တော်ရိလျော်ရိ
အက်ဆေး
သင်္ကြန်ရက်များသည် ထီသည်များ၏
သင်္ကြန်သီချင်းဖွင့်သံများနှင့်အတူ ရောက်လာသည်။ စတိုးဆိုင်ကြီးများတွင် ကပ်ထားသော
ခါသင်္ကြန်အထူးလျော့ဈေးမှာ ချစ်ခြင်းမေတ္တာ ဘယ်ဈေးလဲ။ ကျေးဇူးပြု၍ မေးခွန်းများ အား
ရေမပက်ရ ကြောင်း ပြောပေးပါ။ သင်္ကြန်ရေများ တဝေါဝေါစီးနေသော ကတ္တရာလမ်းမပေါ်တွင်
ကလေးတစ်ချို့ ရေသန့်ဘူးများ လိုက် ကောက်နေတာကို တွေ့သည်။
ဘီယာပုလင်းခွံတစ်လုံးနှစ်ဆယ်ကျပ်ရသည်ကို ကျွန်တော်အမှန်တကယ်မသိခဲ့။ အမိုးဖွင့်
ကားအကောင်းစားတစ်စီးပေါ်တွင် အပေါစားမိန်းမတစ်ယောက် မူးဝေအော့အန်နေသည်။ ခေတ်စနစ်၏
အပျက်အစီးများ အကြားတွင် အကျင့်စာရိတ္တ အပျက်အစီးများအား လိုက်ကောက်ပါ။ မနေ့က
ကြိုခဲ့သော သင်္ကြန်ရက်များကို ဒီနေ့ကျမှ မလိုချင်ကြောင်းမပြောပါနှင့်။ သပြေခက်နှင့်
ရေကစားသည့်ခေတ်သည် သမိုင်းပြတိုက်ထဲတွင် ခန့်ခန့်ထည်ထည် တည်ရှိ နေပါစေ။
မှတ်မှတ်ရရ
အဲသည့်နေ့က ကျွန်တော် ရန်ကုန်ကမ္ဘာ့ကဗျာနေ့ပွဲအပြီး သာကေတရှိ ခန့်မင်းထက်အိမ်သို့
တက္ကစီဖြင့် ပြန်လာနေသည့်အချိန်ဖြစ်သည်။ အိမ်ရှေ့အရောက် ကားပေါ်က ဆင်းဆင်းချင်း
ဖုန်းဝင်လာသည်။ ဆရာ စိုးအောင်( မန္တလေး) လှမ်းဆက်ခြင်း ဖြစ်သည်။ ` ဟေ့ကောင်
မင်းနဒီခ မင်းကဗျာနေ့ပွဲမှာ သံချပ်တိုင်နေတယ်ကြားတယ်။ ငါတို့လည်း ဒီနှစ် မန္တလေး
သင်္ကြန် သံချပ်ကားထွက်ဖို့ တိုင်ပင်နေတယ်။ မင်းမြန်မြန်ပြန်လာခဲ့တော့´ တဲ့။
ကျွန်တော် အရမ်းဝမ်းသာသွားသည်။ သံချပ်။ ကျွန်တော်တို့ သင်္ကြန်သည် သံချပ်သံများဖြင့်
ကင်းကွာနေတာ နှစ်ပေါင်း နှစ်ဆယ်နီးပါးရှိခဲ့ပြီ။ သို့ပေမယ့် ကျွန်တော်တို့
သံချပ်ကို မမေ့ကြ။ သံချပ်သံကြားတာနှင့် ခေါင်းထောင်ထလာသည့်စိတ်က ဆရာ့ကို
ချက်ချင်းပြန်ခဲ့မယ် ဆရာဟု ပြောလိုက်သည်။ ကျွန်တော် မန္တလေးပြန်ရောက်တော့
အစီအစဉ်တွေက အကြမ်းဆွဲထားပြီးကြပြီ။ သံချပ်စာသားတွေအတွက်ကတော့ မပူရ။
ကိုဆန်းဝင်းရှိန်နှင့် မောင်နိုင်လင်း(ကောလင်း)က အဓိကတာဝန်ယူရေးမည်။ ယခုနှစ်တော့ သံချပ်ကားထွက်ဖြစ်အောင် ထွက်မည်။
သံချပ်ကားထွက်ခွင့်ရဖို့ စာတင်ရမည်။ အဓိက ပြဿနာက ရန်ပုံငွေဖြစ်သည်။
ကားပြင်ဆင်စရိတ်က သိန်းဆယ်ဂဏန်းများများ ကုန်ကျမည်။ အဲဒီငွေ ဘယ်က ရှာမလဲ။
ထွက်ခွင့်ရရ မရရ ထိုပြင်ဆင်စရိတ်က မဖြစ်မနေပေးချေရမည်။ ဒုတိယပြဿနာက သံချပ်အဖွဲ့
