Friday, April 12, 2013

နွေရာသီ ၊သစ်ရွက်ခြောက်များနှင့် အိပ်ယာထနောက်ကျသော ထိုနေ့

နွေရာသီ ၊သစ်ရွက်ခြောက်များနှင့် အိပ်ယာထနောက်ကျသော ထိုနေ့

ထိုနေ့က နွေရောက်ပြီဟု အမေက ပြောသည်။ နွေရောက်လျှင် ကျွန်တော့်တွင် လုပ်စရာ ခပ်များများမရှိပါ။ သို့သော် မန္တလေးမှ မော်ဒန်ဝတ္ထုတိုကဗျာဆရာ နေမျိုး ကတော့ နွေဦးရောက်လျှင် လုပ်စရာ ခပ်များများရှိသည်ကို ကဗျာတစ်ပုဒ်ထဲတွင် ရေး သားထားတာ ဖတ်ခဲ့ရဖူးသည်။ ဆရာနေမျိုး လုပ်ပြီးပါပြီလား။ ဘယ်လိုဖြစ်ဖြစ် ထိုနေ့က နွေရာသီရောက်ခဲ့သည်မှာ အသေအချာဖြစ်သည်။ ထိုနေ့က ကျွန်တော် အိပ်ရာထနောက်ကျသည်။ သင်္ကြန်ဘယ်လိုကျ၍ ဘယ်လိုပြီးသွားမှန်း သတိမရ။ ထိုနေ့က သစ်ရွက်တို့ မည်သို့မည်ပုံ ကြွေကျခဲ့မှန်း ကျွန်တော်သတိမရ။ ထိုနေ့က မှတ်မှတ်ရရ ကျွန်တော် မည်သည့် အရာကိုမှ သတိမရခဲ့။ သတိရတာတစ်ခုက ထိုနေ့က အိမ်နံဘေးရှိ သရက်ပင်မှ သရက်ကင်းသီးလေးများ တဖြုတ်ဖြုတ် ကြွေကျ သည်။ ထိုနေ့က အိမ်ရှေ့ပိတောက်ပင်တွင် ပိတောက် ပန်းများပွင့်သည်။ သင်္ကြန်ပြီးမှ ပွင့်သော ထိုပိတောက်ပန်းများကို မြင်လျှင် ဆရာမောင်စိုးသစ် ကဗျာအသစ်တစ်ပုဒ် ထပ်ရေးဦးမည်လား။ ထိုနေ့က ကျွန်တော် အိပ်ရာထနောက်ကျသည်။ ထိုနေ့အိပ်ရာ ထနောက်ကျသည်ဟု ပြောရသော်လည်း ထိုနေ့က ကျွန်တော် အိပ်ရာဝင်ခဲ့သည် မှာ သေချာခဲ့ရဲ့လား မပြော တတ်ပါ။ ထိုနေ့က ကျွန်တော်မှတ်မိသည့်အရာများထဲ တွင် မနက်ခင်း လေပြည်သည် နွေရာသီကို ဆန့်ကျင်ကာ စောစောစီးစီ် တသုန်သုန် တဖြူးဖြူးတိုက်ခတ်နေသည်။ အိမ်အပြင်တွင် သစ်ရွက်တို့ ရှပ်တိုက် ပြေးလွှားသံကို ကြားနေရသည်။ ဖျတ်ကနဲ့နိုးလာသော်လည်း အိပ်ချင်စိတ်ရှိနေသဖြင့် ကုတင်ခြေရင်း တွင် ပြုတ်ကျ နေသော စောင်ကို ပြန်ကောက်ခြုံကာ မျက်လုံးများ ဇွတ်အတင်းမှိတ်၍ အတင်းအိပ်ပစ်ခဲ့သည်။ နားထဲတွင် သင်္ကြန်သီချင်းသံကို သဲ့သဲ့ တိုးတိုး လေးကြားနေ ရသည်။ သင်္ကြန်ပြီး သွားတာ သေချာပါရဲ့လား။ အိပ်မက်လေလား။ ဝိုးတဝါးမသိ စိတ် ထဲတွင် ပိတောက်ရနံ့ ခပ်ပါးပါးကို ခံစားရသည်။ ကျွန်တော် တွင် မနှစ်ကပေး၍ ရေ
