လမ်းခွဲ
ပါးပြင်ပေါ် တရွတ်ဆွဲကျလာတဲ့ စီးကြောင်းကို ဘယ်စိတ်နဲ့
တားလို့ရမလဲ
ငါမမှားခဲ့ဘူး မင်းလည်း မမှားခဲ့ဘူး
တစ်ယောက်ရှင်သန်မှုမှာ
တစ်ယောက်ရေသောက်မြစ်ဖြစ်ခဲ့ပေမယ့်
တစ်ယောက်နားခိုရာမှာ တစ်ယောက်အရိပ်မပေးနိုင်ခဲ့မှတော့
ဆုံမှတ်တစ်ခုမှာ ဖြတ်သွားတဲ့ မျဉ်းဖြောင့်နှစ်ကြောင်းလို
ဆက်ဆွဲတိုင်း ဝေးကွာသွားတော့မယ့် ခြေလှမ်းတွေနဲ့
အသံတိတ်ပြဇာတ်ဆန်ဆန် `ခွဲခွာခြင်း´ကို ကန့်လန့်ကာ ဖွင့်ရပြီ
ကျွန်မနဲ့
စတွေ့ခဲ့တဲ့ နေ့ကို မှတ်မိလား။
အဲဒီနေ့က
မှတ်မှတ်ရရလမ်းမှာ ရှင်ခလုတ်တိုက်ခဲ့မိသေးလား။
ရှင်ပြောတဲ့
ချစ်တယ်ဆိုတဲ့ စကားဟာ ကျွန်မကို ပြောတာလား ။ရှင့်ကိုယ် ရှင်ပြောတာလား။
အနုပညာ အနုပညာနဲ့
ရှင်ညာတိုင်း ခေါင်းညိတ်နေရတာ ညောင်းနေပြီ။
နားလည်မှုဟာ ပစ်မှတ်နဲ့ လွဲချော်သွားတဲ့
မြားအစင်းစင်းလို
ချစ်ခြင်းတရားဟာ အရသာကုန်သွားတဲ့ ၀ါးပြီးသား
ပီကေတစ်ခုလို
မင်းနဲ့ငါ ကြား ထိုးထားတဲ့ တံတားဟာ ရေတိုက်စားခံလိုက်ရတယ်
ရှင်ရဲ့
ဆာလောင်နေတဲ့ နှုတ်ခမ်းတွေ အတွက် ပေါင်မုန့်တစ်လုံးကို မီးဖုတ်ပေးခဲ့ရမလား။
ကျွန်မက
ရှင့်ကဗျာထဲက စကားလုံးတစ်လုံးပဲလား။
ဒါမှမဟုတ်
ရှင်ဝတ္ထုတွေထဲက အမျိုးသမီးဇာတ်ကောင်တစ်ယောက်ဟာ ကျွန်မလား။
ရှင်ပေးတဲ့
ဂရုစိုက်မှုဟာ ရှင်ရေးတဲ့ ကဗျာတွေလောက် များခဲ့လို့လား။
ဒါမှမဟုတ် ရှင်ရတဲ့
ကဗျာစာမူခထက် ရှင်ပေးတဲ့ ဂရုစိုက်မှုက နည်းနေသလား။
အခုတော့
ရေထဲလွှတ်မိတဲ့ စက္ကူလှေလေးတစ်စင်းလို ငါ့အိပ်မက်တွေက
ရေစိုစုတ်ပြဲလို့
ကမ်းခြေမှာ ဆောက်မိတဲ့ သဲအိမ်လှလှလေးလို ငါ့အနာဂတ်ဟာ
တအိအိပြိုဆင်းလို့
ငါ့နောင်တနဲ့ ငါဟာ လွမ်းစိတ်နဲ့ တဆစ်ဆစ်နာကျင်ကိုက်ခဲလို့
ငါ့အမှောင်ညကို ဘယ်သူမီးညှိပေးမလဲ
ငါ့ကြေကွဲမှုကို ဘယ်သူဖြေသိမ့်ပေးမလဲ
ရှင်မျက်ရည်တွေ
ကျနေပြန်ပြီလား။ ရှင်က ကျွန်မချစ်သူဆိုတာ သေချာခဲ့ရဲ့လားး။
ရှင့်ချစ်သူဟာ
ကျွန်မလို့ သေချာနေသေးလား။ ရှင်ဆေးလိပ်တွေ အရမ်းသောက်နေဦးမှာလား။
ကျွန်မ၀ယ်ပေးတဲ့
အင်္ကျီကို ရှင် အခု ၀တ်နေသေးရဲ့လား။
လမ်းမှာတွေ့တိုင်း
ပြုံးပြနိုင်အောင် ကျွန်မ ကြိုးစားနေပါတယ်။
ပါးပြင်ပေါ် တရွတ်ဆွဲကျလာတဲ့ စီးကြောင်းကို ဘယ်စိတ်နဲ့
တားလို့ရမလဲ
ငါမမှားခဲ့ဘူး မင်းလည်း မမှားခဲ့ဘူး
တစ်ယောက်ရှင်သန်မှုမှာ
တစ်ယောက်ရေသောက်မြစ်ဖြစ်ခဲ့ပေမယ့်
မင်းနဒီခ
ပိုးသားရောင်ပင်လယ်လမ်း ကဗျာစာအုပ်မှ
No comments:
Post a Comment