ဖွဲ့ဖို့ဖြစ်သည်။ အဖွဲ့ထဲတွင် ပြဿနာရှာတတ်သည့်လူ၊ သည်းခံစိတ်နည်းသည့် လူ၊
အရက်သောက် မူးရမ်းကားမည့်လူ များမပါစေရန် စီစစ်ရွေးချယ်ရမည်။
ရွေးချယ်ခေါ်လိုက်မည်ဆိုလျှင်လည်း ဟိုလူ့မပါရကောင်းလား။ ဒီလူ့မခေါ်ရ ကောင်းလားနှင့်
မျက်နှာပျက်စရာဖြစ်ရဦးမည်။ နောက်ဆုံးတော့ အားလုံးတိုင်ပင်ပြီးဆုံးဖြတ်ချက်ချလိုက်သည်။
မန္တလေး စာရေးဆရာ ကဗျာဆရာဖြစ်ရမည်။ သံချပ်ကားနှင့် ပါဝင်လိုလျှင်
ပိုက်ဆံနှစ်သောင်းခွဲနှင့် သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာနိုင်ရမည်။
ကဗျာဆရာသည်
ပိုက်ဆံကျပ်နှစ်သောင်းငါးထောင်တိတိကို ဖြတ်ပိုင်းစာရွက်တစ်ရွက်နှင့် လဲလိုက်သည်။
သို့တည်းမဟုတ် ကဗျာဆရာသည် သမိုင်းတစ်ခုထဲသို့ ဖြတ်ပိုင်းစာရွက်တစ်ရွက်နှင့် အတူ
ခုန်ချလိုက်ခြင်းလည်းဖြစ်သည်။ လက်ဖက်ရည်ဆိုင်၏ နောက်ပိုင်းစားပွဲဝိုင်းတစ်ခုမှ
`ထွီ´ ကနဲ တံတွေးထွေးသံကြားရသည်။ လွင့်ပျံလာသော သံချပ်ထိုးသံ သည် မပီပြင်သေး။
ယခုနှစ်အတွက် ဒီဇိုင်းအသစ်နှင့် မြို့မငွေငန်းကြီးကို မမြင်ရသေး။ ဘယ်လိုဖြစ်ဖြစ်
သင်္ကြန်သည် သင်္ကြန်စာ အလိုအရ ကျရောက်လာချေပြီ။ ငယ်ငယ်တုန်းက နားထောင်ခဲ့ရသော
လူရွှင်တော် ဇာဂနာတို့အဖွဲ့၏ ` သင်္ကြန် ကျပြီ သင်္ကြန်ကျပြီ မောင်တို့´ ဟူသော
သံချပ်ကို နားထဲကြားယောင်လာမိသည်။ သံချပ် ဘယ်ကစလဲ ကျွန်တော်မသိပါ။ ကျွန်တော်
သိသည်မှာ သံချပ်တိုက်သည့်နေရာကို ညနေသုံးနာရီ အရောက်သွားရန်ဖြစ်သည်။
သံချပ်တိုက်သည့် နေရာ တွင် ကျွေးသည့် ကြာဇံကြော်နှင့် မုန့်ဟင်းခါးမှာ အရသာရှိသည်။
ထို့ထက်ပို၍ ခြောက်လုံးပတ်နှင့် သံချပ်ဒိုးသံမှာ နားထဲ တွင် ပို၍ အရသာရှိလွန်းသည်။
သံချပ်အဖွဲ့နာမည်က ပို၍ ပို၍ အရသာရှိမည် ထင်ပါသည်။` တော်ရိလျော်ရိ´ တဲ့။
နွေအပူရှိန်နှင့်
ခြောက်ခြောက်ကပ်ကပ် သင်္ကြန်အကြိုရက်များသည် သံချပ်တိုက်သံများနှင့်
မြိုင်ဆိုင်နေခဲ့ပါသည်။ သံချပ်သံမကြားဖူးသော လူငယ်၊ ကလေးသူငယ်များနှင့်
သံချပ်သံငတ်နေသော လူကြီးသူမများ၏ မျက်လုံးများတွင် ပီတီဖြစ်နေသာ အပြုံးများကို
တွေ့ရသည်။ သူတို့မျိုသိပ်ထားခဲ့ရသော အသံများ သို့မဟုတ် သူတို့ဖွင့်ပြောချင်နေသည့်
အသံများအတွက် သူတို့ ၀မ်းသာဝမ်းနည်းခံစားနေရသည်မှာ သေချာပါသည်။ သံချပ်တိုက်သည့်
