ပလတ်စတစ်ဆာဂျရီ
နှစ်ကာလ
တစ်ခုကနေ နောက်တစ်ခု အကူးအပြောင်းမှာ
၂၀၁၂
ဟာသူ့မျက်နှာဖုံးကို ခွာချလိုက်တယ်
ဒါပေမဲ့
သူ့မျက်နှာက ပလတ်စတစ်ဆာဂျရီနဲ့ အထူးပြုလုပ်ထားတာ
ဒါကို
ငါတို့ မေ့နေကြ မေ့ခဲ့ကြ တမင်မေ့ပစ်ကြ
ငြိမ်းချမ်းရေးပေးပါ
စစ်ပွဲတွေ ရပ်ပေးပါ
ဒီမိုကရေစီပေးပါ
စားဝတ်နေရေးပေးပါ
သဘာဝပတ်ဝန်းကျင်ပေးပါ
ငါ့နိုင်ငံကို ပြန်ပေးပါ
ဆန္ဒတွေနဲ့
ချိတ်ဆက်ထားတဲ့ စီတန်းလှည့်လည်မှုမှာ
သူတောင်းစားတွေ
ဘယ်တုန်းကမှ ထမင်းမ၀ခဲ့တဲ့ အကြောင်း
ဒါကို
ငါတို့ မေ့နေကြ မေ့ခဲ့ကြ တမင်မေ့ပစ်ကြ
အခုမှတော့
ပျားစွဲမိတဲ့ သစ်ကိုင်းပေါ် ရှဉ့်လည်း မလျှောက်သာတော့
အခုမှတော့
ဖွတ်မထွက်လည်း တောင်ပို့ဟာ တောင်ပို့ဖြစ်ခဲ့ပါပေါ့
ငတေအကြောင်းပြောဖို့
ငါတို့ကစကားလုံးရှာနေတုန်း
ငတေ့ပေါက်ချွန်းဟာ
ငါတို့ ရင်ဘတ်ပေါ် တဒုတ်ဒုတ်တူးဆွပစ်လိုက်ကြ
ကျွဲပါးစောင်းတီးတဲ့
တရားမှာ ငါတို့သာ ကျွဲပြန်ကျခဲ့ပေါ့
ဘယ်လိုဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
ငါတို့မေ့နေကြ
မေ့ခဲ့ကြ တမင်မေ့ပစ်ကြ
အမှောင်ခေတ်ရဲ့
သမိုင်းဟာ မျက်နှာသွင်ပြင်အပြောင်းအလဲနဲ့
ကျွမ်းကျင်ပညာရှင်များကိုယ်တိုင်
ခေတ်မှီနည်းစနစ်တကျ
အခုငါတို့မြင်နေရတဲ့
အဖြစ်အပျက်တိုင်းက
ပလတ်စတစ်ဆာဂျရီနဲ့
အထူးပြုလုပ်ထားတယ်ဆိုတဲ့ အကြောင်း။
မင်းနဒီခ
၇၊ ၁၂၊ ၂၀၁၂
MODA Magazine,
FEB.2013
No comments:
Post a Comment