ပျောက်ဆုံးသွားသော အက္ခရာများ
နေသည်အရှေ့အရပ်မှဝင်၍ အနောက်အရပ်သို့ ထွက်သွားသည်။ နေထွက် ရာအရပ်ကို မျက်နှာ မူပါ။ လက်နှစ်ဖက်ကို ဆန့်တန်းပါ။ လက်ဝဲဘက်သည် တောင် အရပ်ဖြစ်၍ လက်ယာဘက် သည် မြောက်အရပ်ဖြစ်သည်။ ထိုသို့ဖြင့် အစက တည်း က မှားခဲ့သည်။ အတိတ်ဆိုသည်မှာ ပြန်လည် ပြင်ဆင် ရန် မဖြစ်နိုင်တော့သော ထီလက်မှတ်တစ်စောင်၏ သက်သေတစ်ခုသာ ဖြစ်သည်။ ကျွန်တော်၏ ပျောက်ဆုံး သွားသော ထီလက်မှတ်တစ်စောင်၏ အက္ခရာနှင့် ဂဏန်းများမှာ ( အ ၉၉၉၉၉၉) ဖြစ် သည်။
ဤသို့ဖြင့် ကျွန်တော်သည် အမြဲတမ်းတစ်လိုနေသည့် တီတူးတစ်ကောင် သာ ဖြစ်ပါသည်။ မိုးပြိုတော့ပါမည်လော။ သို့သော် ကျွန်တော့်တွင် ကောင်းကင် ကို ခြေကန်ထားသော ခြေထောက်များ မရှိပါ။ ဤသို့ဖြင့် ပျောက်ဆုံးသွားသော
ခြေထောက်များကိုရှာဖွေရန် တစ်မြို့ဝင်တစ်မြို့ထွက် ခြေဆန့်ခဲ့ပါသည်။ ရေသာများ ၍ ငါးမတွေ့ဆိုသကဲ့သို့ ခြေထောက်တွေ အများကြီးတွေ့ခဲ့သော်လည်း ကျွန်တော် ၏ ပျောက်ဆုံးနေသော ခြေထောက်များကိုမူ မတွေ့ခဲ့ပါ။ ဤသို့ဖြင့်ဇာတိမြို့လေးသို့ ကျွန်တော်ပြန်လာခဲ့ပါသည်။ ဇာတိမြို့လေးသည် အရင်အတိုင်း ဘာမှ မပြောင်းမလဲ။
နှုတ်ခမ်းတွေ နီရဲနေအောင်ဆိုးထားသော ကောက်စိုက်သမလေး တစ်ယောက်၏ အပြုံးဖြင့် ကျွန်တော့်ကို ကြိုသည်။ ကျွန်တော် ဘာစကားတစ်ခွန်း မှ ပြန်မပြောဖြစ်ပါ။ ပင်ပန်းနွမ်းလျစွာဖြင့် ခေါင်းငိုက်စိုက်ချ၍ ကျွန်တော့် အိမ်လေးသို့ တန်းတန်းမတ်မတ်
ပြန်ခဲ့သည်။ အိမ်လေး၏ အ၀င်တံခါးသည် ကျွန်တော် ထွက်လာ ခဲ့စဉ်ကအတိုင်း သံကြိုးအထပ်ထပ်ဖြင့် သူ့ကိုယ်သူ သော့ခတ်ထားဆဲဖြစ်သည်။ ကျွန်တော် သူ့ကို လွတ်လပ်ခွင့်ပေးလိုက်သည်။ ခြံဝင်းတံခါးသည် ပျော်ရွှင်မြူးတူးစွာဖြင့် တကျီကျီ အသံပေးပြီး အိမ်မွေး ခွေးတစ်ကောင်လို ကျွန်တော့်ကို နှုတ်ခွန်းဆက်တော့သည်။ အိမ်ကလေးသည် ပျင်းရိခြောက်သွေ့ စွာ ဖြင့် သူ၏ နေ့ညများကို ဖြတ်သန်းခဲ့ ရသည် မှာ သေချာလွန်းပါသည်။ ထို့အတွက် အိမ်ကလေးကို ကျွန်တော် တောင်းပန်ပါသည်။
သို့သော် ကျွန်တော့်အထင်သည် တက်တက်စင်အောင် လွဲသွားသည်။ အိမ်ကလေး၏ လှေကားတက်ရင်းတွင် ယောင်္ကျားစီးဖိနပ်တစ်ရံနှင့် မိန်းမစီး ဖိနပ် တစ်ရံကို တွေ့လိုက်ရသည်။ သေချာပါသည်။ ကျွန်တော်သော့ခတ်ထားသော အိမ်လေးထဲတွင် မည်သူတွေ ၀င်ရောက်နေထိုင် နေကြပါသည်လဲ။ ခြေသံ မကြားစေ ရန် အသာအယာဖွနင်းလျက် တံခါးအနားသို့ တိုးကပ်လိုက်သည်။ ထို့နောက်