နေရာသည် ၂၆ ဘီလမ်း၊ ရွှေတစ်ချောင်းမြောင်းဘေးက ထန်းတစ်ပင်ဘုန်းကြီးကျောင်း
ဓမ္မာရုံပေါ်မှာဖြစ်သည်။ ထိုဘုန်းကြီးကျောင်းမှာ Shade ဂျာနယ်အယ်ဒီတာ ကိုသာဇော်၏
လျောက်ထားမှုဖြင့် သံချပ်တိုက်ခွင့်ရထားခြင်းလည်းဖြစ်သည်။ သံချပ်တိုက်သည့်
နေ့တိုင်း ကိုသာဇော့်မိသားစုမှလည်း ကြာဇံကြော်တစ်လှည့် မုန့်ဟင်းခါးတလှည့် သင်္ကြန်ရက် မရောက်မချင်း အကျွေးအမွေးဖြင့်
ဧည့်ခံသည်။ ပထမဆုံးစတိုက်သည့် နေ့က ခြောက်လုံးပတ် စည်တိုနှင့် သံချပ်ဒိုးတီးမည့်
အဖွဲ့က အစောကြီး ရောက်နှင့်နေသည်။ ကိုဆန်းဝင်းရှိန်က ဒိုးဆရာများကို ဘယ်နေရာဝင်
ဘယ်လိုတီး စသည်ဖြင့် ဆရာလုပ်နေသည်။ တကယ်တမ်း သင်္ကြန်သံချပ်ဒိုးတီးမည့်ဆရာများမှာ
မန္တလေးသံချပ်တစ်ခေတ်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ဗိုလ်သခင်ဆရာ
သံချပ်အသင်းတွင် အားပါးတရ တီးခဲ့သော ဒိုးဆရာများဖြစ်နေကြောင်း နောက်မှသိရသည်။
ဒီလိုနှင့် သင်္ကြန်မတိုင်ခင် ငါးရက်လောက်သံချပ်တိုက်ဖြစ်သည်။
ခင်ဗျားအိပ်မက်ထဲတွင်
သင်္ကြန်သံချပ်ထိုးဖူးပါသလား။ ကျွန်တော် အိပ်မက်ထဲတွင် သင်္ကြန်သံချပ်ထိုးနေသည်။ သို့သော်
အသံမကြားရ။ ကျွန်တော့်အိပ်မက်ထဲတွင် သံချပ်ထိုးခွင့်ပါမစ်မရခြင်းလည်း
ဖြစ်နိုင်သည်။ ဘာလိုဖြစ်ဖြစ် သင်္ကြန် မရောက်ခင် တစ်ရက်တော့ သင်္ကြန်မိုးရုပ်ရှင်
မြန်မာ့ရုပ်မြင်သံကြားမှ လွှင့်ပါလိမ့်မည်။ မြို့မ ရေသဘင်အဖွဲ့ကြီး ကျန်းမာ ပါစေ
ဟူသော ဆုတောင်းမေတ္တာပို့သံကို ကျွန်တော်အရမ်းနှစ်သက်သည်။ ကလေးတစ်ယောက်သည် သူ့အဖေ၏
မောင်ဗမာယောင်္ကျားစီးစက်ဘီးဘောင်ပေါ်မှ နေ၍ ထိုမြို့မအလှပြဧည့်ခံယာဉ်ကြီးနောက်
တစ်ညလုံးလိုက်ဖူးချင် လိုက်ဖူး လိမ့်မည်။ ထိုကလေးသည် ယခုအခါ အသက်ဘယ်လောက်ရှိပြီလဲ။
ကျန်းမာရေးမဏ္ဍပ်တွင် ယိမ်းကနေသော သမီးပျိုလေး တစ်ဦး နှာစေးချောင်းဆိုးဖြစ်နေသည်။
မေးခွန်းနံပါတ် နှစ်အရ မီးရထားမဏ္ဍပ်အောက်ခြေမှ ဇလီဖားတုံးများကို ရေတွက်ပါ။
ဆက်သွယ်ရေးမဏ္ဍပ်ရှေ့မှ ဟယ်လို ဟယ်လို အသံကြားလား ဟူသော အသံကို စူးစူးရှရှ ထပ်ခါ
ထပ်ခါ ကြားနေရသည်။ ဈေးချိုသူများ၏ ခြေထောက်တွင် ရွှေခြေကျင်းများကို မတွေ့ရတာ
ဘယ်လောက်ကြာပြီဖြစ်သလဲ။ အသားဖြူ စကတ် အကွဲ နှင့် ဗမာစကားမပီသော
သင်္ကြန်အကြောင်းရေးလျှင် မန္တလေးအား ထိပ်ဆုံးမှ စာစီကုံးပါ။ သံချပ်အား ပထမဆုံး
