ခေတ်ပြိုင်နွားကျောင်းသား
-၅
အလင်းဟာ
ရောက်လာပြီလို့ ပြောတာပဲ
တစ်နေ့
တစ်နေ့ ဘယ်နေ့လဲဆိုတဲ့ သံသယမေးခွန်းမှာ
ငါတို့ဟာ
ပိတ်ထားခံရတဲ့ မျက်လုံးတွေနဲ့ နေသားတကျ
အမှောင်မှောင်နဲ့
မည်းမည်း မသဲမကွဲရယ်သံ
မီးခွက်မထွန်းလည်း
ပြဿနာဟာ
သူ့အလင်းသူရှာပြီး
သူမီးသူပြန်ရှို့လို့
လူကို
ညှို့တယ် လမ်းကို ညှို့တယ် မာယာ
ပွင့်လင်းမြင်သာမှုဟာ
စိန်ခြူးကြာညောင်ပတ်ပျိုးနဲ့
မျှော်တော်ယောင်သီချင်းကို
ရောသမလုပ်နေတုန်း
မျက်လှည့်ဆရာဟာ
ဘင်သံ တဒိန်းဒိန်းထုတယ်
သေတ္တာထဲက
ထွက်လာမယ့်တစ်စုံတစ်ရာကိုမျှော်ရင်း
ငါတို့ဟာ
မိုးစုန်းစုန်းချုပ်ခဲ့ရတဲ့ညတွေဖြစ်လို့
မနက်ဖြန်ဆိုတာ
ကြိုးအယောင်ဆောင်ထားတဲ့
မြွေလား
မြွေယောင်ဆောင်ထားတဲ့
ကြိုးလား
အိုးမဲမသုတ်လည်း
အိမ်ကြက်ချင်းခွပ်ကြတဲ့
ခေတ်ကြီးထဲ
လက်ခုပ်သံတောင်းနေတဲ့
ဇာတ်ရူးတွေ
ကမ္ဘာမကြေဘူးပြောလည်း
ကမ္ဘာက ကြေခဲ့ပေါ့
တရားနဲ့
ဖြေရင်း
တရားနဲ့
သေရတဲ့ သူရဲကောင်းတံဆိပ်မှာ
သွေးစွန်းခဲ့တဲ့
အလံတွေကတော့
လေထဲ
တဖျတ်ဖျတ်လွင့်လို့
ငါတို့
မှားခဲ့ကြ ငါတို့ မှန်ခဲ့ကြ
ပြန်မရနိုင်တဲ့
လျော်ကြေးမှာ
ငါတို့
လက်သီးဆုပ်တွေ ပြေခဲ့ကြ
ခေတ်အဆက်ဆက်
ခေါင်းငုံ့ခံခဲ့ရတဲ့ အသီးအပွင့်မှာ
နတ်စိမ်းတစ်ပါးလို
အငွေ့ရှူရင်း
ငါတို့ကျေနပ်ခဲ့ကြရ
အားမတန်လို့
လျော့ချပေးလိုက်ရတဲ့ မာန်နဲ့
နွားရှေ့
ထွန်ကျူးလည်း
ထယ်ရေးညက်ရင်ပြီးတာပါပဲ
ကြီးတော်ရယ်
ရွာပြင်ဇရပ်မှာ
အေးအေးလူလူထိုင်ရင်း
ကမ္ဘာကြီးကိုနားစွင့်ထားတဲ့
နွားကျောင်းသား
အခုစားမြုံ့ပြန်နေတဲ့
ပါးစပ်မှာ
ပြောမထွက်တာတွေ
အမြုပ်တစီစီထလို့။
မင်းနဒီခ
၆.၄.၂၀၁၃
No comments:
Post a Comment