သော့ပေါက် မှ တဆင့် အိမ်ခန်းထဲသို့ အသာအယာချောင်းကြည့်လိုက်သောအခါ
ကျွန်တော် မြင်ဖူးသလိုရှိသည့် မိန်းမတစ်ယောက်ကို တွေ့ရသည်။ ပို၍ ထူးခြားသည် မှာ သူမလက်ထဲတွင် လသားအရွယ်ကလေးတစ်ယောက်ရှိသည်။ သူမသည် ထိုလသားရွယ်ကလေးအား ပွေ့ချီချော့မြူ နေသည်။ သူမ ဆိုနေသည်မှာ ကျွန်တော့်
မေမေ ကျွန်တော့်အား ချော့သိပ်ခဲ့ဖူးသည့် သားချော့တေး တစ်ပုဒ်ဖြစ်သည်။ ထိုမှ တစ်ဆင့် မျက်လုံးကို ဝေ့၀ဲကစားကြည့်လိုက်သည့်အခါ ကျွန်တော် အမြဲတမ်း စာရေးလေ့ရှိသော စာရေးစားပွဲတွင် အကျအနထိုင်၍ စာရေးနေသော လူရွယ် တစ်ယောက်ကို တွေ့သည်။ သူတို့ဘယ်သူတွေလဲ။ ပိုပြီးသေချာအောင် ဖုန်တွေ အထပ်ထပ်လိပ်တက်နေသော ပြတင်း မှန်တံခါးနား ကပ်ကာ ထပ်ကြည့်လိုက်သည်။ အမျိုးသမီးကတော့ ပွေ့ချီထားသော ကလေးအား ယခင်အတိုင်း တေးဆိုချော့ သိပ် လျက်။ စာရေးစားပွဲတွင် စာရေးနေသော လူရွယ်မှာ စားပွဲအောက်ခြေ တွင် ပြုတ် ကျနေသော ဆေးပေါ့လိပ်တို ကို ကုန်းကောက်လိုက်သည်။ ထိုနောက် မီးခြစ်ကို အသာ အယာခြစ်ကာ ဆေးပေါ့လိပ်ကို မီးညှိလိုက်သည်။ ` ဟာ ´ ။ ကျွန်တော် အရမ်းအံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်စာရေးစားပွဲတွင် အကျအနထိုင်ကာ စာရေးပြီး ကျွန်တော် သုံးနေကျ မီးခြစ်ခြစ်ကာ ကျွန်တော်သောက် ပြီး ပစ်ချထားခဲ့သော ဆေးလိပ်တိုကို ကောက်ကာ သောက်နေသူမှာ ကျွန်တော် ကိုယ်တိုင် ဖြစ်နေသောကြောင့် ဖြစ်သည်။
ထိုသူမှာ ကျွန်တော်ဖြစ်သည်ဟု ဆိုလျှင် ကျွန်တော်မှာ မည်သူဖြစ်သလဲ။ သူကရော တကယ်ပဲ ကျွန်တော်လား။ ဒါဆို ကျွန်တော်နာမည် ဘယ်သူလဲ။ အိမ်ထဲမှာ အမျိုးသမီးက ကျွန်တော့်ဇနီးလား။ ဒါဆို ထိုအမျိုးသမီးပွေ့ချီချော့မြူနေ
သော ကလေးမှာ ကျွန်တော့် ကလေးလား။ ကျွန်တော့် ကလေး ဆို လျှင် ထိုကလေး သည် ယောင်္ကျားလေးလား ။ မိန်းကလေးလား ။ ထိုကလေးနာမည်မှာ သူ့မျိုးရိုးစဉ် ဆက်မှည့်ခေါ်လာသော နောက်ဆုံးစာလုံးကို ထည့်မှည့်ခေါ်ထားပါသလား။ အသေ အချာ ပြန်စဉ်း စား ကြည့်တော့ သူ့မှာ မိန်းမနှင့် ကလေးရှိခဲ့သလား မရှိခဲ့ဘူးလား ဆိုတာကိုပင် ပြန်စဉ်းစား မရနိုင်တော့။ စာကျက်မထားသော ကလေးတစ်ယောက်၏ လက်ထဲ စာမေးပွဲမေးခွန်း စာရွက်တစ်ရွက် ရောက်လာ သလို ကျွန်တော့်ခေါင်းထဲက ထွက်ကျလာသော မေးခွန်းများကို ကြည့်ကာ ကျွန်တော် ထိတ်လန့် စိတ်ပျက်နေမိ သည်။ မေးခွန်းများစွာအတွက် အဖြေသည် ဘာတစ်ခုမှ သူ့ဘက်မှာ ရှိမနေခဲ့။ စိတ်ရှုပ်ထွေးကာ ဦးခေါင်းထဲမှ တဆစ်ဆစ်နှင့် ထိုးကိုက်နေသည်။ အိပ်ကပ်ထဲသို့ စမ်းကြည့် မိသည့်အခါ သူသောက်နေကြဖြစ်ဟန်တူသော ခေါင်းကိုက်ပျောက်ဆေး