တိုင်သော သူမှာ မည်သူဖြစ်သလဲ။ သမိုင်းသည် တည်ဆောက်သူအတွက်သာ ဖြစ်သည်။
လွန်ခဲ့သောနှစ်များက ပျော်ရွှင်ဖွယ် ကောင်းသော သင်္ကြန်ကို အောက်မေ့တသနေသူသည်
ယခုနှစ်များ၏ သင်္ကြန်ကို စိတ်ကုန်နေသူသာ ဖြစ်သည်။ သင်္ကြန် သည်
မူးယစ်ရမ်းကားခွင့်နှင့် အရှက်ကင်းမဲ့ဖော်ချွတ်ခွင့် တရားဝင်ပေးထားသော
နှစ်သစ်ကူးပွဲ ဖြစ်ပါသလား။ မှန်မှားဖြေပါ။ သက်ထွေးသည် ရေနီမြောင်းဘေးတွင်
စက်ဘီးကိုတွန်းလာနေတုန်း မီးသတ်ပိုက်ဖြင့် ရေထိုးခံလိုက်ရသည်မှာ နယူး ဗားရှင်း
သင်္ကြန်မိုးဇာတ်ကားတွင် ထည့်သွင်းရိုက်ကူးမည့် ဇာတ်ဝင်ခန်း တစ်ခန်းဖြစ်ပါသည်။
ထိုသို့ပင် သင်္ကြန်သည် ဥပုဒ် စောင့်သူများဖြင့် စည်ကားလျှက် ရှိပေသည်။
ထိုသို့နှင့်ပင်
ရန်ပုံငွေကိစ္စသည် ကုမ္ပဏီတစ်ခုမှ အဓိကစပွန်စာပေးသဖြင့် ပြေလည်သွားသည်။ သို့သော်
သံချပ်ကားထွက်ခွင့် ပါမစ်က မကျသေး။ သံချပ်တိုင်မည့် စာသားနမူနာများပေးရသည်။
ခွင့်ပြုချက်ထပ်တောင်းရသည်။ သံချပ်တိုင်မည့် လူဦးရေလည်း အတည်တကျဖြစ်နေပြီ။
သံချပ်စာသားများလည်း အလွတ်နီးပါး ရနေကြပြီ။ သံချပ်ကားကတော့ အခုထိ ရုပ်လုံးမပေါ်သေး။
သင်္ကြန်ကျဖို့က ရက်ပိုင်းသာလိုတော့သည်။ ဆရာစိုးအောင်နှင့် ဆရာစိုးဘားဒိုင်တို့
ချွေးတလုံးလုံးဖြင့် ခွင့်ပြုမိန့်သွားတောင်းလိုက်။ မီးစက်ဆရာဆီ ပြေးလိုက်။
သံချပ်ကားရိုက်သည့် ဆရာ ကိုကျော်စိုးလွင်ဆီ ပြေးလိုက်နှင့် မမောမပန်း။
မောင်နိုင်လင်း ၊ ကိုသာဇော်နှင့် ကျွန်တ်ာတို့ကတော့ ကုမ္မဏီများထံမှ စပွန်စာများ
ထပ်မံရရှိရေး၊ သံချပ်စာအုပ်ထွက်ရှိရေး၊ သံချပ်အဖွဲ့လိုဂို ပုံဖော်ရေး စသည်ဖြင့်
မိုးလင်းက မိုးချုပ် ဖုန်းတဂွမ်ဂွမ်နှင့် မနေမနား။ လှုပ်ရှားနေတာ
ပျော်စရာလည်းကောင်းသလို စိတ်ညစ်စရာလည်း ကောင်းသည်။ ကိုခင်အောင်ဝင့်က သံချပ်ကားတွင်
အသုံးပြုမည့် ကာတွန်းပုံများဆွဲပေးသည်။ ၀ါထပ်သဖြင့် သင်္ကြန်က ငါးရက်ကျမည်။
သံချပ်တိုက်တုန်းက အားပါးတရ အသားကုန်အော်ထားကြသဖြင့် သင်္ကြန်မရောက်ခင်ကတည်းက အသံက
အက်ကွဲဝင်နေသည်။ ကိစ္စတော့မရှိ။ ကိုသာဇော့် မိသားစုက သံချပ်အဖွဲ့သားတွေ အသံထွက်ဖို့
ကြက်ဥအကာကြည်နှင့် ရှောက်ရှည်ကို ဖျော်ပေးသည်။ သင်္ကြန်ပြီးသည်အထိဖြစ်သည်။ ဒီလိုနှင့်