တွေစိုလို့ ပျက်သွားသော ကောင်မလေးတစ်ယောက်၏ လိပ်စာမရှိပါ။ အဆိုတော်၊ ရုပ်ရှင်၊ ဗွီဒီယိုနှင့် သင်္ကြန်မင်းသားကြီး ကိုဇော်ဝမ်းတွင် ရှိသည်။ သို့သော် ဒီနှစ် သင်္ကြန်တွင်သာမက နောင်နှစ် သင်္ကြန်များတွင်လည်း သူသည် ထိုလိပ်စာပိုင်ရှင်
ကောင်မလေးကို ရှာလို့တွေ့နိုင်ဦးမည် မထင်တော့။ တွေ့သည်ဖြစ်စေ မတွေ့ သည် ဖြစ်စေ ထိုနေ့က နွေရောက်ပြီဟု အမေက ပြောသည်။ ထိုနေ့က ကျွန်တော် အိပ်ရာထ နောက်ကျသည်။ ထို့ကြောင့် အိပ်ရာထ ကာစတွင် မည်သည့် အကြောင်း အရာကိုမှ ကျွန်တော်သတိမရ။ မှတ်မှတ်ရရ ထိုနေ့က ပြတင်းတံခါးကို ဖွင့်လိုက် သည်နှင့် အိမ်ဝင်းထဲတွင် သစ်ရွက်ကြွေများဖြင့် လှလှပပရှုပ်ပွနေသည်ကို တွေ့ရ သည်။ ထိုနေ့က ခြံဝင်းထဲ လှည်းကျင်းသန့်ရှင်းစရာ တံမြက်စည်း ပျောက်နေခဲ့ခြင်းနှင့် ကျွန်တော်တွင် တံမြက်စည်းရှာဖွေလိုစိတ်မရှိခြင်းတို့ တထပ်တည်းကျနေ ခဲ့ခြင်းမှာ လည်း မှတ်မှတ်ရရ။ ထိုနေ့က သစ်ရွက်တို့ လေစီးထဲ မျောလွင့်နေပုံကိုကြည့်ရသည် မှာ ကိုယ်တိုင် လေစီးထဲတွင် လိုက်ပါလွင့်မျောရသလို ခံစားမိသည်။ သစ်ရွက်များ အကြောင်း ကဗျာအက်ဆေးတစ်ပုဒ်ရေးရလျှင် ကောင်းမည်ဟု စဉ်းစားမိသော်လည်း ထိုနေ့က ကျွန်တော် မရေးဖြစ်ခဲ့။ မရေးဖြစ်ခဲ့ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆို
သော် ကျွန်တော်တွင် သစ်ရွက်များနှင့် ပတ်သက်သည့် ကဗျာအက်ဆေးတစ်ပုဒ် တလေမှ ရှိမနေခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် သစ်ရွက်များအကြောင်း ကဗျာတစ်ပုဒ် လောက် တော့ ကျွန်တော် စိတ်လက်ပျော်ရွင်ရှိနေချိန်မှာ ရေးဦးမည်ဟု စဉ်းစားထားပါသည်။ နွေရာသီကတော့ ထိုနေ့က အမှန်တကယ် ရောက်ရှိခဲ့ပါသည်။ အိမ်အပြင်တွင် လေတဖြူးဖြူး တိုက်ခတ်နေသော်လည်း မိုးလင်းစ နေအပူရှိန်သည် အနည်းငယ် ပိုမိုပူပြင်းလာနေသည်။ အိမ်ရှေ့ ခြံဝင်းထဲတွင် ပိတောက်ရွက်ကြွေများ၊ သရက်ပွင့်များ၊ သရက်ကင်းသီးများဖြင့် လှလှပပ ရှုပ်ပွလျက်။ ထိုစာကြောင်းများကို အပေါ်ဘက်တစ်နေရာရာတွင် ရေးသားမိခဲ့သလိုရှိသော်လည်း ကျွန်တော်တွင် ထပ်မံရေးသား လိုစိတ်ရှိနေသဖြင့် သည်းခံဖတ်ပေး ပါရန် ကြားဖြတ်တောင်းပန် ချင်ပါ သည်။ ထိုနေ့က အကြောင်းများကို ကျွန်တော် သတိမရတော့သည်မှာ ကြာပြီ ဖြစ် သည်။ ထိုနေ့က