့ အတွေးက
ရဲရင့်သည်။ စကားလုံးရွေးချယ်မှုက ရဲတင်းသည်။ ကျွန်တော်တို့ မျှော်လင့်မထားသည့်
အရေးအသားများကို အွန်လိုင်းကဗျာများတွင် တွေ့ရသည်။ ခေတ်ပေါ်( မော်ဒန်) ကဗျာ သည်
၁၉၇၀ ၀န်းကျင်တွင် သေဆုံးခဲ့ပြီးနောက် အစားထိုးဝင်ရောက်လာသည့် ခေတ်ပြိုင်အနုပညာ များထဲတွင်
အွန်လိုင်းကဗျာများလည်း ပါဝင်သည်။ အွန်လိုင်းကဗျာများ၏ အားသာချက်က မိမိအမြင်ကို
လွတ်လပ်စွာ ရေးသားနိုင်သည်။ စီစစ်တည်းဖြတ်ပိတ်ပင်တားဆီးမည့်သူ မရှိ။ ပုံနှိပ်မီဒီယာ ကဗျာလောက၏ ဖိနှိပ်တားမြစ်
ဖြတ်တောက်ခံရမှုမျိုး အွန်လိုင်းကဗျာလောကတွင် မရှိ။ ထိုလွတ်လပ်မှုသည် ပိတ်ထားသော
တံခါးများ ကို ပွင့်ထွက်စေသည်။ မှိတ်ထားသောမျက်စိကို အလင်းရစေသည်။ ထို့ပြင်
တစ်နေ့တစ်ခြား တိုးတက်လာသော နည်းပညာခေတ်ကြီးအားကိုးဖြင့် နိုင်ငံတကာအနုပညာများနှင့်
တိုက်ရိုက်ရင်းနှီးကျွမ်းဝင်စေသည်။ ကိုယ်တိုင် လေ့လာနိုင်စွမ်းရှိသလောက်
ကမ္ဘာနှင့်ယှဉ်ပြီး ခရီးရောက်နိုင်သည်။ လက်ရှိခေတ်ပြိုင်ကဗျာ အမျိုးအစား များထဲတွင်
တစ်ခုပါဝင်သော Flart Poetry၊ Digital
Poetry စသည့် နည်းပညာအခြေပြု ကဗျာအမျိုးအစား များကို ဖန်တီးနိုင်စွမ်းရှိသည်။
Print Media တွင် ဖန်တီးမရနိုင်သည့် Cyber Poetry များကို အမျိုးမျိုး စမ်းသပ်နိုင်သည်။
သို့သော် အားနည်းချက်တစ်ခုက အခုရေး အခုကဗျာဖြစ်ကာ လူငယ်စိတ်နှင့် သွေးနထင်ရောက်ဘ၀င်မြင့်သွားနိုင်ခြင်း၊
လူချင်းမတွေ့ရဘဲ ပွင့်လင်းစွာ ဝေဖန်သုံးသပ်နိုင်သဖြင့် ကဗျာဆရာ အချင်းချင်း
ရိုသေလေးစားမှု လျော့နိုင်ခြင်း၊ ရိုင်းပြသော စကားလုံးများအား အချင်းချင်း
အပြန်အလှန် သုံးစွဲကြခြင်းဖြင့် ယဉ်ကျေးမှု နည်းပါးလာနိုင်ခြင်း
စသည့်အားနည်းချက်များတော့ ရှိကောင်းရှိနိုင်သည်။ သို့သော် အချိန်ကာလက အတွေ့ အကြုံက
သင်သွားပါလိမ့်မည်။ ကဗျာသည် ကျွန်တော်တို့အားလုံးကို အတူယှဉ်တွဲ နေထိုင်နိုင်အောင်
ကူညီပေး သွားပါလိမ့်မည်။ ကဗျာဖြင့် ကျွန်တော်တို့ တစ်ယောက်နှင့် တစ်ယောက် လက်ချင်း
ချိတ်ဆက် ကြပါလိမ့်မည်။ ကဗျာဖြင့် ငြိမ်းချမ်းရေး ချိုးဖြူငှက်များ
ပျံဝဲလာကြပါလိမ့်မည်။ 'ကဗျာဟာ သမိုင်းထက်
စာရင် အမှန်တရားနဲ့ ပိုနီးတယ်' ဆိုတဲ့ ပလေတိုပြောခဲ့ဖူးတဲ့ စကားလို
အမှန်တရားကို ချစ်မြတ်နိုးတဲ့ ကဗျာဆရာတွေက သမိုင်းကို ထုဆစ်နိုင်ကြပါလိမ့်မည်။
ကျွန်တော်တို့ အားလုံး ကမ္ဘာ့ကဗျာနေ့မှာ ကဗျာနဲ့ တစ်သားတည်း နေထိုင်ရင်း ကဗျာအကျိုး
ထမ်းရွက်သယ်ပိုးနိုင်ကြပါစေလို့ ဆုတောင်းရင်း။
မင်းနဒီခ
၂၊၄၊ ၂၀၁၃
No comments:
Post a Comment