သင်္ကြန်အကြိုနေ့ မနက်ပိုင်းအထိ ချောချောမောမော မဖြစ်သေး။ ပြဿနာက စသည်။ သံချပ်ကား
အလှဆင်ပြီးတော့ စုရပ်ဆီကားပို့ရန်ထွက်အလာ လမ်းမီးတိုင်အား ၀င်တိုက်လိုက်သည်။
လမ်းမီးတိုင်ခမျာ ၀ါယာကြိုးတွေပြတ်ပြီး လေးဆယ့်ငါး ဒီဂရီလောက် ယိုင်ထွက်သွားသည်။
ရပ်ကွက်ထဲမှ လူများကလည်း ကိုယ်ချင်းစာနားလည်ပေးလို့ တော်သေးသည်။ ဒီလိုနှင့်
သင်္ကြန်အကြိုနေ့ ညနေပိုင်း ၃ နာရီ
သံချပ်ကားစထွက်မည် စီစဉ်ထားပေမယ့် မီးစက်က ပျက် ၊ ဆောင်းဘောက်တွေက အသံမထွက်နှင့်
ပြင်လိုက် စမ်းလိုက်နှင့် ညနေ ငါးနာရီထိုးသွားသည်။ ဈေးချိုနာရီစင်ထောင့်မှ နေ၍
တော်ရိလျော်ရိသင်္ကြန်သံချပ်ကားအလာကို စောင့်မျှော် ဓါတ်ပုံရိုက်သတင်းယူရန်
အားခဲထားသည့် သတင်းထောက်များ စုရပ်သို့
အကုန်ရောက်ရှိလာသည်။ အဖွင့်ကတော့ လှသည်။ ကသုတ်ကယက် ကသောင်းကနင်း ။ သို့ပေမယ့်
ကားစထွက်တာနှင့် အခက်အခဲအားလုံးပြေလည်သွားသည်။ မန္တလေး စာရေးဆရာ ကဗျာဆရာများ၏
တော်ရိလျော်ရိ သံချပ်ကား စတင်ထွက်ရှိလာပါပြီ ခင်ဗျား။
`အမေ့ချွေးမ ပျောက်လို့ရှာ
တွေ့ပါပြီဗျာ သူပဲ သူပဲ´`အိမ်တွင်းပုန်းတဲ့ အပျိုတွေ မုဆိုးဖိုနဲ့ ညားပါစေ´ `
လိပ်ဥပျောက်လို့ လိပ်မမှိုင် သူခမျာမှာ ငိုမဲ့ ငိုမဲ့`။ အမိုးဖွင့်ထားသော
ဂျစ်ကားပေါ်မှ ခေတ်ပြိုင်လူငယ်များ၏ အော်သံသည် သံချပ်ဖြစ်သည်။ ကားရှေ့ဘောနက်ဖုံးကို
နှစ်တစ်လက်မသစ်သားချောင်းဖြင့် တဒုန်းဒုန်းရိုက်ခတ်သံသည် သင်္ကြန်ဒိုး ဖြစ်သည်။
တစ်ခေတ်တစ်ခါက မန်းသင်္ကြန်သည် ၀င်းဦးပါမှ စည်ကားသည်။ သုမောင်ပါမှ စည်ကားသည်။
သင်္ကြန် မင်းသားကြီး ဇော်ဝမ်းပါမှ စည်းကားသည်။ ယခုအခါ သူတို့ မရှိတော့။ မြို့မကတော့
အစဉ်အလာမပျက် ငွေငန်းရုပ်ကြီးနှင့် အချိန်တန်လျှင် ထွက်လာပါလိမ့်မည်။
ကျုံးလေးပြင်လေးရပ် အလှည့်ကျကျင်းပပြုလုပ်သော မြို့တော်ဝန်ဗဟိုမဏ္ဍပ် ဒီနှစ်
ဘယ်ဘက်ကျပါသည်လဲ။ ရေစိုမခံ၍ ပျက်သွားသော လိပ်စာမှာ ကိုဇော်ဝမ်းတွင်သာ ရှိသည်မဟုတ်။
ကျွန်တော့်တွင်လည်း ရှိသည်။ အိပ်မက်စေတမန်သည် လေကို ထိုးဖောက်၍
နားစည်ထိရောက်လာသည်။ နွေက ပူပြင်းသော်လည်း လွမ်းဖွယ့် သင်္ကြန်သည်
ရောက်ရှိလာပြန်သည်။ ဆေးရေးပန်းချီမဏ္ဍပ်များနေရာတွင် ဗီနိုင်းမဏ္ဍပ်၊ ကြော်ငြာမဏ္ဍပ်များ
အစားထိုး နေရာယူလာကြသည်။ ရွှေခြေချင်းနဲ့ မန္တလေးသူ။ မူဟန်ပိုနွဲ့ ဈေးချိုသူ