ပြားတစ်ကဒ်ကို တွေ့သည်။ ဆေးကဒ်တွင် ဘိုင်အိုဂျက်ဆစ် နံပါတ်တစ် ဟု ရေးထား သည်။ သူမကြခဏ ထိုသို့ ခေါင်းကိုက် တတ်ပါသလား။ ယခင်သောက်ခဲ့သော
ဆေးပြား များသည်လည်း ဘယ်အကြောင်းကြောင့် သောက်ခဲ့ ပါသည်လဲ။ မစဉ်းစားချင်တော့။ သေချာတာတစ်ခုကတော့ သူ့ခေါင်းသည် တဆစ်ဆစ်နှင့် နာကျင်စွာ ကိုက်ခဲလွန်းနေပြီ ဖြစ်သည်။ ဆေးကဒ်တွင် ရိုက်ထားသော သက်တမ်း
နေ့စွဲအရ ထိုဆေးကဒ်သည် ဒီဇင်ဘာ နှစ်ဆယ့်တစ်ရက်တွင် သက်တမ်းကုန်ဆုံးမည်
ဖြစ်သည်။ ပြဿနာမရှိပါ။ ကျွန်တော် ဆေးတစ်လုံးကို ချက်ချင်းသောက်ပစ် လိုက် သည်။ ယနေ့သည် ဒီဇင်ဘာ နှစ်ဆယ့်နှစ်ရက်ဖြစ်သည်။ ထို့ကြောင့် နံပါတ်တစ် များ ကို ကျွန်တော်မုန်းသည်။ တဖြည်းဖြည်းနှင့်ကျွန်တော့်မျက်လုံးတွေ လေးလံလာသည်။
အရာရာသည်အမှောင်အတိကျသွားသလိုဖြစ်ပြီးသိပ်မကြာခင်မှ ကျွန်တော်ကောင်းစွာ အိပ်ပျော် သွားတော့သည်။
မည်မျှကြာအောင် အိပ်ပျော်သွားသလဲ ကျွန်တော်မသိ။ ကျွန်တော်နိုးလာသည့် အခါ ကျွန်တော့် နံဘေးမှာ ကျွန်တော့်ကို စိုက်ကြည့်နေသော လူတစ်ယာက် ကို တွေ့လိုက်ရသည်။ နေ့ခင်းကြီးဖြစ်ပေမဲ့ သူ့လက်ထဲတွင် လက်စွဲမီးအိမ်တစ်လုံး ကိုင်ထားသည်ကို တွေ့ရသည်။ ထိုသူသည် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်နေသူ တစ်ယောက်လား။ သူသည် ကျွန်တော့်အား စကားပြောချင်နေဟန် ရှိသည်။ ထို အချိန်တွင် လမ်းမပေါ်၌ ရေချိုးရင်း တန်းလန်းထွက်ပြေးလာသော အရူးတစ်ယောက် အား ကိုယ်လုံးတီး အ၀တ်အစားဖြင့် ခုန်ပေါက်ပြေးလွှားသွားသည်ကို တွေ့လိုက်ရ သည်။ (ထိုသူသည် နောင်အခါတွင် အာခိမိဒိနိယာမဟူသော သီအိုရီသဘော တရား တစ်ခုဖြင့် ကျော်ကြားလာ လိမ့်မည်မှန်း ထိုအချိန်က ကျွန်တော် မသိခဲ့)။ ကျွန်တော်နှင့်မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်အောက်တွင် လူတစ်ယောက် ထိုင်နေ သည်။ သူ့ခေါင်းပေါ်တွင် မကြာခင်ကြွေကျတော့မည့် ပန်းသီးတစ်လုံး ရှိသည်။ ကျွန်တော် အရမ်း ဆာလောင်မွတ်သိပ်နေသော်လည်း ထိုပန်းသီးအား ကျွန်တော် ခူးမစားမိခဲ့။ ထိုပန်းသီး ကျွန်တော်မစားမိသည့်အတွက် ကမ္ဘာမြေ၏ ဆွဲငင်အားကို တစ်စုံတစ်ယောက်က ရှာဖွေ တွေ့ရှိ သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထိုတစ်စုံတစ်ယောက် သည် ကျွန်တော့်အား ကျေးဇူးတင်ရန် မလိုပါ။
