Friday, April 19, 2013

အခုပြောနေတာ ဘယ်သူ့ဘာသာစကားလဲ


အခုပြောနေတာ ဘယ်သူ့ဘာသာစကားလဲ

လိုချင်တဲ့ နားလည်မှုက အနားမှာ လည်လည်ပြီး ပြန်ထွက်သွားတယ်
နောက်တော့ မူးလို့ မှုစရာတောင် ဘာတစ်မှုမှ မကျန်တော့
ရှေ့ဆက်ပြီး တည်ဆောက်မယ်ဆိုရင်
မျက်ရည်ကို အင်္ဂတေစက်ထဲ ထည့်ဖျော်ပါ
ပြီးရင် နီးစပ်ရာ ဆေးခန်းတစ်ခုကို သွားပြီး မျက်ရည်ပုလင်းကြီးတစ်လုံးချိတ်ပါ
လိုအပ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်လွဲရအောင်
နားလည်မှုကို မှတ်ပုံတင်တစ်ခုလို ကိုယ်နဲ့မကွာဆောင်ထားပါ
နားလည်/ မလည်ခြင်းပြဿနာမှာ နားလည်မှုက အရေးအကြီးဆုံးသက်သေပဲ
ကိုယ့်ဘ၀ကိုယ် နားမလည်ခဲ့
အခုဖတ်နေတဲ့ ခေတ်ပြိုင်ကဗျာတစ်ပုဒ်ကို နားမလည်ခဲ့
လက်ချင်းချိတ်ထားတဲ့/ ဘ၀တစ်ခုလုံးထိုးကျွေးထားတဲ့ ချစ်သူကို နားမလည်ခဲ့
ညောင်ဦးကမ်းပါးနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးကို နားမလည်ခဲ့
ငွေရောင်ပိတ်ကားပေါ်က နောက်ဆုံးဇာတ်သိမ်းခန်းကို နားမလည်ခဲ့
မျက်စိရှေ့ရောက်နေတဲ့ ဒြပ်မဲ့ ပန်းချီကားတစ်ချပ်ကို နားမလည်ခဲ့
ဒီလိုနဲ့ အမှန်တရားကို ဘယ်ဘက်လက်ထဲ ထည့်ထားရခြင်းကို နားမလည်ခဲ့
တကယ်က နားလည်မှုဆိုတာ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းပဲ
အချိန်တန်တော့ တစ်ယောက်နားရွက်ကို တစ်ယောက်ဆွဲ
အဲဒီလိုပဲ နားလှည့်ပေးလိုက်ကြ
ဒါတောင် တခါတလေ အဲဒီနားလည်မှုဟာ
မှန်တစ်ချပ်ထဲကလို ဘယ်ညာလွဲချင် လွဲနေတတ်သေးတာ
ကျွန်တော်တို့ နားလည်မှုကို ဘယ်လိုကျုံးသွင်းယူရင်ကောင်းမလဲ
" မိတ်ဆွေ နားလည်မှုရှိပါ " ဆိုတဲ့ စာတန်းကို ပြပြပြီး
ခင်ဗျားရဲ့ နား( နား) ကို လက်နဲ့ လှည့်ပြီး ( လည်) အောင်လုပ်လိုက်ရကောင်းမလား
ခင်ဗျားမှာ နားလည်မှုရှိရင် နည်းနည်းလောက်ရောင်းပါ
နားလည်မှုဟာ နား နားမှာ တ၀ီဝီလည်နေတဲ့ ယင်ကောင်တစ်ကောင်လို
အခုချိန်ထိ ဖမ်းရခက်ဆဲ
နားလည်မှုတွေ မျက်နှာချင်းဆိုင် တေ့လွဲလေး လွဲနေပုံကတော့
နားတွေတောင် တဖြေးဖြေး လေးလာတဲ့ အထိ။

မင်းနဒီခ

No comments:

Post a Comment