အသံမမြည်တဲ့
ခေါင်းလောင်းဟာ လက်ခုပ်ကို တစ်ဖက်တည်းတီးလို့ သူ့တံဆိပ်သူ ရွှေချဖို့ ရောက်လာတယ်
ပြောပြန်ရင်လည်း
အောင်မင်းက မဆီမဆိုင်လွန်ဦးမလား အထာမကျ ရုပ်တည်တည် ယဉ်ကျေးမှုက
မိဘမသွန်သင်ထားတဲ့အတိုင်း ပခုံးပုတ်လိုက် နားရွတ်တံတွေး စွတ် လိုက် အနုပညာ အသံထွက်က
ကြက်တူရွေးစာချသလို ကိုယ့်နာမည်ကိုယ် စာလုံး ဘယ်လိုပေါင်းမှန်း မသိ
သဝေထိုးဘယ်လှည့်ညာလှည့်မသိ ကျီးကြည့်ကြောင်ကြည့် အသံကောင်းဟစ်တဲ့ အသစ်အသစ် ကဗျာဆရာ ဘယ်လိုဖြစ်တယ်
မသိဘူး ရေးမိတဲ့ ကဗျာမှာ ကလောင်နာမည်တပ်လိုက်တာနဲ့ ကဗျာဖြစ်နေပြီဆိုလား ဆိုက်ကားဆရာ
ဗိန္ဓောဆရာ မျက်လှည့်ဆရာ နွားကုဆရာ မျက်နှာမှာ ဘ၀င်တံဆိပ်ကပ်လို့ ကိုယ်ရောက်တဲ့
မြို့မှန်း ကျောင်းမှန်း ကန်မှန်းမသိ ကဗျာဆရာကြီးဆိုတာ မရှိဘူးဆိုတော့ ဆရာကိုလေးက
သူ့ကိုသာ သတ်လိုက်ကြပါတော့တဲ့ ဆရာ ကြည်အောင် ရှိရင် သူပြောမယ့်စကားကြားချင်လိုက်တာ ဒဂုန်တာရာမသေသေးဘူး
ကိုနိုင်လင်း ရယ်စရာတွေက ခင်ဗျားမရောင်းလည်း အကြွေးလာလာချနေလို့ ရယ်စရာကိုတောင်
မရယ်ချင်တော့တာကြာပြီ ကိုရိုးဒီ ခေတ်ကာလက ဖုန်းတစ်လုံးနဲ့ စာရိုက်တတ်ရင်
ကဗျာဆရာဖြစ်နေတဲ့ခေတ် ကျောက်ခဲနှစ်လုံးမီးခတ်တာနဲ့ မြို့တစ်မြို့
ပြာကျသွားနိုင်တဲ့ခေတ် ထဆင်ထူးကို ဏကြီးနဲ့သတ်လည်း သည်းခံလိုက် ရတာပဲမဟုတ်လား
ကိုမြတ်ရေ မန္တလေးရုပ်ရှင်မှာ ကိုယ့်ထီးကိုယ့်နန်း ဆောင်ကြငှန်း က စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ခဲ့ရပြီ ယဉ်ကျေးမှုပျောက်ရင် မန္တလေးပျောက် သွားဦးမလား ဒီတစ်ခါ
ယဉ်ကျေးမှုအတောင်မပေါက်တဲ့ ကောင်တွေအတွက် ကလောင်ကိုထက်အောင်သွေးထားတယ် ငါ့မြို့ဟာ
လိပ်လိုသွားသွား ခရုလိုနှေးနှေး ကဗျာက မန္တလေးမပါဘဲ ဘယ်ခေတ်ကမှ မရွေ့ခဲ့ဘူးဆိုတာ
သမိုင်းပြန်သင် ငါ့ညီ အရက်ဆိုင်သွားတောလားမှာ ကဗျာဟာ အော်ဟစ်ခံ တွန်းထိုးခံ
အမြည်းခံအနုပညာ အဆင့်လောက်နဲ့တော့ မိုးစိုမခံချင်ပါနဲ့တော့ ငါမြို့ဟာ နေပူရင် ပူမယ်
ဖုန်ထူရင် ထူမယ် အသစ်အသစ်နဲ့ ကမ္ဘာတစ်ပတ်ပြန်လာတဲ့ အပေါစားမိန်းမပျက် တစ်ယောက် ထက်
သနပ်ခါးပါးကွက်ကျားမလေးကို ချစ်ရင် ချစ်မယ် သံယောင် လိုက် ရေ စုန်မျော နောက်ကျောဓါးထိုးတဲ့
အကွက်နဲ့ ဘယ်တော့မှ ကိုယ့်ဖိနပ်ကိုယ်ပြန် မကိုက်ဘူး အဲလိုကောင်တွေအတွက်လည်း
မိုးဘယ်တော့မှ မရွာဘူး။
မင်းနဒီခ
၂၆၊ မတ်လ၊ ၂၀၁၃
No comments:
Post a Comment