ထိုနေရာမှ စိတ်ပျက်စွာ ကျွန်တော် ဆက်လက်ထွက်ခွာလာခဲ့သည်။ သို့သော် ကျွန်တော့်တွင် ခြေထောက်များမရှိ။ ခြေထောက်များမရှိသဖြင့် ကျွန်တော့် ၏ ပျောက်ဆုံးသွားသော ခြေထောက် များ အား ရှာဖွေရန် ကျွန်တော်ခရီးဆက် ရဦး မည်။ မည်သည့်အရာမှ မထူးဆန်းတော့ပါ။ ဂရိနိုင်ငံ၏ မြစ်ဘေးတွင် ဟေရာကလိုက် တပ်စ်ဟု ခေါ်သော လူတစ်ယောက် သူ့ကောင်မလေးနှင့် လမ်းလျှောက် ကောင်း လမ်းလျှောက်နေပါလိမ့်မည်။ ကျွန်တော် အမှတ်တမဲ့ လက်မှ နာရီအား ကြည့်လိုက် မိသည်။ သို့သော် ကျွန်တော်နာရီမပတ်ဖြစ်သည်မှာ အချိန်ကာလအားဖြင့် နာရီပေါင်း များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။တရားသူကြီးရှေ့မှောက်တွင် အချိန်နှင့်အမျှ လိမ်လည်ထွက်ဆိုတတ်သော တရားခံတစ်ခုကို ပြပါဆိုလျှင် နာရီတစ်လုံး ကိုသာ ပြရ မည် ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် မယုံကြည်ရဆုံးသော အရာမှာ အချိန်ကာလ များသာ ဖြစ်ကြောင်း နာရီတစ်လုံးချင်းစီကို ကြည့်၍ ဆုံးဖြတ်နိုင်ပါသည်။ သို့သော် ကျွန်တော်ထံ၌ နာရီတစ်လုံးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အချိန်ကာလသည် ကျွန်တော့် နံဘေးမှ ဘယ်လိုမှ မောင်းထုတ်လို့မရအောင် တွယ်ကပ်နေသည့် မချစ် မနှစ်သက်သောသူသာ ဖြစ်သည်။ မိုးပြိုတော့ပါမည်လား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ၏ ပျောက်ဆုံးသွားသောခြေထောက်များကို ရှာဖွေရန် ဆက်လက်ထွက်ခွာရဦး မည် ဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာက။ တောင်းပန်ပါသည်။ လွန်ခဲ့သော စာကြောင်းအနည်းငယ်ခန့်က ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးသော အရာများမှာ မိန်းမ တစ်ယောက်၊ ကလေးငယ်တစ်ဦး၊ သောက်လက်စ ဆေးပေါ့လိပ်နှင့် လက်စမသတ် ရသေးသော အက်ဆေး တစ်ပုဒ်ပါဝင်ခဲ့ပါသည်။
မိန်းမသည် ကျွန်တော်နှင့် မလှမ်းမကမ်းတွင်သူ့ရင်ခွင်ထဲ၌ ပွေ့ချီထားသော ကလေးအား တေးဆို ချော့မြူနေပြီး သောက်လက်စ ဆေးပေါ့လိပ်တိုမှာ စားပွဲခုံ
အောက်သို့ ပြုတ်ကျနေသည်။ လက်စမသတ်ရသေးသော အက်ဆေးတစ်ပုဒ်ကိုဆက်
ရေးရန် ကျွန်တော်ကြိုးစားကြည့်သည့်အခါ ထိတ်လန့်အံ့သြစရာကောင်းလွန်းစွာပင် ကျွန်တော့်အက်ဆေးထဲမှ အက္ခရာစာလုံးများမှာ ပျောက်ဆုံး နေလေခဲ့တော့သည်။
သည်။ မိတ်ဆွေ ကျေးဇူးပြုပြီး ပျောက်ဆုံးနေသော အက္ခရာများအား တွေ့လျှင် ကျွန်တော့်အား အကြောင်းကြားပါ။ သတိပြုရန်မှာ ထိုအက္ခရာများတွင် ကောင်းကင် ကို ခြေကန် ထားသော ခြေထောက်များမရှိ။
မင်းနဒီခ
No comments:
Post a Comment