ကောက်ခဲ့တဲ့ ဖားကို
သဲလွန်စအဖြစ် သိမ်းဆည်းလိုက်တယ် ကဗျာရွတ်ပြီးတာနဲ့ တရားခံကို မိပြီလို့သာ
သဘောထားလိုက်ပါ
အိုင်ဆေး
ကိုနိုင်လင်း ဒီကိစ္စမှာ ပြဿနာက မီးခွက်ဆီကို ထွန်းလာတာ ခင်ဗျားကြည့်  ဖို့
ခြေရာလက်ရာမပျက်သေးဘူး သဲလွန်စပါ ချန်ထားတယ် လက်ရာမြောက်မမြောက်
ဆီသည်မလက်သုတ်ဝတ်မှာ
လက်ရာတွေကတော့ မည်းလို့ညစ်လို့ ဟိုမှာ သွေးနဲ့ ရေးသွားတဲ့ စာတန်းကြီးဟာ ကမ္ဘာ့ကဗျာနေ့
တဲ့ တစ်ခုခုမှ တစ်ခုခုပဲဗျာ မပြောမပြီး မတီးမမြည်ဆိုသလို လက်ကျန်ဆေးလိပ်ငွေ့က
အချိန်ကာလကို ပြတာပဲ ၂၁ ရက် မတ်လ ဒါပဲဗျာ ကျန်တာပြောရရင် ခင်ဗျား
ပရီမီယမ်ဂိုးလ်စီးကရက်ကို ခဲတော့မယ် မျက်လုံးကို အတန်ငယ်မှေးစင်းတော့မယ်
မျက်မှောင်ကျုံ့လိုက်ရင် ခင်ဗျားက နေအောင်ပဲ စည်သူမောင်ပဲ ရှားလော့ဟုမ်းပဲ
ဦးစံရှားပဲ ဗိုလ်အောင်ဒင်ပဲ ခင်ဗျားထိုးတဲ့ တယောသံက နီရိုးဘုရင်ထက် သာတာ
ကျွန်တော်လက်ခံပါတယ် ခင်ဗျား အင်တာနက်ကနေ Log Out လုပ်ထားတဲ့ အချိန်မှာဖြစ်သွားတဲ့
အမှုတွေ တရားခံမပေါ်လို့ ခင်ဗျားကို ပြန်ခေါ်လိုက်တာပဲဗျ လူသတ်သမားဟာ
ကြိုတင် ကြံစည် ထားတယ်ဆိုတာကတော့ သေချာတယ် မြင်းလှည်းဘီးရာမှာ မြေနီတွေက
မြေနီကုန်းဘက်ကလာတယ်ဆိုတာလောက်တော့ ကျွန်တော်လည်းပြောနိုင်ပါတယ်ဗျ သူစီးတဲ့
ဖိနပ်ရဲ့ အရွယ်အစားအရ သူက အရပ် အမြင့် ခြောက်ပေလောက် ရှိမယ် မီးပြတ်ချိန်ကို သူကြာကြာမစောင့်လိုက်ရတာ သေချာပါတယ် လူသတ်ပြီးမှ ဖယောင်းတိုင်မီးကို ငြိမ်းလိုက်တာ
ကျွန်တော်တွက်ပြ မယ်ဗျာ သေသူနဲ့ သူဟာ
စကားတွေ အများကြီးပြောသွားတယ်ဗျ ကြမ်းပြင်ပေါ်က စီးကရက်ဖင်ဆီခံတွေ
ကျွန်တော်သိမ်းထားတယ် လူသတ်သမားက ကျွမ်းဘား ပညာ တတ်တယ် ညဏ်အလွန်ကောင်းတယ် အကွက်စေ့တယ်
ကိုယ်ခံပညာ ကျွမ်းကျင် တယ်ဆိုတော့ ခေသူတော့မဟုတ်ဘူး ကျုပ်ကလည်း
ဒီလိုတရားခံမျိုးနဲ့မှ ပညာစမ်း ချင်တာဗျာ အကယ်၍များ ဖမ်းမိရင်တော့ တရားခံကို
လက်ထိပ်မခတ်ဖို့ ကျွန်တော် ကြိုပြောထားပါရစေ သူက ထွက်ပြေးမယ့်သူ မဟုတ်ပါဘူး ကဲဗျာ သမ္မတကြီး ဦးသိန်းစိန်ကို ပြောလိုက်ပါ မိတ္ထီလာမှာ
လူသတ်မီးရှို့တဲ့ တရားခံဟာ သက်ဦးမောင် မဟုတ်ပါဘူး ညီမင်းဝေ မဟုတ်ပါဘူး သူတို့ကို လွတ်လိုက်ပါ ဒီအမှုကို
ကျွန်တော် အမြန်ဆုံးဖော်ထုတ်ပေးမယ် ခင်ဗျားတို့သိအောင်တစ်ခုပဲ ကျွန်တော်ကြိုပြောထား လိုက်မယ်
တရားခံရဲ့ လက်မောင်းမှာ မြို့ရိုးပုံ တက်တူးနဲ့ဗျ။
မင်းနဒီခ
၂၅၊ မတ်လ၊ ၂၀၁၃
No comments:
Post a Comment