နေရာတွင် လျှပ်ပေါ်လော်လီ စကားမပီ သူများ အစားထိုနေရာယူလာကြသည်။
သွေးကြောစိမ်းလေးများ ၀င်းပနေသော ပေါင်ရင်းတွင် တက်တူးဖြင့် စာလုံး များထိုးထား
သည်ကို တွေ့ဖူးပါသလား။ ထိုစာလုံးများသည် ငါတို့မန္တလေး မဖြစ်ပါစေနဲ့ဟု
ခင်ဗျားဆုတောင်းဖူးပါသလား။ မြို့လယ်က မဏ္ဍပ်တွင်
ဟစ်ဟော့သံများ၊ ဒီဂျေသံများဖြင့် ဆူညံနေသည်။ ခေတ်ပြိုင်မန္တလေးသည်
ယဉ်ကျေးမှုကို ဘယ်လောက် ရာခိုင်နှုန်းဖော်ဆောင်နိုင်ပါမည်လဲ။ မြူးကြွသော
ဒီဂျေတီးလုံးအောက်တွင် ရေစိုရွှဲနေသော အသားစိုင်များ လှုပ်ယမ်းနေ ကြသည်။ ကွယ်ဝှက်ထားသော
အနုပညာကို ဖော်ထုတ်ဖို့ ကြိုးစားသူမှာ သူရူးတစ်ယောက်သာ ဖြစ်သည်။ မူးယစ် ပျော့ခွေ
လဲကျနေသာ မိန်းမပျိုလေးတစ်ဦး၏ ပါးစပ်မှ ဆဲရေးတိုင်းထွာသံများကို
ကျွန်တော်မကြားပါရစေနှင့်။ သင်္ကြန်ကာလ တစ်လျှောက်လုံး ပြည်တော်ဝင်သီချင်းသံများ
မိုးထက်ညံပါစေ။ မန်းတောင်ရိပ်ခိုသံများ မိုးထက်ညံပါစေ။ တူးပို့သံများ မိုးထက်ညံပါစေ။
သင်္ကြန်သံချပ်များ မိုးထက်ညံပါစေ။ ပျော်ရွှင်ကြည်နူးမှုများ မိုးထက်ညံပါစေ။
အစဉ်အလာရိုးရာ ယဉ်ကျေးမှုများ မိုးထက်ညံပါစေ။
ဒီနှစ်
မန္တလေးသင်္ကြန်တွင် သံချပ်အဖွဲ့နှစ်ဖွဲ့ ဖြစ်သွားသည်။ လူရွှင်တော်
နှုတ်ခမ်းမွှေးပါပါလေးတို့ အဖွဲ့၏ ခွပ်လိုက်ကြစို့သူငယ်ချင်းနှင့်
မန္တလေးစာရေးဆရာကဗျာဆရာများအဖွဲ့၏ တော်ရိလျော်ရိသံချပ်အဖွဲ့ဖြစ်သည်။ သံချပ်သံအား
ငတ်မွတ်တောင့်တနေသော ပြည်သူတို့၏ တခဲနက်အားပေးမှုကို ရရှိခဲ့တာတစ်ခုတည်းနဲ့တင်
စိတ်မောပင်ပန်းခဲ့ရာတာတွေ ပျောက်ကုန်သည်။ သင်္ကြန်မတိုင်ခင်ကတည်းက
လမ်းကြောင်းစီစဉ်ထားသည့်အတိုင်း ဦးစားပေးသွားဖြစ်သည်။ တကူးတကဖိတ်ထားသည့်
နေရာများ၊ သံချပ်ကား ဖြစ်မြောက်ရေးစပွန်ဆာပေးထားသည့် လုပ်ငန်းရှုင်များဆီသို့လည်း
အားနာပါးနာနှင့်ပင် လမ်းကြောင်းအစီအစဉ်ပါမှသာ သွားဖြစ်သည်။ အဓိက ကတော့
ပြည်သူ့တွေရဲ့ အသံကို ပြည်သူတွေ ဦးစားပေးကြားစေချင်သည့် စေတနာဖြစ်သည်။ သံချပ်သည်
ပြည်သူ့ရင်ခုန်သံဖြစ်သည်။ ပြည်သူ့ခံစားမှုဖြစ်သည်။ ပြည်သူတို့၏ ရင်တွင်းမှ
ပွင့်အန်ထွက်လာသော စကားသံများကို သံချပ်ဖြင့် ဖွင့်ဟခြင်းဖြစ်သည်။ တိုင်းပြည်၏
အချိုးမကျစံသွေ လွဲချော်မှုများကို သံချပ်ထိုးပြီး သရော်ခြင်းဖြစ်သည်။
ထို့ကြောင့်လည်း သံချပ်တစ်ခေတ် ဆိတ်သုန်းကွယ်ပျောက်ခဲ့ကြသည်။ ယခုနှစ်