ကျွန်တော်အိပ်ရာထ နောက်ကျခဲ့ခြင်းအကြောင်း ကျွန်တော်ထပ်မံ မရေးတော့ပါ။ သစ်ရွက်များ တဖြုတ်ဖြုတ် ကြွေနေကြောင်းလဲ ကျွန်တော်မရေးတော့ ပါ။ အဘယ်ကြောင့် ဆိုသော် ထိုနေ့က နွေရောက်ပြီဟု အမေ မပြောတော့။ အမေနှင့် ကျွန်တော် ခွဲနေရတာကြာပြီ ဖြစ်သည်။ ယခုထက်ပိုပြောရလျှင် လွန်ခဲ့သောနှစ် များ နွေဦးရောက်ခါစ ကာလများကတည်းက အမေ၊ အဖေ၊ညီလေး များနှင့်ပါ ခွဲနေ ရတာ ကြာပြီ ဖြစ်သည်။ ခွဲခွာစ နေ့ရက်များတွင်တော့ အဖေ၊ အမေနှင့် ညီလေး များ ကို မေ့နေကြောင်း ဝန်ခံပါသည်။ သို့သော် ယခုလိုနွေရာသီ ရောက်သည်နှင့် ကလေး
ဘဝကတည်းက နေခဲ့ရသော အိမ်လေးနှင့် အမေ့ကို အရမ်းသတိရပါသည်။   ထိုစဉ်က နွေရောက်ပြီဟု အမေ မပြောသော်လည်း ကျောင်းများပိတ်ချိန်ဖြစ်၍
 နွေရာက်မှန်း ကျွန်တော် သိသည်။ အတော်အတန် ကျယ်ဝန်းသော အမေ့၏ ဘိုးဘွားပိုင်မြေကွက်လေးထဲမှာ ကျွန်တော်တို့ ကလေးများ ကျယ်ကျယ်လွင့်လွင့် ကစားနိုင်စေရန်အတွက် လုံလောက်သည့် အပြင် ဆီးဆော၊ လွှဲဒန်း၊ မနိမ့်မမြင့် ဆင်ထားသော လျှောများရှိသဖြင့် ကျောင်းပိတ်ပြီ ဆိုသည်နှင့် အမေ့အိမ်လေးထဲတွင် ကလေးများဆော့ကစားသံဖြင့် ဆူညံနေလေ့ရှိသည်။ ထို့ပြင် အမေ့အိမ်လေး ထဲ မှာ နွေရောက်တိုင်း သရက်သီးတွေ ပြွတ်သိပ်နေအောင် သီးလေ့ရှိသည့် သရက် ပင်လေးတစ်ပင်လဲ ရှိသည်။ ထိုသရက်ပင်လေးကို အဖေကိုယ်တိုင်စိုက်ထားခြင်း
 ဖြစ်သည်။ ထို့ပြင် အဖေက ထိုသရက်ပင်လေးမှာ အဖေကိုယ်တိုင်ဖြစ်ပြီး ထူထူထဲထဲ အုံ့ဆိုင်းနေသော သရက်ရွက် များမှာ အမေဖြစ်သည်ဟု ပြောသည်။ ထို့နောက် အပင်ပေါ်သို့ လက်ညှိုးညွှန်ပြပြီး “အဲဒီသရက်သီးလေးတွေဟာ သားတို့ပေါ့” လို့ အဖေကပြောလိုက်တဲ့အခါ ကျွန်တော်က “ အဖေ ကျွန်တော်က အချဉ်သီးမဟုတ်ဘူး၊ အချိုသီးနော် ” လို့ ပြောတော့ အဖေက ကျွန်တော့်ကို ပြုံးပြီး ကြည့်နေခဲ့သည်။ အခုတော့ လေပြင်းတစ်ချက်အဝေ့မှာ သရက်ပင်နှင့် သရက်သီးလေးများ တကွဲ တပြားစီ ဖြစ်နေခဲ့သလို  အဖေ ကိုယ်တိုင်လည်း  ဒီသရက်ပင်လေးရဲ့ အဝေးမှာ
 ရောက်နေခဲ့ပြီ ဖြစ်သည်။ အချိန်များတဖြည်းဖြည်း ကုန်သွားခဲ့ပြီ။ နွေပေါင်းများစွာ
