Friday, April 19, 2013

ကဗျာဆရာ



ကဗျာဆရာ

သူ့ရင်ထဲပွေ့ဖက်ထားတာအဘိဓမ္မာ
သူ့ခေါင်းထက်မိုးနေတာက ထင်းရှူးပင်ရိပ်
သူ့အတိတ်က ဂန္ဓ၀င်ဆန်ဆန်
သူ့အနာဂတ်က ပို့စ်မော်ဒန်
သူ့ဟန်ပန်က တပတ်နွမ်းနွမ်း
သူဖြတ်သန်းချင်တဲ့ ခရောင်းလမ်းမှာ
မောင်ချောနွယ်ရဲ့ ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်
သူ့ခြေထောက်အောက် ပြားပြားမှောက်သွားတဲ့ ကမ္ဘာ
သူ့အတွက် ကဗျာသည်ပဲ သူ့အသက်ဖြစ်ရဲ့
သူ့မနက်ခင်းမှာ ကဗျာဆိုတာ သူ့နေရောင်ခြည်
သူဟန်မဆောင်တတ်ခဲ့တဲ့ ရယ်မောခြင်းမှာ
သူကန်သွင်းတဲ့ဘောလုံးက ဂိုးတိုင်မှန်ပြန်ထွက်
သူ့အသိုင်းက လက်မခံ
သူ့အမှန်တရားမှာ သူကိုယ်တိုင်သာ တရားသူကြီး
သူ့အစာအိမ်က ခိုညည်းသလိုညည်းနေပြီ
သူ့လက်မှာ နာရီမရှိဘူး
သူ့ပြက္ခဒိန်မှာ ရာသီမရှိဘူး
သူက အဲဒီလို ထူးဆန်းသလို မဆန်းသလိုသတ္တ၀ါ
သူဘယ်လို အတန်းအစားလဲ မေးလာတဲ့ အခါတိုင်း
သူ့ခါးကိုညွတ်ကိုင်း
သူ့ကဗျာဟာ သူ့သမိုင်းပါ
သူဟာ ကဗျာဆရာတစ်ယောက်ပဲ ဖြစ်တယ် တဲ့

မင်းနဒီခ

No comments:

Post a Comment