ပြောင်းလဲလာသော အစိုးရသစ်လက်ထက်တွင် ပထမဆုံး အကြိမ်
သံချပ်ပြန်လည်ထိုးခွင့်ရခြင်းလည်း ဖြစ်သည်။ တော်ရိလျော်ရိသံချပ်ကား သွားသည့်
လမ်းဘေးဝဲယာတစ်လျှောက် ပရိသတ်များ၏ စိတ်ပါဝင်စားမှု၊ ကားနောက်မှ
တကောက်ကောက်လိုက်ပါနားထောင်မှုများကို မြင်ရသည်မှာ အားရကျေနပ်စရာကောင်းသည်။
သံချပ်ကားပေါ်မှလည်း သံချပ်စာအုပ်များ ရောင်းချပေးသည်။ ကားရပ်ပြီး
သံချပ်ထိုးသည့်နေရာတိုင်းရှိ ပရိသတ်များလက်ထဲတွင် တော်ရိလျှော်ရိသံချပ်စာအုပ်ကို
ကိုင်ထားကြသည်။ အတိုင် အဖောက်လိုက်ဆိုကြသည်။ ကြည်နူးစရာမြင်ကွင်း။ ယခုလို မိမိတို့
သံချပ်ယာဉ်ပေါ်မှ အတိုင်အဖောက် သံချပ် ကောင်းကောင်း ထိုးနိုင်စေဖို့
အထူးကျေးဇူးတင်ရမည့်သူ နှစ်ဦးလည်း ရှိသေးသည်။ ဆရာ စိုးအောင် (မန္တလေး)နှင့်
ဆရာစိုးဘားဒိုင် ဖြစ်သည်။ သူတို့နှစ်ဦးက သံချပ်ယာဉ်ရှေ့မှ ဆန်နီကားဖြင့်
တစ်မျိုး၊ ဆိုင်ကယ်နှင့် တစ်သွယ် လမ်းရှင်း တာဝန်ယူထားသည်။ နှစ်ဦးစလုံးက
ငါးဆယ်ကျော် လူကြီးတွေ။ သံချပ်ယာဉ်ရှေ့မှ ပိတ်၍ အပျော်လွန်ကနေသူများ၊ အမူးလွန်
အော်ဟစ်နေသူများအား ပြဿနာမဖြစ်အောင်၊ ရန်မဖြစ်အောင်၊ ယာဉ်အန္တရာယ်ကင်းရှင်းအောင်
တာဝန်ယူ ထားရသည်။ ဆရာစိုးအောင် ဆိုလျှင် သူ့အသက်အရွယ်နှင့်မလိုက် အမူးလွန်၊
အပျော်လွန်လူငယ်များနှင့် လည်ပင်းဖက် အတူတူကရင်း ၊စည်းရုံးရင်း ပြဿနာမတက်အောင်
ဖြေရှုင်းသွားနိုင်သည်။ ဆရာစိုးအောင်က စိတ်ဆတ်သည်။ ထစ်ကနဲဆို လက်ပါတတ်သည်။
လူမှန်ကြီး ဖြစ်သည်။ မန္တလေးစာပေလောကတွင် ဆရာ စိုးအောင်အကြောင်းကို မသိသူ မရှိ။
ထိုသို့လူတစ်ယောက်က လူငယ်တွေကို ပြဿနာမဖြစ်အောင် စည်းရုံး သိမ်းသွင်းပြီး
သံချပ်ယာဉ်နှင့် တသားတည်း ဖြစ်အောင် လုပ်ပြသွားသည်။ အရမ်းလေးစားဖို့ ကောင်းသည်။
သင်္ကြန်ရက်များသည် သံချပ်သံများဖြင့် ပျော်ရွှင်ရင်း။ ရင်တထိတ်ထိတ်ကြည်နူးရင်း
အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ တော်ရိလျော်ရိသည်လည်း ခေတ်အပြောင်းအလဲ တစ်ခုတွင်
စာမျက်နှာသစ်ရေးထိုးမှတ်တမ်းတင်နိုင်ခဲ့ပါပြီ။
`ဘာကွ။ မင်းလက်မခံနိုင်ရင်
အခုချက်ချင်းကွာရှင်းလိုက်။ ငါ အလေလိုက်နေတာမဟုတ်ဘူး။ ကေတီဗွီ သွားနေတာမဟုတ်ဘူး။
အရက်ဆိုင်မှာ မူးအိပ်နေတာ မဟုတ်ဘူး။ သံချပ်ကားနောက် လိုက်နေတာကွ။ သံချပ်ဆိုတာ