ကျော်ဖြတ်ခဲ့ပြီ။ တစ်ချိန်က သရက်သီးလေးတစ်လုံးဖြစ်ခဲ့သော ကျွန်တော်ကိုယ်တိုင် လဲ အခု အချိန်မှာတော့ သရက်ပင်လေးတစ်ပင် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုသရက်ပင်လေးမှာ အုံ့အုံ့ဆိုင်းဆိုင်းနှင့် အရိပ်ပေး နိုင်သော သရက်ရွက်ကလေး များဖြင့်လည်း ဝေဆာနေပြီ ဖြစ်သည်။ ထိုသရက်ရွက်ကလေးများကြားမှာ ဖူးပွင့်စပြုတော့မည့် သရက်ဖူးကလေးများ။ အချိန်ကာလတစ်ခု သို့ရောက်လျှင် ကျွန်တော့်သရက်ပင်မှာ သရက်သီးလေးတွေ သီးလိမ့်ဦးမည်။ သီးလာတဲ့ သရက် သီးလေးတွေမှာရော ဘယ်လို အရသာရှိနေမှာလဲ။ အဖေ့ကို ကျွန်တော်ပြောခဲ့သလို အဲဒီသရက်သီးလေးတွေက အချိုသီးလား၊ အချဉ်သီးလား။
              ဘယ်လိုဖြစ်ဖြစ် နွေကတော့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကျွန်တော့်မှာ နွေဦးပေါင်းမည်မျှ ပိုင်ဆိုင်ခဲ့ဖူးကြောင်း ခိုင်မာသည့် အထောက်အထား မရှိခဲ့ပေမဲ့ ကျွန်တော့် အမျိုးသမီးတွင်တော့ နွေဦးသုံးလီ ဟု ခေါင်းစဉ်တပ်ထားသော ကဗျာလေးတစ်ပုဒ် ပိုင်ဆိုင်ထားပါသည်။ ထိုကဗျာလေးအား ကျွန်တော်တို့ ချစ်သူ့ သက်တမ်း သုံးနှစ် အမှတ်တရအဖြစ် ကျွန်တော်ရေးပေး ထားခြင်း ဖြစ်သည်။ ယခု အခါ နွေဦး ဘယ်နှလီ ရှိနေပြီလဲ။ ထိုနေ့က အဲဒီမေးခွန်းကို သူမအား ကျွန်တော်မေး ခဲ့သော်လည်း သူမက မည်သို့ပြန်ဖြေခဲ့မှန်း ကျွန်တော်စဉ်းစားမရခဲ့။ အဘယ်ကြောင့် ဆိုသော် ထိုနေ့က ကျွန်တော် အိပ်ယာထ နောက်ကျသည်။ အိပ်ယာထ နောက်ကျ
သောကြောင့် ခေါင်းများအုံခဲကာ ထို့နေ့က အကြောင်းများအား ကျွန်တော် စဉ်းစား မရခဲ့။ မှတ်မှတ်ရရထိုနေ့က ကျွန်တော့်မှတ်ညဏ်ထဲတွင် သတိရတာ တစ်ခုတော့
တာ့ရှိသည်။ ထိုနေ့က လေပြည်များ တဖြူးဖြူးတိုက်ခတ်နေသံကို ကြားရပြီး အိမ်ပြတင်းတံခါးအား ဖွင့်လိုက်သည့်အခါ ပိတောက်ရွက်များ၊ သရက်ကင်းသီး များဖြင့် အိမ်ရှေ့ခြံဝင်းလေးသည် လှလှပပ ရှုပ်ပေပွလျှက်ရှိ သည်။ ထို့ပြင် ထိုနေ့က သစ်ရွက်ခြောက်ကြွေသံတွေကြားမှာေ နွေ ရာ က် ပြီ ဟု အမေ ပြောသံ ကြားလိုက်သည်။

မင်းနဒီခ                                                                                                                                                

No comments:

Post a Comment