မင်းကြားဖူးလား။ သံချပ်ဆိုတာ မင်းနားလည်လား။ ဒီသံချပ်တွေ မကြားရတာ
နှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲ။ မင်း မကျေနပ်ရင် အခုချက်ချင်း ကွာရှင်းလိုက်၊ ငါ
ပြန်မလာနိုင်ဘူး´။ သံချပ်ယာဉ်ဘေးမှ လူငယ်တစ်ယောက်၏ ဖုန်းပြော နေသံ ကြားရသည်။
မိုးလင်းတော့မည်။ သံချပ်သံများ အားကောင်းနေဆဲ။ လမ်းမတစ်လျှောက် ပိတ်ထားသော
တံခါးများ ပွင့်လာသည်။ မှိတ်ထားသော မီးတွေ ဖျတ်ကနဲ ပြန်လင်းလာသည်။ သံချပ်သံသည်
လမ်းမတလျောက် အလင်းထက် မြန်သော နှုန်းဖြင့် အိပ်မက်များကို
တံခါးခေါက်လှုပ်နှိုးပစ်လိုက်သည်။ ကဗျာဆရာသည် အက်ကွဲခြောက်ကပ် နေသော အသံအား
ဆွဲထုတ်ရန် လက်ကို ပါးစပ်ထဲသွင်းလိုက်သည်။ အသံကား ထွက်မလာ။ ကြက်ဥအကာကြည်နှင့်
ရှောက်ရည် တန်ခိုးဖြင့် ဆွဲဆန့်ထားသော အသံသည် မိုးလင်းလုလုတွင်
ဘက်ထရီအားကုန်သလိုဖြစ်သွားသည်။ ကဗျာဆရာသည် သူ့ဘ၀တစ်လျောက်
အမြင့်ဆုံးစိတ်ကြည်နူးမှုကို ရနေသည်။ သံချပ်ယာဉ် ရှေ့ပြေးလမ်းရှင်းကားလေးပေါ်မှ
ရေစိုရွှဲ နေ သော ဇနီးနှင့်တစ်နှစ်သမီးလေးမှာ ခိုက်ခိုက်တုန်ချမ်းနေရှာသည်။
သူတို့မျက်နှာပေါ်တွင်လည်း ကြည်နူးမှုများအတိုင်းသား။ မိတ်ဆွေ။ သံချပ်သံတွေ
ခင်ဗျားနားထဲမှာ ကြားနေပါသေးသလား။ ကြားနေသေးသည်ဆိုလျှင် ထိုအသံများသည် ခင်ဗျား
ရင်တွင်းမှ ထွက်ပေါ်လာသော အသံသာ ဖြစ်ပါသည်။ အိပ်ပျော်နေသော လောကကြီးကို လှုပ်နိုးဖို့လိုအပ်ပါက
သံချပ် တစ်ပုဒ်လောက်သာ တိုင်လိုက်ပါ။ သင်္ကြန်သည် ခါတော်မီရောက်ရှိလာပြီး
တစ်နှစ်ကူးခဲ့ ပြန်ပါပြီ။ နှစ်ဆန်းတစ်ရက်နေ့ သည် နှုတ်ခွန်းဆက်
သင်္ကြန်တေးသီချင်းနှင့်အတူတူ ရောက်ရှိခဲ့ပါသည်။ သံချပ်ယာဉ်တစ်စင်း၏ သင်္ကြန်အတက်နေ့
နောက်ဆုံးညချမ်းသည် စိတ်ကျေနပ်မှုများနှင့်အတူ စိုးရိမ်ပူပန်မှုများကိုပါ
ငြိမ်းအေးကြည်နူးနေပါလိမ့်မည်။ ကျေးဇူးပြုပြီး နောက်လှည့်ကြည့်လိုက်ပါ။ ခပ်ဝေးဝေးက
ပြတင်းပေါက်တစ်ခုမှာ သံချပ်သံကို မျှော်လင့်နေသေးသော နားတစ်စုံကို
တွေ့ရပါလိမ့်မည်။ နှစ်ဆန်းတစ်ရက်နေ့ အရုဏ်ဦးသည် ကဗျာဆရာတစ်ယောက်၏ အိမ်အပြန်လမ်းမှာ တိတ်ဆိတ် ငြိမ်သက်လျှက်။
မင်းနဒီခ
၃၊ မတ်လ၊ ၂၀၁၃
( မန္တလေးအလင်းဂျာနယ်၊ ၁၄ ၊ မတ်လ၊ ၂၀၁၄)
( မန္တလေးအလင်းဂျာနယ်၊ ၁၄ ၊ မတ်လ၊ ၂၀၁၄)
No comments:
Post a Comment